Chapter 8
Viewers 173

🐹 Chapter 8

သူ့အနောက်ကလိုက်ပြီး အိမ်ပြန်မယ်



ကျားကြီးမှာ အရေခွံနှင့် အရိုးများသာကျန်ခဲ့သော်လည်း အရိုးတွင် အသားအနည်းငယ်ကပ်နေသေးသည်။ ထို့ကြာင့် ၎င်းတို့က ရှုရှုအတွက် အနည်းငယ် လေးလံနေဆဲဖြစ်၏။ သူက ကျားကိုအမြှီးမှကိုင်ကာ လမ်းတလျှောက်လုံးဆွဲသွားရင်း ပင်ပန်းလာလေသည်။ 


နေရာခပ်ဝေးဝေးအထိလျှောက်လာပြီးနောက် ဤအကွာအဝေးအရဆိုပါက ကျားအရေကြောင့် မြွေကြီးအပေါ် သက်ရောက်မှုမရှိနိုင်တော့ဟု တွေးလိုက်မိသည်*။ သူက ကျားအရေခွံကို ထောင့်တစ်နေရာသို့လွှင့်ပစ်လိုက်ပြီး မြစ်ကမ်းဘေးသို့ ပျော်ရွှင်စွာထွက်သွားလေသည်။

[*သွေးနံ့ကြောင့် အခြားသားရဲတွေရောက်လာပြီး မြွေကြီးကိုအန္တရာယ်မပြုနိုင်လောက်တော့ဘူးလို့ ဆိုလိုတာပါ] 


အက်ဂါမှာ အနောက်မှ နီးနီးကပ်ကပ်လိုက်လာပြီး ထိုမြင်ကွင်းကြောင့် မအံ့ဩဘဲမနေနိုင်တော့ပေ။ 


အဆင့်နိမ့်သားရဲလူသားငယ်လေးအနေဖြင့် မြက်ပင်စုဆောင်းရသည်မှာ မည်မျှခက်ခဲကြောင်းသိနေလျက်ဖြင့် ထူထဲပြီးနွေးထွေးသောကျားသားရေကို အဘယ်ကြောင့် လွှင့်ပစ်လိုက်သည်ကို သူ မသိတော့ပေ။ အဆင့်နိမ့်သားရဲလူသားလေးက ကျားသားရေကို အသုံးမပြုတတ်၍ဖြစ်နိုင်သည်ဟု သူယူဆလိုက်သည်။ အချက်ကျကျဆိုရပါက သူမသိလျှင်လည်း အံ့ဩစရာတော့ မဟုတ်ပါချေ။ 


ယခု သူ့ခန္ဓာကိုယ်တွင် ဒဏ်ရာအများအပြားရထားသော်လည်း အက်ဂါမှာ ကလေးဘဝကတည်းက တိုက်ခိုက်ရသည်ကိုနှစ်သက်ပြီး ဒဏ်ရာရနေကျဖြစ်လေ၏။ ကြာလာသည့်အခါ ၎င်းတို့အားလုံးကို သည်းခံနိုင်သည်ဟုထင်လာလေသည်။ အလွန်ဆုံးမှ အကြေးခွံများကျွတ်သွားပြီး အစားများသွား၍ လွတ်လပ်စွာမလှုပ်ရှားနိုင်ရုံသာ ရှိလေသည်။ 


အဆင့်နိမ့်သားရဲလူသားလေးလွှင့်ပစ်ခဲ့သော ကျားအရေခွံကို ပါးစပ်ဖြင့်ကိုက်ချီရင်း အက်ဂါမှာ အဆင့်နိမ့်သားရဲလူသားလေးကို နောက်တစ်ကြိမ်အနံ့ခံလျက် အနောက်မှ နီးကပ်စွာလိုက်လာမိသည်။ 


