Chapter 9
Viewers 172

🐹 Chapter 9

မလုံ့တလုံ မြက်စကတ်လေး



သူ၏ "ဧည့်ခန်း" ကို အပိုင်သိမ်းထားသော မြွေကြီးက အိပ်ပျော်နေလေသည်။ ထို့ကြောင့် ဤ[မြွေကြီး၏]ဂူထဲတွင် မည်သည့်မြွေမျှမရှိပေ။ သူလည်း ကြောက်နေရန်မလိုအပ်ပေ။


ရှုရှုက ဂူအဝကို ပိုကျယ်သွားအောင်တူးလိုက်သည်။ ငုံ့ကြည့်ပြီးနောက် စိတ်ပျက်လက်ပျက်ပင် နှုတ်ခမ်းစူလိုက်မိသည်။


ဒီဂူက တကယ်ကိုကြောက်စရာကြီးပဲ…


ရှုရှု၏ဂူကို နည်းနည်းချင်းစီတူးခဲ့ရသည်။ သူက နှစ်ပေါင်းရာချီကာ ဟမ်းစတားအဖြစ် တောအုပ်ထဲတွင်နေထိုင်ခဲ့ပြီး တွင်းတူးရာတွင်လည်း အတွေ့အကြုံအတန်အသင့်ရှိ၏။ ပုံမှန်အားဖြင့် သူ၏တွင်းတူးသည့်နည်းက အလွန်ကောင်းလေသည်။ မိုးရွာပြီးလျှင်ပင် သူ၏တွင်းက အစိုမပြန်ပေ။ သို့ရာတွင် ဤနေရာကမူ...


ဤနေရာမှာ တောင်ငယ်လေး၏ နဂိုမူလအက်ကြောင်းငယ်လေးဖြစ်နိုင်ပြီး မြွေကြီးကလည်း ၎င်းကို အသိုက်အဖြစ်အသုံးပြုခဲ့ပုံရသည်။ နှစ်များစွာကြာအောင်တည်ရှိခဲ့သည့် ဤသို့သောအက်ကြောင်းငယ်လေးအောက်တွင် စိမ့်ရေတို့ရှိမည်မှာသေချာသည်။ သို့မဟုတ်လျှင်လည်း စိမ့်ရေကြောင့် အက်ရာမှာ တိုက်စားခံရပြီး ထို့ကြောင့်ပင် ဤနေရာက အလွန်စိုထိုင်းနေခြင်းဖြစ်နိုင်၏။


စိုထိုင်းသောပတ်ဝန်းကျင်တွင် ဘက်တီးရီးယားများပေါက်ဖွားနိုင်ပြီး ဇီဝသက်ရှိအများအပြားအတွက် အာဟာရဖြစ်နိုင်သည်။ ဤနေရာမှအနံ့အသက်က သိပ်မကောင်းပေ။ ဂူနံရံတွင် ရေညှိများက တွယ်နေလေသည်။ ကင်းခြေမြားနှင့် ပိုးကောင်အချို့ကလည်း အပေါ်အောက်နှင့် ဘေးဘီတွင်သွားလာနေကြသည်။

မြွေက အခုလိုနေရာမှာ တကယ်ပဲ အသက်ရှင်နိုင်ပါ့မလား…


ရှုရှုမှာ ဂူအဝမှ တွားသွားပြီးထွက်လာခဲ့သည်။ ခြေထောက်များကို လွှဲယမ်းနေပြီး တစ်ညလုံးတွင်းတူးထားရ၍ သူ၏လက်သည်းများကလည်း တောင့်တင်းနေသည်။ သူက ရွံရှာနေသောမျက်နှာဖြင့် ဝေ့ကြည့်လိုက်သည်။


ရုတ်တရက်ပင် သူက မြွေကြီးအပေါ်တွင် အနည်းငယ်မျှစာနာစိတ်ဖြစ်သွားမိသည်။ မြွေကြီးက အလွန်သန်မာသော်လည်း ယခုလိုနေရာတွင်သာ နေရသည်။ ၎င်းက ယခုအချိန်အထိ သူနှင့်ယှဥ်၍ပင်မရနိုင်ပေ။


