Chapter 6
Viewers 168

🐹 Chapter 6

ကြင်နာပေးတဲ့လူက မြွေကြီးဖြစ်နေတယ်



နောက်တစ်နေ့၌ ထင်းတစ်စည်းရလာပြီးနောက် ရှုရှုက ထင်းပေါ်မှ ရင်းနှီးနေသောအနံ့ကို ရှူသွင်းလိုက်သည်။ သူက အာလူးကင်တို့ကို ပျော်ရွှင်စွာဖြင့် ပြန်ပို့ပေးလိုက်သည်။ ထို့နောက် သူ၏ ခိုင်နေအောင်ကျစ်ထားသည့် မြက်ကြိုးအချို့ကိုယူပြီး ကောက်ရိုးပျော့လေးများကိုရှာရန် ထွက်လာလေသည်။


ဤရက်ပိုင်းအတွင်း ရှုရှုက သူနေထိုင်သောဂူထဲတွင် တွင်းငယ်လေးသုံးပေါက်ထက်မနည်း တူးလိုက်နိုင်သည်။ နှစ်တွင်းကို စားစရာသိုလှောင်ရန်သုံးပြီး ကျန်တစ်ခုကို သူနေရန်အတွက်သုံးလေသည်။


သူ နေထိုင်ရန်ရွေးချယ်ထားသောတွင်းက သိပ်မကြီးလှပေ။ တွင်းထဲသို့ တွားသွားပြီးဝင်ရန်လိုအပ်သည်။ သို့သော်လည်း သူက ထိုပုံစံကို သဘောကျခြင်းပင် ဖြစ်လေ၏။


တူးပြီးသည့်အခါ ရှုရှုက တွင်းတစ်ခုကို မီးမွှေးရန်အတွက် ရက်များစွာသုံးခဲ့သည်။ ယခုမူ 

ဆောင်းရာသီရောက်လျှင် ကောက်ရိုးပုံထဲ၌ ဇိမ်ကျပြီးနွေးထွေးစွာ ခွေနေနိုင်ရန် ဂူတစ်ခုလုံးကို ကောက်ရိုးများဖြန့်ခင်းထားရန် စဥ်းစားထားသည်။


ရှုရှုက ဟိုသွားသည်သွားဖြင့် မြက်များကိုလိုက်ကောက်နေပြီး မကြာမီအချိန်လေးအတွင်း၌ မြက်အများအပြားကိုရလိုက်လေသည်။ မြက်အများစုမှာ မခြောက်သေးသော်လည်း နှစ်ရက်မျှနေလှန်းလိုက်လျှင် ခြောက်သွားပေလိမ့်မည်။


အနားတွင် ဝါပင်တစ်ပင်ကိုမှမတွေ့ရသည်မှာ စိတ်မကောင်းစရာပင်။ သူ၏ဂူထဲ၌ ဝါဂွမ်းများကိုသာခင်းထားနိုင်လျှင် အလွန်သက်သောင့်သက်သာရှိသွားလိမ့်မည်။


ထိုသို့တွေးကြည့်မိသည့်အခါ ရှုရှုမှာ လူ့အဖွဲ့အစည်းကို ထပ်မံသတိရမိပြန်သည်။ ဝါဂွမ်းက လူသားများအတွက် အလွန်ဈေးပေါကြောင်း သူသိထားသည်။ ထိုစဥ်က သူ၏သခင်မှာ သူ့ဂူကို ရက်အနည်းငယ်ကြာတိုင်း တစ်ခါရှင်းပေးတတ်ပြီး တစ်ခါရှင်းပေးတိုင်း သူ၏သေးငယ်သောအသိုက်လေးကို သန့်ရှင်းသောချည်ထည်အသစ်တစ်ခုဖြင့် အစားထိုးပေးတတ်သည်။


အခုနေများ ငါ့မှာ ဝါဂွမ်းပုံကြီး တစ်ပုံလောက် ရှိရင်တော့လား…


သူ့အနားမှ စိမ်းလန်းစိုပြေနေသော တောအုပ်ကိုကြည့်ရင်း ရှုရှုမှာ သက်ပြင်းချကာ ခေါင်းငိုက်စိုက်ချလျက် မြက်များကိုသာ ဆက်စုရလေတော့သည်။


