Chapter 7
Viewers 118

အခန်း ၇ လို့ရှီးယန်(အပိုင်း ၂)

  ရွာအဝင်ဝမှ ညောင်ပင်ကြီးအောက်တွင် ရာနှင့်ချီသည့် ရွာသူရွာသားများ ရှိနေပြီး သူတို့၏ရှေ့တွင် သန်မာသည့်အမျိုးသားနှစ်ယောက်သာ ရှိနေခဲ့သည်။ တစ်ယောက်က ညိုမည်းသည့် အသားအရည် ရှိပြီး လရောင်အောက်တွင် ပျောက်ကွယ်လုနီးပါးဖြစ်နေကာ နှင်းခဲများ ဖုံးလွှမ်းနေသလို အေးစက်သည့် မျက်နှာထား ရှိသည်။ အခြားတစ်ယောက်က နှင်းကဲ့သို့ ဖြူဖွေးသော အသားအရည် ရှိပြီး   သူ့၏အပြာရောင်မျက်လုံးတစ်စုံက ပင်လယ်နက်နှင့် ဆင်တူနေကာ တခြားလူများကို ဆွဲဆောင်နိုင်သည့် မှော်အစွမ်း ရှိနေပုံရသည်။ သို့သော် သူတို့၏စူးရှနေသည့်အကြည့်များထံမှ လွှမ်းမိုးနိုင်သည့်အရှိန်အဝါကတော့ အတူတူပင် ဖြစ်သည်။ ည၏မှိန်ဖျော့ဖျော့ အလင်းရောက်အောက်တွင် လူဖြူလူမည်းတစ်စုံ ဘေးချင်းကပ်ရပ်နေပုံက မျက်လုံးမလွှဲနိုင်လောက်အောင် ဖမ်းစားနေလေသည်။

  သူတို့အနားတွင် အတက်တန်းလွှာအဝတ်အစားများကို ၀တ်ဆင်ထားသည့် အမျိုးသားတစ်ယောက် ရှိနေပြီး သူက ညောင်ပင်ကို မှီကာ ပျင်းတိပျင်းတွဲ မတ်တတ်ရပ်နေခဲ့သည်။ သူက ချောမောပုံရပြီး သူ့၏လှုပ်ရှားမှုများက ပေါ့ပေါ့ပါးပါးနှင့် အတားအဆီးကင်းမဲ့နေကာ ခပ်မိုက်မိုက် စိတ်ထားရှိပုံပေါ်သည်။

  သစ်ပင်အောက်တွင် မတ်မတ်ရပ်နေသည့် နောက်ထပ်အရပ်ရှည်ရှည် လူတစ်ယောက်ကို မြင်လိုက်ရချိန်တွင် ကျွော့ချင်း၏မျက်လုံးများက ထိုနေရာမှ ထပ်မရွေ့တော့ပေ။

  လရောင်အောက်မှ ထိုအမျိုးသားက ဇီးပန်းပွင့်‌ရောင်ဝတ်ရုံရှည်ပေါ်တွင် ရိုးရိုးရွှေချည်ကြိုး အနည်းငယ်ဖြင့် ပါသည့် ခါးပတ်ပြားကြီးကို ၀တ်ဆင်ထားသည်။ သူ့၏ဆံပင်များကို သရဖူမတပ်ဆင်ထားဘဲ ကျောက်စိမ်းဆံထိုးဖြင့်သာ ချည်နှောင်ထားသော်လည်း သူ့၏ တင့်တယ်မှုနှင့် မြင့်မြတ်မှုကို မထိခိုက်စေခဲ့ပေ။  ရှည်လျားကျဉ်းမြောင်းသော သူ့မျက်လုံးများက အနည်းငယ် ကျယ်လာပြီး သူ့၏နှုတ်ခမ်းထောင့်တွင် နွေးထွေးသောအပြုံးတစ်ခု ရှိနေသောကြောင့် သူ၏ လှုပ်ရှားမှုတိုင်းက ပြေပြစ်ကာ ကြည့်ကောင်းနေလေသည်။ စက္ခုပသာဒ ဟူသော စကားလုံးများကိ အပြည့်အဝ ဖော်ပြနိုင်မည့် နှိမ်ချတက်သော အမျိုးကောင်းသား ဖြစ်ပုံပေါ်သည်။ သို့သော် ကျွော့ချင်းက ထူးဆန်းသောအရာတစ်ခုကို ခံစားလိုက်ရသည်။  အထူးသဖြင့် အရိပ်အမြွက်မျှသာမြင်ရုံဖြင့် အရာခပ်သိမ်းကို မြင်နိုင်သလို နက်နဲပြီး ဆိတ်ငြိမ်နေပုံရသော သူ့မျက်လုံးများပင်....

