Chapter 10
Viewers 176

🐹 Chapter 10

အဆင့်နိမ့်သားရဲလူသားလေး ဖျားနေပြီ



အဖျားဒဏ်ကြောင့် အဆင့်နိမ့်သားရဲလူသားလေး၏နားရွက်တို့က ကုပ်ကျနေလေသည်။ မျက်နှာလေးမှာနီရဲနေပြီး ထိုသူ၏ပုံစံက အလွန်အားနည်းနေပုံရကာ အက်ဂါကို စိတ်မကောင်းဖြစ်သွားစေခဲ့သည်။


စိတ်မကောင်းဖြစ်ခြင်း၏နောက်၌ စိတ်ပူခြင်းတို့ကပ်ပါလာကာ အက်ဂါ၏နှလုံးသားမှာ အပြေးပြိုင်ထားသည့်အလား အခုန်မြန်လာ၏။


အဆင့်နိမ့်သားရဲလူသားလေးများ၏ ခန္ဓာကိုယ်မှာ အများအားဖြင့် မကောင်းလှပေ။ မြို့ထဲတွင် နေမကောင်းဖြစ်သည်ဆိုလျှင် ကောင်းမွန်သောဆေးဝါးများဖြင့် ကုသပေး၍ရသေးသည်။ သို့သော်လည်း ဤနေရာက တောကြီးမျက်မည်းဖြစ်နေလေ၏။


ယခုမူ အဆင့်နိမ့်သားရဲလူသားလေးမှာ အဖျားဒဏ်ကြောင့် ခြစ်ခြစ်တောက်ပူနေလေသည်။ ဤအချိန်တွင် ထိုသူ ကိုယ်ပူကျသွားစေမည့်နည်းလမ်းကို သူ မတွေးတတ်တော့ပေ။ ဖြစ်နိုင်သည်မှာ...အက်ဂါမှာ ဆက်မတွေးရဲတော့ပေ။ အဓိပ္ပါယ်မရှိသောကိစ္စများကိုတွေးမိ၍ နောင်တရသွားခဲ့သည်။


သူ့အနေဖြင့် အဆင့်နိမ့်သားရဲလူသားလေး၏ဂူထဲသို့ မလိုက်လာခဲ့သင့်ပေ။ ယမန်နေ့က အဆင့်နိမ့်သားရဲလူသားလေးကို ကယ်ပေးပြီးနောက်တွင် အဆင့်နိမ့်သားရဲလူသားလေးက သူ့အနား၌ ပျာယာခတ်ပြီးဆေးထည့်ပေးသည်ကို ခံနေမည့်အစား ချက်ချင်းထွက်လာခဲ့သင့်သည်။


အဆင့်နိမ့်သားရဲလေး အိပ်စက်ရန်အတွက် သုံးသောဂူလေးမှာ သေးလွန်းပေသည်။ အက်ဂါမှာ အဝင်အထွက်လုပ်ရန်ပင်အဆင်မပြေသောကြောင့် ခေါင်းသာဝင်နိုင်သည်။ သူ အဆင့်နိမ့်သားရဲလူသားလေးကို ခဏမျှကြည့်နေမိသည်။ အဆင့်နိမ့်သားရဲလူသာလေးက မူးဝေရင်းမှ ငြင်သာစွာရှိုက်ငိုနေသည်ကို တွေ့လိုက်ရ၏။ မျက်ရည်များကလည်း ဆက်တိုက်ကျနေလေ၏။ သူက တစ်ဖက်လူ၏မျက်ရည်များကို အမြန်လျက်ပစ်ပေးချင်မိသွားသသည်။

[အက်ဂါက မြွေအသွင်ပြောင်းထားတော့ လက်မရှိလို့ပါ]


