Chapter 20
Viewers 134

 အခန်း ၂၀ ချောင်ယွမ်မင်းသမီး

    ညနေခင်း၏ အလှဆုံးအချိန်လေးတွင် ရွှေရောင်အလင်းတန်းများက တိမ်များကို ထိုးဖောက်ဝင်ရောက်ကာ အပြာရောင်ကောင်းကင်ကြီးကို အနီရောင်ဆေးဆိုးပေးထားပြီး တောက်ပနေစေသည်။ ဥယျာဉ်၏ရနံ့နှင့် ကျောက်ဆောင်များ၏ ရနံ့များအပြင် တောက်ပနေသော အပြုံးလေးများလည်း ရှိနေခဲ့သည်။ လို့ရှီးယန်က ပင်မခန်းမဆောင်၏အပြင်ဘက် ဝင်းတံခါးဆီသို့ လျှောက်လာရင်း  ခဏရပ်လိုက်ကာ အသံတိုးတိုးဖြင့် "မော့ပိုင်၊ သူ(မ)ကို စောင့်ကြည့်ထား"

 သူမရဲ့ စရိုက်လက္ခဏာတွေ စိတ်အခြေအနေတွေနဲ့ဆိုရင် သူမက ဝန်ကြီးချုပ်ရဲ့အိမ်တော်မှာ နာခံမှုရှိရှိနဲ့ ကြာကြာနေနိုင်မှာ မဟုတ်ဘူး။ သူမနဲ့ပတ်သက်တဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေက များပြားလွန်းနေပြီး အဲ့တာတွေကို အဖြေရှာမရမချင်း သူက သူမကို သူရဲ့ထိန်းချုပ်မှုအောက်ကနေ ဘယ်တော့မှ လွတ်မြောက်ခွင့်ပေးမှာ မဟုတ်ဘူး။

  "ဟုတ်ကဲ့"

ထိုသို့ပြောပြီးသည်နှင့် မော့ပိုင်က ကျောက်တောင်တုများကြားထဲသို့ တိုးဝင်  ပျောက်ကွယ်သွားခဲ့သည်။ သက်ရှိလူသားတစ်ယောက်က သူ့မျက်လုံးရှေ့မှ ချက်ချင်း ပျောက်ကွယ်သွားလျှင် မြင်ရသူတိုင်းက ကြောက်လန့်သွားကြမည် ဖြစ်သော်လည်း လို့ရှီးယန်ကတော့ ကျင့်သားရနေပြီ ဖြစ်သည်။ သူက သူ့၏အဝတ်အစားများကို အနည်းငယ် သပ်ရပ်အောင် ပြန်ပြင်လိုက်ပြီး သူ့၏နှုတ်ခမ်းထောင့်ကို အနည်းငယ် ပင့်တင်လိုက်သေးသည်။ သူ၏ မျက်လုံးများထဲတွင် ရယ်မြူးရိပ်များ ပြည့်နှက်နေသော်လည်း ပင်မခန်းမဆောင်၏ခြံဝင်းထဲသို့ လှမ်းဝင်လိုက်သည်နှင့် ထိုအပြုံးရိပ်များကို မတွေ့ရ‌တော့ပေ။

