အခန်း ၁၃ အလောင်းခွဲစိတ်စစ်ဆေးခြင်း
(အပိုင်း ၃)
သက်သေအထောက်အထားတဲ့လား?
ကျွော့ချင်းက
ရယ်မောလိုက်ပြီး ရုတ်တရက် ထရပ်လိုက်သည်။
"သက်သေအထောက်အထားက ဘယ်မှာရှိတယ်ဆိုတာ
ပြောပြဖို့ သူ့ကို မေးလို့ရတယ်!"
သူကိုလား?
လူတိုင်းက
ကျွော့ချင်း၏အကြည့်နောက်သို့ လိုက်ကြည့်ကာ ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသော လင်းပါ့ခန်းကို
တွေ့လိုက်ရသည်။
အတိအကျပြောရရင်
တောင့်တင်းနေတဲ့ အလောင်းတစ်လောင်းပေါ့။ လူသေကောင်က အထောက်အထားတွေ
ဘယ်မှာရှိတယ်ဆိုတာ ဘယ်လို ပြောနိုင်မှာလဲ?!
ထိုနေရာမှ
လူများအားလုံးက အေးစက်သည့်လေကို ရှုရှိုက်လိုက်ရသလို ခံစားလိုက်ပြီး
သက်တောင့်သက်သာဖြစ်နေသည့် လို့ရှီးယန်မှလွဲ၍ အားလုံးက မလိုလားအပ်ဘဲ
နောက်ပြန်ဆုတ်သွားကြသည်။
"သေဆုံးရတဲ့အကြောင်းရင်းကို အရင်ပြောရအောင်"
ကျွော့ချင်းက
အလောင်း၏လည်ပင်းကို ညွှန်ပြလိုက်ပြီး မော့ပိုင်ကို ပြောလိုက်သည်။ "လည်ပင်းကို
ကြွလိုက်"
ငါပဲဖြစ်ပြန်ပြီလား?!
မော့ပိုင်က
သူ့စိတ်ထဲတွင် တိတ်တဆိတ် ရေရွတ်နေသော်လည်း သူ့လက်များက ကျွော့ချင်း၏
ညွှန်ကြားချက်ကို မငြင်းဆန်ဘဲ လိုက်နာနေကာ လင်းပါ့ခန်း၏လည်ပင်းကို ညင်သာစွာ
မြှောက်လိုက်သည်။ အလောင်း၏လည်ပင်းပေါ်ရှိ အရေးအကြောင်းများက ပြေလျော့သွားကာ
သေဆုံးသူ၏ လည်ပင်းတွင် လည်ပင်းညှစ်ထားသည့် ကြိုးအရာများကို ရှင်းရှင်းလင်းလင်း
မြင်တွေ့ရသည်။
"သေဆုံးသူမှာ ထိခိုက်ဒဏ်ရာ ဒါမှမဟုတ် အဆိပ်ခတ်ခံရတဲ့လက္ခဏာတွေလို တခြားထင်ရှားတဲ့
လက္ခဏာတွေ မတွေ့ခဲ့ရဘူး။ အသက်ရှူကြပ်တဲ့ လက္ခဏာတွေက ထင်ရှားနေတယ်။ သေဆုံးရတဲ့
အကြောင်းရင်းကတော့ လည်ပင်းကို ခါးစည်းကြိုးနဲ့ ချည်ခံရကြောင့် အသက်ရှူကျပ်ပြီး
သေဆုံးတာပါ"
ကျွော့ချင်းက
ထိုသို့ပြောပြီးသည်နှင့် ဝမ့်ပမ်ရှန့်က ချက်ချင်း နှာမှုတ်လိုက်သည်။
ဒါက သူပြောခဲ့တဲ့စကားတွေနဲ့
