Chapter 4
Viewers 120

အခန်း ၄ တရားစွဲဆိုမှု

  "မင်းပြောလို့ ပြီးပြီဆိုရင် ငါ့ကို လာကူညီပေး" 

  အေးစက်စက်အသံက နိမ့်ဆင်းလာသဖြင့် ရထားလုံးအပြင်ဘက်ရှိ လူများကို အကြောင်းပြချက်မရှိဘဲ တုန်လှုပ်သွားစေခဲ့သည်။

မိန်းကလေးတစ်ယောက်က အဲ့လိုပုံစံနဲ့ ပြောနိုင်တယ်လား?

  ဝူစစ်က ခေါင်းကုတ်ပြီး သူ့နောက်မှ ညီအစ်ကိုများကို ပြန်ကြည့်လိုက်သည်။ လူတိုင်းက နောက်ပြန်ဆုတ်သွားပြီး သူတို့၏မေးစေ့များကိုပင့်ကာ သူ့ကို သွားကူညီရန် တောင်းဆိုနေကြသည်။

  သွားမယ်ကွာ၊ ငါ...ဝူစစ်က မိန်းမတစ်ယောက်ကို ကြောက်နေဖို့လိုသေးလို့လား? 

ဝူစစ်က တံတွေးတစ်လုပ်ကို တိတ်တိတ်လေးမျိုချလိုက်ရင်း ရထားလုံးပေါ်တက်သွားလိုက်သည်။ မထင်မှတ်ပဲ  အေးခဲနေသည့် မျက်လုံးတစ်စုံနှင့် ဆုံတွေ့လိုက်ရပြီး သူ့ရှေ့ရှိ အမျိုးသမီးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရချိန်တွင် ဝူစစ်တစ်ယောက် အေးစက်သောလေကို ရှုရှိုက်လိုက်ရသလိုသာ ခံစားရတော့သည်။

  ရထားလုံးပေါ်တွင် အနီရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးက ရထားလုံးနံရံကို တစ်ဝက်တစ်ပျက် မှီထိုင်နေပြီး သူမ၏မျက်လုံးများက သူ့ကို အေးစက်စွာ စိုက်ကြည့်နေသည်။ ဝူစစ်က ထိုကဲ့သို့သော မျက်လုံးမျိုးရှိသော အမျိုးသမီးကို တစ်ခါမျှ မမြင်ဖူးပေ။

 သူ့ကို စိုက်ကြည့်နေတဲ့ မျက်ဝန်းတစ်စုံက သူကို အကြောင်းပြချက်မရှိ အသက်ရှုခက်စေတယ်။ ပြီးတော့ သူမရဲ့မျက်နှာ.... ညာဖက်ပါးပြင်တစ်ခုလုံးက ဓားရာနှစ်ချက်ကြောင့် ဖျက်ဆီးလုနီးပါးဖြစ်နေပြီ။ တစ်ချက်ကြည့်လိုက်ရုံနဲ့ အရမ်းကြောက်စရာကောင်းလွန်းတယ်။ ဒါက ဟောင်ယွဲ့တိုင်ပြည်က စေလွှတ်လိုက်တဲ့ အလှလေးလား?

 သူတို့ လူမှားပြီး လုယက်လာတာဖြစ်နိုင်လား?!

  ဝူစစ်က ကျွော့ချင်းကို ကြည့်နေချိန်တွင် ကျွော့ချင်းကလည်း သူ့ကို ပြန်ကြည့်နေခဲ့သည်။

သူမရှေ့က လူက အသက်သုံးဆယ်လောက်ရှိပြီး ရှုပ်ပွနေတဲ့ ဆံပင်တွေကို အဝတ်ကြိုးတစ်စနဲ့ ချည်ထားတယ်။ သူ့အဝတ်အစားတွေက ဖာထေးရာတွေ ရှိနေပြီး ကြည့်ရတာ အရမ်းညစ်ပတ်တယ်... ပြီးတော့ ရှေးခေတ်ကလူတွေလို ၀တ်ဆင်ထားတယ်။

  ထိုအရာများအားလုံးက အလွန်ထူးဆန်းနေသော်လည်း ကျွော့ချင်းက သူမ၏စိတ်ထဲမှ ပူပင်သောကကို ချိုးနှိမ်လိုက်ပြီး သူမ၏လက်ကို ဆန့်တန်းလိုက်ကာ ဝူစစ်၏လက်ကို ဆုပ်ကိုင်သည်။ သူမက သူ့ခွန်အား၏အကူအညီဖြင့် မတ်တပ်ထရပ်လိုက်သော်လည်း ကံမကောင်းစွာဖြင့် သူမ အကြာကြီးတောင့်မခံနိုင်ဘဲ လဲကျသွားပြန်သည်။ ဝူစစ်က သူမလက်ကို အမြန်ဆုပ်ကိုင်လိုက်သည်။

