အခန်း
၁ နိဒါန်း
တောက်ပနေသော မီးရောင်အောက်တွင် အခန်းထဲမှ
ခွဲစိတ်ခန်းသုံးကိရိယာမျိုးစုံကို တွေ့နိုင်သော်လည်း ဤသည်မှာ သမားရိုးကျ
ခွဲစိတ်ခန်းမျိုး မဟုတ်ပေ။
အမျိုးသမီး၏မျက်နှာပြင် အများစုကို ဆေးဘက်ဆိုင်ရာမျက်နှာဖုံးဖြင့်
ဖုံးအုပ်ထားပြီး သူမ၏အသွင်အပြင်ကို ကောင်းစွာမမြင်နိုင်ပေ။ တောက်ပပြီး စူးရှသော
မျက်လုံးတစ်စုံကလည်း အဖြူရောင်စင်မြင့်ပေါ်ရှိ ခန္ဓာကိုယ်ကိုသာ စေ့စေ့ကြည့်နေခဲ့သည်။ သူမက သူမ၏လက်ထဲမှ
တိုင်းတာသည့်ကရိယာကို ဘေးသို့ချလိုက်ပြီး အေးစက်စက် အသံဖြင့် “သေဆုံးသူက အရပ် ၁၆၈
စင်တီမီတာရှိတဲ့ အမျိုးသမီး၊ အသက် ၂၀ နဲ့ ၃၀ ကြား၊ ခန္ဓာကိုယ်က ဆွေးမြေ့စပြုနေပြီ၊
ကနဦး ကောက်ချက်ချနိုင်တာကတော့ သေတာ တစ်လကျော်သွားပြီ"
သူမ၏နောက်တွင် မိန်းကလေးတစ်ယောက် မတ်တပ်ရပ်နေပြီး သူမ ပြောသမျှကို
လိုက်မှတ်နေကာ သူမ၏လက်က ဘာကိုမှ လျစ်လျူရှုပြ်း ချန်ထားရဲခြင်း မရှိပေ။
အလောင်းပေါ်ရှိ သဲလွန်စတိုင်းကို သေသေချာချာ စစ်ဆေးကြည့်နေရင်း
အလောင်း၏လက်ချောင်းများကို မြင်လိုက်ရသောအခါ ကျွော့ချင်းက မျက်မှောင်ကြုတ်လိုက်သည်။
သူမ၏အသံက အေးစက်ငြိမ်သက်နေဆဲဖြစ်ပြီး "သေဆုံးသူရဲ့ လက်သည်းဆယ်ချောင်းစလုံး
ဖယ်ရှားခံထားရတယ်"
“လက်သည်းဆယ်ချောင်းလုံးကို ဆွဲနုတ်ထားတာလား?” ရှင်းလန်၏ လက်များက ရပ်တန့်သွားပြီး
မော့ကြည့်လာကာ “ဒေါက်တာကျွော့၊ ဒါက ကွင်းဆက်လူသတ်မှု မဟုတ်ဘူးလား? ဒီအမျိုးသမီးအပါအဝင်ဆိုရင်
လက်သည်းတွေ ဆွဲနုတ်ခံထားရတာ လေးယောက်ရှိနေပြီ”
ကျွော့ချင်းက အလောင်းပေါ်ရှိ သဲလွန်စအားလုံးကို စစ်ဆေးရန်
အာရုံစိုက်နေခဲ့ပြီး ပြန်မဖြေခဲ့ပေ။ ခဏအကြာတွင် သူမက အေးစက်စက်အသံဖြင့် "ဒါက
လူသတ်မှု ဟုတ် မဟုတ် စုံစမ်းစစ်ဆေးရေးဌာနက ဆုံးဖြတ်လိမ့်မယ်။ ငါတို့က မှုခင်းဆရာဝန်တစ်ယောက်အနေနဲ့
မှတ်တမ်းတင်ပေးဖို့ပဲ တာဝန်ရှိတယ်။ ငါ့တာဝန်က အလောင်းပေါ်က လက္ခဏာတွေအားလုံးကို
အသေးစိတ် ဖော်ပြနိုင်ရင် ရပြီ”
သေဆုံးသူ၏
လက္ခဏာများနှင့် သေဆုံးရခြင်းအကြောင်းရင်းအားလုံးက အမှုကို ဖြေရှင်းရန်
