Chapter 18
Viewers 135

အခန်း ၁၈ မြေခွေး၀န်ကြီးချုပ်

  ရထားလုံး၏တံခါးဘေးတွင် အေးခဲနေသည့် ကျွော့ချင်းကတော့ ​​အကျပ်ရိုက်နေခဲ့သည်။ သူမက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငုံ့လိုက်ပြီးမှ သူမခါးတွင် ချည်ထားသည့် အစိမ်းရောင်ဖျော့ဖျော့ စကတ်ကို ပြန်သတိရမိသွားခဲ့သည်။ ကျွော့ချင်း၏မျက်လုံးများက တောက်ပလာပြီး သူမကိုယ်သူမ တိတ်တိတ်လေး အားပေးနေခဲ့သည်။

စိတ်အေးအေးထား၊ သူ သတိမထားမိလောက်ပါဘူး။

  ရထားလုံးအပေါ်ရှိ လို့ရှီးယန်၏သွယ်လျသော မျက်လုံးများကို မော့ကြည့်ရင်း ကျွော့ချင်းက သူမဘာသာ ထပ်တွေးနေမိပြန်သည်။

အဲ့တာကို သူ သတိမထားမိဘူးပြောရင် သရဲပဲ ယုံလိုက်မယ်။

သူမ သူမကိုယ်သူမ ပြန်လှည့်စားနေမိမှန်း သိနေသော်လည်း ကျွော့ချင်းက ချောင်းအနည်းငယ်ဟန့်လိုက်ကာ သူမ၏ စကတ်ကို ဆွဲချရင်း နောက်သို့ ဆုတ်သွားလိုက်ပြီး သူမတက်နိုင်သလောက် အနူးညံအပျော့ဆုံးအသံဖြင့် "တောင်းပန်ပါတယ် ကျွန်မ... ရထားလုံးမှားသွားလို့ပါ"

  လို့ရှီးယန်က သူ့မျက်ခုံးများကို အနည်းငယ် ပင့်တင်လိုက်ပြီး သူ၏ ရှင်းလင်းသော အသံတိုးတိုးက အပြုံးရိပ်များဖြင့် ပြည့်နှက်နေကာ " ငါလည်း မင်း ဖြတ်သွားမိတာလို့ ထင်ပါတယ်~"

  ကျွော့ချင်းရဲ့မျက်နှာက တင်းမာနေပြီး လို့ရှီးယန်ကို စူးစူးရဲရဲ စိုက်ကြည့်နေလေသည်။

  သူမက သူမ၏ခေါင်းကို မော့လိုက်သောကြောင့် သူမလည်ပင်းတွင် အနီရောင်တောက်တောက် စွန်းထင်းနေသော သွေးကွက်များ အထင်အရှား ထွက်ပေါ်လာသည်။ လို့ရှီးယန်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားကာ သူ့မျက်နှာက အနည်းငယ် ပြောင်းလဲသွားပြီး "မင်း ဒဏ်ရာ ရလာတာလား?"

 ကျွော့ချင်းက မနာကျင်တော့သည့် သူမ၏လည်ပင်းကို ညင်သာစွာ ပွတ်သပ်ပြီးနောက် သွေးများကြောင့် အေးခဲလုနီးပါး တောင့်တင်းသွားကာ  အမှတ်တမဲ့ ပြန်ဖြေလိုက်သည်။

"ရပါတယ်၊ အရေပြားကို ချစ်မိရုံပါပဲ"

ယခု သူမအတွက် အနာကျင်ဆုံးက ခါးဖြစ်သည်။ မျှော်လင့်ထားသည့်အတိုင်း ထိုကဲ့သို့သော ရက်စက်ကြမ်းကြုတ်မှုအပြည့်နှင့် တိုက်ခိုက်မှုများက ကုယွင်ကဲ့သို့သော မျိုးရိုးဗီဇပြောင်းလဲထားသည့် အမျိုးသမီးများမှလွဲ၍ တခြားအမျိုးသမီးများအတွက် အမှန်တကယ် သင့်တော်မှု မရှိပေ။

