💌Chapter 6
ကျန်းယွီမို သွားလိုသောဆိုင်သည် လမ်းတစ်လမ်းသာခြားပြီး ထိုနေရာသို့ လမ်းလျှောက်ရန် ဆယ်မိနစ်ခန့်ကြာသည်။
သူမက ယန်ချင် နှင့် စွန်းမုန့်ထင် နှစ်ယောက်စလုံးထံ မက်ဆေ့ခ်ျပေးပို့ခဲ့သည်- [ငါလုပ်စရာရှိသေးတယ်၊ နောက်ကျမယ် နင်တို့တွေ အရင်ဆော့နှင့်ကြ။]
သွမ့်ရယ်သည် မလိုအပ်သော်လည်း လမ်းအခြေအနေများကို ဂရုပြုကာ သူမ ဘေးသို့ လျှောက်သွားလိုက်သည်။ ဂျစ်ကန်ကန် သူ့ပုံစံကြောင့် လမ်းပေါ်တွင် လမ်းလျှောက်နေသည့် လူကြီးများပင် သူ့ကို တွေ့သောအခါ အလိုလိုရှောင်၍ ကွေ့ပတ်သွားတတ်သည်။
လူကူးလမ်းသည် အလွန်အသက်ဝင်သည်၊ စတိုးဆိုင်များစွာသည် တစ်ခုနှင့်တစ်ခု အပြိုင်အဆိုင်ကြီးကျယ်နေကြသည်။
ဖြတ်သွားရင်း သွမ့်ရယ်သည် ဆိုင်တစ်ဆိုင်ကဖွင့်နေသည့် ကျယ်လောင်သော ဂီတသံကို ကြားလိုက်ရပြီးနောင် သူ့ခန္ဓာကိုယ် တုန်ခါသွားလေသည်။ ကျန်းယွီမို သူမအတွက်သူမ ဈေးဝယ်ထွက်နေသည်ဟု သူထင်ခဲ့သော်လည်း သူမ လျှောက်သွားနေသည်က ယောက်ျားအဝတ်အစားဆိုင်သို့ပင်။
သူတို့အရွယ် ကျောင်းသားများအတွက် မိဘများသည် ကျားဝတ်၊မဝတ် ဖက်ရှင်များအား ရောစပ်ရောင်းချသည့် အားကစားစတိုင်လ် အဝတ်အစား အမှတ်တံဆိပ်များကို ဆင်ပေးကြသည်။ သူတို့ ပဉ္စမ အလယ်တန်းကျောင်းတွင် တူညီသော အင်္ကျီနှင့် ဖိနပ်များ ၀တ်ဆင်ထားသော ကျောင်းသားများသည် မကြာခဏဆိုသလို အချင်းချင်း ခိုက်ရန်ဖြစ်ပွားကြသည်။အဝတ်အစားတူနေရခြင်းမှာ သူတို့ အသက်အရွယ်အရ ရွေးချယ်ရန် အဝတ်အစား အမှတ်တံဆိပ် နည်းပါးလွန်းသောကြောင့် ဖြစ်နိုင်သည်။
သွမ့်ရယ်က ဆိုင်တစ်ဆိုင်ကို ဖြတ်သွားရင်း တမင် အရှိန်လျှော့လိုက်သည်။ အထဲ ကြည့်လိုက်ရင်း သွမ့်ရယ်မဝံ့မရဲ ခေါင်းခါလိုက်မိသည်။
သွမ့်ရယ်သည် သူမထက်အသက်ကြီးသည်၊ ၁၉၉၁ တွင်မွေးဖွားပြီး သူ၏မွေးနေ့သည်နိုဝင်ဘာလတွင်ဖြစ်ရာ နောက်သုံးလအကြာတွင် ဆယ့်ရှစ်နှစ်ပြည့်တော့ပေမည်။ထိုအဝတ်အစားတံဆိပ်များက သူ့အတွက် မသင့်တော်ဘူးဟု ခံစားမိပြီး ကလေးဆန်လွန်းသည်ဟုထင်၏။
သွမ့်ရယ် သည် စတိုးဆိုင်တံခါးဝတွင် ရပ်လိုက်ပြီး ပုံမှန်အားဖြင့် အမူအရာကင်းမဲ့နေတတ်သည့် သူ့မျက်နှာတွင် အံ့သြဖွယ်ရာ အကြည့်တစ်မျိုး တောက်ပနေသည်။ ဆိုင်သည် အေးမြသောလေအေးပေးစက်ရှိပြီး သူမသည် တံခါးဝတွင်ရပ်ကာ သူ့ကို ပြောသည်။