ယခုလိုမြက်မျိုးက တောအုပ်ထဲတွင် အတွေ့ရများလေသည်။ မကြာမီမှာပင် ရှုရှုက မြက်အလုံအလောက်ကိုစုဆောင်းမိသွားကာ မြက်ကြိုးဖြင့်စုချည်လိုက်သည်။ မြက်ထုံးကို ကျောပေါ်တွင်ထမ်းရင်း အိမ်သို့လမ်းလျှောက်ပြန်သွား၏။


သူ၏အစာအိတ်ထဲတွင် ပစ္စည်းအများအပြားကိုထည့်နိုင်သော်လည်း ပစ္စည်းများကို အစာအိတ်ထဲသို့ထည့်ရန်မှာ ၎င်းတို့ကို သူ၏ပါးစပ်ထဲသို့ အရင်ထိုးထည့်ရပေမည်။ ဝက်သစ်ချသီးလိုပင် ၎င်းတို့ကို သူ့ပါးစပ်ထဲသို့ထိုးထည့်ရလိမ့်မည်။ သို့ရာတွင် ရွှံ့များပေနေသောဆေးပင်များနှင့်အခြားအပင်များကမူ၊ ထိုအကြောင်းကို မေ့လိုက်သည်က ပိုကောင်း၏။


"ငါက ပေါက်စလေး...မဟုတ်သေးဘူး၊ ကောင်ငယ်လေးတစ်ယောက်ပါ၊ ကျောပေါ်မှာ ကျောပိုးအိတ်ကိုလွယ်ပြီး ကျောင်းကိုသွားမယ်၊ ခြစ်ခြစ်တောက်ပူနေတဲ့နေကိုရော လေထန်ပြီး မိုးရွာရင်ရော မကြောက်ဘူး၊ ငါအပျင်းတစ်နေလို့ ဆရာဆူမှာကိုတော့ ကြောက်မိပါတယ်၊ ငါစာမသင်ရင် ငါ့မိဘတွေကို ပြစရာမျက်နှာရှိတော့မှာ မဟုတ်ဘူး..."


ရှုရှုမှာ သီချင်းလေးကိုခပ်တိုးတိုးညည်းရင်း အိမ်ပြန်လာလေသည်။ သူ လူသားအဖြစ်သို့မပြောင်းနိုင်မီက စကားလည်းမပြောတတ်သေးသလို ပြောလည်းမပြောရဲပေ။ နောက်ဆုံး၌ စကားပြောနိုင်ခဲ့ပြီဖြစ်ကာ ပြောစရာလူကလည်း သူတစ်ယောက်တည်းသာရှိလေသည်။ထို့ကြောင့် သူ့ကိုယ်သူသာ ပေါက်ကရ လျှောက်ပြောနေရလေသည်။


ရှုရှုက တောအုပ်ထဲတွင် လမ်းလျှောက်ရခြင်းကို အသားကျလာခဲ့သည်။ သူက ခပ်သွက်သွက်လေးလျှောက်မြဲအတိုင်းလျှောက်နေရာမှ သူ့နားရွက်မွေးများ ရုတ်တရက်ထောင်သွားကာ ခန္ဓာကိုယ်က တုံ့ခနဲရပ်သွားလေသည်။ သူ့၏ဦးခေါင်းခွံက တဆစ်ဆစ်လှုပ်လာလေသည်။


သူ့အတွက် ဤသို့သောအခြေအနေမျိုးက မထူးဆန်းပေ။ ယခင်၌ သူက သေးငယ်သောဟမ်းစတားလေးတစ်ကောင်သာဖြစ်သည်။ သူက အချိန်အတန်ငယ်ကြာသည်အထိ တောထဲတွင်နေထိုင်ခဲ့ဖူးပြီး ယခုလိုမျိုး မကြာခဏခံစားခဲ့ရသည်။ ထိုခံစားချက်မှာ သားရဲတစ်ကောင်က သူ့ကို စိုက်ကြည့်နေသည်ဟု ဆိုလိုပေသည်။


အန္တရာယ်ရှိသည့်အဓိပ္ပါယ်ပင်။ ရှုရှုက မပြေးချင်သော်လည်း ချက်ချင်းလှုပ်ရှားလိုက်သည်။ သူ ခြေတစ်လှမ်းမျှသာ လှမ်းရသေးသော်လည်း သူ့နောက်မှ လေခပ်ပြင်းပြင်းတိုက်သွားပြီး အနံ့ဆိုးတစ်ခုကို ရလိုက်၏။


