Chapter 3
Viewers 129

အခန်း ၃  ပြန်ပေးဆွဲမှု

  နွေဦးရာသီက ရောင်စုံပန်းပွင့်များကို လှပစေသောရာသီဖြစ်သည်။ ချုံယွဲ့တိုင်းပြည်က သာယာဝပြောပြီး မြို့တော်ဟွမ်းယန်က သဘာဝရှုခင်းများဖြင့် ပြည့်နှက်နေသည်။ မြို့ထဲသို့မဝင်မီတွင်ပင် မြို့တွင်းမှ ဆူညံသံများကို ကြားနေရပြီ ဖြစ်သည်။ အဓိကလမ်းမကြီး၏ တစ်ဖက်တစ်ချက်စီတွင် ကုန်သည်များနှင့် အရပ်သားများ အများအပြား ဝင်ရောက်လျက်ရှိနေသလို တချို့ကလည်း အလွန်အသက်ဝင်နေသော ဟွမ်းယန်မြို့မှ ထွက်ခွာသွားကြသည်။

  လူများ၏မျက်နှာများပေါ်သို့ လေပြေညှင်းလေးများ ပျံလွင့်နေပြီး  ငှက်ကလေးများက တေးဆိုနေကာ ပန်းများက မွှေးပျံ့နေလေသည်။ သူတို့ ဟွမ်းယန်မြို့တံခါးသို့ ရောက်ခါနီးနေလာသည်ကို မြင်လိုက်ရချိန်တွင် လီရှက ဝမ်းသာနေသလို လန့်လည်းလန့်နေမိသည်။ 

ကံကောင်းထောက်မစွာနဲ့ ဆယ်ရက်ကျော်လောက် ပြေးလွှားခဲ့ရပြီး နောက်ဆုံးမှာမှ သူတို့က အန္တရာယ်မရှိဘဲ ရောက်ရှိလာနိုင်ခဲ့ကြတာပါ။ ကြောက်စရာကောင်းတာက အမျိုးသမီး သုံးယောက်ရဲ့ မျက်နှာတွေက ...

        ရထားလုံး၏အတွင်းပိုင်းတွင် သွယ်လျသည့်လက်လေးတစ်ဖက်က ပြတင်းပေါက်အနိမ့်လေး၏ ရာဇမတ်ကွက်ကို ဆုပ်ကိုင်ရန် ရုန်းကန်နေခဲ့ပြီး ထိုနေရာကို မထိနိုင်ခိုင် အားနည်းစွာ လဲကျသွားသည်မှာ စိတ်မကောင်းစရာပင်။

  မမှီလိုက်ဘူး!

  ကျွော့ချင်းက သူမ၏ ညာလက်ကို ထပ်မံဆန့်ထုတ်ရန် ကြိုးစားလိုက်သည်။ ယခုတစ်ကြိမ်တွင် ပိုအဆင်ပြေလာပြီး သူမ၏ လက်ချောင်းများက ပြတင်းပေါက်အစွန်းကို ထိနိုင်သွားခဲ့သည်။ အသက်ကို ပြင်းပြင်းရှူပြီးနောက် ကျွော့ချင်းက သူမ၏ ခန္ဓာကိုယ်ကို ဘယ်ဘက်လက်ဖြင့် ထောက်ပံ့နိုင်ရန် အကောင်းဆုံး ကြိုးစားနေခဲ့သည်။ အကြိမ်ကြိမ်လဲကျပြီးနောက် နောက်ဆုံးတွင် သူမ၏ခန္ဓာကိုယ်ကို ထူမတ်နိုင်ခဲ့သည်။

  သူမနဖူးပေါ်မှ ချွေးများက သူမ၏ပါးပြင်များပေါ်သို့ လျှောကျလာပြီး ညာဘက်မျက်နှာပေါ်မှ ဒဏ်ရာက ပြင်းပြင်းထန်ထန် နာကျင်လာသောကြောင့် ကျွော့ချင်းကို ပိုမိုနိုးကြားလာစေခဲ့သည်။