“ဝင်လေ"
စက္ကန့်အနည်းငယ်ကြာမှ သူ ဆိုင်ထဲသို့ ဝင်လာခဲ့သည်။
"မင်း တကယ် ဒီကိုလာချင်တာလား...ဈေးဝယ်မလို့လား"
ကျန်းယွီမို က သူ့အဝတ်အစားကို လက်ညှိုးထိုးပြရင်း "နင် ဘာလို့အသစ်မဝယ်တာလဲ၊ဒါက နင့်အတွက်ပေးတဲ့ ငါ့လက်ဆောင်ပဲ"
သွမ့်ရယ် သည် စတိုးဆိုင်တစ်ဝိုက်ကို လှမ်းကြည့်ပြီးနောက် ကူကယ်ရာမဲ့သလိုခံစားလိုက်ရသည်။ “အဝတ်အစားက ကိုယ့်မှာ မရှားပါဘူး"
"အဲဒါ နင့်ကိစ္စပဲလေ"
ကျန်းယွီမို လှည့်ထွက်လိုက်လျှင် သူမ၏ ပိုနီတေးမြင့်မြင့်လေးက လေထဲမှာ ဖျာကနဲလွင့်ခါသွားလေသည်။ ဆိုင်ထဲမှာ စာရေးတစ်ယောက်ရှိနေသည်။ လက်ရှိအချိန်သည် စျေးဝယ်ကျချိန်မဟုတ်၍ စာရေးမက လက်ကိုင်ဖုန်းကို ကြည့်နေသည်။ ကျန်းယွီမို ဝင်လာသည်ကိုမြင်သော် သူမက မော့ကြည့်လိုက်ပြီး "မော်ဒယ်အသစ်တွေကို ကြည့်လို့ရပါတယ်နော်၊ ကြိုက်ရင် စမ်းဝတ်ကြည့်လို့ရပါတယ်”
ပြီးနောက် သူမ ခေါင်းငုံ့လိုက်သည်။ ကျန်းယွီမို ကဲ့သို့သော ကျောင်းသားများသည် မည်သည့်အဝတ်အစားကိုမျှ ဝယ်မည်မဟုတ်ဟု ထင်သောကြောင့် သူမက လေကုန်ခံကာ ပြောမနေတော့။
ကျန်းယွီမို ကလည်း ဂရုမစိုက်ပေ။ သူမသည် အဝတ်အစားများကို သေသေချာချာ ကောက်ယူကြည့်လိုက်ပြီး အထည်ကို သေချာစမ်းကြည့်သည်။ သူမဝတ်ထားသည်က ခါးတိုဖြစ်၍ သူမလက်ကို ဤကဲ့သို့ မြှောက်လိုက်သောအခါ၊ခါးမှအသားလေးများ ပေါ်လာရသည်။
သွမ့်ရယ်က သူမနှင့် မနီးမဝေးတွင် ရပ်နေပြီး သူမကို စေ့စေ့ကြည့်နေသည်။ ကျန်းယွီမို သည် အလွန်ကျော်ကြားလှသည်။ အလယ်တန်း တတိယနှစ်တွင် အတန်းဖော်များအားလုံးက လက်မှတ်ထိုးရန် အော်တိုစာအုပ်အထူကြီးများ သုံးကြသော်လည်း သူမ၏ အော်တိုစာအုပ်ကတော့ တစ်အုပ်တည်းပင် မလောက်ပေ။အတန်းထဲက ကလေးများသာမက၊တခြားအတန်းက လူများကလည်း သူမအတွက် အော်တိုထိုးကြသည်။
သူမသည် မည်သူတစ်ဦးတစ်ယောက်နှင့်မျှ ပဋိပက္ခများ မရှိသလောက်ပင်၊ သူမနှင့် မတည့်သော သူငယ်ချင်းများရှိလျှင်ပင်၊ "ပြန်ခေါ်ကြစို့လား..." ဟု စာရေးကာ စခေါ်တတ်သူပင်။