ဒီမိန်းကလေးက အရမ်းပိန်လွန်းတယ်။

  ဝူစစ်က ယိမ်းယိုင်နေသော ကျွော့ချင်း၏လက်ကို ထိန်းကိုင်ပေးထားရင် ရထားလုံးကန့်လန့်ကာကို မဖွင့်မှီ ရထားလုံးပေါ်မှ မျက်နှာကာတစ်ခုကို ရုတ်တရက် ဆွဲယူလိုက်ကာ ကျွော့ချင်း၏မျက်နှာကို  ဖုံးအုပ်ပြီးမှ အပြင်ထွက်စေခဲ့သည်။

  ကျွော့ချင်း၏ခြေလက်များက အားနည်းနေပြီး ဝူစစ်၏ လက်နှစ်ဖက်ကိုသာ မှီခိုအားပြု လမ်းလျောက်နေရသည်။ အနီရောင်မင်္ဂလာဝတ်စုံက သူမ၏ သွယ်လျသောအသွင်အပြင်ကို အပြည့်အဝ ထုတ်ဖော်ပြသနေပြီး သူမ၏ခြေလှမ်းတိုင်းက သူမကို အတိုင်းအဆမရှိ နူးညံ့သိမ်မွေ့နေစေသည်။ သူမမျက်နှာပေါ်ရှိ မျက်နှာဖုံးပဝါက လူတိုင်း၏စိတ်ကူးယဥ်မှုကို တိုးပွားလာစေသည်။

  ဆယ်ကျော်သက် ယောက်ျားလေးတစ်ယောက်က “ဟင့်အင်း… ဟောင်ယွဲ့တိုင်ပြည်က ဒီအမျိုးသမီးက တကယ်ကို ရေနဲ့ လုပ်ထားတာပဲ၊ သူ(မ)က လမ်းလျှောက်တာတောင်မှ ရွာက အမျိုးသမီးတွေနဲ့ မတူဘူးဟ”

  ထိုလူငယ်၏နောက်ပြောင်မှုနောက်တွင် လူတစ်စုက စတင်အော်ပြောကြသည်။ ဝူစစ်က လူငယ်ကို ပြင်းထန်စွာ စိုက်ကြည့်လိုက်ပြီးမှ ကျွော့ချင်း ကျောက်ခုံတန်းပေါ် ထိုင်နိုင်ရန် ကူညီပေးနေခဲ့သည်။ ခဏတာအတွင်းတွင် သူလည်း ဘာပြန်ပြောရမှန်းမသိ ဖြစ်နေခဲ့သည်။

  ရှောင်ဝူဇီက ရှေ့သို့ တစ်လှမ်းတိုးကာ ဝူစစ်ကို ဘေးသို့ ဆွဲထုတ်လိုက်ကာ အပြုံးဖြင့် ပြောလာခဲ့သည်။

"အစ်ကိုဝူ၊ ဟောင်ယွဲ့တိုင်းပြည်က အလှတရားတွေကို ကိုယ်စားပြုတယ်လို့ ငါ ကြားဖူးတယ်၊ သူ(မ)က တိုင်းပြည်တော်တော်များများမှာ ပိုနာမည်ကြီးတဲ့ မိန်းခလေးလေ။ ငါတို့က သူ(မ)ကို လုယူခဲ့ပြီးပြီလေ၊ ဘယ်လိုပဲဖြစ်ဖြစ် ခေါ်လာမှတော့ သူ(မ) ဘယ်လိုပုံစံလဲဆိုတာ လူတိုင်းကြည့်ခွင့်ပေးလိုက်ပါတော့"

  "မရဘူး!" ဝူစစ်က လေသံမာမာဖြင့် "ငါတို့က ငါတို့ကျေးဇူးရှင်အတွက် တရားမျှတမှုရှာဖို့ ဒီနေ့ ဒီလိုလုပ်ခဲ့တာ၊ ဒါက လုယက်ဖို့ကလွဲပြီး ငါတို့မှာ ရွေးချယ်စရာ မရှိတော့လို့ပဲ။ မင်း ဒီလိုလုပ်ရင် ငါတို့က အဲဒီဓားပြတွေနဲ့ ဘာကွာခြားတော့မှာလဲ?“

  ရှောင်ဝူဇီက သူ့မျက်နှာကို ငုံ့လိုက်ပြီး မကျေမနပ် ရေရွတ်လိုက်သည်။ "အစ်ကိုဝူ၊ ငါတို့က အလှလေးလို့ ခေါ်လောက်တဲ့ အလှအပကို မြင်ချင်ရုံလေးပါ၊ ငါတို့က သူ့ကို ဘာမှ မလုပ်ချင်ပါဘူး!"