သက်သေအထောက်အထားများနှင့် သဲလွန်စများကို ပေးဆောင်နိုင်သည်။ ၎င်းကို ကွင်းဆက်လူသတ်မှုအဖြစ်
သတ်မှတ်လိုက်ပါက အခြားအသေးစိတ်အချက်အလက်များကို လျစ်လျူရှုမိရန်
လွယ်ကူသွားပေလိမ့်မည်။
"သိပါပြီ" ရှင်းလန်က သူမလျှာကို တိတ်တိတ်လေး ကိုက်လိုက်သည်။
ဒေါက်တာကျွော့က မကြာသေးမီနှစ်တွေအတွင်း
အသက်အငယ်ဆုံးနဲ့ စွမ်းဆောင်မှုအရှိဆုံး၊ အထင်ရှားဆုံး မှုခင်းဆရာဝန်တစ်ဦး ဖြစ်လာခဲ့တယ်။
သူမနဲ့ စာသင်ကြားနိုင်တာက သူမ နောက်က လိုက်တဲ့သူတွေကို အရမ်းလျင်လျင်မြန်မြန်
တိုးတက်လာနိုင်စေပေမယ့် သူမရဲ့အေးစက်စက်မျက်နှာကိုတော့ အမြဲမြင်နေရတယ်။ သူမရဲ့မျက်လုံးတွေက
တော်တော်ကို ကြောက်စရာကောင်းနေပြီး ဘယ်တော့မှ ပြောင်းလဲမသွားဘူး။ အထူးသဖြင့်
သူမ အလုပ်လုပ်နေတဲ့ အချိန်တွေမှာပေါ့။
“သေဆုံးသူရဲ့လည်ပင်းမှာ ညိုမဲနေတဲ့ လက်ရာတွေ တွေ့ရတယ်။ တခြားနေရာတွေမှာတော့
သိသာထင်ရှားတဲ့ ပြင်ပဒဏ်ရာ မတွေ့ဘူး။ သေဆုံးရတဲ့ အကြောင်းရင်းက အသက်ရှူကြပ်တာ၊
ခန္ဓာကိုယ်အောက်ပိုင်းကတော့ မသေခင်မှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှု ဖြစ်နိုင်ခြေများတယ်လို့
အတိအကျ ဆုံးဖြတ်နိုင်တယ်"
ကျွော့ချင်းက
သူမ၏ဆေးဘက်ဆိုင်ရာသုံး လက်အိတ်ကို ပြန်ချွတ်လိုက်ပြီး "ရှောင်ရှင်း၊
မိုးမလင်းခင် အချက်အလက်တွေကို စုစည်းပြီး
အစီရင်ခံစာကို ငါ့ဆီယူလာခဲ့၊ ငါ လက်မှတ်ထိုးပြီးရင်
မှုခင်းစုံစမ်းရေးဌာနကို လွဲပေးလိုက်မယ်၊ စုဆောင်းထားတဲ့ နမူနာတွေကို မနက်ဖြန်
ဓါတ်ခွဲခန်းပို့ပြီးရင် မင်း အနားယူလို့ရပြီ"
သူမ၏နှလုံးသားထဲမှာ ငိုကြွေးနေခဲ့သော်လည်း ရှင်းလန်က
လုံးဝတွန့်ဆုတ်မနေရဲဘဲ ချက်ချင်း ပြန်ဖြေလိုက်သည်။
"ကျွန်မ နားလည်ပါပြီ"
နောက်ထပ်မအိပ်ရတဲ့
ညတစ်ညပါပဲ!
ရှင်းလန်က သေဆုံးသွားသူ၏ ခန္ဓာကိုယ်မှ ဖြတ်တောက်ထားသော
အဝတ်အစားများနှင့် အရေပြားနမူနာများကို ထုပ်ပိုးနေရင်း သူမ၏လက်ဖဝါးလောက်
ကြီးမားသော သတ္တုအဝိုင်းတစ်ခုကို ရုတ်တရက် တွေ့လိုက်ရသောကြောင့် “ဒေါက်တာကျွော့၊
ဒါက သေဆုံးသူရဲ့ ကုတ်အင်္ကျီထဲမှာ တွေ့ခဲ့ရတာပါ။ ရာဇ၀တ်မှု စုံစမ်းစစ်ဆေးရေးအဖွဲ့ဆီကို
လွှဲပြောင်းပေးရမလား?"