မြွေကြီးနေခဲ့သောအက်ကြောင်းက ရှုရှု၏ဧည့်ခန်းထက်ပင်သေးနေလေ၏။ အထဲဝင်ရန်အတွက် သူ့အနေဖြင့် ကိုယ်ကိုကိုင်းညွတ်ခဲ့ရသည်။ သူက မြွေအကြေးခွံအချို့ကိုတွေ့သည့်အခါ လမ်းလျှောက်နေရင်းမှ ရပ်လိုက်လေသည်။


မြွေ၏အကြေးခွံများကိုမြင်ရင်း ရှုရှု၏ဦးခေါင်းခွံက ကျဥ်တက်သွားပြန်သည်။ မြွေကြီးက ဤနေရာတွင်မရှိနေသည့်အတွက် သူက စိတ်အေးသွားပြီး သက်ပြင်းချမိလိုက်လေ၏။


မြွေအကြောင်းပြောရလျှင် တောရိုင်းထဲတွင် နေထိုင်ကြသည့် ကြွက်မျိုးစိတ်သတ္တဝါငယ်လေးများအတွက် မြွေများက ကြောက်စရာအကောင်းဆုံး တိရစ္ဆာန်ပင်ဖြစ်လေသည်။ ကြွက်မျိုးစိတ်ငယ်တို့၏ မြွေများအပေါ် ကြောက်ရွံ့မှုက အရိုးထဲအထိ အစဥ်အဆက်အမြစ်တွယ်နေခဲ့သည်။ ဥပမာပြောရပါက ရှုရှုမှာ ကြောင်ဆိုလျှင်မကြောက်တတ်ပေ။ ပထမအချက်အချက်မှာ နှစ်ပေါင်းများစွာကြာအောင် တောရိုင်းထဲတွင် ကြောင်များကိုမတွေ့ရဘဲ သူ့ကိုစိုက်ကြည့်တတ်သည့်ဇီးကွက်များကိုသာ တွေ့ရသောကြောင့်ပင်။ ဒုတိယအချက်မှာ သူ၏သခင်ဖြစ်သူတိုင်းက အိမ်ထဲတွင် ကြောင်တစ်ကောင် သို့မဟုတ် နှစ်ကောင်ခန့်မွေးထားတတ်သည်။ ထိုကြောင်များက အမြဲတမ်း ကြောင်စာများကိုသာ စားတတ်၏။ ၎င်းတို့က သူ့ကိုစိတ်ဝင်တစားဖြင့် လှောင်အိမ်အနားတွင် အမြဲယောင်လည်လည်လုပ်တတ်ကြသော်လည်း သူ့ကိုစားချင်၍မဟုတ်ဘဲ သူနှင့်ကစားချင်၍ဖြစ်ကြောင်း တဖြည်းဖြည်းသိလာခဲ့လေ၏။


သူ ကြောင်ကို လုံးဝမကြောက်သလို ကြိုက်လည်းမကြိုက်ပေ။ ယမန်နေ့က ဖြစ်ပျက်သမျှတို့၌ သူ့ကို စိတ်အနှောင့်အယှက် ဖြစ်သွားစေသည်မှာကလည်း ကျားက ကြောင်နှင့်တူနေ၍ပင်ဖြစ်လေ၏။


သူက ယခုအချိန်မှစပြီး ကျားများကိုမုန်းတီးရန် ဆုံးဖြတ်လိုက်သည်။


ရှုရှုက စိတ်တိုတိုဖြင့်ပင် မြွေကြီး၏အကြေးခွံများကို အားရပါးရနင်းပစ်လိုက်၏။ ရလဒ်မှာ သူ့ခြေထောက်သာ နာသွားရသည်။ ရှုရှုက ခြေတစ်ဖက်ကိုမြှောက်ကြည့်လိုက်ရာ အကြေးခွံကြောင့် ခြေဖဝါးတွင် ခြစ်ရာအရှည်ကြီးထင်သွားသည်ကို တွေ့လိုက်ရလေသည်။