ရှုရှုက တစ်လမ်းလုံး လမ်းလျှောက်လာပြီး နောက်ဆုံး၌ ရေနှင့်နီးသည့်တစ်ခုတည်းသောနေရာသို့ ရောက်လာလေသည်။ ၎င်းမှာ ချောင်းငယ်လေးများဆုံရာမှဖြစ်လာသော ကန်ငယ်လေးတစ်ကန်ပင် ဖြစ်လေ၏။ သူက စိတ်ရှိတိုင်း ရေထဲသို့ မဆင်းရဲပေ။ သူက သူ့ပိုင်ရှင်ဟောင်းနှင့်အတူ Animal World ကို ကြည့်ခဲ့ဖူးသည်။ ထိုအတွေ့အကြုံတို့ကြောင့် မိချောင်းများ ရေထဲမှရုတ်တရက်ပေါ်လာမည်ကို ကြောက်မိသည်။ သူက ကန်ထဲမှရေကိုလက်ခုပ်ဖြင့်ယူကာ လက်နှင့်ခြေထောက်များကို ဆေးကြောလိုက်သည်။ 


ရေကန်မှရေတို့မှာ ရေခဲများနှယ် အေးစက်နေလေသည်။ ရှုရှုမှာ ဆေးကြောနေရင်း ခိုက်ခိုက်တုန်နေ၏။ ဆေးကြောပြီးသည့်အခါ သူ့ကိုယ်သူနွေးလာစေရန် ကန်ဘေးတွင် လှည့်ပတ်ကာခုန်ပေါက်လိုက်သည်။ 


သူက ဘဝဟောင်းမှအမှတ်တရများကို ပို၍နှစ်သက်လာမိသည်။ ဘဝတလျှောက်လုံး လူအများက သူ့ကိုပျိုးထောင်ပေးခဲ့သည်။ အစားအသောက်နှင့်အဝတ်အထည်အတွက် ပူပန်စရာမလိုသည်မှာ ပြောစရာပင်မလိုပေ။ သူ့ကိုယ်သူအအေးဒဏ်မှကာကွယ်ထားနိုင်သည့် အမွေးများလည်းရှိပြီး သခင်ကလည်း နွေးထွေးသောအသိုက်အမြုံလေးကို သူ့အတွက်လုပ်ပေးခဲ့သည်။ လုံးဝဆာလောင်ခြင်းမရှိခဲ့သလို အေးခဲခြင်းသည်လည်း မရှိခဲ့ဖူးပေ။ သူ၏တစ်နေ့တာက အလွန်သေးသောလှောင်အိမ်ထဲတွင်သာ ရှိနေခဲ့ရသော်လည်း သူက စိတ်ထဲမထားခဲ့ပေ။ 


ထို့အပြင် သူက လှောင်အိမ်တံခါးကိုဖွင့်နိုင်သောကြောင့် သခင်အိမ်မှာမရှိသည့်အချိန် သို့မဟုတ် အိပ်ပျော်နေသောအချိန်မျိုးတွင် လှောင်အိမ်မှထွက်ကာ လမ်းလျှောက်နိုင်သေးသည်။ 


ရှုရှုမှာ အတိတ်ကိုပြန်တွေးရင်း သက်ပြင်းချမိသည်။ ထိုအခိုက်မှာပင် သူ့အနောက်မှ မြွေတစ်ကောင်လျှောတိုက်လာသောအသံနှင့် ရင်းနှီးနေသောအနံ့ကို ရလိုက်လေသည်။ 


ကြင်နာတတ်တဲ့လူ...မြွေ..မြွေကြီး... 


ခန္ဓာကိုယ်မှအလိုအလျောက်တုံ့ပြန်မှုအရ ရှုရှုမှာ ချက်ချင်းခေါင်းလှည့်ကြည့်လိုက်သောအခါ မြွေကြီးမှာသေသွားသော ကျားအရေကိုကိုက်ထားရင်း သူ့ထံလာနေသည်ကို တွေ့လိုက်ရလေ၏။ 


မြွေကြီး၏ဒဏ်ရာများကိုကြည့်ရသည်မှာ သတိထားရမည့်အခြေအနေတွင်ရှိနေဆဲဖြစ်ပြီး သူဝါးထားသောဆေးပင်များကလည်း အပေါ်တွင်ကပ်နေဆဲဖြစ်သည်။ သို့ရာတွင် ဒဏ်ရာများက မပြင်းထန်သည့်အတိုင်း ၎င်းက သာမန်အတိုင်း တွန့်လိမ်ရင်းသွားလာနေလေသည်။ ၎င်းက ကျားအရေကို ခေါင်းဖြင့်တွန်းရင်း ကန်ထဲသို့ပစ်ချလိုက်သည်။ 