ကျွော့ချင်းက ထိုအရာကို ပေါ့ပေါ့ပါးပါး
တစ်ချက်ကြည့်လိုက်ပြီး "ဓာတ်ခွဲခန်းကို အရင်ပို့ပေးလိုက်ပါ၊ သူတို့ ကိုင်တွယ်ပါလိမ့်မယ်"
ထိုနောက် သူမက ခွဲစိတ်ခန်းမှ သပ်ရပ်စွာ
ထွက်ခွာသွားခဲ့သည်။
"ဟုတ်ကဲ့" နမူနာများနှင့် မှတ်စုများကို စုဆောင်းပြီးနောက် ရှင်းလန်က ကျွော့ချင်း၏နောက်သို့
အမြန်လိုက်သွားကာ အလောင်းထားရာအခန်းမှ အမြန်ထွက်ခွာသွားခဲ့သည်။ သူမက
မှုခင်းဆေးပညာဌာနတွင် တစ်နှစ်ခွဲကျော်ကြာ အလုပ်လုပ်နေခဲ့သော်လည်း ညသန်းခေါင်တွင်
အလောင်းနှင့်အတူ တစ်ယောက်တည်း မနေရဲသေးပေ။
"ဘယ်လိုလဲ? အလောင်းစစ်ချက် အစီရင်ခံစာထွက်လာပြီလား" သူမတို့ ရုံးခန်းနားသို့
ရောက်လာချိန်တွင် တစုံတယောက်က သူမတို့နှစ်ဦးကို ချက်ချင်း ဟန့်တားလိုက်သည်။
တံခါးဘောင်ကို မှီ၍ ရပ်နေသော ပိန်ပိန်ပါးပါး အမျိုးသမီးက သပ်ရပ်သော
ဆံပင်တိုတိုများ ရှိပြီး သူမ၏ပုံမှန်မဟုတ်သော တက်ကြွမှုက သိသာထင်ရှားနေသည်။
အထူးသဖြင့် မြဲမြံစူးရှသော သူမ၏မျက်လုံးများ ဖြစ်သည်။
ရှင်းလန်က "အဖွဲ့ခေါင်းဆောင်ကု၊
ရှင်က အရမ်းချဲ့ကားနေတာပဲ၊ အခုမှ မနက်၃ နာရီပဲ ရှိသေးတယ်!"
ကုယွင်က မျက်ခုံးပင့်ကာ အနည်းငယ် ပြုံးလိုက်ပြီး
"ဒါဆို?"
ရှုံးနိမ်သွားသော ရှင်းလန်က စိတ်ပျက်လက်ပျက်ဖြင့်
သူမ ပခုံးကို ကျုံရင်း ကူကယ်ရာမဲ့ ပြန်ပြောလိုက်သည်။ "ဒါဆို ခဏစောင့်၊ ကျွန်မ
ချက်ချင်း သွားလုပ်ပေးမယ်။ မိုးမလင်းခင်မှာ ရလဒ်တွေ ထွက်လာစေရမယ်!"
အဖွဲ့ခေါင်းဆောင်ကုနဲ့
ဒေါက်တာကျွော့တို့ သူငယ်ချင်းကောင်းတွေ ဖြစ်လာကြတာ အံ့သြစရာ မဟုတ်တော့ဘူး၊ သူတို့က
အလုပ်သရဲတွေ! !
ကျွော့ချင်းက သူမ၏ သီးသန့်ရုံးခန်းကို ဖွင့်လှစ်ထားပြီးဖြစ်ကာ
ကုယွင်က သူမနောက်သို့ ချက်ချင်း လိုက်သွားခဲ့သည်။ သူမ စကားမပြောမီ ကျွော့ချင်း၏
ထူးခြားပြီး အေးစက်သည့် အသံတိုးတိုးက ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။
"ဘာလို့ မအိပ်သေးတာလဲ ညနက်နေပြီ"
"တော်စမ်းပါ!" ကုယွင်က သူမကို မျက်လုံးပြူးဖြင့်
ကြိမ်းမောင်းလိုက်ပြီး "ပြီးခဲ့တဲ့လက အမျိုးသမီးတွေ အသတ်ခံရတဲ့အမှုတွေ မကြာခဏ
ဖြစ်နေတယ်။ အဲ့အမှုတွေကြောင့် ဌာနခေါင်းဆောင်လီရဲ့မျက်လုံးတွေ မီးတောက်လုနီးပါး
ဖြစ်နေပြီ။ အခု သူက ရာဇ၀တ်မှု စုံစမ်းစစ်ဆေးရေးဌာနကို အဖွဲ့နှစ်ဖွဲ့ခွဲထားပြီး
နေ့ရော ညပါ အလုပ်လုပ်ဖို့ တာဝန်ပေးထားတယ်!”