လူသားများ၏ခန္ဓာကိုယ်က အလွန်အားနည်းသည်ဟု ယခင်က သူသိခဲ့ရသည်။ တို့ကြောင့် သူ့အနေဖြင့် ချွန်ထက်နေသော ကျောက်တုံးများတလျှောက်၌ ပတ်ပြေးဖြစ်လိမ့်မည်မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် သူ့ခြေထောက် ကွဲသည်အထိ ကျောက်တုံးရှခဲ့ဖူး၍ပင်။


ရှုရှုက သူ့ခြေထောက်ကိုလျက်ချင်သော်လည်း ညစ်ပတ်နေသောကြမ်းပြင်ကိုကြည့်လိုက်ပြီးနောက် မလျက်ချင်တော့၍ ထိုအကြံကို လက်လျှော့လိုက်သည်။ ထိုအချိန်မှာပင် ဤပတ်ဝန်းကျင်နှင့်မလိုက်ဖက်သော ကျောက်ခဲလှလှလေးများကို ရုတ်တရက်မြင်လိုက်ရသည်။


ယခုလို ပြောင်လက်နေသော ကျောက်စရစ်ခဲလေးများကို ကန်ငယ်လေးထဲသို့ စီးဆင်းသွားတတ်သည့် ချောင်းငယ်လေးတို့တွင်သာ တွေ့ရလေသည်။ ဤနေရာတွင်ပေါ်လာခြင်းက သေချာပေါက်ပင် မြွေကြီး ယူလာရခြင်းဖြစ်နိုင်၏။ ထို့အပြင် မြွေကြီးက ကျောက်တုံးကြီးတစ်တုံးကိုပင် အစီအစဥ်တကျ ယူလာသေး၏။ ရှုရှုက ကျောက်တုံး၏အနေအထားကိုကြည့်လိုက်ရာ အနှီကျောက်တုံးအား အကာပြုလုပ်ရန်အတွက်သုံးထားကြောင်း ချက်ချင်းသိလိုက်လေသည်။


ရှုရှုက လမ်းပိတ်ထားသောကျောက်တုံးကြီးကိုဖယ်လိုက်ရာ ထင်ထားသည့်အတိုင်း ကျောက်တုံးနောက်တွင် အပေါက်ငယ်လေးတစ်ပေါက်ရှိနေသည်ကိုမြင်လိုက်ရသည်။ အပေါက်က သိပ်မကြီးဘဲ အသေအချာဂရုစိုက်ထားပုံရပြီး အလွန်သန့်ရှင်းနေလေသည်။ အထဲဘက်တွင် တစ်ခုခုကိုထည့်ထားပုံရလေ၏။


မြွေကြီးက စားစရာအချို့ကို ဤနေရာ၌ ဝှက်ထားခြင်းပေလား သို့မဟုတ် ရတနာအချို့ကိုများ ဝှက်ထားခြင်းလားဟု သူ တွေးနေသည်။


ရှုရှုက အထဲဘက်ကို တစ်ချက်ခန့်ချောင်းကြည့်ကာ တစ်ခုခုမှားနေသည်ဟု ရုတ်တရက်ခံစားလိုက်ရသည်။


အပေါက်ငယ်လေးထဲတွင် ရှိနေသည်က သူပထမဆုံးယက်လုပ်ခဲ့သည် မြက်စကတ်ကြီး ဖြစ်နေခဲ့သည်။


လူသားအဖြစ်မပြောင်းမီက သူမြက်စကတ် မယက်လုပ်ခဲ့ဖူးပေ။ ထိုအချိန်က မြက်စကတ်ကို အသေအချာယက်လုပ်နိုင်ရန် သူ့ခမျာစိတ်နှစ်ပြီး အလွန်အမင်းကြိုးစားခဲ့ရသည်။စကတ်ကို အကြိမ်ကြိမ်ပြန်ဖြည်ခဲ့ရပြီး မှန်ကန်လာသည်အထိ အကြိမ်ကြိမ်ပြန်ယက်လုပ်ခဲ့ရ၏။ နောက်ဆုံးတွင် သူလက်ခံနိုင်လောက်သော စကတ်တစ်ထည်ကိုရလာခဲ့သည်။ ကံဆိုးစွာဖြင့် မြွေကြီးနှင့်ပထမဆုံးတွေ့သည့်အချိန်တွင် စကတ်လေးက ပျောက်သွားခဲ့သည်။


