Chapter 6
Viewers 123

အခန်း ၆ လို့ရှီးယန်(အပိုင်း ၁)

  ရိုးရှင်းသော တဲအိမ်က ခပ်စုတ်စုတ်ဖြစ်ပြီး ဟိုဘက်ဒီဘက် ယိမ်းနွဲ့နေသည့် စားပွဲများနှင့် ကုလားထိုင်များကြောင့် ရံဖန်ရံခါ အော်မြည်သံများ ထွက်ပေါ်နေသည်။ ဆီမီးခွက်သေးသေးလေးတစ်ခွက်ကို စားပွဲပေါ်တွင် တင်ထားခဲ့သော်လည်း မီးတောက်လေးက လရောင်လောက်ပင် တောက်ပနိုင်ခြင်း မရှိပေ။ 

ယာဂုဖြူပန်းကန်လုံးတစ်လုံး၊ မုန်လာဥချဉ် ပန်းကန်သေးသေးလေးတစ်လုံး၊ ရက်စက်တက်ပုံရတဲ့ လူတစ်ယောက်နဲ့ အံကြိတ်ထားတဲ့ ရွာသားတစ်စု....

  "သခင်မလေးကျွော့~" ဝူစစ်က ပန်းကန်လုံးအလွတ်ကို တစ်ချက်ကြည့်လိုက်ပြီး တံတွေးမျိုချလိုက်ကာ "မင်း နောက်ထပ်တစ်ပန်းကန် လိုချင်သေးလား?"

  ကျွော့ချင်းက ပန်းကန်လုံးကို ပြန်ချလိုက်ကာ အေးစက်စက်အသံဖြင့် "ငါ့ကို ကျွော့ချင်းလို့ ခေါ်၊ ငါ ဗိုက်ပြည့်ပြီ"

  "အိုး" ဝူစစ်က သက်ပြင်းရှည်ကြီး ချလိုက်သည်။

 နောက်ဆုံးတော့ သူမက ဗိုက်ပြည့်သွားပြီပေါ့။ ယာဂုအိုးကလည်း အောက်ခြေအထိ နိမ့်ဆင်းသွားပြီလေ။ သခင်မလေးတွေက ဖြည်းဖြည်းချင်းစားသောက်ပြီး သိမ်သိမ်မွေ့မွေ့ စားတတ်ကြတယ်လို့ လူတွေက ပြောကြတာ မဟုတ်ဘူးလား? သူတို့ တကယ်ပဲ လူမှားပြီး ပြန်ပေးဆွဲလာတာ ဖြစ်နိုင်လား?

ထိုအတွေးကို ဝူစစ်တစ်ယောက်တည်း တွေးနေခြင်း မဟုတ်ဘဲ တစ်ရွာလုံးရှိ လူတိုင်းက ထိုသို့တွေးနေကြခြင်း ဖြစ်သည်။

  သူတို့၏မျက်လုံးများက သူတို့မျက်နှာပေါ်မှ ကျွတ်ထွက်လာလုမတက် ပြူးကျယ်နေပြီး ကျွော့ချင်းက သူတို့ကို မကြည့်ဘဲနှင့် သူတို့ဘာတွေးနေသည်ကို သူမ သိနိုင်လေသည်။ သူမကတော့ အစားမစားသည်မှာ သုံးလေးရက်ရှိနေပြီ ဖြစ်သောကြောင့် ဟန်ဆောင်ဖို့ပင် စိတ်မဝင်စားနိုင်ခဲ့ပေ။

  ရွာသားများကလည်း စိတ်ထဲတွင်သာ ငြီးတွားဝံ့ကြပြီး မည်သူမျှ စကားမပြောရဲကြပေ။ အထူးသဖြင့် မြှားကဲ့သို့ ထိုးဖောက်နိုင်သော သူမ၏မျက်လုံးများက အေးစက်နေသောကြောင့် သူမကို စိုက်မကြည့်ဝံ့ကြပေ။

  သေခြင်းတရားကို မကြောက်တက်သည့် ရှောင်ဝူဇီပင်လျှင် သူမအနားသို့ ချဉ်းကပ်သွားသော်လည်း သိပ်အနီးကပ် မနေဝံ့ဘဲ သူမ၏ဘေးတွင်သာ ငုတ်တုတ်ထိုင်နေခဲ့ပြီး "ကံကောင်းလိုက်တာ၊ မင်းက ရွာသားတစ်ယောက်လို ၀တ်ဆင်ထားလို့ပေါ့၊ မဟုတ်ရင် သူတို့ တွေ့သွားလိမ့်မယ်၊ ဒါပေမယ့် မင်းက ဘယ်လိုဖြစ်တာလဲ? ဝန်ကြီးချုပ်အိမ်တော်တော်အကြောင်း သိတယ်လား?"

