အခန်း
၅ နျိုကျားရွာ
စာရွက်ကို
လှန်ကြည့်လိုက်ချိန်တွင် ကျွော့ချင်းတစ်ယောက် အလွန်အမင်း အံသြသွားရသည်။
သူမ၏အမေက တရုတ်စာပေဌာနမှ ပါမောက္ခတစ်ဦး ဖြစ်သောကြောင့် ကျွော့ချင်းက
စာရွက်ပေါ်မှ ရှေးဟောင်းတရုတ်ရိုးရာအက္ခရာ အနည်းငယ်ကို နားလည်နိုင်သည်။
ဒါပေမယ့်
ဒီစက်ဝိုင်းနဲ့ ဒီအစက်တွေက ဘာကို ဆိုလိုတာလဲ? ဒီစာသားက တရုတ်အက္ခရာ၊ သင်္ကေတတွေနဲ့
ဖွဲ့စည်းထားတာ ဖြစ်နိုင်လို့လား?
ထိုအရာက
သူမ ဖတ်နိုင်ရန်အတွက် ခက်ခဲလွန်းလှသည်။
"အ... အဟမ်း..." ကျွော့ချင်းက အကြိမ်အနည်းငယ် ချောင်းဆိုးပြီးနောက်
လူငယ်လျိုယွိကို ကြည့်ကာ "ခွင့်လွှတ်ပါ၊ ငါ အကြံဉာဏ်နည်းနည်းလောက် တောင်းလို့ရမလား?"
လျိုယွိက မအူမလည်ဖြင့် ခေါင်းပြန်ညိတ်ပြလာခဲ့သည်။
"ဒီစက်ဝိုင်းနဲ့ ကြက်ခြေခက်တွေက ဘာကို ဆိုလိုတာလဲ?"
“အိုး…” လျိုယွိ၏မျက်နှာက နီရဲလာပြီး သူက သူ့ဆံပင်များကို ပြန်ကုတ်ဖွနေကာ “ဒါက
ငါတို့ရဲ့ကျေးဇူးရှင်က ငါတို့ရွာကို ပေးခဲ့တဲ့ အစားအစာနဲ့ စောင်တွေကို ဆိုလိုတာပါ”
သူက အက္ခရာစာလုံးများကို
နှစ်နှစ်သာ သင်ယူခဲ့ပြီး သူ မသိသည့် စာလုံးများကို ပုံနှင့် အစားထိုးရေးပေးထားခြင်း
ဖြစ်သည်။
အဲလိုလား?! ဆိုတော့ သူက သူ မသိတဲ့
စာလုံးတွေအစား ပုံတွေကို အသုံးပြုထားတာပေါ့။ တော်သေးပါရဲ့ ဒီနေရာရဲ့ စာအရေးအသားက
တရုတ်ရိုးရာ အက္ခရာတွေ ဖြစ်နေတုန်းပဲ။
သို့သော်လည်း စာကို ဆက်ဖတ်နေသည့်
ကျွော့ချင်းက မျက်မှောင်ကြုတ်လာပြန်ကာ
"ဒါဆို ဒီအစက်က ဘာအဓိပ္ပာယ်လဲ?"
လျိုယွိက ရှက်ကိုးရှက်ကန်း ရယ်မောနေပြီး “အဲဒါက မတရားမှုကို
လက်စားချေတဲ့ အဓိပ္ပာယ်”
သူ့အဖေက
အရင်တုန်းက သူ့ကို စာသင်ပေခဲ့ပေမယ့် ရေးတတ်ဖတ်တတ်ရုံသာ ဖြစ်ပြီး သေချာရေးတတ်အောင်
မသင်ပေးနိုင်ခဲ့တာက စိတ်မကောင်းစရာပါပဲ။
ကျွော့ချင်း၏နှုတ်ခမ်းထောင့်များက အေးခဲသွားခဲ့ပြန်သည်။
ဒီအစက်တွေက
နှင်းတွေလို့ ဆိုလိုတာလား?
တီထွင်ဖန်တီးမှုအသစ်ဟ! တီထွင်ဖန်တီးနိုင်လွန်းတယ်။
သူမ၏သည်းခံစိတ်ကလည်း
အမှန်တကယ် မြင့်တက်လာတော့သည်။ စာကို ဆက်ဖတ်ပြီးနောက် ခဏအကြာတွင် စာရွက်ပေါ်မှ အကွက်နှင့်တူသော
အရာတစ်ခုကို တွေ့လိုက်ရပြန်သည်။
"ဒီအကွက်..."
