Chapter 2
Viewers 121

အခန်း ၂ မှားယွင်းသောကိုယ်ဖြင့် လက်ထပ်ခြင်း

 တအုန်းအုန်းမြည်နေသော မိုးခြိမ်းသံ၊ တဖွဲဖွဲကျနေသောမိုးနှင့်အတူ လေပြင်းတိုက်ခတ်မှုကြောင့် ကျိုးပဲ့ပျက်ဆီးနေသော ပြတင်းပေါက်များက ဘယ်၊ ညာ ယိမ်းယိုင်နေကာ အက်ကွဲသံများ ထွက်ပေါ်လာသည်။ ပြိုကျပျက်စီးနေသော ဘုရားကျောင်းငယ်လေး၏ ဘေးဘက်အခန်းတွင် အနီရောင်တောက်တောက် ရှေးခတ်မင်္ဂလာဝတ်စုံကို ၀တ်ဆင်ထားသည့် အမျိုးသမီးငယ် သုံးဦးရှိနေခဲ့သည်။ ဤမှောင်မိုက်ပြီး အုံ့မှိုင်းသောအခြေအနေက ဘုရားကျောင်းကို လွှမ်းခြုံထားသည့်လေထုကို အထူးအဆန်းဖြစ်စေပုံရသည်။

  အခန်းထဲတွင် မီးရောင်မရှိဘဲ ရံဖန်ရံခါ ပေါ်လာသော လျှပ်စီးရောင်က ပျက်စီးနေသော ဘုရားကျောင်း၏ခေါင်မိုးအစွန်းကို လင်းထိန်သွားစေခဲ့သည်။ ဓားနှင့်တူသော လျှပ်စီးကြောင်းများက မြေပြင်သို့ တည့်တည့်ရိုက်ခတ်နေပုံရပြီး ပြိုးပြိုးပြက်ပြက် လက်နေသော အဖြူရောင်အလင်းရောင်နှင့်အတူ စူးရှသော မိုးခြိမ်းသံတို့က အငယ်ဆုံးဟု ထင်ရသည့် အမျိုးသမီးလေးကို ထိတ်လန့်သွားစေခဲ့သည်။

  ချင်းမော့က အစ်မအကြီးဆုံး၏လက်ကို တင်းနေအောင် ဆုပ်ကိုင်ထားရင်း ငိုနေကာ "အကြီးဆုံးအစ်မ၊ အခု ကျွန်မတို့ ဘာလုပ်သင့်လဲ? ကျွန်မ အရမ်းကြောက်တယ်!"

 နောက်ဆုံးတွင် လျှပ်တစ်ပြက် လျှပ်စီးလက်လာသောကြောင့် အမျိုးသမီးလေးများ၏မျက်နှာများကို ရှင်းရှင်းလင်းလင်း မြင်နိုင်လာသည်။ သူမတို့ သုံးယောက်လုံး၏အလှတရားက ပြေပြစ်လွန်းလှသည်။ သူမတို့၏လှပလွန်းသော ဘယ်ဘက်ပါးပြင်လေးများက အမျိုးသမီးတိုင်းကို မနာလိုစေနိုင်သလို အမျိုးသားများကလည်း သူမတို့ကို သဘောကျစေနိုင်သည်။ သို့သော်လည်း ကံမကောင်းစွာဖြင့် သူမတို့၏ညာဖက်ပါးပြင်များတွင် ဓါးနက်နက်ဒဏ်ရာနှစ်ချက်စီ ရှိနေပြီး ညာဖက်ပါးပြင်တစ်ခုလုံးက ပျက်စီးလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ ယခုကဲ့သို့မိုးကြိုးမုန်တိုင်းများ ပြင်းထန်နေသည့် ညအတွက်တော့ သူမတို့၏အသွင်အပြင်က ထူးဆန်းလွန်းလှတော့သည်။

  ညီမငယ်၏ပခုံးကို ပွတ်သပ်ပေးနေသည့် ချင်းလင်၏မျက်နှာကလည်း ဖြူဖျော့နေကာ "ဒီတောင်ကို ဖြတ်ကျော်ပြီးရင် ‌ဟောင်ယွဲ့ပြည်ထောင်ကနေ ထွက်သွားရတော့မယ်၊ ဒီလက်ဆောင်ပဏ္ဍာဆိုတဲ့ ကံကြမ္မာကနေ လွတ်မြောက်ဖို့ ငါတို့အတွက် နည်းလမ်းမရှိတော့ဘူးလား?"

