Chapter 7
Viewers 175

🐹 Chapter 7

သဘာဝရန်သူ၏ဒဏ်ရာကို ကုသပေးခြင်း



ရှုရှု၏လက်တို့က တဆတ်ဆတ်တုန်နေလေ၏။ သူ့အခြေအနေနှင့် မြွေကြီး၏ခန္ဓာကိုယ်ပေါ်ကို ဆေးပင်များအား မှန်မှန်ကန်ကန်ပစ်ပေါက်လိုက်နိုင်လျှင် အတော်လေးထူးဆန်းပေလိမ့်မည်။


ဆေးပင်များက ဒဏ်ရာနှင့်ဝေးရာ မြွေကြီးဘေးမှမြေကြီးပေါ်သို့ 'ဖတ်' ခနဲကျသွားလေသည်။ 


ရှုရှုမှာ အသံကြောင့် လန့်ကာထခုန်မိပြီး အနောက်သို့ ခြေလှမ်းအနည်းငယ်မျှ ဆုတ်မိသွားပြီး မြွေကြီးက လုံးဝမလှုပ်သည်ကို မြင်ရမှ ပြန်တည်ငြိမ်သွား၏။ 


မြွေကြီးက သေသွားတာတော့မဟုတ်ဘူးမလားဟင်…


ရှုရှုမှာ မြွေကြီးကို စိုးရိမ်စွာဖြင့် လေ့လာလိုက်သည်။ မြွေကြီး၏ကိုယ်ပေါ်မှ ဒဏ်ရာများကိုမြင်ပြီး သူ့မျက်လုံးတို့က ပူလာလေသည်။ သူက ဤနယ်မြေတစ်ဝိုက်ကို လုံခြုံသည်ဟု ထင်ခဲ့သည်။ ထိုအရာအားလုံးက ဤကြင်နာတတ်သောပုဂ္ဂိုလ်နှင့် ဆက်နွယ်မှုတစ်ခုရှိနေသလိုပင်။ ထိုသို့မဟုတ်ပါက တိရစ္ဆာန်အားလုံး အတူလာစုနေကျ မြစ်ကမ်းဘေး၌ အကြီးစားတိရစ္ဆာန်များ မရှိဘဲဖြစ်နေမည်မဟုတ်ပေ။


ကြင်နာတတ်သည့်သူက ကူညီပေးခြင်းပင်ဖြစ်ရမည်ဟု တွေးကြည့်ပြီးနောက် သူအလွန်ပျော်ခဲ့ရသည်။ သို့သော် ကြင်နာတတ်သောပုဂ္ဂိုလ်က သူ့အရှေ့မှမြွေကြီးဖြစ်နေမည်ဟု လုံးဝမထင်ထားခဲ့ပေ။ 


ဒီမြွေကြီးက တကယ်မသေသွားလောက်ပါဘူးနော်…


သူ့မျက်လုံးကို လက်ဖြင့်သုတ်ရင်း ရှုရှုမှာ ဆေးပင်များကို နောက်တစ်ကြိမ်ထုတ်လိုက်ပြန်သည်။ ၎င်းတို့ကို ပါးစပ်ထဲတွင်ထည့်ပြီး ဝါးလိုက်သည်။


ဆေးပင်များက အလွန်ခါးသည်။ ရှုရှုမှာ ဝါးနေရင်း မျက်မှောင်ကြုတ်ထားမိသော်လည်း ခဏကြာသည့်အခါ ဝါးနေရာမှ လက်ထဲသို့ ထွေးထုတ်လိုက်သည်။ ဝါးပြီးသည့်နောက် သူက ဒဏ်ရာများပေါ်သို့ ဆေးပင်များကို ထပ်မံမပစ်လွှင့်ရဲတော့ပေ။ သတ္တိများကိုဆင့်ခေါ်ကာ အရှေ့တိုးလိုက်ပြီး မြွေကြီး၏အနားသို့ ဖြည်းဖြည်းချင်းကပ်သွားလိုက်သည်။


ရင်းနှီးနေသောအနံ့က ပို၍ပင်ပြင်းထန်လာပြီး နောက်ဆုံး၌ ရှုရှုမှာ ယခင်ကလောက် မကြောက်တော့ပေ။ သူက ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး မြွေကြီး၏အမြှီးပေါ်မှဒဏ်ရာကို ဆေးပင်ဖြင့်အုံကာ ညင်ညင်သာသာ လိမ်းပေးလိုက်သည်။