ရှုရှုက ကျောပေါ်တွင်သယ်ထားသော မြက်ထုံးကို အမြန်လွှင့်ပစ်လိုက်ပြီး အနောက်ကိုလှည့်မကြည့်ဘဲ ဆက်ပြေးသွားလေတော့သည်။


လွန်ခဲ့သောနှစ်ရာချီမှ အတွေ့အကြုံများအရ ယခုလိုအခြေအနေတွင် အချိန်ကုန်ခံပြီး အနောက်ကိုလှည့်ကြည့်ခြင်းထက် အနည်းငယ်ပို၍ဖြစ်စေ ဝေးဝေးပြေးခြင်းက ပိုကောင်းလေသည်။


ကံဆိုးစွာပင် သူက ကျင့်ကြံထားသော်လည်း သူ့ခန္ဓာကိုယ်ထဲတွင် ဝိညာဥ်စွမ်းအင်အနည်းငယ်သာရှိခြင်းပင်။ ဤအချိန်တွင် ၎င်းက အသုံးမဝင်သလို သူ့ကို အနည်းငယ်မျှ ပို၍မြန်မြန်ပြေးနိုင်အောင်လည်း မလုပ်ပေးနိုင်ပေ။


ငါ ဒီနေရာကြီးမှာ သေရတော့မှာလား…


ရှုရှု အံကြိတ်လိုက်သည်။ မူလက လုံခြုံနေခဲ့သောဧရိယာတွင် သားရဲတစ်ကောင်က အဘယ်ကြောင့်ပေါ်လာရသည်ကို မတွေး‌တတ်တော့ပေ။ 


မဟုတ်သေးပေ။ ဤနေရာက လုံးဝလုံခြုံသည်ဟု တရားသေမှတ်ထား၍မရပေ။ ယခင်ကလည်း မြွေကြီးတစ်ကောင်နှင့် တွေ့ခဲ့ရသေးသည်။

အခုလည်း ငါ့နောက်ကိုလိုက်နေတာက မြွေကြီးပဲလား…


ဤအတွေးက ရှုရှု၏စိတ်ထဲသို့ ဖြတ်ပြေးသွားခဲ့သည်။ ထို့နောက် အန္တရာယ်က နီးကပ်လာသည်ကို ရုတ်ချည်းခံစားလိုက်ရလေသည်။


သူက ခန္ဓာကိုယ်ကိုကွေးထားရင်း အရှေ့သို့ ချက်ချင်းခုန်ကာ လှိမ့်သွားလိုက်လေ၏။


တောအုပ်လေးကို သစ်ရွက်နုလေး ဖုံးလွှမ်းထားသော်လည်း ရှည်လျားပြီးချွန်ထက်နေသောဆူးများဖြင့် ချုံပုတ်အများအပြားလည်းရှိနေလေသည်။ ရှုရှု လိမ့်ကျသွားစဥ် သူ့ခန္ဓာကိုယ်ထက်၌ ဘေးမှချုံများကြောင့် ခြစ်ရာနှင့် ပြတ်ရှဒဏ်ရာများ ရသွား၏။ ဤအချိန် ဤအခိုက်အတန့်မှာပင် သူ့အနောက်သို့လိုက်လာသည့်အရာကို နောက်ဆုံးတွင်မြင်လိုက်ရသည်။


ယခင်က သူတွေ့ခဲ့ရသောမြွေကြီး မဟုတ်ပေ။ ၎င်းက ကျားတစ်ကောင်နှင့် ဆင်တူသယောင်ရှိသော်လည်း ကျားထက်ပိုကြီးလေသည်။ ဧရာမကျားအကြီးကြီးက သူ့ကိုချက်ချင်းမတိုက်ခိုက်သော်လည်း သူ့အနား ချဥ်းကပ်လာပြီး ခုန်အုပ်ရန်ပြင်ဆင်နေ၏။