        အစ်ကိုဝူက အများအားဖြင့် သတ္တိကောင်းတဲ့လူတစ်ယောက်လေ။ ဒီနေ့မှ သူ ဘာဖြစ်သွားတာလဲ?

  ရွာသားများ၏ ပဟေဠိဆန်သောအကြည့်ကြောင့် ဝူစစ်က သူ လွန်လွန်ကဲကဲ တုန့်ပြန်မိသည်ဟု တွေးလိုက်ပြီး အသံတိုးတိုးဖြင့် "ဒါလဲ မကောင်းဘူး"

သူမတို့ရဲ့ရုပ်ရည်ကို ဂရုမစိုက်တဲ့ မိန်းခလေးမျိုး ဘယ်မှာ ရှိလို့လဲ? သူမရဲ့ပုံစံကို လူတွေကို ကြည့်ခိုင်းလိုက်ရင် သူမ စိတ်မကောင်းဖြစ်သွားမှာကို သူ စိုးရိမ်တယ်။

  "အစ်ကိုဝူ..." ရှောင်ဝူဇီက တခြားတစ်ခုကို ထပ်ပြောရန် ပြင်လိုက်ချိန်တွင် အနီရောင်ပိုးထည်တစ်စက မြေပြင်ပေါ်သို့ လျောကျလာခဲ့သည်။

  ရှောင်ဝူဇီ လှည့်ကြည့်လိုက်ချိန်တွင် ဓားဒဏ်ရာများ ဖုံးအုပ်နေသည့် မျက်နှာကို မြင်လိုက်ရပြီး တုန်လှုပ်ခြောက်ခြားသွားကာ "အိုး၊ ဘုရားရေ၊ ဒါက ဘယ်လိုအလှမျိုးလဲ?!"

  အနီးနားရှိ ရွာသူရွာသားများကလည်း လန့်ဖျပ်တုန်လှုပ်သွားကြသည်။ ကျွော့ချင်းက သူတို့၏တောက်လောင်နေသော အကြည့်များကို အေးဆေးတည်ငြိမ်စွာ ပြန်ကြည့်နေသည်။ အံ့သြမှု၊ ကြောက်ရွံ့မှု၊ ကိုယ်ချင်းစာမှုနှင့် သနားမှုတို့အောက်တွင် သူမက ခေါင်းကို အနည်းငယ်မော့ကာ တစ်ယောက်ပြီးတစ်ယောက် လိုက်ကြည့်နေခဲ့သည်။ ရွာသူရွာသားများက အမှတ်တမဲ့ နောက်သို့ ခြေတစ်လှမ်းဆုတ်သွားကြသည်။

ပြန်ပေးဆွဲတဲ့သူတွေက လူကောင်းတွေ မဟုတ်လောက်ဘူးလို့  သူမ ထင်ခဲ့ပေမယ့် သူမရှေ့မှာ ရှိနေတာကတော့ အလွန်ရိုးသားပုံရတဲ့ ရွာသူရွာသားတစ်စုပဲ။

  ကျွော့ချင်းက အနည်းငယ် ငြိမ်သက်သွားပြီး "နင်က ငါ့ကို ဘယ်သူလို့ ပြောလိုက်တာလဲ"

 ဒီခန္ဓာကိုယ်က သူမရဲ့ခန္ဓာကိုယ် မဟုတ်ဘူးလေ။ အခု သူမ ဘယ်သူလဲ ဆိုတာ သိဖို့ လိုနေပြီ။

  ရှောင်ဝူဇီက တံတွေးမျိုချလိုက်ပြီး "မင်းက ဟောင်ယွဲ့တိုင်းပြည်က မိန်းခလေးတစ်ဦးပါ၊ ဧကရာဇ်မင်းမြတ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဆက်သခံခဲ့ရတာ၊ ဧကရာဇ်မင်းမြတ်က မင်းကို ဝန်ကြီးချုပ်အတွက် ဆုချီးမြှင့်ခဲ့တယ်လို့ ကြားသိခဲ့ရပေမယ့် မင်းရဲ့ရုပ်ရည်အရတော့ ငါ ထင်တာက...  ဝန်ကြီးချုပ်က.... မင်းကို မလိုချင်လောက်ဘူး!""