သို့သော် နောက်ဆုံးတွင် သူမသည် မိဘများနှင့် ဆွေမျိုးများကြားထဲဝယ် ကြီးပြင်းလာခဲ့သည့် တစ်ဦးတည်းသော သမီးဖြစ်သည်။ သူမ ငယ်ငယ်လေးကတည်းက အစားအသောက်ကောင်းများကို တခြားသူများအား ဝေမျှဖို့ မလိုအပ်ဘဲ ကောင်းကောင်းစားခဲ့သည်။ အစားအသောက်နှင့် အဝတ်အစားပဲဖြစ်ဖြစ် မည်သည့်အရာမဆို ကောင်းတာမှန်သမျှ သူမ ရသည်။သူမသည် ရံဖန်ရံခါ မိမိကိုယ်မိမိ သဘောထားကြီးပြီး မာနကြီးသည့်ဘက်ကို ပြသတတ်သော်လည်း သူမနှင့် နီးစပ်သူများသာ ဤဘက်ခြမ်းကို မြင်ဖူးကြသည်။
ဤမိန်းကလေးသည် အမိန့်ပေးနိုင်သော စွမ်းရည်ဖြင့်မွေးဖွားလာပုံရသည်။ သူမ ပြောလျှင် သွမ့်ရယ်တောင် မငြင်းနိုင်ပေ။ ရံဖန်ရံခါတွင် သူမသည် အဝတ်အစားတစ်ထည်ကိုယူကာ သူမ၏လှပသောမျက်ခုံးမွှေးများကို အလေးအနက်ထား၍ လူကြီးတစ်ယောက်လို စိုက်ကြည့်နေတတ်သည်။
ဆယ်ကျော်သက် လူငယ်များနှင့် မိန်းကလေးများသည် ရုပ်ရည် မချောသော်လည်း၊သူတို့၏ နုပျိုသော ရောင်ဝါသည် လူအများ၏ အာရုံကို စွဲဆောင်နိုင်စွမ်းရှိကြ၏။ ကျန်းယွီမို လို ချောမောသော ရုပ်ရည်ကို မဆိုထားနှင့် သွမ့်ရယ် သည်ပင် ဆယ်ကျော်သက်လောကတွင် ထင်ရှားသူတစ်ဦးဖြစ်သည်။
ဘေးနားတွင် ပျင်းရိစွာ ထိုင်နေသော အကျဉ်းချထားသော စာရေးသည် တစ်စုံတစ်ခုကို တွေးတောနေပုံရပြီး သူတို့ကို မျှော်ကြည့်နေသည်။ သူမ၏ မျက်လုံးများက အလွမ်းငွေ့သက်များရစ်ဝဲနေသည်။
အဆုံးတွင် ကျန်းယွီမို သည် အဝတ်အစားအချို့ကို ကောက်ယူပြီး သွမ့်ရယ် ထံပေးလိုက်သည်။
“သွားဝတ်ကြည့်ပါ”
သွမ့်ရယ်: “…”
သွမ့်ရယ် အဝတ်လဲခန်းထဲသို့ဝင်သွားသော်၊ စာရေးမက သူ့အား ခေါင်းမှ ခြေဖျားအထိ စိုက်ကြည့်နေသည်။
ယေဘုယျအားဖြင့် အရွယ်ရောက်သူများသည် သွမ့်ရယ်လို အရွယ်လေးများကို မကြောက်ပေ။
သွမ့်ရယ် ဝင်လာပြီးနောက် စာရေးသည် ကျန်းယွီမို ဘက်သို့ ပြောင်းရွှေ့သွားပြီး ပြောလိုက်သည်။
"မင်းရဲ့ ချစ်သူလား၊ တော်တော် ရွေးတတ်တာပဲ"
မည်သူမဆို ချီးမွမ်းခံရသည်ကို ကြိုက်သည်။ သို့သော်၊ ဆယ်ကျော်သက်တစ်ယောက်ကို အရွေးတော်သည်ဟု ချီးမွမ်းခြင်းသည် အနည်းငယ် ထူးဆန်းသလိုပင်။
ကျန်းယွီမိုသည် သူမ စကားကို လျစ်လျူရှုပြီး "လျှော့စျေးရနိုင်မလား?"
