အခန်း
၈ ထိပ်တိုက်ရင်ဆိုင်မှုများ (အပိုင်း ၁)
လို့ရှီးယန်က လူတိုင်း၏အကြည့်နောက်သို့ လိုက်ကြည့်လိုက်ပြီး
ခေါင်းငုံ့ကာ မြေပြင်ပေါ်တွင် ငုတ်တုတ်ထိုင်နေသည့် ပိန်ပိန်ပါးပါးသဏ္ဍန်တစ်ခုကို
တွေ့လိုက်ရသည်။ အချိန်အတော်ကြာပြီးနောက် ထိုလူက ဖြည်းညှင်းစွာ မတ်တတ်ရပ်လာခဲ့သည်။ သူဆောင်းထားသည့်
ဦးထုပ်ကြီးက သူ့၏မျက်နှာအများစုကို ဖုံးအုပ်ထားသောကြောင့် သူ့အသွင်အပြင်ကို
ရှင်းရှင်းလင်းလင်း မြင်ရရန် ခက်ခဲနေစေသည်။ ကြီးမားသော ပိတ်ကြမ်းအဝတ်အစားများကို
သူ့ကိုယ်အပေါ်တွင် ပတ်ခြုံထားသော်လည်း သူက အလွန်ပိန်လှီနေပုံရသည်။ သူ့ပုံစံက
အန္တရာယ်ကင်းသော ကောင်လေးတစ်ယောက်ကဲ့သို့ ပါးလွှာနေသော်လည်း လို့ရှီးယန်ကတော့ ထိုကဲ့သို့ မတွေးခဲ့ပေ။
ထိုသူက နှုတ်ဆိတ်နေတာကြောင့် လို့ရှီးယန်က စိတ်ဝင်တစားဖြင့်
"မင်းက ဒီတိုင်ကြားစာကို ရေးတဲ့သူလား?"
ကျွော့ချင်းက ခေါင်းငုံ့ထားရင်း သူမ၏အသံကို လျှော့ချကာ
အားနည်းပြီး ခိုင်မာမှု မရှိသော အသံဖြင့် "မှန်ပါတယ်"
သူမရဲ့နောက်မှာ
ဒူးထောက်နေတဲ့ လူမိုက်အုပ်စုတစ်စုက သူမကို ဒုက္ခပေးမယ့်သူတွေပဲ။
သူမဘဝတွင်
ရိုးရှင်းပြီး ကြင်နာတတ်သည့်လူများကို မုန်းတီးမိခြင်းက ပထမဆုံးအကြိမ်သာ ဖြစ်သည်။
ချီထျန်းယုက ကျွော့ချင်းကို အပေါ်အောက် ငုံ့ကြည့်ကာ သူ့လက်ထဲမှ
အသနားခံစာကို ဝှေ့ယမ်းလိုက်ပြီး လို့ရှီးယန်ကို အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
"စကားလုံးအသုံးပြုပုံက
အရမ်းတိကျပြီး ပြတ်သားတယ်။ ဒါပေမယ့် စာရေးထားတာက ရုပ်ဆိုးလွန်းတယ်!"
ကျွော့ချင်းက ခေါင်းငုံ့ကာ နှုတ်ဆိတ်နေဆဲပင်။ သူမ၏မူလဘဝတွင်
သူမ၏လက်ရေး လှပသည်ဟု မည်သူကမျှ တစ်ခါမှ
မပြောခဲ့ဖူးသောကြောင့် ထိုစကားဖြင့် သူမကို ရန်စရန် ကြိုးစားနေဖို့တော့ အနည်းငယ်
လိုအပ်နေသေးသည်။
ကျွော့ချင်းက အံသြဟန်ဆောင်ရန် စိတ်ထဲတွင် တွေးနေပုံမျိုး ဟန်ဆောင်လိုက်သည်။
လို့ရှီးယန်ကတော့ အလျင်စလို မရှိပေ။ သူက သူမဘေးနားမှ ဝူစစ်ကို ကြည့်ကာ "မင်းက
သူတို့မိသားစုက မဟုတ်သလို ဒီကိစ္စနဲ့ဘည်း ဘာမှ မဆိုင်ဘူး။ မင်းက ဘာလို့ မခံမရပ်နိုင်
ဖြစ်နေရတာလဲ? သူ့မှာ အပြစ်မရှိဘူးဆိုတာ သက်သေပြဖို့အတွက် မင်းမှာ ဘာအထောက်အထားရှိလဲ?"