  လို့ရှီးယန်က ခြံဝင်းထဲသို့ လှမ်းကြည့်လိုက်ပြီး ပင်မထိုင်ခုံတွင် ထိုင်နေသည့် ယန်းရူရွှယ်က သူ့ကို တစ်ချက်လှမ်းကြည့်သည်ကို သူ မြင်လိုက်ရသည်။ နေရောင်က သူ့အနောက်မှ ထွန်းလင်းနေသောကြောင့် သူက ရွှေရောင်အလင်းတန်းထဲတွင် လျှောက်လှမ်းနေသလို ဖြစ်နေလေသည်။ အဖြူရောင်ကျောက်စိမ်းသရဖူ၊ အနီရင့်ရင့်အရောင်နှင့် ခရမ်းရောင်များ ရောစပ်ပါဝင်နေသော ရွှေရောင်ဝတ်ရုံက သူ့ကို ပို၍ ကြီးကျယ်ခမ်းနားစေကာ ချောမောနေစေသည်။ အထူးသဖြင့် သူ့နှုတ်ခမ်းထောင့်မှ အပြုံးက မပျက်မယွင်း ရှိနေပြီး ငှက်မွှေးလေးလို ပေါ့ပါးနေကာ နွေးနွေးထွေးထွေး ပြန်ပျောက်ကွယ်သွားပုံက မြင်လိုက်သူတိုင်း၏ နှလုံးသားကို တုန်လှုပ်စေနိုင်သည်။

  လို့ရှီးယန်က အခန်းထဲသို့ မ၀င်ခင်မှာပင် ယန်းရူရွှယ်က ဖြည်းညှင်းစွာ မတ်တပ်ထရပ်လာပြီး သူ ဝင်လာသည်ကို စောင့်ဆိုင်းနေခဲ့သည်။ သူမ၏ရွှေရောင်ဖျော့ဖျော့ဝတ်စုံက သူမ၏လှုပ်ရှားမှုနှင့်အတူ အနည်းငယ် လှုပ်ခတ်သွားကာ သူမ၏ဖြောင့်ဆင်းနေသောဆံပင် အနည်းငယ်ကလည်း လှုပ်ခါသွားခဲ့သည်။ သူမက ထိုနေရာတွင် ငြိမ်သက်အေးချမ်းစွာ ရပ်နေခဲ့ပြီး သူမ၏ ဂုဏ်သိက္ခာရှိသည့် စိတ်နေစိတ်ထားနှင့် သူမ၏လှပသော မျက်နှာလေးက မည်သူ့ကိုမဆို စွဲဆောင်သွားစေရန် လုံလောက်နေခဲ့သည်။

  ယန်းရူရွှယ်က ရုတ်​တရက်​ ထရပ်​လိုက်သောကြောင့် ရွှယ်ရှန်းရှင်းကလည်း အမြန် ​ထရပ်​လိုက်​သည်​။ သူမက ယန်းရူရွှယ်၏အကြည့်အတိုင်း လိုက်ကြည့်လိုက်ရာ ​​ လို့ရှီးယန် ဖြည်းဖြည်းချင်း ဝင်​လာသည်​ကို ​တွေ့လိုက်​ရသည်။ သူမက ​သိသိသာသာ ​ပြုံးလိုက်ကာ လို့ရှီးယန် ခန်းမ​ဆောင်​ထဲသို့​ရောက်လာ​ရန်ပင် မ​စောင့်​နိုင်တော့ပဲ "ရှီးယန်... မင်း ပြန်ရောက်ပြီလား? ချောင်ယွမ်မင်းသမီးက  မင်းကို စောင့်နေတာကြာပြီ"

လို့ရှီးယန်က ရွှယ်ရှန်းရှင်းကို ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြလိုက်ပြီး ယန်းရူရွှယ်ဆီသို့ မျက်နှာမူကာ သူ့လက်နှစ်ဘက်ကို ပေါ့ပေါ့ပါးပါး မြှောက်ကာ လာက်သီးအုပ်လိုက်ပြီး "မင်းသမီးလေးကို နှုတ်ခွန်းဆက်သပါတယ်"

  ယန်းရူရွှယ်က ရှေ့သို့ ခြေတစ်လှမ်းတိုးကာ အလောတကြီးဖြင့် "အစ်ကိုယန်... ယဉ်ကျေးနေစရာ မလိုပါဘူး"

