အခန်း ၁၇ ဝံပုလွေဂူထဲသို့
သွေးနံ့က မုတ်ဆိတ်နှင့်လူကို စိတ်ပျက်အားငယ်လုနီးပါး ဖြစ်အောင်လှုံ့ဆော်ပေးနေခဲ့သည်။ သူ့နဖူးရှိ
သွေးကြောများက ထောင်လာပြီး သူ့မျက်လုံးများက
ပိုနီရဲလာကာ သူ့ရှေ့မှ လူကို စိုက်ကြည့်နေရင်း
"မင်းက ငါ့ကို လူသတ်ဖို့ ဖိအားပေးနေတာပဲ၊ မင်းက ငါ့ကို လူသတ်ဖို့ တွန်းအားပေးနေတာ”
သူက အော်ဟစ်နေရင်း ကျွော့ချင်း၏ဖြူဖွေးနုနယ်သောလည်ပင်းပေါ်သို့
ဓားကို အပေါ်သို့မြှောက်တင်လိုက်သည်။ ကျွော့ချင်း၏နှလုံးသားက တင်းကျပ်သွားသော်လည်း
မုတ်ဆိတ်နှင့်လူက သူမ၏ပခုံးကို အခြားလက်ဖြင့် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတာကြောင့်
ကျွော့ချင်း မလှုပ်ရှားနိုင်သေးပေ။
သူမ သေဖို့ပဲ
စောင့်နေရတော့မယ်။
မုတ်ဆိတ်နှင့်လူက ဓားကို မြှောက်ပြီး ပြန်ချလိုက်ချိန်မှာ
အပြာရောင် ဝတ်အမျိုးသားက သူ့၏ဖီးနစ်မျက်လုံးများဖြင့် မော့ကြည့်လိုက်သည်။ သူ့က သူ့လက်ကို
မြှောက်လိုက်ပြီး သစ်ရွက်ရှည်ရှည်အရွယ်အစားလောက်သာရှိသည့် ဓားပျံတစ်စင်းက
ပုစဉ်းရင်ကွဲများ အတောင်ခတ်သလို ပျံသန်းရင်း မြန်မြန်ဆန်ဆန် ပြေးထွက်လာခဲ့သည်။ ကျွော့ချင်းက
အလွန်ပြင်းထန်သော လေတိုးမှုကို ခံစားလိုက်ရပြီး သူမ၏လည်ပင်းကလည်း ရုတ်တရက် ပူလာကာ
သူမ၏လည်ပင်းပေါ်သို့ သွေးများ စီးကျလာသည်။
"အား!" ဝက်တစ်ကောင်အသတ်ခံလိုက်ရသလို အော်ဟစ်သံနှင့်အတူ
မုတ်ဆိတ်နှင့်လူ၏လက်ထဲမှ ဓားက မြေပြင်ပေါ်သို့ ကျသွားသော်လည်း သူ၏လက်တစ်ဖက်က ကျွော့ချင်းကို
တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားဆဲဖြစ်ပြီး လုံးဝ မလွှတ်ပေးခဲ့ပေ။
တောက်!