ထိုခွန်အားက သူနှင့်ပင်ယှဥ်၍ရသည်။ ရှုရှုမှာ အနည်းငယ်မျှ သတိလက်လွတ်ဖြစ်သွားခဲ့သည်။ 


ကျားအရေကိုကန်ထဲ၌ ဟိုဘက်သည်ဘက်လှိမ့်နေပြီးနောက် အက်ဂါက အဆင့်နိမ့်သားရဲလေးကိုလှည့်ကြည့်လိုက်ရာ ထိုသူက ခုန်ပေါက်ပြီး အနောက်ပင်လှည့်မကြည့်ဘဲ ထွက်ပြေးသွားသည်ကိုတွေ့လိုက်ရတော့သည်။ 


ငါ့ရဲ့ သားရဲလူသားပေါက်စလေး ဒီနေ့ ငါ့ဆီကထွက်ပြေးနေတာဘယ်နှခါရှိပြီလဲ…


အက်ဂါမှာ တွက်ကြည့်ချင်သော်လည်း ရုတ်တရက်မရေတွက်နိုင်တော့ကြောင်း သိလိုက်ရလေသည်။ 


သားရဲလူသားပေါက်စလေးက ပြေးလိုက်လွှားလိုက်လုပ်နေတယ်… သူ မမောဘူးလား…


အက်ဂါမှာ ရေစိုသွားပြီဖြစ်သော ကန်ထဲမှကျားအရေကိုတစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်ကိုလှည့်ကာ အဆင့်နိမ့်သားရဲလေးထွက်ပြေးသွားသောဘက်သို့ တွန့်လိမ်ရင်းလိုက်သွားလေသည်။


တိရစ္ဆာန်များ၏အရေက ထူထဲပြီး ရေဖြင့်မဆေးလျှင်အနံ့ထွက်နေလိမ့်မည်။ ၎င်းကိုအသုံးချရန် ရိုးရှင်းလွယ်ကူသည့်နည်းလမ်းမရှိပေ။ အဆင့်နိမ့်သားရဲလူသားလေး၏ပုံစံက မသုံးတတ်ပုံရသည်။ မည်သို့ပင်ဖြစ်စေ အဆင့်နိမ့်သားရဲလေးက မကိုင်တွယ်တတ်သော်ငြား သူကမူ လုပ်တတ်လေသည်။ 


ပထမအဆင့်အနေဖြင့် သားမွေးပေါ်မှ အဆီနှင့်အသားအစအနများကို သန့်ရှင်းရမည်။ ထို့နောက် ရေထဲတွင် ရက်အတန်ကြာအောင်စိမ်ထားရန်လိုပေသည်။ သူက ၎င်းတို့ကို ပြိုင်တူလုပ်ရန် စီစဥ်ထားလေ၏။


သူက ဤနေရာတွင်နိုးလာချိန်က[သူပထမဆုံးအမြုတေပျက်စီးပြီး ပြန်သတိရတဲ့အချိန်] ဤရေကန်ထဲတွင် ရှိနေခဲ့ခြင်းဖြစ်သည်။ ရေကန်ထဲမှ အန္တရာယ်ရှိသောတိရစ္ဆာန်များကိုလည်း သူ အကုန်စားလိုက်ပြီးဖြစ်ကာ ငါးငယ်လေးများနှင့် ပုစွန်များသာ ကျန်တော့သည်။ ၎င်းပုစွန်နှင့်ငါးလေးများက ကျားအရေပေါ်မှအသားစတိုင်းကိုစားသွားနိုင်သော်လည်း ကျားအရေကို မဖျက်ဆီးနိုင်ပေ။ အခွင့်အရေးကို အရယူပြီး ကျားအရေပေါ်မှအဆီများကိုဖယ်ရန် ၎င်းတို့ကိုအပ်ထားလိုက်၍ရသည်။ 


ရှုရှုမှာ အက်ဂါ၏တွေးတောပုံကို မသိသေးပေ။ သူ့စိတ်ထဲတွင် မြွေကြီး၏လှည့်စားမှုများကသာ နေရာယူထားလေသည်။ 