  ရွှယ်ရှန်းရှင်းက တိတ်တဆိတ် ပျော်ရွှင်နေခဲ့သည်။

ချောင်ယွမ်မင်းသမီးရဲ့ နှလုံးသားက ရှီးယန်ကြောင့် ချည်နှောင်ထားခံရပြီးပြီ။ ချင် နဲ့ ကျင်း ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်မယ်ဆိုရင် လို့မိသားစုက တိုင်းပြည်ကို အုပ်ချုပ်ပြီး ကမ္ဘာကို လက်တစ်ဖက်တည်းနဲ့ အုပ်စိုးနိုင်လိမ့်မယ်။ 

ရွှယ်ရှန်းရှင်းက သူမ၏စိတ်ထဲတွင် စိတ်ကူးယဉ်နေရင်း မတ်တပ်ထရပ်ကာ "မင်းတို့ စကားစမြည် ပြောကြဦး၊ ဒီညအတွက် ညစာကို ဘယ်လိုပြင်ဆင်ထားလဲလို့ဆိုတာ ငါ သွားကြည့်လိုက်ဦးမယ်"

  ရွှယ်ရှန်းရှင်းက ကျေနပ်စွာ ထွက်ခွာသွားခဲ့သည်။ ယန်းရူရွှယ်က လို့ရှီးယန်၏ အနည်းငယ် မြှင့်တက်လာသော မျက်ခုံးများကို ကြည့်လိုက်ပြီး သူမ၏မျက်နှာက အနည်းငယ် နီရဲလာသည်။ သူမက ဘေးရှိ ဆေးဖက်ဝင်ပစ္စည်းများကို လျင်မြန်စွာ ညွှန်ပြလိုက်ပြီး အသံတိုးတိုးလေးဖြင့် "အခုက နွေဦးဆိုပေမယ့် ရွှယ်အာက အစ်ကိုယန်ရဲ့ရောဂါ  ပြန်မသက်သာမှာကို စိုးရိမ်နေတာ၊ အဲ့တာကြောင့် အစ်ကို့အတွက် ဆေးတွေ လာပို့တာပါ၊ ဒီဆေးကို မယ်တော်က နာမည်ကြီးသမားတော်တွေက ပြင်ဆင်ထားတယ်လို့ ပြောတယ်၊ အစ်ကို့ရဲ့ခန္ဓာကိုယ်ကို ကောင်းကောင်း ဂရုစိုက်ရမယ်၊ အလုပ်တွေ အလွန်မကျွံ မလုပ်ပါနဲ့၊ အစ်ကိုယန်က ပြန်သက်သာလာပေမယ့် ညီလာခံကို မလာနိုင်သေးလို့ ရွှယ်အာ စိတ်ပူနေမိတာပါ”

  လို့ရှီးယန်က စားပွဲပေါ်က ဆေးအိတ်ကို ငုံ့ကြည့်ပြီး အပြုံးကြီးကြီး ပြုံးပြလိုက်ကာ "မယ်တော်ကြီးနဲ့ မင်းသမီးကို ကျေးဇူးတင်ပါတယ်၊ မင်းသမီးတို့ရဲ့ ကြင်နာမှုအတွက် ဒီလူက ကိုယ့်ကိုယ်ကိုယ် အာရုံစိုက်လိုက်ပါ့မယ်"

  သူက သူမကို မင်းသမီးလို့ခေါ်ပြီး သူ့ကိုယ်သူ ဒီလူလို့ သုံးနေတာလား?! သူမက နှစ်ပေါင်းများစွာ သူ့နောက်ကို လိုက်နေခဲ့တာကို သူက ဘာမှ မခံစားရဘူးလား?! အစ်ကိုတော်ဧကရာဇ်က သူ့ကို ထူးထူးခြားခြား တုနှိုင်းမဲ့တဲ့ အလှလေးတစ်ယောက် ဆုချခဲ့ကြောင်း သူမ သိထားပြီးပြီ။ အဲ့တာကြောင့် နောင်ဆိုရင် သူက သူမကို ပိုပြီး မထီမဲ့မြင် ပြုလာလိမ့်မယ်။ 