ဝူစစ်က လို့ရှီးယန်၏ မျက်လုံးများကို တိုက်ရိုက်မကြည့်ဝံ့ဘဲ
သူ့စိတ်ထဲတွင် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် လေ့ကျင့်ထားသည့် စကားလုံးများကို
ရွတ်ဆိုလိုက်သည်။ "ဝန်ကြီးချုပ်လူကြီးမင်း၊ လင်းပါ့ခန်းက ကျွန်တော်မျိုးတို့
တစ်ရွာလုံးရဲ့ ကျေးဇူးရှင်ပါ။ နျိုကျားရွာမှာ ရေတွင်းသုံးတွင်းပဲ ရှိပါတယ်။ လူတွေ၊
တိရစ္ဆာန်တွေ၊ လယ်ကွင်းတွေထဲက စားနပ်ရိက္ခာတွေအတွက် အဲဒီရေနည်းနည်းကိုပဲ မှီခိုရပါတယ်။
ရာသီဥတုမကောင်းရင် မိုးခေါင်ရင် အသီးအနှံ မရိတ်သိမ်းနိုင်တော့ဘူး။ အဲ့လိုဖြစ်နေတာက
ဆယ်နှစ်လောက်ရှိနေပါပြီ။ ကျွန်တော်တို့ရဲ့ ဆယ်နှစ်ကျော် ဒုက္ခကို ကယ်တင်ပေးခဲ့တဲ့
ဒီလိုလူက စစ်ရိက္ခာအတွက် ယုတ်ညံ့တဲ့ ကုန်ပစ္စည်းတွေကို ဘယ်လို
ရောင်းဝယ်ဖောက်ကားနိုင်မှာလဲ? ကျွန်တော်မျိုးတို့ရဲ့ကျေးဇူးရှင်က ဒီလိုလူ မဟုတ်ပါဘူး၊
သူ မှားယွင်းစွပ်စွဲခံရတာပါ၊ ကျေးဇူးပြုပြီး ဝန်ကြီးချုပ်က သေချာစုံစမ်းပေးပါ!!"
နောက်ဆုံးတွင် ထိုကိစ္စက စစ်တပ်ရိက္ခာများ
လျှို့ဝှက်လဲလှယ်သည့်အမှုကိစ္စဖြစ်ကြောင်း ပေါ်ထွက်လာခဲ့သည်။ တရားရေးဝန်ကြီးဌာနက ထိုအမှုကို
လွန်ခဲ့တဲ့ တစ်လခွဲက စီရင်ချက်ချပြီးဖြစ်ကာ လူသက်သေ၊ ပစ္စည်းသက်သေများ ရှိခဲ့ပြီး
ဝန်ခံမှုလည်း ရှိနေခဲ့သည်။
လို့ရှီးယန်က “ဒီကိစ္စကို အစိုးရက
ဆုံးဖြတ်ထားပြီးသားလေ။ ဒီအမှုအတွက် လင်းပါ့ခန်းကိုယ်တိုင်လည်း ဝန်ခံစာ ရေးထားပြီးပြီ၊
သူက လက်ဗွေနှိပ်ပြီးမှတော့ ဘယ်လို နစ်နာမှုကို ပြန်ရှာနိုင်မှာလဲ? အဲလိုမှမဟုတ်ရင်
မင်းတို့ လက်ထဲမှာ ဘာအထောက်အထားတွေ ရှိလဲ?"