  ကျွော့ချင်းက သူမ၏ကိုယ်ပေါ်မှ ပိတ်ကြမ်းအဝတ်အစားများကို ဆွဲကိုင်နေရင်း ဒေါသတကြီး ကျိန်ဆဲလိုက်သည်။ "စစ်သားတွေမဟုတ်ဘဲ အိမ်တော်ကကျွန်တွေပဲ ရောက်လာခဲ့လို့ မင်းတို့ရဲ့ကံကောင်းမှု့အတွက် မင်းတို့ကိုယ်မင်းတို့ ကျေးဇူးတင်သင့်တယ်၊ မင်းတို့ မှန်ကန်တဲ့သူကို ရွေးချယ်ခဲ့တာပဲ"

အဲ့ဒီဝန်ကြီးချုပ်က အမှားအမှန်ကို သိပြီး ပြည်သူကို ထောက်ထားစာနာတတ်တဲ့သူဖြစ်နိုင်တယ်!

မဟုတ်ရင် တပ်တွေလွှတ်လိုက်မှာကိုတောင် သူမ စိုးရိမ်မိသေးတယ်။

  သူမ၏ ငြင်းဆန်မှုကြောင့် ရှောင်ဝူဇီက စိတ်ပျက်သွားပြီး သူ့နှုတ်ခမ်းများကို ကောက်ကွေးလိုက်သော်လည်း မေးတော့မေးလိုက်သေးသည်။

“ဒါဆို လို့သခင်ကြီးက တကယ်လာမယ်လို့ မင်း ထင်လား?”

  ကျွော့ချင်းက ခပ်ဖျော့ဖျော့ပြုံးကာ "သေချာပေါက် ရောက်လာလိမ့်မယ်"

  ရှောင်ဝူဇီက သူမ၏ နှုတ်ခမ်းပေါ်မှ အပြုံးအနည်းငယ်ကြောင့် အနည်းငယ် မှင်တက်သွားသည်။ သူမကို အချိန်အကြာကြီး ကြည့်နေပြီးနောက် သူမက တကယ်ကို လှပပုံရသည်ဟု သူ တွေးနေမိပြန်သည်။

  ကျွော့ချင်း၏စကားမဆုံးခင်မှာပင် ရွာအဝင်ဝမှ စိတ်လှုပ်ရှားပြီး အလျင်လိုနေပုံရသည့် အမျိုးသားတစ်ယောက်၏အသံ ထွက်ပေါ်လာခဲ့သည်။

"အစ်ကိုဝူ! အစ်ကိုဝူ..."

  နောက်ဆုံးတွင် လျိုယွိက အိမ်ထဲသို့ အမြန်ပြေးဝင်လာပြီး သူ့မျက်နှာတွင် ချွေးများ ထွက်နေကာ  မျက်နှာတစ်ခုလုံး နီရဲနေလေသည်။ သူ အလျင်လိုနေပုံရသော်လည်း အသက်ရှုမဝ ဖြစ်နေသောကြောင့် စကားမပြောနိုင်သေးပေ။

ဝူစစ်က သူ့ကို ကူညီသည့်အနေဖြင့် သူ့ကျောကို ပုတ်ပေးလိုက်ကာ “မင်းက ဘာတွေ အရေးကြီးလာတာလဲ?”

လျိုယွိက အပြင်သို့ ညွှန်ပြလိုက်ရင်း  စိတ်လှုပ်ရှားစွာဖြင့် "လို့... ၀န်ကြီးချုပ်လို့ ရောက်နေပြီ!"

  ဝူစစ်၏မျက်လုံးများလည်း ပြူးကျယ်သွားကာ လျိုယွိ၏အင်္ကျီလည်ပင်းစကို ကိုင်လိုက်ပြီး စိုးရိမ်တကြီးဖြင့် "တကယ်လား? သူ ဘယ်မှာလဲ?"