ကျွော့ချင်းက
သူ့၏အတွေးပုံစံကို ခဏလောက်စဉ်းစားလိုက်ပြီး "ငါ သိပြီ၊ ငါးမျှားပိုက်ကို ဆိုလိုတာမလား?!"
"မဟုတ်ဘူး" လျိုယွိက "ဒါက အကျဉ်းခန်းကို ပြောချင်တာပါ"
ဒါက အကျဉ်းခန်းလား?!
"ငါ တကယ်ကို..."
စိတ်မဆိုးနဲ့ စိတ်မဆိုးနဲ့....
ကျွော့ချင်းက
အသက်ကို ပြင်းပြင်းရှူလိုက်ပြီး စာကို ဝူစစ်ဆီ ပြန်ပေးလိုက်သည်။ ထိုအချိန်မှာပင်
သူမ၏ပါးစပ်မှ စကားအနည်းငယ် ထွက်လာခဲ့သည်။
“ငါ မင်းကို
အရမ်းလေးစားတယ်၊ ငါးထောင်....တစ်ထောင်....မြေကြီး"
ဒါကို အိမ်ရှေ့မင်းသားရဲ့စာအဖြစ်
သတ်မှတ်လို့ရမလား?! ဒီစာကို တွေ့တဲ့အခါ ဝန်ကြီးချုပ်ရဲ့ဖြစ်သွားမယ့်
မျက်နှာကိုတောင် သူမ ရုတ်တရက် မြင်ချင်လာပြီ။
သူတို့၏အမေးအဖြေများကို
နားထောင်ပြီးနောက် ရှောင်ဝူဇီက လျိုယွိ၏ခေါင်းကို ပြင်းပြင်းထန်ထန် ရိုက်လိုက်ပြီး
"မင်း... လျိုယွိ! အစ်ကိုဝူက မင်းကို အသနားခံစာ
ရေးခိုင်းတာလေ၊ ဒါပေမယ့် မင်း ကမ္ပည်းတွေဆွဲဖို့ ကြိုးစားနေတာလား?"
"ဟေး၊ ရိုက်နေတာကို ရပ်လိုက်" လျိုယွိကလည်း သူ့ခေါင်းကို ကာကွယ်နေရင်း
မကျေမနပ်ဖြစ်နေကာ "အရင်က ဘယ်လိုရေးရမှန်း မသိလို့ မင်း ငါ့ကို စာရေးခိုင်းတာလေ"
"မင်းက ပြန်ပြောနေသေးတာလား!" သူတို့နှစ်ယောက် ရန်ဖြစ်တော့မည့်အခြေအနေသို့
ရောက်လာခဲ့သည်။
"ငြင်းခုံနေတာကို ရပ်လိုက်ကြစမ်း!" ဝူစစ်က စိတ်ပျက်လက်ပျက်ဖြင့်
မြေပြင်ပေါ် ထိုင်ချလိုက်ပြီး သူ့၏ရိုးသားသောမျက်နှာပေါ်တွင် စိတ်ပျက်မှုများ
ပြည့်လာခဲ့သည်။ သူက သူ့လက်ထဲမှ ရုပ်ပုံများ ပါဝင်နေသည့်စာကို
တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သောကြောင့် စာက အလုံးစုံ တွန့်ကြေသွားခဲ့သည်။
"အယူခံမဝင်နိုင်ရင် ငါတို့ရဲ့ကျေးဇူးရှင်အတွက်
သူ့ရဲ့ မကျေနပ်ချက်တွေကို ရှင်းပေးနိုင်အောင် ဘယ်လိုလုပ်ကြမလဲ!"
အားလုံးက မင်းအပြစ်ပဲ!