စာရေးက ရယ်ပြီး “ပေးလို့တော့မရဘူး၊ ဒါပေမယ့် မင်းတို့ တကယ်ဝယ်ရင် ငါ လက်ဆောင်တစ်ခုခုပေးလို့ရတယ်"
သွမ့်ရယ် ထွက်လာသည်အထိ သူတို့နှစ်ယောက် စကားစမြည်ပြောနေကြသည်။
ကျန်းယွီမို သူ့အတွက် ရွေးချယ်ပေးသာ အဝတ်အစားပုံစံက အလွန်မိုက်သည်။ ဆန်းပြားသည့် ပုံစံများမပါဘဲ ရှင်းနေသည်။ သို့သော် သူနှင့် နည်းနည်းတိုနေသလိုပင်။
ကျန်းယွီမို အနည်းငယ် အံ့အားသင့်သွားကာ “XL တောင် ငါ ရွေးထားတာကို”
သူမသည် အခြား ယောက်ျားလေးများနှင့် စျေးဝယ်ဖူးခြင်းမရှိပေ။ XL သည် သူမစိတ်ထဲမှာ ကြီးနေပြီဖြစ်သည်။ သူမသာ သွမ့်ရယ် အတွက် ရွေးချယ်ထားသော ရှပ်အင်္ကျီကို ၀တ်ဆင်မည်ဆိုပါက ပေါင်လယ်သို့ပင် ရောက်ရှိသွားပေမည်။
သို့သော် ဤအရွယ်အဝတ်အစားများသည် သွမ့်ရယ် အတွက် တိုလွန်းသည်။
စာရေးက သွမ့်ရယ်ကို လှည့်ကြည့်ပြီး “မင်း ရည်းစားက အရပ် ၁.၈ မီတာကျော်လောက်ရှိတော့ XL က သူ့အတွက် မတော်ဘူး၊ နောက်လည်း ထပ်ကြီးလာမှာဆိုတော့ အကြီးဆုံးဆိုဒ်ကို ယူလိုက်ပါ”
သွမ့်ရယ်က စာရေး၏စကားကို ကြားသည်နှင့် သူ့မျက်လုံးများ ရှင်းရှင်းလင်းလင်းတောက်ပနေတော့သည်။
ကျန်းယွီမိုကမူ "မင်းရဲ့ရည်းစား" ဟူသော စကားလုံးကို လုံးဝသတိမထားမိဘဲ သွမ့်ရယ်၏ ဆိုဒ်ကို အံ့အားသင့်နေဆဲဖြစ်သည်။ "ကောင်းပြီလေ၊ XL က သူနဲ့ အရမ်းသေးလို့ အံ့ဩနေမိတာ"
“သူ ဘယ်လောက် အရပ်မြင့်လဲ မသိဘူး”
ကျန်းယွီမိုသည် သွမ့်ရယ်ကို ကြည့်လိုက်သောအခါ၊သူ့မျက်လုံးက သူမကို စူးစိုက်ကြည့်နေတာကြောင့် အေးခဲကာ ဘာလုပ်ရမှန်းမသိဖြစ်သွားသည်။
ကံကောင်းထောက်မစွာ သွမ့်ရယ် သည် စာရေးထံမှအဝတ်အစားများကိုယူကာ အဝတ်လဲခန်းထဲသို့ ပြန်ဝင်သွားလေသည်။ ဆိုင်မှာ လေအေးပေးစက် အပြည့်တပ်ထားသော်လည်း သူမ လက်ဖဝါးများမှာ ချွေးများထွက်နေလေ၏။
စူးစမ်းချင်စိတ်ကြောင့် ကျန်းယွီမို သည် XXL လက်တိုအင်္ကျီကိုယူကာ သူမ၏ခန္ဓာကိုယ်ရှေ့တွင် တင်ထားလိုက်သည်။
"အရမ်းကြီးတယ်နော်"
သွမ့်ရယ် ၏ ခန္ဓာကိုယ်က တော်တော်ကြီးပြီး အလွန်အရပ်ရှည်သည်။ အပတ်တိုင်းလုပ်ရသော ကျောင်း နံနက်ခင်းလေ့ကျင့်ခန်းများတွင် သူက အမြဲပေါ်လွင်နေတတ်သည်။