သူမ ဒီနေရာငယ်လေးထဲမှာ ရက်ပေါင်းများစွာ ပိတ်လှောင်ခံထားခဲ့ရတယ်။ တစ်စုံတစ်ဦးက သူမကို midazolam ပါဝင်တဲ့ ဆေးအမြောက်အမြားကို နေ့တိုင်းနေ့တိုင်း တိုက်ကျွေးနေခဲ့တယ်။ နောက်ပိုင်းရက်တွေမှတော့ သူမက မေ့မြောဟန်ဆောင်နေခဲ့ပြီး ‌ဆေးဝင်လာတာနဲ့ ငုံထားပြီး တိတ်တိတ်လေး ပြန်ထွေးထုတ်ခဲ့တယ်။ အခုအချိန်မှာ  သူမရဲ့စိတ်က ကြည်လင်လာပြီဆိုပေမယ့် သူမရဲ့ခြေတွေ လက်တွေကတော့ အားနည်းနေသေးတယ်။

  ကုယွင် ဘယ်မှာလဲ?  ရုံးခန်းထဲမှာ တိုက်ခိုက်ခံရပြီး အတူတူ အဖမ်းခံလိုက်ရတာလား? ဒီလူတွေက ဘယ်သူတွေလဲ? သူတို့ ဘာလုပ်ချင်လို့လဲ?  သယ်ယူပို့ဆောင်ရေးအတွက် ဘာလို့ မြင်းလှည်းတွေကို ‌ရွေးချယ်ထားကြတာလဲ? သူမ အခု ဘယ်မှာလဲ?

 ကျွော့ချင်း၏ အမြဲတမ်း ထက်မြက်သော စိတ်က သဲလွန်စအချို့ကို ရှာဖွေရန် မျှော်လင့်လျက် လျင်မြန်စွာ လည်ပတ်နေသော်လည်း ကံမကောင်းစွာဖြင့် သူမ၏ စိတ်ထဲတွင် မေးခွန်းပေါင်းများစွာ ဝိုင်းရံနေခဲ့သည်။

  ခရီးသွားနေသည့် ရထားလုံးက ရုတ်တရက် ရပ်သွားပြီး ရထားလုံးအပြင်ဘက်မှ သူမနှင့် ရင်းနှီးနေသည့် အမျိုးသားအသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံက ရိုသေစွာဖြင့် ချော့မော့နေသော အသံဖြစ်ပြီး "သခင်ကြီး၊ ချင်းမိသားစုရဲ့မိန်းမပျိုသုံးယောက်ကို ခေါ်ဆောင်လာပါပြီ၊ ကြည့်ပါဦး..."

  သူမ ဒီအသံကို မှတ်မိတယ်။ အခုရက်ပိုင်း ရထားလုံးအပြင်ဘက်မှာ မကြာခဏ ထွက်ပေါ်လာတက်ပြီး သူက ဒီပြန်ပေးဆွဲမှုရဲ့ကြိုးကိုင်သူ ဖြစ်နိုင်တယ်။

  အပြင်ဘက် ပတ်ဝန်းကျင်က အနည်းငယ် ဆူညံနေပုံပေါ်ပြီး ကျွော့ချင်းတစ်ယောက် ဂရုတစိုက် နားထောင်နေရသည်။ ခဏအကြာတွင် အနည်းငယ် လေးနက်ပုံရသည့် အမျိုးသားအသံတစ်သံက အေးစက်စွာ ပြန်ဖြေလာခဲ့သည်။

"ဧကရာဇ်က နူတ်မိန့်ပေးခဲ့တယ်။ ချင်းမိသားစုရဲ့အကြီးဆုံးသမီးက နန်းတော်ထဲကို ချက်ချင်း ဝင်ရမယ်၊ ဒုတိယမိန်းကလေးကို ၀န်ကြီးချုပ်လို့ရဲ့ အိမ် တော်ကို ပို့ရမယ်။ တတိယမိန်းကလေးကိုတော့ စစ်သူကြီးစုရဲ့အိမ်တော်ကို ပို့ရမယ်၊ မင်းတို့ရဲ့ကြိုးစားပေးမှုအတွက် ကျေးဇူးတင်ပါတယ်၊ ခေါင်းဆောင်လီ ကံကောင်းပါစေ၊ ကျေးဇူးပြုပြီး ပြန်လို့ရပါပြီ!”

  ဧကရာဇ်လား? နန်းတော်ထဲကို ဝင်ရမှာလား?

  ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံတွေက ဘုရင်စနစ်ကို ကျင့်သုံးနေသေးတာလဲ?