ရှောင်ဝူဇီက လျိုယွိကို စိုက်ကြည့်နေရင်း ဝူစစ်၏နံဘေးတွင်
ဒူးထောက်လိုက်ကာ "အစ်ကိုဝူ၊ ဝန်ကြီးချုပ် လာမယ်ဆိုရင် ငါတို့ သူ့ရှေ့မှာ ဒူးထောက်တောင်းပန်ကြမယ်။
ငါတို့ စာမရေးနိုင်ပေမယ့် ဒီအကြောင်းတွေကို ပါးစပ်နဲ့ မပြောနိုင်တာမှ မဟုတ်တာ”
"ငါတို့က လူကြမ်းကောင်တွေလေ၊ ခဏလောက်နဲ့ ရှင်းပြလို့မရနိုင်မှာကို ငါ ကြောက်တယ်။
ဝန်ကြီးချုပ်က စိတ်မရှည်ဘဲ ထွက်သွားရင် ငါတို့ ဘယ်လိုလုပ်မှာလဲ?"
အစိုးရအရာရှိကို သူတို့ သွားပြောခဲ့ဖူးပြီး
ထိုအရာရှိ၏လက်အောက်ငယ်သားများက သူတို့ကို အလေးအနက်မထားဘဲ သူတို့ နှင်ထုတ်ခံခဲ့ရသည်။
အရာရှိကိုတောင်
မတွေ့ခဲ့ရဘူး! မဟုတ်ရင် ဝန်ကြီးချုပ်အိမ်တော်က အမျိုးသမီးကို ဘာကြောင့်
လုယူနေမှာလဲ?
"ဒါဆို..." ရှောင်ဝူဇီက ကျွော့ချင်းကို လက်ညှိုးထိုးပြပြီး "သူ(မ)
စာတတ်တယ်မလား? သူ(မ) ရေးပါစေ!"
ကျွော့ချင်းက အေးစက်စွာ လှည့်ထွက်သွားပြီး သူ့ကို
မျက်ကွယ်ပြုနေခဲ့သည်။ ဤလူအုပ်စုတွင် စိတ်အားထက်သန်မှုရှိသော်လည်း ဦးနှောက်မရှိသဖြင့်
သူမ ပြောလျှင်ပင် အသုံးမဝင်ပေ။
ကျွော့ချင်းက သူတို့ကိုမကြည့်ဘဲ မျက်စိမှိတ်ထားခဲ့သည်။ ဝူစစ်က
ရုတ်တရက် ထရပ်လိုက်ပြီး သူမထံသို့ လှမ်းလာကာ သူမရှေ့တွင် ဒူးထောက်ထိုင်ချလိုက်သည်။ သူက အသက်သုံးဆယ်ကျော်ခန့်သာ
ရှိသေးသော်လည်း ရာသီဥတုဒဏ်နှင့် နှင်းခဲများ ဖုံးလွှမ်းနေသော သူ့၏အိုမင်းနေသည့်မျက်နှာတွင်
တောင်းပန်မှုများ ပြည့်နှက်နေလေသည်။
“မိန်းခလေး၊ ငါတို့ မင်းကို ဖမ်းခေါ်ထားတာက
ငါတို့ အမှားပါ၊ ငါတို့ တကယ်ကူကယ်ရာမဲ့နေတာကြောင့် လုပ်မိလုပ်ရာ လုပ်ခဲ့ကြတာပါ၊
ကျေးဇူးပြုပြီး ငါတို့အတွက် အသနားခံစာရေးပေးပါ!"
ကျွော့ချင်းက အံ့အားသင့်သွားခဲ့သည်။
၂၁ ရာစုမှာ
နေထိုင်တဲ့ သူမအတွက် ဒူးထောက်တာက တကယ်ကို အဆင်မပြေဘူး။
ကျွော့ချင်းက
မတ်တပ်ရပ်ပြီး ခြေတစ်လှမ်းဆုတ်လိုက်သည်။ ကျွော့ချင်း၏အသံက
အေးစက်နေသေးသော်လည်း သူမ၏နှလုံးသားကတော့ လှုပ်ရှားသွားခဲ့ပြီ ဖြစ်သည်။
"ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ်၊
အင်အားသုံးပြီး ပြန်ပေးဆွဲတာက ရာဇဝတ်မှုတစ်ခုပဲ၊ ဝန်ကြီးချုပ် တကယ်ရောက်လာရင်တောင်
မင်းရဲ့နစ်နာမှုတွေကို လျစ်လျူမရှုရင်တောင် ဥပဒေကို ချိုးဖောက်တဲ့အတွက် မင်းတို့က
ရွာကို ဒုက္ခပေးလိုက်တာပဲ”
ဝူစစ်က ထိုအရာကို
လျစ်လျူရှုပြီး သူ့ကိုယ့်ကို တည့်တည့်မတ်မတ် ပြန်ပြင်ကာ "ဒီပြန်ပေးဆွဲမှုက ငါ့အကြံပါ၊
ငါ တာဝန်ယူမယ်။ လို့သခင်ကြီးက ငါတို့ကျေးဇူးရှင်အတွက် အမှုကိစ္စကို
နောက်ပြန်လှည့်နိုင်သရွေ့တော့ ငါဆိုတဲ့ ဝူစစ်က ငါ့အသက်ကိုတောင် အဆုံးရှုံးခံနိုင်တယ်။
ငါ ဒါကို လုပ်ဖို့ ဆန္ဒရှိတယ်!"