ဆေးပင်များကိုလိမ်းပေးနေရင်း သတိမထားမိဘဲ ရှုရှု၏လက်က မြွေအကြေးခွံကို ထိမိသွားလေသည်။


ရှုရှုက ချက်ချင်းပင်ခုန်ထပြီး ထွက်ပြေးသွားတော့သည်။ သူက မီတာအနည်းငယ်ခန့်ပြေးပြီးနောက် ရပ်လိုက်လေ၏။ ထို့နောက် ကြောက်လန့်ကာ သံသယဝင်နေရင်းမှ ပြန်လှည့်လာခဲ့သည်။ သူက သူဝါးနိုင်သည့်ပမာဏထက်ပိုဝါးခဲ့သည်ဟုတွေးရင်း မြွေကြီးကိုစိုက်ကြည့်လိုက်သည်။ သူက သတ္တိရှိရန်ကြိုးစားနေသော်လည်း ခြေထောက်များကမူ အားနည်းနေသလိုခံစားရသည်။


သူက မြွေများကို တကယ်ကို ကြောက်လေသည်။ ၎င်းတို့က အလွန်တရာမှ ကြောက်စရာကောင်း၏။


ရှုရှုမှာ မြွေကြီးနှင့်ပထမဆုံးစတွေ့သည့်အချိန်ကို ပြန်လည်တွေးမိပြီး ကြောက်ရွံ့သောခံစားချက်က သူ့ကိုလွှမ်းမိုးသွားလေသည်။ ထိုအချိန်က သူတကယ်ပင် ကြောက်ရွံ့နေခဲ့သည်။ မထင်မှတ်ထားသည်မှာ မြွေကြီး၏အနံ့ကို မမှတ်မိခဲ့ပေ။ သူသာ ပို၍စောစော သိခဲ့ရပါလျှင်...။


မြွေကြီးက တုတ်တုတ်မလှုပ်ဘဲ လှဲနေခဲ့ပြီး ၎င်း၏ခန္ဓာကိုယ်က အေးစက်နေခဲ့သည်။ သူ့ဗိုက်တွင်ဒဏ်ရာရထားပြီး သွေးထွက်နေသေးသည်။ ရှုရှုက တခဏမျှ တိတ်ဆိတ်နေပြီးနောက် ဖြည်းဖြည်းချင်းရှေ့တိုးသွားလိုက်သည်။ ဤတစ်ခေါက်တွင် သူက မြွေကြီး၏ဗိုက်ပေါ်မှဒဏ်ရာကို ဆေးလိမ်းပေးလိုက်သည်။


သူက ဆေးလိမ်းပေးနေချိန်တွင် မြွေကြီး၏ဗိုက်က အနည်းငယ်မျှ နိမ့်ချည်မြင့်ချည်ဖြစ်လာလေ၏။ ရှုရှုမှာ ကြောက်လွန်း၍ အော်လိုက်မိလေသည်။ အံ့ဩစရာမရှိအောင် အနောက်ကိုလည်း ခြေလှမ်းအနည်းငယ်မျှဆုတ်မိသွားခဲ့သည်။ သူက စိတ်ကို ဖြည်းဖြည်းချင်းလျှော့ကာ ရှေ့ကိုတိုးလျက် မြွေကြီး၏ခန္ဓာကိုယ်အား ဆေးလိမ်းပေးလိုက်သည်။ အက်ဂါမှာ မြေကြီးပေါ်တွင်ဝပ်နေရင်းဖြင့် သူ့ကိုဆေးလိမ်းပေးနေသောလက်တစ်ဖက်က တုန်နေသည်ကို ခံစားမိနေလေသည်။ သူက အချိန်အတော်ကြာအောင် ငြိမ်နေလိုက်လေ၏။


သူ့တစ်သက်တာလုံးတွင် ဤတစ်ကြိမ်က တစ်စုံတစ်ယောက်မှ သူ့အား ဆေးလိမ်းပေးရန် အချိန်အကြာဆုံးယူခြင်းပင်ဖြစ်၏။ ပေါက်စလေးက ထပ်ခါတလဲလဲလှုပ်ရှားနေခဲ့သည်။ မည်သို့ပင်ဖြစ်စေ သူက တကယ်ကိုစိတ်မဆိုးမိပေ။ ထိုအစား ရယ်စရာကောင်းသည်ဟုသာ ထင်လိုက်မိသည်။