ဓါး၏ခြိမ်းခြောက်မှု မရှိတော့သောကြောင့် ကျွော့ချင်းက ထိုအခွင့်အရေးကို
အမိအရ ဆုပ်ကိုင်လိုက်သည်။
သူမက သူမ၏ညာတံတောင်ဆစ်ကို ဘယ်လက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး ညာလက်နှင့် ဘယ်ဘက်ပခုံးကို
အုပ်လိုက်ကာ သူမ၏ဟန်ချက်ကို တည်ငြိမ်စေပြီး သူမ၏အင်အားကို သူမခန္ဓာကိုယ်အလယ်သို့ စုစည်းလိုက်သည်။
ထို့နောက် သူမက သူမ၏ ညာဘက်ပခုံးကို လျှော့ချလိုက်ပြီး ခါး၏ဘယ်ဘက်ခြမ်းကို
လိမ်ထားကာ သူမအား ဖမ်းချုပ်ထားသည့်လူကို သူမ၏ခန္ဓာကိုယ်ဖြင့် တွန်းထုတ်လိုက်သည်။ တဖက်လူက
ဒေါင်လိုက် တွန်းထုတ်ခံလိုက်ရပြီး အောက်ကို လဲကျသွားသည်။ ကျွော့ချင်းက သူမ၏မျက်လုံးများကို
မှိတ်ထားရင်း ကုယွင်သင်ပေးထားဖူးသည့် နပန်းသတ်နည်းများထဲမှ တစ်ခုကို တိတ်တိတ်လေး ရွတ်ဆိုနေရင်း မုတ်ဆိတ်နှင့်လူကို
ပြင်းပြင်းထန်ထန် တွန်းထုတ်ရန် သူမ၏ ခွန်အားရှိသမျှကို အသုံးပြုခဲ့သည်။
လဲပြိုသံတစ်ခု ထွက်ပေါ်လာပြီး မုတ်ဆိတ်မွေးနှင့်ယောက်ျားကြီးက
သူမ၏ပုခုံးပေါ်မှ လှလှပပ ပစ်ချခံလိုက်ရသည်။ သူ့၏ခန္ဓာကိုယ်က ပေါ့ပါးသွားသလိုမျိုး
အထိအတွေ့ကို သူ ခံစားလိုက်ရပြီး ကမ္ဘာကြီးက လည်ပတ်နေတော့သည်။ သူ ဘာမှ မသိလိုက်ခင်မှာပင်
သူ မြေပြင်ပေါ်သို့ ပြန်ကျသွားပြီး လမ်းပေါ်ရှိကျောက်တုံးများက သူ့နောက်ကျောကို အတိုင်းအဆမရှိ
အပြင်းအထန် နာကျင်စေခဲ့သည်။
ကျွော့ချင်းလည်း အဆင်မပြေနေခဲ့ပေ။ ယခုန သူမ စိတ်အားထက်သန်စွာ
အားထုတ်မှုကြောင့် သူမ၏ခါးကို အလွန်အကျွံ လိမ်မိလိုက်ပုံရပြီး သူမလည်း နာကျင်စွာ
ရှုံ့တွနေလေသည်။ သို့သော်လည်း နောက်ဆုံးတွင် သူမ အချုပ်အနှောင်မှ လွတ်မြောက်နိုင်ခဲ့သည်။
သူမ နာကျင်နေသည့်တိုင် ကျွော့ချင်းက တုန်တုန်ယင်ယင်ဖြင့် အပြာရောင်ဝတ်လူဆီ
ပြေးသွားလိုက်သည်။
ထိုလူက သူမကို ပခုံးတွန့်ပြလာခဲ့ပြီး သူ့ခေါင်းကို အနည်းငယ်
ခါယမ်းနေရင်း အလွန်ကြီးကျယ်သော အမူအရာဖြင့် “မြစ်တွေ၊ အင်းအိုင်တွေက
အန္တရာယ်များတယ်၊ သိုင်းလောကကပိုပြီး အရမ်း အန္တရာယ်များတယ်…”
အိုး... ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံးနဲ့
ကြောက်စရာအကောင်းဆုံးလူတွေက အမျိုးသမီးတွေလို့
အဘိုးကြီး ပြောခဲ့တာ အံ့သြစရာ မဟုတ်တော့ဘူးပဲ။
ပိန်ပိန်ပါးပါး လက်နှစ်ဖက်နဲ့ ခြေသလုံးသေးသေးလေးတွေရှိနေတဲ့
မိန်းခလေးက သူမထက် နှစ်ဆလောက် သန်မာတဲ့ လူတစ်ယောက်ကို တကယ်ပဲ ပစ်ချလိုက်နိုင်တယ်~~~
အဘိုးကြီးက
အရမ်းဥာဏ်ကောင်းတယ်... အဲ့လူက နည်းနည်းတော့ လှည့်စားတက်ပေမယ့်ပေါ့လေ! !
