Chapter 5
Viewers 177

🐹 Chapter 5

မဆုတ်မနစ်ကျင့်ကြံခြင်း



ရှုရှုက မိုးရွာပြီးနောက်ပွင့်နေသော ပန်းရိုင်းအများအပြားကိုခူးလာပြီး မြက်ရိုင်းအချို့ကိုလည်း နှုတ်လာသည်။ သူက ပန်းရိုင်းနှင့်မြက်ရိုင်းတို့ကို သစ်ဥများအပေါ်၌တင်ကာ ကျောပေါ်သို့ပြန်သယ်ပြီး ခရီးဆက်လေသည်။


ကောင်းကင်ကြီးက ကြည်လင်နေပြီး အနားတွင် သူ့ကိုဂရုစိုက်ပေးနေသူလည်းရှိသည်။ ကျောပေါ်မှ ရိက္ခာအိတ်က လေးလံနေသည်မှလွဲ၍ ရှုရှု၏စိတ်အခြေအနေမှာ အလွန်ကောင်းမွန်နေခဲ့သည်။


"ဘယ်ဘက်လက်မှာ ကြက်တစ်ကောင် ညာဘက်လက်မှာ ဘဲတစ်ကောင် ကျောပေါ်မှာတော့ ဝကစ်ကစ်ကလေးလေး ကျစ် ကျစ် အိုး...ဒီကလေးလေးက သိပ်လေးတာပဲ အိုး အိုး…" 


ပုံမှန်အတိုင်း သီချင်းလေးညည်းရင်း မျက်စိရှေ့မှဂူက နီးသထက်နီးလာကာ ရှုရှုသည်လည်း ပို၍ တောက်ပစွာပြုံးလာ၏။ အက်ဂါကမူ အနောက်မှလိုက်လာလေသည်။ သူက သားရဲငယ်လေး၏ အဝတ်မပါသောခန္ဓာကိုယ်ကို ခေါင်းမှခြေထောက်အထိ ကြည့်နေပြီး အလျားလိုက်ဒေါင်လိုက် ပြတ်ရှရာများကိုကြည့်ကာ ပေါက်စလေးအတွက် စိတ်မကောင်းဖြစ်သွားမိသည်။


အပေါ်ယံဒဏ်ရာများသာဖြစ်သော်လည်း ဤမျှများပြားလှသောဒဏ်ရာများမှာ သေချာပေါက်နာကျင်ရမည်ပင်။ ယင်းကိုပင် ဤကောင်လေးက သီချင်းညည်းရန်စိတ်ပါနေသေးသည်။ ထို့အပြင် ဤအဆင့်နိမ့်သားရဲလူသားလေးဆိုနေသောသီချင်းကို သူ လုံးဝနားမလည်နိုင်ပေ။


ပုံမှန်သားရဲလူသားတို့၏ ဘာသာစကားအပြင် သူ့အနေဖြင့် အခြားသောဘာသာစကားများကိုလည်း တတ်ကျွမ်းလေသည်။ သို့သော်လည်း ကံဆိုးစွာဖြင့်ပင် အဆင့်နိမ့်သားရဲလူသားလေးဆိုနေသောသီချင်းကို သူနားမလည်နိုင်ပေ။ အက်ဂါမှာ စိတ်ဓာတ်ကျသွားလေတော့၏။


ရှုရှုက ဂူထဲသို့ဝင်သွားပြီး အန္တရာယ်မရှိကြောင်း သေချာသွားစေရန် ဂူအဝကို လုံခြုံစွာပိတ်ဆို့လိုက်သည်။ ထိုအခါမှ အက်ဂါလည်း ခပ်ဖြည်းဖြည်းပင် ထွက်ခွာသွားလေလေသည်။


တကယ်တမ်းတွင် အဆင့်နိမ့်သားရဲလူသားလေး အထုပ်ကြီးကိုကျောပေါ်တင်ရင်း လမ်းလျှောက်လာသည်ကိုမြင်လိုက်ရချိန်တွင် သူ ကူညီပေးလိုခဲ့သည်။ သို့သော်လည်း အဆင့်နိမ့်သားရဲလူသားလေး သူ့အား ကြောက်သွားမည်ကို သေချာပေါက်သိနေခဲ့သည်။