အဆင့်နိမ့်သားရဲလူသားလေးက သူသေသွားမည်ကိုကြောက်နေရှာသည်။ သူ့အနေဖြင့် ပေါက်စလေးမှ သူ့ကိုဆေးလိမ်းပေးလိမ့်မည်ဟု မထင်ထားပေ။


ဤအတိုင်း အဆင့်နိမ့်သားရဲလေးက ခုန်ပေါက်နေ၍သာ သူသည်လည်း မလှုပ်ရဲတော့ခြင်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် ကျားကြီးကိုရစ်ပတ်ထားသောခန္ဓာကိုယ်၏ အချို့နေရာများကလည်း အလွန်ပင် မသက်မသာဖြစ်လာလေသည်။


အချိန်ကိုက်ပင် အဆင့်နိမ့်သားရဲလေးကလည်း သူ့ကိုဆေးလိမ်းပေးနေရာမှပြီးသွား၍ ထွက်ပြေးသွားပြန်သည်။ ဤတစ်ကြိမ်တွင် ပို၍ပင်ဝေးသွားလေ၏။


အက်ဂါမှာ စိတ်အေးသွားပြီးသက်ပြင်းချလိုက်သည်။ ဒဏ်ရာများအပေါ်သို့အုပ်ထားသောဆေးပင်များ ကွာမကျအောင်သတိထားပြီး သူသေအောင် ညှစ်သတ်ထားခဲ့သောဧရာမကျားကြီးကို လွှတ်လိုက်သည်။ သူ့ခန္ဓာကိုယ်ကိုလှုပ်ရှားကာ သက်သောင့်သက်သာရှိသော အနေအထားသို့ပြင်လျက် လှဲလိိုက်သည်။


အဆင့်နိမ့်သားရဲလူသားလေးက ပြန်လာမှာပါနော်…


အက်ဂါက တကယ်ပင် စောင့်မျှော်နေခဲ့သည်။


ရှုရှုကမူ လုံးဝပြန်မသွားချင်တော့ပေ။


သူက မြွေကြီးကိုဆေးလိမ်းပေးခဲ့သော်လည်း တကယ်တမ်း၌ ၎င်းတို့၏အသုံးဝင်ပုံကိုရှာတွေ့ခဲ့သူမှာ မြွေကြီးပင်ဖြစ်လေသည်။ မူလက ကြင်နာတတ်သူက သူ့ကို ဆေးပင်အများအပြား ပေးခဲ့သည်။ သူက ၎င်းတို့အကုန်လုံးကို မသုံးဖြစ်၍ တံခါးဝတွင် စိုက်ထားလိုက်သည်။ ဆေးပင်များက ကောင်းကောင်းမွန်မွန် ကြီးထွားခဲ့ခြင်းဖြစ်သောကြောင့် နောက်ဆုံး၌ သူသည်လည်း စိုက်ပျိုးနိုင်ခဲ့သည်။


ယခုမူ သူက ၎င်းတို့အားလုံးကိုသုံးလိုက်၍ မလောက်တော့ပေ။ ရှုရှုမှာ ၎င်းတို့ကိုထပ်ရှာရုံသာ ရှိတော့၏။ 


ဆေးပင်များကို ရှာဖွေရန်မှာ မခက်ပေ။ မကြာခင်မှာပင် ရှုရှုက အနည်းငယ်ရှာတွေ့သွားသော်လည်း ပြန်မသွားချင်ပေ။


ဤမျှအထိ မြွေကြီးနှင့်နီးကပ်စွာ နေခဲ့ရ၍ သူ့ဘက်မှ ကြင်နာမှုကိုပြသပြီးပြီးဟု ယူဆလိုက်သည်။