  ကျွော့ချင်းက ကုယွင်ကို တိတ်တိတ်လေး ကျိန်ဆဲနေခဲ့ပြီး ထိုအချိန်တွင် တစ်စုံတစ်ယောက်က သူမ၏လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်သည်ကို သူမ ခံစားလိုက်ရသည်။ သူမ သတိဝင်လာသည့်အချိန်တွင် လို့ရှီးယန်က သူမကို ရထားလုံး၏နူးညံ့ပျော့ပျောင်းသော ညောင်စောင်းပေါ်သို့ ဆွဲခေါ်သွားခဲ့ပြီ ဖြစ်သည်။ သူမ၏လည်ပင်းအနောက်ဘက်တွင် သွေးအမြောက်အများ ရှိနေသည်ကို တွေ့လိုက်ရသောကြောင့် လို့ရှီးယန်၏နှလုံးသားက တင်းမာလာခဲ့သည်။

  သူမ၏လက်ကောက်ဝတ်က အနည်းငယ် နာကျင်လာသဖြင့် ကျွော့ချင်းက လို့ရှီးယန်ကို မော့ကြည့်လိုက်ရာ သူမ၏လည်ပင်းနောက်ဘက်သို့ နက်နက်နဲနဲ စိုက်ကြည့်နေသော မျက်လုံးများကို တွေ့လိုက်ရသည်။ မုတ်ဆိတ်မွေးနှင့်လူက သူမ တစ်ကိုယ်လုံးကို သွေးများဖြန်းပေးလိုက်သည်ကို သတိရမိသွားသောကြောင့် ကျွော့ချင်းက ခပ်မြန်မြန် ရှင်းပြလိုက်သည်။

 "ဒါက ကျွန်မရဲ့သွေး မဟုတ်ဘူး..!"

  လို့ရှီးယန်က သူမ၏ လည်ပင်းကို ညင်သာစွာ ပင့်တင်လိုက်ရာ သူမ၏ သွေးများသာမက ဒဏ်ရာကိုပါ မြင်တွေ့သွားခဲ့သည်။

 ကျွော့ချင်းက သူမ၏လည်ပင်း အနည်းငယ် ယားယံသလို ခံစားလိုက်ရသည်။

  "မလှုပ်နဲ့"

ကျွော့ချင်း၏ ပခုံးများက ကျုံဝင်သွားပြီး လို့ရှီးယန်က ပျော့ပျောင်းသော ညောင်စောင်းပေါ်တွင် ပြန်ထိုင်လိုက်သည်။ သူ့၏ ကြည်လင်သောအသံက ယခင်ကကဲ့သို့ နူးညံ့သိမ်မွေ့နေဆဲဖြစ်သော်လည်း အနည်းငယ် ပိုလေးနက်လာပုံပေါ်သည်။ လို့ရှီးယန်က ရထားလုံးပေါ်မှ အဖြူရောင်လက်ကိုင်ပုဝါတစ်ထည်ကို ရှာတွေ့သွားပြီး သူက သူမ၏မေးစေ့ကို လက်တစ်ဖက်ဖြင့် ပင့်တင်ကာ အခြားလက်တစ်ဖက်ဖြင့် ပိုးလက်ကိုင်ပုဝါကို သူမလည်ပင်းတွင် ညင်သာစွာ ပတ်ပေးလိုက်သည်။ သူ့လက်က အနည်းငယ် အေးစက်နေသော်လည်း နှစ်ယောက်သားနီးကပ်လွန်းနေသဖြင့် သူ့ခန္ဓာကိုယ်ပေါ်မှ သင်းပျံ့နေသော စန္ဒကူးနံ့သာရနံ့ကိုပင် ကျွော့ချင်း ခံစားမိနေကာ သာမန်အမျိုးသားသုံး ရေမွှေးများထက် အနံ့ပိုကောင်းသည်ဟု တွေးနေမိသည်။ လို့ရှီးယန်၏ ပြီးပြည့်စုံလုနီးပါးရှိသော ပုံရိပ်က သူမ၏မျက်လုံးများရှေ့တွင် ပေါ်လွင်နေပြီး ကျွော့ချင်းက အနည်းငယ် အသက်ရှုရခက်သလို ခံစားလလာရသည်။ သို့သော်လည်း သူမက အလှတရားကြောင့် လှည့်စားခံနေရသည်ကိုတော့ ဘယ်တော့မှ ဝန်မခံချင်ပေ။ ထိုအရာက တင်းတင်းကြပ်ကြပ် ပတ်ပေးနေသည့် ပိုးလက်ကိုင်ပုဝါကြောင့်ဟုသာ သူမ ပြတ်ပြတ်သားသား ကောက်ချက်ချလိုက်သည်။