သို့သော် ယနေ့မှ သူ့အရပ်နှင့်ပတ်သက်၍ သူမ အသေအချာသိရခြင်းပင်။ သူ့ကိုယ်နှင့် လိုက်ဖက်သျသာ အဝတ်အစားနှင့် နှိုင်းယှဉ်ပြီး သူမ သိလာရတာပင်။
သွမ့်ရယ် ထွက်လာသည်။သည်တစ်ထည်က သူနှင့် လိုက်ဖက်လှ၏။ သိပ်လည်းမတိုပေ။ သူအဝတ်အစားလဲနေခိုက်၊ စျေးနှုန်းကိုကြည့်လိုက်သည်။ စျေးနှုန်းက ယွမ် 399 ဖြစ်၍ ကျောင်းသားတစ်ယောက်အတွက် ဈေးမကြီးပေ။ 20% လျှော့စျေးပြီးနောက် ယွမ် 320 ကျမည်ဟု စာရေးက ပြောလာသည်။
ကျန်းယွီမို ယွမ်တစ်ထောင် ယူလာသောကြောင့် စဉ်းစားပြီး သွမ့်ရယ် ကိုနောက်တစ်မျိုးထပ်ဝတ်စမ်းကြည့်ရန် ပြောခဲ့သည်။
စတိုးဆိုင်မှာ ဆယ်မိနစ်လောက်နေပြီးနောက် ကျန်းယွီမို က လက်တိုနှစ်ထည်ကို ဝယ်ယူလိုက်သည်။ အရောင်းစာရေးက ကျောင်းသားများကို ကြည့်ကာ အလွန်သဘောကျနေသည်။ငယ်ရွယ်နုပျိုသော စုံတွဲကို သူမ သဘောကျမိသောကြောင့်၊ ဝန်ထမ်းများအား လျှော့စျေး 25% လျှော့စျေးပေးစေလိုက်၍၊ အင်္ကျီလက်တို နှစ်ထည်ကို 598 ယွမ်ဖြင့် ရရှိခဲ့သည်။
ကျန်းယွီမို အိတ်ဇစ်ကိုဖွင့်ကာ apricot ရောင် ပိုက်ဆံအိတ်ကို ထုတ်ယူလိုက်သည်။ သို့သော် သွမ့်ရယ် သည် သူ့လက်ကို သူမလက်ပေါ်တင်လိုက်ပြီး ခေါင်းယမ်းကာ “မလိုပါဘူး၊ မင်း ကြိုက်လား”
သူ ဒီလိုမျိုးဝတ်ထားတာကြိုက်လား?
သူ ကျန်းယွီမိုကိုကြည့်နေရင်း "ငါကိုယ်တိုင် ဝယ်လိုက်ပါ့မယ်"
သူက ကျန်းယွီမို နှင့်မတူပေ။ သွမ့်ရယ်သည် သူ့မိဘများပေးသော မုန့်ဖိုးကို မယူတော့ဘဲ အထက်တန်းကျောင်းတက်ပြီးနောက် သူကိုယ်တိုင် ငွေရှာတော့သည်။ သူမ မကြိုက်မှာစိုး၍ သူ့ ငွေရှာနည်းကိုတော့ မပြောချင်ပေ။
“ငါပေးမယ်လို့ပြောရင် ငါပေးမယ်။ နင် ငြင်းရင် ငါပြန်တော့မယ်"
ဤသည်က ခြိမ်းခြောက်မှု ဖြစ်နေပြီ။ မူလက သူမ၏မိဘများသည် မွေးနေ့မုန့်ဖိုးပေးခဲ့သည်။သို့သော် ယနေ့အတွက် သူသည် အရာအားလုံးကို စီစဉ်ပြီးသွားပြီ ဖြစ်သလို သူမကို အကြွေးလည်းပြန်တောင်းမည်မဟုတ်ပေ။
သူက ဤအခြေအနေကို စောစောစီးစီး စဉ်းစားထားပြီးသားဖြစ်မည်။လူအများကြီးရှေ့မှာ သူနှင့်အပြိုင် ငွေလုရှင်းမည်မဟုတ်ကြောင်း သူ သိထားပေမည်။ မိန်းကလေးများသည် ရှက်တတ်ကြသည်။
ကျန်းယွီမို စိတ်အနှောက်အယှက်ဖြစ်နေရသည်။ သူမ ပိုက်ဆံမကျန်တော့မှာကို စိုးရိမ်ပြီး အဝတ်အစားမဝယ်ဖို့ ထပ်ငြင်းနေတာပင်။
