Chapter 7
Viewers 153

💌Chapter 7





ကျန်းယွီမိုနှင့် သွမ့်ရယ် ပြန်လာသောအခါ သူငယ်ချင်းတစ်ချို့က သွမ့်ရယ် အဝတ်အစားပြောင်းထားသည်ကို သတိပြုမိသည်။ 


သွမ့်ရယ်သည် ယခင်က အနက်ရောင်လက်တိုအင်္ကျီကို ၀တ်ဆင်ထားပြီး ယခု သူဝတ်ထားသည့် ရှပ်အင်္ကျီမှာ အနက်ရောင်ဖြစ်နေသေးသော်လည်း ကြည့်ရသည်မှာ ကွဲပြား‌နေသည်။ 


 ဒီနှစ်ယောက် ဘာလုပ်လိုက်တာလဲ။ 


ကောရှစ်ချောင် နှင့် သွမ့်ရယ် တို့သည် မူလတန်းကျောင်းသားဘဝကတည်းက သွမ့်ရယ်နှင့် သူငယ်ချင်းဖြစ်ခဲ့ကြသော်လည်း၊ စနောက်ဖို့ မဝံ့ရဲကြပေ။ 


 ယောက်ျားလေး အချင်းချင်း၊ ရိုင်းစိုင်းသော သဘောဖြင့် မကြာခဏ ပြောဆိုလေ့ရှိပြီး ဟာသလုပ်ကာ အသင့်တော်သော အကြောင်းအရာများကို ဂရုမစိုက်ဘဲ ပြောဆိုတတ်ကြသည်။ အချို့သော ယောက်ျားလေးများသည် သူတို့၏ “စိတ်ခံစားမှုဆိုင်ရာ အတွေ့အကြုံများ” ကို “ဆုတံဆိပ်များ” သဖွယ်ပင် ကြွားဝါတတ်ကြသည်။ အခြားသူများ၏အမြင်ကို သူတို့ဂရုမစိုက်သော်လည်း ကျန်းယွီမို၏ရှေ့တွင်တော့ ဘာမှ မပြောရဲပေ။

 

သွမ့်ရယ်နှင့်သူတို့၏ဆက်ဆံရေး မည်မျှကောင်းမွန်နေပါစေ၊ မည်မျှပင် ကွယ်ရာမှာ နောက်နောက်ပြောင်ပြောင် စကားများပြောနေပါစေ၊ သွမ့်ရယ်၏ရှေ့တွင် ကျန်းယွီမို ကို ဘယ်လိုမှ မပြောဝံ့ကြပေ။


အသက် 17နှစ် သို့မဟုတ် 18နှစ်တွင်၊ တစ်စုံတစ်ဦးအား မြတ်နိုး‌နေသည့်ခံစားချက်ကို တချို့ကောင်လေးများ မသိသေးမီတွင် သွမ့်ရယ်က ကျွမ်းကျင်သူဖြစ်နေပေပြီ။ 


 တခြားကျောင်းများမှာလည်း သူတို့နှင့် ဆင်တူသော လူဆိုးဂိုဏ်းများ ရှိသည်။သူတို့သည် သုံးရက်တစ်ကြိမ် ရည်းစားပြောင်းကြပြီး ဆေးလိပ်ကိုပင် ‌ပေါ်တင်သောက်ကြသည်။ထိုယောက်ျားလေးအုပ်စုများသည် သူတို့၏ ချစ်သူရည်းစားများကို လေးစားမှု မရှိပေ။ သူတို့ခေါင်းဆောင်၏ ရည်စားနာမည်ကို သုံး၍ပင် အောက်လုံးများ ပြောရဲသည်။ 


သို့သော် သွမ့်ရယ်၏ သူငာ်ချင်းတစ်ဖြစ်လဲ၊ “ညီငယ်များ” သည် ထိုသို့မလုပ်ရဲကြပေ။သူတို့သည် အသက်မပြည့်သေးသော်လည်း ဘယ်သူ့ကို ကြောက်သင့်၊မကြောက်သင့်မှန်း သိကြသည်။ ဥပမာ ကျန်းယွီမိုပင်။သွမ့်ရယ်က သူမကို မလိုက်သေးကြောင်း သူတို့အားလုံးသိသော်လည်း စည်းကမ်းဖောက်ဖျက်ရန် မဝံ့ရဲကြပေ။ကောရှစ်ချောင် နှင့် အခြားသူများသည် မျက်မမြင်များကဲ့သို့ မသိချင်ယောင်ဆောင်နေကြသည်။