ကျွော့ချင်းက သူမ၏ ဆံပင်တွင် ထိုးစိုက်ထားသော ဘောပင်ကို
ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်ရာ ခါးထိရှည်သော ဆံပင်များက ချက်ချင်း ပြေကျလာသည်။ သူမက
ဆိုဖာပေါ်တွင် မောပန်းနွမ်းနယ်စွာ ထိုင်နေရင်း မျက်လုံးတဝတ်မှိတ်ထားကာ ပျင်းရိစွာ
မေးလိုက်သည်။ "မနေ့က ပြည်နယ်အဆင့်
ကိုယ်ခံပညာပြိုင်ပွဲရဲ့ရလဒ်နဲ့ ပတ်သက်ပြီး စိတ်လှုပ်ရှားနေတာလား?"
“မဟုတ်ဘူး!”
ထိုသို့ ပြန်ပြောလိုက်သော်လည်း ထိုအကြောင်းကို
ကြားလိုက်ချိန်တွင် ကုယွင်က ချက်ချင်း ဒေါသထွက်လာပြန်သည်။
အမှုတွေ
ဒီလောက်မြောက်မြားစွာ ရှိနေတာကို ဌာနခေါင်းဆောင်က သူမကို ပြည်နယ်ပြိုင်ပွဲတွေမှာ
ဝင်ပြိုင်ဖို့ တောင်းဆိုခဲ့သေးတယ်။ နှစ်စဉ်နှစ်တိုင်း အမျိုးသမီးအဖွဲ့မှာ သူမပဲ ပထမနေရာ
ရနေပြီး တခြားဘယ်သူကမှလည်း သူမထက် ပိုမကောင်းလာနိုင်တော့ဘူး။
ကျွော့ချင်းက
သက်တောင့်သက်သာ ရှိလာပုံပေါ်နေပြီး အိပ်ပျော်ခါနီးတွင် ကုယွင်က သူမကို ပုခုံးကို
ပုတ်လိုက်ပြီး "သခင်မလေး၊ ငါက ဒီမှာရှိနေပြီး နင့်ကို စကားပြောနေတယ်လေ၊ နင်
ငါ့ကို ရှင်းပြဖို့ မရှိဘူးလား?"
ကျွော့ချင်းက သူမ၏မျက်လုံးများကို အနည်းငယ် မှိတ်ထားသေးသည်။
သူမ၏အသံက ပျင်းတိပျင်းတွဲ ဖြစ်နေသော်လည်း အေးစက်ကြည်လင်နေဆဲဖြစ်သည်။
"ဒီသေဆုံးသူမှာ ပထမလူသတ်မှု သုံးခုမှာ
သေဆုံးသွားတဲ့ သူတွေနဲ့ တူညီတဲ့ အချက်တစ်ခုရှိတယ်။ သူတို့အားလုံးက လေပြွန်ကို လက်နဲ့
အညှစ်ခံရလို့ အသက်ရှုကြပ်ပြီး သေဆုံးခဲ့ကြတာ။ လက်ဆယ်ချောင်းလုံးက လက်သည်းတွေအားလုံးကို
ဖယ်ရှားထားတာကို ကြည့်ရင် လူသတ်တဲ့ နည်းလမ်းက
တူညီနေတယ်။ တကယ်လို့ ကွင်းဆက်လူသတ်မှု ဖြစ်မယ်ဆိုရင် ခန္ဓာကိုယ် ဆွေးမြေ့ပျက်စီးမှု
အတိုင်းအတာအရ ဒီသေဆုံးသူအမျိုးသမီးက ပထမဆုံး သားကောင် ဖြစ်နိုင်တယ်”
ကျွော့ချင်း၏ သုံးသပ်ချက်ကို နားထောင်နေရင်း ကုယွင်က
ရုံးခန်းထဲတွင် အပြန်ပြန် အလှန်လှန် လမ်းလျှောက်နေကာ ကိစ္စတခုခုကို တွေးတောနေပုံရသည်။
ထိုစဥ် ရုတ်တရက် ရုံးခန်း၏တံခါးဝမှ အလင်းရောင်ဖျော့ဖျော့တစ်ခုကို တွေ့လိုက်ရသောကြောင့်
သူမ သွားကောက်ကြည့်လိုက်ရာ ရှစ်ထောင့်အဝိုင်းပုံ စာများမြှုပ်ထားသော သတ္ထုပြားတစ်ခုကို
တွေ့လိုက်ရသည်။ ထိုရွှေရောင်အပြားသေးသေးလေးက သက်သေပစ္စည်းအိတ်ထဲတွင် ရှိနေရမည့်
အထောက်အထားဖြစ်သည်။
ကုယွင်က ကျွော့ချင်းဆီသို့ လျှောက်လာရင်း "ဒါက ဘာလဲ?"