"ကျွန်တော်မျိုးတို့..."
သူတို့မှာ
ဘာအထောက်အထားမှ မရှိဘူး။ သူတို့က သူတို့ရဲ့ယုံကြည်မှုတစ်ခုကိုပဲ မှီခိုနိုင်တာပါ။
ဝူစစ်က လို့ရှီးယန်
မယုံမည်ကို ကြောက်သောကြောင့် ဒူးထောက်လိုက်ပြန်သည်။
"ကျွန်တော်မျိုးတို့ရဲ့ ကျေးဇူးရှင်က ဒီလိုမျိုး မလုပ်ပါဘူး၊ သခင်ကြီး
သိပါတယ်!!"
လူကြီးတစ်ယောက်
ငိုယိုကာ ခေါင်းငုံ့ဦးတိုက်လိုက်သောကြောင့် သူ့နောက်မှ ရွာသူရွာသားများကလည်း အောက်ငုံ့ကာ
ဦးတိုက်နေကြပြန်သည်။ ကျွော့ချင်းက ထိုအသံများကြောင့် အမှန်တကယ် ဒေါသထွက်လာခဲ့သည်။
ဝက်တွေကတော့ ဝက်တွေပဲ... ဘာကပြောသင့်တယ်
ဘာက မပြောသင့်ဘူးဆိုတာ လုံးဝ မသိကြဘူး။
ကျွော့ချင်းက ဝူစစ်၏ပခုံးကို ဆုပ်ကိုင်လိုက်ရင်း အေးစက်စွာ ပြောလိုက်သည်။
"ဒါဆို
လုံလောက်ပြီ"
ကျွော့ချင်းက လူအုပ်ကို ဖြတ်ကျော်ပြီး ရှေ့သို့တိုးသွားကာ
သူမနှင့် ဆန့်ကျင်ဘက်တွင် ရပ်နေသည့် လို့ရှီးယန်ကို အေးစက်သောလေသံဖြင့် ပြန်ပြောလိုက်သည်။
"လင်းပါ့ခန်းရဲ့
ဇနီးဖြစ်သူက လင်းပါ့ခန်းဆီကို သွားတွေ့တုန်းခဲ့တယ်။ အဲ့အချိန်အထိ သူက သူ မှားယွင်းစွပ်စွဲခံရတယ်လို့
အခိုင်အမာ ပြောနေတုန်းပဲ။ မတရားမှုနဲ့ပတ်သက်ပြီး စစ်ဆေးနေတုန်းမှာ ဘာတွေ
ဖြစ်ခဲ့တာလဲ? ဒီကိစ္စကို အများပြည်သူရှေ့မှာ ရုံးတင်စစ်ဆေးတာ မဟုတ်တော့ လင်းပါ့ခန်းကို
နှိပ်စက်ညှဉ်းပန်းပြီး ဝန်ခံခိုင်းခဲ့တာလား? ဒါမှမဟုတ် မေ့မြောနေချိန်မှာ
သူ့ရဲ့လက်ဗွေနှိပ်ကို နှိပ်ခဲ့တာလား?"
“ညှဉ်းပန်းနှိပ်စက်မှုကြောင့် ဝန်ခံခြင်း” ဟူသော စကားလုံးက စိတ်ဝင်စားဖွယ် ကောင်းလှသည်။
သူ့၏အသွင်အပြင်ကို မမြင်ရသေးသော်လည်း ကြည်လင်အေးဆေးသော အသံနှင့် တည်ငြိမ်အေးဆေးသော
အမူအရာတို့က ဤလူက သာမန်ရွာသားတစ်ဦး မဟုတ်ကြောင်း ညွှန်ပြနေသည်။ လို့ရှီးယန်က တစ်ဆင့်ပြီးတစ်ဆင့်
ကျွော့ချင်းထံ ချဉ်းကပ်သွားပြီး "ဒီလို ပြောဖို့ သက်သေရှိလား?"