  စိတ်လှုပ်ရှားနေသော လျိုယွိက သူ့အင်္ကျီလည်ပင်းစ အဆွဲခံထားရသည်ကိုပင် ဂရုမစိုက်နိုင်ဘဲ “တကယ်... ရွာအဝင်ဝမှာ တကယ်ကို ရောက်လာပြီ”

  တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် တဲအိမ်အတွင်း ရွှင်မြူးသော အော်သံများ ထွက်ပေါ်လာသည်။

  "ဝန်ကြီးချုပ်လို့ တကယ်ရောက်နေပြီ!" ဝူစစ်က မယုံကြည်နိုင်စွာ ရေရွတ်နေပြီးမှ အသိပြန်ဝင်လာကာ "မြန်မြန်... မြန်မြန်... မြန်မြန်ထွက်ပြီး နှုတ်ဆက်ရအောင်!"

        ဝူစစ်က တံခါးဝကို အမြန်ပြေးသွားပြီးမှ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားကာ အိမ်ထဲသို့ ပြန်ပြေးဝင်လာပြီး လှည့်ပတ်ကြည့်နေကာ စိုးရိမ်တကြီးဖြင့် "အသနားခံစာ...အသနားခံစာ ဘယ်မှာလဲ?"

  ကျွော့ချင်းက ခုံတန်းရှည်ပေါ်တွင် ရုပ်ထုတစ်ခုလို ထိုင်နေပြီး ခေါင်းမပါသည့် ယင်ကောင်တစ်ကောင်လို လှည့်ပတ်ကြည့်နေသော လူကို အေးစက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ နောက်ဆုံးတွင် သူမ သည်းမခံနိုင်တော့ဘဲ သူမ၏မျက်လုံးကို မှေးကျဥ်းလိုက်ကာ သူမ၏လက်ထဲမှ စာလိပ်ကို လှုပ်ယမ်းလိုက်ပြီး စိတ်မရှည်စွာ ပြောလိုက်သည်။

“ဒီမှာ”

 ဝူစစ်က သူမလက်ထဲမှ အသနားခံစာကို ဂရုတစိုက် လှမ်းယူလိုက်ရင်း ဝမ်းသာအားရ ပြုံးနေကာ "ကျွော့ချင်း၊ ငါတို့နဲ့အတူ ရွာအဝင်ဝကို လိုက်ခဲ့ပါ၊ ဝန်ကြီးချုပ်က ဒီကို ရောက်နေပြီ၊ ငါတို့ရဲ့ နစ်နာမှုတွေကို ပြောပြပြီးရင် မင်း သူနဲ့ ပြန်လိုက်သွားနိုင်တယ်"

  "မလိုက်ဘူး!" ကျွော့ချင်းက စိုးရိမ်တကြီး ပြောလိုက်သည်။

  "ဘာလို့လဲ" ဝူစစ်က အံ့ဩသွားသည်။

သူမက မူလထဲက ၀န်ကြီးချုပ်ရဲ့လူလေ၊ ဘာကြောင့် ပြန်သွားဖို့ အရမ်းဝန်လေးနေရတာလဲ?

ကျွော့ချင်းထံတွင်လည်း သူမ၏သီးသန့်အတွေးများ ရှိနေခဲ့သည်။

  သူမက ကျွော့ချင်းလေ... သူမက လက်ဆောင်ပဏ္ဍာ မဟုတ်ဘူး၊ ပြီးတော့ သူမက တစ်စုံတစ်ယောက်ရဲ့ အသုံးအဆောင်လည်း အဖြစ်ခံမှာ မဟုတ်ဘူး။ ဟုတ်တာပေါ့... ဒါတွေကို သူမ သူတို့ကို ရှင်းပြနေစရာ မလိုဘူးလေ။

 ကျွော့ချင်းက သူမ၏မျက်လုံးများကို လှန်လိုက်ပြီး ရှားရှားပါးပါး ညင်သာသည့် လေသံဖြင့် ပြန်ပြောလိုက်သည်။

"ငါ သူနဲ့ အတူ ပြန်လိုက်သွားပြီး သူက မင်းတို့ရဲ့ နစ်နာမှုတွေကို မဖြေရှင်းပေးရင် ဘယ်လိုလုပ်မှာလဲ? ဒီမှာပဲ နေမယ်"