 သူမ တရုတ်ပြည်ကနေ တင်ပို့ခံလိုက်ပြီဆိုတာ ထင်ရှားနေပြီ။ 

သူတို့စကားစမြည်ပြောနေသည်ကို နားထောင်လိုက်ချိန်တွင် ကျွော့ချင်းက သူမနှင့်အတူ ပြန်ပေးဆွဲခံရသည့် နောက်ထပ် လူနှစ်ယောက်ရှိနေမှန်း သေချာသိလိုက်ရသည်။

  ကျွော့ချင်းက အသက်ရှုအောင့်ကာ ဆက်နားထောင်နေလိုက်သည်။

  ရထားလုံးအပြင်ဘက်တွင် လီရှက ချက်ချင်း ဦးညွှတ်အလေးပြုလိုက်ပြီး "ကြင်နာမှုအတွက် ချုံဧကရာဇ်ကို ကျေးဇူးတင်ပါတယ်"

  ယဉ်ကျေးသော အရာရှိက လီရှကို တစ်ချက်မျှ မကြည့်ဘဲ ရထားလုံးသုံးစီးကို လှမ်းကြည့်ကာ "ဘယ်တစ်စီးက အကြီးဆုံးချင်းမိန်းခလေးရဲ့ ရထားလုံးလဲ?"

  လီရှက အလယ်မှ ရထားလုံးကို ညွှန်ပြလိုက်ရင်း "ဒါပါ" ဟု အလျင်အမြန် ပြန်ဖြေလိုက်သည်။

  နန်းတွင်းဝတ်စုံဝတ်ထားသော လူနှစ်ယောက်က ထိုရထားလုံးဆီသို့ အမြန်လျှောက်သွားကာ မြင်းဇက်ကြိုးကိုင်လိုက်ပြီး အခမ်းအနားမှူးကို အမိန့်ပေးလိုက်သည်။

"နန်းတော်ကို ပြန်သွားကြမယ်!"

  ထိုအဖွဲ့က အရှေ့မြို့တံခါးဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားကြသည်။

  မြို့တံခါး၏အပြင်ဘက်တွင် လူအုပ်စုနှစ်စု ကျန်ရှိနေပြီး တစ်ချက်ကြည့်ရုံဖြင့် သူတို့၏သခင်များကို သိနိုင်သည်။ လီရှက သူတို့ကို လှမ်းကြည့်လိုက်ပြီး လက်ဝဲဘက်ရှိ ယဉ်ကျေးပျူငှာပုံနှင့် အပြာရောင်အင်္ကျီဝတ်ထားသည့်အမျိုးသားက ဝန်ကြီးချုပ်စံအိမ်မှ ဖြစ်နိုင်သည်ကို သူ မှန်းဆထားပြီး ဖြစ်သည်။ ညာဘက်မှ မီးခိုးရောင် ၀တ်စုံကို ၀တ်ဆင်ထားပြီး အရပ်မြင့်မြင့် သန်မာသူက စစ်သူကြီးအိမ်မှ ဖြစ်နိုင်သည်။

  လီရှက ယဉ်ကျေးစွာ ခေါင်းညိတ်ပြရင်း သူတို့ကို ပြုံးပြလိုက်သည်။ ထို့နောက် သူက "သခင်ကြီးနှစ်ယောက်၊ ဒီရထားလုံးပေါ်က လူက ချင်းဒုတိယမိန်းခလေးပါ၊ အဲဒီရထားလုံးပေါ်က လူက ချင်းတတိယမိန်းခလေးပါ"

  ဦးဆောင်လာသူ နှစ်ယောက်က ရထားလုံးများဆီသို့ သူတို့၏လက်အောက်ငယ်သားများကို  စေလွှတ်လိုက်ကြသည်။ သူတို့နှစ်ဦးက လီရှအား အနည်းငယ် ခေါင်းညိတ်နှုတ်ဆက်ပြီးနောက် တောင်ဘက်နှင့် မြောက်ဘက်သို့ အသီးသီး ထွက်ခွာသွားကြသည်။

  ရထားလုံးသုံးစီး အသီးသီးထွက်သွားကြပြီးနောက် စစ်သည်ငယ်လေးက "ခေါင်းဆောင်လီ၊ အခု ငါတို့ ဘာလုပ်ကြမလဲ?"

