အခန်း
၁၉ ဝန်ကြီးချုပ်အိမ်တော်သို့ ပထမဆုံးအကြိမ် ဝင်ရောက်ခြင်း
လို့ရှီးယန်နှင့် ကျွော့ချင်းတို့က ရထားလုံး၏တစ်ဖက်စီတွင်
ထိုင်နေရင်း လိုက်ပါသွားကြသည်။ မည်သို့ပင်ဆိုစေကာမူ သူမ ဝန်ကြီးချုပ်အိမ်တော်သို့
သွားရမည်မှာ သေချာနေပြီဖြစ်ကြောင့် ကျွော့ချင်းက ပြဿနာရှာတော့မည် မဟုတ်ပေ။ သူမက
အမြဲတမ်း လိုက်လျောညီထွေ နေတက်သူဖြစ်ပြီး ယခုအချိန်တွင် အိမ်ခြေယာမဲ့ဖြစ်နေသည့်
သူမအတွက် နေရာတိုင်းက အိမ်ဖြစ်နိုင်သည်ဟု သူမ တွေးနေခဲ့သည်။ သို့သော်လည်း
ဟိုဘက်ဒီဘက် ယိမ်းနေသော ရထားလုံးကြောင့် ကျွော့ချင်းက အနည်းငယ် မူးဝေနေခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ရထားလုံးက ချောချောမွေ့မွေ့ ပြေးသွားနေသေးသည်။ ကျွော့ချင်းက
သူမ၏ ခေါင်းကို ပြန်ကိုင်ထားရင်း လို့ရှီးယန်ကို
ဘေးတိုက် တစ်ချက်ကြည့်လိုက်သည်။ သူက ခေါင်းကို အနည်းငယ်ငုံ့ကာ စာအုပ်တစ်အုပ်ကို
ဖတ်နေပြီး သူက သူ၏ စိတ်ခံစားချက်များကို ဖော်ပြသည့် အလေ့အထ မရှိပုံရသော်လည်း
သူ့နှုတ်ခမ်းထောင့်များကတော့ အမြဲတမ်း အနည်းငယ် ကြွတက်နေပုံပေါ်သည်။
ရိုးရိုးသားသားပြောရလျှင် သူ၏ထိုပုံစံက အလွန်ကြည့်ကောင်းနေသော်လည်း ကျွော့ချင်းက ထိုအရာကို
စစ်မှန်သည့်အပြုံးတစ်ခုဟု မသတ်မှတ်နိုင်ခဲ့ပေ။
အဲ့ဒိ
ပရော်ဖက်ရှင်နယ် အပြုံးက ယဥ်ကျေးသိမ်မွေ့ပေနေမယ့် အလှမ်းဝေးကွာမှုကို ခံစားရစေတယ်။
ကျွော့ချင်းက သူမ၏မျက်နှာကို အနည်းငယ် ပြန်ငုံ့လိုက်ပြီး
သူမ၏ မျက်ခွံများကို မှိတ်ချလိုက်သည်။
ကျွော့ချင်း၏ အသက်ရှုသံများ တဖြည်းဖြည်း တည်ငြိမ်လာချိန်တွင်
လို့ရှီးယန်က စာအုပ်ကို ညင်သာစွာ ပိတ်လိုက်သည်။
ဒီထူးဆန်းတဲ့
အမျိုးသမီးက သူ့ကို စိုက်ကြည့်နေခဲ့တယ်။ သူ့မျက်လုံးတွေက စာအုပ်ပေါ်မှာ ရှိနေခဲ့ပေမယ့်
သူမရဲ့အကြည့်အောက်တွင် စာ တစ်လုံးစ နှစ်လုံးစပဲ ဖတ်နိုင်ပြီး စိတ်မသက်မသာ ဖြစ်နေခဲ့ရတယ်။
ပိုပြီး ထူးဆန်းတာက အခု သူက သူမကို အဲ့ပုံစံအတိုင်း ပြန်စိုက်ကြည့်နေမိတာပဲ။