ကျွော့ချင်း၏ခန္ဓာကိုယ်က တောင့်တင်းလာပြီးရင်း တောင့်တင်းလာသလို ခံစားနေရချိန်တွင် လို့ရှီးယန်၏နူတ်ခမ်းများက အနည်းငယ် ပျော့ပျောင်းလာပြီး ပင့်တက်သွားခဲ့သည်။ သူ့၏လှုပ်ရှားမှုများက ပိုနူးညံ့လာပြီး လက်ကိုင်ပဝါကို ချည်ရန် အချိန်အတော်ကြာနေခဲ့သည်။

ကျွော့ချင်းကတော့ တိတ်တိတ်လေး ကျိန်ဆဲနေပြန်သည်။

 သူ ဒါကို  ရည်ရွယ်ချက်ရှိရှိ လုပ်နေတာ ဖြစ်နိုင်တယ်။ ဒဏ်ရာကို ပတ်တီးစည်းဖို့ အချိန်အဲ့လောက် လိုအပ်လို့လား?!

နောက်ဆုံးတွင် ပတ်တီးစည်းခြင်း ပြီးဆုံးသွားကာ ကျွော့ချင်းက ရှက်ကိုးရှက်ကန်းဖြင့် ပြန်ထကာ မတ်တပ်ထရပ်လိုက်ပြီး "ကျေးဇူးတင်ပါတယ်၊ ကျွန်မ အရင်သွားလိုက်တော့မယ်"

သူမက မီးခိုးရောင် ၀တ်စုံဝတ်ထားတဲ့ လူငယ်တစ်ယောက်ဖြစ်ကြောင်း သူ သိထားရင်တောင်မှ သူက သူမကို တားစရာအကြောင်း မရှိဘူးလေ။

ဒါပေမယ့်......

  "ချင်းဖုန့်၊ မင်း ဒီလိုထွက်သွားတာကို ဧကရာဇ်မင်းမြတ် သိသွားရင် မင်းရဲ့ညီမတွေ ထိခိုက်မှာကို ငါ ကြောက်တယ်၊ ဟောင်ယွဲ့တိုင်းပြည်လည်း အဆုံးသတ်သွားလိမ့်မယ်"

ကျွော့ချင်းတစ်ယောက် ရူးသွပ်လုမတတ်ဖြစ်သွားသည်။ ထို့အပြင် သူမ ဝမ်းနည်းပြီး ဒေါသထွက်နေခဲ့သည်။

အဲဒီရွာသားတွေက လုံးဝကို မယုံကြည်နိုင်ဘူးဆိုတာ သူမ သိတယ်။ သူတို့က တကယ်ပဲ သူမကို သစ္စာဖောက်ခဲ့တယ်။ သူမ သူတို့ကို အရမ်းကာရော ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးဆပ်လိုက်ကြတာပေါ့လေ။

       ကျွော့ချင်းက ဒေါသတကြီး ပြန်လှည့်ကြည့်လာပြီးနောက် အေးစက်စက်ဖြင့် "ရှင် ကျွန်မကို ခြိမ်းခြောက်နေတာလား?"