ကျွော့ချင်းက
သူ့ကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။
ထိုအချိန်တွင် မြေပြင်ပေါ်ရှိ မုတ်ဆိတ်မွေးနှင့်လူက
မြေပြင်မှ ခက်ခက်ခဲခဲ ခုန်ထကာ ထိတ်လန့်တကြားဖြင့် ရှေ့သို့ ပြေးသွားတော့သည်။
မြေပြင်ပေါ်တွင် သွေးပါးပါးလေးများ ကျဆင်းနေကာ ဓားပျံက သူ့၏အရေးကြီးသော အစိတ်အပိုင်းကို
ထိမှန်သွားကြောင်း ပြသနေသည်။
"မင်းက ထွက်ပြေးချင်သေးတယ်ပေါ့!" အင်္ကျီအပြာရောင်ဝတ်လူက အော်ဟစ်လိုက်ပြီး
လက်မလုံးအရွယ်လောက်ရှိသည့် ကောက်ရိုးကြိုးကို သူ့ခါးမှ ဖြုတ်ကာ ကြိုးကွင်းပစ်လိုက်ပြီး
မုတ်ဆိတ်နှင့်လူကို လွယ်လွယ်ပြန်ဆွဲယူကာ မြေပြင်ပေါ်သို့ ပြန်ကျသွားစေခဲ့သည်။ သူ့၏ဒဏ်ရာက
ပြင်းထန်လွန်းသောကြောင့် မုတ်ဆိတ်နှင့်လူက ပြန်မထနိုင်တော့ပေ။
အပြာရောင်လူက ကြိုး၏တစ်ဖက်ကို သူ့ခါးတွင် ချည်လိုက်ပြီး
ဂုဏ်ယူစွာ ပြုံးနေကာ "ဒီတစ်ခါ မင်းဘယ်ကို ပြေးမလဲ ကြည့်ရအောင်!"
ဒီလူက ငွေ ငါးရာတန်တယ်။ သုံးလကြာ
လိုက်ဖမ်းခဲ့တာဆိုတော့ ထွက်ပြေးသွားရင် လုပ်ငန်းက ကြီးကြီးမားမား ဆုံးရှုံးရလိမ့်မယ်။
မုတ်ဆိတ်နှင့်လူက အနောက်သို့ ပြန်ခေါ်ခံလိုက်ရပြီး အပြာရောင်ဝတ်လူက
အလွန်ဆိုးရွားသောအမူအရာဖြင့် ရေရွတ်နေကာ ကျောက်နံရံကို မှီနေသေးသည့် ကျွော့ချင်းကို
လှမ်းကြည့်လိုက်သည်။
သူက သူမဘက်သို့
လှမ်းလာကာ ယဉ်ကျေးသောလေသံဖြင့် "ဟေး မင်း အဆင်ပြေရဲ့လား"
"တစ်ခုခုတော့ အဆင်မပြေဘူး" ကျွော့ချင်းက နာကျင်နေသေးသည့် သူမ၏ခါးကြွက်သားများကို
ပွတ်သပ်နေရင်း ချွေးများ ထွက်နေလေသည်။ သူမ၏မျက်နှာက အလွန် ဖြူဖျော့နေပြီး သူမ၏လည်ပင်းတွင်
သွေးစွန်းထင်းနေသည့်အရာများကြောင့် အထူးပင် ဖမ်းစားနိုင်ခဲ့သည်။
သူမက မိန်းကလေးတစ်ယောက်ဖြစ်ပြီး သူ့ကြောင့် ထိခိုက်ဒဏ်ရာရခဲ့သည်ဟု
တွေးမိသောကြောင့် ထိုလူက သူ့မှာ တာဝန်နည်းနည်းရှိသည်ဟု ခံစားမိသွားပုံရသည်။
သူမကို တစ်ယောက်တည်းထားခဲ့တာမျိုးက
မဖြစ်သင့်ဘူး မဟုတ်လား!
သူ့ကိုယ်သူ
ယုံကြည်စေရန် မရေမတွက်နိုင်သည့် အကြောင်းပြချက်များကို ရှာတွေ့သွားပြီးနောက် ထိုအမျိုးသားက ကြီးမားသည့်ဆုံးဖြတ်ချက်တစ်ခုကို
ချလိုက်နိုင်ပုံပေါ်သည်။ သူက သူ့လက်ထဲမှ ပုလင်းသေးသေးလေးကို ဂရုတစိုက် ထုတ်ကာ
အချိန်အတော်ကြာအောင် လှည့်ပတ်ကစားနေပြီးမှ ပြန်လှည့်လာကာ “ဒီမှာ မင်းအတွက်."