အက်ဂါမှာ အဆင့်နိမ့်သားရဲလူသားလေး၏ကိုယ်ပေါ်မှ ဒဏ်ရာများကိုတွေးမိသည့်အခါ တောအုပ်ထဲသို့ပြန်သွားလိုက်ကာ တောရိုင်းထဲတွင် ရှင်သန်အောင်နေခဲ့ရသည့် အတွေ့အကြုံတို့အပေါ်အခြေခံ၍ ဆေးဖက်ဝင်အပင်များကို စတင်ရှာဖွေတော့သည်။


မြွေတစ်ကောင်အဖြစ် ပြောင်းသွားပြီးနောက် အလုပ်လုပ်ရာတွင် အဆင်မပြေတော့ပေ။ အက်ဂါမှာ ဆေးဖက်ဝင်အပင်တစ်ပင်ရရန် အားစိုက်ပြီးတူးခဲ့ရသည်။ သူက ၎င်းတို့ကို ဂရုတစိုက်ဖြင့်ပါးစပ်တွင် ကိုက်ကာ အဆင့်နိမ့်သားရဲလေးနေသောဂူအဝသို့ ထပ်လာခဲ့လေသည်။


အဆင့်နိမ့်သားရဲလေး၏ ဂူဝမှာပိတ်ထားပြီးဖြစ်ကာ ဂူဝတွင် ထိုသူ၏အနံအသက် လုံးဝမကျန်တော့ပေ။ ထိုသူမှာ သေချာပေါက်ပင် ဂူထဲတွင်ရှိနေလိမ့်မည်။ အက်ဂါ ချဥ်းကပ်သွားပြီးနောက် ဆေးဖက်ဝင်အပင်များကို ချထားပေးလိုက်သည်။ သူထွက်သွားရန်ပြုစဥ် အဆင့်နိမ့်သားရဲလေး သူ့အတွက် အမြဲလိုလို အစားအသောက်ချထားပေးနေကျနေရာတွင် မြက်ဖြင့်ချည်ထားသည့် တောရိုင်းပန်းတစ်ဆုပ်[တစ်စည်း]ကို တွေ့လိုက်ရသည်။


ထိုပန်းရိုင်းလေးများမှာ မကြာခင်ကပင် အဆင့်နိမ့်သားရဲလူသားလေးခူးလာသည့် ပန်းလေးများဖြစ်ပြီး မြက်ပင်တို့ဖြင့် အတူစုချည်ထားသည်မှာ ပုံစံမကျသော်လည်း တစ်မျိုးတစ်မည်ကြည့်ကောင်းနေကာ လှပပေသည်။


ငါ့အတွက် လက်ဆောင်များလား…


အက်ဂါမှာ အဆင့်နိမ့်သားရဲလူသားလေး ပန်းခူးနေသည်ကိုမြင်လိုက်ချိန်တွင် အနှီကောင်လေးက သူ့ဂူထဲတွင် အလှဆင်ရန်အတွက်ဟု ထင်သွားခဲ့သည်။ အဆင့်နိမ့်သားရဲလူသားလေးများက ပန်းကြိုက်တတ်ကြသည်။ အံ့အားသင့်စရာကောင်းသည်မှာ သူမှားသွားခဲ့၏။


မြေကြီးပေါ်မှပန်းစည်းလေးကို ပါးစပ်ဖြင့်အသေအချာကိုက်ကာ အက်ဂါတစ်ယောက် ပျော်ရွှင်စွာထွက်သွားလေသည်။


မကြာမီမှာပင် ရှုရှုက ထိုဆေးဖက်ဝင်အပင်များကို ရှာတွေ့သွားသည်။ သူက ၎င်းတို့ကို ဂူထဲသို့ပြန်ယူလာပြီး အနည်းငယ်ကိုပါးစပ်ထဲသို့ထည့်ကာ ဝါးကြည့်လိုက်သည်။ 


အရသာက တမျိုးကြီးပဲ…


အဲဒီလူက ငါ့ကို တမင်တကာရန်စတာလား… 

ရှုရှုက ပါးစပ်ထဲမှဆေးပင်များကို ထွေးထုတ်လိုက်ကာ မျက်လုံးထဲတွင် မျက်ရည်များပင် ဝေ့လာတော့သည်။ 


