အခန်း ၁၅ ရာဇဝတ်မှုများနှင့် အကြုံပြုချက်များ (အပိုင်း ၂)
သူမ အံမခန်း သမ်းဝေနေစဉ်တွင် ရှန်ယုလန်က
အချုပ်ခန်းတံခါးထဲသို့ လှမ်းဝင်လာပြီး သူမထံသို့ တည့်တည့် လှမ်းလာခဲ့သည်။
"မင်းပြောတာတွေက
အမှန်တွေပဲ၊ စကားလုံးရဲ့ အဓိပ္ပါယ်က မှန်ကန်တယ်။ မင်းရဲ့နာမည်က ဘာလဲ၊ မင်း ဘယ်မှာနေတာလဲ?
မင်းနေတဲ့ နေရာကနေ သင်ယူခဲ့တာလား?"
အမှန်တော့ ဒီလူငယ်လေး ဝမ့်ပမ်ရှန့်ကို မကြိမ်းမောင်းမီကတည်းက
သူ ရောက်နေခဲ့တာပါ။ သူ နှုတ်ဆိတ်နေရတဲ့ အကြောင်းရင်းက အလောင်းစစ်ဆေးမှုနဲ့ ပတ်သတ်ပြီး
ဒီလူငယ်လေး ဘယ်လောက် သိထားလဲလို့ သူ သိချင်နေတာကြောင့်ပါ။ လူငယ်လေးက
လူတိုင်းမျှော်လင့်ထားတာနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပြီး သူ့ကို စိတ်ပျက်အောင် မလုပ်ခဲ့ဘူး။
အလောင်းအစက်အပြောက်တွေအကြောင်း
လူငယ်ရဲ့နားလည်မှုက သာမန်လူတွေထက် အများကြီး သာလွန်ကောင်းမွန်နေပြီး စေ့စေ့စပ်စပ် သိနေခဲ့တယ်။
သူ့မေးခွန်းက
ရုတ်တရက် ဆန်နေကြောင်း ရှန်ယုလန် သိနေသော်လည်း မီးခိုးရောင်ဝတ်ထားသည့် ထိုလူငယ်၏အထောက်အထားကို
သူ့နှလုံးသားထဲမှ သိချင်နေခဲ့သည်။ အထူးသဖြင့် လူငယ်လေး၏ဆရာက မည်သို့သော ပုံစံဖြစ်မည်ကို
သူ သိချင်နေမိသည်။
ဘယ်သူက ဒီလိုတပည့်တစ်ယောက်ကို
သွန်သင်ဆုံးမနိုင်ခဲ့တာလဲ?
ကျွော့ချင်း၏ပါးစပ်ထောင့်က အေးခဲသွားခဲ့သည်။
ဒီလူက
မေးခွန်းတွေ မေးတာ အရမ်းမိုက်တယ်!