ယန်းရူရွှယ်က သူမ၏နှလုံးသားက အနည်းငယ် နာကျင်သွားသည်ကို ခံစားလိုက်ရပြီး သူမ၏အင်္ကျီလက်ဝကျယ်ထဲတွင် ဝှက်ထားသော လက်များကို တင်းကျပ်စွာ လက်သီးဆုပ်ထားလိုက်သည်။ ယန်းရူရွှယ်က မျှော်လင့်ချက် အပြည့်ဖြင့် လို့ရှီးယန်ကို စိုက်ကြည့်ကာ အသံတိုးတိုးလေးဖြင့် "နောက်လ ဆယ့်ငါးရက်နေ့မှာ မြောက်ပိုင်းချီက သံတမန်တွေ ချုံယွဲ့ကို ဂါရဝပြုဖို့ လာကြမယ်၊ အဲ့နေ့က ရွှယ်အာရဲ့ဆယ့်ခြောက်နှစ်မြောက် မွေးနေ့ဆိုတာကို မယ်တော်နဲ့ အစ်ကိုတော်ဧကရာဇ်က သေချာပေါက် မမှတ်မိလောက်ဘူး။ အစ်ကိုယန် နန်းတော်ထဲသို့ ဝင်ရင် ရွှယ်အာကို လာတွေ့နိုင်မလား?”

  သူမ၏ တောင့်တသောအကြည့်ကို ရင်ဆိုင်နေရသော လို့ရှီးယန်က သူမကို တိုးတိုးလေး နှစ်သိမ့်ပေးလိုက်သည်။

"မင်းသမီးက ဒါကို စိတ်မပူပါနဲ့၊ ဧကရာဇ်နဲ့ မယ်တော်ကြီးက မင်းသမီးရဲ့မွေးနေ့ကို မေ့မှာ မဟုတ်ပါဘူး"

  "ဒါဆို အစ်ကိုယန်က ရွှယ်အာ့ကို တွေ့ဖို့ ချင်းရွှယ်နန်းတော်ကို လာမှာလား?"

တခြားသူတွေမှတ်မိ မမှတ်မိကို သူမ ဂရုမစိုက်ဘူး၊ သူ မှတ်မိရင် ရပြီ။

  လို့ရှီးယန်က ခဏတုံ့ဆိုင်းသွားပြီး နောက်ဆုံးမှာတော့ "သံတမန်က အလည်အပတ်လာမှာဆိုတော့ တာဝန်တွေနဲ့ အလုပ်ရှုပ်နေပြီး မလာနိုင်မှာကို စိုးရိမ်မိပါတယ်၊ လက်ဆောင်တွေကို ချင်းရွှယ်နန်းတော်ဆီ ပို့ပေးဖို့ တစ်စုံတစ်ယောက်ကို လွှတ်လိုက်ပါ့မယ်"

  လက်ဆောင်တွေ... သူမက လက်ဆောင်အနည်းငယ်ရရင် အလွန်ပျော်ရွှင်နေသော ကလေးမလေး မဟုတ်တော့ဘူး။ သူက  သူမရဲ့တောင်းဆိုမှုကို ထပ်ငြင်းလိုက် ပြန်ပြီ။ အခုတကြိမ် အငြင်းခံရတာက  ငါးဆယ့်ခုနစ်ကြိမ်မြောက်ပဲ။

  "နောက်ကျနေပြီ... ရွှယ်အာ အရင်ပြန်တော့မယ်" ယန်းရူရွှယ်က အနည်းငယ် စိတ်ပျက်လက်ပျက်ဖြင့် ဧည့်ခန်းမဆောင်ထဲမှ ပြန်ထွက်လာခဲ့သည်။

လို့ရှီးယန်က ဆက်ထိန်းမထားတော့ဘဲ သက်ပြင်းချလိုက်ပြီး "မင်းသမီးလေးကို လိုက်ပို့ပေးပါ့မယ်"