  ကျွန်မ အရှုံးမပေးချင်ဘူး!” ထိုစကားကို ပြောလိုက်သည့်မိန်းကလေးက ခေါင်းမာသော မျက်လုံးများဖြင့် ပျက်စီးနေသော ဘုရားကျောင်း၏အပြင်ဘက်မှ လျှပ်စီးနှင့် မိုးကြိုးများကို စိုက်ကြည့်နေသည်။ ချင်းဖုန့်က သူမ၏အောက်နှုတ်ခမ်းကို တင်းတင်းကျပ်ကျပ် ကိုက်ထားသောကြောင့် သူမ၏အောက်နူတ်ခမ်းက ပေါက်ထွက်လုနီးပါးဖြစ်နေကာ သွေးရောင်လွှမ်းနေလေသည်။

  ချင်းမော့က ခေါင်းကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး ချင်းဖုန့်၏ပခုံးပေါ်သို့ မှီလိုက်ကာ  ဆင်ခြင်တုံတရားရှိသော အသံဖြင့် သူမကို နှစ်သိမ့်ပေးလိုက်သည်။ "ဒုတိယအစ်မ၊ မစိုးရိမ်ပါနဲ့၊ အစ်မလက်ထပ်ရမယ့် ဝန်ကြီးချုပ်က ရှားရှားပါးပါး နှိမ့်ချတက်တဲ့ လူကြီးလူကောင်း တစ်ယောက်လို့ ကျွန်မ ကြားတယ်၊ သူက စာပေဘက်ရော ကိုယ်ခံပညာမှာပါ ထူးချွန်တယ်တဲ့၊ သူက အစ်မကို ဆိုးဆိုးရွားရွား မဆက်ဆံလောက်ပါဘူး”

 သနားစရာအကောင်းဆုံးက နန်းတော်ကို ပို့ခံရတော့မယ့် အကြီးဆုံးအစ်မပဲ။ ဒဏ္ဍာရီတွေအရ ချုံယွဲ့ဘုရင်က စိတ်သဘောထားသေးသိမ်ပြီး သွေးဆာတတ်တယ်တဲ့။ နူးညံ့သိမ်မွေ့ပြီး အရှက်အကြောက်ကြီးတဲ့ အစ်မအကြီးဆုံးက အဲ့လိုအခြေအနေကို ဘယ်လို သည်းခံနိုင်ပါ့မလဲ!

  ချင်းဖုန့်က လှောင်ပြောင်ပြီး "ဘယ်သူက ဂရုစိုက်မှာလဲ!!"

ချင်းဖုန့်က နောက်ပြန် လှည့်လိုက်ပြီး သူမ၏လက်တစ်ဖက်ဖြင့် အစ်မအကြီးဆုံး၏လက်တစ်ဖက်ကို ကိုင်လိုက်ကာ နောက်လက်တစ်ဘက်က သူမညီမလေး၏လက်တစ်ဖက်ကို ဆွဲထားရင်း ပြင်းပြင်းထန်ထန် အော်ဟစ်လိုက်သည်။

"အရမ်းမုန်းတယ်! ချုံယွဲ့ရဲ့သခင်က ဘာလို့ စကားလုံးတစ်လုံးတည်းနဲ့ သူ လုပ်ချင်တာကို လုပ်နိုင်ရတာလဲ? ငါတို့ရဲ့ဧကရာဇ်က အရည်အချင်း မရှိဘူးလား? ငါတို့ ချင်းမိသားစုက သူရဲ့အရည်အချင်းမရှိမှုအတွက် ဘာလို့ တာဝန်ယူရမှာလဲ? သူက ငါတို့ မိဘတွေကို သတ်ပြီး ဘာလို့ ငါတို့ကို လက်ဆောင်ပဏ္ဍာအဖြစ် သုံးတာလဲ? ချုံယွဲကြောင့်လား? ဘာကြောင့်လဲ?”