ဘာကွာခြားလို့လဲ? မလိုအပ်ပဲ တမင်တကာ ရှုပ်ထွေးအောင် လုပ်နေတာပဲ။
ကျွော့ချင်းက သူနှင့် ထပ်မံငြင်းခုံခြင်းမပြုတော့ဘဲ
ဒူးထောက်ထိုင်ချလိုက်ပြီး သေဆုံးသူ၏လည်ပင်းတွင် လည်ပင်းညှစ်သတ်ထားသည့် ကြိုးအမှတ်အသားများကို
ညွှန်ပြကာ အေးစက်စွာ ပြောလိုက်သည်။
"သေဆုံးသူရဲ့လည်ပင်းမှာ မတူညီတဲ့ ဒဏ်ရာနှစ်ခုရှိနေတယ်။ ကြိုးဆွဲချသေဆုံးသူတွေမှာ ယေဘူယျအားဖြင့် လည်ပင်းကို ညှစ်ခံထားရတဲ့ အမှတ်အသားတွေက အနားနေရာတွေမှာ သပ်သပ်ရပ်ရပ်ဖြစ်နေတက်ပြီး hyoid အရိုးနဲ့ လည်မျိုအရိုးတွေက ကျိုးကြေဖို့ ခက်ခဲတယ်။ ဒါပေမယ့် အခုသေဆုံးတဲ့သူရဲ့ အမှတ်အသားရာနှစ်ခုက လုံးဝကွဲပြားနေတယ်။ တစ်ခုက ခန္ဓာကိုယ်နဲ့အပြိုင် သိုင်းရွိုက်အရိုးနုအောက်မှာ ရှိနေတယ်။ လည်ပင်းညှစ်သတ်ခံထားရတဲ့သေသူရဲ့ အမှတ်အသားက ပြင်းထန်စွာ ရုန်းကန်ထားရတာကြောင့် လည်ပင်းညှစ်ခံရတဲ့နေရာမှာ အရေခွံတွေ ကျွတ်ထွက်နေပြီး အရေပြားအောက်မှာ သွေးထွက်နေမယ်။ ဒီကြိုးရာအမှတ်အသားက လူသတ်သမားက သေသူကို သတိမေ့သွားတဲ့အထိ တိုက်ခိုက်တုန်းက ရခဲ့တဲ့ဒဏ်ရာ အတိအကျပဲ။ သေသူက ရုန်းကုန်ခဲ့လို့ အရေပြားတွေ ပွန်းပဲ့ပြီး သွေးတွေထွက်ခဲ့တယ်၊ ပြီးတော့ ကြိုးရာက နက်ပြီး အမဲရောင်ပေါ်လာတယ်၊ နောက်ထပ်ကြိုးရာတစ်ခုက လူသတ်သမားက သေဆုံးသူကို မျက်နှာကျက်ပေါ်မှာ ချိတ်ဆွဲထားလို့ ပေါ်လာတာ၊ အဲ့အချိန်မှာ သေဆုံးသူက သတိမေ့နေပြီ၊ ခု သေဆုံးသူရဲ့hyoid အရိုးက ကျိုးနေပြီ၊ ဘာကြောင့်လဲဆိုတော့ ပြင်းထန်တဲ့အားနဲ့ လည်ပင်းညှစ်ခံရလို့ပါ”
[(hyoid bone) ဆိုတာက သေးငယ်သော
U-shaped (မြင်းခွာပုံသဏ္ဍာန်) အရိုးဖြစ်ပြီး၊
လည်ပင်း၏အလယ်တွင် ရှေ့ပိုင်းနှင့် နောက်ဘက်တွင်ရှိသည်။ ၎င်း၏ ခန္ဓာဗေဒ အနေအထားက
သိုင်းရွိုက်အရိုးနုထက်သာလွန်သည်။
Sources: Wikipedia]
လို့ရှီးယန်က အကျဥ်းထောင်ထဲကို ၀င်သွားပြီး
သေဆုံးသူ၏လည်ပင်းမှ ဒဏ်ရာများကို အနီးကပ်ကြည့်ရှုနေသည်။ ကျွော့ချင်းပြောသည့်အတိုင်း