 လီရှက ကြာပွတ်ကို မြှောက်လိုက်ပြီး  ကျယ်လောင်စွာ အော်ဟစ် အမိန့်ပေးလိုက်သည်။

"ဟောင်ယွဲ့တိုင်းပြည်ကို ပြန်ကြရအောင်"

  ဧကရာဇ်ချုံက တခြားမိန်းခလေးနှစ်ဦးကို နန်းတော်တံခါးဝကိုတောင် ဝင်ခွင့်မပြုဘဲ ပြန်လွှတ်လိုက်တယ်။ ဒါပေမယ့် သေချာစဉ်းစားကြည့်တော့ သူမတို့က တိုင်းပြည်ငယ်လေးကပေးတဲ့ လက်ဆောင်ပဏ္ဍာတွေပဲလေ။ 

လီရှက ရထားလုံးများထွက်ခွာသွားရာ  လမ်းကြောင်းသုံးသွယ်ကို ပြန်လှည့်ကြည့်လိုက်ပြီး သက်ပြင်းချလိုက်ကာ "မိန်းခလေးသုံးယောက်၊ မင်းတို့ ကံကောင်းကြပါစေ"

  

  ရထားလုံးက အရှိန်သိပ်မပြင်းဘဲ ပြန်ပြေးထွက်သွားပြန်သည်။ ကျွော့ချင်းက ရထားလုံးနံရံကို မှီပြီး ဝါးကန့်လန့်ကာကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ တောက်ပသော နေရောင်ခြည်က သူမ မျက်လုံးတွေကို ချက်ချင်း မှိတ်ကျသွားစေသည်။ ကျွော့ချင်းက အချိန်အတော်ကြာ ဖြည်းဖြည်းချင်း လိုက်လျောညီထွေဖြစ်အောင် ကြိုးစားပြီး ပြတင်းပေါက်အပြင်ကို ပြန်ကြည့်လိုက်ရာ ခဏတာလောက် အံအားသင့်သွားရသည်။

ကမ္ဘာကြီးက ရှင်းရှင်းလင်းလင်း ရှိနေတယ်? ဒီနေရာက ဘယ်နေရာလဲ?

  ဒီလို ကောင်းကင်ပြာပြာကြီးကို သူမ မြင်ရတာ ဘယ်လောက်ကြာပြီလဲ? လေထဲမှာ မြက်စိမ်းနံ့သင်းသင်းလေး မွှေးပျံနေပြီး လမ်းရဲ့ တစ်ဖက်တစ်ချက်စီမှာ ထူထူထပ်ထပ်ပေါက်နေတဲ့ သစ်ပင်ကြီးတွေ စိမ်းလန်းစိုပြေနေတယ်။

ရထားလုံး၏ရှေ့သို့ လှမ်းကြည့်လိုက်မိချိန်တွင် ကျွော့ချင်းတစ်ယောက် ထိတ်လန့်သွားရပြန်သည်။ အပြာရောင် ၀တ်စုံရှည်များ ဝတ်ဆင်ထားသည့် လူလေးယောက်က တောက်ပပြောင်လက်နေသော အနက်ရောင်မြင်းများကို စီးနင်းနေကြပြီး သူတို့၏ဆံပင်များကလည်း ရှည်နေသေးသည်။ 

ဝတ်စားဆင်ယင်မှုက ထူးဆန်းလွန်းတယ်။

  ကျွော့ချင်းက သူမ ဝတ်ဆင်ထားသည့် အနီရင့်ရောင် ရှေးခေတ်မင်္ဂလာဝတ်စုံကို ငုံ့ကြည့်လိုက်ပြီး ယခုကိစ္စက ရိုးရိုးပြန်ပေးဆွဲမှုထက် ပိုနေသည်ဟု ခံစားမိသွားခဲ့သည်။ သူမက သူမ၏ဆံပင်များကို လက်ဖြင့် ပြန်ထိကြည့်လိုက်ပြီး ဆံထုံးထဲမှ ဆံပင်အနည်းငယ်ကို ညင်သာစွာ ဆွဲထုတ်လိုက်သည်။ 

မဟုတ်ဘူး! သူမဆံပင်က အညိုရောင်လေ။ ပြီးတော့၊ အဲဒါ ဆိုးထားတာတောင် သိပ်မကြာသေးဘူးလေ!

ကျွော့ချင်း၏ တည်ငြိမ်သော နှလုံးခုန်သံက အနည်းငယ် မြန်ဆန်လာခဲ့သည်။ သူမ သူမ၏အင်္ကျီဝကျယ်ကို မြှောက်လိုက်ချိန်တွင် သူမ၏ ညာလက်မောင်းအရေပြားက ကျောက်စိမ်းကဲ့သို့ ချောမွေ့နေသည်ကို မြင်လိုက်ရပြီး ကျွော့ချင်း၏လက်များက အထိန်းအကွပ်မဲ့ လှုပ်ခါလာတော့သည်။

ဒါက သူမရဲ့ခန္ဓာကိုယ် မဟုတ်ဘူး။ သူမရဲ့ညာဘက်လက်မောင်းမှာ ဆယ်စင်တီမီတာလောက်ရှည်တဲ့ အမာရွတ်တစ်ခုရှိတယ်။

  ဘာတွေဖြစ်နေတာလဲ! !