ယန်ချင်က ကျန်းယွီမို နှင့် အလွန်ကောင်းမွန်သော ဆက်ဆံရေးရှိသောကြောင့် သူမက‌တော့ စိတ်မပူနေပေ။ကျန်းယွီမို ထိုင်ချလိုက်သည်နှင့် ယန်ချင်က သူမနားကိုထိုင်ကာ တီးတိုးပြောလိုက်၏။


 "ဘာလုပ်လာတာလဲ၊ အစ်ကိုသွမ့်က ဘာလို့ အဝတ်အစားတွေ ပြောင်းလာတာလဲ”


လူအများသည် ကာရာအိုကေသီဆိုကခုန်နေသောကြောင့် ဆူညံနေကာ ကျန်းယွီမိုသည် ယန်ချင်ကြားရအောင် အတတ်နိုင်ဆုံး ထိန်းပြောရသည်။


"သူ့အင်္ကျီက ခရင်မ်တွေပေကုန်တာကိုးဟဲ့၊ပြီတော့ စားသမျှလည်း သူချည်းရှင်းထားတာ"


 တခြားသူများက သူ့ကို ထိုင်ခိုင်းသော်လည်း သွမ့်ရယ် မထိုင်ချင်ပေ။ ကျန်းယွီမိုဘေးနားက ထိုင်ခုံများကို သူမ၏ သူငယ်ချင်းများက နေရာယူထားသောကြောင့် သွမ့်ရယ်သည် အခြားသူများနှင့်လည်းမရောဘဲ မနီးမဝေးက ခုံမြင့်ပေါ်မှာ ထိုင်လိုက်သည်။


အခန်းထဲက ရောင်စုံဆလိုက်မီးများကြောင့် ကျန်းယွီမို၏ ခန္ဓာကိုယ်ပေါ်ကို အလင်းရောင်များ ဖြာကျလျက်ရှိ၏။ သူမက သူငယ်ချင်းများကို တီးတိုးပြောနေသည်ကို ကြည့်ရင်း သူမ၏ နူးညံ့သည့်မျက်လုံးများက အပြုံးများဖြင့် ပြည့်နေသည်။


စွန်းမုန့်ထင် လည်း ရောက်လာပြီး “အစ်ကိုသွမ့်အတွက် အဝတ်အစားတွေ နင်က ဝယ်ခဲ့တာလား”


ယန်ချင် အနည်းငယ်ရှက်သွားပြီး “ငါတို့ကလည်း ခရင်မ်ပေအောင် မလုပ်သင့်ဘူး…ဘယ်လောက်လဲ၊ အဲဒါအတွက် နင့်ကို ငါပြန်ပေးမယ်"


ကျန်းယွီမိုက "အဲဒါ ငါ့တာဝန်ပဲ၊ နင်နဲ့ဘာဆိုင်လို့လဲ!"


ယန်ချင် က “အိုကေ၊ အိုကေ၊ အစ်ကိုသွမ့်ရဲ့အဝတ်အစားတွေကို နင်ပဲ ဝယ်ပေးလိုက်ပါတော့ဟယ်၊ငါတို့ လုမဝယ်ပေးပါဘူး" 


 "အေး မပြီးသေးဘူးကျောင်းစတက်တဲ့ အပတ်ကျရင် နင့်ရဲ့ အာလူးဖုတ်ကို ငါ စားမယ်"


ယန်ချင် က ကျန်းယွီမို ၏လက်မောင်းကို ကိုင်ကာ ပြုံးလိုက်သည်။ "အာလူးဖုတ်တင်မကဘူး၊ ရေခဲမုန့်လည်း ငါ ယူလာခဲ့မယ်။"  