သူထံမှ ထွက်ပေါ်လာသည့် ဖိနှိပ်ချုပ်ချယ်မှု ပြင်းထန်လွန်းလှသည်။ သူ့အသံက
အလွန်နူးညံ့နေပြီး သူ့အပြုံးက အလွန်ပေါ့ပါးနေသော်လည်း သူ့၏ ထိုကဲ့သို့ နူးညံ့သည့်အကြည့်များကို
ရင်ဆိုင်ရတိုင်း ကျွော့ချင်းကို အမြဲလိုလို နားမလည်နိုင်အောင် တုန်လှုပ်သွားစေတတ်သည်။
ပြစ်မှုအတွက် အကောင်းဆုံးအခြေအနေက ခုခံကာကွယ်ခြင်းလို့
ကုယွင်က
မကြာခဏပြောလေ့ရှိတယ်။ ခုတော့ သူမ အဲ့စကားကို သဘောတူသွားပြီ။
ကျွော့ချင်းက
ဘယ်တုန်းကမှ နောက်ပြန်ဆုတ်တတ်သည့် အလေ့အထ မရှိခဲ့ဘဲ ယခုတစ်ကြိမ်ကလည်း ချွင်းချက် မဟုတ်ပေ။ သူမက ခေါင်းကို
အနည်းငယ် မော့ပြီး ခပ်တည်တည် ပြန်မေးလိုက်သည်။
"ဝန်ခံလာအောင် နှိပ်စက်ခဲ့လားဆိုတာ သိချင်ရင်
သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာတစ်ခုခုရှိနေလားဆိုတာ ကြည့်လိုက်တာနဲ့ ရှင်းရှင်းလင်းလင်း
သိနိုင်ပါတယ်၊ လင်းပါ့ခန်းက သူ့အနေနဲ့ မတရားဘူးလို့ အခိုင်အမာပြောခဲ့ပေမယ့်
တစ်စုံတစ်ယောက်က ဒီအမှုကို အဆုံးသတ်ဖို့ စိတ်အားထက်သန်နေပြီး တကယ်နှိပ်စက်ခဲ့တာမျိုး
မဖြစ်နိုင်ဘူးလားလို့ ဝန်ကြီးချုပ်ကို ပြန်မေးချင်ပါတယ်၊ တကယ်လို့ ညှင်းပမ်းနှိပ်စက်ခဲ့တယ်ဆိုရင်
ဘယ်လိုလုပ်ပေးနိုင်မလဲ?”
လို့ရှီးယန်က ထိုစကားမျိုးကို မမျှော်လင့်ထားဘဲ နောက်သို့ ပြန်ဆုတ်သွားခဲ့သည်။ လရောင်အောက်တွင်
နှစ်ယောက်သား မျက်နှာချင်းဆိုင်လုနီးပါး မတ်တပ်ရပ်နေကြပြီး ဦးထုပ်အောက်မှ ကြည်လင်နေသည့်
မျက်လုံးတစ်စုံက သူ့ကို သေသေချာချာ စိုက်ကြည့်နေခဲ့သည်။
အိုး... သေချာတာကတော့ သူ သူတပါးရဲ့မျက်လုံးတွေထဲမှာ ဒီလို ပြတ်သားတဲ့ အကြည့်မျိုး
မတွေ့ခဲ့ရတာ နှစ်တွေ ဘယ်လောက်ရှိနေပြီလဲ? သူ ဒီတရားဝင်ရာထူးမှာ အချိန်အတော်ကြာ နေထိုင်ခဲ့ရတာကြောင့် လူတိုင်းက သူ့ကို မျက်နှာဖုံးတွေနဲ့
ဆက်ဆံကြပြီး ဒီလိုကြီးကျယ်ခမ်းနားတဲ့ အမူအရာမျိုး သူ မေ့လုနီးပါးဖြစ်နေခဲ့ပြီ။ ဒီလိုရိုးသားမှုက
သူ့နှလုံးသားကို နွေးထွေးမှု ခံစားရစေတယ်။
ထိုသို့
ရှားရှားပါးပါး ပြတ်သားလွန်းနေသည့် ရှင်းလင်းချက်အတွက် လို့ရှီးယန်က လေးနက်သောအသံဖြင့်
ပြန်ဖြေပေးလိုက်သည်။
"တကယ်လို့သာ
အဲ့တာက အမှန်ဆိုရင်.... သေချာတာကတော့ ပြန်စမ်းစစ်ရမယ်”
ကောင်းတယ်!