မည်သို့ပင်ဖြစ်စေ
သူ့ဇနီးနှင့်သားသမီးများအားလုံးက ရောဂါကူးစက်မှုတွင် သေဆုံးသွားခဲ့ပြီး သူက အသက်ရှင်လျက်နှင့်
သေဆုံးနေသူသာ ဖြစ်သည်။
ဝူစစ် ထိုစကားကို ပြောလိုက်သည်နှင့် တပြိုင်နက်
ငြိမ်သက်နေသော ရွာသူရွာသားများက စိတ်လှုပ်ရှားစွာ အော်ဟစ်လာကြသည်။
"မဟုတ်ဘူး၊ လူကို ပြန်ပေးဆွဲဖို့ စိတ်ကူးက ငါက စတာပါ"
"အဲ့ဒါ ငါ့အကြံပါ!"
"ငါတို့ရဲ့ကျေးဇူးရှင်အတွက် စီရင်ချက်ကို ပြန်လှန်ဖို့ ငါ ကူညီနိုင်ရင်
သေရကျိုးနပ်တယ်!"
"မှန်တယ်!"
အော်ဟစ်သံများက တစ်ယောက်ထက်တစ်ယောက် ပိုမိုကျယ်လောင်လာပြီး
ရိုးရှင်းသော မျက်နှာတစ်ခုစီတွင် သူရဲကောင်းဆန်ဆန် သေခြင်းတရား၏ အရိပ်အယောင်များကိုပင်
ပြသနေသည်။
ကျွော့ချင်း၏ခေါင်းက နာကျင်လာပြန်သည်။
"ပါးစပ်ပိတ်ထားကြ!" အေးစက်စက် အမျိုးသမီးအသံက ထွက်ပေါ်လာပြီး
ရွာသူရွာသားများက ချက်ချင်း ပါးစပ်ပိတ်သွားကာ မျှော်လင့်ချက်ကင်းမဲ့နေသည့်
မျက်လုံးများဖြင့် သူမကို စိုက်ကြည့်နေကြသည်။ ကျွော့ချင်းက ဝူစစ်၏အင်္ကျီလက်ကို ဆွဲကိုင်လိုက်ပြီး
ကူကယ်ရာမဲ့ သက်ပြင်းချကာ "မင်းတို့ ငါ့ကို တိုင်ကြားစာ ရေးပေးစေချင်ရင် မင်းတို့
ငါ့ကို ဇာတ်လမ်းတစ်ခုလုံး ပြောပြရမယ်"
ရိုးသားသော ဤလူများက သူမ၏နှလုံးသားကို
လှုံ့ဆော်ပေးနိုင်ခဲ့ကြောင်း ကျွော့ချင်းက ဝန်ခံရပေတော့မည်။ သူတို့က တစ်စုံတစ်ဦး၏ကြင်နာမှုကို
ပြန်လည်ပေးဆပ်ရန် ဝန်ကြီးချုပ်အိမ်တော်ကြီးမှ လူကို လုယူရန်ပင် မတွန့်ဆုတ်ခဲ့ပေ။
သူတို့လက်ထဲတွင် ဆုပ်ကိုင်ထားသည့်အရာမှာ ရိုးရိုးဝါးလုံးနှင့် ပေါက်ပြားများသာဖြစ်သည်။
စားပွဲပေါ်တွင် လဲလျောင်းနေရင်း သူတို့ စာရေးတံကို ကောင်းကောင်းမကိုင်နိုင်သဖြင့်
စာတစ်မျက်နှာပြင်လုံး အစက်များ၊ အဝိုင်းများ ပြည့်နေသည်ကို တွေးမိသောအခါ ကျွော့ချင်းက မနေနိုင်ဘဲ
ပြုံးလိုက်မိတော့သည်။
"သခင်မလေးက သဘောတူတယ်၊ အရမ်းကောင်းတယ်!" ရွာသားများက အော်ဟစ်နေကြပြီး နျိုကြားရွာအဝင်ဝမှာ
လူတစ်စုက ကျွော့ချင်းကို ဝိုင်းထားကာ နေရာအနှံ့မှ စကားပြောနေကြသည်။
"ဒါက ဘာဖြစ်တာလဲ..."