  "ငါးလေး!" ဝူစစ်က အော်လိုက်သည်။

  ကျွော့ချင်း၏အမူအရာက ပုံမှန်အတိုင်းဖြစ်သွားပြီး သူမက "ဒီနေရာက ဘာလဲ?"

  "ဒါက နျိုကျားရွာပါ၊ အရှေ့မှာ ချုံယွဲ့ရဲ့ မြို့တော် ဟွမ်းယန်ရှိတယ်"

 ချုံယွဲ့? ဟွမ်းယန်? ဘာမှကို သိမနေဘူး! 

ကျွော့ချင်းက အသက်ပြင်းပြင်းရှူရင်း သူမကို စောင့်ကြည့်နေသည့် လူအုပ်ကြီးကို ပြန်ကြည့်လိုက်ကာ အသံအက်အက်ဖြင့် "တရုတ်ပြည်အကြောင်း ကြားဖူးလား?"

  အားလုံးက တညီတညွတ်တည်း တုန့်ပြန်ပြီး ခေါင်းယမ်းလိုက်ကြသည်။

  တရုတ်စကား ပြောတတ်ပြီး ရှေးကျတဲ့ ဝတ်စုံတွေကို ၀တ်ဆင်ထားပေမယ့် သူတို့က တရုတ်ကို မသိကြဘူးတဲ့လား? သူမရဲ့ အသိဥာဏ်အရလည်း သူမနေထိုင်တဲ့ ကမ္ဘာမှာ ဒီလိုနေရာမျိုး မရှိသင့်ဘူး။ ပြီးတော့ သူမရဲ့ခန္ဓာကိုယ်က အမှန်တကယ် ပြောင်းလဲနေခဲ့တယ်။

သူမ မည်မျှပင် မယုံချင်သည်ဖြစ်စေ သူမ နိုးလာသည့်အချိန်တွင် သူမက သူမ မသိသည့် နေရာတစ်ခုသို့ ရောက်နေပြီး "လက်ဆောင်ပဏ္ဍာ"ဆက်သခံ မိန်းမပျိုတစ်ယောက်၏ခန္ဓာကိုယ်ထဲသို့ ဝင်သွားခဲ့ကြောင်း ကျွော့ချင်း နားလည်လိုက်ရသည်။

  ကောင်းကင်ကြီးရေ! ငါ ခေါင်းကိုက်နေပြီဟ!

  "သခင်မလေး အဆင်ပြေရဲ့လား?!" ဝူစစ်က ကျွော့ချင်းကို နားမလည်နိုင်စွာ စိုက်ကြည့်နေသည်။

သူမ အခုန မောက်မာနေပုံပေါ်ပေမယ့် အခုတော့ နာကျင်နေပုံပဲ။

  ကျွော့ချင်းက ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ စိတ်အေးအေးထားနိုင်ရန်သာ ကြိုးစားနေခဲ့သည်။

  "အစ်ကိုဝူ! အစ်ကိုဝူ!" ရွာထဲဆီမှ စိတ်လှုပ်ရှားနေပုံရသည့် အမျိုးသားအသံတစ်သံ ထွက်ပေါ်လာသည်။ အသက်နှစ်ဆယ်ကျော် လူငယ်လေးတစ်ယောက်က ဝူစစ်ဆီသို့ ပြေးလာပြီး ဝူစစ်၏ပတ်ဝန်းကျင်မှ ရွာသားများကို တွန်းထုတ်လိုက်သည်။ လျိုယွိက စာရွက်တစ်ရွက်ကို ရတနာတစ်ခုလို ကိုင်ထားပြီး "အစ်ကိုဝူ မင်း ပြန်လာပြီလား? ငါ ရေးပြီး သွားပြီ၊ အစ်ကိုဝူ၊ ကျေးဇူးပြုပြီး ဖတ်ကြည့်ပါ!"

  ဝူစစ်က လျိုယွိ၏လက်ကို တွန်းဖယ်လိုက်ပြီး ရှက်ရွံ့စွာပြုံးကာ "မင်းက ဘာတွေကြည့်ခိုင်းနေတာလဲ? ငါက စာမဖတ်တက်ဘူး"

  ရှောင်ဝူဇီကလည်း သူ့နှုတ်ခမ်းတွေကို ကောက်ကွေးပြီး "မှန်တယ်၊ မင်းက ငါတို့ထဲမှာ စာတတ်တဲ့ တစ်ယောက်တည်းသောသူပဲ၊ မင်း ငါတို့ကို ဖတ်ခိုင်းရင်တောင် ငါတို့က နားမလည်နိုင်ဘူး!"