လည်ပင်းညှစ်ခံထားရသည့် အမှတ်အသားနှစ်ခုရှိနေပြီး တစ်ခုက နက်ကာ တစ်ခုက အနည်းငယ် တိမ်နေပေမယ့်
အလွန်ထင်ရှားနေသည်။
ဝူကျစ်ကန်းက အလွန်တွန့်ဆုတ်နေပြီး ဒေါသတကြီး လိုက်ကြည့်ရုံမှတပါး
ရွေးချယ်စရာမရှိတော့ပေ။ သူက ဝမ့်ပမ်ရှန့်ကို ပြင်းထန်စွာ စိုက်ကြည့်နေသည်။
ဝူကျစ်ကန်း၏ အကြည့်စူးစူးကို လက်ခံရရှိပြီးနောက် ဝမ့်ပမ်ရှန့်က
ရုတ်တရက် သတိပြန်ဝင်လာခဲ့သည်။
ဒီကလေး အခုန
မာနကြီးလွန်းနေတာ အံ့ဩစရာ မဟုတ်တော့ဘူး။ သူ့မှာ ကျွမ်းကျင်မှုအချို့ရှိနေတာ မြင်သာနေပြီပဲ။
ဝမ့်ပမ်ရှန့်က
ပြင်းပြင်းထန်ထန် တွေးတောပြီးနောက် ပြန်ပြောလိုက်သည်။ "သူ လည်ပင်းညှစ်ခံရတာဆိုရင်
သေဆုံးသူရဲ့လည်ပင်းနောက်ဘက်မှာ လည်ပင်းညှစ်ခံထားရသည့် လက္ခဏာတွေ ရှိသင့်ပေမယ့် သူ့လည်ပင်းနောက်ဘက်မှာ
လုံးဝမရှိတာ သိသာပါတယ်၊ သူ မသေခင် ရုန်းကန်ခဲ့တာကြောင့် ကြိုးရာနှစ်ခုပေါ်လာတာလဲ
ဖြစ်နိုင်ပါတယ်!"
"သူ့အင်္ကျီကို ချွတ်လိုက်ပါ" ကျွော့ချင်းက တိုးတိုးလေး ပြောနေသော်လည်း
သူမက တစ်စုံတစ်ခုကို ဆုပ်ကိုင်ထားနိုင်ပုံပေါ်နေသည်။ မော့ပိုင်က သူ့ခေါင်းကို
ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး ကျွော့ချင်းက အလောင်း၏လက်များကို တင်းတင်းကြပ်ကြပ်
ဆုပ်ကိုင်လိုက်ရာ ထိုလက်များက ပြန်လျော့ကျသွားသည်ကို တွေ့လိုက်ရသည်။
ခဏကြာပြီးနောက် ကျွော့ချင်းက မတ်တပ်ထရပ်လိုက်ပြီး ဒေါသထွက်နေပုံပေါက်သည့် ဝမ့်ပမ်ရှန့်ကို
အေးစက်စွာ ထပ်ပြောလိုက်သည်။
"ခင်ဗျားက အလောင်းစစ်ဆေးဖို့ လုံးဝ
မထိုက်တန်ဘူး!"
ဝမ့်ပမ်ရှန့်က ဒေါသတကြီးဖြင့် "မင်း ဘာပြောလိုက်တာလဲ!"
သူ ယင်းထျန်းရုံးတော်မှာ စုံစမ်းရေးမှူးအဖြစ်
နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ပြီး မရေမတွက်နိုင်တဲ့ အလောင်းစစ်ဆေးမှုတွေကို ပြုလုပ်ခဲ့ဖူးတယ်။
ခုတော့ မထိုက်တန်ဘူးတဲ့လား!