ကျွော့ချင်းက မော့ကြည့်လိုက်သည်။ ထိုလူက သူမလက်ကို
ဆုပ်ကိုင်လိုက်ပြီး အနက်ရောင် မြေပဲစေ့အရွယ် ဆေးလုံးကို သူမလက်ဖဝါးထဲ ထည့်လိုက်ပြီးမှ
တွန့်ဆုတ်နေသည့် အကြည့်ဖြင့် ပြန်ကြည့်နေသည်ကို သူမ တွေ့လိုက်ရသည်။
ကျွော့ချင်းက "ဒါကဘာလဲ?"
ထိုလူက စိတ်အားထက်သန်စွာဖြင့် "ငါ ပြောချင်တာလည်း ဒါပဲ၊
ဒီအရာက သွေးတိတ်စေတဲ့ ဆေးတစ်မျိုးဖြစ်လေ၊ ထိတ်လန့်တာကိုလည်း သက်သာစေတယ်၊ ဒါက အသက်ကယ်ဆေးပဲ
မြန်မြန်သောက်လိုက်"
"အသက်ကယ်ဆေး...?" ကျွော့ချင်းက ခေါင်းငုံ့လိုက်ပြီး
ထူးဆန်းသည့် အနံ့များထွက်နေသည့် သူမ၏လက်ထဲမှ အမဲရောင်ဆေးပြားကို တစ်ချက်ကြည့် လိုက်သည်။
ငါက ဒီပစ္စည်းကို မစားချင်ပါဘူးနော်။
ကျွော့ချင်းက မထေမဲ့မြင် နှာမှုတ်လိုက်သောကြောင့် ထိုယောက်ျားက
စိတ်ဆိုးသွားပုံရသည်။ သူက သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး "မင်း မစားချင်ရင်
ငါ့ဆီကို ပြန်ပေး။ မင်းက မိန်းကလေးမဟုတ်ရင် ငါ ပေးတောင်မပေးဘူး။ မင်းက တခြားသူရဲ့ရည်ရွယ်ချက်ကောင်းကို
နားမလည်ဘူး! ဒီဆေးပြားက လျန်ငါးဆယ်တန်တယ်"
သူမ မစားချင်သော်လည်း ထိုယောက်ျားက သူ့အသက်ထက် ပိုက်ဆံကို ချစ်မြတ်နိုးကြောင်း
ကျွော့ချင်း နားလည်သွားပြီး သူမက ရုတ်တရက် ဆေးကို သူမ၏လက်ဖဝါးထဲတွင် ဆုပ်ကိုင်ကာ လက်ကို
နောက်သို့ ဖွတ်ထားလိုက်သည်။ ထိုလူက ရှေ့သို့ တိုးကာ လုယူရန် ပြန်လိုက်သော်လည်း ကျွော့ချင်းက
ဆိုးသွမ်းသော အပြုံးကို ထုတ်ဖော်ပြသလိုက်ပြီး ဆေးကို အဝေးသို့ လွှင့်ပစ်လိုက်သည်။
သူမ၏အလှပဆုံးအမူအရာနှင့်အတူ ဆေးလုံးက အမှိုက်များကြားထဲသို့ ကျသွားကာ
ပျောက်ကွယ်သွားတော့သည်။
သူမ တကယ်လွှင့်ပစ်ခဲ့တာလား?!
ထိုလူက နာကျင်မှုများအပြည့်ရှိသော မျက်နှာဖြင့် ကျွော့ချင်းကို
စိုက်ကြည့်နေသည်။
လျန်ငါးဆယ်...