ကျွော့ချင်းက
သမ်းဝေရန် အုပ်ထားသည့် သူမ၏လက်များကို အောက်ပြန်ချလိုက်ပြီး စိတ်ဝင်စားမှုကင်းမဲ့နေသည့်
အေးစက်သောအသံဖြင့် ပြန်ပြောလိုက်သည်။
"တရားသူကြီးမင်း၊
ခင်ဗျား အမှားလုပ်မိတယ်လို့ ကျွန်တော် ထင်တယ်၊ ကျွန်တော်က ခင်ဗျားရဲ့လက်အောက်ငယ်သား
မဟုတ်ဘူး၊ အကျဉ်းသားလည်း မဟုတ်ဘူး၊ ကျွန်တော်ကို မေးခွန်းထုတ်ဖို့ ခင်ဗျားမှာ အခွင့်အရေး
ရှိတယ်။ ဒါပေမယ့် ဖြေမလား မဖြေဘူးလားဆိုတာ ကျွန်တော့်ရဲ့စိတ်နေစိတ်ထားပေါ်မှာပဲ
မူတည်တယ်"
ရှန်ယုလန်က လူငယ်လေး ထိုသို့ပြန်ဖြေလာမည်ဟု လုံးဝ မမျှော်လင့်ထားသောကြောင့်
သူ့အတွေးများပင် ခဏလောက် ဝေဝါးသွားရသည်။ လို့ရှီးယန်၏နှုတ်ခမ်းထောင့်မှ အပြုံးက
ပိုပိုပြီး ထင်ရှားလာခဲ့သည်။
ဒီလူငယ်လေးရဲ့စရိုက်နဲ့ ပုံစံက မရိုးသားသလို အထိန်းအကွပ်လည်း
မရှိဘူး။ အခု အခြေအနေကို ပြန်တွက်ကြည့်ရင် မနေ့ညက သူ့အပေါ်မှာ
တော်တော်ယဥ်ယဥ်ကျေးကျေး ဆက်ဆံခဲ့တာ ဖြစ်နိုင်တယ်။
"ရိုင်းစိုင်းလိုက်တာ!" ရှန်ယုလန် စိတ်ဆိုးသွားမည်ကို ကြောက်ရွံ့နေသော
ဝူကျစ်ကန်းက "တရားသူကြီးချုပ်က မင်းကို မေးခွန်းမေးနေတယ်လေ၊ မင်းက မဖြေပဲ နေရဲတယ်လား?"
ကျွော့ချင်းက
စိတ်ဆိုးခြင်း မရှိဘဲ အေးအေးဆေးဆေး လက်ပိုက်လိုက်ကာ "တရားသူကြီးချုပ်က
ကျွန်တော်နဲ့ စကားပြောနေတာလေ၊ ခင်ဗျား ဘာလို့ နှောက်ယှက်နေတာလဲ?"
"မင်း...."
ဒါက
ရိုးရိုးရှင်းရှင်းကို ပုန်ကန်နေတာပဲ!
ဝူကျစ်ကန်းတစ်ယောက်
ဒေါသထွက်လွန်းသောကြောင့် သူ့ပါးစပ်နှင့် နှာခေါင်းတွင် မီးခိုးများ ပြည့်နေသလို ခံစားလိုက်ရပြီး
သူ့မျက်နှာက နီရဲလာကာ သူ့ရင်ဘတ်က ပြင်းထန်စွာ တုန်ခါနေပြီး ကျွော့ချင်းကို
လက်ညှိုးထိုးထားရင်း မရပ်မနား တုန်လှုပ်နေရှာသည်။ သူ စကားပြောချင်သော်လည်း အချိန်အကြာကြီး
စကားမပြောနိုင်ခဲ့ပေ။
ကျွော့ချင်းကလည်း အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
သူ လေဖြတ်သွားတာတော့
မဟုတ်ဘူးမလား?... ဒီရှေးခေတ်လူသားတွေရဲ့ ထိုးနှက်ချက်တွေအပေါ် ခုခံနိုင်စွမ်းက
နည်းနည်းတော့ အားနည်းနေသေးတယ်ဟ။
ကျွော့ချင်းက သူ မူးလဲသွားမည်ကို အမှန်တကယ် စိုးရိမ်ပေးနေခဲ့ပြီး
ကံကောင်းထောက်မစွာဖြင့် ရဲမက်နှစ်ဦးက လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို ချုပ်နှောင်ကာ
ဝင်လာရင်း အခန်းထဲမှ အဆင်မပြေမှုများကို ဖြိုခွင်းလိုက်သည်။
"လူကြီးမင်း၊ လီမင်ကို ဒီကို ခေါ်လာပေးပါတယ်"
တရားသူကြီးရှန်က ကျွော့ချင်း၏ ရိုင်းစိုင်းမှုနှင့်ပတ်သက်၍
သည်းမခံနိုင်သော်လည်း ထိန်းသိမ်းထားနိုင်သေးသည်။ ဝန်ကြီးချုပ်က ပရမ်းပတာအလယ်တွင်
ပြိမ်သက်နေပြီး အေးအေးဆေးဆေးရှိနေခဲ့သည်။ ဝူကျစ်ကန်းကတော့ ဒေါသထွက်လွန်းလို့ နေစရာပင်
မရှိတော့ချေ။ ယခုအချိန်တွင် သူ၏ဒေါသက ပွက်ပွက်ဆူလာကာ မဖောက်ခွဲပဲ မနေနိုင်တော့ပေ။
သူက လီမင်ကို "လီမင်၊ လင်းပါ့ခန်းက မနေ့ညက အသတ်ခံရတယ်၊ သူ့ကို
တစ်စုံတစ်ယောက်က သတ်ခဲ့တယ်၊ မင်းက မနေ့ညက လင်းပါ့ခန်းကို တွေ့ခဲ့တဲ့ တစ်ဦးတည်းသောသူပဲ၊
အဲဒီတုန်းက မင်း ဘာမြင်လဲ၊ အဲဒီလူကို သတ်ခဲ့တာ မင်းပဲလား!"