ကျွော့ချင်းက သူမ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး ကုယွင်၏လက်ထဲတွင်
ရှိနေသည့်အရာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရချိန်တွင် သူမ တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။
ဒီမိန်းကလေး ရှင်းလန်က အမြဲတမ်း ပေါ့ပေါ့ဆဆနေတက်ပြီး
ဒီလိုအရေးကြီးတဲ့ သက်သေအထောက်အထားတွေကို ကျပျောက်အောင် ဘယ်လိုတောင် လုပ်နိုင်တာလဲ?
ကျွော့ချင်းက တည့်တည့်မတ်မတ် ပြင်ထိုင်လိုက်ရင်း
"သေဆုံးသူရဲ့အင်္ကျီအိတ်ကပ်ထဲကနေ တွေ့လာခဲ့တာ၊ ဓာတ်ခွဲခန်းမှာရှိတဲ့
လုပ်ဖော်ကိုင်ဖက်တွေ အရင် စစ်ဆေးပြီးမှ နင့်လက်ထဲကို ရောက်လာသင့်တဲ့အရာ"
သူမလက်ထဲမှ အရာဝတ္ထုက ယခုအမှုကိစ္စ၏သက်သေဖြစ်ကြောင်းကို
ကြားသွားချိန်တွင် ကုယွင်က ချက်ချင်း စိတ်အားထက်သန်လာခဲ့သည်။ ရုံးခန်းထဲတွင်
စားပွဲတင်မီးအိမ်လေးတစ်ခုသာ ဖွင့်ထားသောကြောင့် သူမက ကန့်လန့်ကာများ
ရိုးရိုးရှင်းရှင်း ဖွင့်လိုက်ပြီး ယနေ့ည၏ထူးထူးခြားခြား တောက်ပနေသည့် လရောင်အောက်တွင်
ထိုအရာလေးကို ဂရုတစိုက် ကြည့်ရှု့လိုက်သည်။ သူမက သူမ လက်ထဲတွင် ရှိနေသည့် အရာဝတ္ထုလေးကိုသာ
စူးစူးစိုက်စိုက် ကြည့်နေခဲ့ပြီး သူမလက်ထဲမှ ထိုစက်ဝိုင်းဆီသို့ လရောင် ကျရောက်သွားပြီး မှောင်မိုက်နေသော
ညကောင်းကင်တွင် တိမ်နီများ တဖြည်းဖြည်း ဖုံးလွှမ်းသွားသည်ကို ကုယွင် သတိမထားမိလိုက်ပေ။
ထူးဆန်းလိုက်တာ.... အခုန မြင်လိုက်ရတာက ရွှေရောင်လေ... အသိသာကြီးလေ....
အခုဘာလို့ အနီရောင် ပြောင်းသွားတာလဲ??!
ဟိုဘက်အခြမ်းက ရွှေရောင်လား??
ကုယွင်က ထိုအရာလေးကို လှန်လိုက်ပြီး အနီးကပ် ကြည့်လိုက်ချိန်တွင်
တစ်ဖက်တွင်လည်း တူညီသည့် သွေးနီရောင် ပါကွာ့စက်ဝိုင်းပုံကိုသာ တွေ့ရပြီး အဝိုင်းပြားငယ်လေးတစ်ခုလုံးက
အနီရောင်အလင်းဖျော့ဖျော့များကြောင့် ပိုတောက်ပလာပုံရသည်။
"အား" သူမ စိတ်ရှုပ်နေတုန်းမှာပင် သူမလက်မှ နာကျင်မှုတစ်ခုကို ရုတ်တရက်
ခံစားလိုက်ရသည်။
ကျွော့ချင်းက မတ်တပ်ထရပ်လိုက်ပြီး သူမနောက်သို့ လျှောက်လာကာ
"ဘာဖြစ်တာလဲ?"