  ကျွော့ချင်းက  သူမ၏လက်သီးများကို တင်းတင်းဆုပ်ထားလိုက်သည်။ သူမ ဘာဖြစ်သွားသည်ကို အဖြေရှာရန် စိတ်အေးအေးထားရမည်ဖြစ်သည်။

  ကံမကောင်းစွာဖြင့် ကျွော့ချင်း စိတ်မငြိမ်သေးခင်မှာပင် ရထားလုံးက ရုတ်တရက် ရပ်သွားပြီး သူမ ရထားလုံးပေါ်မှ လွင့်ကျလုနီးပါး ဖြစ်သွားခဲ့သည်။

  လမ်းနှစ်ဘက်ခြမ်းရှိ ထူထပ်သော ချုံပုတ်များမှ လူတစ်ရာကျော်လောက် ရုတ်တရက် ထွက်ပေါ်လာပြီး သူတို့အားလုံးက အရပ်သားဝတ်စုံများ ဝတ်ဆင်ထားကြသည်။ ဆယ်ကျော်သက်အရွယ်မှ လူအိုကြီးများအထိ အရွယ်စုံဖြစ်ကာ ဝါးလုံးနှင့် ပေါက်ပြားများကို ကိုင်ဆောင်ထားကြသည်။

  လန်ဇီချီက အံ့အားသင့်သွားသော်လည်း  ဓားပြများ မဟုတ်သည်ကို တွေ့လိုက်ရသဖြင့် ဆွဲထုတ်တော့မည့် ဓားက နှေးကွေးသွားကာ ကျယ်လောင်စွာ မေးလိုက်သည်။

        "မင်းတို့က ဘယ်သူတွေလဲ?!"

  မထင်မှတ်ပဲ ထိုလူအုပ်စုထဲမှ သန်မာတဲ့လူတစ်ယောက်က အော်ဟစ်အမိန့်ပေးလိုက်သည်။

"ဖမ်း!"

  စနစ်တကျ ဖွဲ့စည်းထားခြင်း မရှိသော လူတစ်စုက ရှေ့သို့ အပြေးအလွှား ရောက်လာကြပြီး ၎င်းတို့ရှေ့မှ တစ်ခုတည်းသော ရထားလုံးကို ပစ်မှတ်ထားကာ ဝိုင်းအုံလာကြသည်။

  လန်ဇီချီနှင့် အစောင့်သုံးဦးတို့က ဓားရှည်များကို ချက်ချင်းဆွဲထုတ်ကာ တိုက်ခိုက်ကြသော်လည်း ကံမကောင်းစွာဖြင့် ထိုလူများက များပြားလွန်းလှသည်။ လူအများအပြားက ရထားလုံးပေါ်သို့တက်ကာ ကြိမ်လုံးများကို ဝင့်ပြီး လှည်းကို မောင်းရင်း ထွက်ပြေးသွားကြသည်။ ရထားလုံး ပြေးထွက်သွားသောအခါတွင် ကျန်လူများက မတိုက်ခိုက်တော့ဘဲ နေရာအနှံသို့ လူခွဲကာ ထွက်ပြေးသွားကြတော့သည်။

ယခုန "ဖမ်း" ဟု အော်ဟစ်အမိန့်ပေးလိုက်သည့် ကြွက်သားအပြည့်နှင့် သန်မာသောသူက  ပြေးလွှားနေရင်း အော်ပြောလိုက်သည်။

"ပြန်သွားပြီး ဝန်ကြီးချုပ်လို့ကို ပြောလိုက်၊ သူ့မိန်းမကို ပြန်လိုချင်ရင် နျိုကျားရွာ(နွားရွာ)ကို လူကိုယ်တိုင်လာခဲ့လို့ ပြောလိုက်"

  မြေပြင်ပေါ်တွင် ကျန်ရှိနေသော ပေါက်ပြားအနည်းငယ်ရှိနေပြီး ရထားလုံးပျောက်ဆုံးသွားသည့်အချက်ကြောင့်သာ မဟုတ်ပါက ယခုဖြစ်ပျက်သွားခဲ့သည့် အဖြစ်အပျက်က မယုံနိုင်စရာပင်။

  အရာအားလုံးက ဟာသပြဇာတ်တစ်ခုလိုပါပဲ။

  အစောင့်တစ်ယောက်က လန်ဇီချီကို ကြောင်တောင်တောင်ကြည့်နေပြီး "ငါတို့ ဘာလုပ်ရမှာလဲ"

  "ပြန်သွားပြီး သတင်းပို့!"