နောက်ဆုံးတွင်
ရထားလုံးက ရပ်သွားပြီး အပြင်ဘက်မှ မော့ပိုင်၏အသံ
ထွက်ပေါ်လာသောကြောင့် လို့ရှီးယန်က သတိပြန်ဝင်လာခဲ့သည်။
"သခင်ကြီး၊ အိမ်တော်ကို ရောက်ပါပြီ"
မော့ပိုင်၏တိုးတိမ်သော စကားသံက အနားယူရန် မျက်လုံးများမှိတ်ထားသည့်
ကျွော့ချင်းကို နိုးထစေခဲ့သည်။ ကျွော့ချင်းက ကန့်လန့်ကာကို ဖွင့်လိုက်ပြီး ရထားလုံးပေါ်မှ
ပထမဆုံးခုန်ဆင်းလိုက်ကာ အိမ်တော်သခင်ဖြစ်သော လို့ရှီးယန်ကို လုံးဝလျစ်လျူရှုထားခဲ့သည်။
မြေပြင်တွင် ခိုင်မြဲစွာ မတ်တပ်ရပ်ပြီးနောက် ကျွော့ချင်းက
သူမရှေ့မှ အမြင့်ငါးမီတာ၊ ခြောက်မီတာခန့်(၁၅ပေ-၁၈ပေ)နှင့် ခုနစ်မီတာ၊ ရှစ်မီတာလောက်ကျယ်သော(၂၁ပေ-၂၄ပေ)
ကြေးတံခါးကြီးကြောင့် ထိတ်လန့်သွားခဲ့သည်။ ကြေးတံခါးကြီး၏အလယ်ဗဟိုတွင်
ချိတ်ဆွဲထားသော ရွှေကမ္ပည်းပြားပေါ်တွင် ရှန်းဖူ(ဝန်ကြီးချူပ်အိမ်တော်) ဟူသော ဖောင်ကြွစကားလုံးနှစ်လုံးကို
နှစ်မြှုပ်ထားသည်။ ကျွော့ချင်း စိတ်ကူးထားသလို တံခါးတစ်ဖက်တစ်ချက်စီတွင်
ကျောက်ခြင်္သေ့ရုပ်များ မရှိသလို ခမ်းနားထည်ဝါသော အစောင့်များလည်း မရှိနေခဲ့ပေ။ အထဲတစ်နေရာမှ
ကျောက်တုံးတုများနှင့် တောင်တန်းများပါဝင်သော
ဥယာဥ်တစ်ခုက အမြင်အာရုံကို ပိတ်ဆို့နိုင်ရုံသာမက ပိုင်ရှင်၏ကြီးကျယ်ခမ်းနားမှုကို
မီးမောင်းထိုးပြနေသည်။ တံခါးက ဤကဲ့သို့ပွင့်နေသော်လည်း ဘုန်းအာနုဘော်၏
မှုန်မှိုင်းသော ရောင်ဝါနှင့် သြဇာကြီးမားသော အရိပ်အာဝါသက လူအများကို မရှင်းပြနိုင်လောက်အောင်
အံ့သြသွားစေနိုင်သည်။ လူတိုင်းက ဖော်ပြ၍မရနိုင်သော ရိုသေမှုကို ခံစားလာရပြီး
အလျင်စလို မဝင်လာဝံ့ကြပေ။
ကျွော့ချင်း ဝင်ပေါက်တံခါး၏အတွင်းဘက်သို့ လှမ်းဝင်လိုက်သည်နှင့်
အနက်ရောင်အဝတ်အစားကို ဝတ်ဆင်ထားသည့် ကျင်းစက သူတို့ဆီသို့ ရောက်လာခဲ့သည်။ သူက ကျွော့ချင်းကို
တစ်ချက်ကြည့်လိုက်ပြီး သူ့မျက်လုံးထဲတွင် အံ့အားသင့်သွားသည့် အရိပ်အယောင်များ