"တရားရုံးက စစ်ဆေးရေးမှူးအနေနဲ့ ခင်ဗျားက ကွယ်လွန်သူအတွက် စကားပြောပေးနိုင်တဲ့
တစ်ဦးတည်းသောသူပဲ၊ သူ သေသွားပုံကို ပြောပြဖို့ သူ့ခန္ဓာကိုယ်ကို အသုံးပြုနိုင်တယ်၊
အခု သူ သေဆုံးရတဲ့ဖြစ်စဉ်မှာ သူ ကြုံတွေ့ခဲ့ရတာတွေကို ခင်ဗျားက လုံးဝ လျစ်လျူရှုခဲ့တယ်၊
သူ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတိုင်းနဲ့ အသေးစိတ်အချက်အလတ်တိုင်းကို သေသေချာချာ
မစစ်ဆေးဘဲ နိုင်ထက်စီးနင်း ကောက်ချက်ချခဲ့တယ်၊ ခင်ဗျားရဲ့စကားတစ်ခွန်းကြောင့် ဘယ်သူကမှ
ဘာမှ မသိလိုက်ရဘဲ သေသွားနိုင်သလို လူသတ်သမားကလည်း လွတ်မြောက်သွားနိုင်တယ်"
အသိပညာနဲ့
အတွေ့အကြုံတွေ အားလုံးက အချိန်အကြာပြီး သင်ယူစုဆောင်းမှ ရလာနိုင်တဲ့အရာတွေ ဖြစ်တာကြောင့်
စုံစမ်းရေးမှူးတစ်ယောက်ရဲ့ ပညာအရည်အချင်းမပြည့်ဝသေးမှုကို သူမ သည်းခံပေးနိုင်တယ်။ ဒါပေမယ့်
သူမ သည်းမခံနိုင်တဲ့အရာက မှုခင်းဆေးပညာ စုံစမ်းရေးမှူးတစ်ယောက်အနေနဲ့ စည်းကမ်းမဲ့
သဘောထားရှိပြီး ပေါ့ပေါ့ဆဆနဲ့ ညစ်ပတ်တဲ့ အလုပ်ကို လုပ်ဆောင်တာရယ်၊ ခေါင်းမာမာနဲ့
တုံ့ပြန်ပြောဆိုတာရယ်ပဲ။
အကျဥ်းထောင်ထဲတွင် အေးစက်သည့်အသံတစ်ခုသာ
ထွက်ပေါ်နေခဲ့ပြီး ဝမ့်ပမ်ရှန့် အရှက်ရနေရုံတင်မကဘဲ လို့ရှီးယန်ပင်လျှင်
မှင်သက်နေခဲ့သည်။
ဒီကောင်လေးက
သူနဲ့ ပထမဆုံးစတွေ့တုန်းက အချိန်နဲ့လုံးဝကို မတူတော့ဘူး။ သူတို့
ပထမဆုံးစတွေ့တုန်းကတော့ ကောင်းလေးက နည်းနည်းအေးစက်ပြီး မာနကြီးပုံပေါ်တယ်။ သူက အနည်းငယ်
လှည့်စားတက်ပုံလဲပေါ်နေပေမယ့် အခုတော့ သူက
တည်တည်ငြိမ်ငြိမ်နဲ့ လေးလေးနက်နက် ဖြစ်နေပြန်တယ်။ ဒါက စိတ်ဓာတ်မာကြော ကြံခိုင်တဲ့
လူတစ်ယောက်ရဲ့အသွင်အပြင်ပဲ။ ဒါ သူ အရင်က တွေ့ဖူးခဲ့တဲ့
ဆယ်ကျော်သက်ကောင်လေးရော တကယ်ဟုတ်ရဲ့လား?
