Ch-13
Viewers 484

Ch-13 Unicode 


ရာသီဥတုပူပြင်းချိန်တွင် လူတွေလည်း အစာစားချင်စိတ်သိပ်မရှိကြတော့ပေ။ ထိုအခါ လတ်လတ်ဆတ်ဆတ်ဟင်းလျာများ ချက်ပြုတ်ပါက လူတွေကို ပိုပြီးသက်တောင့်သက်သာရှိစေသည်။ 


ချန်ချင့် ရေနွေးတည်နေချိန်မှာပင် ရင်းနှီးနေသော တံခါးခေါက်သံသုံးချက်ကို ကြားလိုက်ရသည်။ 


သူ့၏ ရေစိုနေသော လက်များကို သူ့အဝတ်ပေါ်မှာ သုတ်လိုက်ရာ လက်ဝါးရာနှစ်ခုထင်ကျန်နေလျက်။ သူ တံခါးဖွင့်လိုက်သောအခါ တံခါးဝ၌ ဇလုံတစ်လုံးကိုင်ကာ ရပ်နေသော ကျိုးယွမ်ကို တွေ့လိုက်ရလေ၏။ 


ချန်ချင့် သူ့ကို မကြည့်ရဲသေးပေမယ့် သူ့လက်ထဲက ဇလုံကို ကမ်းယူလိုက်သည်။ 


"ကျေးဇူးပါပဲ" ကျိုးယွမ် အသံတိုးတိုးဖြင့် ပြောလာ၏။ 


ချန်ချင့် ခေါင်းခါပြကာ ခေါင်းနည်းနည်းလေးမော့လာပြီးမှ အလျင်အမြန် ပြန်ငုံ့သွားခဲ့သည်။ 


"ရပါတယ်


သူ တံခါးပိတ်လိုက်ပြီးနောက် ဇလုံထဲ၌ မြေပဲလက်တစ်ဆုပ်စာ၊ ပဲလက်တစ်ဆုပ်စာ၊ သကြားလုံးနှစ်လုံးနှင့် ကြေးပြားနှစ်ပြားရှိနေသည်ကို တွေ့လိုက်ရလေ၏။ 


ချန်ချင့် ခေါင်းမော့လိုက်သည့်အခါ ထွက်သွားနှင့်ပြီဖြစ်သော ကျိုးယွမ်၏ နောက်ကျောကိုသာ တွေ့လိုက်ရသည်။ သူ့လက်ကို ဆီစိမ်စက္ကူနှင့် ထုပ်ပိုးထားသော သကြားလုံးပေါ်မှာ တင်ထားမိသည်။ သူ့နှလုံးသားလေးထဲမှာ အနည်းငယ်ချဉ်သလို ခံစားလိုက်ရကာ သူလည်း ရှင်းမပြတတ်ပါချေ။ 


စွင်းတာ့ညန် မြက်ရိတ်ရာကနေ ပြန်လာချိန်တွင် တံခါးဝ၌ ဇလုံကိုင်ထားပြီး ရပ်နေသော ချန်ချင့်အား တွေ့လိုက်ရ၍ 


"အားချင့် မင်း ဘာလုပ်နေတာလဲ


ထိုအခါမှ ချန်ချင့် ပြန်လည်တုံ့ပြန်လာကာ လက်ထဲကဇလုံကို စွင်းတာ့ညန်အား ပြလိုက်တော့သည်။ 


"အိမ်နီးနားချင်းက ဒါ ပြန်ပေးဖို့လာခဲ့တာ


စွင်းတာ့ညန် ဇလုံထဲက ပစ္စည်းများကို တွေ့လိုက်သည်နှင့် ခေါင်းတညိတ်ညိတ်ဖြင့် "ကျိုးယွမ်က လူကောင်းလေးပဲ


ချန်ချင့်သည် သူ့အမြင်ကို မဖော်ပြခဲ့ပေ။ သူသည် ကျိုးယွမ်နှင့် မရင်းနှီးသော်လည်း စွင်းတာ့ညန်ကတော့ ကျိုးယွမ်ထံ မကြာခဏဆိုသလို အစားအသောက်များ သွားပို့တတ်ပြီး တပ်စခန်းရှိ အကြောင်းကိစ္စများကို ပြောပြရန် ကျိုးယွမ်အား ဆွဲထားလေ့ရှိသည်။ သူမက မုန့်ထောင်းအကြောင်း များများနားထောင်ချင်၍သာ။ 