ပေါ်လာခဲ့သော်လည်း ချက်ချင်း ပြန်ပျောက်သွားခဲ့သည်။ သူက ကျွော့ချင်း၏အနောက်တွင် ရှိနေသည့်
လို့ရှီးယန်ကို အနည်းငယ် ဦးညွှတ်အရိုအသေပေးလိုက်ပြီး နှုတ်ဆက်လိုက်သည်။
"သခင်ကြီး"
ထိုအချိန်မှသာလျှင် ကျွော့ချင်းက လို့ရှီးယန်ကို ပြန်သတိရသွားခဲ့သည်။
သူမက
အိမ်ရှင်အခေါ်ကို စောင့်သင့်ပြီး သူမဘာသာ အရင်ဝင်မလာသင့်ဘူး။
ထိုအတွေးကြောင့်
ကျွော့ချင်းက ခြေတစ်လှမ်းလောက် နောက်ပြန်ဆုတ်လိုက်သည်။ ကျွော့ချင်းက သူမ ယဉ်ကျေးသင့်သည်ဟု
တွေးကာ လို့ရှီးယန် အရင်ဝင်နိုင်ရန် စောင့်ဆိုင်းပေးလိုက်သည်။ .
"သခင်..." ကျင်းစက တခြားအရာတစ်ခုခုကို ပြောရန်ပြင်လိုက်သော်လည်း အဝေးမှ
ချိုသာသော အမျိုးသမီးအသံတစ်ခု ရှင်းလင်းပြတ်သားစွာ ပေါ်လာခဲ့သည်။
"အစ်ကို!"
ပန်းရောင်စကတ်လေးဝတ်ဆင်ထားသည့်
ကောင်မလေးက ကျောက်ဆောင်များ၏ နောက်ကွယ်မှ လိပ်ပြာလေးကဲ့သို့ ပြေးထွက်လာကာ တံခါးဝဆီသို့
တန်းတန်းမတ်မတ် ပြေးလာနေသည်။ ကျွော့ချင်းက ထိုမိန်းခလေး သူမ၏စကတ်ကို ပြန်နင်းမိပြီး
မြေပြင်ပေါ်သို့ လဲကျသွားမည်ကို စိုးရိမ်နေခဲ့သော်လည်း သူမက ဘာမှ မဖြစ်ဘဲ လို့ရှီးယန်ထံသို့
လုံခြုံစွာ ပြေးလာနိုင်ခဲ့သည်။
လို့ရှီးယန်က ထိုအမျိုးသမီးလေးကို နူးညံ့စွာ ကြည့်နေရင်း တည်တည်ငြိမ်ငြိမ်
ပြုံးနေကာ "မင်း ဘာလို့ ဒီလောက် အလျင်လိုနေတာလဲ?"
"အစ်ကို့ကို စောင့်နေတာ" အမျိုးသမီးလေးက သူမ၏ခေါင်းကို မော့ထားပြီး သူမ၏နှုတ်ခမ်းနီရဲရဲလေးကို
အနည်းငယ် စူထားကာ သူမ၏ခေါင်းမာပုံပေါ်သည့် မျက်လုံးလေးများထဲတွင် မကျေနပ်မှုများ ပြည့်နှက်နေလေသည်။
ခဏအကြာတွင် သူမက ဒေါသများ ရောထွေးနေသည့် အသံဖြင့် ဆူပူလိုက်သည်။
"အစ်ကိုကို့
ကြိုဆိုပါတယ်၊ မင်းသမီးချောင်ယွင်က အစ်ကို့ကို စောင့်နေတာကြာပြီ။ မေမေလေး(ဒုတိယအမေ)က
အစ်ကို့ကို တံခါးဝမှာ စောင့်ဖို့ ကျွန်မကို တိုက်တွန်းခဲ့တယ်။ အစ်ကို ပြန်လာတာနဲ့ သူ(မ)တို့
ဧည့်ခံဖို့ ပင်မခန်းမဆောင်ကို လာခိုင်းတယ် ~ ဟင့်၊ အရိုးမရှိတဲ့သူ!"