ဒီလို ဆိုးလွန်းတဲ့ဟာကြီးကို သူပဲစားပါစေ…


ဒီလူကဘာလို့ ဒီလိုအရသာဆိုးတဲ့ဟာကြီးကို လာပေးတာလဲ…


ရှုရှုက ဆေးပင်အစည်းလိုက်ကို သတိဖြင့်ကြည့်ရင်း ယင်းတို့ဘေးတွင် စိတ်ဓာတ်ကျစွာဖြင့် မှောက်လျက်လှဲချလိုက်လေသည်။


တစ်ဖက်တွင်မူ အက်ဂါက အဆင့်နိမ့်သားရဲလူသားလေးက ယင်းတို့မှာ ဆေးဖက်ဝင်အပင်များဖြစ်ကြောင်း သိပါ့မလားဟု တွေးမိသွားလေ၏။


မျက်မှောင်ကြုတ်ကာစဥ်းစားပြီးနောက် အက်ဂါက ပန်းစည်းကိုချကာ ယုန်ဖမ်းရန် ထွက်လာခဲ့သည်။ သူက သွားများကိုသုံးကာ ယုန်၏ခန္ဓာကိုယ်ကို ကိုက်ဖြတ်လိုက်ပြီး ၎င်းကိုက်ရာအပေါ်မှ ဆေးဖက်ဝင်အပင်ကို အုပ်လိုက်သည်။ အနည်းငယ်ပင်မတုံ့ဆိုင်းနေတော့ဘဲ ယုန်၏ခြေထောက်ကိုချိုးပြီးနောက် အဆင့်နိမ့်သားရဲလူသားငယ်လေး၏ ဂူအဝတွင် ချပေးခဲ့လိုက်လေသည်။


ယုန်ကိုထားခဲ့ပြီးနောက် အက်ဂါမှာ စတင်စိတ်လှုပ်ရှားလာ၏။ ယုန်လေးက အလွန်ချစ်စရာကောင်းသဖြင့် အဆင့်နိမ့်သားရဲလူသားလေးသည်လည်း သဘောကျနိုင်ချေရှိသည်။ သူက ယုန်လေးအပေါ်တွင် အလွန်ရက်စက်သည်ဟု အဆင့်နိမ့်သားရဲလူသားလေးတွေးထင်သွားခဲ့လျှင် မည်သို့လုပ်ရမည်မသိပေ။


အက်ဂါက ယုန်ကိုပြန်သွားယူကာ အဆင့်နိမ့်သားရဲလူသားလေးအတွက် အခြားအကောင်တစ်ကောင်ဖြင့် ပြန်လဲပေးရန် တွေးလိုက်သည်။ သို့သော်လည်း သူဘာမှမလုပ်ရသေးမီမှာပင် အဆင့်နိမ့်သားရဲလူသားလေးက ယုန်၏လှုပ်ရှားသံကိုကြားပြီး ဂူထဲမှထွက်လာလေသည်။


ယုန်ကိုကြည့်ပြီးနောက် ရှုရှုမှာ မြက်ကို မည်သည့်နေရာတွင်သုံးရမည်ဖြစ်ကြောင်း သိသွားခဲ့သည်။


သူက ထိုဆေးပင်များကို ပျော်ရွှင်စွာဝါးပြီးနောက် သူ့ဒဏ်ရာအပေါ်တွင် လိမ်းကျံလိုက်သည်။ ထို့နောက် သူ၏ အခြောက်ခံထားသောမြက်စကတ်ကိုဝတ်ကာ ယုန်ကို လက်ထဲတွင်ကိုင်လိုက်သည်။ ထို့နောက် ယင်းကိုသတ်ရန် မြစ်ကမ်းပါးသို့သွားတော့သည်။


ယုန်လေးက ချစ်စရာကောင်းနေ၍မသတ်နိုင်ဟူသော အတွေးက ရှုရှု၏စိတ်ထဲတွင် လုံးဝပေါ်မလာခဲ့ပေ။

ယုန်က ဒီလောက်တောင်ကြီးနေတာ ချစ်စရာကောင်းမကောင်းက ဘာများအရေးကြီးလဲ…


အိမ်မွေးတိရစ္ဆာန်အရောင်းဆိုင်တွင်လည်း ယုန်အချို့ရှိပြီး ဟမ်းစတားအုပ်စု၏ တစ်နေ့တာအစာအဖြစ် အစားခံနေကြရသည်ပင်။