ကောင်မလေးများသည် ရယ်မောပြီး တစ်ယောက်ကိုတစ်ယောက် ဝိုင်းတွန်းနေကြလေသည်။


စွန်းမုန့်ထင်က ယန်ချင်ကို တစ်ဖက်မှ စောင်းကြည့်လိုက်ပြီး သွမ့်ရယ် ရှိရာဘက်ဆီ မျက်စောင်းထိုးပြလိုက်သည်။  


"ယွီမိုကို အရမ်းမတွန်းနဲ့" သူမက သူတို့ သုံးယောက်သာ ကြားနိုင်သည်အထိ အသံကို လျှော့လိုက်သည်။


“ကြည့်စမ်း၊ အစ်ကိုသွမ့်က မနာလိုတဲ့ မျက်လုံးလေးတွေနဲ့ ကြည့်နေတယ်"


ကျန်းယွီမို သွမ့်ရယ်ကို မသိမသာ ကြည့်လိုက်သည်။သေချာသည်ကတော့ သူလည်း သူမကို ကြည့်နေခြင်းပင်။


 သူမ၏ အကြည့်ကို လှမ်းမြင်လိုက်ရာ သွမ့်ရယ်သည် ခဏတာ အံ့အားသင့်သွားခဲ့သည်။ သူထပြီး ထောင့်တစ်နေရာက ရေပုလင်းကို ယူကာ အဖုံးဖွင့်ပြီး သူမကို ပေးလိုက်သည်။


ကျန်းယွီမို က ယူလိုက်သည်။


သွမ့်ရယ် ပြန်မထိုင်ချင်တော့ဘဲ မှန်ကာထားသောနံရံကို မှီနေလိုက်သည်။


ယန်ချင်သည် စွန်းမုန့်ထင် ကို မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြကာ ပြောလိုက်သည်။ “သွားရအောင်၊ သီချင်းရွေးကြမယ်လေ၊အစ်ကိုသွမ့်ကို ထိုင်ခုံနေရာပေးရအောင်။”


ကျန်းယွီမိုက သူတို့ကို အတင်းဆွဲထားပြီး တားဖို့ကြိုးစားသော်လည်း သူတို့နှစ်ယောက်ကို မထိန်းနိုင်ခဲ့ပေ။


ယန်ချင်နှင့် စွန်းမုန့်ထင်က ထပြီး ကာရာအိုကေရှိရာဘက်ကို သွားကြသည်။ သိပ်မကြာခင်မှာပဲ သွမ့်ရယ် ရောက်လာပြီး ကျန်းယွီမို အနားမှာ ဝင်ထိုင်လိုက်သည်။


သွမ့်ရယ် ၏တည်ရှိနေမှုသည် ဘယ်သူမှ လျစ်လျူမရှုထားနိုင်သောအရာပင်။သူထိုင်ပြီးသည်နှင့် သူ့ဘေးနားကလူများက သူတို့နှစ်ယောက်အတွက် နေရာထိုင်ခင်းလုပ်ဖို့ နံဘေးကို ခွာသွားကြ၏။


ကျန်းယွီမို ကတော့ သူတို့ ပတ်ဝန်းကျင် ရုတ်တရက် တိတ်ဆိတ်သွားသည်ဟု ထင်ယောင်ထင်မှားဖြစ်နေသလိုပင်။ ယခုနှစ် တရုတ်အသိုင်းအဝိုင်းမှာ ထူးချွန်သူ အများကြီးရှိသည်။သီချင်းကောင်းလည်း အများကြီးထွက်ပြီး လူတိုင်းက မြူးမြူးကြွကြွသီဆိုကြသည်။


ကောရှစ်ချောင်က ထိုင်ခုံမြင့်မြင့်ပေါ်တွင်ထိုင်ကာ စခရင်ပေါ်ရှိ စာသားများ ကိုကြည့ရင်း မိုက်ခရိုဖုန်းဖြင့် အော်ဆိုနေသည်။


 “သူမရဲ့ နူးညံ့တဲ့အသွင်အပြင်က အရည်ရွှမ်းတဲ့ ပန်းဆီ‌ရောင် မက်မွန်သီး‌လေး၊လူတိုင်း ကိုက်စားချင်စရာလေးပေါ့....."