ကျွော့ချင်းက သူမ၏မျက်လုံးများကို အနည်းငယ်မှိတ်ချလိုက်ကာ ပိုမိုရှင်းလင်းစွာ မြင်နိုင်ရန် ကြိုးစားလိုက်သည်။ ထိုလူက ရုတ်တရက် မျက်လုံးလှန်လိုက်ပြီး သူမဘက်သို့ လှမ်းကြည့်လိုက်သည်။ ကျွော့ချင်းတစ်ယောက် ထိတ်လန့်သွားပြီး ခေါင်းကို အမြန်ငုံ့လိုက်ကာ ဦးထုပ်အစုတ်ကို ဆွဲချလိုက်ပြီး သူမမျက်နှာကို လုံအောင်ဖုံးလိုက်ရသည်။ ထိုနောက် သူမ သက်ပြင်းတစ်ချက်ချလိုက်သည်။

ဘယ်လောက် စိတ်အာရုံခံစားမှုကောင်းတဲ့လူလဲ?

  လို့ရှီးယန်က မှောင်မိုက်နေသော လူအုပ်ကြီးကို ပေါ့ပေါ့ဆဆ လှမ်းကြည့်လိုက်သော်လည်း ဘာမှ ထူးထူးခြားခြား မတွေ့ရပေ။

သူ အခုန ခံစားလိုက်ရတဲ့ စောင့်ကြည့်ခံရတဲ့ ခံစားချက်က သူ့ထင်ယောင်ထင်မှား ဖြစ်သွားတာလား? ဒါမှမဟုတ် အဲ့လူက ဒါကို ကောင်းကောင်း ဖုံးကွယ်ထားနိုင်ခဲ့တာလား?! ဒီလိုဆိုရင်တော့ သူ့အတွက် ထိုက်တန်တဲ့ ခရီးတစ်ခု ဖြစ်လာတာမှာပဲ။

  လို့ရှီးယန်က စိတ်အခြေအနေတိုးတက်လာပြီး သူ စိတ်ကောင်းဝင်လာသည်နှင့်အမျှ သူက နွေးထွေးသည့် အပြုံးကို ပိုဖန်တီးကာ  သူ့ဆီသို့ အလျင်အမြန် ပြေးလာနေသည့် ရွာသားများကို တွေ့ဆုံရန် လှမ်းလာခဲ့သည်။ အကူအညီမဲ့နေသော ရွာသားများက သူ့ကို ကြောက်ရွံ့စွာဖြင့် စိုက်ကြည့်နေကြသည်။

  လို့ရှီးယန်က ဖြည်းညှင်းစွာ လျှောက်လာနေပြီး ရွာသားများက အလျင်အမြန် ဒူးထောက်ကာ ဂါရဝပြုလိုက်ကြသည်။

“ဝန်ကြီးချုပ်ကို ရိုသေလေးစားစွာ နှုတ်ဆက်ပါတယ်”

ကျွော့ချင်းထံတွင် ဒူးထောက်တတ်သည့် အလေ့အထ မရှိသော်လည်း ယခုအချိန်တွင် သူမ တစ်ဝက်တစ်ပျက် ဝပ်တွားဦးညွှတ်ရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။

  "အားလုံးထကြပါ" လို့ရှီးယန်က သူ၏လက်ကို အနည်းငယ် မြှောက်ကာ အချက်ပြလိုက်ပြီး ရယ်မောနေလိုက်သည်။

"ငါ့ကို ဒီကို ဖိတ်ခေါ်တာ ဘာကိစ္စရှိလို့လဲ?"