မင်းက လူကောင်းမဖြစ်နိုင်ဘူးလို့ ငါ ပြောနိုင်တယ်။
သူမလည်ပင်းမှ ဓားမြှောင်ရာတွင် သွေးအနည်းငယ်ထွက်နေသည်မှ လွဲ၍
သူမထံတွင် ဘာမှ ကြီးကြီးမားမား ထိခိုက်မရှိသောကြောင့် သူက သူမနှင့် ပြိုင်ဆိုင်ရန်
စိတ်ဝင်စားခြင်း မရှိတော့ဘဲ သူမကို လုံးဝမနှောင့်ယှက်တော့ပေ။
သူက မုတ်ဆိတ်နှင့်လူ ဆီသို့ ပြန်သွားလိုက်ပြီး ဒေါသတကြီးဖြင့်
နှစ်ကြိမ်လောက် ပြင်းပြင်းထန်ထန် ကန်ကျောက်လိုက်သည်။ ထို့နောက်
ထိုလူက မုတ်ဆိတ်နှင့်လူကို ဆွဲထူလိုက်ပြီး ကျွော့ချင်းကို ထပ်မံမကြည့်ဘဲ
လမ်းကြားမှ ထွက်သွားသည်။
ဒီလူက တကယ်ကို စိတ်ဝင်စားဖို့ကောင်းတယ်။
ကျွော့ချင်းက
သူမလက်တစ်ဖက်ကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်ပြီး မည်းနက်နေသည့် ဆေးလုံးက သူမလက်ဖဝါးပေါ်တွင်
ရှိနေဆဲဖြစ်သည်။
ဆေးလုံးကို
သူမ လက်လွှဲယူပြီးတာနဲ့ တခြားလက်တစ်ဖက်ထဲကို ပြောင်းထားပြီးသားလေ။
ကျွော့ချင်းက ဆေးလုံးကို သူမ၏ခါးပတ်ကြိုးပြားပေါ်မှ
လျှို့ဝှက်အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် သူမက ထိုလူ၏ ယိမ်းနွဲ့နေသော နောက်ကျောကို
လှမ်းကြည့်နေရင်း "ဟေး ရှင့်နာမည် ဘယ်လိုခေါ်လဲ?"
"ချမ်ကျင်း--(ချမ်မျိုးရိုးနဲ့ ဆေးဘက်ဝင်သစ်ပင်က ကျင်းပါ)"
လမ်းကြားထဲမှ ကွေ့ထွက်ရန် ပြန်နေသည့် ထိုလူက
အဝေးမှ ပြန်အော်ပြောလိုက်သည်။
"ချမ်ကျင်း?!(ပိုက်ဆံရဲ့ချန်နဲ့ တွယ်ကပ်တယ်က ကျင်းပါ)
ကျွော့ချင်းက
အံ့အားသင့်သွားပြီး သူမ၏ခေါင်းပေါ်တွင် အနက်ရောင်လိုင်းများ ဖုံးအုပ်သွားတော့သည်။
သူက ငွေကို အဲ့လောက်တောင် ချစ်တာလား...?
သူက အခုန ငွေအကြောင်း ခနခန ပြောနေခြင်းကို
သတိရကာ ကျွော့ချင်းကို သူ့မိဘများကို ချီးကျူးမိသွားသည်။
သူ့မိဘတွေက
အရမ်းအရမ်း အမြော်အမြင် ရှိလွန်းတယ်။
ကျွော့ချင်းက ထောင့်တစ်ထောင့်တွင် အချိန်အတော်ကြာ ထိုင်နေပြီးနောက်
နောက်ဆုံးတွင် တည်ငြိမ်မှု ပြန်ရလာခဲ့သည်။ ကျွော့ချင်းတစ်ယောက် ခါးခါးသီးသီး ပြုံးနေခဲ့ပြီး သူမ ကံမကောင်းလွန်းလှသည်ကို
တွေးနေမိသည်။ သို့သော်လည်း အနှစ်နှစ်ဆယ်ကျော်နေထိုင်ပြီးနောက်တွင်
ဤနှစ်ရက်က သူမအတွက် စိတ်လှုပ်ရှားစရာအကောင်းဆုံး ဖြစ်သည်။
ကျွော့ချင်းက သူမ၏ခါးကို ကိုင်ထားရင်း လမ်းကြားဆီသို့
ခြေလှမ်းတစ်လှမ်းချင်း ရွေ့လာခဲ့သည်။ ရုတ်တရက်ပင် အနက်ရောင် ရထားလုံးတစ်စီး