သို့သော်လည်း သူပါးစပ်ဟလိုက်သည့်အခါ အဖျားနှစ်ခွဖြင့်လျှာသာ ထွက်လာလေသည်။


သူက သားရဲတစ်ကောင်ဖြစ်နှင့်နေပြီဖြစ်သည်။ သားရဲလူသားမဟုတ်တော့ပေ။


အက်ဂါမှာ မေးစေ့ဖြင့် အဆင့်နိမ့်သားရဲလူသားလေး၏ပူနေသောနဖူးကို ထိလိုက်သည်။ သူ့စိတ်ထဲမှ ခါးသက်သက်ဖြင့် ရယ်လိုက်မိလေ၏။ သူက အဆင့်နိမ့်သားရဲလူသားလေးနှင့် အကြိမ်များစွာဆက်သွယ်ခဲ့ဖူးသည်။ အချိန်တိုင်း အဆင့်နိမ့်သားရဲလူသားလေးက ပစ္စည်းများကိုပစ်ချကာထွက်ပြေးရသည်အထိ သူ့ကိုကြောက်နေခဲ့သည်။ လက်ရှိတွင် အဆင့်နိမ့်သားရဲလူသားလေးက သတိနည်းနေ၍သာ သူ့ဘက်မှ ထိုသူနှင့်နီးကပ်နိုင်ခြင်း ဖြစ်လေ၏။


သို့သော်လည်း အဆင့်နိမ့်သားရဲလေး နေမကောင်းဖြစ်နေသည်ကို အခွင့်အရေးယူပြီး အနားကပ်ပိုင်ခွင့်မရှိပေ။


အက်ဂါမှာ အဆင့်နိမ့်သားရဲလူသားလေး၏ဧည့်ခန်းတစ်ဝိုက်တွင် ပတ်သွားလိုက်ပြီး သစ်သားခြင်းတောင်းလေးတစ်လုံးကို တွေ့သွားလေသည်။ ခြင်းတောင်းထဲတွင် သစ်သားယောက်ချိုဇွန်းလေးတစ်ချောင်း ရှိနေသည်။ သူက သစ်သားယောက်ချိုဇွန်းကိုကိုက်ကာ အဆင်နိမ့်သားရဲလူသားလေးကို ရေတိုက်ချင်သည်။ သို့ရာတွင် အဆင့်နိမ့်သားရဲလူသားလေးဘေးသို့သွားသည်နှင့် ရေများကဖိတ်ကျသွားလေသည်။


အမြှီးပေါ်တွင် ဒဏ်ရာရနေသည့်တိုင် အက်ဂါက အဆင့်နိမ့်သားရဲလူသားလေး၏အိပ်ရာဘေးသို့ ခြင်းတောင်းကို အမြှီးဖြင့် သယ်လာလိုက်သည်။ ထို့နောက် သစ်သားယောက်ချိုဇွန်းကို အမြှီးဖြင့်ကိုင်ကာ ရေကိုဂရုတစိုက်ခပ်ပြီး အဆင့်နိမ့်သားရဲလူသားလေး၏နှုတ်ခမ်းပေါ်သို့ တင်ပေးလိုက်သည်။


အဆင့်နိမ့်သားရဲလူသားလေးက သတိမရှိသော်လည်း သစ်သားယောက်ချိုဇွန်း သူ့နှုတ်ခမ်းထံရောက်သည်နှင့် သူက ၎င်းကို မသိစိတ်အရလျက်ပြီး ရေအများကြီးသောက်လိုက်သည်။


အက်ဂါက အဆင့်နိမ့်သားရဲလေးကို ရေအမြောက်အများတိုက်လိုက်သည်။ လုံလောက်ပြီဟုထင်သည့်အခါ သစ်သီးများကို အမြှီးဖြင့်အသားတွန်းကာ အဆင့်နိမ့်သားရဲလေး၏ အခန်းထဲသို့ ပြန်ယူလာခဲ့သည်။ ထို့နောက် အဆင့်နိမ့်သားရဲလေး၏ နဖူးပေါ်သို့ တင်ပေးလိုက်လေ၏။


ဤအသီးမျိုးက ရေဓာတ်ပြည့်ဝပြီး အေးမြစေသည်။ လက်ရှိအချိန်တွင် သူ့အနေဖြင့် ဤအသီးကိုသာ သုံးနိုင်လိမ့်မည်။