ကျန်းယွီမိုက ငယ်ရွယ်သည်။ သူမ၏ အသားအရေသည် ကြွေထည်ကဲ့သို့ နူးညံ့သည်။ သူမ၏ မျက်လုံးထောင့်အောက်တွင် အရောင်ဖျော့ဖျော့မှဲ့တစ်ခုရှိပြီး တခြားနေရာများတွင် အပြစ်အနာအဆာဟူ၍ မရှိသလောက်ဖြစ်သည်။ ဤအရွယ်မှာ မိန်းကလေးများသည် foundation နှင့် blush လိမ်းစရာမလိုဘဲ တောက်ပပြီး လှပနေပြီးသားပင်။


လူမှုရေးပြဿနာများ သို့မဟုတ် ဘဝတွင်အခက်အခဲများကို မတွေ့ကြုံရသေးသော မိန်းကလေးတစ်ဦးသည် အတွင်း‌ရောအပြင်ပါ၊ ကြည်လင်မှုဖြာထွက်‌နေကာ အပြစ်ကင်းစင်လှသည်။


 သူမ၏ မျက်လုံးများသည် သန့်စင်ကြည်လင်နေပြီး အပြုံးမှာလည်း အပြစ်ကင်းစင်သည်။


ဤသည်က သွမ့်ရယ် မြင်ဖူးသမျှထဲမှာ အလှပဆုံး မြင်ကွင်းပင်။ နှစ်အတော်ကြာကြာတောင် မေ့မရနိုင်သည့် အလှတစ်ခုပင်။


ကျန်းယွီမို၏ မျက်လုံးများက မတည်ငြိမ်နိုင်ဖြစ်နေသော်လည်း၊ တည်ငြိမ်ဟန်ဆောင်ပြီး ဖန်သားပြင်ကိုသာ ကြည့်နေသည်။


 သူမ၏ ဒူးပေါ်တင်ထားသော လက်များက အလိုလို တင်းကျပ်လာသည်။ လေအေးပေးစက်က အေးလွန်း၍ သူမ၏လက်များက အေးစက်နေ၏။


 "သူ့နှုတ်ခမ်းထက်က တောက်ပတဲ့ နှုတ်ခမ်းနီကို ကိုယ် မြင်ရတဲ့ခဏ သူမရဲ့အလှမှာ ယစ်မူးမိပြီး ဂုဏ်ယူတယ်"


သွမ့်ရယ်သည် သူ့နှလုံးသားပေါ်တွင် ငှက်တောင်မွှေးလာနားသလို ခံစားလိုက်ရသည်။ ကျန်းယွီမိုကို ကြိုက်နှစ်သက်သူ အများအပြားရှိသော်လည်း သွမ့်ရယ်ကသာ သူမအား စေ့စေ့ကြည့်ရှုသူ ဖြစ်သည်။


 ဆယ်ကျော်သက်ကောင်လေးတစ်ယောက်၏ သဘောကျမှုက အပေါ်ယံပင်။အသက်ငယ်ငယ်လေးမှာ အတန်းဖော်တစ်ယောက် အလွာ်တကူ ချစ်မိတတ်သည်။သို့သော် မိဘနောက်ကွယ်မှာ တိတ်တိတ်လေး ခိုစဆော့ရသော အင်တာနက်ကဖေးမှ ဂိမ်း‌ေဆာ့ရသည်က အချစ်ထက် ပိုအရေးကြီးနေသည်ပင်။  


 သို့သော် သွမ့်ရယ်က မတူပေ။


ကျန်းယွီမိုသည် သူမ ခံစားနေရသည်ည်ကို နားမလည်နိုင်သလို၊သူမ ရဂ်ထဲမှ ဗလောင်ဆူနေသော အတွေးများက သူမကို လွှမ်းခြုံထားတာကြောင့် ဘာကိုမှ အာရုံမစိုက်နိုင်တော့။