မင်းသမီးတစ်ယောက်က ဘယ်လောက်ကောင်းနေလို့လဲ?! လို့မိသားစုက တစ်စုံတစ်ယောက်ကို ဒီလိုနှိမ့်ချတဲ့ပုံစံနဲ့
အစေခံဖို့ ဘယ်တုန်းက ကြုံခဲ့ဖူးလို့လဲ?! ရှက်စရာကောင်းလိုက်တာ!
လို့ရှီးယန်က လို့ရှီးဝူ၏အကြည့်များကို မြင်လိုက်သည်နှင့် သူမ ဘာဖြစ်နေသည်ကို သိနိုင်သည်။ သူက သူမပခုံးကို
ပုတ်လိုက်ပြီး "မင်း ပါးစပ်ဟလိုက်တာနဲ့ ဘာလဲဆိုတာကို ငါ နားလည်တယ်၊ မင်း သွားအနားယူလို့
ရပြီ"
လို့ရှီးဝူက မကျေမနပ် ပြန်ထွက်ခွာသွားခဲ့သည်။ လို့ရှီးယန်က ကျင်းစကို
လှမ်းကြည့်လိုက်ပြီး "ကျင်းစ၊ ကျိုက်ရှင်းအဆောင်ကို ရှင်းပြီး ချင်းသခင်မလေးဆီမှာ
အစေခံဖို့ သင့်တော်တဲ့ ကောင်မလေးတချို့ကို ရှာပေးလိုက်၊ ပြီးတော့ ချင်းသခင်မလေးရဲ့ဒဏ်ရာတွေကို
ကုသပေးဖို့ သမားတော်ကို ဆင့်ခေါ်လိုက်"
"ဟုတ်ကဲ့" ကျင်းစက အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး သူ့မျက်နှာက
အနည်းငယ် မဲမှောင်သွားခဲ့သည်။
"ကျိုက်ရှင်းအဆောင်?" နောက်သို့ ပြန်လှည့်ကာ ထွက်ခွာနေပြီဖြစ်သော
လို့ရှီးဝူက သူမခြေလှမ်းများကို ရပ်တန့်လိုက်သည်။
အဲဒါက သူမအစ်ကိုရဲ့
လန်ယွဲ့အဆောင်နဲ့ ကပ်လျက်အဆောင်ဖြစ်ပြီး အဲဒီကနေ ကြယ်တွေကို ကြည့်ရင် အရမ်းလှတယ်။ အဲ့ဒါကြောင့်လည်း
ကျိုက်ရှင်းအဆောင်လို့ အမည်ပေးထားခဲ့တာလေ။ ဒါပေမယ့် သူမရ့အစ်ကိုက တိတ်တိတ်ဆိတ်ဆိတ်
နေချင်တာကြောင့် အဲ့အဆောင်က အမြဲတမ်း လစ်လပ်နေတာလေ။ ဘယ်လိုလူကများ ကျိုက်ရှင်းအဆောင်မှာ
နေရမှာလဲ?
(ခူးဆွတ်တယ်က “ကျိုက်”နဲ့ ကြယ်ရဲ့”ရှင်း”ပါတဲ့)
လို့ရှီးဝူက နောက်သို့ ပြန်လှည့်ကြည့်လိုက်ပြီး
အေးအေးဆေးဆေး ရပ်နေသည့် အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရသည်။
လို့ရှီးဝူက
"အစ်ကို၊ သူ(မ)က ဘယ်သူလဲ?"