 ရွှယ်အာက ကြင်နာတဲ့မိန်းကလေး ဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့ ပြုစုစောင့်‌‌ရှောက်မှုတွေနဲ့ ထိုက်တန်ပါတယ်။ ဒါပေမယ့် သူမှာတော့ သူမ အတွက်ပေးစရာ ဘာမှ မရှိဘူး။

  "မလိုပါဘူး" သူမက သက်ပြင်းတိုတိုတစ်ချက် ချလိုက်ပြီး လို့ရှီးယန်ကို သူမနောက်မှ မလိုက်စေရန် တားဆီးလိုက်သည်။ အဝေးသို့ ကွေ့ဝင်သွားသော လှပသည့်ရုပ်သွင်ကို ကြည့်နေပြီးမှ လို့ရှီးယန်က နောက်ပြန်လှည့်လာကာ စားပွဲပေါ်ရှိ ဆေးအိတ်ပုံကြီးကို ကြည့်နေရင်း သူ့၏အေးစက်နေသည့် မျက်လုံးများက အေးစက်နေသော အလင်းရောင်များ ဖြာထွက်လာခဲ့သည်။ သူ၏ မူလပေါ့ပါးခြင်းနှင့် နူးညံ့သိမ်မွေ့ခြင်းများက ချက်ချင်း ပျောက်ကွယ်သွားသည်။

  

  ညက မှင်ရောင်နှင့်တူနေပြီး အပြင်ဘက်တွင် မည်းမှောင်နေသည်။ အတွင်းပိုင်း၌ ဖယောင်းတိုင်မှ မှိန်ပျပျအလင်းရောင်က ထူထဲသော ကုတင်ကန့်လန့်ကာကို ဖြတ်ကာ အတွင်းသို့ ဝင်ရောက်လာလေသည်။ ကျွော့ချင်းက သူမ၏မျက်လုံးများကို ညင်သာစွာ ဖွင့်လိုက်ပြီး သူမ မြင်သမျှအရာအားလုံးက ကန့်လန့်ကာပိတ်စများသာ ဖြစ်နေခဲ့သည်။ ကျွော့ချင်းက ခဏတာမျှ မှင်တက်နေခဲ့သော်လည်း မကြာမီ သူမ ရောက်နေသည့်နေရာကို သတိပြန်ရသွားခဲ့သည်။

  ဝန်ကြီးချုပ်အိမ်တော်က အမှန်တကယ်ကို ချွင်းချက် မရှိဘူးပဲ။ ကုတင်ကတောင် အဆင့်မြင့်နေပြီး  နွေးထွေးလွန်းတယ်။  ဒါက သူမ ဒီကမ္ဘာပေါ်ကို ရောက်ပြီး အိပ်ခဲ့ဖူးသမျှထဲက အကောင်းဆုံး အိပ်စက်ခြင်းပဲ။

 ကျွော့ချင်းက အကြောဆန့်လိုက်ပြီး ကုတင်ကန့်လန့်ကာကို ဖွင့်ကာ ခန်းဆီးအပြင်ဘက်သို့ ခြေဗလာဖြင့် ထွက်လာသွားခဲ့သည်။ ကြမ်းပြင်ကိုပင် နူးညံ့ပြီး သက်တောင့်သက်သာရှိသော ကော်ဇောထူထူ ဖုံးအုပ်ထားသည်။ ခန်းဆီးအပြင်ဘက်တွင် မဟော်ဂနီစားပွဲဝိုင်းတစ်ခုရှိနေပြီး ဘေးနားတွင် နူးညံ့ပျော့ပျောင်းအောင် ထိုင်ဖုံများခင်းထားသည့် ညောင်စောင်းတစ်ခု ရှိနေသည်။ ထိုညောင်စောင်း၏ဘေးတွင် လူတစ်ရပ်ခန့် အမြင့်ရှိသည့် ကြေးမုံမှန်တစ်ချပ် ရှိနေခဲ့သည်။  

မှန်​တစ်​ချပ်ရှိတာ ​ကောင်းတယ်၊​ ​နေ့စဉ်​သုံးဖို့ ​သေချာတယ်လေ​..