အိုး သွားပြီ…


ရှုရှုမှာ ဤမြင်ကွင်းကိုမြင်လိုက်ရပြီး သူ့နှလုံးခုန်ရပ်သွားတော့မလို ခံစားလိုက်ရသည်။ သူက ဟမ်းစတားငယ်လေးတစ်ကောင်သက်သက်သာဆိုပါက ချူံများကြားထဲသို့ ဝင်ပုန်းနေလိုက်၍ရသည်။ သို့သော်လည်း ယခုမူ သူက လူသားတစ်ယောက်ဖြစ်နေသည်။ သူ့ခန္ဓာကိုယ်က တောအုပ်ထဲတွင် နေထိုင်ရန်မသင့်တော်သလို လူသားတစ်ယောက်ကဲ့သို ဖျတ်လတ်စွာ လှုပ်ရှားနိုင်ခြင်းလည်း မရှိသေးပေ။


သူ့ခမျာ အရွယ်ရောက်လာအောင် ခက်ခဲစွာကျင့်ကြံခဲ့ရသည်။ သူ့ကိုယ်သူ ပိုကြီးထွားလာအောင်ကြိုးစားလိုသည့် သူ၏နောက်ဆုံးရည်ရွယ်ချက်မှာ အောင်မြင်ခဲ့သော်လည်း ယင်းက သားရဲကောင်ကြီးဗိုက်ပြည့်စေရန်သာ ဖြစ်သွားခဲ့သည်။


ရှုရှုမှာ သေမတတ်ကြောက်လန့်သွားရသည်။ သူ့လက်နှင့်ခြေထောက်တို့က တောင့်တင်းနေပြီး မလှုပ်ရှားနိုင်တော့ပေ။ သူ့အနားမှအရာအားလုံးက နှေးကွေးသွားပုံရသည်။ ဧရာမကျားကြီးက ယစ်ပန်းကန်နှင့်တူသည့် သွေးချင်းချင်းနီနေသည့်ပါးစပ်ကိုဟကာ သူ့ထံသို့ချဥ်းကပ်လာသည်အား မှင်သက်စွာသာ ကြည့်နေမိလေသည်။


ရှုရှု၏ တဒိတ်ဒိတ်မြည်နေသောနှလုံးက အခုန်ရပ်တော့မည့်အချိန် သူ့အရှေ့၌ မြွေတစ်ကောင်၏အမြှီးက ရုတ်တရက်ပေါ်လာပြီး ကျားကြီး၏ပါးစပ်ကို လှမ်းရိုက်လိုက်သည်။


မြွေကြီး၏အမြှီးနှင့် ကျားကြီး၏ပါးစပ်တို့ ဆုံတွေ့သွားကြသည်။ "ဝုန်း" ခနဲအသံကိုသာကြားလိုက်ရပြီး သွေးများက ချက်ချင်း ပန်းထွက်လာလေသည်။


ကျားကြီးက ပါးစပ်ဟလျက်မှ သွားတစ်ချောင်းကျွတ်သွားချိန်တွင် မြွေကြီးသည်လည်း အကြေးခွံတို့က ကျွတ်ထွက်ကာ လဲကျသွားခဲ့သည်။ ၎င်းနောက် ပြောစရာမလိုအောင် သတ္တဝါကြီးနှစ်ကောင်က အပြန်အလှန်သတ်ပုတ်ကြပြန်သည်။


ဧရာမမြွေကြီးက ၎င်း၏ကိုယ်လုံးဖြင့် ကျားကြီးကိုတင်းတင်းရစ်ပတ်ထားကာ ၎င်း၏ပါးစပ်ကြီးက ကျား၏လည်ပင်းကိုကိုက်ရန် ဦးတည်လိုက်သည်။ ဧရာမကျားကြီးကလည်း အလျှော့မပေးဘဲ မြွေကြီး၏ခန္ဓာကိုယ်ကို ဆုတ်ဖြဲရန် ရုန်းကန်နေလေ၏။


၎င်းတို့က လိမ်ယှက်ကာ အချင်းချင်းတိုက်ခိုက်နေကြ၍ ဤနေရာတစ်ဝိုက်မှာ ပျက်စီးသွားသည်။ ကြီးမားခိုင်မာသည့်ပင်စည်တိူ့ဖြင့် သစ်ပင်များပင်လျှင် အတိုက်ခံရချိန်၌ အလွယ်တကူကျိုးသွားကြသည်။ မကြာခင်မှာပင် ပတ်ဝန်းကျင်မှာ ဖရိုဖရဲအခြေအနေအောက်သို့ ရောက်သွားလေတော့သည်။