ဒါပေမဲ့ ငါ ပြန်မသွားလို့ မြွေကြီးဒုက္ခရောက်နေရင် ဘယ်လိုလုပ်မလဲ…


ရှုရှုက အချိန်အနည်းငယ်ယူကာ စိတ်ကိုပြင်ဆင်လိုက်သည်။ နောက်ဆုံးတွင် သူ့ခန္ဓာကိုယ်က တုန်ယင်နေဆဲဖြစ်ပြီး မြွေကြီးနှင့်ဧရာမကျားကြီးတို့ သတ်ပုတ်ခဲ့ကြသောနေရာသို့ လျှောက်သွားလိုက်သည်။


သူပိုပြီးကပ်သွားသည့်အခါ ရှုရှုက မြွေကြီး၏နေရာပြောင်းသွားသည်ကို တွေ့လိုက်ရသည်။


မြွေကြီးက လှုပ်သွားတာလား…


ရှုရှုမှာ မနေနိုင်မထိုင်နိုင်ပင် ထွက်ပြေးရန်တွေးမိပြန်သည်။ ကံကောင်း၍ သူစိတ်ထိန်းလိုက်နိုင်သည်။ သူက ဖြည်းဖြည်းချင်းလျှောက်သွားကာ မြွေကြီး၏ဘေးသို့ရောက်သွားလေသည်။ ထို့နောက် တုန်တုန်ယင်ယင်ဖြင့် မြွေကြီး၏ဆေးမလိမ်းရသေးသောနေရာများကို လိမ်းပေးလိုက်သည်။


သူ့အလုပ်ပြီးသည့်အခါ ရှုရှုက ခပ်သုတ်သုတ် ထွက်ပြေးသွားပြန်သည်။ 


သူ့ကို ဤမြွေကြီးက ကယ်လိုက်ကြောင်းသိနေသော်လည်း ရှုရှုမှာ ထွက်ပြေးရန်တွေးနေဆဲပင်။


သို့သော်လည်း ထွက်ပြေးလာပြီးနောက် ထိုမြွေကြီးမလှုပ်နိုင်တော့မည်ကို စိုးရိမ်လာပြန်သည်။ 


အဲဒီနေရာမှာ လှဲနေရင်း ဖြတ်သွားတဲ့သားရဲတွေတွေ့လို့ အစားခံနေရရင် ဘယ်လိုလုပ်မလဲ…


ရှုရှုမှာ ဤနေရာက အလွန်လုံခြုံသည်ဟု ထင်ခဲ့သည်။ ယခုမူ သူပိုပြီးသိလာခဲ့သည်။ ဤနေရာက လုံးဝမလုံခြုံသည့်အပြင် တိရစ္ဆာန်အကြီးစားများပင်ရှိနေသေးသည်။


သေသွားသောဧရာမကျားကြီးနှင့် သွေးနံ့များကလည်းရှိနေသေးသည်။ အခြားတိရစ္ဆာန်များကသာ အနံ့ရသွားလျှင်...


ထို့အပြင် သူ့အနေဖြင့် မြွေကြီးကို အငတ်မခံစေချင်ပေ။သူက တဒင်္ဂခန့်တွေဝေနေပြီးနောက် ခါးသက်နေသောမျက်နှာဖြင့် အံကြိတ်လျက် ပြန်ရောက်လာသည်။ သူက မလှုပ်မယှက်ဖြင့်ငြိမ်နေသောမြွေကြီးဘေးမှ ဖြတ်သွားလိုက်သည်။ ရှုရှုက လက်သည်းလေးများကိုထုတ်ပြီး ကျားကြီးနှင့် ဘေးမှသွေးစွန်းကွက်များကို ကိုင်တွယ်ရန်ပြင်လိုက်လေသည်။ သူ့အနေဖြင့် မြွေကြီးစားနိုင်ရန် ကျား၏အသားများကို ပေးလိုက်၍ရသည်။


တောရိုင်းထဲမှမြွေများက သေပြီးသားတိရစ္ဆာန်များကို မစားကြပေ။ သူတို့ကိုယ်တိုင်သတ်ထားသောသားကောင်မှမဟုတ်လျှင်မစားပေ။ သို့မဟုတ်လျှင် ရှုရှုသည်လည်း မြွေကြီးကိုပထမဆုံးတွေ့သည့်အချိန်၌ သေဟန်ဆောင်ခဲ့မည်မဟုတ်ပေ။