ရှုရှုက မြစ်ကမ်းဘေးတွင် ယုန်ကိုသတ်ပြီးအရေခွံဆုတ်ကာ သေချာသန့်ရှင်းလိုက်ပြီး ဂူထဲသို့ ပြန်ယူသွားလိုက်သည်။ ယခင်နည်းလမ်းများအတိုင်း ယုန်သူဖုန်းစားဟင်းချက်ရန် စီစဥ်ထားလိုက်သည်။


တကယ်တမ်း၌ သူ့အနေဖြင့် အမှန်ပင်အိုးတစ်လုံးလိုချင်မိသည်။ သို့သော်လည်း ကံဆိုးစွာဖြင့် အိုးလုပ်၍ကောင်းမည့် ကျောက်တုံးတစ်တုံးကိုမှ မတွေ့ရပေ။ သူ့အတွက် သားကောင်များ၏အရိုးအရေကို လက်သည်းသုံးပြီးဖဲ့ထွင်ရာတွင် ပြဿနာမရှိသော်လည်း သူလိုချင်သောကျောက်ပြားပုံစံရရန်မှာ မဖြစ်နိုင်ပေ။


ထုံးစံအတိုင်း ယုန်သားတစ်ဝက်ကို ထိုသဘောကောင်းသောပုဂ္ဂိုလ်အတွက် ဂူအဝတွင် ချပေးထားလိုက်သည်။ ရှုရှုမှာ ထိုးသိပ်ထားသောသူ့အစာများကို ထပ်ပြီးအပြင်ထုတ်ရပြန်၏။


ရာသီဥတုက အေးနေသည့်အတွက် သစ်ဥများကလည်း ခဲသွားလေသည်။ ၎င်းတို့ကိုလည်းမြက်ဖြင့်ပတ်ကာ ရွှံ့ဖြင့်အုပ်ထားရန် အရေးကြီးလေ၏။ ဝက်သစ်ချသီးများကို ယခင်အတိုင်း အခန်းငယ်ထဲတွင်ထည့်ပြီး အသားခြောက်များကိုမူ လေရသောနေရာတွင် ထိန်းသိမ်းထားလိုက်သည်။


စားစရာများကို အနံ့ခံကြည့်လိုက်သည့်အခါ အချို့အနံ့များက ပုံမှန်မဟုတ်တော့ပေ။ ၎င်းတို့ကို သူခွဲထုတ်ကာ လွှင့်ပစ်လိုက်သည်။ ရှုရှုမှာ အလွန်အလုပ်များသွား၍ နောက်ကျမှ အိပ်ရာဝင်ခဲ့ရလေသည်။


ရှုရှု၏နောက်ထပ်နေ့ရက်များကလည်း မဆိုးလှဘဲ အလွန်သက်သောင့်သက်သာရှိနေခဲ့သည်။ 


မနက်တိုင်းဆောင်းရာသီကာလအတွက် အစာထွက်ရှာသည်။ နေ့လယ်ပိုင်းတွင် ထိုကြင်နာတတ်သည့်ပုဂ္ဂိုလ်က သူ့ကို အမဲကောင်လာပေး၏။ ထို့နောက် သူက သားကောင်ကိုခုတ်ထွင်ပြီး ဂူကိုသန့်ရှင်းလိုက်သည်။


ထိုပုဂ္ဂိုလ်က အလွန့်အလွန်ပင် ကြင်နာတတ်လေသည်။ သူ့ကို အမဲကောင်များပေးသည့်အပြင် ထင်းများကိုလည်းပေးသေးသည်။


ရှုရှု ဤနေရာသို့ စရောက်ကတည်းက အနည်းငယ်မျှ စိုးရိမ်ကြောင့်ကြနေခဲ့ရသည်။ ယခု ထိုပုဂ္ဂိုလ်ရောက်လာပြီးနောက်ပိုင်းတွင်မူ သူ့အနေနှင့် စိတ်ချလက်ချနေရဲသွားလေသည်။


ဒီလိုလူကို အရင်က မသိကျွမ်းခဲ့ဖူးတာ နှမြောစရာပဲ…


အချိန်များက အလျင်အမြန်ကုန်ဆုံးသွားခဲ့ပြီး ရှုရှုနှင့် ထိုကြင်နာတတ်သောပုဂ္ဂိုလ်တို့ ဆက်သွယ်နေခဲ့သည်မှာ တစ်လပင် ရှိသွားပြီဖြစ်လေ၏။