ရှုရှုမှာ ချူံပုတ်ဘေးတွင်ငြိမ်နေပြီး ကြောက်လွန်း၍ တုန်နေရှာသည်။ သူ ,လုံးဝ မလှုပ်ရှားနိုင်တော့ပေ။ လက်နှင့်ခြေထောက်တို့က သူ့အပိုင်မဟုတ်တော့သလိုပင်။ ထိုသတ္တဝါကြီးနှစ်ကောင် တိုက်ခိုက်နေချိန်တွင် ၎င်းတို့ကသူ့ကို ချေမွပစ်လိမ့်မည်ဟု အကြိမ်ကြိမ်ထင်ခဲ့သည်။ သို့ရာတွင် ထိုသတ္တဝါကြီးနှစ်ကောင်က တိုက်ခိုက်ရင်း တရွေ့ရွေ့ဝေးသွားခဲ့သည်။


မြွေကြီးက ကျားကြီးကို သူ့အနားမှဆွဲခေါ်သွားပုံရသည်။  

သူ ယခင်က ထိုမြွေကြီးကိုလည်း သေလုနီးပါး ကြောက်ခဲ့သည့်တိုင် အန္တရာယ်မပေးတတ်သောမြွေကြီးများ ဖြစ်နေမည်လားဟု တွေးလိုက်မိသည်။


ရှုရှု၏ဦးနှောက်က လုံးဝကမောက်ကမဖြစ်နေသည်။ သူ့အတွေးတို့နှင့်ပတ်သက်၍ အမှားအမှန်ပင်မခွဲတတ်တော့ပေ။ သူက သူ့ခန္ဓာကိုယ်ထဲမှ ဝိညာဥ်စွမ်းအင်အနည်းငယ်ကို ဖြည်းဖြည်းချင်းကြိုးစားလှည့်ပတ်စေလိုက်ကာ တတ်နိုင်သမျှမြန်မြန် စိတ်တည်ငြိမ်အောင်ကြိုးစားလိုက်သည်။ သို့ရာတွင် ကံဆိုးစွာဖြင့် သူပိုပြီးစိတ်ပူပန်လာလေ၊ ပို၍ပင်မလုပ်နိုင်တော့လေဖြစ်လာသည်။ နောက်ဆုံးတွင် ထိုနေရာ၌လှဲကာ သတ္တဝါကြီးနှစ်ကောင် အချင်းချင်းသတ်ပုတ်နေကြသည်ကိုသာ ဗလာသက်သက်ကြည့်နေမိတော့သည်။


သတ္တဝါကြီးနှစ်ကောင် အတော်အတန်ကြာအောင် တိုက်ခိုက်ပြီးသည့်နောက် တိုက်ပွဲ၏နောက်ဆုံးရလဒ်က တဖြည်းဖြည်းချင်း ခန့်မှန်း၍ရလာခဲ့သည်။ မြွေကြီးက ပိုအားကောင်း၏။ ၎င်း၏ကိုယ်ပေါ်တွင် သေစေလောက်သောဒဏ်ရာများရှိနေသော်ငြား ဧရာမကားကြီးကို သေသည်အထိ ညှစ်ထားနိုင်ခဲ့သည်။


ထိုအချိန်တွင် ရှုရှုသည်လည်း သူ့ကိုယ်သူ လှုပ်ရှား၍ရလာကြောင်း သတိပြုမိလိုက်လေသည်။


သူ၏လက်နှင့်ခြေထောက်တို့က တောင့်တင်းနေလေ၏။ သူက ဖြည်းညင်းစွာထကာ ဖြည်းဖြည်းချင်း လေးဘက်ထောက်သွားလိုက်သည်။ ခဏမျှကြာအောင်သွားပြီးနောက် ထိုကြင်နာပေးသောသူ၏အနံ့ကို ရုတ်တရက်ရလိုက်သည်။


အဲဒီကြင်နာပေးတဲ့လူက ဒီမှာရှိနေတာလား…


ရှုရှုက လှုပ်ရှားနေရာမှ ရပ်သွားလေသည်။ အံကြိတ်လျက် ထိုကြင်နာသောပုဂ္ဂိုလ်ကို ရှာတွေ့နိုင်ရန် မျှော်လင့်ကာဖြင့် သတ္တဝါကြီးနှစ်ကောင်ထံသို့ ပြန်လည်ကာ လေးဘက်ထောက် သွားလိုက်သည်။ 