 သူမသည် လူတစ်ယောက်အား သဘောကျသည်ဆိုခြင်းကို မသိခဲ့သလို တီဗီဒရာမာများတွင် ပြသတတ်သော "အချစ်" မည်သို့မည်ပုံဖြစ်သည်ကို မသိသော်လည်း သွမ့်ရယ်ကို ကြည့်မိသောအခါတွင် အခြားမည်သူ့ကိုမျှ မမြင်နိုင်‌တော့ပေ။ ကြားနေရသည့် သီချင်းသည်လည်း နားထဲ မရောက်တော့ဘဲ သူမကို ငေးကြည့်နေသည့် ခံစားချက်ကိုသာ အာရုံစိုက်နေမိ၏။ 


သွမ့်ရယ်၏ အရပ်အမောင်းက အထင်ကြီးစရာပင်။ သူ့ခြေထောက်များက ရှည်ရုံတင်မကဘဲ လက်တံကလည်း ရှည်သည်။ရုတ်တရက် သူက သူမကို ပွေ့ဖက်ထားသလိုမျိုး ဆိုဖာနောက်မှီပေါ် မှီလိုက်သည်။


ကျန်းယွီမို သူ့ကို မကြည့်သော်လည်း၊ သူ့အကြည့်က စူးရှလွန်း၍ သူမ လျစ်လျူမရှုနိုင်ခဲ့ပေ။ သူမ၏ ပါးပြင်များ ပူထူလာကာ ခေါင်းကို လှည့်ကာ ဒေါသတကြီး သူ့ကို စိုက်ကြည့်လိုက်သည်။  


"ငါ့ကို မကြည့်နဲ့"


 သာယာသော်လည်း ရှက်ရွံ့သော အပြုံးတစ်ခု သွမ့်ရယ်၏ မျက်လုံးများတွင် တောက်ပလာသည်။ သူက “ကောင်းပြီ” ဟုပြောကာ သူမလိုပင် ဖန်သားပြင်ကို ကြည့်နေလိုက်သည်။


 “ကောရှစ်ချောင်က သီချင်းဆို တော်တယ်နော်၊ သူ့ရဲ့ ကန်တုံစကားက အရမ်းကောင်းတယ်” ကျန်းယွီမိုက ဖန်သားပြင်ကို ကြည့်ရင်း ပြောသည်။


 "အပြင်လူတွေရဲ့အမြင်မှာတော့ ဒီကျောင်းသားတွေဟာ 'ညံ့ဖျင်းတဲ့ကျောင်းသားတွေ' ဖြစ်ပေမယ့် သူတို့အားလုံးမှာ သူတို့ရဲ့ အားသာချက်နဲ့ စွမ်းရည်တွေရှိတယ်" ဟု ကျန်းယွီမိုက တွေးမိသည်။


 "ဘာလို့ သီချင်းမဆိုတာလဲ" သွမ့်ရယ် က မေးသည်။


ကျန်းယွီမိုသည် ရှက်နေသည့်ကြားထဲက သူ့ကို ပြန်ကြည့်လိုက်သည်။ 


 "နင် မသိသလို မလုပ်စမ်းနဲ့"


အမှန်တော့ ကျန်းယွီမိုသည် အရာရာတွင် ထူးချွန်သူဖြစ်၏။ သူမသည် ဥပဓိရုပ်ကောင်း၊ သူငယ်ချင်း‌ပေါများ၊ ရုပ်ရည်ချောမောသူဖြစ်သည်… သို့သော် သူမတွင် ချို့ယွင်းချက်တစ်ခုရှိသည်။


ဤသည်က မယုံနိုင်စရာပင်။ သူမ၏အသံသည် အလွန်သာယာသည်၊ နွေရာသီတွင် လူတို့ကို လန်းဆန်းစေသည့် ရေကြည်လိုမျိုး ကြည်နူးဖွယ်ကောင်းသည့် အသံမျိုးရှိသည်။ သို့သော် သူမသည် သီချင်းကို ကီးဝင်အောင်မဆိုနိုင်ပေ။


သူမ ယခင်က သီချင်း သီဆိုခဲ့ဖူးသော်လည်း ကောရှစ်ချောင်၏ နောက်ပြောင်ခြင်းကို ခံခဲ့ရသည်။ "အစ်မ၊ စာသားတွေ ဖတ်နေတာလား"


