အခန်း ၁၄ ရာဇဝတ်မှုများနှင့်
အကြုံပြုချက်များ (အပိုင်း ၁)
"မနေ့ညကလား?!" ဝူကျစ်ကန်း၏မျက်လုံးတစ်စုံက ဒေါသကြောင့်
ပြူးကျယ်သွားပြီး သူ့အနားတွင် မသက်မသာရပ်နေသော ဝမ့်ပမ်ရှန့်ကို ပြင်းထန်စွာ စိုက်ကြည့်နေသည်။
"ပြောစမ်း၊ ဘာတွေဖြစ်နေတာလဲ? သေဆုံးချိန်ကိုတောင်
မပြောနိုင်ဘူးလား၊ မင်း ဘာတွေလုပ်နေတာလဲ!"
"အလောင်း..." ဝမ့်ပမ်ရှန့်က အသံတုန်တုန်ယင်ယင်ဖြင့် ကျွော့ချင်းကို သတိကြီးစွာ
စိုက်ကြည့်နေပြီး သူမက တိတ်ဆိတ်နေသည်ကို မြင်သောအခါ "အလောင်းပေါ်မှာ အဲ့လို
မီးလောင်ဒဏ်ရာတွေ ရှိနေပြီး အလောင်းက တောင့်တင်းစပဲရှိသေးတယ်၊ အဲ့တာက မကြာခင်ကမှ
ကွယ်လွန်သွားတယ်လို့ ညွှန်ပြနေတာပါ..."
ကျွော့ချင်းက ခေါင်းကို ဖြည်းညှင်းစွာ မော့ကြည့်လိုက်ရာ ဝမ့်ပမ်ရှန့်က
ချက်ချင်း ဘာမှ မပြောဝံ့တော့ပေ။ ယခုန သေဆုံးသူ၏ ကျောပြင်တွင် ဒဏ်ရာများကို မြင်လိုက်ရကြောင့် သူ တကယ်ပင် အရှက်ရသွားခဲ့သည်။
သူကိုယ်သူ ယုံကြည်မှုလွန်ကဲမိသောကြောင့် ထိုကဲ့သို့သော အရေးကြီးသည့်အချက်ကို
လျစ်လျူရှုမိခဲ့သည်။ ထိုထူးဆန်းသည့် လူငယ်လေး ပြောနေသည့်စကားများက မမှားမှန်း သူ သိနေသောကြောင့်
တကယ်ကို ရှက်ရွံနေမိသည်။
ဝမ့်ပမ်ရှန့်က တုံ့ဆိုင်းနေပြီး ဘာမှပြန်မပြောနိုင်တော့သောကြောင့်
ကျွော့ချင်းက အေးစက်စွာ ပြောလိုက်သည်။
"ဒီကိုလာ"
သူက ဘာလုပ်ချင်တာလဲ!?
ဝမ့်ပမ်ရှန့်က
ထိတ်လန့်သွားပြီး ရှေ့သို့ တိုးရမလား မတိုးရမလား စဉ်းစားနေမိသည်။
သူ့မျက်နှာတွင် ရှိနေသည့် ခုခံမှုကို မြင်လိုက်ရသောကြောင့်
ကျွော့ချင်းက စိတ်မရှည်စွာ ထပ်ပြောလိုက်သည်။
"လာခဲ့!"