ဧရာမကျားကြီးက သေသွားပြီဖြစ်ကာ မြွေကြီးကမူ ထိုနေရာ၌ မလှုပ်မယှက်လဲနေသော်လည်း ခန္ဓာကိုယ်က အနည်းငယ်မျှ မြင့်လိုက်နိမ့်လိုက်ဖြစ်နေသေးသည်။ ရှုရှုနီးကပ်လာသည်ကို သတိထားမိသွားပုံရပြီး ၎င်း၏မျက်လုံးတို့က လှုပ်ရှားသွားကာ ရှုရှုကိုကြည့်လာလေသည်။


ရှုရှုက မြေကြီးတွင်ဒူးထောက်ချကာ ကြောက်လွန်း၍ ခေါင်းမှခြေဖျားအထိ တုန်ယင်နေသည်။ သွားချင်းရိုက်နေရင်းမှ နားရွက်လေးများကို ထောင်ထားပြီး လက်သည်းများကို ဆန့်ထုတ်ထားသည်။ သူက အချိန်မရွေးထွက်ပြေးရန် အသင့်ပြင်ထားရင်း ခန္ဓာကိုယ်ကိုကိုင်းလိုက်ပြီး အနံ့ခံကြည့်လိုက်သည်။ သူက သူ့ကိုစိတ်အေးချမ်းအောင်လုပ်ပေးနိုင်သူ၏အနံ့ကို ရှာဖွေနေခဲ့သည်။


နောက်တစ်စက္ကန့်တွင် အံ့အားသင့်မှုကြောင့် ရှုရှု၏မျက်လုံးတို့က ပြူးထွက်သွားလေသည်။


ထိုကြင်နာတတ်သောပုဂ္ဂိုလ်၏အနံ့က မြွေကြီး၏ခန္ဓာကိုယ်ပေါ်မှ တကယ်ကြီးထွက်လာကာ ထိုအနံ့မှာ အလွန်ပြင်းလေသည်။


အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…


ရှုရှုမှာ မြွေကိုကြည့်နေရင်း တစ်ကိုယ်လုံးမှာ ထိန်းမရအောင်တုန်လာလေသည်။ သူက ဗလာသက်သက်ငေးကြည့်နေပြီးမှ အသိပြန်ဝင်လာခဲ့သည်။ တကယ်တမ်း၌ အဓိပ္ပါယ်ရှိသည်ဟု သူ ခံစားလိုက်ရသည်။


သူ မြွေကြီးနှင့် ပထမဆုံးအကြိမ် အကြည့်ချင်းဆုံခဲ့ချိန်၌ မြွေကြီးက သူ့ကို လုံးဝအန္တရာယ်မပေးခဲ့ပေ။ ၎င်းက သူ့ကို အမြန်ပင် လွှတ်ပေးခဲ့သည်။ ယခုလည်း ဧရာမကျားကြီးကသူ့ကိုစားချင်နေပြီး မြွေကြီးကသူ့ကို ကယ်တင်ပေးခဲ့သည်။


မြွေကြီးက လုံးဝအဆင်ပြေနေခဲ့၍ ကျားကြီးကို ရုတ်တရက် တိုက်ခိုက်စရာအကြောင်းမရှိပေ။ သူ့ကိုကယ်တင်ပေးရန်အတွက်မှလွဲပြီး အခြားအကြောင်းပြချက်မရှိပေ။ သူ့ကိုကယ်တင်ပေးရန်အတွက် မြွေကြီးမှာ အရေခွံံပင် ဆုတ်ဖြဲခံလိုက်ရပြီး သေရတော့မည်ထင်သည်။


ရှုရှုက မြွေကြီး၏ကိုယ်ပေါ်မှ ကျွတ်ထွက်သွားသောအကြေးခွံများကိုကြည့်ကာ သူ့တစ်ကိုယ်လုံးက တုန်ယင်လာပြီး မျက်ရည်များက တာကျိုးသလိုစီးကျလာလေသည်။