ငါက ချင်းဖုန့် မဟုတ်ဘူး၊ ဒါကြောင့် ငါ့ မခြိမ်းခြောက်တာက ပိုကောင်းပါတယ်။ ငါ့ကို ခြိမ်းခြောက်နိုင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။

  ရထားလုံး၏နရံကို မှီကာ တင်ပျဉ်ခွေထိုင်နေသော လို့ရှီးယန်က ပေါ့ပေါ့ပါးပါး ပြုံးနေခဲ့ပြီး "ချင်းမိန်းခလေးက ငါ့ကို မှားယွင်းစွပ်စွဲနေတာပါ၊ ငါက လက်တွေ့မကျတဲ့ ခြိမ်းခြောက်မှုတွေကို ဘယ်တော့မှ မလုပ်ဘူး"

ထိုကဲ့သို့ ပေါ့ပေါ့ပါးပါး ပြုမူနေသော လို့ရှီးယန်က အောက်တန်းကျဟန်တူနေသော်လည်း ဆန့်ကျင်ဘက်တွင် သူက ပြေပြစ်ပြီး လွတ်လပ်ပေါ့ပါးနေလေသည်။

  ကံမကောင်းစွာဖြင့် ကျွော့ချင်းအတွက် ထိုအရာကို စိတ်မဝင်စားနိုင်သေးသည်က စိတ်မကောင်းစရာ ဖြစ်သွားခဲ့သည်။

ဒီလူက အရမ်းရန်လိုလွန်းတယ်။ သူက သူမ ပြောသမျှကို မှတ်ထားပြီး အကုန် ပြန်ပြောနေတယ်။

  စိတ်အေးအေးထား! စိတ်ရှည်စမ်း! စိတ်ရှည်စမ်း!

ကျွော့ချင်းက မတည်မငြိမ်ဖြစ်လာနေမည့် သူမ၏ စိတ်ကို တည်ငြိမ်အောင် ထိန်းထားရင်း အသက်ကို ခပ်ပြင်းပြင်းရှူထုတ်လိုက်သည်။ သူမက လို့ရှီးယန်၏ဘေးတွင် ဝင်ထိုင်လိုက်ပြီး ဒေါသတကြီး ပြန်မေးလိုက်သည်။

"ဒါဆိုရင်သခင်ကြီးလို့က ဘာကို ဆိုလိုချင်တာလဲ?"

  သူမက သူမ၏ဒေါသကို ချုပ်တည်းရန် အစွမ်းကုန် ကြိုးစားနေရကြောင်း မြင်လိုက်ရချိန်တွင် လို့ရှီးယန်က တိတ်တိတ်လေး ကြည်နူးနေပြီး "တကယ်တော့ ချင်းသခင်မလေးက အရမ်းကြီး စိတ်ပူနေစရာ မလိုပါဘူး။ မင်းကို ဝန်ကြီးချုပ်ရဲ့ အိမ်တော်မှာ လာနေဖို့ ကိုယ် ဖိတ်ခေါ်ပါတယ်။ ကိုယ်က မင်းကို အရှက်မရစေချင်ပေမယ့် ဧကရာဇ်မင်းမြတ်ရဲ့ ကြင်နာမှုက အရမ်းကြီးမားလွန်းတယ်။ ကိုယ်တို့ လို့မိသားစုက အဲ့တာကို လက်ခံရမှာပါ၊ အခု ချင်းသခင်မလေးက ဒဏ်ရာရ ထားတယ်၊ အဲ့တာကို ကောင်းကောင်းဂရုစိုက်ဖို့ ဝန်ကြီးချုပ်ရဲ့အိမ်တော်ကို လိုက်ခဲ့ရပါမယ်၊ ဒီဝန်ကြီးချုပ်က မင်းရဲ့ညီမတွေနဲ့ တွေ့ဖို့ စီစဉ်ပေးနိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားပေးမှာပါ၊ အဆင်​​ပြေတယ်မလား?"