လီမင်က လျင်မြန်စွာ ဒူးထောက်လိုက်ပြီး ခေါင်းကို ငုံ့ချလိုက်သည်။
သူ့အသံက တုန်ယင်နေသော်လည်း သူ့အတွေးများက ရှင်းနေလေသည်။ "လူကြီးမင်း၊ လူကြီးမင်းက
မှားယွင်းစွပ်စွဲနေတာပါ၊ ကျွန်တော်မျိုးက လင်းမိသားစုရဲ့ ဘဏ္ဍာထိန်းပါ၊ ကျွန်တော်မျိုးရဲ့သခင်ကြီးက
ထောင်ထဲမှာ လပေါင်းများစွာ နေခဲ့ရတယ်၊ ကျွန်တော်မျိုးက သခင်ကြီးဆီကို အဝတ်အစားတွေ ပို့ဖို့
လာခဲ့တာပါ၊ သခင်ကြီးက စိတ်အခြေအနေမကောင်းတော့ ကျွန်တော်မျိုး ဆက်မနေရဲတော့ဘူး။
စကားနည်းနည်းပဲ ပြောပြီး အဝတ်အစားတွေ ချန်ထားခဲ့လိုက်တယ်။ ဒီနိမ့်ကျတဲ့လူက
အချုပ်ခန်းထဲမှာ အမွှေးတိုင်တစ်ချောင်းကုန်စာလောက်ပဲ နေခဲ့တာပါ။ အဲဒီအချိန်မှာ
မိုးသည်းထန်စွာရွာနေပြီး အချုပ်ခန်းအပြင်ကသစ်ပင်တွေ ကျိုးသွားတဲ့အတွက် ရုံးတော်အရာရှိတွေကို
သစ်ပင်တွေရွှေ့ပြောင်းဖို့ ကူညီပေးခဲ့သေးတယ်"
လီမင်က သေဆုံးသွားသူထက် အနည်းငယ် ပိုသန်မာသည်။
အခြေခံအားဖြင့် လူကို သတိမေ့သွားအောင် လည်ပင်းညှစ်သတ်ပြီးနောက် ထုတ်တန်းပေါ်ဆွဲတင်နိုင်မည်ပင်။
ထို့ကြောင့် သေဆုံးချိန်မှစကာ လီမင်က သံသယအရှိသင့်ဆုံးသူဖြစ်သည်။ သို့သော်
ခိုင်လုံသောအထောက်အထားမရှိပေ။ အမှုအသွားအလာကို တွေးတော ဆင်ခြင်ပြီး ကောက်ချက်ချသည့်ကိစ္စမှာ ကုယွင်၏ကျွမ်းကျင်မှုဖြစ်ပြီး သူမက အလောင်းခွဲစိတ်စစ်ဆေးခြင်းအတွက်သာ
အာရုံစိုက်ခဲ့သည်။
ကျွော့ချင်းက တိတ်တဆိတ် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ရင်း
အကျဉ်းခန်းတံခါးအပြင်ဘက်ထိရောက်အောင် ဆုတ်သွားကာ ကျောက်နံရံကို ပျင်းရိစွာ မှီနေရင်း
အထပ်ထပ်အခါခါ တဝါးဝါး သမ်းနေသည်။
သူမမှာ
နောက်ထပ် ဘာမှ လုပ်စရာ မရှိတော့ဘူးလေ...