အဆင့်နိမ့်သားရဲလေးကို တစ်ချက်မျှစူးစမ်းကြည့်ပြီးနောက် အက်ဂါက တစ်ဖက်လှည့်ကာ ချက်ချင်းလျှောထွက်သွားလေ၏။ သူ၏မက်ခါက ပျက်စီးသွားပြီး အပိုင်းပိုင်းဖြစ်ကာ သတင်းပင်ပို့မရနိုင်တော့သော်လည်း ကောင်းကင်တွင် ရင်းနှီးနေသောယာဥ်တစ်ခုပျံသွားသည်ကို သူ တွေ့ဖူးသည်။ ဤဂြိုဟ်ပေါ်တွင် လူများနေထိုင်ကြကြောင်း သူသိထား၏။


သူက ဤဂြိုလ်ပေါ်မှလူများကိုသွားရှာပြီး အဆင့်နိမ့်သားရဲလူသားလေးကို ဆေးရုံသို့ပို့ခိုင်းရပေမည်။


အက်ဂါက အမြန်လှုပ်ရှားလိုက်ရာ သူ့ခန္ဓာကိုယ်ပေါ်မှဒဏ်ရာများက ထပ်ပြဲသွားသည်ကို သတိမထားမိပေ။ နှစ်နာရီကြာခရီးဆက်ပြီးနောက် သူ့နယ်မြေမှ ထွက်လာနိုင်သွားသည်။


ဤနေရာတွင် အခြားသားရဲများ၏အနံ့ကို ရလိုက်သည်။ ထင်ထားသည့်အတိုင်း ထိုနေရာတွင် မတိုင်ခင်က တွေ့ခဲ့ရသောကျားကြီး၏ အနံ့မဟုတ်ဘဲ ဧရာမကျားကြီးတစ်ကောင်၏အနံ့ကို ရလိုက်သည်။


အက်ဂါက သွားနေရာမှရပ်လိုက်သည်။


မူလက ဧရာမကျားကြီးမှာ သူ၏အိမ်နီးချင်းဖြစ်ခဲ့ဖူးသည်။ သူတို့က တစ်ကြိမ်လေးပင် ထိပ်တိုက်မတွေ့ဖူးဘဲ သင့်မြတ်စွာနေထိုင်နိုင်ခဲ့ကြသည်။ ယမန်နေ့ကမူ ကျားကြီးက သူ့ပိုင်နက်ထဲသို့ရုတ်တရက်ဝင်လာပြီး အဆင့်နိမ့်သားရဲလူသားလေးကို အန္တရာယ်ပေးချင်လာခဲ့သည်။


တလျှောက်လုံး ကျားကြီး သူ့ပိုင်နက်ထဲသို့ဝင်လာရသည့်အကြောင်းအရင်းကို နားမလည်နိုင်ခဲ့ပေ။ ယခုမူ ဤနေရာမှအနံ့ကို ခံကြည့်ပြီး သူသဘောပေါက်လာသည်။


ရက်စက်သောသားရဲများအားလုံးတွင် ကိုယ်ပိုင် ပိုင်နက်ဟူ၍ရှိကြသည်။ ဤပိုင်နက်မှာ အစက သူသတ်ပစ်ခဲ့သောကျားကြီး၏နယ်မြေဖြစ်ခဲ့သော်လည်း ယခုမူ နောက်ထပ်ကျားတစ်ကောင်က ပိုင်သွားခဲ့သည်။


သူ့အနေဖြင့် ဤနေရာမှဖြတ်သွားချင်လျှင် ဦးစွာတိုက်ခိုက်ရပေလိမ့်မည်။ ထိုအချိန်၌ သူနိုင်သွားလျှင်ပင် ဒုတိယအကြိမ်ဖြတ်ရဦးမည်။ ထို့နောက်တတိယအကြိမ်၊ စတုတ္ထအကြိမ်မြောက်တို့၌လည်း ရက်စက်သည့်သားရဲတို့၏ပိုင်နက်ကို ဖြတ်သွားရဦးမည်သာ။


အက်ဂါမှာ စိတ်လျှော့လိုက်ရသည်။


သူက ဤနယ်မြေမှလူအများထံသို့ အဆင့်နိမ့်သားရဲလူသားလေးကိုပို့ပေးမည်ဟု တွေးခဲ့သည်။ ဤတောကအလွန်အန္တရာယ်များကြောင်း သိနေ၍သာ လုံးဝအထမမြောက်ခြင်းဖြစ်လေ၏။


သူ၏သားရဲအမြုတေပျက်စီးသွားခဲ့ပြီးနောက် ယခင်ခွန်အား၏ ဆယ်ရာခိုင်နှုန်းမျှသာ ကျန်တော့သည်။ ယခုမူ..