မြွေကြီးက ဒဏ်ရာအပြင်းအထန်ရထားသည်ဟု သူထင်ခဲ့မိ၏။ ရလဒ်က ဤသို့ဖြစ်လာရာ သူစိတ်ပူပေးမိ၍ မည်သို့သော ကောင်းကျိုးများ ရလိုက်သလဲဟု တွေးနေမိသည်။


ထိုမြွေအကြီးကြီးမှာ အနည်းငယ်လေးပင် ခံစားရပုံမရချေ။ ထိုကျားအရေခွံအား ကိုက်ချီကာ သူ့နောက်သို့ လိုက်လာနိုင်သေး၏။ 


ရှုရှုမှာ မခံမရပ်နိုင်သောစိတ်ဖြင့် အံကြိတ်ထားမိသည်။ သူနေသောဂူကိုတွေ့ပြီးနောက် ဒေါသတကြီးဖြင့်အထဲသို့ဝင်သွားလိုက်ပြီး တစ်ပြိုင်တည်းမှာပင် မနက်ဖြန်၌မြွေကြီးအား ဆေးထည့်ပေးမည့်အစီအစဥ်ကိုပါ ဖျက်ပစ်လိုက်လေသည်။ 


မြွေကြီးက အရမ်းသန်မာတယ်… ငါ သွားပြီးဆေးထည့်ပေးနေစရာမလိုဘူး…


ဒီလောက် ဒဏ်ရာအကြီးကြီးရထားတာတောင် သူက နေရာတကာကို လျှောက်သွားနိုင်သေးတာပဲ…


မြက်ပင်နှုတ်ရန်အပြင်ထွက်သွားခဲ့ပြီး နောက်ဆုံး၌ မည်သည့်အရာမှ ပါမလာခဲ့ပေ။ ရှုရှုမှာစိတ်တိုနေပြီး သူ့ဗိုက်ကလည်း ဆာလောင်မှုကြောင့် တဂွီဂွီမြည်လာလေသည်။ 


ယခုအချိန်က အလွန်နောက်ကျနေပြီဖြစ်လေ၏။ အစာရှာရန်အတွက် သူ တူးထားသောတွင်းငယ်လေးမှ အပြင်မထွက်နေတော့ပေ။ အသိုက်ထဲတွင်ကွေးကွေးလေးအိပ်နေရင်း သူ့ပါးများကို လက်ဖြင့်တွန်းလိုက်လေသည်။ သူက အစာအိတ်ထဲမှ ဝက်သစ်ချသီးအနည်းငယ်နှင့်အသားခြောက်တို့ကို စားရန် ထုတ်လိုက်သည်။ 


အစိုဓာတ်မရှိတော့သော အသားခြောက်များမှာ အလွန်မာလေသည်။ သူ့တွင် အံသွားများရှိနေ၍တော်သေး၏။ ရှုရှုက အသားခြောက်များကို ဖြည်းဖြည်းချင်းဝါးနေရင်း ဝက်သီးချသီးအနည်းငယ်ကိုလည်း စားရန်ထုတ်လိုက်သည်။ သူက ကြက်ဥအရွယ်အသီးများကိုပင် ထုတ်လိုက်ကာ တတိတိကိုက်ဝါးလိုက်လေသည်။ 


အစားအစာများကို နည်းနည်းချင်း တကျွတ်ကျွတ်ဝါးနေရင်း ရှုရှု၏စိတ်အခြေအနေကလည်း ပိုကောင်းလာလေသည်။အချိန်ကိုက်ပင် အပြင်မှအသံတစ်ခုကို ရုတ်ချည်းကြားလိုက်ရသည်။ တစ်ယောက်ယောက်က ဂူအဝက "တံခါး" ကို ဖွင့်နေပုံရလေ၏။ 


ရှုရှုက အသီးကိုဝါးနေရာမှရပ်လိုက်ပြီး "အိပ်ခန်း" ထဲရှိ ခုတင်မှထကာ "ဧည့်ခန်း" ကိုစစ်ကြည့်ရန် အပြင်ထွက်လိုက်သည်။ 


ဟမ်းစတားလေးတစ်ကောင်အနေဖြင့် သူ့ထံတွင် အလွန်ကောင်းသော ညဘက်အမြင်အာရုံရှိသည့်အပြင် အနံ့ကိုလည်း အာရုံခံနိုင်လေသည်။ 