ရာသီဥတုက ပိုအေးလာသလို သူနှင့်ထိုလူသည်လည်း စကားနှင့်ပြောစရာမလိုဘဲ ပိုမိုနားလည်လာကြသည်။ ရှုရှုမှာ အစာကိုအလုံအလောက် သိုလှောင်ထားနိုင်ခဲ့ပြီဖြစ်ကာ ဆောင်းရာသီရောက်လာမည်ကို မစိုးရိမ်တော့ပေ။


ဤနေရာက အတော်လေးလုံခြုံကြောင်းကို ရှုရှုသည်လည်း သတိပြုမိသွားခဲ့သည်။ အမှန်တကယ်ပင် အန္တရာယ်ရှိသော သားရဲများလည်းမရှိဘဲ သူ့အပေါ်၌ ဗိုလ်ကျခဲ့သောမျောက်များသည်လည်း ထွက်ပြေးသွားကြပြီးဖြစ်သည်။


ဒီနေရာက တကယ်ကောင်းတာပဲ…


ယခင်က ရှုရှုမှာ အလွန်စူးစမ်းလိုခဲ့ပြီး မဆင်မခြင်လျှောက်မပြေးရဲသော်လည်း ယခုမူ သတ္တိရှိလာ၏။ နေ့တိုင်းအပြင်ထွက်ပြီး သွေးပူသွားအောင်လျှောက်ပြေးရင်း အခြားကိစ္စများကိုလည်း တွေးတောတတ်လာသည်။


ညရောက်လျှင်ပင် အပြင်ထွက်ကာ အနည်းငယ်ပြေးပြီးနောက် စတင်ကျင့်ကြံပေလိမ့်မည်။


မှန်၏။ အမှန်တကယ်ကို ကျင့်ကြံနေခဲ့ခြင်းပင်။


ရှုရှုက ဤနေရာကိုရောက်စအချိန်တွင် အလွန်ကြောက်ကာ တစ်ချိန်လုံးအားနည်းနေခဲ့သည်။ အိပ်ရေးဝအောင်ပင်မအိပ်နိုင်ဘဲ အလျင်စလိုလည်း မကျင့်ကြံရဲပေ။ ထို့အပြင် သူ့အနေဖြင့် ထိုအချိန်က မထင်မှတ်ဘဲ လူသားအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်းပင်။ တစ်နှစ်ကြာအောင်ကျင့်ကြံခဲ့ရသော သူ့ကိုယ်ထဲမှ ဝိညာဥ်စွမ်းအားပင် ပျောက်ဆုံးသွားခဲ့ရသည်။ သူက အမှန်တကယ်ပင်တုံးအကာ သူ၏လုပ်နိုင်စွမ်းဖြင့် မည်သို့ဆက်လက်ကျင့်ကြံရမည်ကို မသိတော့ပေ။


မည်သို့ပင်ဖြစ်စေ ဤရက်များတွင် ရိက္ခာဖူလုံပြီး နေ့တိုင်းအသားစားခဲ့ရ၍ သူ့တစ်ကိုယ်လုံးက တောက်ပချောမွေ့နေခဲ့သည်။ အပြင်ဘက်တွင်လည်း အန္တရာယ်မရှိပေ။ ထို့ကြောင့်ပြန်လည်၍ ဆက်လက်ကျင့်ကြံနေခဲ့သည်။


သူ့အနေဖြင့် သေချာကျင့်ကြံပြီး နားရွက်နှင့်အမြှီးများကို တတ်နိုင်သမျှ ဖျောက်ပစ်ရမည်။ ယင်းနည်းလမ်းဖြင့်သာ သူက လူဝင်ဆံ့မည်ဖြစ်ပြီး ဂတ်စ်ပါသောအအေးများကိုလည်း သောက်နိုင်လိမ့်မည်။


ထိုကြင်နာတတ်သူမှာ သူ လူသားအသွင်ပြောင်းနိုင်ခဲ့လျှင် သူ့အား တွေ့ချင်လာနိုင်သည်။


ဂူထဲတွင် ရက်အတန်ကြာအောင် ကျင့်ကြံပြီးသည့်နောက် ရှုရှုက ကျင့်ကြံသည့်နေရာကို ပြောင်းလဲလိုက်သည်။ သူက ညစဥ်ညတိုင်း အပြင်ထွက်ကာသွေးပူအောင်ပြေးပြီး သူကိုယ်တိုင်တူးထားသော တောင်ကုန်းငယ်လေးပေါ်မှ အပေါက်ထဲသို့ဝင်ကာ ကျင့်ကြံလေသည်။