သူတို့အားလုံး ပြန်ထွက်ခွာသွားပြီးလျှင် သူမက တိတ်တဆိတ် ထွက်ပြေးမည်ဖြစ်သည်။

  "ဒါက အလုပ်မဖြစ်ဘူး" ဝူစစ်က သူ့ခေါင်းကို ကမန်းကတန်း ခါလိုက်ပြီး "မင်းက အဖိုးတန်တဲ့ မိန်းမငယ်လေးလေ၊ မင်းကို ပြန်ပေးဆွဲတာတောင် ငါတို့ မင်းကို တော်တော်ကို ဒုက္ခပေးမိနေပြီ။ မင်းက ငါတို့ကို အသနားခံစာရေးဖို့ ကူညီပေးပြီးတာတောင် ငါတို့ရဲ့ နစ်နာမှုတွေကို ဖြေရှင်းပေးချင်နေသေးတယ်။ ငါတို့ မင်းကို ဒုက္ခတွေ ထပ်မပေးသင့်တော့ဘူး၊ မင်း ဝန်ကြီးချုပ်နဲ့ ပြန်လိုက်သွားပါတော့၊ ဝန်ကြီးချုပ်လို့က ဒီကို ရောက်လာပြီဆိုကတည်းက သူက ပြည်သူတွေအတွက် သေချာပေါက် ဆုံးဖြတ်ချက်တွေ ချပေးလိမ့်မယ်လို့ ငါ ယုံကြည်တယ်"

  ထိုအမျိုးသမီးက တချိန်လုံး အေးစက်သော ရုပ်သွင်ဖြင့် သူ့ကို ပြောဆိုဆက်ဆံနေခဲ့သော်လည်း သူမက စိတ်နှလုံးကောင်းရှိသောကြောင့် သူမကို မနှောင့်နှေးစေချင်တော့ပေ။ မိန်းကလေးတစ်ဦး ရက်အနည်းငယ်ကြာ ပြန်ပေးဆွဲခံရပါက သူမ၏ဂုဏ်သတင်းပျက်ဆီးသွားမေလိမ့်မည်။ 

"ဟုတ်တယ်! သခင်မကျွော့ ကျေးဇူးပြုပြီး ပြန်သွားပါ"

"ဟုတ်တယ်၊ ငါတို့ မင်းကို မနှောင့်နှေးစေချင်ဘူး"

  ရိုးရှင်းသော နှစ်သိမ့်စကားများက ကျွော့ချင်းကို စိတ်မကောင်းဖြစ်စေခဲ့သည်။

သူမ တိတ်တိတ်လေး ထွက်သွားခဲ့ရင် ဒီရွာသားတွေ ဘာဖြစ်ကုန်မလဲ?

  ကျွော့ချင်းက ရွာသားများကို ပါဝင်ပတ်သက်မှု မရှိစေချင်သော်လည်း သူမကိုယ်တိုင်လည်း လက်ဆောင်ပဏ္ဍာအဖြစ် မခံယူချင်ပေ။ ကျွော့ချင်းက  အကျပ်ရိုက်နေစဥ်တွင် ဝန်ကြီးချုပ်က ရွာအဝင်ပေါက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ကျွော့ချင်းက တစ်ကြိမ်လျှင် ခြေတစ်လှမ်းသာ လှမ်းနိုင်ပြီး သူမထံတွင် တခြားဘာမှ ရွေးချယ်စရာ မရှိတော့ပေ။

 ကျွော့ချင်းက သူမ၏လက်နှစ်ဘက်ကို သူမ၏ရင်ဘတ်ရှေ့တွင် ပိုက်ထားရင်း လေးလေးနက်နက် သေသေချာချာ မေးလိုက်သည်။

"ရှင်တို့က လင်းပါ့ခန်းအတွက် တရားမျှတမှုရှာဖို့ အယူခံဝင်ချင်တာ မဟုတ်ဘူးလား!"

  "ဟုတ်တယ်”

ဒါက မေးစရာလိုသေးလို့လား?!

  ကောင်းပြီလေ! 

ကျွော့ချင်းက သူမခေါင်းကို အနည်းငယ်မော့ကာ  အခန်းတွင်းရှိ လူတိုင်းကို အေးဆေးတည်ငြိမ်သော မျက်လုံးများဖြင့် ဖြည်းညှင်းစွာ လိုက်ကြည့်လိုက်ပြီးမှ "မင်းတို့ အဲ့လိုလုပ်ချင်ရင် ငါ့စကားကို နားထောင်။ မင်းတို့ရဲ့ နစ်နာမှုတွေကို ပြန်ရအောင် လုပ်ပေးနိုင်တဲ့ နည်းလမ်း ငါ့မှာ ရှိတယ်၊ ငါ လုပ်ပေးမယ်။ နောက်မှ ငါ သူနဲ့ အတူတူ ပြန်လိုက်သွားမယ်။ လင်းပါ့ခန်းရဲ့အမှုမပြီးခင်မှာ ဝန်ကြီးချုပ်က ငါ့အထောက်အထားကို မသိစေချင်ဘူး။ အခု ငါက မင်းတို့ရွာက ရွာသားပဲ၊ ငါ့နာမည်က ကျွော့ချင်း မှတ်မိလား?"