အဲ့လိုမှ မဟုတ်ရင် ငါတို့က ဘာလုပ်နိုင်မှာမို့လို့လဲ?

 လန်ဇီချီ၏မျက်နှာက ရှုံ့မဲ့နေသည်။

သူက ၀န်ကြီးချုပ်အိမ်တော်က အစောင့်အကြပ်ငယ်လေးလေ၊ အကြီးအကဲကျင်းက တစ်စုံတစ်ဦးကို သွားခေါ်ဖို့ သူ့ကို ပေါ့ပေါ့တန်တန် တာဝန်ပေးခဲ့ပေမယ့် မြို့တော်ရဲ့အနီးအနားမှာ ဒီလိုမျိုးဖြစ်လိမ့်မယ်လို့တော့ ဘယ်သူက ထင်မှာလဲ? 

  

  နာရီဝက်ကျော်ကြာအောင် ပြင်းထန်စွာ ပြေးလွှားပြီးနောက် ရထားလုံးက ရပ်သွားကာ အပြင်ဘက်တွင် ရုန်းရင်းဆန်ခတ် ဖြစ်နေပြန်သည်။ ခဏအကြာတွင် အမျိုးသားအသံကျယ်ကျယ်တစ်ခုက ရထားအပြင်ဘက်မှ ယဉ်ယဉ်ကျေးကျေး အော်ပြောလာသည်။

"မိန်းကလေး၊ ရထားလုံးပေါ်က ဆင်းပါ"

  ကျွော့ချင်းက ကျိန်ဆဲလိုက်သည်။ သူမ ရထားလုံးပေါ်မှ ဆင်းချင်နေသော်လည်း ပြဿနာက သူမ၏လက်နှင့် ခြေထောက်များက အားနည်းနေသောကြောင့် ထထိုင်ဖို့ပင်  ခက်ခဲနေလေသည်။

 ငါက ဒီရထားလုံးပေါ်ကနေ ဘယ်လိုဆင်းနိုင်မှာလဲ?!

 အချိန်အတော်ကြာသည်အထိ ရထားလုံးထဲမှ လှုပ်ရှားမှု မရှိသောကြောင့် ဝူစစ်က သူ့နောက်မှ လူကြီးအုပ်စုကို လက်ဝှေ့ယမ်းပြလိုက်သည်။

 ဆူဆူညံညံ မလုပ်ကြစမ်းနဲ့၊ ဒါက မိန်းကလေးတစ်ယောက်လေ၊ လန့်သွားရင် ဘယ်လိုလုပ်မလဲ?

        ဝူစစ်က သူ့လည်ချောင်းကို ရှင်းထုတ်လိုက်ပြီး သူ့အသံကို တမင်လျှော့ချလိုက်ကာ တိုးတိုးလေး ပြောလိုက်သည်။

"မကြောက်ပါနဲ့ သခင်မလေး၊ ငါတို့က လူဆိုးတွေ မဟုတ်ပါဘူး။ ဝန်ကြီးချုပ်နဲ့ တွေ့ချင်နေလို့ပါ၊ ဒါကြောင့် ငါတို့က မင်းကို လုယက်မိတာပါ။ ဒါပေမယ့် မကြောက်ပါနဲ့။ စိတ်လည်းမပူပါနဲ့၊ ငါတို့မင်းကို မထိခိုက်စေပါဘူး။ လို့သခင်ကြီးကို တွေ့ပြီးရင် မင်းကို ပြန်လွှတ်ပေးမှာပါ!"

  ရထားလုံးပေါ်မှလူက ဆက်လက်ငြိမ်သက်နေဆဲဖြစ်သောကြောင့် လူတစ်စုက တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြပြန်သည်။

  ဝူစစ်က ဘာလုပ်ရမှန်းမသိဖြစ်နေချိန်မှာပင် ရထားလုံးပေါ်မှ အေးစက်သည့် အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"မင်းပြောလို့ ပြီးပြီဆိုရင် ငါ့ကို လာကူညီပေး"

✍️✍️✍️