သူ့ခမျာ မြက်စကတ်လေးတစ်ထည်ရရန် ရေကုန်ရေခန်းကြိုးစားခဲ့ရပြီး မြွေကြီးက ကောက်ရထားသော်လည်း ပြန်မပေးခဲ့ပေ။ ထပ်လောင်းပြောရလျှင် အပေါက်ငယ်လေးဖောက်ကာပင် ထည့်ထားလိုက်သေးသည်။


ရှုရှုမှာ မြက်စကတ်ကိုဆွဲထုတ်ပြီး မြက်စကတ်ပေါ်မှ ထူးဆန်းသည့်အရာများကိုဂရုစိုက်နေရန် အချိန်မရှိတော့ပေ။ သူ့ခမျာ အလွန်အရှက်ရနေမိသည်။ ယခင်က သူ့စိတ်ထဲတွင် မြွေကြီးနှင့်ပတ်သက်၍လည်း မလွယ်ကူခဲ့ပေ။ ယခုမူ မြွေကြီးထံမှ အချက်တစ်ခုကိုသိလိုက်ရသလိုခံစားရသည်။ အပြစ်ရှိစိတ်ကိုခံစားရမည့်အစား သူ့ကိုယ်သူပင်ဂုဏ်ယူမိသွားသည်။


အက်ဂါ သူ့ဂူအဝသို့ ပြန်လည်ရောက်ရောက်ချင်း သူပြန်ယူလာသည့်မြက်စကတ်လေးနှင့် အဆင့်နိမ့်သားရဲလူသားလေးကိုတွေ့လိုက်ရသည်။ မြွေကြီးတောင့်တင်းနေစဥ် အဆင့်နိမ့်သားရဲလူသားလေးကမူ အလွန်တရာမှ ဂုဏ်ယူနေပုံရလေသည်။


ထိုအချိန်က မြက်စကတ်ကို အဘယ်ကြောင့်ပြန်ယူလာမိကြောင်း သူကိုယ်တိုင်လည်း မသိတော့ပေ။ ရည်ရွယ်ချက်မရှိဘဲ အိမ်သို့ယူလာခဲ့ရုံသာ ဖြစ်လေ၏။ မထင်မှတ်ဘဲ အဆင့်နိမ့်သားရဲလူသားလေးထံတွင် အမိခံလိုက်ရသည်။


အက်ဂါက အဆင့်နိမ့်သားရဲလူသားလေးကို အူကြောင်ကြောင်ဖြင့် ငေးနေမိလေ၏။ သူက တခဏမျှ ဘာလုပ်ရမှန်းမသိဖြစ်နေခဲ့သည်။ တစ်ချိန်တည်းမှာပင် ဤနေရာကိုပြန်လာမိသည့်အတွက် အလွန်အမင်းနောင်တရနေမိလေသည်။


ယနေ့ အရုဏ်တက်ချိန်တွင် သူက ရှုရှု၏ဂူထဲတွင် နိုးထလာခဲ့သည်။ ကံဆိုးစွာဖြင့် အဆင့်နိမ့်သားရဲလေးကိုမမြင်တွေ့မိပေ။ တစ်ညနားပြီးသည့်နောက် သူ့ခန္ဓာကိုယ်က ပိုသက်သာသည်ကို သိလိုက်ရသည်။