သူ့ခန္ဓာကိုယ်ပေါ်မှ အရိုးထိမြင်နေရသောဒဏ်ရာများကိုကြည့်ရင်း အက်ဂါမှာတွန့်ဆုတ်မနေတော့ဘဲ အမြန်ပြန်ပြေးသွားလိုက်သည်။


ယမန်နေ့ကတိုက်ပွဲတွင် သူ၏ခွန်အား ငါးဆယ်ရာခိုင်နှုန်းခန့် ဆုတ်ယုတ်သွားခဲ့သည်။ အပြင်ထွက်ပြီး လူများကိုသွားရှာခြင်းက သေလမ်းရှာနေခြင်းပင် ဖြစ်လေ၏။ သူ သေသွားပြီး ဤနေရာတွင် အဆင့်နိမ့်သားရဲလူသားလေးကို တစ်ယောက်ထဲချန်ခဲ့ရပါက ပိုပြီးအန္တရာယ်များစေလိမ့်မည်။


အက်ဂါက ထွက်လာချိန်ကထက် ပို၍မြန်မြန်ပြန်သွားလိုက်သော်လည်း ကံဆိုးစွာဖြင့် သူ၏လေးလံသောခန္ဓာကိုယ်က အမြန်နှုန်းအပေါ် သက်ရောက်စေခဲ့သည်။ သူ အဆင့်နိမ့်သားရဲလူသားလေး၏ဂူသို့ ပြန်ရောက်လာချိန်တွင် အဆင့်နိမ့်သားရဲလူသားလေးမှာ သတိမေ့နေဆဲဖြစ်၏။


ဤအခြေအနေကိုမြင်ပြီး အက်ဂါမှာ ဒေါသထွက်ရမည်လား သို့မဟုတ် ယခုအချိန်တွင် လှုပ်ပင်မလှုပ်နိုင်သောသူ့ကိုယ်သူ အပြစ်တင်ရမည်လားပင်မသိတော့ပေ။


အဆင့်နိမ့်သားရဲလူသားလေး၏ အခြေအနေကို အရှေ့တိုးကာစစ်ဆေးကြည့်လိုက်ရာ အဆင့်နိမ့်သားရဲလေး၏ကိုယ်အပူချိန်မှာ အလွန်မြင့်နေဆဲဖြစ်ကြောင်း သိလိုက်ရသည်။ အက်ဂါမှာ ဤအရေးပေါ်အခြေအနေတွင် ကူကယ်ရာမဲ့မှုကို ခံစားရ၏။


သူက အခြေခံဆေးပင်အချို့ကိုသိသော်လည်း ၎င်းတို့အားလုံးက ဒဏ်ရာများကိုသာ ကုသပေးနိုင်ပြီး အဖျားကျရန်အတွက် အသုံးမဝင်ပေ။ အက်ဂါမှာ ယခင်ကလုပ်ခဲ့သည့်အတိုင်း အသီးကိုဖိချေပြီး အဆင့်နိမ့်သားရဲလေး၏နဖူးပေါ်သို့ တင်ပေးနေရသည်။ ထို့နောက် အမြှီးဖြင့်ယောက်ချိုဇွန်းကိုင်ကာ အဆင့်နိမ့်သားရဲလေးကို ရေအနည်းငယ်တိုက်ပေးနေလိုက်သည်။


ရှုရှု၏ခန္ဓာကိုယ်မှာ အလွန်ပူနေပြီး တစ်ကိုယ်လုံးကိုက်ခဲနေသည်။ ဤအခိုက်အတန့်လေးတွင် သူ့လည်ချောင်းထဲသို့ရေဝင်လာပြီး သူ့ကိုအနည်းငယ်မျှ သက်သာသွားစေခဲ့သည်။ သို့ရာတွင် သူ့ခန္ဓာကိုယ်က အလွန်ပူနေသေးသည်။