  ဖိတ်ခေါ်တာလား? 

ကျွော့ချင်းက အနည်းငယ် အံ့အားသင့်သွားပြီး မျက်ခုံးပင့်လိုက်မိသည်။

သူက ဒါကို ဖိတ်ခေါ်တာလို့ မှတ်ယူနိုင်သေးတယ်ပေါ့လေ။ လူကြီးလူကောင်းပဲ။ သူရဲ့ကြည်လင်ပြီး သာယာနေတဲ့အသံကလည်း နည်းနည်း နက်ရှိုင်းပြီး လူတွေကို သူပေးနေတဲ့ ခံစားချက်နဲ့ လိုက်ဖက်ညီတယ်။ 

ကျွော့ချင်းက သူမ၏ဦးထုပ်ကို ထပ်ဆွဲချလိုက်ပြီး သူမ၏ခေါင်းကို ထပ်မြှင့်လိုက်ကာ သူမရှေ့မှ နွေလေညင်းလို ပြုံးနေသည့်လူကို ဆက်ကြည့်နေခဲ့သည်။

  ဝန်ကြီးချုပ်က ကောလဟာလများအတိုင်း နူးညံ့သိမ်မွေ့ပြီး သာမာန်ပြည်သူများကို သားသမီးကဲ့သို့ ချစ်ခင်နေပုံပေါ်နေသောကြောင့်  ရွာသားများက စိတ်ဓာတ်တက်ကြွလာပြီး မကျေမနပ်အော်ဟစ်သံများ ဆက်တိုက်ထွက်ပေါ်လာသည်။

“ကျေးဇူးပြုပြီး....ကျွန်တော်မျိုးတို့အတွက် တရားမျှတမှုကို ရှာပေးပါ”

ချီထျန်းယုက သည်းမခံနိုင်တော့ဘဲ နားကို ပိတ်ကာ အေးစက်စွာ ပြန်အော်လိုက်သည်။

"မင်းတို့ရဲ့ နစ်နာမှုတွေအတွက် တရားမျှတမှုကို လိုချင်ရင် အစိုးရအရာရှိတွေဆီကို သွားသင့်တယ်။ ခုတော့ မင်းတို့က အရင်ဆုံး လူကို ပြန်ပေးဆွဲပြီး နောက်ပိုင်းမှာ တော်ဝင်အရာရှိကို ခြိမ်းခြောက်ချင်နေတာလား? ထောင်ထဲကို ဝင်ချင်နေကြတာလား!”

စိတ်ဝင်စားဖို့ကောင်းတာလေး ကြည့်ရမယ်လို့ သူ ထင်ခဲ့မိတာ။ ခုလို ငြီးငွေ့ဖွယ်ကောင်းမယ်မှန်း သိရင်  သူ ဘယ်တော့မှာ လိုက်လာမိမှာ မဟုတ်ဘူး။

  ချီထျန်းယု စကားမဆုံးခင်မှာပင် ဝူစစ်က အလျင်စလို ထရပ်လိုက်သည်။ ကျွော့ချင်းက သူ့ကို လှမ်းဆွဲလိုက်သော်လည်း ကံမကောင်းစွာဖြင့် သူက အရမ်းမြန်လွန်းသောကြောင့် ကျွော့ချင်းက သူ့အဝတ်ထောင့်ကိုပင် မထိနိုင်လိုက်ပေ။