သူက မြွေကြီးကိုအလွန်ကြောက်သော်လည်း သူ၏ကယ်တင်ရှင်ကို ပစ်မထားနိုင်ပေ။


မြွေကြီးက သူ့အနားတွင်အမြဲရှိနေပေးခဲ့ပြီး "အန္တရာယ်" ရှိသည့် ခံစားချက်ကိုလည်း မရခဲ့ပေ။ ဤမြွေကြီးက သူ့ကိုတစ်ကြိမ်လေးပင် စားမည့်အတွေးမျိုး မရှိခဲ့ခြင်းလည်းဖြစ်နိုင်သည်။ တကယ်တမ်း၌ သူ့ကိုအမဲကောင်အမြောက်အများကိုပင် ပေးခဲ့သေးသည်။


ရှုရှုမှာ တုန်ယင်နေသေးသော်လည်း မျက်ရည်တို့ကိုသုတ်ပစ်လိုက်သည်။ သူ့ဘေးမှသစ်ပင်ကိုကိုင်လျက် မတ်တတ်ရပ်လိုက်ကာ လှည့်ထွက်သွားပြီး ချက်ချင်းပြေးထွက်သွားလေသည်။


ရှုရှုထွက်ပြေးသွားသည်ကို မြင်ပြီးနောက် အက်ဂါက ခေါင်းငုံ့ကာ သူကိုယ်တိုင် သေသည်အထိ ညှစ်သတ်ပစ်ခဲ့သောကျားကြီး၏အလောင်းထက် ခေါင်းအုံးလိုက်သည်။ သူ မည်သို့ခံစားနေရသည်ကို သေချာမသိတော့ပေ။


ဆုံးရှုံးသွားသလိုခံစားနေရသော်လည်း သူ့ဘက်မှ မှန်ကန်သည့်အရာကိုလုပ်ခဲ့သလိုလည်း ခံစားရလေသည်။


သူ အိမ်ရှေ့စံမင်းသားဖြစ်နေချိန်တွင် အဆင့်နိမ့်သားရဲလူသားလေးများက သူ့အား ဝမ်းမြောက်ဝမ်းသာကြိုဆိုကြသည့်တိုင် အဆင့်မြင့်အရာရှိများဖြစ်သည့် အဆင့်နိမ့်သားရဲလူသားတို့ကမူ သူ၏သွေးအေးသားရဲအမျိုးအစားကို မနှစ်သက်ကြပေ။ ထိုသူတို့၏ ထင်မြင်ချက်ကို ဆွဲဆောင်ပြောင်းလဲရန် ယခု သူက သားရဲလူသားမဟုတ်တော့ဘဲ တကယ့်သားရဲဖြစ်သွားကြောင်း ပြောရမည်လားဟု တွေးနေမိသည်။


သားရဲကောင်ကို ဘယ်သူကကြိုက်မှာလဲ…


အဆင့်နိမ့်သားရဲလူသားလေးများက သားရဲအမြုတေကို ဆုံးရှုံးလိုက်ရ၍ သားရဲကောင်အဖြစ်ပြောင်းသွားရသည့် အရှုံးသမားသားရဲကောင်တို့အား သဘောမကျကြပေေ။


ထို့အပြင် အဆင့်နိမ့်သားရဲလူသားလေးကလည်း သူ့ကိုသားရဲလူသားဖြစ်ကြောင်း မသိသေးပေ။ အဆင့်နိမ့်သားရဲလေး၏မျက်လုံးထဲ၌ သူက မြွေကြိီးတစ်ကောင်မျှသာ ဖြစ်လေသည်။


အက်ဂါမှာ ခေါင်းမှခြေဖျားအထိ ဆိုးဆိုးရွားရွားနာကျင်နေပြီး သူ၏ခုန်လှုပ်နေသောနှလုံးမှာလည်း နာကျင်နေရ၏။


ယခင်က ခွန်အားနှင့်သာဆိုလျှင် ယခုကဲ့သို့သော ဧရာမကျားကြီးကို အလွယ်တကူသတ်လိုက်နိုင်သော်လည်း ယခုမူ မတူတော့ပေ။