သူ့အနားတွင် အေးစက်သောအရာတစ်ခု ရှိနေပုံရသည်။ ရှုရှုမှာ ၎င်းကို ခပ်တင်းတင်းဆုပ်ကိုင်ကာပြီး ဖက်ထားလိုက်ပြီး ၎င်းကို စုန်ချည်ဆန်ချည်ပွတ်သပ်နေမိလေ၏။ သူက အေးမြပြီး လန်းဆန်းစေသောအထိအတွေ့ကို ခံစားနေရလေသည်။ တစ်ချိန်တည်းမှာပင် အိပ်မက်ဆိုးများကိုလည်းမက်နေမိသည်။


အိပ်မက်ထဲတွင် သူက အလွန်သေးသောဟမ်းစတားလေးပြန်ဖြစ်သွားပြီး မြွေကြီးတစ်ကောင်က သူ့အနောက်ကိုလိုက်နေလေသည်။


မြွေကြီးက သူ့တွင် ပြေးစရာအင်အားကုန်သွားသည်အထိ သူ့အနောက်ကို ထပ်ကြပ်မကွာလိုက်နေခဲ့သည်။ သူကခန္ဓာကိုယ်အတွင်းမှ ဝိညာဥ်စွမ်းအားများကိုတွက်ချက်ကြည့်လိုက်သော်လည်း မြွေက သူ့အနောက်ကိုလိုက်နေဆဲဖြစ်ပြီး သူနှင့် တဖြည်းဖြည်းနီးလာလေသည်။


နောက်ဆုံးတွင် သူကမြွေကြီးထံ၌အမိခံလိုက်ရသည်။ မြွေကြီးက ပါးစပ်ကိုဟကာ သူ့ကိုမြိုချပစ်ရန်အသင့်ဖြစ်နေသည်။ ယခင်က သူပြေးနိုင်ခဲ့သော်လည်း ယခုအခိုက်အတန့်လေးတွင် လှုပ်၍ပင်မရတော့ပေ။


မြွေကြီး၏ပါးစပ်က အလွန်ကျယ်ပြီး သူ၏ခေါင်းမှ အလွယ်တကူ မြိုချလိုက်နိုင်သည်။ သူ အစားခံရတော့မည်။


ရှုရှုမှာ ကြောက်လွန်း၍အော်လိုက်လေ၏။ နောက်တစ်စက္ကန့်တွင် သူက အိပ်မက်၏အစကို ပြန်ရောက်သွားခဲ့သည်။ 


သူက ဟမ်းစတားလေးတစ်ကောင်ဖြစ်နေပြီး မြွေကြီးကလည်း သူ့အနောက်ကို လိုက်နေပြန်သည်။ မြွေကြီးက သူ့ကို လိုက်နေဆဲပင်။


နောက်ဆုံးအကြိမ်က ရွေးခဲ့သော လွတ်မြောက်လမ်းမှာ လွတ်လမ်းမရှိကြောင်း အတည်ပြုနိုင်ခဲ့၏။ ဤတစ်ကြိမ်တွင် ရှုရှုက လမ်းကြောင်းပြောင်းလိုက်သည်။ သူကပြေးပြီးရင်းပြေးနေကာ အပေါက်လေးတစ်ပေါက်ထဲသို့ တိုးဝင်လိုက်သည်။ မြက်ပုံတို့အားဝင်တိုးကာ တောင်ကုန်းငယ်လေးကိုလည်း ဖြတ်လာပြီး အကြာကြီးပြေးနေခဲ့သော်လည်း သူ မလွတ်နိုင်ခဲ့ပေ။


သူက ထပ်ပြီးအစားခံလိုက်ရပြန်၏။ မြွေ၏အစာအိမ်ထဲသို့ အရှင်လတ်လတ်ရောက်သွားကာ မြွေ၏အစာချေရည်ကြောင့် စိစိညက်ညက်ကြေသွားခဲ့သည်။


သူ နောက်တစ်ကြိမ် သတိပြန်ဝင်လာသည့်အခါ ထိုနေရာအစသို့ ပြန်ရောက်သွားပြီး မြွေကြီးကလည်း ယခင်မြွေကြီးပင် ဖြစ်နေပြန်၏။


ရှုရှုမှာ စိတ်ဓာတ်ကျလာသော်လည်း မြွေကြီး သူ့အနောက်ကိုလိုက်သည့်အချိန်တွင် အလိုလိုပြေးမိပြန်သည်။