  ဝူစစ်က လို့ရှီးယန်ရှေ့တွင် သုံးကြိမ်တိုင်တိုင် ဦးညွှတ်လိုက်ပြီး အသက်ကို ပြင်းပြင်းရှူကာ "ဝန်ကြီးချုပ်လူကြီးမင်း၊ ကျွန်တော်မျိုးတို့က သာမန်ပြည်သူတွေမို့ မိုက်မဲမိတာပါ၊ ကျွန်တော်မျိုးတို့ အစိုးရရုံးတော်ကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ရောက်ဖူးပါတယ်။ ဒါပေမယ့် သူတို့က အမှုကို ဆုံးဖြတ်ချက်ချပြီးပြီလို့ ပြောပြီး ကျွန်တော်မျိုးတို့ကို နှင်ထုတ်ခဲ့ပါတယ်။ တရားမျှတမှုကို ပြန်ရဖို့  ထီရှင်းလူကြီးမင်းကို ရှာဖွေခဲ့ပေမယ့် သူက မြို့တော်မှာ မရှိပါဘူး၊ ကျွန်တော်မျိုးတို့လည်း ကျိုးကြောင်းဆီလျော်စွာ ပြောဆိုချင်ပါတယ်။ ဒါပေမယ့် ဝန်ကြီးချုပ်ရဲ့အိမ်တော်က သာမန်လူတွေ ပေါ့ပေါ့ဆဆသွားနိုင်တဲ့ နေရာမဟုတ်တော့... ကျွန်တော်မျိုးတို့က တကယ်ပဲ..."

သူ့ရင်ထဲမှ ခါးသီးသည့် နာကျည်းမှုများက များလွန်းနေသောကြောင့် ဝူစစ်က ဘာဆက်ပြောရမှန်း မသိတော့ပဲ မြေပြင်ကိုသာ ဦးတိုက်နေတော့သည်။

  သူ့၏တုန်ခါနေသော အသံကြောင့် ကျွော့ချင်းတစ်ယောက် ထိတ်လန့်သွားရပြန်သည်။

 ဘာတုန်းဟ! သူ့ခေါင်းက သံနဲ့လုပ်ထားတာလား?!! 

ကျွော့ချင်းက သူမ၏ဘေးနားမှ ကောင်လေးကို လက်ဖြင့် ရိုက်ပုတ်လိုက်ပြီးနောက် ထအော်လိုက်သည်။

"မတရားခံရတာပါ!"

  "ဘာလဲ?" ရှောင်ဝူဇီက နားမလည်နိုင်ဖြစ်နေခဲ့သည်။

  ဝက်လိုကောင်!

 ကျွော့ချင်းက သူ့လက်ကို ပြင်းပြင်းထန်ထန် လိမ်လိုက်ရင်း  သူမ၏ သွားကြားမှ လေသံဖြင့် စကားလုံးတချို့ကို ထပ်အော်လိုက်သည်။

"မတရားခံရတာပါ"

  နောက်ဆုံးတွင် အသိစိတ်ဝင်လာသည့် ရှောင်ဝူဇီကလည်း ထအော်လိုက်သည်။

"မတရားခံရတာပါ ~~~"

 သူမရဲ့လက်တွေက အရမ်းသန်မာတယ်ဟ။ အဲ့ဒါက အရမ်း နာတယ်!

  နာကျင်စွာ အော်ဟစ်သံက အံ့အားသင့်နေသော ရွာသားတစ်စုကို နိုးဆော်ပေးလိုက်ပြီး အားလုံးက မတရားမှုကို ဖြေရှင်းပေးရန် စတင်အော်ဟစ်လာကြသည်။

"ဝန်ကြီးချုပ်....လူကြီးမင်း တရားမျှတမှုအတွက် ဖြေရှင်းပေးတော်မူပါ--!"

  "ဝန်ကြီးချုပ်... ကျွန်တော်မျိုးတို့အတွက် တရားမျှတအောင်လုပ်ပေးပါ!!"