  ချင်းလင်က သွေးဆူမှုနှင့် မုန်းတီးမှုများကြောင့် ပုံပျက်ပန်းပျက်ဖြစ်နေသော ချင်းဖုန့်၏မျက်နှာလေးကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ရင်း သက်ပြင်းချလိုက်သည်။

"ချုံယွဲ့က တိုင်းပြည်ခြောက်ခုရဲ့ အုပ်စိုးသူလေ၊ တိုင်းပြည်တိုင်းက သူ့ကို ကိုးကွယ်ကြရတယ်၊ သူက တိုင်းပြည်အားလုံးရဲ့ဘုရင်ဆိုတော့ သူက သူ့လက်အောက်ခံတွေကို သေစေချင်ရင် သေကို  သေရမှာပဲ။ ဘယ်သူက ငါတို့ကို ကူကယ်ရာမဲ့ မိန်းကလေးတွေ ဖြစ်ခိုင်းလို့လဲ?”

တကယ်တော့ သူမတို့ရဲ့ ကံတရားက သူမတို့ လက်ထဲမှာ မရှိပါဘူး။

ချင်းဖုန့်က ချင်းလင်၏လက်ကို ခါထုတ်ပစ်လိုက်ပြီးနောက် ရုတ်တရက် ထရပ်ကာ နောက်ပြန်လှည့်လိုက်ပြီး "ဒါဆို ကျွန်မတို့က မိန်းကလေးတွေ ဖြစ်နေတော့ရော ဘာဖြစ်လဲ? ကျွန်မ ချုံယွဲ့ကို မသွားဘူး!"

  ဒုတိယအစ်မ၏ ခေါင်းမာသောကျောပြင်နှင့် အကြီးဆုံးအစ်မ၏ စိုးရိမ်သောကရောက်နေသော မျက်နှာကိုကြည့်ရင်း ချင်းမော့က "လူတိုင်းသဘောကျရတဲ့ ဒီမျက်နှာတွေကို ကျွန်မတို့ ဖျက်ပစ်လိုက်တာတောင် သူတို့က ကျွန်မတို့ကို ချုံယွဲ့ကို ပို့ချင်နေကြတုန်းပဲ! ဒုတိယအစ်မ၊ ကျွန်မတို့ ဘာမှ မတက်နိုင်ဘူးလေ၊  ပြောင်းလဲဖို့ တစ်ခုခု လုပ်နိုင်ဦးမှာလား?”

  သူမ၏နှလုံးသားကို နာကျင်စေသည့် ပါးပြင်ကို ညင်သာစွာ ပွတ်သပ်ရင်း ချင်းဖုန့်က အသက်ကို ပြင်းပြင်းရှူကာ  အံကြိတ်လိုက်ရင်း ပြန်ပြောလိုက်သည်။ "ငါ သေရင်တောင် ငါ... ချင်းဖုန့်က ငါ့ကို ဘယ်သူကမှ ခြယ်လှယ်ခွင့် မပေးနိုင်ဘူး။ အထူးသဖြင့် သူ့လက်တွေမှာ ငါ့မိဘတွေရဲ့သွေးတွေစွန်းထင်းနေတဲ့ အဲဒီလူ... ငမိုက်သားဘုရင်”

  ချင်းလင်က ထိတ်လန့်သွားပြီး စိုးရိမ်တကြီးဖြင့် "ဖုန့်အာ၊ နင်က ဘာလုပ်ချင်တာလဲ?!"

  ချင်းဖုန့်က နောက်သို့ ဖြည်းညှင်းစွာ ပြန်လှည့်လာပြီး  လက်သီးကို တင်းတင်းဆုပ်ထားကာ "အစ်မ၊ ငါ ဟောင်ယွဲမှာ နေချင်တယ်၊ ငါ့ခန္ဓာကိုယ်ပဲ ကျန်နေခဲ့မယ်ဆိုရင်တောင် ဒီမှာပဲ မိဘတွေနဲ့ အတူနေချင်တယ်!"