ယမန်နေ့ညက အိပ်ခဲ့ရသည်မှာ ဤရက်ပိုင်းအတွင်းအိပ်ခဲ့ရသမျှထဲ သက်သောင့်သက်သာအရှိဆုံးဖြစ်လေသည်။ အရေးတကြီး သိထားရန် လိုအပ်သည်မှာ သူ့ခန္ဓာကိုယ်က မြွေကိုယ်ထည်ဖြစ်နေသော်လည်း သူက ရေမြွေမဟုတ်ကြောင်းပင်။ တကယ်တမ်းတွင် သူက စိုစွတ်မှောင်မိုက်ပြီး အေးစက်သောပတ်ဝန်းကျင်မျိုးကို မနှစ်သက်ပေ။ ထို့ကြောင့် သူက သူ့ဂူကိုပြန်သွားပြီး ပစ္စည်းများကိုယူကာ အဆင့်နိမ့်သားရဲလူသားလေး၏ဂူထဲသို့ ပြန်သယ်လာရန်ကြံစည်ထားခြင်းဖြစ်လိုသည်။ ထို့နောက် အဆင့်နိမ့်သားရဲလူသားလေး၏နေရာတွင် နေရန်ရွေးချယ်လိုက်သည်။


နောက်ဆုံး၌ သူ၏[ရှူရှု၏ဂူ] ဂူထဲတွင်မတွေ့ခဲ့ရသော အဆင့်နိမ့်သားရဲလူသားလေးက သူ့ဂူကို ရောက်နေခဲ့သည်။ ၎င်းအပြင် ပစ္စည်းများထားသောတွင်းလေးကိုပါ ဝင်မွှေလိုက်သေးသည်။


အဆင့်နိမ့်သားရဲလူသားလေးက ငါ့ကို ဘယ်လိုထင်သွားပြီလဲ…


ဤအသက်အရွယ်အထိရောက်နေပြီးမှ အက်ဂါမှာ ပထမဆုံးအကြိမ်အဖြစ် ကြမ်းပြင်တွင် တွင်းတစ်တွင်းတူးပြီး အထဲ၌သာ ဝင်ပုန်းလိုက်ချင်တော့သည်။


လက်တွေ့မှာမူ သူ့တွင်လက်နှင့်ခြေထောက်များမရှိလေရာ မတတ်နိုင်ပေ။ အဆုံး၌ အက်ဂါမှာ ရှုရှု၏ငြိမ်သက်နေသော ခန္ဓာကိုယ်လေးကို ကြည့်နေလိုက်လေသည်။


ရှုရှုမှာ အက်ဂါထံမှ စိုက်ကြည့်ခံလိုက်ရသည်။ မတိုင်ခင်က ဂုဏ်ယူနေခဲ့သောခံစားချက်လေးပင်ပျောက်သွားပြီး သူ့စိတ်က ယောက်ယပ်ခတ်သွားလေတော့သည်။

ဒီမြွေကြီးက တော်တော်ကြောက်ဖို့ကောင်းတာပဲ…


"ငါ တမင်လုပ်တာမဟုတ်ပါဘူး... ငါ တကယ်မရည်ရွယ်ပါဘူး...တောင်းပန်ပါတယ်..."


ရှုရှုက မသိစိတ်အလျောက်စတင်ပြီး တောင်းပန်လေတော့၏။ သူ တောင်းပန်ပြီးသည့်တိုင် မြွေကြီးကသူ့အား ရေခဲတမျှအေးစက်သောမျက်လုံးများဖြင့် ကြည့်နေသေးသည်ကို တွေ့လိုက်ရလေသည်။ သူ့တစ်ကိုယ်လုံးမှာ အလိုလိုတုန်ယင်လာကာ ငိုချလေတော့သည်။


ရှုရှုက လက်ထဲမှမြက်စကတ်လေးကိုလွှင့်ပစ်ပြီး သူတူးထားသောတွင်းထဲသို့ ချက်ချင်းပြေးဝင်သွားလေသည်။ အက်ဂါမှာ အားနာနေလေသည်။ ထိုသူထွက်ပြေးသွားသည်ကိုကြည့်နေပြီးနောက် ငြိမ်မနေနိုင်တော့ပေ။