  ရွာသားများက တစ်ယောက်ကို တစ်ယောက်ကြည့်နေကြပြီး အများစုက သူမ၏အတွေးကို နားမလည်နိုင်ကြပေ။ သို့သော်လည်း ထိုငြိမ်သက်အေးစက်သော မျက်လုံးများနှင့် ရင်ဆိုင်ရတိုင်း ဘာကြောင့်မှန်းမသိ သူတို့ နာခံရုံသာတက်နိုင်ကြပြီး အဆုံးတွင် ခေါင်းတညိတ်ညိတ်ဖြင့်သာ တုန့်ပြန်လိုက်ကြရတော့သည်။

"ငါတို့ မှတ်ထားပါ့မယ်!“

  "သွားရအောင်" ကျွော့ချင်းက တိတ်တိတ်လေး သက်ပြင်းချလိုက်ပြီး နံရံတွင် ချိတ်ထားသည့် အ၀တ်ဦးထုပ်တစ်လုံးကို လှမ်းယူလိုက်ကာ သူမခေါင်းပေါ်တင်လိုက်သည်။ သူမ၏အလွန်ရှည်နေသည့်ဆံပင်များကို ဆံထုံး ထုံးကာ သေသေချာချာ ဖုံးအုပ်ပြီးနောက် ကျွော့ချင်းက ​​ခပ်ကြမ်းကြမ်းပုံစံဖြင့် အိမ်ထဲမှ ထွက်လာခဲ့သည်။ သူမက ရွာသားများနှင့်အတူ လူများစုဝေးနေကြသော ရွာအဝင်ပေါက်ဆီသို့ လျှောက်သွားလိုက်သည်။

  ဒီဝန်ကြီးချုပ်နဲ့ ဆက်ဆံရတာက  သိပ်မခက်ခဲ့ဖို့ သူမ မျှော်လင့်နေမိတယ်။

  လူအုပ်စုက ရွာအဝင်ဝသို့ လျင်မြန်စွာ ပြေးသွားကြသည်။ ကျွော့ချင်းက ရှေ့သို့ မသွားဘဲ သူမကို လူအုပ်ကြားတွင် မမြင်နိုင်စေရန်နှင့် သူမ ရှေ့မှ ဖြစ်ပျက်နေသည်အရာများကို ရှင်းရှင်းလင်းလင်း မြင်နိုင်စေရန် မှန်ကန်သော အနေအထားတွင် ပုန်းနေခဲ့သည်။

  သူမတို့ နီးကပ်လာသည်နှင့်အမျှ အ‌‌ရှေ့သို့ စူးစူးဝါးဝါး စိုက်ကြည့်ရင်း ကျွော့ချင်းက သူမ၏နှလုံးသားထဲတွင် လျှို့ဝှက်သော အော်မြည်သံများကို ထုတ်လွှတ်နေသလို ခံစားနေရသည်။ အစပိုင်းတွင် သူမက ဝန်ကြီးချုပ်အိမ်တော်မှ ထွက်ခွာနိုင်တော့မည်ဟု ထင်ထားခဲ့သော်လည်း မဆင်မခြင်လုပ်တတ်သော ရွာသားတစ်စုကို ရင်ဆိုင်နေရဆဲဖြစ်သည်။ သူတို့၏စုဝေးမှုက သေးငယ်သည် မဟုတ်သောကြောင့် အိမ်တော်မှ ထွက်လာသည့် ဝန်ကြီးချုပ်ကို အန္တရာယ် ဖြစ်စေနိုင်သည်။ သူနှင့်အတူ ရာနှင့်ချီသော အစောင့်များ ပါလာနိုင်သည်ဟု သူမ တွေးနေခဲ့သည်။

အနည်းဆုံးတော့ ဒါဇင်နဲ့ချီတဲ့ လက်ရွေးစင် စစ်သားတွေပေါ့။  ဒါပေမယ့် အခုလို ဖြစ်နေလိမ့်မယ်လို့တော့ ဘယ်သူက ထင်ခဲ့မိမှာလဲ?

✍️✍️✍️