"ငါ့ရဲ့ကျေးဇူးရှင်က လူကောင်းပဲ..."
"ငါ မင်းကိုပြောပြမယ် အစိုးရအရာရှိတွေက..."
…
စာကြည့်ခန်းကျယ်ကြီးကို နီလာရောင်ခန်းစီးဖြင့်
နှစ်ပိုင်းခွဲထားသည်။ ဘယ်ဘက်တွင် ရိုးရိုးနှင်းဆီသစ်သားစားပွဲနှင့် မှင်ပန်းချီကားများစွာ
ရှိနေပြီး ပိုင်ရှင်၏ ပြေပြစ်ကောင်းမွန်သော စိတ်နေစရိုက်ကို ပြသထားသည်။ ညာဘက်တွင် ပြတင်းပေါက်အနီးမှ
သေးငယ်ပုသေးသော စာပွဲတွင် လူချောနှစ်ယောက် မျက်နှာချင်းဆိုင်ထိုင်နေပြီး
စားပွဲပေါ်ရှိ အမှတ်အသားတစ်ခုကို စူးစိုက်ကြည့်နေကြသည်။
ခဏအကြာတွင် လို့ရှီးယန်က နှုတ်ခမ်းကို အနည်းငယ်ပင့်ကာ ပြုံးပြုံးလေးနဲ့
"မင်း ရှုံးပြီ"
နှစ်ခါ၊ သုံးခါ၊ လေးခါ.... ကိုးခါ။ သူ ရှုံးပြန်ပြီ!
ချီထျန်းယုက
အန်စာတုံးခွက်ကို ပျင်းရိစွာ တွန်းထုတ်လိုက်ရင်း "ကစားတာကို ရပ်လိုက်တော့။ ငါ
မင်းကို ဆက်ရှုံးနေရင် ချီမိသားစုကတစ်ခုလုံး မင်းဆီမှာ ဆုံးရှုံးသွားလိမ့်မယ်!"
လို့ရှီးယန်က အမှုမဲ့အမှတ်မဲ့ ပြုံးလိုက်ပြီး "ချီသခင်ကြီးက
နောက်နေပြန်ပါပြီ၊ ဒီသေးငယ်တဲ့အရာလေးက ချီမိသားစုအတွက် အစက်ကလေးတစ်စက်တောင် မရှိတာဘဲ!"
ရေပုံးတစ်ပုံးလုံး ရေထဲ ပြုတ်ကျသွားမှန်ပေမယ့် သူက မယုံနိုင်သေးပေ။
သူ့မိသားစုက လောင်းကစားရုံဖွင့်ထားခဲ့ပြီး သူက ငယ်ငယ်လေးကတည်းက အန်စာတုံး
ကော်းကောင်းဆော့နိုင်ခဲ့တယ်။ ဒါပေမယ့် ရှီးယန်နဲ့ အန်စာတုံးကစားတိုင်း
ဘာအကြောင်းပြချက်မှ မရှိဘဲ သူ အမြဲရှုံးတယ်ခဲ့တာ မဟုတ်ဘူးလား?! သူ လှည့်စားခံနေရတာပဲ နေမှာ....
ချီထျန်းယုက သူ့စိတ်တွင် ကျိန်ဆဲနေခဲ့သော်လည်း သူထံတွင် လို့ရှီးယန်၏ခန္ဓာကိုယ်ကို
ရှာဖွေရန် သတ္တိတော့ မရှိခဲ့ပေ။
ပြတင်းပေါက်မှ လှမ်းကြည့်လိုက်ချိန်တွင် လက မြင့်တက်လာပြီ ဖြစ်သောကြောင့်
ချီထျန်းယုက လှောင်သံဖြင့် "မှောင်တောင်မှ မှောင်နေပြီ၊ မင်းရဲ့ အလှလေးက ဘာလို့
ရောက်မလာသေးတာလဲ? မင်း ငါ့ကို ဖုံးကွယ်ထားတာလား?"