"မင်းက
အဝတ်တွေ လာပို့တယ်လို့ ပြောနေတယ်ပေါ့၊ လင်းပါ့ခန်းက မင်းရှေ့မှာ အဝတ်အစားနဲ့
ဖိနပ်အသစ်တွေ လဲဝတ်တာလား?"
လီမင်က ခေါင်းကို အနည်းငယ်မော့ကာ ရိုးရိုးရှင်းရှင်း
ဝတ်စားထားသော ရှန်ယုလန်ကို မော့ကြည့်လိုက်ပြီးမှ အသံတိုးတိုးဖြင့်ဖြေကာ ခေါင်းကို
ပြန်ငုံသွားသည်။
“မဟုတ်ပါဘူး”
ရှန်ယုလန်၏အသံက နူးညံ့သိမ်မွေ့နေသော်လည်း တင်းကြပ်စေသော ခံစားချက်ကို
ပေးနေသည်။
သူက "သူ့ကိုအဝတ်အစားပေးတဲ့အပြင်
မင်း သူ့အတွက် ဘာများလုပ်ပေးသေးလဲ?"
ယခုတကြိမ်တွင် လီမင်က အချိန်အကြာကြီး မစဉ်းစားဘဲ “ဒီနိမ့်ကျတဲ့လူက
အဝတ်အစားတွေကို သခင်ကြီးဆီ လွှဲပေးလိုက်ပြီး စကားနည်းနည်းပြောပြီး ပြန်ထွက်ခဲ့တာပါ”
ရှန်ယုလန်က အချုပ်ခန်းတံခါးသို့ ရုတ်တရက် လှမ်းသွားပြီး
ညာဘက်ရှိ ကွပ်ပျစ်အစွန်းသို့ လျှောက်သွားသည်။ ထိုကွပ်ပျစ်က ရိုးရိုးသစ်သားကြမ်းခင်းကို
ကောက်ရိုးမျှင်များဖြင့် ဖုံးအုပ်ထားခြင်းဖြစ်သည်။ ရှန်ယုလန်က သူ၏လက်ကို မြှောက်ကာ
ကွပ်ပျစ်ဘေးရှိ ကောက်ရိုးအနည်းငယ်ကို ညင်သာစွာ ကောက်ယူလိုက်သည်။ မှုန်ဝါးဝါး၊
ခြေရာများ ရုတ်တရက် ထွက်ပေါ်လာသည်။ "သေဆုံးသူရဲ့ အိပ်ရာအစွန်းမှာ
ရွှံ့ခြေရာတစ်ခု ရှိနေတယ်၊ ဒါပေမယ့် သေဆုံးသူက ဖိနပ်အသစ်တစ်ရံကို ဝတ်ဆင်ထားတယ်၊ သူဝတ်ထားတာက
ဖိနပ်အဟောင်းဆိုရင်တောင် ကွယ်လွန်သူက အချုပ်ခန်းထဲက လအတော်ကြာခဲ့တာကြောင့် ညစ်ပတ်နေမှာ
မဟုတ်ဘူး၊ မနေ့ညက မိုးသည်းထန်စွာရွာပြီး အဲဒီတုန်းက လူသေဆုံးသွားတဲ့ အချုပ်ခန်းထဲကို
မင်း တစ်ယောက်ထဲပဲ ဝင်ခဲ့တာ။ ဒီဖိနပ်ရာက အလောင်းကို ဆွဲတဲ့အချိန်တုန်းက
မင်းကျန်ခဲ့တာ ဟုတ်တယ်မလား“
ကျွော့ချင်းက သူမ၏မျက်လုံးများကို အနည်းငယ်မှေးကြည့်လိုက်ပေမယ့်
ခြေရာများကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ ရှန်ယုလန်က
အချုပ်ခန်းတံခါးအပြင်ဘက်တွင် တစ်ချိန်လုံးရှိနေသည်ဖြစ်သော်လည်း သူက ၎င်းကို
တကယ်သတိထားမိခဲ့သည်။
အရမ်းဂရုတစိုက်ရှိပြီး
ထက်မြက်တဲ့သူတစ်ယောက်ပဲ၊ အားးး?