သူမ ဒေါသစိတ်ဖြင့် မျက်နှာက နီရဲကာ ကြည်လင်သောမျက်လုံးများကလည်း ပိုမိုစိုစွတ်လာသည်။ သွမ့်ရယ် သည် သူမ၏ လက်ဖမိုးပေါ်တင်ထားသာ လက်ကို ဖယ်လိုက်သည်။
ကျန်းယွီမို သူ လက်လျှော့မှန်းသိသောအခါ၊ ကလေးတစ်ယောက်လို ပျော်မြူးရိပ်သန်းသွားသည်။ သူမ ပိုက်ဆံအိတ်ထဲက ပိုက်ဆံကို ယူပြီး အမြန်ပင်ရှင်းလိုက်တော့သည်။
ထူးထူးခြားခြား တစ်ခုခုလုပ်လိုက်ရသလိုပဲ ပန်းရောင်ပူဖောင်းတွေက သူမရဲ့ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့နေသလိုပဲ။မှန်းစမ်း၊ ဘယ်အရာက သူမကို ပျော်ရွှင်စေတာလဲ။
“အစ်မ ညီမတို့ကို ပစ္စည်းတစ်ခုခုပေးမယ်လို့ ပြောတာမဟုတ်ဘူးလား၊ကတိကိုမဖျက်နဲ့နော်"
“ခြေအိတ်ဆို ဘယ်လိုလဲ” စာရေးမသည် ခေါင်းမထောင်ဘဲ တွေ့ကရာဘက်ကို ပေါ့ပေါ့တန်တန် လက်ညှိုးထိုးပြကာ “ဟိုနားမှာ ကြိုက်တာ ရွေးလို့ရတယ်၊ဘာပဲဖြစ်ဖြစ် စုစုပေါင်း ယွမ် 50 ထက် ပိုယူလို့မရပါဘူး၊ တံဆိပ်တွေမှာ စျေးနှုန်းတွေရှိတယ်”
ကျန်းယွီမိုက သွမ့်ရယ်ကို ဝမ်းသာအားရ ခေါ်သွားသည်။ စင်ပေါ်ရှိအရာများကို မြင်ပြီးနောက် မူလက ရွှင်လန်းနေသော သူမ၏မျက်နှာသည် နီရဲသွားခဲ့သည်။
သွမ့်ရယ်… သွမ့်ရယ် လည်း တော်တော်ရှက်သွားသည်။
ခြေအိတ် သို့မဟုတ် တစ်ခုခုဟု ထင်ခဲ့သော်လည်း ယောက်ျားဝတ် အတွင်းခံများဟု သူမ မမျှော်လင့်ထားပေ။
“ထားလိုက်ပါ” ဟု ပြောရင်း သွမ့်ရယ် အသံက နည်းနည်းလေး လှုပ်ခါနေသည်။
ကျန်းယွီမို သက်ပြင်းတစ်ချက်ချလိုက်သော်လည်း တစ်ခုခုမှားနေပြီဟု ခံစားလိုက်ရသည်။
"နင့်ဘာသာနင် ရွေး၊ ငါ လက်ဆေးဖို့ ရှော့ပင်းမောလ်ကို သွားလိုက်ဦးမယ်၊ နောက်မှ တံခါးမှာ ဆုံမယ်"
မည်သို့ဆိုစေ၊သူမ ငွေးရှင်းပြီးသားပင်။
သွမ့်ရယ် တစ်ခုခုပြောချင်သော်လည်း ကျန်းယွီမိုက သူ့ကို နှောင့်ယှက်လိုက်ပြီး "ငါ့ရဲ့ကြိုးစားအားထုတ်မှုကို အချည်းနှီးမဖြစ်ပါစေနဲ့နော်၊မဟုတ်ရင် နင့်ကိုမခေါ်တော့ဘူး"
ပြောပြီးသည့်နောက်တွင် တစ်စုံတစ်ခုက သူမကို နောက်မှလိုက်နေသလိုမျိုး ဆိုင်ထဲမှ ထွက်ပြေးသွားတော့သည်။
စာရေးက သူမကို စိတ်ရှုပ်ထွေးစွာ ကြည့်နေပြီးနောက် ကျန်ရစ်ခဲ့သော အရပ်ရှည်ရှည် ကောင်လေးကို တစ်ဖန် ကြည့်လိုက်မိတော့သည်။
'လူငယ်တွေများ ..'
💌💌