ငါက သူ့ကို ကိုက်စားမှာမို့လိုလား? သူက တုန့်ဆိုင်းတုန့်ဆိုင်း
လုပ်နေသေးတယ်။
ဝမ့်ပမ်ရှန့်က တံတွေးမျိုချလိုက်ပြီး ကျွော့ချင်း၏ အနားသို့
ဖြည်းညှင်းစွာ လျှောက်သွားခဲ့သည်။ ဘာတွေဖြစ်နေသည်ကို သူ မသိသော်လည်း သူ့ကဲ့သို့ လူလတ်ပိုင်း
အရွယ်လူတစ်ယောက်က ထိုကဲ့သို့သော လူငယ်တစ်ဦးနှင့် ရင်ဆိုင်ရချိန်တွင် အပြစ်ရှိသလို
ခံစားနေခဲ့ရသည်။
လို့ရှီးယန်က သူ့လက်ကို ကျောနောက်သို့ ပို့ထားပြီး သူ့လက်ညိုးကို
အကြိမ်ကြိမ် တောက်နေခဲ့သည်။ သူ့မျက်နှာပေါ်မှ နူးညံ့ပြေပြစ်သော အပြုံးက
မပြောင်းလဲသေးသော်လည်း ကျွော့ချင်းကို ကြည့်နေသည့် သူ့မျက်လုံးများက
ထူးထူးခြားခြား တောက်ပနေခဲ့သည်။
ကျွော့ချင်းက သေဆုံးသွားသူ၏ခြေရင်းတွင် ငုတ်တုတ်ထိုင်ချလိုက်ရင်း
တည်ငြိမ်စွာ ရှင်းပြနေခဲ့သည်။ "သေပြီးနောက်မှ ပေါ်လာတဲ့ အမှတ်အသားတွေကို
အလောင်းအရောင်ပြောင်းတယ်လို့ ခေါ်တယ်၊ ပုံမှန်အခြေအနေအရ၊ သေဆုံးပြီး နှစ်နာရီကြာရင်..."
မဟုတ်သေးဘူးဟ၊ ဒီမှာ အချိန်ယူနစ်က ဘာကို
သုံးတာလဲ? နာရီလား? အဲ့ဒါကမှ တကယ်ကို ဒုက္ခပဲ။
လျှို့ဝှက်စွာ တွက်ချက်ပြီးနောက် ကျွော့ချင်းက
"တစ်ရှီးချန်ကနေ နှစ်ရှီးချန်အတွင်း အစက်တွေပေါ်လာမယ်၊ သုံးရှီးချန်ကနေ လေးရှီးချန်အတွင်း
ရှင်းရှင်းလင်းလင်း မြင်နိုင်လိမ့်မယ်၊ အဲ့ဒိအချိန်မှာ အလောင်းကို ဖိလိုက်ရင် အဲ့အစက်တွေ
ပျောက်သွားပြီး လွှတ်လိုက်ရင် ပြန်ပေါ်လာလိမ့်မယ်၊ သေဆုံးတာ ခြောက်ရှီးချန်လောက်ရှိပြီဆိုရင်တော့
အလောင်းအရောင်က တစ်ပိုင်းတစ်စပေါ်လာပြီး အရောင်ပိုရင့်လာပြီ၊ ဒီအချိန်မှာ
အလောင်းအစက်အပြောက်တွေကို ဖိလိုက်ရင် လုံးလုံးလျားလျား ပျောက်ကွယ်သွားနိုင်တော့မှာ
မဟုတ်ဘူး၊ နည်းနည်းဘဲ မှေးမှိန်သွားမယ်။ လွှတ်လိုက်ရင် အလောင်းအစက်အပြောက်တွေက
မူလအရောင်ကို ဖြည်းဖြည်းချင်း ပြန်ပြောင်းသွားတယ်၊ ဆယ့်နှစ်ရှီးချန်ကြာသွားရင်တော့
လက်ချောင်းနဲ့ ဖိရင်တောင် အစက်အပြောက်တွေက အရောင်လည်းမပြောင်းတော့ဘူး ပျောက်ကွယ်သွားမှာလည်း
မဟုတ်တော့ဘူး”
(တစ်ရှီးချန်- နှစ်နာရီခန့်)
ဝမ့်ပမ်ရှန့်က ဂရုတစိုက် နားထောင်နေသော်လည်း သူ့မျက်ခုံးများက
ပိုစုကျုံလာပြီး ပိုလေးနက်လာပုံရသည်။
မယုံဘူးပေါ့?