  မှန်ရှေ့တွင် ရပ်နေသည့် ကျွော့ချင်းတစ်ယောက် နောက်ဆုံးမှ ​​သူမ ရက်ပေါင်းများစွာ သိမ်းပိုက်ထားခဲ့သည့် ခန္ဓာကိုယ်ကို သေချာကြည့်ရန် အခွင့်အရေး ရလာခဲ့သည်။

  သူမတွင် မိုးမခပုံသဏ္ဍာန် မျက်ခုံးမွှေးများ၊ မြင့်မားသော နှာတံနှင့် ပြီးပြည့်စုံသော ဘဲဥပုံမျက်နှာလေး ရှိနေခဲ့သည်။ ကျွော့ချင်း အကြိုက်ဆုံးက သူမ၏မျက်လုံးများဖြစ်ပြီး အလွန်ကြီးမားခြင်း မရှိသော်လည်း ကြည်လင်ပြတ်သားသော စမ်းရေနှစ်ပေါက်ကဲ့သို့ ကြည်လင်နေပြီး သူမ၏နှုတ်ခမ်းများက စိုစွတ်နေကာ အနည်းငယ်လှန်ထားသည့်ပုံစံဖြစ်သည်။

  ခေတ်မီသတင်းအချက်အလက်များ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ၊ ကျွော့ချင်းက ကြီးကြီးငယ်ငယ်မရေတွက်နိုင်သော ထင်ရှားကျော်ကြားသူများနှင့် မရေမတွက်နိုင်သော အလှအပများကို တွေးဖူးခဲ့သည်။ ဤအမျိုးသမီး၏ အသွင်အပြင်ကတော့ ရှားပါးလွန်းလှသည်။ သူမက ကောင်းစွာပြင်ဆင်ထားလျှင် အံ့မခန်းဖြစ်နေမှာ သေချာနေပေသည်။ သူမ၏ညာဘက်ပါးပြင်မှ မျဉ်းပြိင်နှစ်ကြောင်းကဲ့သို့ ဖြစ်နေသည့် အမာရွတ်ကတော့ သူမ၏အလှအပအချို့ကို ဖျက်ဆီးပစ်နေခဲ့သည်။ နောက်ဆုံးတွင် သူမက ယခု ဤခန္ဓာကိုယ်ကို အသုံးပြုနေရပြီ ဖြစ်သည်။ ကျွော့ချင်းက ဤမျက်နှာကို ​​ရုပ်ဆိုးသည်ဟု မတွေးမိသည်က စိတ်မကောင်းစရာဟု ပြောရတော့မည်ပင်။ ဤမျက်နှာက အံ့သြစရာကောင်းလောက်အောင် ငယ်ရွယ်ပြီး အသက်ဆယ့်ခြောက်နှစ် သို့မဟုတ် ဆယ့်ခုနစ်နှစ်ခန့်သာ ရှိသေးသည်။

  သူမ၏ ခြေသလုံးသို့ ရောက်ရှိလာသော အနက်ရောင်ဆံပင်ကို အသာအယာ ငုံကြည့်မိလိုက်ချိန်တွင် ကျွော့ချင်းတစ်ယောက် မပြုံးချင်ပြုံးချင် ပြုံးလိုက်မိပြန်သည်။ သူမက အင်္ကျီကော်လာကို ဖြည်းညှင်းစွာ ဖယ်လိုက်ပြီး အောက်ကိုငုံ့ကြည့်ကာ "ဟေး အချစ်လေးရေ၊ ဒီကလေးက ဒီလိုကြီးပြင်းလာဖို့အတွက် ဘာတွေ စားခဲ့တာလဲ? သူ(မ)က အနည်းဆုံး 34D အရွယ် ရှိတယ်။ သူ(မ)ရဲ့ ဖွံ့ဖြိုးမှုက အရမ်းကောင်းနေတာလား?"