ရင်းနှီးနေသောအနံ့က သူ့နှာခေါင်းထိပ်တွင် ဝေ့နေလေ၏။ နောက်ဆုံး၌ ရှုရှုမှာ သူ၏ဧည့်ခန်းထဲတွင် မကောင်းဆိုးဝါးကြီးကဲ့သိူ့သော မြွေကြီးကို တွေ့လိုက်ရတော့သည်။ 


ယခင်က မြွေကြီးပေါ်မလာဖူးသည့်အတွက် သူ၎င်းနှင့်ပတ်သက်ပြီး အထွန့်တက်ရဲခဲ့၏။ မြွေကြီးက သူ့ကို စားမည်မဟုတ်ကြောင်းသိနေပြီး ၎င်းက သူ့ကို အတော်လေး ခခင်မင်သည်ကိုလည်း သိနေခဲ့သည်။ ထို့ကြောင့် သူက မြွေကြီးနှင့် တစ်နေရာတည်း၌အတူရှိနေချိန်တွင် ကြောက်ရွံ့သလို မခံစားရပေ။ သို့ရာတွင် ယခုမြင်လိုက်ရသည့်အခါ ရှုရှု၏ဦးခေါင်းခွံများက ထပ်မံထုံကျဥ်သွားသလိုခံစားရသည်။ ခြေချောင်းများကလည်း အားနည်းလာပြီး နှလုံးခုန်မြန်လာလေသည်။ 


ယင်းက သူ ချက်ချင်း မထိန်းချုပ်နိုင်သောအရာပင်ဖြစ်လေ၏။ 


ယင်းက သူ၏ "အိပ်ခန်း" သို့သွားရာလမ်းတွင် ဝမ်းလျားမှောက်လှဲနေ၏။ ရှုရှုမှာ ခေါင်းမှခြေဖျားအထိ တောင့်တင်းနေပြီး တစ်ချက်ပင်မလှုပ်ရှားနိုင်တော့ပေ။ မြွေကြီး သူ့ဧည့်ခန်းထဲ၌ အခြေချနေနေသည်ကို ကူကယ်ရာမဲ့စွာသာ ကြည့်နေမိသည်။ အမှောင်ထဲတွင် သူ့ကိုကြည့်နေသောမြွေကြီး၏မျက်လုံးများက စူးရဲနေသယောင်ရှိလေ၏။ 


ရှုရှု၏ခေါင်းမှဆံပင်များနှင့် နားရွက်မှ အမွေးများက ထောင်တက်သွားလေသည်။ အအေးဒဏ်ကြောင့် တစ်ကိုယ်လုံးတုန်ယင်နေပြီး သူ့စိတ်ကလည်း ဗလာအတိဖြစ်နေခဲ့သည်။ ကံကောင်း၍ မြွေကြီးကလှဲချကာခွေနေပြီးနောက် မလှုပ်တော့ပေ။ အချိန်အတန်ကြာမှ သူ့ခန္ဓာကိုယ်မှာဖြည်းဖြည်းချင်းပြေလျော့သွားခဲ့သည်။ 


ရှုရှုက ဖြည်းညင်းစွာ ပြန်လည်တွားသွားဝင်လိုက်ပြီးနောက် အိပ်ခန်းထဲမှ ဂူအဝကို ကျောက်တုံးဖြင့်ပိတ်လိုက်သည်။ ရှုရှုမှာ မနေနိုင်တော့ဘဲ ဂူကျဥ်းကျဥ်းလေးထဲတွင် ပတ်ချာလည်ပြီး လျှောက်သွားနေရလေ၏။


သူက တွင်းများကို အပေါက်ဖောက်ရခြင်းအား သဘောကျသလို တွင်းငယ်လေးများတူးရသည်ကိုလည်း နှစ်သက်ပေသည်။ ဤတွင်းက တကယ်ကိုသေးငယ်သည်။ သူ့ခမျာ ကျောဆန့်ပြီးထိုင်၍ပင် မရပေ။ တွင်းထဲတွင် သူ့ကိုသက်သောင့်သက်သာဖြစ်စေမည့်အရာဟူ၍မရှိပေ။ 