သူက မြွေ၏ပါးစပ်ထဲမှလွတ်ရန် သေဟန်ဆောင်ခဲ့ဖူးသည်။


မည်သို့ပင်ဖြစ်စေ ဤမြွေကြီးနှင့်သာမန်မြွေများမှာ ကွာခြားနေလေသည်။


ဤမြွေကြီးက ကြင်နာတတ်သည့်သဘောထားရှိပြီး သူ့ကိုအမဲကောင်များနှင့် ဆေးပင်များလာပေးကတည်းက အလွန်ဉာဏ်ကောင်းသည်မှာ သေချာလေသည်။ မြွေကြီးက သူနှင့်အတူတူပင်ဖြစ်ကြောင်း သတိပြုမိလိုက်သည်။ ၎င်းက သာမန်မြွေမဟုတ်ဘဲ မြွေဝိညာဥ်ဖြစ်နိုင်၏။


မြွေဝိညာဥ်ဖြစ်သည့်အတွက် ဤမြွေမှာ သေချာပေါက်စကားပြောနိုင်လိမ့်မည်။ သူက သက်ရှိတိရစ္ဆာန်များကိုစားတတ်သော သာမန်မြွေများနှင့် မတူပေ။ ထို့အပြင် သူချက်ပြုတ်ပေးသမျှအစားအသောက်များကိုလည်း ဤမြွေက စားခဲ့လေသည်။


မြွေကြီးသာ ကျားကြီးကိုစားလိုက်ပါက သူ့ကိုစားရသည်နှင့်မတူမည်မှာ သေချာလေ၏။ ရှုရှုက အတွေးနက်နေသည်။ သူက ကျားကြီးကိုအမဲမဖျက်မီ မြွေကြီးနှင့်အနည်းငယ်ဝေးရာသို့ ဆွဲသွားချင်ခဲ့သည်။ ကံဆိုးပြီး သူက ယင်းကိုလှုပ်ပင်မလှုပ်နိုင်ပေ။


မြွေကြီးကို တစ်ချက်မျှကြည့်လိုက်ရာ လှုပ်ရှားမှုကင်းမဲ့နေသည်ကို တွေ့လိုက်ရ၍ ရှုရှုက အချိန်ဆွဲမနေတော့ပေ။ သူက နေရာတွင်ပင် ကျားကိုအရေခွံဆုတ်ရန် စီစဥ်လိုက်သည်။


ရှုရှုက ကျားခန္ဓာကိုယ်ကို ခြေတစ်ဖက်ဖြင့်နင်းထားလေ၏။ ကျားအရေခွံကို လက်နှစ်ဖက်လုံးဖြင့်အချောကိုင်ကာ အားကုန်သုံးပြီး ဆုတ်ဖြဲလိုက်သည်။ ကျား၏အရေခွံသေးသေးလေးကိုပင် မဖြဲနိုင်ခဲ့ပေ။ ထိုအစား သတိမထားမိသည့်အတွက် ပစ်လဲသွားခဲ့သည်။ သူ ဖင်ထိုင်လျက်လဲကျပြီး ပက်လက်လန်သွားကာ သူ့လက်သည်းများလည်း နာကျင်နေပြီဖြစ်လေ၏။


သူ့လက်သည်းများကိုကြည့်ရင်း ရှုရှုက မနေနိုင်ဘဲ နှုတ်ခမ်းတို့ကိုကော့လိုက်မိလေ၏။

"ဒီကျားရဲ့အရေခွံက အရမ်းထူတာပဲ.."


မဆင်မခြင်ဆွဲဆုတ်ပြီးသည့်နောက် ရှုရှုမှာ မူလအစီအစဥ်ကို လက်လျှော့လိုက်ရသည်။ မြွေကြီးကြောင့် ဟသွားသော ကျားခန္ဓာကိုယ်ပေါ်မှအပေါက်ထံသို့ ရွေ့သွားလိုက်ပြီး ကျား၏အသားများကိုထုတ်လိုက်သည်။


ပုံမှန်တွင် ကျား၏အသားက ဆုတ်ဖြဲရခက်သည့် အရေပြားနှင့်မတူပေ။ ရှုရှု ကျားဗိုက်ထဲမှအသားများကို အရင်ဆွဲထုတ်လိုက်သည်။