 (T/N: ရင်သားဆိုဒ်ထင်တာပဲ၊ သေချာတော့သိဘူး)

ကျွော့ချင်းက သူမဘာသာတစ်ယောက်ထဲ  တွေးနေပြီး အံ့အားသင့်နေခဲ့သည်။ ထိုအချိန်တွင် အဆောင်၏တစ်ဖက်ခြမ်းရှိ ဖွင့်ထားသော ပြတင်းပေါက်တစ်ဝိုက်မှ အနည်းငယ် မှိန်ဖျော့နေသော မီးရောင်အချို့ ပေါ်လာသည်။ သူမ လှမ်းကြည့်လိုက်ချိန်တွင် သူမ၏ခြံဝင်းက အခြားခြံဝင်းနှင့် အနည်းငယ်သာ ခြားထားသည်ကို တွေ့လိုက်ရသည်။ ရေကန်ဘေးတွင် ယှဥ်လျက်ဆောက်ထားပြီး အချင်းချင်း အနည်းငယ်သာ ကွာဝေးသည်။ ဘေးခြံတွင် ဘာဖြစ်နေသည်ကို သူမ မသိနိုင်သော်လည်း အိမ်အပြင်ဘက်တွင် လူတစ်ဒါဇင်ကျော်စုဝေးနေပြီး မီးရောင်ကလည်း တောက်ပနေလေသည်။

    သူမက အိပ်ယာမဝင်ခင် အစေခံများကို မောင်းထုတ်ထားခဲ့သည်။ ယခု သူမ ဗိုက်ဆာနေသောကြောင့် ပထမဆုံး ဖြစ်ပျက်နေသည့်အရာများကို စူးစမ်းချင်နေပြီး ဒုတိယအနေဖြင့် စားရန် တစ်ခုခု ရှာချင်နေခဲ့သည်။ ကျွော့ချင်းက တံခါးကို ဖွင့်လိုက်ပြီး ဆန့်ကျင်ဘက်မှ သုံးထပ်အဆောက်အဦးဆီသို့ လျှောက်သွားလိုက်သည်။

    သိပ်မဝေးလှသော်လည်း ရေကန်ပေါ်မှ ကွေ့ကောက်ရှည်လျားသည့် တံတားက ကျွော့ချင်းကို စိတ်ဆင်းရဲစေခဲ့သည်။ နောက်ဆုံးတွင် သူမ ထိုအဆောက်အဦးဆီသို့ ရောက်သွားခဲ့ပြီး အားလုံးက အဆောက်အဦး၏ အတွင်းခန်းဆီကို စိုးရိမ်တကြီး စိုက်ကြည့်နေရင်း ထိုအဆောက်အဦး၏ရှေ့တွင် ရပ်နေသည်ကို သူမ တွေ့လိုက်ရသည်။ ကျွော့ချင်းအတွက်တော့ နေ့လည်ခင်းက သူမ တွေ့ခဲ့သော လို့ရှီးဝူကိုသာ ရင်းနှီးနေခဲ့သည်။

  "မေးပါရစေ၊ ဒီမှာ ဘာတွေဖြစ်နေတာလဲ?" အေးစက်စက် အမျိုးသမီးအသံက ငြိမ့်ညောင်းစွာ ထွက်ပေါ်လာပြီး မူလကတည်းက စိတ်တင်းကျပ်နေခဲ့သော လူတစ်စုကို ပို၍ထိတ်လန့်သွားစေခဲ့သည်။