လီမင်က ထိတ်လန့်သွားပြီး ရှင်းရှင်းလင်းလင်း မပြောနိုင်ဘဲ
"မဟုတ်ဘူး၊ မဟုတ်ဘူး..."
ဝူကျစ်ကန်းက စိတ်မရှည်စွာ အော်လိုက်ပြီး "စစ်ဆေးဖို့
သူ့ဖိနပ်ကို ချွတ်လိုက်!"
ရုံးတော်အမှုထမ်းနှစ်ဦးက အမိန့်ကိုနာခံပြီး လီမင်၏ဖိနပ်များကို
အမြန်ဆွဲချွတ်လိုက်ကြသည်။ နှိုင်းယဥ်အပြီးတွင် ရုံးတော်အမှုထမ်းက “လူကြီးမင်း၊ လီမင်ရဲ့ဖိနပ်ရာက
ဒီခြေရာတွေနဲ့ တူပါတယ်”
စိစစ်မှုပြီးသည်နှင့် ဝူကျစ်ကန်းက ပို၍ရဲတင်းလာပြီး
"မင်း တကယ်ပဲ!! လီမင်...မင်းက အရမ်းသတ္တိရှိတာပဲ!"
ကျွော့ချင်းက စိတ်ထဲတွင် ကဲ့ရဲ့လိုက်သည်။ လက်ရှိတွင် သက်သေအများစုမှာ
လီမင် ထိုအချိန်က ကွပ်ပျစ်ပေါ်သို့ တက်ခဲ့ကြောင်းသာ သက်သေပြနိုင်သေးသည်။ ၎င်းက
သက်သေအထောက်အထားတစ်ခုမျှသာဖြစ်ပြီး သူ့ကို အပြစ်ပေးရန်အတွက် အသုံးဝင်နိုင်သေးပေ။
လီမင်က လေထဲတွင်လွင့်နေသော သစ်ရွက်ခြောက်များကဲ့သို့
တုန်ခါနေပြီး ချက်ချင်းပင် မြေပြင်ပေါ်တွင် ဝပ်ချကာ ကရုဏာတရားကို တောင်းခံလိုက်သည်။
"ကျွန်တော်မျိုး... ကျွန်တော်မျိုးက ခနတာစိတ်လွတ်သွားလို့
အမှားလုပ်မိတာပါ သခင်ကြီးကို ထိခိုက်ဖို့ မရည်ရွယ်ပါဘူး“
သူက အပြစ်ကို ဝန်ခံတယ်လား?
ကျွော့ချင်းက
တစ်ခုခုမှားနေသည်ဟု ခံစားလိုက်ရသော်လည်း ပြဿနာက မည်သည့်နေရာတွင် ရှိနေသည်ကို သူမ
မသိနိုင်ခဲ့ပေ။
လို့ရှီးယန်၏ မျက်လုံးများတွင် အလင်းရောင် တဖျပ်ဖျပ် လင်းလက်သွားသော်လည်း
အလျင်အမြန် ပြန်ပျောက်ကွယ်သွားခဲ့သည်။
"မင်းက ထောင်ထဲကို အမွှေးတိုင်လေးတစ်ချောင်းစာလောက် ဝင်ပြီး ပြန်ထွက်သွားတယ်။
လူသတ်တယ်၊ အဝတ်အစားလဲတယ်၊ ကိုယ့်ကိုကိုယ်ကြိုးဆွဲချတဲ့ ပုံစံဖြစ်အောင် ဖန်တီးတယ်၊ အဲ့တာကို
ခနတာစိတ်လွတ်သွားလို့ အမှားလုပ်မိတယ်လို့တောင် ရဲရဲကြီး ပြောရဲသေးတယ်၊ မင်းမှာ တစ်ခုခုဖုံးကွယ်ထားတာရှိတယ်မလား!”