ကျွော့ချင်းက
လူသေအလောင်းကို ညွှန်ပြပြီး "ခင်ဗျား နှိပ်ကြည့်လိုက်"
ဝမ့်ပမ်ရှန့်က သူလည်း အတည်ပြုချင်သောကြောင့် ခေါင်းညိတ်ပြပြီး သူ့လက်ညိုးဖြင့် အလောင်းမှအကွက်များကို အင်အားအနည်းငယ် သုံးကာ
ဖိကြည့်လိုက်ပြီးမှ ပြန်လွှတ်ပေးလိုက်သည်။ အစက်အပြောက်များက
အနည်းငယ်မှေးမှိန်သွားကာ ခဏအကြာတွင် ၎င်းတို့၏ မူလအရောင်သို့ တဖြည်းဖြည်း ပြန်လည်ရောက်ရှိသွားခဲ့သည်။
ကောင်လေးပြောခဲ့တဲ့ စကားတွေအရတော့ သေဆုံးသူက ခြောက်ရှီးချန်အကြာထဲက
သေဆုံးသွားခဲ့တယ်လို့ ဆိုနိုင်တယ်။
ဝူကျစ်ကန်းက စိုးရိမ်တကြီးဖြင့် "ဝမ့်ပမ်ရှန့်၊ သူ ပြောတာ
အမှန်လား?!"
အမှန်ဆိုရင်
လီမင်က အကြီးမားဆုံး သံသယရှိသူ ဖြစ်လာနိုင်တယ်။
“ဒါ…” ဝမ့်ပမ်ရှန့်က တုံ့ဆိုင်းနေပြီး သူ့ဘေးမှ လူငယ်လေးကို
တစ်ချက်ကြည့်လိုက်သည်။ ထိုနောက် သူက “မသိဘူး၊ တစ်ရှီးချန်ကနေ နှစ်ရှီးချန်အတွင်း
အလောင်းပေါ်မှာ အစက်အပြောက်တွေ ပေါ်လာမယ်ဆိုတာ ကျွန်တော်မျိုး သိတယ်၊ အချိန်ကြာရင်
ပိုများလာတယ်၊ သူ ဘာတွေပြောနေမှန်းကိုတော့ ကျွန်တော်မျိုး တကယ်မသိဘူး”
ဤအမှတ်အသားများက ဤကဲ့သို့ တိကျသော သေချိန်ကို သိမြင်နိုင်သည်ကို
သူ တကယ်မသိနိုင်ခြင်းမှာ ရှက်ဖွယ်ကောင်းနေခဲ့သည်။ ယခင်ကဆိုလျှင် ထိုလူငယ်လေး၏စကားကို
သူ တိုက်ရိုက်ငြင်းဆိုလိုက်မည်ဖြစ်သော်လည်း လူငယ်၏စကားကို နားထောင်ပြီးနောက် ထိုစကားလုံးများ
အားလုံးအတွက် သူ ယူဆချက်လွယ်လွယ် မထုတ်ဝံ့တော့ပေ။
ဝမ့်ပမ်ရှန့်က ထိုစကားများကို တစ်ခွန်းမှ နားမလည်ကြောင်း သိလိုက်ရသောကြောင့်
ဝူကျစ်ကန်းက အလွန်ဒေါသထွက်ပြီး "ဒါဆို သူ အမှန်တိုင်းပြောနေတာလား?
လိမ်နေတာလားဆိုတာကို ငါ ဘယ်လိုသိနိုင်တော့မှာလဲ"
ဝူကျစ်ကန်းက ချောင်းနည်းနည်းဟန့်လိုက်ပြီး ကျွော့ချင်းကို
ဘေးတစောင်းတစ်ချက်ကြည့်ကာ "မင်း ပြောခဲ့တာတွေက အမှန်တရားဆိုတာကို မင်း ဘယ်လိုသက်သေပြနိုင်မှာလဲ?"
သူက အစပိုင်းမှာ ဒီလူငယ်က
ထူးဆန်းတယ်လို့ ထင်ခဲ့ပေမယ့် ဝန်ကြီးချုပ်အတွက်ကြောင့် သူ ဒီလူငယ်လေးနဲ့ အတိုက်အခံ
မလုပ်ချင်ခဲ့ဘူး။
အိုး အိုး~
ကောင်းပြီ၊ ဒီမေးခွန်းရဲ့အဖြေက.....
မဟုတ်သေးဘူးဟ!