ကျွော့ချင်းက
ထိုအောင်မြင်မှုကို အခွင့်ကောင်းယူကာ သူမ၏အသံကို မြှင့်ပြီး တမင်တကာ ထပ်မေးလိုက်သည်။
"ဝန်ကြီးချုပ်က
တရားမျှတမှုအတွက် ဒီအမှုကို အများပြည်သူရှေ့မှာ ပြန်လည်စစ်ဆေးပေးမှာ မဟုတ်လား?"
အများသူငှာရှေ့မှာ ပြန်လည်စစ်ဆေးပေးရမှာလား?! သူ့ကို ဖိအားပေးနေတယ်ပေါ့လေ!
ယခုအချိန်တွင် သူက အများပြည်သူရှေ့တွင် ရုံးတင်စစ်ဆေးခြင်းကို
ငြင်းဆိုပါက တရားမျှတမှု ရှိတော့မည် မဟုတ်ပေ။
ကောင်းလိုက်တဲ့
အကွက်!
လို့ရှီးယန်က
အပြုံးဖြင့် ခေါင်းညိတ်ပြလိုက်ပြီး "ငါ့အတွက်လဲ အဲ့လို ပွင့်ပွင့်လင်းလင်း
ကြားနားရတာ ပိုကောင်းပါတယ်"
ဒါက သူမ စောင့်မျှော်နေတဲ့အရာပဲ....
သို့သော်လည်း
နောက်ထပ် စကားတစ်ခွန်းကို ကြားလိုက်ပြီးနောက်
ကျွော့ချင်း၏ပျော်ရွှင်သော ခံစားချက်များ ချောက်ထဲသို့ ထိုးကျသွားတော့သည်။
"အဲတော့..." လို့ရှီးယန်က ကျွော့ချင်းထံ ချဉ်းကပ်ကာ တမင်တကာ
အသံရှည်ရှည်ဆွဲရင်း အလွန်တရာ ရှင်းရှင်းလင်းလင်း ပြောလိုက်သည်။ "ချုံယွဲ့ရဲ့ဥပဒေအရ၊
ပြန်လည်စစ်ဆေးပြီးနောက် အကျဉ်းသားမှာ အပြစ်မရှိကြောင်း သက်သေပြဖို့ သက်သေအသစ်မရှိရင်
ဒါမှမဟုတ် အကျဉ်းသားမှာ တကယ်အပြစ်ရှိနေရင် မူလပြစ်မှုအတွက် ပြန်လည်စစ်ဆေးဖို့
အဆိုပြုသူတွေကို တရားရုံးကို ကျူးကျော်စော်ကားမှုနဲ့ အပြစ်ရှိကြောင်း စီရင်ချက်ချမယ်။
အဆိုးဆုံးအမှုအတွက် ကြိမ်ဒဏ်တစ်ရာကနေ ထောင်ဒဏ်သုံးနှစ်အထိ ပြစ်ဒဏ်တွေ ချမှတ်ခံရမယ်”
ဘာလဲ?! ဒီလိုမျိုးတွေ
ရှိတယ်လား! ဒါက ဘယ်လိုဥပဒေမျိုးလဲ? အယူခံတင်ရင်တောင် ပြစ်ဒဏ်ကျခံရနိုင်တယ်လား! ဘာလို့ ဘယ်သူကမှ သူမကို မပြောခဲ့တာလဲ။
ခေတ္တခဏမျှပင် ဖြစ်သော်လည်း ထိုဝန်ကြီးချုပ်၏မျက်လုံးထဲမှ