အနည်းငယ်
မြင့်သော အသံနှင့် ပြတ်သားသော မျက်လုံးများ၏ပိုင်ရှင် ရှန်ယုလန်က
မတ်တပ်ရပ်နေသဖြင့် လီမင်တစ်ယောက် ကြောက်ရွံ့တုန်လှုပ်နေသည်။ ကျွော့ချင်းပင်
အံ့အားသင့်သွားရသည်။
လီမင်၏ မျက်လုံးများက ဝေဝါးသွားကာ အလွန်ထိတ်လန့်သွားပုံပေါ်သော်လည်း
"လူကြီးမင်း...အသက်ကို ချမ်းသာပေးပါ၊ ကျွန်တော်မျိုး အသက်ကို ချမ်းသာပေးပါ”
လီမင်က လူသတ်ရန် ဤကဲ့သို့ စေ့စေ့စပ်စပ် အကြံအစည်တစ်ခု
ချမှတ်ခဲ့မည်ဆိုလျှင် သူက အေးဆေးတည်ငြိမ်ပြီး သွေးအေးသူဖြစ်နေသည်မှာ ထင်ရှားနေသည်။
သူက အခုလို တုန်လှုပ်နေရာမှာ မဟုတ်ဘူးလေ၊ သူက
လင်းအိမ်တော်ရဲ့ အိမ်တော်ထိန်းဖြစ်ပြီး လင်းပါ့ခန်းကို အငြိုးထားတာမျိုး မဖြစ်သင့်ဘူး၊
လူသတ်မှုအတွက် တကယ့်အကြောင်းရင်းက ဘာလဲ?
"လီမင်! ကျေးဇူးကန်းတဲ့ကောင်၊ ငါ့ခင်ပွန်းက မင်းကို တစ်သက်လုံး
ဆိုးဆိုးဝါးဝါး မဆက်ဆံခဲ့ဘူးမလား!!" သခင်မလင်းက သူမ၏ နှလုံးသားထဲမှ ဒေါသကို
မထိန်းနိုင်တော့ပေ။ ခင်ပွန်းဖြစ်သူကို သတ်ခဲ့သူမှာ အမှန်တကယ်ပင် သူမတို့အိမ်မှ အိမ်ထိန်းဖြစ်မည်ဟု
သူမ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။
သူက သူမတို့နဲ့
နှစ်ပေါင်းများစွာ အတူနေခဲ့တာလေ!
ရွာသားများကလည်း ဤကျေးဇူးကန်းသူအား ရိုက်နှက်သတ်ဖြတ်ရန် ဆန္ဒရှိနေကြပြီး
ထောင်ထဲတွင် ခဏတာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ရသည်။
ရှန်ယုလန်က
ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်ပြီး "ဒီလူကို ထောင်ထဲထည့်ထားလိုက်၊
ရုံးချိန်းမစခင် လင်းပါ့ခန်းရဲ့အမှုတွဲကို အရင် ပြန်စစ်ဆေးမယ်။ အမှုရဲ့
ကောင်းကျိုးအတွက် ငါကိုယ်တိုင် ဆုံးဖြတ်မယ်"
"ဟုတ်ကဲ့" ရုံးတော်အစောင့်များက လီမင်ကို အကျဉ်းထောင်ထဲကို ချက်ချင်း
ဆွဲခေါ်သွားသည်။ သခင်မလင်းနှင့် ရွာသားများကို ရုံးတော်မှ တာဝန်ရှိသူများက
ထောင်မှ နှင်ထုတ်ခဲ့သည်။
လို့ရှီးယန်က သူ၏ နှုတ်ခမ်းထောင့်များကို တဖျပ်ဖျပ်ခတ်လျက်