အက်ဂါက မျက်လုံးဖွင့်ထားပြီး အဆင့်နိမ့်သားရဲလူသားလေးကို အသေအချာကြည့်နေလေသည်။ ထိုသူ၏ကြိုးစားလိုက်၊ မအောင်မြင်လိုက်ဖြစ်နေပုံလေးက အလွန်ချစ်စရာကောင်းသည်ဟု ခံစားရ၏။ အဆင့်နိမ့်သားရဲလူသားများက သားရဲအဖြစ်သို့ မပြောင်းနိုင်သော်လည်း သူတို့တွင် သားရဲစရိုက်အချို့ ရှိနေသေးသည်။ ၎င်းတို့အနက်မှ အချို့မှာ လက်သည်းထုတ်နိုင်ကြသည်။ သို့ရာတွင် အဆင့်နိမ့်သားရဲများ၏လက်သည်းတို့မှာ သာမန်အဆင်တန်ဆာသက်သက်သာဖြစ်လေ၏။ လူသားအဖြစ်အသွင်ပြောင်းနိုင်သော သားရဲကောင်များကို ကုပ်ဆွဲရာတွင်ပြဿနာမရှိသော်လည်း ဤကဲ့သို့ သားရဲကြီးကိုဆွဲဖြဲရန်အတွက်မူ လုံးဝမဖြစ်နိုင်ပေ။ ဤအဆင့်နိမ့်သားရဲလူသားလေးက ဘာကိုမှ နားမလည်သေးချေ။


အဆင့်နိမ့်သားရဲလူသားလေးမှာ ကျားကြီး၏အသားများကိုဆွဲဖြဲရာတွင် တစ်ကြိမ်၌တစ်ခါသာလုပ်နိုင်ပြီး သူ၏ဖင်လုံးလေးနှစ်လုံးက ထွက်နေလေသည်။ မြက်စကတ်အောက်မှမြင်ကွင်းက သိမ်မွေ့နေပြီး အက်ဂါမှာ ရုတ်တရက်အဖျားတက်လာသလို ခံစားရသည်။


သူက အဆင့်နိမ့်သားရဲလူသားများကို သဘောမကျပေ။ အထူးသဖြင့် အားနည်းပြီး ထိန်းသိမ်းရခက်သောပုံစံများကိုသဘောမကျပေ။ သို့သော်လည်း ယခု အဆင့်နိမ့်သားရဲလေးက ချစ်စရာကောင်းသည်ဟု ခံစားနေရလေသည်။


သို့သော်လည်း ကံဆိုးစွာဖြင့် လက်ရှိအခြေအနေအရ အက်ဂါမှာ ရေခဲပုံးတစ်ပုံးဖြင့်လောင်းချခံပြီး ခေါင်းမှအမြှီးအထိအအေးခံသင့်သည်ဟု တွေးနေမိသည်။


သူက သားရဲကောင်အဖြစ် ပြောင်းနေပြီးသားပင်။


သို့ရာတွင် ဤတစ်ကြိမ်၌ သေလုနီးပါးဒဏ်ရာသာ ရမထားဘဲ အရှေ့မှ တစ်ကိုယ်လုံးဗလာဖြစ်လုနီးနီး သားရဲလူသားလေးနှင့်သာ မတော်တဆကြုံကြိုက်မိပါက ထိုသားရဲလူသားလေးမှာ သူ့အပေါ် ရည်ရွယ်ချက်ရှိရှိဖြင့် ဖျက်လိုဖျက်ဆီးလုပ်နေသည်ဟု ထင်မိပေလိမ့်မည်။


အက်ဂါက အသက်ကို ခပ်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူက သားရဲလူသားလေးကို မြက်စကတ်လေးသာဝတ်ထားခြင်းက သူ့ခန္ဓာကိုယ်ကို မဖုံးကာပေးနိုင်ကြောင်း သတိပေးသင့်လား မသိတော့ပေ။


ရှုရှုမှာ ကျားခန္ဓာကိုယ်ထဲမှအသားများကို အားကုန်သုံးကာ ဆွဲထုတ်နေရသည်။ သူ့လက်သည်းများလည်း ထုံနေပြီဖြစ်လေ၏။