ပြေးတဲ့ဘီးလေးသာရှိရင် လေးနာရီလောက် မနားဘဲပြေးနေလို့ရတယ်…


ရှုရှုက မြက်များအလယ်တွင် ကျောဆန့်ကာထိုင်နေပြီး မြက်များအားလုံးကို ဂူအဝတွင် ပုံထားလိုက်သည်။ ထို့နောက် ဂူ၏အခြားတစ်ဖက်သို့သွားလိုက်ကာ တူးရန်အတွက် သူ့လက်သည်းများကို ဖြန့်ထုတ်လိုက်သည်။ 


သူက တူးပြီးရင်းတူးနေခဲ့သည်။ 


ရှုရှုက အစားလည်းမစားသလို အိပ်လည်းမအိပ်ဘဲ တွင်းတူးရန် လက်သည်းများကို အဆက်မပြတ် သုံးနေလေသည်။ ဤတောင်ကိုတူးပစ်နိုင်ရုံမျှမကဘဲ တောင်ကိုအပေါက်ဖောက်ပစ်နိုင်သည်အထိ သူ့စိတ်ဝိညာဥ်မှာ တက်ကြွလှုပ်ရှားနေ၏။ 


မြေမှုန်များက လေထဲတွင်လွင့်ပျံနေပြီး တစ်ခါတစ်ရံ ကျောက်တုံးများပါ ပါလာလေသည်။ ရှုရှု၏လက်သည်းများမှာ အလွန်နာကျင်နေပြီဖြစ်သော်လည်း လက်မလျှော့ဘဲ ဆက်လက်တွင်းတူးရင်း အလုပ်ထဲတွင် သူ့ကိုယ်သူမြုပ်နှံထားလိုက်သည်။ 


မြွေကြီးကိုမြင်ပြီးသည့်နောက် သူ၏ဧည့်ခန်းကိုကြောက်လာမိလေသည်။ မြွေကြီးက သူ့ဘေးတွင်ရှိနေသည်ကို သိရှိနေသည့်အတွက် ပိုမိုကြောက်ရွံ့လာသည်။ ယခုမူ သူက အလုပ်အပေါ်စိတ်နှစ်ထားရာ နောက်ဆုံး၌ ထိုအကြောင်းကို မတွေးမိတော့ပေ။ 


သူတူးလေ၊ တွင်းကပိုနက်လာလေပင်။ သူ့အနောက်မှ မြေပုံကြီးက တောင်တစ်လုံးမျှကြီးလာနေလေ၏။ ၎င်းကသူ့ကိုလုံခြုံသည့်ခံစားချက်မျိုးပေးနေပြီး သူ့ကိုယ်သူ ဂုဏ်ယူလာစေသည်။ 


ဟမ့်၊ ငါ့ဂူကိုများ လုမယ်တဲ့… ငါက အချိန်မရွေး နောက်ထပ်တွင်းတစ်တွင်း တူးလို့ရတယ်… 


အချိန်အတော်ကြာသည်အထိ အဆင့်နိမ့်သားရဲလူသားလေးနေသောဂူထဲမှ ကုပ်ခြစ်နေသောအသံများနှင့် မြေကြီးအနံ့များကို ရနေလေသည်။ သို့ရာတွင် အက်ဂါမှာ ၎င်းကိုဂရုစိုက်ရန် အားမရှိသေးပေ။ 


အဆင့်နိမ့်သားရဲလူသားလေး၏ဂူက အလွန်ကျယ်ဝန်းပြီးနွေးထွေးလေသည်။ ဧည့်ခန်းထဲတွင် လှဲချပြီးနောက် ပင်ပန်းလာခဲ့သည်။ သူက ကောင်းကောင်းအိပ်စက်ချင်နေခဲ့သည်။ အဆင့်နိမ့်သားရဲလူသားလေး၏အနံ့ကို ခံနေရင်း မကြာမီမှာပင် အက်ဂါ အိပ်ပျော်သွားလေသည်။ သူက အကြာကြီးအိပ်ပျော်သွား၍ မျက်တောင်တစ်ခတ်မှာပင် မိုးလင်းသွားတော့သည်။ 


တစ်ဖက်၌ တစ်ညလုံး ကြိုးစားပမ်းစားတွင်းတူးနေခဲ့သောရှုရှုမှာ သူ့လက်သည်းများ ကျွတ်ထွက်သွားပြီဟုပင် ခံစားနေရလေသည်။ 


ငါ အဆုံးအထိတူးလိုက်မိပြီ…


ငါ ကြောက်စရာကောင်းတဲ့မြွေကြီးကို မောင်းထုတ်လို့ရပြီ… 


ဒါပေမဲ့... 