      လို့ရှီးယန်၏ လျှို့ဝှက်နက်နဲပုံရပြီး စူးရှသော မျက်လုံးများက ရိုးရှင်းပြီး စိတ်လှုပ်ရှားနေသော မျက်နှာများကို ငုံ့ကြည့်နေခဲ့သည်။ ဤလူများက  နာကျည်းမှုအတွက် ညည်းညူနေပုံရသောကြောင့် လို့ရှီးယန်က ရှေ့သို့ တိုးလာကာ ဦးတိုက်နေဆဲဖြစ်သော ဝူစစ်ကို ထရန် ကူညီပေးလိုက်သည်။

 "မင်းတို့မှာ နစ်နာမှုတွေရှိရင် အဲ့ဒါကို တိုက်ရိုက်ပြောလို့ရတယ်။ မင်းတို့မှာ နစ်နာမှုတွေရှိလား?"

  ဝူစစ်က လို့ရှီးယန်၏အကူအညီကို မယူရဲဘဲ ထိတ်လန့်တကြား ထရပ်လိုက်သည်။ သူက လို့ရှီးယန်ကို အချိန်အတော်ကြာအောင် ကြည့်နေပြီးနောက် သူ့အင်္ကျီလက်ထဲမှ စာရွက်တစ်ရွက်ကို ဂရုတစိုက် ထုတ်လိုက်ပြီး အလွန်သတိထားနေဟန်ဖြင့် လွှဲပေးလိုက်သည်။

"ဒါက အသနားခံစာပါ"

  အသနားခံစာတောင် ရေးထားတယ်ပေါ့... 

လို့ရှီးယန်က ပြုံးလိုက်ပြီး စာကို ဖြည်းညင်းစွာ ဖြန့်လိုက်သည်။   လို့ရှီးယန်၏အပြုံးက မပြောင်းလဲသွားသော်လည်း ခဏအကြာတွင် သူက ပေါ့ပေါ့ပါးပါး အသံဖြင့် ပြန်မေးလာခဲ့သည်။

"ဒီအသနားခံစာကို ဘယ်သူရေးတာလဲ?"

  ချီထျန်းယုက သိချင်စိတ်ကြောင့် တက်ကြွလာပြီး အသနားခံစာကို လှမ်းယူလိုက်သည်။

သူနဲ့ ရှီးယန်က အတူတူကြီးပြင်းလာတာလေ၊ အဲ့ဒါကြောင့် အခြားသူတွေ မသိနိုင်တာတွေကို သူ သိခဲ့တယ်။ ရှီးယန်ရဲ့လေသံက ပိုပေါ့ပါးလေလေ သူ့အပြုံးက နူးညံ့လေလေ၊ သူ ပိုပြီး ဂရုစိုက်လေလေ၊ သံသယများလေလေပဲ။

  သွားပြီ! 

ကျွော့ချင်းက စိတ်ထဲမှ ကျိန်ဆဲနေခဲ့သည်။

  လှည့်မကြည့်နဲ့၊ ငါ့ကို မကြည့်နဲ့! နောက်ပြန် လှည့်မကြည့်ကြနဲ့!

  ကျွော့ချင်းက သူမ၏နှလုံးသားထဲတွင် အကြိမ်ပေါင်းမရေတွက်နိုင်အောင် တိတ်တိတ်လေးရွတ်ဆိုနေခဲ့သည်။ ကံမကောင်းစွာဖြင့် မိုးနတ်မင်းက သူမ၏ဆုတောင်းသံကို မကြားခဲ့ပေ။

  တောက်! မိုက်မဲတဲ့ကောင်တွေ၊ ဦးနှောက်မဲ့တဲ့ ဝက်တွေ၊ @#%&*~~~

  ကျွော့ချင်းတစ်ယောက် သူမ၏ အသက်နှစ်ဆယ်ကျော်အတွင်း သူမ စဉ်းစားနိုင်သော ဆဲဆိုနည်းပေါင်းစုံဖြင့် ကြိမ်းဆဲနေခဲ့ပြီး နောက်ဆုံးတွင် "နူးညံ့သောအကြည့်"က သူမပေါ်သို့ စူးစိုက်စွာ ကျလာသောကြောင့် သူမ ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်ရတော့သည်။

✍️✍️✍️