သူက သူ့ကိုယ်သူဖောက်ခွဲခဲ့ရသည်။ အမြုတေကို မဆိုထားနှင့်၊ သူ့ခန္ဓာကိုယ်ပင် သေမတတ်နာကျင်နေရသည်။ လက်ရှိသူ့ခွန်အားက ယခင်က ခွန်အားနှင့်ယှဥ်လျှင် ဆယ်ပုံတစ်ပုံပင်မရှိပေ။ ယခုလိုအခြေအနေအောက်တွင် ဧရာမကျားကြီးကို နိုင်အောင်တိုက်လိုပါက သူ့ဘက်မှ တန်ကြေးကို ကြီးကြီးမားမားပြန်ပေးရမည်မှာအသေအချာပင်။


အမှန်ပင်။ ဤတစ်ကြိမ်ဒဏ်ရာများက ယခင်ကထက်ပိုမိုပြင်းထန်နေသည်။


ကံကောင်း၍ သူ့ကိုယ်ပေါ်မှအနံ့နှင့် ဧရာမကျားကြီး၏အနံကြောင့် အခြားသားရဲများ မလာရဲလောက်ပေ။ သူ့အနေဖြင့် သေချာအနားယူနိုင်သလို အချိန်တစ်ခုအထိ သားရဲလူသားငယ်လေးတွင်လည်း အန္တရာယ်မရှိနိုင်တော့ပေ။


အက်ဂါက မြေကြီးပေါ်တွင် မှောက်လျက် လှဲနေပြီး ဖြည်းဖြည်းချင်း အားပြန်စုနေလေသည်။ ထိုအချိန်မှာပင် အဆင့်နိမ့်သားရဲလူသားလေး၏ ခြေသံကိုကြားလိုက်ရသည်။


သူက မယုံကြည်နိုင်စွာဖြင့် ခေါင်းမော့လိုက်မိသောအခါ အဆင့်နိမ့်သားရဲလူသားလေး ပြန်လာနေသည်ကိုတွေ့လိုက်ရသည်။ လက်ထဲတွင်လည်း ဆေးပင်များကို ကိုင်ထား၏။


သူ မော့ကြည့်လိုက်လေရာ ဆေးပင်များကို ကျိုးကြေတော့မတတ်ဆုပ်ကိုင်လာသော အဆင့်နိမ့်သားရဲလူသားလေးမှာ ကြောက်လန့်သွားရှာသည်။ ဖြူဖျော့နေသည့်မျက်နှာဖြင့် ခြေလှမ်းအနည်းငယ်မျှ အနောက်ဆုတ်သွားလေသည်။ သူ့မျက်လုံးတို့က မျက်ရည်များဖြင့် ပြည့်နေလေ၏။ သူက တုန်ယင်နေကာ လှုပ်ရှားနေရာမှ ရပ်လိုက်သည်။ သူ့ပုံစံက အချိန်မရွေးမေ့လဲသွားတော့မလို ဖြစ်နေသည်။


အက်ဂါက ထိုသူကို ယခုလိုတွေ့လိုက်ရသည့်အခါ မနေနိုင်ဘဲ ပြုံးမိသွားလေသည်။ သို့ရာတွင် မြွေများမှာ မပြုံးပြနိုင်ပေ။


အဆင့်နိမ့်သားရဲလူသားလေးအား ခြောက်လှန့်မိမည်ကို စိုးရိမ်သဖြင့် အက်ဂါမှာ ခေါင်းငုံ့လိုက်ရသည်။ ထို့နောက် သူက တုန်ယင်နေသောအဆင့်နိမ့်သားရဲလူသားလေးကိုကြည့်လိုက်သည်။ ပြန်ပြီးခွေနေလိုက်မှ ပေါက်စလေးက သူ့အနားကို မဝံ့မရဲကပ်လာပြီး သတိထားကာ သူနားမလည်နိုင်သောစကားတစ်မျိုးပြောနေလေသည်။


"ကျွန်တော့်ကို မစားပါနဲ့၊ ကျွန်တော်က လုံးဝအရသာမရှိပါဘူး..."


ရှုရှုက ပါးစပ်ထဲသို့ ဆေးပင်များကို ထိုးထည့်နေရင်း ပါးစပ်မှလည်း မရပ်မနားပြောနေသည်။ သူက ၎င်းတို့ကို ကြိမ်ဖန်များစွာဝါးလိုက်ပြီးနောက် မြွေကြီး၏ ကိုယ်ပေါ်မှဒဏ်ရာတို့ထံ ပစ်ပေါက်လိုက်လေသည်။



🐹🐹🐹