သူ အလှလေးကို
မမြင်နိုင်ဘဲ ငွေထောင်ပေါင်းများစွာ ဆုံးရှုံးခဲ့ပြီလား?
သူ့၏ သောကရောက်နေသည့် အကြည့်များကို မြင်လိုက်ရချိန်တွင် လို့ရှီးယန်က
"မင်း ကြိုက်ရင် ငါ သူ(မ)ကို နောက်မှ မင်းမိသားစုဆီကို လွှဲပေးလိုက်မယ်"
သူက
မိန်းမတွေကို မထီမဲ့မြင်ပြုတက်တဲ့ စစ်သူကြီးစုနဲ့ မတူပေမယ့် သူလည်း ကာမဂုဏ်ကို မကြိုက်ဘူး။
"မင်းက ငါ့ကို သတ်ချင်နေတာပဲ!" ချီထျန်းယုက ကြောက်ရွံ့ဟန်ဆောင်လိုက်ပြီး
"ဧကရာဇ်က မင်းကို ပေးခဲ့တဲ့ လက်ဆောင်ကို ဘယ်သူက လုယူဝံ့မှာလဲ? နောက်ပြီး
မင်းရဲ့အလှလေးကို မင်း တစ်ခါမှ မမြင်ဖူးသေးဘူးလေ။ အဲဒါကြောင့် ခွဲခွာလို့ မရဘူး။ ချင်းမိသားစုရဲ့
ဒုတိယမိန်းကလေးက အရမ်းလှတယ်လို့ ငါ ကြားထားတယ်၊ တစ်တိုင်းပြည်လုံးမှာ သူ(မ)က
အလှဆုံးဖြစ်ပြီး သူမရဲ့ကဗျာတွေနဲ့ သီချင်းတွေကလည်း ထူးထူးခြားခြား ကောင်းမွန်တယ်တဲ့၊
သူ(မ)က ထူးချွန်ထက်မြက်ပြီး လှပတဲ့သူ ဖြစ်ရမယ်..."
ထိုအချိန်တွင် တံခါးခေါက်သံ ထွက်ပေါ်လာပြီး
ချီထျန်းယုက ပျော်ရွှင်စွာ စကားပြန်ပြောလိုက်သည်။
"အထဲဝင်ခဲ့"
တံခါးကို တွန်းဝင်လာသော အမျိုးသားက ကျောက်တုံးနက်ကြီးဖြင့်
ထွင်းထုထားသကဲ့သို့ နက်မှောင်သော အသားအရေနှင့် ပြတ်သားသော မျက်နှာထားရှိသည်။ သူက
အလွန်အေးစက်နေပြီး မျက်နှာအမူအရာ ကင်းမဲ့နေသည်။ ထျန်းယုက အလောတကြီးဖြင့် "ကျင်းစ၊
အလှလေးကို ပြန်ခေါ်လာပြီလား?"
ကျင်းစက အေးစက်သော မျက်နှာဖြင့် လို့ရှီးယန်ကို မဝံ့မရဲ
ကြည့်နေလေသည်။
လို့ရှီးယန်က
ကျင်းစ၏စရိုက်ကို ကောင်းကောင်းသိထားပြီး အပြောင်းအလဲဖြစ်နေသည့်တိုင်
သူ့မျက်နှာက ထိုပုံစံအတိုင်း ရှိနေတတ်သည်ကို သူ့စိတ်ထဲတွင် နားလည်နေပြီ ဖြစ်သည်။ ထို့ကြောင့်
လို့ရှီးယန်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး "ပြောပါ"
ကျင်းစကတော့ အေးစက်စက်ဖြင့်သာ ပြန်ပြောလာခဲ့သည်။ "ချင်းသခင်မလေးရဲ့
ရထားလုံးက မြို့တော်ရဲ့အနီးမှာ လုယက်ခံခဲ့ရပါတယ်"
"လုယက်သွားတာလား?" ချီထျန်းယု အံ့အားသင့်သွားသည်။
တစ်စုံတစ်ယောက်က လို့ရှီးယန်ရဲ့မိန်းမကို
ပြန်ပေးဆွဲဖို့ သတ္တိရှိနေတာလား? သူတို့က အသက်ရှင် နေထိုင်ရတာကြာနေလို့ ပင်ပန်းနေကြပြီလား?!