မိစ္ဆာဝိညာဥ်အဖြစ် ကျင့်ကြံရန်အတွက် နေနှင့်လ၏စွမ်းအင်ကို စုပ်ယူရသည်။ ညပိုင်း၌ကျင့်ကြံခြင်းက နေ့ခင်းပိုင်းတွင်ကျင့်ကြံခြင်းထက် ရလဒ် ပိုမိုကောင်းမွန်လေသည်။


ကျင့်ကြံခြင်းစသည့် အစပိုင်းရက်များတွင် ရှုရှုတစ်ယောက် မည့်သည့်အရာကိုမျှ မခံစားရပေ။ သို့သော်လည်း အချိန်အကြာကြီးကျင့်ကြံပြီးသည့်နောက် သူ့ကိုယ်ထဲတွင် အပူစီးကြောင်းက ထပ်မံမြင့်တက်လာပြီး စတင်လည်ပတ်လာလေသည်။ တစ်ချိန်တည်းမှာပင် ဤနေရာမှ ဝိညာဥ်စွမ်းအင်က အံ့ဩဖွယ်ကောင်းစွာဖြင့် အလွန်တရာပေါများသည်ကို သိရှိလိုက်ရလေသည်။


ထိုအချိန်က သူ အနီရောင်ပုတီးစေ့တစ်လုံးကို မတော်တဆမြိုချမိပြီး မိစ္ဆာကျင့်ကြံခြင်းလမ်းကြောင်းပေါ်သို့ လုံးဝရောက်သွားခဲ့ခြင်းပင်။ ရှုရှုက မိစ္ဆာမှလူသားအသွင်ကူးပြောင်းခြင်းကို လေ့ကျင့်ပြီးဖြစ်သည်။ ယခုမူ သူက မိစ္ဆာလူသားအသွင်ကူးပြောင်းပြီးနောက် ပျိုးထောင်ခြင်းလမ်းစဥ်ကို ရှာဖွေနေခြင်းဖြစ်၏။


သူ ဤကျင့်ကြံခြင်းနည်းလမ်းကို မကျွမ်းကျင်သေးသော်လည်း သူ့ကိုယ်ထဲတွင် အနီရောင်ပုတီးစေ့ရှိနေလေသည်။ သူ၏ကျင့်ကြံမှု မှားယွင်းနေလျှင် ၎င်းကသူ့ကိုသတိပေးလိမ့်မည်။ ထို့ကြောင့် သူသည်လည်း လမ်းမှားမရောက်နိုင်တော့ပေ။ ထို့ကြောင့်လည်း သူ၏ကျင့်ကြံခြင်းမှာ နှေးကွေးနေရခြင်းဖြစ်လေသည်။ သူ့အနေဖြင့် မိုးကြိုးအတိဒုက္ခက မည်သို့ဖြစ်ပေါ်လာပြီး သူ့ကို ဤနေရာသို့ပို့ပေးခဲ့ကြောင်း မသိပါချေ။


ရှုရှုတစ်ယောက် တောင်ကုန်းထိပ်တွင်ထိုင်ရင်း မျက်လုံးမှိတ်ကာ စတင်ကျင့်ကြံတော့သည်။


အက်ဂါက မဝေးလှသောချူံပုတ်ထဲတွင် ကိုယ်ကိုရစ်ခွေလျက် ပုန်းကွယ်နေလေသည်။ သူက ချိုးချိုးချွတ်ချွတ်အသံများကြောင့် နိုးလာ၏။ ဆတ်ခနဲခေါင်းမော့ကာ ဘေးဘီကိုကြည့်လိုက်ပြီးနောက် ခါးဆန့်လျက်ထိုင်နေသော အဆင့်နိမ့်သားရဲလူသားလေးကို တစ်ချက်ကြည့်လိုက်သည်။