ညင်သာစွာ လက်ခုပ်တီးလိုက်ပြီး "မင်းဆက်တစ်ခုလုံးရဲ့ အရပ်ဘက်နဲ့ စစ်ဘက်အရာရှိတွေက
တရားသူကြီးမင်းက အမှုစစ်ဆေးကြားနာတဲ့အချိန်မှာ အရမ်းကို တောက်ပတယ်လို့ ရှင်းရှင်းလင်းလင်း
ပြောဆိုလေ့ရှိကြတယ်။ ဒီနေ့မြင်တွေ့ခဲ့ရတာက မျော်လင့်ထားတဲ့အတိုင်းပါပဲ။ သူ့နာမည်နဲ့
တကယ်ကိုပဲ ထိုက်တန်ပါပေတယ်"
"ကျေးဇူးတင်ပါတယ် ဝန်ကြီးချုပ်လို့"
လို့ရှီးယန်က
တူညီသော အေးဆေးသော အမူအရာဖြင့် လက်ခံလိုက်ပြီး ၎င်းတို့နှစ်ဦးက ဘေးချင်းကပ်လျက်
အချုပ်ခန်းတံခါးမှ ထွက်လာခဲ့သည်။
ဝူစစ်က လို့ရှီးယန်ထွက်လာသည်ကို မြင်သွားပြီး
ချက်ချင်းဆိုသလိုပင် သူ့ကို အရိုအသေပြုကာ "ဝန်ကြီးချုပ်လူကြီးမင်း၊ ကျွန်တော်မျိုးတို့အတွက်
ဆုံးဖြတ်ချက်ချပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ စိတ်ချပါ၊ မိန်းကလေးကို လုယက်မိတာက ကျွန်တော်မျိုးတို့ရဲ့
အမှားပါ၊ ဒါပေမယ့် ကျွန်တော်မျိုးတို့က မိန်းခလေး အရှက်ရအောင် မလုပ်ခဲ့ပါဘူး၊ သူ(မ)က
လူကောင်းပါ၊ သူ(မ)က ကျွန်တော်မျိုးတို့ကို တိုင်ကြားစာရေးဖို့ ကူညီပေးခဲ့သလို ကျွန်တော်မျိုးတို့ရဲ့
ကျေးဇူးရှင်ကို အလောင်းကို စစ်ဆေးမှု လုပ်ပေးခဲ့တယ်၊ သခင်မလေး..."
"ခနနေဦး!" လို့ရှီးယန်၏ အမြဲတမ်း ပြုံးနေသော မျက်နှာက အေးခဲသွားသည်။
"ခုနက အလောင်းကို စစ်ဆေးခဲ့တဲ့ ကောင်လေးက ချင်းဖုန့်လို့
မင်း ပြောနေတာလား?!!"
ချင်းဖုန့်? ဒီကောင်လေးက
မိန်းမဖြစ်သွားတာလား?
ရှန်ယုလန်က
လို့ရှီးယန်ကို ကြည့်လိုက်ပြီး ထိုလူ၏မျက်နှာတွင် ထိတ်လန့်မှုများ ပြည့်နှက်နေသည်ကို
သူ တွေ့လိုက်ရသည်။
ဒီချင်းဖုန့်က
တကယ့်ကို မရိုးရှင်းဘူးပဲ။ လို့ရှီးယန်ကို စိတ်ဆိုးအောင် လုပ်နိုင်တဲ့သူတွေ
အများကြီး မရှိဘူးလေ။
ချင်းဖုန့်က ဘယ်သူလဲ? သူမကို ကျွော့ချင်းလို့ ခေါ်တာ မဟုတ်ဘူးလား?!
ဝူစစ်ကလည်း စိတ်ရှုပ်ထွေးနေပြီး ကျွော့ချင်းကို ရှာဖွေရန် အမှတ်တမဲ့
ဝေ့ကြည့်သော်လည်း အကျဥ်းထောင်ထဲတွင် မည်သည့် အရိပ်အယောင်မှ မတွေ့ရတော့ပေ။
သူက အံ့သြတကြီးဖြင့် "ဟင်၊ လူက ဘယ်မှာလဲ?"
✍️✍️✍️