ထိုစကားကိုကြားသော်၊ သွမ့်ရယ်က ကောရှစ်ချောင်ကို မျက်လုံးနှင့် သတိပေးလိုက်သည်။ ကောရှစ်ချောင်က ဆက်မပြောတော့သော်လည်း ထို့နောက်ပိုင်းတွင် ကျန်းယွီမိုသည် အပြင်မှာ သီချင်းဆိုဖို့ အမြဲ ငြင်းဆိုတော့သည်။


 "နင်ရော ဘာလို့ သီချင်းမဆိုတာလဲ" ကျန်းယွီမိုက ပြန်မေးသည်။


သွမ့်ရယ်က သီဆိုကခုန်ရသည်ကို မကြိုက်ပေ။ သူက ခေါင်းကို ခါယမ်းလိုက်ပြီး ကိုယ်လုံးကို အနည်းငယ် စောင်းလိုက်ရာ၊ ကျန်းယွီမို သည် သူမ တစ်ကိုယ်လုံး သူ့ရှေ့သို့ ရောက်သွားသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ ကျောက်ကျန့် ပေးထားသော ပီကေကို ဝါးထားသောကြောင့် သွမ့်ရယ် ပါးစပ်မှ ပူစီနံ ရနံ့ထွက်လာလေသည်။ သူ့အသံကလည်း တိုးလျဩရှနေ၏။


  "ကိုယ်တို့ လမ်းလျှောက်ထွက်မလား"


ကျန်းယွီမို ခဏတုံ့ဆိုင်းသွားပြီး ခေါင်းညိတ်လိုက်သည်။


 "ဒါဆို သွားကြရအောင်" သွမ့်ရယ် အလွန်ပျော်ရွှင်နေပုံရသည်။


သွမ့်ရယ် ထပြီး သွယ်လျသော သူမ၏ လက်ကောက်ဝတ်များကို အသာအယာကိုင်ကာ တံခါးဆီသို့ လျှောက်သွားသည်။ ကျန်းယွီမို အနည်းငယ် ရှက်ရွံ့သွားသလို ခံစားလိုက်ရပြီး မည်သူမျှ သတိမပြုမိစေရန် မျှော်လင့်ရင်း ခေါင်းငုံ့ထားလိုက်သည်။သို့သော်လည်း လူတိုင်း သတိမထားမိဘဲ မနေပေ။သူတို့ထွက်သွားပြီးနောက်၊ ကောရှစ်ချောင် သည် မိုက်ခရိုဖုန်းကို ကိုင်ထားရင်း ကျောက်ကျန့်အား 

"မင်း လောင်းချင်သလား၊ မလောင်းချင်ဘူးလား"


 လူတိုင်း စိတ်လှုပ်ရှားသွားသည်။ "ဘာလောင်းကြေးလဲ"  


ကောရှစ်ချောင် ပြုံးပြီး “ပိုက်ဆံမပါရင် စိတ်ဝင်စားစရာ မကောင်းဘူး"


ယန်ချင်က ကောရှစ်ချောင် ဘာလောင်းမယ်ဆိုသည်ကို ယောင်ဝါးဝါးမှန်းဆရင်း ပိုက်ဆံအိတ်ထဲက ယွမ်ငါးဆယ်ကို ထုတ်ပြီး ဂုဏ်ယူစွာနှင့် စားပွဲပေါ်တင်လိုက်သည်။


  "ငါ နင့်ကို ၅၀ ပေးမယ်"


ကောရှစ်ချောင် ပြုံးပြီး ပြောလိုက်သည်။ “ဝါး၊ငါ နှစ်ဆယ် လောင်းမယ်”


 "ပျော်စရာပဲ!" ယန်ချင်၏ မိသားစုသည် ချမ်းသာ၍ သူမသည်လည်း ပိုက်ဆံပေါသည်။


“ငါ ငါးဆယ်ထည့်မယ်"


ချက်ချင်းဆိုသလို လူတိုင်းက အနည်းဆုံး နှစ်ဆယ်ခန့့် အသီးသီး ထုတ်လိုက်သည်။ ခဏကြာလျှင် စားပွဲပေါ်မှာ ပိုက်ဆံများထပ်လာသည်။