 ချင်းဖုန့်၏စကားကို ဖြည့်ဆည်းပေးလိုက်သကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သည့် အဖြူရောင်လျှပ်စီးကြောင်းက သူမတို့ဆီ တည့်တည့်ကို ရိုက်ခတ်လာပြီး ချင်းဖုန့်၏မျက်နှာပေါ်တွင် တောက်ပသည့်အလင်းတန်းများ လင်းလက်လာလေသည်။

ချင်းလင်ကလည်း ရုတ်တရက် စိတ်သက်သာရာရသွားပုံဖြင့် ချင်းဖုန့်၏လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်ကာ "ကောင်းပြီလေ၊ ညီမလေး၊ ငါ မင်းနဲ့အတူ လိုက်ခဲ့ပေးမယ်၊ ဘာပဲဖြစ်ဖြစ် ငါ့အတွက်လည်း အသက်ရှင်ရတာက ဘာအဓိပ္ပါယ်မှ မရှိပါဘူး"

တကယ်တမ်းကျတော့ တွေးနေစရာတောင် မလိုတော့ပါဘူး။ အဲ့တာက အနာဂတ်မှာ သူမတို့ ကြုံတွေ့ရမယ့်အရာအားလုံးကနေ သက်သာရာရစေနိုင်တယ်လေ။

  မြေကြီးပေါ်တွင် တဝက်ဝပ်တွားနေသော ချင်းမော့က အလျင်အမြန် ထရပ်လာကာ အစ်မများ၏လက်များကို လှမ်းဆွဲလိုက်ပြီး "အစ်မတို့ ဘာပဲလုပ်လုပ် ကျွန်မလည်း လုပ်မယ်။ မော့အာက အစ်မတို့ကို ဘယ်တော့မှ ထားခဲ့မှာ မဟုတ်ဘူး!"

  ချင်းလင်က တုံ့ဆိုင်းနေပြီး အပြစ်ကင်းစင်သော ချင်းမော့ကို စူးစူးစိုက်စိုက် ကြည့်နေခဲ့သည်။

မော့အာက သေခြင်းတရားရဲ့အဓိပ္ပါယ်ကို နားမလည်သေးတာလည်း ဖြစ်နိုင်တယ်လေ... သူမက အခုမှ အသက်ဆယ့်ငါးနှစ်ပဲ ရှိသေးတာ!

  ချင်းမော့၏ အပြစ်ကင်းစင်သော မျက်လုံးကြီးများကြောင့် ချင်းဖုန့် အသည်းကွဲသွားရသော်လည်း မော့အာတစ်ယောက် စစ်မြေပြင်တွင် ကျော်ကြားသော အေးစက်သည့် သားသတ်သမားနှင့် လက်ထပ်ရတော့မည်ဟု တွေးလိုက်မိချိန်တွင် ချင်ဖုန်းက ချက်ချင်း တုန်လှုပ်သွားပြီး "ညီမလေး၊ ငါ့ညီမလေးက အရမ်းတော်တယ်၊ ဒါပေမယ့် ငါတို့ရဲ့မော့အာလေးက ရိုးရိုးရှင်းရှင်း နေတက်ပြီး အရမ်းကြင်နာတက်တယ်၊ ငါတို့ သူ့ကို ဒီကမ္ဘာမှာ တစ်ယောက်တည်းထားခဲ့ရင် သူ(မ)ပဲ ဒုက္ခရောက်လိမ့်မယ်။ ဒီနေ့ ဒီပျက်စီးနေတဲ့ ဘုရားကျောင်းမှာ ငါတို့မိသားစုတွေ ပြန်ဆုံတွေ့ကြရအောင်"

Qing ညီအစ်မများ သူတို့၏ဘဝတွင် ကြေကွဲစရာမကြုံမီ ပျော်ရွှင်နေသော အခိုက်အတန့်လေး (E-Tran ထည့်ပေးထားတာ)

  တွဲထားသည့် လက်သုံးစုံကို ကြည့်နေရင်း ချင်းလင်က သူမ၏နှလုံးသားတစ်ခုလုံး နွေးထွေးသွားသလို ခံစားလိုက်ရသည်။ သူမက သူမကိုယ်သူမ ပြန်နှစ်သိမ့်ပေးသလိုပုံဖြင့် အားတက်သရော ခေါင်းညိတ်လိုက်ကာ "ကောင်းတယ်၊ မိသားစုပေါင်းဆုံတာက အကောင်းဆုံးပဲ!"