ကုယွင်က သူမလက်ချောင်းများကို ငုံ့ကြည့်လိုက်ပြီး သူမ၏လက်ညိုးပေါ်တွင်
သွေးထွက်နေသည့်နေရာတစ်ခုကို တွေ့လိုက်ရပြီး အနီရောင်တောက်တောက် သွေးစက်တချို့က
သက်သေပစ္စည်းပေါ်သို့ ကျနေသည်ကို တွေ့လိုက်ရသည်။ ကုယွင်က အမှတ်တမဲ့ ပြုံးလိုက်ပြီး
"ဘာမှမဟုတ်ပါဘူး၊ အဲဒါက ခြစ်မိသွားတာလား မသိဘူး"
သူမလက်ချောင်းပေါ်က ဒဏ်ရာက နက်ပုံရပြီး သွေးများ ထွက်နေဆဲပင်။
ကုယွင်၏သတိမမှုတက်သည့် အကြည့်များကြောင့် ကျွော့ချင်းက မျက်မှောင်ကြုတ်လိုက်ပြီး
သူမဘေးရှိ စာအုပ်စင်ထဲမှ ဂွမ်းကို ယူလိုက်ကာ ဒဏ်ရာပေါ်ကို ဖုံးအုပ်ပေးလိုက်သည်။
ထို့နောက်
သူမက အေးစက်စွာဖြင့် "ဒဏ်ရာကို ဖိထား!"
ကုယွင်က သူမ၏မျက်လုံးများကို မှိတ်ချလိုက်ပြီး “ဒါက သေးငယ်တဲ့
ခြစ်ရာလေးတစ်ခုပါဟယ်!”
သို့သော်လည်း ဒဏ်ရာကို ဖိထားသည့်
ဂွမ်းတွင် သွေးများ လျင်မြန်စွာ စိုစွတ်လာသည်။ ကျွော့ချင်း၏စူးရှသော မျက်လုံးများက
အနည်းငယ် မှိတ်တုတ်မှိတ်တုတ် ဖြစ်လာသည်။
အဲ့လောက်သွေးထွက်လာရအေင် ဘာကနေ
ဘယ်လောက်ရှသွားတာလဲ???
သူမက ကုယွင်၏လက်ကို
ကိုင်ကြည့်လိုက်ရင်း အံ့သြတကြီးဖြင့် "ဒါက ဘယ်လိုဖြစ်ရတာလဲ?"
အမြဲတမ်း အေးစက်ပြီး မာနကြီးလွန်းလှတဲ့ မှုခင်းဆရာဝန်ကျွော့ကို
ဘာက အရမ်း အံ့သြသွားစေတာလဲ?
သူမ၏အမူအရာကြောင့် ကုယွင်ကလည်း စိတ်ဝင်တစား ငုံကြည့်လိုက်ကာ
အံ့သြတကြီးဖြင့် "သွေးတွေ... စိမ့်နေတယ်!!"
မူလက ဖောက်ထွင်းမြင်ရသော သက်သေအိတ်၏အပြင်ဘက်ပေါ်သို့ ကျနေသည့်
သွေးစက်များက ပျောက်ကွယ်သွားပြီး သွေးနီရောင် ပါကွာ့ကွက်ပေါ်တွင် သွေးများ အမှန်တကယ်
ပေါ်လာခဲ့သည်။
ဘယ်လိုဖြစ်တာလဲ?
သက်သေအိတ်ထဲကို သွေးတွေ စိမ့်ဝင်သွားတယ်...
"အိုး!"