ပျော်ရွှင်မှုအရိပ်အယောင်ကို သူမ မြင်ခဲ့ရကြောင်း သူမ ကျိန်ဆိုနိုင်သည်။ သို့သော်လည်း
ချက်ချင်း ပြန်ပျောက်ကွယ်သွားပြီး လုံးဝ မရှိခဲ့သလို ပြန်ဖြစ်သွားခဲ့သည်။
ကျွော့ချင်းက တစ်ခုခုထပ်ပြောရန် ပြင်နေစဥ်တွင် ဝန်ကြီးချုပ်က
ထိုအမှုကို ပြန်လည်စစ်ဆေးရန် ဆန္ဒရှိနေသည်ဟု သတ်မှတ်လိုက်သည့် ဝူစစ်က ချက်ချင်းပင်
ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ကျွန်တော်မျိုးတို့ရဲ့
ကျေးဇူးရှင်မှာ အပြစ်မရှိကြောင်း ယုံကြည်ပါတယ်၊ အပြစ်ကို ကျေကျေနပ်နပ် ခံနိုင်မယ်လို့လဲ
ယုံကြည်ပါတယ်”
နင်တို့ ခံနိုင်တယ်၊ ဒါပေမယ့် ငါ မခံချင်ဘူးလေ!
လင်းပါ့ခန်းမှာ
အပြစ်ရှိတယ်လို့ သူမ မပြောချင်ပေမယ့် သူ အမှန်တကယ် အပြစ်ကင်းတယ်ဆိုတဲ့ သက်သေက
ဘယ်မှာလဲ?!
ကျွော့ချင်းတစ်ယောက်
ဝူစစ်ကို ပြင်းပြင်းထန်ထန် ကန်ပစ်လိုက်ချင်နေတော့သည်။
သူမက သေလုနီးပါး ရူးသွပ်လုနီးပါး ဒေါသ ထွက်နေခဲ့သော်လည်း ဤအခိုက်အတန့်တွင်
လို့ရှီးယန်က စိတ်အားထက်သန်စွာ ပြုံးလိုက်ပြီး "မင်းနာမည် ဘယ်လိုခေါ်လဲ?"
ဒီလူက
အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်၊ သူက ဖြောင့်မတ်ပြီး ထက်မြတ်ပုံရပေမယ့် တချိန်တည်းမှာ
ဘာမှ နားမလည်တဲ့ပုံ ပေါ်နေသေးတယ်။
ထိုလူက
သူနှင့် ရွာသားများ၏ကြားထဲမှ ရေလှိုင်းကို လူကြားထဲမှ တိတ်တဆိတ် စောင့်ကြည့်နေခဲ့သော်လည်း
လို့ရှီးယန်က ထိုလူကို ပို ပိုပြီး စိတ်ဝင်စားလာခဲ့သည်။
ကျွော့ချင်းက နှာမမှုတ်ဘဲ မနေနိုင်တော့ဘဲ နှာမှုတ်လိုက်ပြီးမှ
အေးစက်စွာ ပြန်ပြောလိုက်သည်။
"အခြားသူရဲ့နာမည်ကို
မမေးခင် ကိုယ့်နာမည်ကို အရင်ပြောသင့်တယ်။ အဲ့တာကိုမှ ယဉ်ကျေးတဲ့ အမူအကျင့်လို့ ပြောလို့ရတယ်"
ဟုတ်လား?