အဆင့်နိမ့်သားရဲလူသားလေး စကတ်ကိုပစ်ချပြီးထွက်ပြေးသွားပုံမှာ သူ့ကိုရယ်ချင်သွားစေသော်လည်း သူက အမြန်ထိန်းလိုက်ရာ ရယ်သံထွက်မလာတော့ပေ။ နှိုင်းယှဥ်ရလျှင် အဆင့်နိမ့်သားရဲလူသားလေးက သူ့ကိုတွေ့သွားချိန်တွင် ထွက်ပြေးသွားရလောက်သည်အထိ လန့်သွားရှာသည်။ သူကမူ အဆင့်နိမ့်သားရဲလူသားငယ်လေးက သတ္တိရှိစွာဖြင့် သူ့ကိုလက်ညိုးထိုးကာ အပြစ်တင်တော့မည်ဟု တွေးထားခဲ့ခြင်းဖြစ်သည်။


လက်ရှိတွင် သူက မြွေတစ်ကောင်ဖြစ်နေလေသည်။ အဆင့်နိမ့်သားရဲလေး သူ့ကိုကြောက်နေသည်မှာ သာမန်သာဖြစ်၏။ ပေါက်စလေးက သူ့ကိုလက်ညိုးထိုးပြီး ပြောဆိုရန်မှာ မဖြစ်နိုင်ပေ။


ယင်းကိုတွေးကြည့်ပြီး အက်ဂါမှာ ချက်ချင်းစိတ်ဓာတ်ကျသွားလေသည်။


အဆင့်နိမ့်သားရဲလူသားလေးက တွင်းပင်တူးသွားပြီးဖြစ်သည်။ အက်ဂါမှာ ခဏမျှကြာသည်အထိဂူထဲ၌လှည့်ပတ်နေရင်း ရုတ်တရက် တစ်ခုခုက မူမမှန်သလိုခံစားလိုက်ရသည်။


အဆင့်နိမ့်သားရဲလူသားလေးက သူ့ကိုကြောက်နေသည်ကို အတိအကျသိထားသော်ငြား သူက အဆင့်နိမ့်သားရဲလူသားလေး၏အိမ်ကိုပင် သွားနေလိုက်သေး၏။ ထို့ကြောင့် လွန်ခဲ့သောည၌ အဆင့်နိမ့်သားရဲလူသားလေးက ကြောက်လွန်း၍ တွင်းအရှည်ကြီးတူးပြီး ထွက်ပြေးသွားခြင်းဖြစ်မည်။


အက်ဂါမှာ ခွေပြီးအနားယူရန် နေရာတစ်ခုကိုကြိုးစား၍ရှာနေခဲ့ခြင်းပင်။ ခန္ဓာကိုယ်မှာ ယမန်နေ့က ဆိုးရွားနေသည့်အခြေအနေထက် သိသိသာသာ ပိုသက်သာလာခဲ့၏။ ဤအခိုက်အတန့်လေး၌ ရုတ်တရက် သွေးနံ့ရလိုက်လေသည်။


ငါ့ဂူထဲမှာ အဆင့်နိမ့်သားရဲလေးရဲ့သွေးနံ့ရတယ်… အဆင့်နိမ့်သားရဲလေး ဒဏ်ရာရထားတာလား…


အက်ဂါမှာ ချက်ချင်းစိတ်ပူသွားလေသည်။ သူက ဆေးပင်ရှာရန်အတွက် လှည့်ထွက်လာခဲ့သည်။ ထို့နောက် အဆင့်နိမ့်သားရဲလေး၏ဂူထဲသို့ သွားရပေမည်။