သူမတို့နှစ်ယောက်က ခဏလောက် အံ့အားသင့်နေပြီးမှ ကျွော့ချင်းက "ဒီတစ်ခါ
အစီရင်ခံစာရေးဖို့ ခက်လိမ့်မယ်~"
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ခါးခါးသီးသီး ပြုံးနေရင်း
သက်သေအထောက်အထားများပေါ်တွင် ကုယွင်၏သွေးများ အဘယ့်ကြောင့်ပေါ်လာသည်ကို
သိချင်နေကြသည်။ သို့သော်လည်း သူမတို့ သတိမထားမိလိုက်ချိန်တွင် ထိုသွေးများက ထောင့်ချိုးပုံသဏ္ဍာန်တလျှောက်
စီးသွားပြီး ယင်နှင့်ယန်တို့ တွေ့ဆုံနေသည့် အလယ်ဗဟိုဆီသို့ စီးဝင်သွားခဲ့သည်။
ပါကွာ့စက်ဝိုင်း၏ အလယ်ဗဟိုသို့ သွေးများကျရောက်သွားသည့်အခိုက်အတန့်တွင်
ထိုစက်ဝိုင်းဆီမှ ပြင်းထန်သော အနီရောင်အလင်းတန်းတစ်ခုကို ရုတ်တရက်
ထုတ်လွှတ်လိုက်သည်။ ကျွော့ချင်းနှင့် ကုယွင်နှစ်ဦးစလုံး ဘာမှမတုံ့ပြန်နိုင်ခင်မှာပင်
သူမတို့၏မျက်လုံးများ မည်းမှောင်သွားပြီး မူးမိုက်သွားသလို ခံစားလိုက်ရကာ
မြေပြင်ပေါ်သို့ လဲကျသွားကြသည်။
မြေပြင်ပေါ်သို့ အလင်းရောင် ပြန်ရောက်လာချိန်တွင် အစိုးရမူ့ခင်းဆရာဝန်မကြီး၏
မှုခင်းဆေးပညာကုသခန်းတွင် စားပွဲတင်မီးအိမ်ငယ်တစ်ခုသာ ကျန်ရှိနေခဲ့ပြီး
မေ့မြောနေသည့်ပုံရိပ်နှစ်ခုက မြေပြင်ပေါ်တွင် လဲကျနေကြသည်။
ကုယွင်၏လက်မှ သွေးထွက်နေသောဒဏ်ရာကလည်း အမာရွတ်ပင် မရှိတော့အောင်
ယခင်အတိုင်း ပြန်လည်ကောင်းမွန်နေပြီ ဖြစ်သည်။
ရွှေရောင်ပါကွာ့စက်ဝိုင်းက သူမတို့အနားသို့ တဖြေးဖြေး
ကျဆင်းလာကာ မူမမှန်သည့်အရာများ မရှိတော့ပေ။
ပြတင်းပေါက်အပြင်ဘက်မှ ကောင်းကင်က ကြည်လင်ပြီးရင်း ကြည်လင်လာကာ
အရာအားလုံးက အလွန်အေးချမ်းနေပုံပေါ်သည်။
Footnote:
trigram (bagua) (Chinese: 八卦; စာသားအရ- "eight symbols") သည် တာအိုစကြာဝဠာဗေဒတွင် သုံးလေ့ရှိသည့် trigrams တစ်ခုဖြစ်ပြီး လက်တွေ့ဘဝ၏ အခြေခံမူများကို ကိုယ်စားပြုရန် ၈ပိုင်းပိုင်းကာ အပြန်အလှန်ဆက်စပ်နေသော အယူအဆများ ရေးသားထားသည်ကို မြင်တွေ့နိုင်သည်။ တစ်ခုစီတွင် စာကြောင်း ၃ ကြောင်းပါရှိပြီး လိုင်းတစ်ခုစီတွင် ယင် သို့မဟုတ် ယန် အသီးသီးကို ကိုယ်စားပြုသော "ကျိုး" သို့မဟုတ် "မပြိုကွဲသော" စကားလုံးများ ပါဝင်သည်။ ၎င်းတို့၏ သုံးပွင့်ဆိုင်ဖွဲ့စည်းပုံကြောင့် ၎င်းတို့ကို အင်္ဂလိပ်လို “trigrams” ဟု မကြာခဏ ရည်ညွှန်းကြသည်။ trigrams များသည် နက္ခတ္တဗေဒ၊ နက္ခတ်ဗေဒင်၊ ပထဝီဝင်၊ ပထဝီဝင်၊ ခန္ဓာဗေဒ၊ မိသားစုနှင့် အခြားနေရာများတွင် ဆက်စပ်မှုရှိသည်။ (အရင်းအမြစ်- Wikipedia)
✍️✍️✍️