  လူသုံးယောက်က ဘုရားကျောင်းခေါင်မိုးပေါ်မှ ထုပ်တန်းများကို မော့ကြည့်ရင်း တစ်ယောက်ကို တစ်ယောက် နားလည်မှုဖြင့် ပြုံးပြလိုက်ကြသည်။ မိဘများ ဆုံးပါးသွားပြီးနောက် ပထမဆုံးအကြိမ် ရယ်မောလိုက်ခြင်းက ယနေ့မှ စပြီး သူမတို့ ဘယ်သောအခါမှ ခွဲခွာရတော့မည် မဟုတ်တော့သောကြောင့် ဖြစ်သည်။

  သူမတို့က သူမတို့၏ခါးပတ်ပတ်လည်ရှိ ပိုးသားအနီရောင်ခါးစည်းကို သေသေသပ်သပ် ချွတ်ကာ အလွန်လှပသော အနီရောင်အဝတ်အစားများကို ချွတ်လိုက်ပြီး ရိုးရိုးအဖြူအတွင်းအင်္ကျီကိုသာ ချန်ထားလိုက်ကြသည်။ သူမတို့က အနီရောင်ပိုးသားခါးစည်းများကို ကြိုးတန်းများပေါ်တွင် အသာအယာတွဲလောင်းချထားကာ သုံးယောက်သား ကျိုးနေသော လေးထောင့်စားပွဲပေါ်တွင် မတ်တပ်ရပ်လျက် သူမတို့လည်ပင်းများကို အနီရောင်ပိုးသားကြိုးထဲသို့ မဆိုင်းမတွ ထည့်လိုက်ကြသည်။

  ချင်းလင်က သူမဘေးနားရှိ ညီမလေးများကို စိုက်ကြည့်ရင်း မျက်လုံးမှိတ်ကာ တိုးတိုးလေး ပြောလိုက်သည်။

"ဖုန့်အာ၊ မော့အာ၊ ငါတို့ နောက်ဘဝတွေမှာတောင် ညီအစ်မတွေ ဖြစ်နေကြဦးမှာပါပဲ!"

  "အင်း!" ချင်းဖုန့်နှင့် ချင်းမော့က အားတက်သရော ခေါင်းညိတ်လိုက်ကြသည်။

  သူမတို့ သုံးယောက် တစ်ယောက်၏လက်ကို တစ်ယောက်တွဲထားပြီး လေးထောင့်စားပွဲကို ပေါ့ပေါ့တန်တန် ကန်လိုက်ကြရာ ပိုးနီကြိုးများက ရုတ်တရက် တင်းကျပ်သွားပြီး သက်ရှိသုံးယောက်က လောကကြီးမှ တဖြေးဖြေး ထွက်ခွာသွားတော့သည်။

 ချင်းမိသားစုမှ ညီအစ်မများကို ချုံယွဲ့သို့ ခေါ်ဆောင်သွားရမည့် စစ်သားများက ပျက်စီးနေသော ဘုရားကျောင်း၏ ပင်မခန်းမဆောင်တွင် အနားယူနေကြသည်။ ရုတ်တရက် တဖွဲဖွဲကျလာသော မိုးရေများကို သူတို့ မြင်လိုက်ရပြီး ရုတ်တရက် ရွာကျလာသည့် မိုးက ပျက်စီးယိမ်းယိုင်နေသော ဘုရားကျောင်း၏ခေါင်မိုးကို အပိုင်းပိုင်း ခွဲဖြိုတော့မယောင် ဖြစ်နေခဲ့သည်။

  စစ်သည်တစ်ယောက်က တွန့်ဆုတ်သွားပြီး သူ့လည်ပင်းကို ဆန့်တန်းလိုက်သည်။

ခုမှ နွေဦးပေါက်တာလေ... နွေဦးရာသီမှာ ဒီလိုမိုးသည်းသည်း ထန်ထန်ရွာတာကို သူ့တစ်သက်မှာ တစ်ခါမှ မမြင်ဖူးဘူး!

 သူက ချင်းမိသားစုမှ မိန်းခလေးများရှိရာ ဘေးဘက်ခန်းမသို့ ပေါ့ပေါ့ဆဆ လှမ်းကြည့်လိုက်မိပြီး ထိုမြင်ကွင်းက သူ့ဘဝကို တစ်ဝက်လောက် သေစေနိုင်သည်အထိ သူ့ကို ကြောက်လန့်သွားစေခဲ့သည်။ အဖြူရောင်လင်းလက်နေသည့် လျှပ်စီးများ၏အလင်းရောင်အောက်တွင် ဖြောင့်တန်းနေသည့် အရိပ်သုံးခုက လေထဲမှာ တွဲလောင်းကျနေကာ ၎င်းတို့၏ အဝတ်အစားများက လေထဲတွင် လွင့်ပျံနေလေသည်။