ဒီခေတ်မှာ သူမ ပြောခဲ့တာတွေက သိပ္ပံပညာကို အခြေခံကြောင်း
ဘယ်လို သက်သေပြရမှာလဲ? သူမက အဲ့တာတွေကို ဆေးတက္ကသိုလ်မှာ သင်ရတာလို့ ပြောရမှာလား?
ဒါမှမဟုတ် ငါက အသက်အငယ်ဆုံး မှုခင်းဆေးပညာဆရာဝန်၊ မှုခင်းဆေးပညာနဲ့ မဟာဘွဲ့ရပြီး
စာတမ်းတွေ အများကြီး ရေးသားပြုစု ထုတ်ဝေခဲ့တယ်လို့ပြောရမှာလား? အဲ့တာတွေ
ရှင်းပြရရင်တော့ မူခင်းနေရာကနေ ခန္ဓာဗေဒစာသင်ခန်း ဖြစ်တော့မယ်။ အဲ့တာဆိုရင်
သခင်မလင်းက ပြေးဝင်လာပြီး လဲပြိုသွားနိုင်တယ်။
ကျွော့ချင်းက သူမကိုယ့်သူမ သရော်လှောင်ပြောင်ကာ သူမ၏ခေါင်းကို
သူမ ပြန်ပုတ်လိုက်သည်။
ငါက ဘာလို့
အလကားသက်သက် ဒီရှေးခေတ်လူတွေနဲ့ အချိန်ဖြုန်းနေမိတာလဲ ငါလည်း မသိတော့ဘူး!
ကျွော့ချင်းက အကျဉ်းခန်း၏
အေးခဲနေသော ကျောက်နံရံကို ကျောမှီလျက် "ကျွန်တော် ပြောတာတွေက အမှန်တွေပဲ၊
ဒါပေမယ့် ခင်ဗျားတို့ နားလည်နိုင်အောင် သက်သေပြနိုင်တဲ့နည်းလမ်းကို ကျွန်တော် မသိဘူး"
"ဒါဆို မင်း သက်သေမပြနိုင်သေးဘူးပေါ့!" ဝူကျစ်ကန်းက စကားပြောတော့မည်ဖြစ်သော်လည်း
ထိုလူငယ်နှင့် လူကြီးမင်းလို့ အကြား ဆက်စပ်မှုရှိနေသည်ဟု သူ ထင်နေခဲ့သည်။ သူက
အနှစ်တစ်သောင်းလှေကို ဂရုတစိုက် ရွက်လွှင့်ကာ(သတိအလွန်ထားကာ) လှည့်ကြည့်လိုက်သည်။ သူက
လို့ရှီးယန်ကို ဦးညွှတ်ကာ "သခင်ကြီးလို့၊ သခင်ကြီး ထင်တာက..?"
ထိုလူငယ်ပြောသောစကားက မှန်ကန်သည်ဟု သူ ယုံကြည်သည်။
ထိုလူငယ်က ကျော်ကြားသော ဆရာတစ်ဦးမှ သင်ကြားခဲ့ပြီး သူ၏ဆရာကလည်း ကျော်ကြားသူဖြစ်နိုင်သည်။ သို့သော်
သူ့ဆရာ၏အမည်ကို မပြောသရွေ့တော့ သူ ပြောခဲ့သည့်စကားများက အမှန်ဖြစ်ကြောင်း သက်သေမပြနိုင်ပေ။
ထိုကောင်လေး အမှန်အတိုင်း ပြောရန် ငြင်းဆန်နေသည့် အကြောင်းရင်းကတစ်ခုပဲသာ ရှိနိုင်ပြီး
သူက သူ့၏ အထောက်အထားကို ဖော်ပြရန် ဆန္ဒ မရှိခြင်းပင်။