"အဲ့နေရာမှာ ရွာသားတစ်ရာကျော်က ချင်းသခင်မလေးရဲ့ရထားလုံးကို ဝိုင်းထားပြီး
လုယူသွားခဲ့ကြတယ်။ သူတို့က သခင်ကိုယ်တိုင် နျိုကျားရွာကို လာရမယ်လို့ ခြိမ်းခြောက်သွားကြတယ်။
ကျွန်တော့်ရဲ့ လက်အောက်ငယ်သားတွေကို စုံစမ်းဖို့ လွှတ်ထားပြီးပါပြီ။ နျိုကျားရွာက
မြို့တော်ကနေပြီးတော့ လီသုံးဆယ်လောက်ဝေးတဲ့ ရွာလေးတစ်ရွာပါ၊ အဲ့ရွာမှာနေထိုင်တဲ့ ဆင်းရဲသားတချို့ရှိပြီး
အဲဒီရွာမှာ လူအိုရော လူငယ်ပါအပါမှ လူ ၂၀၀ လောက်ပဲ ရှိပါတယ်”
(လီ- ရှေ့ခတ်အကွာအဝေး အတိုင်းအတာ)
ချီထျန်းယုက စိတ်အားထက်သန်စွာ ရယ်မောလိုက်ပြီး
"စုစုပေါင်း လူ ၂၀၀ လောက်ပဲ ရှိတယ်၊ ဒါပေမယ့် မင်းဆီက မင်းမိန်းမကို လုယူဖို့
လူ ၁၀၀ ကျော် စေလွှတ်လိုက်တယ်လား?"
"နျိုကျားရွာကို ရှာဖွေဖို့ စေလွှတ်ထားတဲ့ အစောင့်တွေက ချင်းသခင်မလေးရဲ့ခြေရာကို
မတွေ့ဘူးလို့ ပြန်အကြောင်းကြားပါတယ်။ သူတို့က သခင်ကို မတွေ့မချင်း သူ(မ)ကို လွှတ်ပေးမှာ
မဟုတ်ပါဘူး"
ထိုစကားကို
ပြောနေချိန်တွင် ကျင်းစကလည်း အတွေးများနေခဲ့သည်။
နေ့ခင်းတုန်းက
ချင်းဖုန့် လုယူခံလိုက်ရတယ်လို့ သူ ကြားခဲ့ပြီး မူလက ရိုးရိုး လုယက်မှုတစ်ခုလို့ပဲ
သူ ထင်ထားခဲ့တယ်။ ရွာသားတွေ ရုန်းရင်းဆန်ခတ်ဖြစ်နေချိန်မှာ လူကို ပြန်လုယူဖို့ သူ လူတွေ
လွှတ်ထားပြီးပြီ။ ဒါပေမယ့် ဒီရွာသားတွေက လုံးဝမရိုးရှင်းလို့ ဘယ်သူက မျှော်လင့်ထားပါ့မလဲ?
သူတို့က ရည်ရွယ်ချက်နဲ့ အချိန်အတော်ကြာ ကြံစည်ထားပုံရပြီး အရမ်းခိုင်မာတဲ့ သဘောထားလည်
ရှိနေခဲ့တယ်။
လို့ရှီးယန်၏ မျက်လုံးများက အနည်းငယ် တောက်ပလာပြီး သူ၏
နှုတ်ခမ်းထောင့်များက အနည်းငယ် ကြွတက်လာကာ သူက ရယ်မောလိုက်သည်။ "ဒါဆို ငါ
သွားကြည့်ဖို့ကလွဲပြီး မတတ်နိုင်တော့ဘူးပေါ့!"
ရှီးယန်ရဲ့ ဒီအမူအရာက...
လို့ရှီးယန်၏အမူအရာကို မြင်လိုက်ရသည့် ချီထျန်းယုက အကြောင်းပြချက်မရှိ ရင်ဖိုသွားခဲ့သည်။
✍️✍️✍️