  လျိုယွိက ခေါင်းငုံ့ကာ ရှက်ရွံ့စွာ ခေါင်းကုတ်နေရင်း ပြုံးလိုက်ပြီးမှ "ငါ... ငါ့အဖေဆီက လက်ရေးလှရေးတာကို နှစ်နှစ်လောက်ပဲ သင်ယူခဲ့ရတာပါ။ နောက်တော့ သူ သေသွားပြီး ငါ့ကို သင်ပေးမယ့်သူ မရှိတော့ဘူး"

  "ဒါက ငါတို့ထက် သာနေသေးတယ်!" ရှောင်ဝူဇီက လျိုယွိ၏လက်ထဲက စာရွက်ကို ဆွဲယူလိုက်သော်လည်း သူက နားမလည်ပုံဖြင့် ဘယ်ပြန် ညာပြန် ကြည့်နေကာ စိတ်ရှုပ်သွားပုံဖြင့် "အစ်ကိုဝူ၊ ငါတို့ ဘာလို့ ဒီလို ရေးရတာလဲ?!"

  ဝူစစ်က ရှောင်ဝူဇီ၏ ခေါင်းကို ပြင်းပြင်းထန်ထန် ပုတ်လိုက်ပြီး စာရွက်ကို လှမ်းယူကာ ဂရုတစိုက် ခေါက်လိုက်သည်။ ထို့နောက် သူက သက်ပြင်းချကာ "ငါတို့ တရားရင်ဆိုင်ချင်ရင် ရှေ့နေလိုတယ်လို့ အစိုးရအရာရှိက မပြောဘူးလား? ငါတို့ ရှေ့နေခ မတက်နိုင်ဘူးလေ။ ဒါကြောင့် အဲ့တာကို ငါ့တို့ဘာသာ ရေးရတာ၊ လို့သခင်ကြီး တကယ်ရောက်လာရင် ငါတို့ရဲ့ နစ်နာမှုတွေကို ထုတ်ဖော်ဖို့ ပြစရာတစ်ခုခုရှိသင့်တယ်မလား?"

  "ဒီစာကို ရေးတာက အသုံးမဝင်ဘူးလို့ ထင်တယ်!" ရှောင်ဝူဇီက ကျွော့ချင်းကို ဘေးစောင်းကြည့်ရင်း ကျိန်ဆဲလိုက်သည်။

ဒီအမျိုးသမီးက ရုပ်ပျက်ဆင်းပျက်ဖြစ်သွားပြီလေ၊ ဝန်ကြီးချုပ်က သူ(မ)ကို ပြန်လာခေါ်မှာလား?!

 အယူခံဝင်ခြင်းက အလွန်အရေးကြီးသည်ဟု အစိုးရအဖွဲ့မှလူများက ပြောကြသည်။ ကျေးဇူးရှင်၏နစ်နာမှုများကို ရှင်းလင်းပေးနိုင်သည်ဖြစ်စေ ရှင်းလင်းမပေးနိုင်သည်ဖြစ်စေ သူ ကြိုးစားရမည်ပင်။ ဝူစစ်က သူ့ဘေးတွင် ထိုင်နေတဲ့ ကျွော့ချင်းကို တစ်ချက်ကြည့်ပြီး “သခင်မလေး၊ ငါ မင်းကို ဒုက္ခပေးလို့ရမလား? မင်း ငါတို့ကို တစ်ချက်လောက်ကြည့်ပေးပါလား?!"

        ဒီကောင်မလေးက တစ်ချက်ကြည့်လိုက်ရုံနဲ့ နာမည်ကြီးမိသားစုက လာတာဖြစ်နိုင်ပြီး စာတတ်မယ်ဆိုတာ သိသာနေတယ်လေ။

  ကျွော့ချင်းက ခဏလောက်စဉ်းစားနေပြီးမှ "ယူခဲ့ပါ"

        သူမက ရိုးရှင်းပြီး နုံအလွန်းသည့် ထိုရွာသားများက အဘယ်ကြောင့် သူမအား ပြန်ပေးဆွဲလာသည်ကို သိချင်နေသည့်အပြင် ထိုစာမျိုးကို သူမ တစ်ခါမှ မမြင်ဖူးသေးသောကြောင့် အခွင့်ကောင်းယူပြီး ဖတ်ကြည့်ချင်ခဲ့သည်။

တစ်ချက်လောက် ကြည့်ပေးရုံပဲလေ။

  သို့သော် စာရွက်ကို လှန်ကြည့်လိုက်ချိန်တွင် ကျွော့ချင်းတစ်ယောက် အလွန်အမင်း အံသြသွားရသည်။

✍️✍️✍️