လို့ရှီးယန်က
ပေါ့ပေါ့ပါးပါး ပြုံးပြီး "လို့ရှီးယန်" ဟု ပြန်ဖြေလာခဲ့သည်။
"ရှီးယန်တဲ့လား?" ကျွော့ချင်းက တိုးတိုးလေး ရေရွတ်လိုက်ပြီး
သူမ၏တောက်ပနေသည့် မျက်လုံးတစ်စုံက လို့ရှီးယန်၏ မျက်နှာပေါ်သို့ ကျရောက်သွားပြန်သည်။
(t/n: ရှီးယန်ရဲ့ နံမည်က ရှီးက
မြတ်နိုးခြင်းဆိုတဲ့ စာလုံးပေါင်းပါတဲ့၊ အဲ့မှာ ရှီးလို့ အသံထွက်တဲ့နောက်တလုံးက ဆည်းဆာအရောင်လို့
အဓိပ္ပါယ်ရှိနေတော့ ကျွော့ချင်းက အဲ့တလုံးကိုသုံးပြီး မိန်းမဆန်တယ်ဆိုတဲ့သဘောမျိုး
ပြောလိုက်တာပါ)
ကျွော့ချင်း၏ အမူအရာက ထူးဆန်းနေသောကြောင့် ချီထျန်းယုက
ကြည့်ကောင်းမည့်ပြဇာတ်တစ်ခု ရှိလာမည်ဟု ယောင်ဝါးဝါး ခံစားလိုက်ရပြီး ပြုံးလျက် လက်ပိုက်ကာ "ကောင်လေး၊ မင်းမှာ
ပြောစရာရှိသေးလား?"
ကျွော့ချင်းက
ခေါင်းကို တစ်ချက်ခါယမ်းကာ ဘာမှ မထူးခြားသလို အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။
"မရှိဘူး"
ဒါပဲလား?
ချီထျန်းယု
စိတ်ပျက်လက်ပျက်ဖြစ်နေချိန်တွင် ကျွော့ချင်းက ပေါ့ပါးသည်လည်းမဟုတ်
လေးနက်သည်လည်းမဟုတ်သော သက်ပြင်းတစ်ချက်ကို ချကာ "အရွယ်ရောက်ပြီးတဲ့ယောက်ျားတစ်ယောက်မှာ
မိန်းမနာမည်ရှိနေမယ်လို့ မထင်ခဲ့မိဘူး"
ကျွော့ချင်း၏ "သူမဘာသာတီးတိုးစကားပြောခြင်း"အတွက်
အကျိုးသက်ရောက်မှုက အံ့ဩစရာဖြစ်ပြီး ရာနှင့်ချီသော လူများစုရုံးနေသည့်
ရွာအဝင်ပေါက်က ခေတ္တမျှ တိတ်ဆိတ်သွားခဲ့သည်။
ရွာသားများက သူမကို ထိတ်လန့်တကြား လှမ်းကြည့်လာပြီး ကျင်းစနှင့်
မော့ပိုင်က မျက်မှောင်ကြုတ်သွားကာ ချီထျန်းယုက ထိတ်လန့်သွားခဲ့သည်။
ရှီးယန်ရဲ့
နာမည်က အရမ်းပြောသင့်တယ်လို့ သူလည်း ခံစားမိပေမယ့်... ဒါပေမယ့် သူ့ရှေ့မှာတော့ ဘယ်သူမှ
တစ်ခါမှ အဲ့လို မဆွေးနွေးရဲကြဘူး။ ဒီကောင်လေးက အရမ်း သတ္တိရှိတယ်!
သူ့၏နူးညံ့သိမ်မွေ့ပြီး
ဖော်ရွေသည့်အပြုံးကြောင့် ကြင်နာတက်သည့် ဝန်ကြီးချုပ်တစ်ယောက်ဟု လူသိများလှသည့် ဝန်ကြီးချုပ်လို့၏နှုတ်ခမ်းထောင့်စွန်းက
ပထမဆုံးအကြိမ်အဖြစ် တင်းတင်းကြပ်ကြပ် လှုပ်ခတ်သွားသည်ကို သူ မြင်လိုက်ကြောင်း ချီထျန်းယု
ကျိန်ဆိုနိုင်သည်။
တစ်ယောက်ယောက်ကတော့ ကံမကောင်းတာတွေ ဖြစ်လာလိမ့်မယ်...
✍️✍️✍️