လျှို့ဝှက်ထားလေလေ လူတွေက ပိုစူးစမ်းကြည့်ချင်လာလေလေဆိုတာ
သူ မသိဘူးလား? ကံကောင်းထောက်မစွာနဲ့ သူကလည်း အလျင်လို မနေပါဘူး။
လို့ရှီးယန်က သူ့၏ နှုတ်ခမ်းထောင့်များကို
ညင်သာစွာ ပင့်လိုက်ပြီး စကားပြောခါနီးတွင် ပြတ်သား ကြည်လင်သော အသံတစ်ခုက ရုတ်တရက်
ထွက်ပေါ်လာသည်။
"သူပြောတာက အမှန်ပဲ"
အသံလာရာရင်းမြစ်ဆီသို့ လူတိုင်း လှည့်ကြည့်လိုက်ကြသည်။ ကျွော့ချင်းက
သူမ၏ဦးထုပ်အစွန်းကို ညင်သာစွာ မြှောက်လိုက်ပြီး အပြင်သို့ကြည့်လိုက်ရာ အကျဉ်းခန်းအပြင်ဘက်တွင်
အသက်သုံးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူ ဤနေရာသို့
ရောက်နေသည်မှာ ကြာနေပုံရသည်။ သူက လို့ရှီးယန်ကဲ့သို့ အလွန်အရပ်ရှည်သော်လည်း လို့ရှီးယန်က
အနည်းငယ် ပိုပါးလွှာသည်။ သူ့အသွင်အပြင်က လို့ရှီးယန်လောက် ချောမောခြင်း မရှိသော်လည်း
သူ့ထံတွင် နက်နဲပြီး ခိုင်မာသော မျက်လုံးတစ်စုံရှိသည်။ ကျဉ်းမြောင်းသော
ထိုမျက်လုံးများက အမြဲပြုံးနေသော လို့ရှီးယန်နှင့်မတူဘဲ လူအများကို စိတ်ရှုပ်ထွေးစေတတ်သည်။
သူက ဘယ်သူလဲ?
သူ ဘာတွေ တွေးနေတာလဲ?
ဒီလူက ရိုးရိုးနက်ပြာရောင် ၀တ်စုံကို ၀တ်ဆင်ထားတယ်။ သူက အခြားတစ်နေရာရာကနေ အမြန်ပြေးလာသလိုမျိုး ဖုန်မှုန့်တွေနဲ့ ပေလူးပြီး
ညစ်ပေနေတယ်။ ခက်ခဲတဲ့အခြေအနေလို့ မဆိုနိုင်ပေမယ့် သူ ရုတ်တရက် အပြေးအလွှား
ရောက်လာတာကတော့ သေချာနေတယ်။ အမြဲတမ်း အေးဆေးတည်ငြိမ်ပြီး ဝတ်ကောင်းစားလှတွေ ဝတ်ဆင်ထားတက်တဲ့
လို့ရှီးယန်နဲ့တော့ မတူဘူး။ ပြီးတော့...
ခဏနေပါဦး၊
ငါက ဘာလို့ လူတွေကို လို့ရှီးယန်နဲ့ အမြဲတမ်း နှိုင်းယှဉ်နေတာလဲ!
ငါ ရူးနေပြီလား?...
ကျွော့ချင်းက
သူမ ဘာကြောင့် ထိုမျှလောက် ပုံမှန်မဟုတ်ရသည်ကို နားမလည်နိုင်တော့ပေ။
ဝူကျစ်ကန်းနှင့်
အခြားအရာရှိများက “တရားသူကြီးမင်း”
တရားရေးရာရေးဌာနကို ပြောတာလား?!