 စစ်သည်ငယ်လေးက ထူးဆန်းသော အသံဖြင့် အော်ဟစ်လိုက်ပြီး လီရှ၏ရှေ့သို့ လဲကျသွားခဲ့သည်။

"တစ္ဆေ... သရဲတစ္ဆေတွေရှိတယ်”

    "ဘာလဲ?!" လီရှက လန့်ဖျပ်သွားပြီး ရှောင်ပမ်း ကြည့်နေသည့်နေရာကို လိုက်ကြည့်လိုက်သည်။ ယိမ်းနွဲ့နေသည့် အရိပ်သုံးခု၏မြင်ကွင်းက သူ့ကို အေးစက်သော ချွေးများထွက်လာစေသည်။

 ချင်းမိသားစုက မိန်းခလေးတွေ ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချတာလား?!

  လီရှက အမြန်ထရပ်လိုက်ပြီး ခန်းမတံခါးကို တွန်းဖွင့်လိုက်သည်။ ကြမ်းပြင်ပေါ်မှ အနီရောင်အဝတ်အစားများနှင့် အနီရောင်ပန်းထိုးထားသည့် ဖိနပ်သုံးရံက သူ့မျက်လုံးရှေ့တွင် ထွက်ပေါ်လာခဲ့သည်။ လီရှလည်း ထိတ်လန့်သွားပြီး နောက်ပြန်လှည့်ကာ အလောတကြီး လှမ်းအော်လိုက်သည်။ "မြန်မြန်... မြန်မြန်...သူတို့ကို မြန်မြန်သွားကယ်!!"

  စစ်သည်တစ်စု ယောက်ယက်ခက်သွားပြီး နောက်ဆုံးတွင် အမျိုးသမီးသုံးယောက်ကို အောက်ပြန်ချနိုင်ခဲ့သည်။

  လီရှက ဘယ်ဘက်အစွန်ဆုံးမှ ချင်းမော့ကို စိုက်ကြည့်ကာ စိုးရိမ်တကြီး လှမ်းမေးလိုက်သည်။

"သူ(မ) အဆင်ပြေရဲ့လား?"

  ရှောင်ပမ်းက ချင်းမော့၏အသက်ရှုသံကို ဂရုတစိုက်နဲ့ စစ်ဆေးလိုက်ပြီး "သူ(မ)... သေပြီ"

  လီရှက တုန်ယင်နေသောလက်ညှိုးဖြင့် ချင်းဖုန့်ကို ညွှန်ပြကာ စိုးရိမ်တကြီးဖြင့် "ဒါ... ဒါကရော ဘယ်လိုလဲ?"

  နောက်တစ်ယောက်၏အသက်ရှုလမ်းကြောင်းကို စမ်းသပ်ပြီးနောက် ရှောင်ပမ်းက သူ့လက်ကို ပြန်ချလိုက်ပြီး သူ့၏ခေါင်း‌ဆောင်ကို လှမ်းကြည့်လိုက်ရာ ခေါင်းဆောင်လီ၏မျက်နှာက ဖြူဖျော့လာသည်ကို သူ တွေ့လိုက်ရသည်။

ရှောင်ပမ်းကလည်း ကြောက်ရွံ့လွန်းနေပြီး ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်သည်။

  အားလုံး သေပြီလား!?

လီရှက ချွေးအေးများထွက်လာပြီး သူ့၏စိတ်နှလုံးကြေမွသွားသလို ခံစားလိုက်ရသည်။

ဒီချင်းမိသားစုက ညီအစ်မတွေက ချုံယွဲ့ဘုရင်ကနေ ခန့်အပ်ထားတဲ့ ဂုဏ်ပြုခံမိန်းမပျိုတွေပဲ၊ အခု သူမတို့က ဒီလိုမျိုး သေသွားကြတယ်။ သူ ဘယ်လို အသက်ရှင်သန်နိုင်တော့မှာလဲ! ‌ဟောင်ယွဲ့ပြည်ထောင်ကျဆုံးသွားမှာကိုတောင် သူ ကြောက်နေပြီ။

လီရှက မျှော်လင့်ချက်အားလုံး ဆုံးရှုံးသွားသလို ခံစားနေရချိန်တွင် ရှောင်ပမ်းက ရုတ်တရက် ထအော်လိုက်သည်။ "ခေါင်းဆောင်၊ ချင်းမိသားစုရဲ့အကြီးဆုံးအမျိုးသမီးက အသက်ရှုနေသေးတယ်"

  "တကယ်လား! ကောင်းတယ်! သူ(မ)ကို ရထားလုံးပေါ်မြန်မြန်တင်ပြီး သမားတော်ကိုခေါ်!"