လို့ရှီးယန်က တည်ငြိမ်စွာ ပြုံးလိုက်ပြီး "ဟောင်ယွဲ့ပြည်ထောင်က
ချင်းသခင်မလေး"
"ချင်းဖုန့်?! သူ(မ)?!" လို့ရှီးဝူက
ဘီလူးတစ်ကောင်ကို တွေ့လိုက်ရသလို ထခုန်လိုက်ပြီး အော်ဟစ်လိုက်သည်။
ဒီအမျိုးသမီးက
ချင်းဖုန့် ဖြစ်နိုင်ပါ့မလား?! သူမက ရှုပ်ယှက်ခတ်နေတဲ့ ဆံပင်တွေကို တစ်စုံတစ်ခုနဲ့
ပေါ့ပေါ့ပါးပါး ချည်နှောင်ထားပြီး သူမရဲ့ ညာဖက်ပါးပြင်မှာလည်း ကြောက်စရာကောင်းတဲ့
အမာရွတ်နှစ်ခု ရှိနေသေးတယ်။ ပြီးတော့ သူမတို့မိသားစုက အစေခံတွေတောင် မဝတ်ဆင်တဲ့ အစိမ်းရောင်ဝတ်စုံကိုလည်း
၀တ်ဆင်ထားသေးတယ်။
ဒီအမျိုးသမီးက
ချင်းဖုန့် ဖြစ်နိုင်ပါ့မလား? အစ်ကိုက
ငါ့ကို လာနောက်နေတာလား?!
လို့ရှီးဝူက ကျွော့ချင်းကို အထက်အောက်စုံဆန် ကြည့်လိုက်ပြီးမှ
လှောင်ပြောင်သံဖြင့် "ဟောင်ယွဲ့ပြည်ထောင်က ဘာကိုဆိုလိုတာလဲ? သူတို့က
ဒီလောက်ရုပ်ဆိုးတဲ့ သရဲတစ်ကောင်ကို ပို့လိုက်တာလား? ကောလဟာလတွေက တကယ်ကို မယုံနိုင်စရာပဲ?
သူတို့က ချင်းမိသားစုရဲ့ညီအစ်မသုံးယောက်က အရမ်းလှတယ်လို့ ပြောကြတယ်လေ၊ သူတို့အားလုံးက
ချစ်စရာကောင်းပြီး လှပတယ်တဲ့၊ အခု ဘာက ချစ်စရာကောင်းတာလဲ!"
ရုပ်ဆိုးတယ်လား?!
ကျွော့ချင်းက
သူမ၏မနာကျင်တော့သည့် ပါးပြင်ကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ ရိုးသားစွာ ပြောရလျှင်
သူမက ဤမျက်နှာကို ကောင်းကောင်းကြည့်ရန် အခွင့်အရေး မရှိခဲ့သော်လည်း ဤအရာက သူမကို
လှုံ့ဆော်ပေးနိုင်မည်ဟု ထင်နေပါက ဤမိန်းကလေးက နုံအလွန်းသူ ဖြစ်နေလိမ့်မည်။
"ရှီးဝူ၊ မင်းကို ဒီလို စည်းမဲ့ကမ်းမဲ့ဖြစ်နေအောင် ဘယ်သူသင်ပေးတာလဲ?!"