လမ်းကျဉ်းလေးထဲတွင် ပေါ်လာပြီး ရထားလုံး၏ကျယ်ပြန့်သော ကိုယ်ထည်ကြီးက လမ်းကို
ပိတ်ဆို့လုမတတ် ဖြစ်နေလေသည်။ ကျစ်လျစ်ပြေပြစ်သော ရထားလုံး၏ခေါင်မိုးနှင့် နက်မှောင်ပြီး
အရပ်ရှည်သော မြင်းများက ဤရထားလုံး၏တန်ဖိုးကို ပြသနေသည်။
ကျွော့ချင်း လှည့်ကြည့်လိုက်ချိန်တွင် ရထားထိန်း မရှိသလို အခြားမည်သူကိုမျှလည်း
မတွေ့ရပေ။ မည်သို့ပင်ဖြစ်စေ ထိုရထားလုံးက သူမ၏လမ်းပိတ်ကို ပိတ်ဆို့ထားပြီး သူမ ဆက်လျှောက်ရန်
မဖြစ်နိုင်တော့ပေ။ သူမ၏နောက်ကျောကလည်း ဆိုးဆိုးရွားရွား နာကျင်လာပြန်သည်။
ဘာမှ မဖြစ်ဘူး။
ခနနေရင် ပိုကောင်းလာမှာပါလေ။ ဆက်လျောက်မယ်။
ချက်ချင်းဆိုသလိုပင် ကျွော့ချင်းက သူမ၏စကတ်ရှည်ကို သူမ၏ခါးတွင်
ချည်လိုက်ပြီး ရထားလုံး၏ဘောင်ကို လက်တစ်ဖက်ဖြင့် ဆွဲကိုင်ကာ ရထားခုံကို သူမ၏အခြားလက်တစ်ဖက်ဖြင့်
ထောက်လိုက်သည်။ သူမ၏ခြေထောက်ကို အားယူပြီးနောက်တွင် ကျွော့ချင်းက နောက်ဆုံး အပေါ်သို့
မြှောက်တက်သွားခဲ့သည်။ ကျွော့ချင်းတစ်ယောက် ရထားခုံပေါ်သို့ ခက်ခက်ခဲခဲ တက်နိုင်သွားချိန်တွင်
ရထားလုံး၏ကန့်လန့်ကာက ရုတ်တရတ် ပွင့်သွားပြီး ပြုံးနေသည့်မျက်လုံးတစ်စုံကို သူမ ရင်ဆိုင်လိုက်ရသည်။
ရထားလုံးပေါ်မှာ တစ်ယောက်ယောက် ရှိနေတာလား?
ဤလူ၏အသွင်အပြင်ကို
ရှင်းရှင်းလင်းလင်း မြင်လိုက်ရချိန်တွင် ကျွော့ချင်း စိတ်မကောင်းဖြစ်သွားရသည်။ မူလကတည်းက
သူမ မကြိုက်ခဲ့သည့် သွယ်လျသော မျက်လုံးတစ်စုံက အပြုံးအရိပ်အယောင်များဖြင့်
တောက်ပနေပြီး သူ၏ နှုတ်ခမ်းထောင့်များက ပို၍ပင် စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းနေတော့သည်။
သူမ ဖယ်ရှားပစ်ရန် စိတ်အားထက်သန်စွာ ကြိုးစားခဲ့သော လို့ရှီးယန်က
ယခုအခိုက်အတန့်တွင် ငြိမ်သက်နေပြီး သူမကို အေးအေးဆေးဆေး ကြည့်နေလေသည်။
အခြားတစ်ဖက်တွင်တော့ သူမက စက်ဝိုင်းကြီးတစ်ခုထဲတွင် ပြေးလွှားနေခဲ့ပြီး
သနားစရာကောင်းလောက်အောင် ဖြစ်နေခဲ့သည်။ ယခုအခါတွင် သူမက သူမကိုယ်တိုင် ထောင်ချောက်ထဲသို့
ပြေးဝင်လာခဲ့မိပြီ ဖြစ်သည်။
"တိုက်ဆိုင်လိုက်တာ၊
ကိုယ်တို့ ပြန်တွေ့ကြပြီပေါ့"
ကြည်လင်ပြတ်သားသော
ယောက်ျားသံက ခပ်ပါးပါးပြုံးနေသော အရိပ်အမြွက်ကိုတောင် ကြားယောင်လာစေသည်။
တိုက်ဆိုင်တာတဲ့လား ~~
ကျွော့ချင်းက မျက်ရည်မကျဘဲ ငိုချင်နေခဲ့သည်။
ငါ ဒီလို မကစားချင်ဘူးလို့...
✍️✍️✍️