သစ်ရွက်ပုံပေါ်သို့ ကျား၏အသားနှင့်အသည်းကို တင်လိုက်ပြီး သူ့မျက်နှာတွင် ကျေနပ်နေသောအရိပ်အယောင်တို့ ပေါ်လာလေသည်။ သူက လက်လှမ်းမီသလောက် မြက်အချို့ကိုဆွဲကာ သူ့လက်ပေါ်မှသွေးများကို သုတ်ပစ်လိုက်သည်။ ရှုရှုက အနားယူရန်စဥ်းစားလိုက်သော်လည်း မြွေကြီးကို လှည့်ကြည့်လိုက်မိသည်။ ၎င်းက သူ့ကိုအာရုံစိုက်ပြီးကြည့်နေလေသည်။ ၎င်း၏မျက်လုံးတို့က အလွန်တရာမှကြောက်စရာကောင်းလောက်အောင် အေးစက်နေလေသည်။


ရှုရှု၏နှလုံးခုန်နှုန်းက မြန်ဆန်လာသည်။ သူ့ခမျာ ထွက်ပြေးနေရသည်မှာ ဘယ်နှကြိမ်ရှိနေပြီဖြစ်ကြောင်း မသိတော့ပေ။


အနည်းငယ်မျှပြေးပြီးသည့်နောက် သူ့နှလုံးသားက အရှိန်လျော့သွားလေသည်။ သူက မြွေကြီးကိုလှည့်ကြည့်ပြီးပြောလိုက်လေ၏။

"ငါ့ကိုမစားနဲ့… ကျားအသားက အရမ်းအရသာရှိတယ်… တကယ်ပြောတာ.."


"မြန်မြန်လေးစားလိုက်နော်… များများစားမှ မင်းဒဏ်ရာတွေက မြန်မြန်ပျောက်မှာပေါ့..."


"အင်း...ငါ့ခန္ဓာကိုယ်က အမွေးတွေချည်းပဲ၊ ငါ့ကိုစားရင် အစာမကြေဖြစ်လိမ့်မယ်.."


အက်ဂါက ထိုနေရာတွင် မလှုပ်မယှက်လှဲနေပြီး အားမရှိသလိုဖြစ်နေလေသည်။ ရှုရှုမှာ ခဏမျှစကားပြောပြီးနောက် မြွေကြီးကို အမြန်ကျော်ဖြတ်သွားလိုက်သည်။ သူက ကျားအသားတို့ရှိနေသည့် သစ်ရွက်ပုံကို မြွေထံသို့ချပေးလိုက်ကာ ခပ်မြန်မြန်ပင် ရှောင်ပြေးသွားလေသည်။


အက်ဂါက တကယ်ကို ဗိုက်ဆာနေခဲ့သည်။ သူ ဒဏ်ရာရထား၍ သူ့အနေဖြင့် ဒဏ်ရာသက်သာလာစေရန် အစားများများစားသင့်သည်။


ရှုရှုကို တစ်ချက်ကြည့်ပြီးနောက် အက်ဂါက ခေါင်းငုံ့ကာ ပါးစပ်ဟလိုက်ပြီး အသားကိုမြိုချလိုက်လေသည်။


ရှုရှုမှာ ဤမြင်ကွင်းကိုတွေ့ပြီး မျက်ရည်ကျလောက်သည်အထိ စိတ်လှုပ်ရှားသွားခဲ့သည်။ 

မြွေကြီးက ကျားရဲ့အသားကိုစားလိုက်တယ်… သူ ဗိုက်ပြည့်သွားမှာ သေချာတယ်…


အက်ဂါမှာ ရှုရှုက သူ့အတွက်ပြင်ပေးထားသောအသားကိုစားလိုက်သည်။ ရှုရှုတွေးထားသလိုပင် မြွေ၏ဗိုက်ကလည်း ဖောင်းလာလေသည်။


ရှုရှုမှာ မြွေကြီးဗိုက်ပြည့်သွားပြီးနောက် အန္တရာယ်မရှိတော့ကြောင်း သိလိုက်သည်။ ထို့အပြင် မြွေကြီးက ယခုအချိန်တွင် လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်ကြောင်း သိသွားသည်။ ၎င်းက သူ့ကို ချက်ချင်းစိတ်အေးသွားစေပြီး သက်ပြင်းချလိုက်မိလေ၏။