  လို့ရှီးဝူက လှည့်ကြည့်လိုက်ပြီး ကျွော့ချင်း ဖြစ်နေကြောင်း ရှင်းရှင်းလင်းလင်း မြင်သွားချိန်တါင် "ရုပ်ဆိုးတဲ့မိန်းမ၊ ထွက်သွားစမ်း၊ ငါမှာ နင့်ကို ဂရုစိုက်ဖို့ အချိန် မရှိသေးဘူး"

ကျွော့ချင်းက သူမ၏မျက်ခုံးကို အနည်းငယ်ပင့်ကာ  တုံ့ပြန်လိုက်သည်။

"ကောင်းပြီ၊ ငါ ဘာသာ သွားကြည့်မယ်"  

ထိုသို့ပြောပြီး‌နောက် သူမက ရင်ကော့ပြီး အဆောက်အဦးဆီသို့ လျှောက်သွားတော့သည်။

  သူမ... ရဲတင်းလွန်းတယ်!

  လို့ရှီးဝူက ချက်ချင်း အသိပြန်ဝင်လာပြီး ရှေ့သို့ ပြေးထွက်လာကာ ကျွော့ချင်းရှေ့တွင် ပိတ်ဆို့ရပ်တန့်လိုက်ပြီး "နင့်ကို ဝင်ခွင့်မပြုဘူး။ ငါ့အစ်ကိုရဲ့ ရောဂါဟောင်းက ပြန်ထလာလို့ တော်ဝင်သမားတော်က သူ့ကို ကုသပေးနေတယ်၊ နင် ဝင်သွားလို့မရဘူး၊ မနှောင့်ယှက်နဲ့!"

  ကျွော့ချင်းက လို့ရှီးဝူကို သူမကို တားရန် ရောက်လာမည်ကို ခန့်မှန်းထားခဲ့သော်လည်း လို့ရှီးယန် နေမကောင်းဖြစ်နေသည်ကို ကြားလိုက်ရသောကြောင့် သူမလည်း အနည်းငယ် ထိတ်လန့်သွားခဲ့ပြီး "ဘာရောဂါလဲ?"

နေ့လည်ခင်းတုန်းက သူမကို ဆွဲကိုင်လိုက်တဲ့ သူရဲ့ခွန်အားက အရမ်းကို သန်မာနေလွန်းတယ်၊  သူ့မျက်နှာမှာ အသက်ရှုမဝတာတွေ ဘာတွေဖြစ်မနေဘဲ ပုံမှန်လိုပါပဲ၊ နေမကောင်းဖြစ်နေပုံ မရပါဘူး။

  ဘန်း....

  ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာပြီး တစ်စုံတစ်ခုကို ရိုက်ချိုးခံရသည့်အသံ ဖြစ်နိုင်သည်။ ထိုနောက် တင်းမာသော အော်သံတစ်ခု ထွက်ပေါ်လာသည်။

"ထွက်သွား!

  ကျွော့ချင်းပင်လျှင် ထိတ်လန့်သွားရသည်။

ဒါက... လို့ရှီးယန်ရဲ့ အသံလေ...

  လို့ရှီးဝူ၏မျက်နှာက ချက်ချင်း ဖြူဖျော့လာပြီး သူမ၏ အာရုံကြောများပင် တုန်ခါလာသလို ခံစားနေရသည်။ 

သူမလည်း ဟန်ဆောင်နေပုံ မပေါ်ဘူး။ လို့ရှီးယန်က တကယ် နေမကောင်းဖြစ်နေလို့လား? အဲ့ဒီနူးညံ့သိမ်မွေ့တဲ့လူက တခြားသူတွေရှေ့မှာ သူ့ရဲ့နူးညံ့သိမ်မွေ့မှုတွေ ပျောက်သွားရလောက်အောင် ဘယ်ရောဂါက သူ့ကို ရူးအောင်လုပ်နေတာလဲ?!

  ကျွော့ချင်းတစ်ယောက် အံ့သြနေစဥ်မှာပင် အဆောက်အဦး၏တံခါးက ရုတ်တရက် ပွင့်လာပြီး...

✍️✍️✍️