သူက သားရဲအင်ပါယာ၏ ချောမောပြီးဩဇာရှိသော အိမ်ရှေ့စံမင်းသားဖြစ်ခဲ့ဖူးသည်။ အတိတ်တွင် သူ့အနောက်သို့လိုက်နေခဲ့သော အဆင့်နိမ့်သားရဲလူသားများလက်မှ အမြဲတမ်းပြေးနေခဲ့ရကား တစ်နေ့တွင် အဆင့်နိမ့်သားရဲလူသားလေးတစ်ယောက်ကို တိတ်တဆိတ်စောင့်ကြည့်ပြီး ကာကွယ်ပေးနေရလိမ့်မည်ဟု မတွေးထားခဲ့ဖူးပေး။


ယင်းကိုတွေးနေရင်း အက်ဂါမှာ ယခင်က ကိစ္စတစ်ခုကို အမှတ်ရသွားပြန်သည်။


လွန်ခဲ့သောသုံးလ၌ သူကလူအနည်းငယ်အား အသစ်ရှာတွေ့ထားသောဂြိုဟ်တစ်ခုထံ အလည်အပတ်ခေါ်လာခဲ့သည်။ နောက်ဆုံးတွင် မည်သည့်အဖြစ်အပျက်များဖြစ်ပျက်သွားကြောင်း မသိပေ။ သူ့ကိုယ်ပေါ်မှဆက်သွယ်ရေးစက်က ရုတ်တရက်ပျက်သွားပြီး မမျှော်လင့်ဘဲ ကြီးမားသန်မာသည့် သားရဲများနှင့် ကြုံတွေ့ကာ အဝိုင်းခံခဲ့ရသည်။


လက်ရှိသားရဲအင်ပါယာမှာမှာ ယခင်က ဧကရာဇ်မှ အရာအားလုံးကိုတာဝန်ယူခဲ့စဥ်နှင့် မတူတော့ပေ။ တော်ဝင်မိသားစု၏တည်ရှိမှုကလည်း သင်္ကေတတစ်ခုသက်သက်အဖြစ်သာ ရှိတော့သည်။ သို့ရာတွင် တော်ဝင်မိသားစုမှသားရဲလူသားများက အင်ပါယာတွင် အင်အားကြီးသောသားရဲလူသားများအဖြစ် ဆက်ရှိနေသေးသည်။


လွန်ခဲ့သောနှစ်များစွာက သားရဲအင်ပါယာတွင် ဩဇာညောင်းသော ဧကရာဇ်တစ်ပါးဖြစ်လာရန် သူတို့အင်အားအပေါ်တွင်သာ မှီခိုခဲ့ရသည်။ နောက်ပိုင်းတွင် သားရဲလူသားများက သူတို့ကိုယ်ပိုင်ဂြိုဟ်မှ ထွက်ခွာသွားကာ ကြယ်တာရာအာကာသထဲသို့ ဝင်ရောက်သွားကြသည့်တိုင် သားရဲလူသားတိုင်းပြည်ကို အုပ်စိုးနိုင်ရန် သူတို့၏ခွန်အားကို အသုံးချနေကြဆဲဖြစ်သည်။


ထိုအချိန်၌ သူက ရှေ့ဆောင်လမ်းပြတစ်ယောက်ဖြစ်လာရခြင်းမှာ ထိုကြီးမား၍ ယှဥ်ပြိုင်မရနိုင်သည့်သားရဲများကို ဆက်လက်တိုက်ခိုက်ရန်အတွက် မက်ခါကို သားရဲပုံစံအဖြစ် ပြန်လည်ဖန်တီးနိုင်ခဲ့၍ဖြစ်သည်။


ထိုသားရဲများက အလွန်သန်မာသော်လည်း သူကပို၍သန်မာလေရာ သေချာပေါက် ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သည်။ အကြောင်းမဲ့သက်သက်ပင် ထိုသားရဲများက သူ့အနောက်ကိုဆက်လိုက်လာကြသည်။ သားရဲများကပိုမိုများပြားလာပြီး သူ့ကိုစတင်ပြီး ဝိုင်းလာကြတော့သည်။


ညွှန်ကြားချက်မှာ လှည့်စားထားခြင်းသက်သက်သာဖြစ်ကြောင်း ခပ်ရေးရေးမျှသတိပြုမိသွားသော်သော်လည်း အခြေအနေက သူ့ကို များစွာတွေးခွင့် မပေးခဲ့ပေ။ သူ့စိတ်ထဲတွင် ထွက်ပြေးလွတ်မြောက်နိုင်ရန်သာ တွေးနေခဲ့သည်။ သို့သော်လည်း သူ့အနေဖြင့် မလွတ်မြောက်နိုင်ခဲ့ပေ။