လို့ရှီးယန်က သူ့အသံကို လျှော့ချလိုက်သောကြောင့် လို့ရှီးဝူက
အနည်းငယ် ကြောက်ရွံ့သွားသော်လည်း ဤရုပ်ဆိုးသော မိန်းမက သူမအစ်ကို၏ မိန်းမဖြစ်လာမည်ဟု
တွေးမိသောအခါ သူမ ဒေါသမထွက်ဘဲ မနေနိုင်တော့ပေ။
“ကျွန်မ
ပြောတာက အမှန်ပဲ၊ သူ(မ)က နဂိုကထဲက .. "
"စိတ်အနှောင့်အယှက်ဖြစ်စေမိလို့ တောင်းပန်ပါတယ်"
အေးစက်စက်အသံတစ်ခု တိုးတိုးလေး ထွက်ပေါ်လာပြီး
ကျွော့ချင်းက သူမလက်နှစ်ဖက်ကို သူမ၏ရင်ဘက်ရှေ့မှာ သေသေချာချာ ပိုက်ထားပြီး
စိတ်မရှည်စွာပုံဖြင့် "ရှင်တို့ မောင်နှမတွေ ရှေးဟောင်းနှောင်းဖြစ် ပြောနေတာကို
ကျွန်မ မကန့်ကွက်ပါဘူး၊ ဒါပေမယ့် ရှင် ကျွန်မကို ဧည့်ခန်းထဲကို
အရင်ခေါ်သွားပေးနိုင်မလား? အဲ့တာဆို ကျွန်မ အရမ်းပျော်မိမှာပါ၊ အခု ကျွန်မ အရမ်း အိပ်ငိုက်နေပြီ၊
ကျွန်မရဲ့ရုပ်ရည်နဲ့ ပတ်သက်ပြီးတော့ ဖြည်းဖြည်းချင်း ဆွေးနွေးလို့ရပါတယ်"
လို့ရှီးယန်က ခဏတာမျှ အံအားသင့်သွားပြီး ခပ်ဖျော့ဖျာ့ ပြုံးလိုက်ပြန်သည်။
အမျိုးသမီးတိုင်းက သူမတို့၏မျက်နှာကို တန်ဖိုးထားသော်လည်း သူမကတော့ လုံးဝ ဂရုမစိုက်ပေ။
ချောင်ယွမ်မင်းသမီး ရောက်နေသည့် သတင်းကို ကြားလိုက်ရသောကြောင့် အနည်းငယ် ပျက်စီးသွားသည့်
စိတ်အခြေအနေက ပြန်ကောင်းလာခဲ့သည်။
"ကျင်းစ၊ ချင်းသခင်မလေးကို အနားယူဖို့ လိုက်ပို့ပေးလိုက်ပါ"
"ချင်းသခင်မလေး... ကျေးဇူးပြုပြီး ဒီလမ်းပါ"
ကျွော့ချင်းက သူတို့ကို ပြုံးပြလိုက်ပြီး "ရှင်တို့ ဆက်ပြောလို့ရပါပြီ"
"နင်!"
ဒီအမျိုးသမီးက
သူမကို လုံးဝ အလေးအနက် မထားဘူး!
လို့ရှီးဝူတစ်ယောက် ဒေါသထွက်လွန်းသောကြောင့် သူမ၏မျက်လုံးများပင်
ပြူးထွက်လုနီးပါး ဖြစ်လာရသည်။
ကျွော့ချင်းက သူမကို လုံးဝလျစ်လျူရှုထားပြီး လို့ရှီးဝူကို
ကျော်ဖြတ်ကာ အတွင်းခြံဝင်းဆီသို့ လျှောက်သွားခဲ့သည်။ လို့ရှီးယန်က ပြုံးပြီး
အခြားဘက်သို့ လှည့်ကာ ပင်မခန်းမဆောင်ဆီသို့ လျှောက်သွားခဲ့သည်။
"ဟေး" လို့ရှီးဝူကတော့ ဘယ်ဘက်ကိုကြည့်လိုက် ညာဖက်ကိုကြည့်လိုက်ဖြင့်
ဒေါသတကြီး ခုန်ပေါက်ကာ ကျန်ရစ်နေခဲ့သည်။
သူမရဲ့အစ်ကိုက ဒီရုပ်ဆိုးတဲ့မိန်းမကို
မျက်နှာသာပေးနေတာ ထင်ရှားနေတာပဲ။
သူမ ဒီလိုအရှုံးမပေးနိုင်ဘူး! ဟွန်း!
✍️✍️✍️