သူ့အရှေ့တွင်ပေါ်လာသော အလွန်တရာမှသေးငယ်လှသည့် လေဝင်ပေါက်ကိုကြည့်ရင် ရှုရှုမှာ နောက်ဆုံး၌တွေဝေသွားပြန်သည်။ 


အဆုံးအထိ တူးပြီးတော့ဘာဖြစ်လဲ… ငါ ထွက်ပြေးလို့ရလို့လား။ 


သူ မည်သည့်နေရာသို့ပြေးရမည်ကို မသိသည်မှာ ပြောနေရန်ပင် မလိုတော့ပေ။ သူ၏ရိက္ခာများက ဂူထဲတွင်ပင်ရှိနေသေးပြီး လက်လျှော့ရန်လည်း မဖြစ်နိုင်ပေ။ ထို့အပြင် မြွေကြီးကလည်း...မြွေကြီးက သူ့အပေါ် ကျေးဇူးရှိခဲ့ဖူးသည်။  ထိုမြွေကြီး ဒဏ်ရာအပြင်းအထန်ရထားသည်ကိုလည်း သူအသေအချာသိနေခဲ့သည်။ 


ငါ ထွက်ပြေးသွားပြီးရင် မြွေကြီးက အန္တရာယ်နဲ့ တွေ့ရမှာမှာလား…


ရှုရှုမှာ တွေဝေနေရင်း သူ့လက်တို့က ဆက်လက်တူးနေဆဲဖြစ်ပြီး အရှေ့မှနံရံကိုဖြတ်ကာ အမှတ်တမဲ့ဆက်တူးနေမိသည်။ 


သူက ရင်းနှီးနေသောအနံ့ကို ထပ်ရလိုက်ပြန်သည်။ ရှုရှု၏မျက်နှာက ရုတ်တရက်တောင့်တင်းသွားခဲ့သည်။ သူလိုဏ်ခေါင်းစတူးစဥ်က ဘေးထွက်ပေါက်မှနေ၍ လျှောစောက်လေးထံသို့ တူးချင်ခဲ့သဖြင့် အဝိုင်းသဏ္ဌာန် ပတ်တူးခဲ့သည်။


ပြီးတော့ အခု တူးရင်းတူးရင်းနဲ့ ငါ့တွင်းကိုပဲ ပြန်ရောက်သွားခြင်းလား။ 


မဟုတ်ဘူး… ဒီလို မဖြစ်ရဘူး…


ရှုရှုက နှာခေါင်းတရှုံ့ရှုံ့လုပ်လိုက်၏။ မြွေကြီး၏အနံ့တစ်ခုတည်းကိုသာရနေပြီး သူ့အနံ့ကိုပင် မရပေ။ 


ဆိုတော့ ဒါက ငါ့ရဲ့ဂူမဟုတ်ဘဲ မြွေကြီးရဲ့ဂူလား…


ရှုရှုမှာ တမဟုတ်ချင်း အားလုံးကိုသိချင်သွားပြီး ရှေ့ဆက်တိုးသွားလိုက်သည်။ 


*****


စာရေးသူ၏မှတ်ချက်: 


ရှုရှု: ငါက မြွေကြီးရဲ့လျှို့ဝှက်ချက်အများကြီးကို သိလာလိမ့်မယ်…


အက်ဂါ: အဆင့်နိမ့်သားရဲလူသားလေးက အရမ်းတက်ကြွနေတာပဲ…  တစ်ညလုံးတူးနိုင်သမျှတူးပြီး ငါတို့အိမ်တွေကိုဆက်လိုက်တာပဲ…


အတူတကွနေထိုင်ခြင်းက တရားဝင်စတင်ပါပြီ။



🐹🐹🐹