ကျွော့ချင်းက
မျက်ခုံးပင့်သွားကာ သူ့ကို ပိုစိတ်ဝင်စားလာခဲ့သည်။ မှုခင်းဆေးပညာကို လေ့လာသူများက စုန့်စီ အကြောင်း သိကြလိမ့်မည်။ ထိုလူက စုန့်စီနှင့် တူညီသော ရာထူးရှိသော်လည်း သူ့တွင်
စုန့်စီကဲ့သို့ အရည်အချင်း ရှိ မရှိကို သူမ
မသိနိုင်သေးပေ။
[ စုန့်စီ (တရုတ်: 宋慈;
pinyin: Sòng Cí; Wade-Giles: Sung Tzʻu; 1186-1249) သည်
တရုတ်ဆေးပညာရှင်၊ တရားသူကြီး၊ မှုခင်းဆေးပညာသိပ္ပံပညာရှင်၊ မနုဿဗေဒပညာရှင်၊
တောင်ပိုင်းဆောင်းမင်းဆက်၏ စာရေးဆရာဖြစ်သည်။ သူက တရားမမျှတမှုဆိုင်ရာ ပြုပြင်မှု (Xi
Yuan Ji Lu) တွင် တရားစီရင်ရေးဆိုင်ရာ အမှုအခင်းများအတွက်
အလောင်းများကို စစ်ဆေးခြင်းအတွေ့အကြုံကို မှတ်တမ်းတင်ထားပြီး ကမ္ဘာ့ပထမဆုံး
မှုခင်းဗေဒ ဗေဒပညာရှင်အဖြစ် လူသိများသည်။ From Wikipedia]
ရှန်ယုလန်က လူအုပ်ဆီသို့ လက်ကို အနည်းငယ် မြှောက်ပြလိုက်ပြီး
လို့ရှီးယန်ထံ ခေါင်းငုံ့ကာ လေးလေးစားစား ရိုးရိုးရှင်းရှင်း အသံနိမ့်နိမ့်ဖြင့် နှုတ်ဆက်လိုက်သည်။
"ဝန်ကြီးချုပ်လို့"
လို့ရှီးယန်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး သူ၏
အနည်းငယ် မြှင့်တက်လာသော မျက်လုံးများမှတဆင့် နောက်ပြောင်ချင်သည့် အရိပ်အမြွက်များကို
ပြနေကာ ပြုံးနေရင်း "တရားသူကြီးမင်းက အချိန်ကိုက် ပြန်လာတာပဲ"
စောတယ်လို့
ပြောလို့မရပေမယ့် နောက်လည်း မကျသေးပါဘူး။
ရှန်ယုလန်က မတုန်မလှုပ်ဖြင့် "ဒါက ဒီလက်အောက်ငယ်သားရဲ့
တာဝန်ပါ၊ ဝန်ကြီးချုပ်ကို ဒုက္ခပေးမိတာက ဒီလက်အောက်ငယ်သားရဲ့ အပြစ်ပါ"
လို့ရှီးယန်က သူစကားတွေကို ကျင့်သားရနေပုံပေါ်ပြီး
ဘာမှမထူးခြားသလို ပြုံးလိုက်ကာ "အပြစ်လို့ပြောတာက ကြမ်းတမ်းလွန်းပါတယ်။ မင်းရော
ငါရော နှစ်ယောက်စလုံးက တော်ဝင်တရားရုံးမှာ အမှုထမ်းနေကြတာပါ"
ဒါက ဒဏ္ဍာရီဆန်ဆန် တော်ဝင်ညီလာခံရဲ့တရားဝင် နူတ်ဆက်မှုပဲလား?
ကျွော့ချင်းက ပျင်းရိငြီးငွေ့လာပြီး ထိုအခြေမှ
ရုန်းထွက်ချင်လာပြန်သည်။
ပြီးတော့
သူမ တကယ်အိပ်ချင်နေတယ်!
သူမ အံမခန်း သမ်းဝေနေစဉ်တွင် ရှန်ယုလန်က
အချုပ်ခန်းတံခါးထဲသို့ လှမ်းဝင်လာပြီး သူမထံသို့ တည့်တည့် လှမ်းလာခဲ့သည်။
"မင်းပြောတာတွေက
အမှန်တွေပဲ၊ စကားလုံးရဲ့ အဓိပ္ပါယ်က မှန်ကန်တယ်။ မင်းရဲ့နာမည်က ဘာလဲ၊ မင်း ဘယ်မှာနေတာလဲ၊ မင်းနေတဲ့ နေရာကနေ သင်ယူခဲ့တာလား?"
ကျွော့ချင်းရဲ့ ပါးစပ်ထောင့်က အေးခဲသွားသည်။
ဒီလူက မေးခွန်းတွေ မေးတာ အရမ်းမိုက်တယ်!
✍️✍️✍️