 “ဒီည အစ်ကိုသွမ့် သူငယ်ချင်းဇုန်ကနေ ထွက်သွားနိုင်မယ်လို့ ငါ အာမခံတယ်” ကောရှစ်ချောင်က ဆိုသည်။


 အခြားတစ်ယောက်က “အဲဒါကို မေ့ထားလိုက်စမ်းပါ၊ အစ်ကိုသွမ့် အဝတ်အစား ချွတ်မှာလားဆိုတာ လောင်းကြည့်ရအောင်”


 ယောက်ျားလေးတိုင်းက ဤစကားမျိုး နားလည်သည်။သို့သော် ထိုသူ ပြောပြီးချင်း နောင်တရသွားသည်။ အဓိကအကြောင်းအရင်းက သူ ဘာမှမတွေးဘဲ ပြောလိုက်တာပင်။ 


သွမ့်ရယ် မရှိ၍ ကံကောင်းသွားသည်။ သူသာရှိလျှင် ဤသည်က ပိုကြီးသည့်ကိစ္စဖြစ်လိမ့်မည်။


 “ညီအစ်ကိုတို့၊ ညီမတို့၊ ငါ ပြောမိတာ မှားသွားပါတယ်"


ထိုသူက သူ့ကိုယ်သူ ပါးရိုက်ကာ “ကျေးဇူးပြုပြီး အစ်ကိုသွမ့်ကို မပြောပါနဲ့နော်၊ငါ သေလိမ့်မယ်"


ကောရှစ်ချောင် ၏ မျက်နှာက လုံးဝပျက်သွားသည်။


သူတို့ကြားက ဆက်ဆံရေးမှာ သိပ်ပြီး မခိုင်မာပေ။ သူတို့အားလုံးသည် ယာယီအသိမိတ်‌ဆွေမျှသာဖြစ်သည်။ သို့သော် ယနေ့တွင် သူသည် ဧည့်သည်ဖြစ်၍ ဧည့်သည်အနေနှင့် ထိုသူကို နှင်ထုတ်ရန် မဖြစ်နိုင်သည်မှာ ထင်ရှားသည်။


ကျောက်ကျန့်က "မင်းက လူယုတ်မာပဲ"


ယန်ချင် စိတ်မဝင်စား။


ကျန်းယွီမို အပါအဝင် သူမတို့ သွမ့်ရယ်နှင့် ကျင်လည်သော အသိုင်းအဝိုင်း မတူပေ။သွမ့်ရယ်အနီးတွင် လူများလွန်းသည်။လူက ပေါင်းစုံ အသိုင်းအဝိုင်းအစုံပင်။ သူနှင့် အလွန်ရင်းနှီးသူများက ကျန်းယွီမိုကို လေးစားကြသော်လည်း၊ တချို့လူများက ခြွင်းချက်ဖြစ်သည်။ 


 သို့သော် မင်းဘာသာမင်း သွမ့်ရယ်နှင့် ရင်းနှီးသည်ဖြစ်စေ မရင်းနှီးသည်ဖြစ်စေ၊ မင်းသိထားဖို့က ကျန်းယွီမိုကို သွားမစပါနဲ့။


 လူတစ်ယောက်ကို ကြိုက်နှစ်သက်လာသည့်အခါ ထိုလူ့အပေါ်ထားသော လေးစားစိတ်လည်း တွဲပါလာရသည်။ 


 သို့သော် ဆယ်ကျော်သက်ယောက်ျားလေးအချို့ကိုမဆိုထားနှင့် မိမိကိုယ်ကို ရင့်ကျက်သောအမျိုးသားများပင် နားမလည်နိုင်ပေ။


သွမ့်ရယ်သည် ကျန်းယွီမိုကို မထီမဲ့မြင် ပြုသူများအား ခွင့်လွှတ်မည် မဟုတ်ပေ။


 သို့သော် ယခုအချိန်တွင်တော့ အသက်17နှစ်အရွယ် ကျန်းယွီမို ကြုံတွေ့ခဲ့ရသော နှုတ်ဖြင့် အပြောခံ(မလေးစားခံ)ရသည့်ကိစ္စမှာ သူ့ကြောင့်မှန်း သွမ့်ရယ် မသိခဲ့ပေ။





💌💌