မှန်သည်။ သူ မလွတ်မြောက်နိုင်ခဲ့ပေ။


မကြာခင်မှာပင် အစသို့ပြန်ရောက်သွားပြန်သည်။


ရှုရှုမှာ ထိုဖြစ်ရပ်ကို ထပ်ကာထပ်ကာ အကြိမ်မည်မျှကြုံတွေ့နေရကြောင်း မသိတော့ပေ။ နောက်ပိုင်းတွင် သူလုံးဝလက်လျှော့လိုက်သည်။ ထွက်မပြေးတော့ဘဲ ချက်ချင်းလှဲချပြီး မြွေကြီးထံတွင် အစားခံလိုက်တော့မည်ဟု တွေးလိုက်သည်။


သို့ရာတွင် မြွေကြီး တစ်ဖက်လှည့်လိုက်သည်နှင့် ထွက်ပြေးမိပြန်သည်။


ရှုရှုက လှည့်မကြည့်သင့်သော်လည်း ဤတစ်ကြိမ်တွင် လှည့်ကြည့်လိုက်မိသည်။ သူက အချိန်တိုင်း "ဒီမြွေပဲ ဖြစ်ပြန်ပြီလား၊ တခြားမြွေရော ဖြစ်လို့မရဘူးလား"ဟူ၍ ရူးမိုက်စွာ တွေးမိနေခဲ့သည်။


ထိုသို့တွေးမိသည်နှင့် သူ့နောက်လိုက်နေသောမြွေက သူရင်းနှီးနေသည့် မြွေကြီးအဖြစ် ပြောင်းသွားသည်ကို တွေ့လိုက်ရသည်။


ရှုရှုက မြွေကြီးကိုကြည့်ပြီး တစ်ချိန်လုံး တစ်ခုခုဖြစ်နေသလို ခံစားလိုက်ရသည်။ 


နေစမ်းပါဦး… ငါက ရှင်းပြရခက်ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ နေရာကိုရောက်လာပြီး လူတစ်ဝက်ကြွက်တစ်ဝက်ပုံစံပြောင်းသွားတာလေ… ဘာလို့ရုတ်တရက်ကြီး ဟမ်းစတားပြန်ပြောင်းသွားပြီး အဆက်မပြတ် မြွေလိုက်ခံနေရတာလဲ။…


ထိုအတွေးကြောင့် ရှုရှုမှာ ရုတ်တရက်ခေါင်းကြည်သွားခဲ့သည်။ ထို့နောက် ရင်းနှီးနေသည့် ညှီစို့စို့အနံ့ကို ရလိုက်လေ၏။


သူ ဖက်ထားသည်မှာ ရင်းနှီးနေသောမြွေအမြှီးဖြစ်ပြီး ညှီစို့စို့အနံ့မှာ မြွေအမြှီးမှဒဏ်ရာများအားလုံး ပြည်တည်နေ၍ ဖြစ်လေ၏။


ဒီမြွေက ဘာလို့ဒီလောက်တောင် သူများခံစားချက်ကို ဂရုမစိုက်ရတာလဲ…

ရှုရှုက မျက်မှောင်ကြုတ်ကာ နောက်စက္ကန့်တွင် မြွေကြီးနှင့်ပတ်သက်၍ သေရေးရှင်ရေးအခြေအနေကို ရိပ်မိသွားလေသည်။ 


ငါက မြွေရဲ့အမြှီးကို ဖက်ထားမိတာပဲ…


ရှုရှုက မြွေအမြှီးကို ချက်ချင်းလွှတ်လိုက်ပြီး နောက်ဆုတ်လိုက်သည်။ အိပ်မက်ထဲတွင် မြွေကြီးထံမှ အကြိမ်ကြိမ်အစားခံခဲ့ရသော အတွေ့အကြုံကြောင့် သူအလွန်ထိတ်လန့်နေရပြီးဖြစ်၏။ ကြောက်လွန်း၍ သူ့တစ်ကိုယ်လုံး တုန်နေလေသည်။


သို့ရာတွင် ယခင်ကကဲ့သို့ မေ့လဲရလောက်သည်အထိ မကြောက်တော့ပေ။



🐹🐹🐹