နောက်ဆုံးတော့ အသက်ရှင်တဲ့သူတစ်ယောက် ရှိသေးတယ်။

  လီရှက မင်္ဂလာဝတ်စုံကို ချင်းလင်၏ကိုယ်ပေါ်သို့ ပြန်ဝတ်ပေးရန် စစ်သည်များအား အလျင်အမြန် ညွှန်ကြားလိုက်ပြီး ကျန်အလောင်းနှစ်လောင်းကို ဂရုမစိုက်ဘဲ မြေပြင်ပေါ်တွင် ချထားလိုက်သည်။

  ပျက်စီးနေသောဘုရားကျောင်းအပြင်ဘက်မှ မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာပြီး စူးရှတောက်ပသော အဖြူရောင်အလင်းတန်းများက ထက်ရှနေသောဓားရှည်များကဲ့သို့ ဖြစ်နေလေသည်။ ဘုရားကျောင်းအတွင်း မြေပြင်ပေါ်တွင် သေဆုံးနေသော အလောင်းများကလည်း အလွန်သနားစရာကောင်းနေခဲ့သည်။ စစ်သားငယ်လေးက ကြောက်လန့်နေသော်လည်း ထိုမိန်းခလေးငယ်များကို မကြည့်ရက်သောကြောင့် သူမတို့၏မင်္ဂလာဝတ်စုံများကို ကောက်ယူကာ သူမတို့ပေါ်သို့ ဂရုတစိုက် ခြုံပေးလိုက်သည်။

  သူ ထရပ်ပြီး ထွက်ခွါခါနီးတွင် လျှပ်စီးနှင့်မတူသည့် အနီရောင်အလင်းတန်းများ လင်းလက်လာပြီး မြေပြင်ပေါ်မှ အသက်မရှုတော့သည့် လူနှစ်ယောက်က ရုတ်တရက် မျက်လုံးများ ပြူးကျယ်လာကြသည်။

"အား————" စစ်သည်ငယ်လေး၏အော်သံက ပျက်စီးနေသည့် ဘုရားကျောင်းထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။

  ပင်မခန်းမအပြင်ဘက်သို့ ပြန်သွားနေသော လီရှက စိတ်မရှည်စွာဖြင့် "မင်း ထပ်ပြီး အော်နေပြန်ပြီလား? မင်းက ဘယ်လိုကောင်လဲ?"

  သူ(မ)…သူ(မ)တို့…” ယခုတစ်ကြိမ်တွင် ရှောင်ပမ်းက ဘာမှ ပြန်မပြောနိုင်တော့ဘဲ ထိတ်လန့်တကြားဖြင့် ဘေးဘက်ခန်းမထဲမှ တွားသွားထွက်လာခဲ့သည်။

  အမျိုးသမီး အလောင်းနှစ်လောင်းက သူ့ကို ဘယ်လိုတောင် ကြောက်လန့်စေနိုင်တာလဲ!

         လီရှက သံသယဝင်လာပြီး ဘေးခန်းထဲသို့ ပြန်ဝင်သွားကြည့်လိုက်ရာ လွန်ခဲ့သောအခိုက်အတန့်က တိတ်ဆိတ်နေသော အမျိုးသမီးနှစ်ဦး၏ ရင်ဘတ်နှင့် ဝမ်းဗိုက်များက အံ့သြဖွယ်ကောင်းလောက်အောင် မို့မောက်တက်လာကာ အနည်းငယ် ပြန်ကျဆင်းသွားသည်ကို သူ တွေ့လိုက်ရသည်။ သူမတို့၏မျက်လုံးများက တင်းတင်းစေ့ပိတ်ထားသော်လည်း သူမတို့၏မျက်နှာများက ပြာနှမ်းနေပုံ မပေါ်ပေ။