အသက်ရှင်ရန်မဖြစ်နိုင်တော့ကြောင်း သိလိုက်ပြီးနောက် ရက်စက်သည့်လမ်းကို ရွေးချယ်လိုက်သည်။ သူ၏သားရဲအမြုတေကို တိုက်ရိုက်ဖျက်ဆီးလိုက်ပြီး ထိုသားရဲများအား သူနှင့်အတူ ဆွဲချသွားရန် ရည်ရွယ်လိုက်၏။


သူသေချာပေါက်သေရတော့မည်ဟု ယုံကြည်ထားခဲ့သည်။ အဆုံးသတ်တွင် သူ မသေခဲ့ပေ။ ထိုအစား ဤနေရာကိုရောက်လာရ၏။


နိုးလာလာချင်းမှာပင် အက်ဂါတစ်ယောက် သားရဲအဖြစ်ပြောင်းသွားခြင်းထက် သေသွားခြင်းက ပိုကောင်းမည်ဟုတွေးမိခဲ့သည်။ သို့သော်လည်း ယခုမူ သူက ဆက်လက်အသက်ရှင်သန်ခွင့်ရသည့်အတွက် ဝမ်းသာမိသည်။ မဟုတ်လျှင် အဆင့်နိမ့်သားရဲလူသားငယ်လေးမှာ လုံးဝရှင်သန်နိုင်စွမ်းရှိမည်မဟုတ်ပေ။


အက်ဂါက တောင်ကုန်းပေါ်တွင် အမူအရာမဲ့ ငြိမ်သက်စွာထိုင်နေသော အဆင့်နိမ့်သားရဲလူသားလေးကိုကြည့်နေရင်း အဘယ်ကြောင့်မှန်းမသိပါဘဲ စိတ်ထဲ၌ အေးချမ်းမှုကို ခံစားလိုက်ရလေသည်။


ဤဂြိုဟ်ပေါ်တွင် နေထိုင်သော သားရဲလူသားများရှိပေသည်။ သူ ဒဏ်ရာမှပြန်သက်သာလာသည်နှင့် ဤနေရာမှသားရဲများအားလုံးအတွက် စိတ်ပူစရာမလိုတော့ပေ။ ဤဂြိုဟ်ပေါ်မှလူများကိုရှာပြီး အကူအညီတောင်းရန်လည်း ကြိုးစားနိုင်လိမ့်မည်။ မည်သည့်အခြေအနေကြောင့်ပင်ဖြစ်စေ အဆင့်နိမ့်သားလူသားရဲလေးကို ဤတောအုပ်ထဲ၌ တစ်သက်လုံးနေခွင့်မပေးနိုင်ပေ။


ထို့အပြင် သူ့အခြေအနေကြောင့် ပြန်သွား၍မရနိုင်သည့်တိုင် သူ၏လက်ရှိအခြေအနေကို မိဘများထံအသိပေးရပေမည်။


အက်ဂါ ထိုအကြောင်းတွေးနေစဥ် အဆင့်နိမ့်သားရဲလူသားလေးက ရုတ်တရက်နှာချေလိုက်သည် ကိုတွေ့လိုက်ရသည်။ ထို့နောက် သူက တောင်ကုန်းထိပ်ပေါ်မှ မတ်တတ်ထရပ်လိုက်ပြီး တခိုက်ခိုက်တုန်နေလျက် အအေးဒဏ်မှလွတ်ရန် ဂူထဲသို့ပြေးဆင်းသွားတော့သည်။


ယခုကဲ့သို့အေးစိမ့်နေသောနေ့မျိုးတွင် ခဲသွားမည်ကိုမကြောက်သည့်အလား မြက်စကတ်လေးတစ်ထည်တည်းကိုပတ်ကာ ပြေးလွှားနေလေသည်။ အက်ဂါမှာ ခေါင်းယမ်းလိုက်ပြီး အဆင့်နိမ့်သားရဲလူသားလေးအတွက် ထင်းချောင်းများကို ပိုရှာရန် ဆုံးဖြတ်လိုက်လေသည်။



🐹🐹🐹