လို့ရှီးယန်လည်း
စိတ်ရှုပ်ထွေးနေခဲ့သည်။
“ယောကျာ်း…” ဝမ်းနည်းငိုကြွေးသံကြောင့် လူတိုင်း အသိစိတ်ပြန်ဝင်လာသည်အထိ
အကျဉ်းခန်းက ငြိမ်သက်နေခဲ့သည်။ မော့ပိုင်က လင်းပါ့ခန်း၏အဝတ်အစားများကို ချွတ်လိုက်ပြီး
သူ၏ရင်ဘတ်ပေါ်တွင် ဒဏ်ရာတိမ်တိမ်၊နက်နက်များစွာ ရှိနေခဲ့သည်။ တစ်ချို့က အနာကျက်နေပြီဖြစ်ကာ
တစ်ချို့က အရာများ ထင်းနေဆဲပင်။ ထိုဒဏ်ရာများအားလုံးက ဒဏ်ရာဟောင်းများ ဖြစ်နေသည်ဆိုသော်လည်း
အရင်အချိန်က ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့ကြောင်း သက်သေများပင် ဖြစ်သည်။
သခင်မလင်းက သေဆုံးသွားသူ၏ ခန္ဓာကိုယ်ပေါ်သို့ သူမကိုယ်ကို
လှဲချလုနီးပါး ငိုရှိုက်ပြီးရင်း ငိုယိုနေခဲ့သည်။
ကျွော့ချင်းက "ဝူစစ်၊ သူ(မ)ကို ဘေးနားကို
ပို့ပေးဖို့ ကူညီပေး၊ ငါ့ကို လာမရှုပ်စေနဲ့"
"အိုး!" ဝူစစ်က မြန်မြန်ထပြီး သခင်မလင်းကို သူ့ဘေးသို့ ခေါ်ထားလိုက်သည်။
လက်ရှိ သခင်မလေးကျွော့က
နည်းနည်းတော့ ကွဲပြားနေပေမယ့် ဘာထူးခြားတာလဲဆိုတာ သူလည်း ပြောဖို့ ခက်နေတယ်။ သူ့အတွက်ကတော့
သူမ ပြောသမျှကို မနာခံပဲနေဖို့ ခက်ခဲလွန်းလွန်းတယ်။
ကျွော့ချင်းက ဘေးနားတွင် ရှက်စိတ်ဖြင့် ရပ်နေသည့် ဝမ့်ပမ်ရှန့်ကို ဂရုမစိုက်တော့ဘဲ သူမဘာသာ
ဒူးထောက်ထိုင်ချကာ လူသေ၏ပခုံးကို ညင်သာစွာ တွန်းလိုက်သည်။
မော့ပိုင်က
သူမ လူသေကို လှည့်ပတ်ကြည့်နိုင််ရန် ရှင်းရှင်းလင်းလင်း ကူညီပေးနေခဲ့သည်။ ကျွော့ချင်းက
သူမ၏မျက်ခုံးကို အနည်းငယ် ပင့်တင်လိုက်သည်။
တော်တယ်၊
လိမ္မာပါးနပ်တယ်၊ လက်ထောက်ဖြစ်ဖို့ သင့်တော်တယ်။
“လည်ပင်းမှာ အစက်အပြောက်တွေ မတည်မငြိမ်ဖြစ်ရတဲ့ အကြောင်းရင်းကတော့ ခါးစည်းကြိုးကို
မာကျောတဲ့ အရာဝတ္ထုနဲ့ ဖိထားတာကြောင့်ပါ၊ ခါးစည်းကြိုးက တင်းကျပ်လွန်းတာကြောင့်
အသက်ရှူကျပ်တဲ့အထိ ဖြစ်သွားပြီး သေဆုံးသွားတာပါ"
လင်းပါ့ခန်း၏နောက်ကျောတွင် ခရမ်းရောင်အညိုအမည်းနှစ်ခု ရုတ်တရက်ပေါ်လာသည်။
ဒဏ်ရာဟောင်းများနှင့်မတူဘဲ ဤအမာရွတ်နှစ်ခုက အရောင်ညိုမဲနေပြီး အရေပြားများပျက်စီးနေကာ
၎င်းတို့က အသစ်ဖြစ်ပုံရသည်။
ဒါက ဘာဖြစ်သွားတာလဲ/! ဘယ်လိုအရာဝတ္ထုက အဲ့လိုဖြစ်အောင် ဖန်တီးခဲ့တာလဲ? လူတိုင်းက အလားတူ
လူသတ်လက်နက်များကို လှည့်ပတ်ကြည့်ရှုနေကြသည်။
လို့ရှီးယန်က
ဦးဆောင်နေပြီး အချုပ်ခန်းတံခါးဆီသို့ လျောက်သွားကာ သူက ဘာကို ရှာနေမှန်းမသိ ငုံလျက်
လမ်းလျှောက်နေလေသည်။
ဝန်ကြီးချုပ်၏အပြုအမူကို နားမလည်နိုင်သည့် ဝူကျစ်ကန်းကလည်း အချိန်အတော်ကြာ
စစ်ဆေးနေခဲ့ပြီး နောက်ဆုံးတွင် သေဆုံးသူ၏ကျောပေါ်မှ ဒဏ်ရာနှစ်ခုက ဘယ်လောက်ပဲသေးသေး
ဘယ်လောက်ပဲကြီးကြီး သစ်သားအရာများ ဖြစ်နေသည်ကို သူ နားလည်လိုက်သည်။
အကျဉ်းထောင်တံခါးရဲ့ သစ်သားတိုင်တွေ.... သူက အံ့သြတကြီးဖြင့် "တွေ့ပြီ၊ အကျဥ်းထောင်တံခါးရဲ့
သစ်သားတိုင်တွေပဲ!"