  "အိုး ဒါက တကယ်ကို မိုးနတ်မင်းရဲ့ကောင်းချီးပဲ၊ မိုးနတ်မင်းက ငါ့ကို ကောင်းချီးပေးတာပဲ!" လီရှကတော့ ဝမ်းသာပီတိ ဖြစ်သွားခဲ့သည်။  

နောက်ဆုံးတော့ သူမတို့ မသေဘူးလေ။ နောက်ဆုံးတော့ သူ့အသက်ကိုလည်း ကယ်တင်နိုင်ပြီပေါ့။ 

"လာကြစမ်း၊ မြန်မြန်လာကြစမ်း၊ သူ(မ)တို့ကို သယ်သွားလိုက်!"

  လေပြင်းနှင့် မိုးရေထဲတွင် စစ်သည်များက ပျက်စီးနေသော ဘုရားကျောင်းထဲမှ လူနှစ်ဦးကို ထပ်မံသယ်ထုတ်သွားကြသည်။ ချင်းလင်ကို ရထားလုံးပေါ်သို့ ပို့ပေးခါနီးတွင် လီရှက ရုတ်တရက် အော်လိုက်သည်။

"ခဏနေဦး"

  ဒီသုံးယောက်က ရုပ်ပျက်ဆင်းပျက် ဖြစ်နေတာတောင် ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ကြသေးတယ်။ ဒီတစ်ခါ မသေပေမယ့် ဒီနေရာကနေ ချုံယွဲ့ကို ရောက်ဖို့ ဆယ်ရက်ကျော်စာ ခရီးကျန်နေသေးတယ်။

သူက တစ်ခုခုကို စိတ်ဖြင့် တွက်ချက်လိုက်ပြီး လေးနက်သောလေသံဖြင့် အမိန့်ပေးလိုက်သည်။

"သူ(မ)တို့ကို တစ်ယောက်နဲ့ တစ်ယောက်ခွဲထားပြီး လှည်းတစ်စီးစီပေါ်ကို တင်လိုက်၊ သူ(မ)တို့ကို နောက်တစ်ခါ ပြန်ဆုံခွင့် မပေးတော့ဘူး။ သူ(မ)တို့သောက်မယ့် ရေထဲမှာ မူးမေ့ဆေးထည့်ပြီး သူ(မ)တို့ကို ချုံယွဲ့တိုင်းပြည်ကို အသက်ရှင်လျက် ပို့ဆောင်ရမယ်!"

  "ဟုတ်ကဲ့!" သူမတို့သုံးယောက်ကို ရထားလုံးသုံးစီးထဲသို့ ထည့်လိုက်ပြီး ချက်ခြင်း ချုပ်နှောင်လိုက်ကြသည်။

  ချင်းမိသားစုက ညီအစ်မတွေ... ငါ့ကို အပြစ်မတင်ပါနဲ့၊ မင်းတို့ အပြစ်တင်ချင်ရင် ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်လိုက်ကြပါ။

မင်းတို့ကို တိုင်းပြည်ခြောက်ခုလုံးမှာ ရင်သပ်ရှုမောအောင်လှပစေဖို့ ဘယ်သူက လုပ်ခဲ့လို့လဲ? ဘယ်သူက  မင်းတို့ကို ထက်မြက်စေတာလဲ? ဘယ်သူက မင်းတို့ကို ကျော်ကြားအောင်လုပ်ခဲ့တာလဲ? မင်းတို့ မျက်နှာတွေ ရုပ်ပျက်ဆင်းပျက်ဖြစ်နေရင်တောင် မင်းတို့ ဒီမှာ သေလို့ မရဘူး၊ မင်းတို့ သေမယ်ဆိုရင်တောင် ချုံယွဲ့မှာဘဲ သေရမယ်!

(Note: ‌‌ဟောင်ယွဲ့က တောက်ပတဲ့လလို့ အဓိပ္ပါယ်ရပြီး ချင်းညီအစ်မတွေနေတဲ့ တိုင်းပြည်ပါ။ ချုံယွဲ့က မြင့်မားတဲ့တောင်လို့  အဓိပ္ပါယ်ရပြီး သူတို့ကို ပို့မယ့်တိုင်းပြည်ပါ။ ချုံယွဲ့က တိုင်းပြည်ခြောက်ခုမှာ အင်အားအကြီးဆုံးပါ)

✍️✍️✍️