ထိုအချိန်တွင် ရှုရှုက အိပ်ခန်းထဲသို့ ပြန်ပြေးလာခဲ့သည်။ သူ့ခမျာ ယမန်နေ့ကမနက်ကတည်းကကြောက်နေရပြီး နေ့လယ်ခင်းတစ်ခုလုံး အလုပ်များနေရသည်။ အချိန်တစ်ခုမျှ သူ့ကိုယ်သူမေ့ထားနိုင်ခဲ့သော်လည်း ယခုမူ စိုးရိမ်လာပြီး အားမရှိတော့ပေ။ နောက်ဆုံးတွင် ညနေပိုင်း၌မနားခဲ့ရရုံမျှမက တစ်ညလုံးလည်း တွင်းတူးလိုက်ရသေးသည်။


အစပိုင်း၌ သူ သည်းမခံနိုင်တော့သော်လည်း အခက်အခဲများအား ကျော်ဖြတ်ရန် သူ့ကိုယ်သူ ဆွန်းအားပေးခဲ့ရသည်။ ယခုမူ ကောက်ရိုးပျော့များဖြင့်လုပ်ထားသော အသိုက်လည်းရှိနေပြီး ခေါင်းအစခြေအဆုံးပင်ပန်းနေခဲ့သည်။ သူက မလှုပ်ရှားနိုင်သည်အထိ ပင်ပန်းလွန်းနေကာ လှုပ်လည်းမလှုပ်ချင်တော့ပေ။


သူ့လက်နှင့်ခြေထောက်တို့ကလည်း အလွန်ကိုက်ခဲနေခဲ့၏။ လူသားခန္ဓာကိုယ်ပြောင်းလိုက်ခြင်းက ယခုကဲ့သို့သော ခန္ဓာကိုယ်လာမည်ကိုသာသိခဲ့လျှင် သူ လူအဖြစ်ပြောင်းခဲ့မည်မဟုတ်ပေ။


ရှုရှုမှာ သူ့မျက်လုံးတို့က အနည်းငယ်ပူလာသလိုခံစားရသည်။ မျက်ရည်များ ကျလာသလိုပင်။ သူက အနည်းငယ် မူးဝေနေကာ မျက်လုံးလည်း လုံးဝမဖွင့်နိုင်တော့ပေ။ မျက်ရည်သုတ်ရန် လက်ပင်မမြှောက်နိုင်ပေ။


အေးလိုက်တာ… ဒီဒုတိယတန်းစားသခင်က ငါ့အတွက် နွေးနွေးထွေးထွေးရှိတဲ့ ဝါဂွမ်းအသိုက်လေး မလုပ်ပေးဘူးလား…


ရှုရှု၏တစ်ကိုယ်လုံးက ဘောလုံးလေးပမာ ကွေးသွားလေသည်။ သူက နေမကောင်းဖြစ်နေသည်ကို နားမလည်ရှာပေ။


အက်ဂါက ဆေးပင်များကိုယူပြီးပြန်လာသော်လည်း အဆင့်နိမ့်သားရဲလူသားလေးကိုမတွေ့ရပေ။ ထို့ကြောင့် ရှုရှု၏ဧည့်ခန်းထဲတွင် ခဏမျှစောင့်နေလိုက်သည်။ သူ ထွက်သွားတော့မည့်အချိန်မှာပင် အဆင့်နိမ့်သားရဲလူသားလေး၏ ညည်းတွားနေသံကို ရုတ်တရက်ကြားလိုက်ရသည်။


အက်ဂါမှာ ရင်တုန်သွားရသည်။ သူ သွားလိုက်၍ အဆင့်နိမ့်သားရဲလူသားလေးလန့်သွားမည်ကိုလည်း စိုးရိမ်နေလေ၏။ မသွားလျှင်လည်း သူ စိုးရိမ်နေမိလိမ့်မည်။ သူက အဆင့်နိမ့်သားရဲလူသားလေးနေသော တံခါးဝကို အမြှီးဖြင့်အမြန်ဖွင့်လိုက်ရာ အဆင့်နိမ့်သားရဲလေးက အဖျားတက်နေပြီး အဖျားကြီးလွန်း၍ သတိပင်လစ်နေသည်ကို ရှာဖွေတွေ့ရှိလိုက်ရလေသည်။



🐹🐹🐹