သစ်သားတိုင်များကို အချိန်အတော်ကြာ စစ်ဆေးပြီးနောက် လို့ရှီးယန်က
သူ၏ နှုတ်ခမ်းထောင့်များကို ညင်သာစွာ ပင့်တင်လိုက်ပြီး ဖြည်းညှင်းစွာ
ထရပ်လိုက်သည်။
ကျွော့ချင်းက သူ့ကို စောင့်နေသလိုပုံစံမျိုးဖြင့် ပြန်လှည့်ကြည့်ပြီးနောက်
သေဆုံးသူ၏လက်ညှိုးကို မြှောက်လိုက်ပြီး "သေဆုံးသူက တံခါးအပြင်ဘက်ကနေ
တစ်ယောက်ယောက်က လည်ပင်းညှစ်လို့ သတိလစ်သွားခဲ့တယ်။ ရုန်းကန်မှုကြောင့်
သူ့လက်ချောင်းထိပ်မှာ သွေးရာတွေ ကျန်နေသေးတယ်။ သစ်သားစတွေရောပဲ"
သူတို့ မျက်လုံးချင်းဆုံပြီး ကျွော့ချင်းက သူမ၏
ဦးထုပ်အစွန်းကို ဆွဲချလိုက်ပြီး လို့ရှီးယန်၏ စူးစမ်းလိုသော မျက်လုံးများကို
ပိတ်ဆို့လိုက်ပြန်သည်။
ဝူကျစ်ကန်းက ပြတ်ပြတ်သားသား နားလည်မှုဖြင့်
ခေါင်းညိတ်လိုက်ပြီး "ဒါဆို လင်းပါ့ခန်းက တကယ်အသတ်ခံရတာပေါ့!!"
သူက
ပြန်လှည့်လာပြီး ရုံးတော်အရာရှိငယ်ကို စိုက်ကြည့်ကာ "ဒီနေ့ အချုပ်ခန်းထဲကို
ဘယ်သူဝင်သွားသေးလဲ!"
ထပ်ခါတလဲလဲ ပြင်းပြင်းထန်ထန် တွေးတောပြီးသောအခါ ရုံးတော်အရာရှိငယ်က
ညှိုးငယ်သော မျက်နှာဖြင့် “အခုန အကျဥ်းသားကို သွားခေါ်တဲ့ လူတွေက လွဲပြီး ဘယ်သူမှ
မဝင်ဘူး”
"ငတုံးတွေ!" ဝူကျစ်ကန်းက "ဘယ်သူမှ ဝင်မလာရင် သူ ဘာလို့ အသတ်ခံလိုက်ရတာလဲ"
တကယ်မဝင်ဘူးလေ!
ရုံးတော်အစေခံငယ်လေးက
သူ၏အကျပ်အတည်းကို မဖော်ပြနိုင်ဘဲ ခေါင်းကိုသာ ငုံ့ထားပြီး
ဆဲဆိုကြိမ်းမောင်းခြင်းကို လက်ခံနေခဲ့သည်။
"သေဆုံးသူက မနေ့ညက သေဆုံးသွားလို့ပဲ!" ကျွော့ချင်းက စိတ်ပျက်လက်ပျက်ဖြင့်
ခေါင်းခါလိုက်သည်။
သူတို့က
ဒီအမှုကို ပြန်မစုံစမ်းခင် သူမ ပြောတာကို အရင်ပြီးအောင် နားမထောင်နိုင်ကြဘူးလား? ဒီအလေ့အထက
တကယ်ကို စိတ်အနှောင့်အယှက် ဖြစ်စေတယ်။
"မနေ့ညကလား?"
✍️✍️✍️