  ညီမတွေလား? သူမနဲ့ ကုယွင်က အတူတူ မူးလဲသွားတာဆိုတော့ ချင်းညီအစ်မတွေထဲက တစ်ယောက်က ကုယွင်ဖြစ်နိုင်မလား? အဲ့တာက ဖြစ်နိုင်ချေ မများရင်တောင် သူမက သူမတို့ကို တွေ့ချင်နေတုန်းပဲ၊ သူမက အခွင့်အရေးကို လက်လွတ်ခံတက်တဲ့သူတော့ မဟုတ်ဘူးနော်။

 သူမက လို့ရှီးယန်ကို တိုက်ရိုက် မော့ကြည့်လိုက်ပြီး လေးနက်သောအသံဖြင့် ပြန်မေးလိုက်သည်။

"သူတို့နဲ့ တွေ့ခွင့်ပေးမှာလား?"

  နေက်ဆုံးတော့ငါးက ငါးမျှားချိတ်ကို လာချိတ်ပြီပေါ့။

  လို့ရှီးယန်က သူ့၏မျက်ခုံးများကို နူးညံ့သိမ်မွေ့စွာ ပင့်တင်လိုက်ပြီး အလွန်လေးနက်သော လေသံဖြင့် ပြန်ပြောလာခဲ့သည်။

"ဒီဝန်ကြီးချုပ်က အကောင်းဆုံး ကြိုးစားပေးမှာပါ"

  ကျွော့ချင်းက သူမ၏မျက်လုံးများကို မှိတ်ထားပြီး ထိုကဲ့သို့ မပြည့်စုံသော အဖြေကို သူမ မည်သို့ ယုံရမည်ကို တွေးနေခဲ့သည်။

"ကျွန်မ သိချင်တာက တွေ့နိုင်မလား? မတွေ့နိုင်ဘူးလား?"

    လို့ရှီးယန်၏မျက်လုံးထဲမှာ စိတ်ဝင်စားပုံပေါ်နေသည့် အလင်းတန်းမျာ တောက်ပလာပြန်သည်။

ဒီကောင်မလေးက မတုံးဘူးပဲ။

 လို့ရှီးယန်က ဖြည်းညင်းစွာ ခေါင်းညိတ်ပြလိုက်ပြီး အခိုင်အမာ ပြန်ဖြေလိုက်သည်။

“တွေ့နိုင်တယ်"

          အဲဒါက မကြာခင်ဖြစ်နိုင်သလို အကြာကြီးနေပြီးမှလည်း ဖြစ်နိုင်တယ်၊ ဘာပဲဖြစ်ဖြစ် အဲ့တာက နောက်မှဖြစ်လာမယ့် ကိစ္စတွေပဲ။

  ခဏလောက်စဉ်းစားပြီးနောက် ကျွော့ချင်းက "ဝန်ကြီးချုပ်အိမ်တော်ကြီးကို ရောက်တဲ့အခါ ရှင့်ရဲ့ကိုယ်လုပ်တော် လုပ်ရမှာလား?"

  လို့ရှီးယန်က စိတ်ရင်းမှန်ဖြင့် ပြုံးနေခဲ့ပြီး "ဟုတ်တယ်၊ မင်းက ထူးထူးခြားခြား ဧည့်သည်တစ်ယောက်ပါ"

ဧကရာဇ်က သူ့ကို ဆုချပြီးပြီဆိုတော့ သူ့ဘက်ကလည်း သူမကို သူရဲ့ကိုယ်လုပ်တော်အဖြစ် အတည်ပြုပြီးသားလေ။ သူ့မှာ ဘာမှ ထပ်လုပ်ပေးနိုင်စရာ မရှိတော့ပါဘူး။

  "ဝန်ကြီးချုပ်အိမ်တော်တော်ကို လွတ်လွတ်လပ်လပ် ဝင်ထွက်လို့ရမှာလား?"