သူက ကျား၏ကလီစာများကို အဝေးတွင်မြုပ်လိုက်ကာ သွေးပေနေသောနေရာများကို သူ့လက်သည်းများကိုသုံးလျက် မြေကြီးဖြင့်အုပ်လိုက်သည်။ ထိုအခါမှသာ အနံ့မပြင်းတော့မည်ဖြစ်လေ၏။ သူက လေထဲမှအနံ့ကိုဖုံးရန် မြက်ဆွေးများကို မီးညှိလိုက်သည်။ ထို့နောက် မြွေကြီးရှိနေသည့်နေရာတဝိုက်တွင် လိုက်ယမ်းလိုက်လေသည်။


အားလုံးပြီးသွားသည့်အခါ ရှုရှု၏ခါးမှာ ညောင်းညာနေပြီး မတ်တတ်ပင်မရပ်နိုင်တော့ပေ။ သို့သော်လည်း ဤနေရာကိုသန့်ရှင်းပေးနိုင်ခဲ့သည်။ အချိန်အရ ကောင်းကင်ကလည်း မည်းမှောင်နေပြီဖြစ်လေ၏။


မနက်စောစော၌ ထွက်လာကတည်းက သူဘာမှမစားရသေးပေ။ ရှုရှုက အလွန်ဗိုက်ဆာနေသော်လည်း မည်သည့်စားစရာကိုမှ စားချင်စိတ်ရှိမနေပေ။


သူ ယခင်က အသိုက်လုပ်ရန်စုထားသော မြက်များကိုပြန်ယူလာပြီး မြွေကြီးအနားတွင် အနည်းငယ်ပုံလိုက်ကာ မြွေတစ်ကိုယ်လုံးကို ဖုံးပေးထားလိုက်သည်။ နောက်ဆုံးတွင် ရှုရှုတစ်ယောက် ကျေနပ်သွားခဲ့သည်။


ကျန်နေသောအရိုးများ၊ အရေများကို ရှုရှုက လွှင့်ပစ်ရန် လုပ်ပြီး သူ့ကိုယ်သူသန့်ရှင်းနိုင်မည့်နေရာကို လိုက်ရှာလေသည်။ ရှာဖွေနေစဥ် ကျား၏အရိုးအရေများကို သစ်ရွက်ဖြင့်ထုပ်ကာ သူနှင့်အတူယူလာရန်လည်း မမေ့ပေ။ သို့မှသာ ထိုသားရဲကောင်များက သူ့အနားကို မချဥ်းကပ်ရဲတော့မည်ဖြစ်သည်။ ကျားကြီး၏အူများကလည်း သူ့ကြောင့် ပိုင်းဖြတ်ခံလိုက်ရပြီဖြစ်ရာ ဤအခြေအနေတွင် အစအနကျန်ခဲ့၍မရပေ။


ရှုရှုက ကျားသေကိုဆွဲသွားသည်အား တွေ့လိုက်ရသည့်အခါ မြက်များဖြင့်ဖုံးခံထားရသောအက်ဂါက မြက်တောထဲမှ ထကာ ရှုရှုအနောက်မှ ကပ်လိုက်လာလေ၏။


အဆင့်နိမ့်သားရဲလူသားလေးက သူ့ကို သေချာပေါက်ကြောက်နေသော်ငြား ပေါက်စလေးကို မစွန့်ပစ်နိုင်ပေ။ ထိုသို့သာဆက်သွားနေလျှင် တဖြည်းဖြည်းဖြင့် သားရဲလူသားလေးသည်လည်း သူ့ကို ကြောက်ရွံ့စိတ်လျော့ပါးသွားနိုင်၏။


သူ့အကြောင်းမှာလည်း ပေါ်သွားပြီဖြစ်ရာ အဆင့်နိမ့်သားရဲလူသားလေး၏အနောက်မှ မပုန်းကွယ်ဘဲ နီးနီးကပ်ကပ်လိုက်ပြီး ဘေးတွင်လည်း ထင်ထင်ပေါ်ပေါ်လိုက်ရုံမျှသာရှိတော့သည်။


သူက နံစော်နေသည့် ကျားမစင်ထက် ပိုပြီးအသုံးဝင်သည်မှာ သေချာလေ၏။



🐹🐹🐹


ရှုရှုတစ်ယောက် ဖျင်တုံးလုံးလေးနဲ့ ဟိုဘက်ဒီဘက်ပြေးနေတဲ့ပုံလေး မြင်ယောင်မိတယ်😆