  လို့ရှီးယန်က အရာအားလုံးကို လျစ်လျူရှုထားကာ သဘောထားကြီးစွာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ပြန်ဖြေလိုက်ပြန်သည်။

"ရတယ်"

သူရဲ့ ကြီးကြပ်မှုအောက်ကနေ လွတ်လွတ်လပ်လပ် ဝင်ထွက်လို့ရနိုင်ပါတယ်။

  ကျွော့ချင်းက တက်ကြွစွာဖြင့် "ကတိနော်!"

  သူမမှာ ရွေးချယ်စရာ လုံးဝ မရှိတော့ဘူးလေ။ အခု သူမမှာ ဒဏ်ရာတွေ ပြည့်နှက်နေပြီး လို့ရှီးယန်ကလည်း သူမကို ချောင်ပိတ်ဖမ်းထားပြီးပြီ၊ ဒါက သူမကို ဖမ်းဆီးဖို့ဆိုတာ ပြောစရာမလိုဘဲ သိနိုင်တယ်။ သူ သူမကို ပြန်လွှတ်ပေးဖို့က လုံးဝ မဖြစ်နိုင်တော့ဘူး။ သူ သူမကို ပြန်လွှတ်ပေးလိုက်ရင်တောင် သူမ အေးအေးဆေးဆေး နေနိုင်မှာ မဟုတ်ဘဲ စားဝတ်နေရေးအတွက် ပိုက်ဆံရှာရဦးမယ်။ “မျက်မှောက်ရေးရာကို သိတဲ့သူကသာ သူရဲကောင်း”ဆိုတဲ့ စကားအတိုင်း သူမ ခဏတာ စွန့်စားတာလိုက်တာက ပိုကောင်းလိမ့်မယ်။

  လို့ရှီးယန်၏ထပ်လောင်းရှင်းပြချက်ကို ကြားပြီးနောက် ကျွော့ချင်းက သူမ အလွန်ပျော်ရွှင်နေမိသည်လားဟု တွေးမိသော်လည်း ယခုအချိန်တွင် သူမ ဘာမှ မပြောနိုင်သေးပေ။

  "အိမ်တော်ကို ပြန်မယ်" စူးရှသော အသံက သခင်၏ခိုင်မာသော စိတ်နေသဘောထားကို ပြသနေသည်။

  "ဟုတ်ကဲ့"

  ရထားလုံး၏အပြင်မှ ထွက်လာသည့်အသံကို ကြားလိုက်ရချိန်တွင် ကျွော့ချင်း အေးခဲသွားပြီး ကန့်လန့်ကာကို ညင်သာစွာ ဖွင့်ကြည့်လိုက်သည်။ ရထားလုံးအပြင်ဘက်တွင် မော့ပိုင်က တည်တည်ငြိမ်ငြိမ် ရပ်နေခဲ့ပြီး ကျွော့ချင်းကို မြင်လိုက်သည့်အချိန်တွင် သူ့မျက်နှာက ဘာမှ မထူးခြားသလို အမူအရာမျိုး ရှိနေသော်လည်း သူ့မျက်လုံးများထဲတွင် စူးရှသည့် လှောင်ပြောင်ရိပ်များနှင့် ရယ်မြူးရိပ်များ ရှိနေခဲ့သည်။

  ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့ အရာတွေ အားလုံးက လို့ရှီးယန်ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေတာဖြစ်နိုင်လား...

 အေးစက်မှုတစ်ခုက သူမကျောရိုးအထိ ပြေးဆင်းသွားပြီး ကျွော့ချင်းက သူမ လှည့်စားခံရကြောင်း နားလည်လိုက်သည်။

  သူမ ကျားပါးစပ်ကနေ ထွက်လာပြီး မြေခွေးဂူထဲကို ထပ်ရောက်လာခဲ့တာ မဟုတ်ဘူးလား...?????

✍️✍️✍️