ကျိုးယွမ်သည် တပ်စခန်းရှိ အကြောင်းအရာတချို့ကို အမြဲတမ်း စိတ်ရှည်လက်ရှည်ဖြင့် ပြောပြတတ်သည်။ သို့သော် အားလုံးကတော့ မုန့်ထောင်းအကြောင်းမဟုတ်ပါချေ။ သူတို့က အချင်းချင်းမရင်းနှီးခဲ့တာကြောင့်ပင်။ 


သို့သော်ငြား ဘယ်လိုဖြစ်ဖြစ် စွင်းတာ့ညန်ကတော့ အတော်လေး ကျေနပ်နေပြီဖြစ်သည်။ 


စွင်းတာ့ညန်သည် အသက်အရွယ်ကြီးနေပြီဖြစ်၍ သွားတွေသိပ်မကောင်းတော့ပေ။ သူမက ချန်ချင့်ကို သကြားလုံးအားလုံး ပေးလိုက်ကာ သူမကိုယ်တိုင်ကတော့ မြေပဲနည်းနည်းစားလိုက်၏။ သို့နှင့် သူမ ညစာသိပ်မစားနိုင်တော့ချေ။ 


ချန်ချင့် ချက်ထားသော ဟင်းသီးဟင်းရွက်ရိုင်းများဟာ လတ်ဆတ်သော်လည်း ပူအိုက်လွန်း၍ သူ အများကြီးမစားနိုင်ပါချေ။ ညစာအတွက် သူ ပိုချက်ပြုတ်လေ့ရှိတာ အတော်ကြာလေပြီ။ သည့်အပြင် ကျိုးယွမ်က နေ့တိုင်း ဟင်းသီးဟင်းရွက်အများကြီး ပို့ပေးတတ်၍ နေ့လည် စားမကုန်ပါက ချန်ချင့်က ညဘက်မှာပါ ချက်ပြုတ်လေ့ရှိသည်။ 


စွင်းတာ့ညန်က သီးခြားခွဲထားသော ဂေါ်ဖီကြော်၊ အသားပြားများနှင့် ဘန်းမုန့်ပေါင်းသုံးလုံးကို တွေ့လိုက်ရသည့်အခါ ဒါဟာ ကျိုးယွမ်အတွက်မှန်း သူမသိလိုက်ချေပြီ။ 


ချန်ချင့် အနည်းငယ် ထိတ်လန့်သွားရလျက်၊ စွင်းတာ့ညန် အတွေးလွန်သွားမှာ ကြောက်သဖြင့် "ဒါ နေ့လည်စာထဲက ဟင်းကျန်တွေပါပဲ... အဲဒါကြောင့် ကျွန်တော်..." 


"ငါ မင်းကို ဘာမှမပြောပါဘူးကွယ်... နောက်မှ သူ့ဆီ ငါ သွားပို့လိုက်မယ်


ချန်ချင့် ရေနွေးတစ်ငုံသောက်ပြီး ဘာစကားမှ ထပ်မပြောလိုက်တော့။ 


နွေရာသီညဟာ သူ့အပေါ် တဖြည်းဖြည်း လွှမ်းခြုံလာသည်နှင့် ချန်ချင့်လည်း ပြတင်းပေါက်ကို နည်းနည်းဖွင့်လိုက်သည်။ ညလေညင်းလေး တိုက်ခတ်လာသဖြင့် အခန်းတွင်းရှိ အပူငွေ့များအား မှုတ်ထုတ်လိုက်သည့်နှယ်။ သို့နှင့် ချန်ချင့် တဖြည်းဖြည်း အိပ်ပျော်သွားတော့သည်။ 


သို့သော် ချန်ချင့်ဟာ အမြဲတမ်း အအိပ်ဆတ်သူဖြစ်၍ အသံအနည်းငယ်ကြားရုံမျှဖြင့် နိုးလာနိုင်သည်။ တိတ်ဆိတ်နေသောညအချိန်ဝယ် ချန်ချင့်သည် ချိုးချိုးချွတ်ချွတ်အသံကို ကြားလိုက်ရ၍ မျက်လုံးများ ပွင့်လာတော့သည်။ 


ချန်ချင့် ပြတင်းပေါက်ကိုဖွင့်လိုက်ရာ သူတို့ခြံထဲသို့ ဝင်လာသော ခိုးကြောင်ခိုးဝှက်ပုံရိပ်နှစ်ခုအား တွေ့လိုက်ရလေသည်။ ချန်ချင့်ခမျာ သူ့အပေါ်အင်္ကျီကိုပင် ဝတ်ရန် အချိန်မရှိတော့ဘဲ အိပ်ရာမှထကာ တံခါးနောက်တွင် ထားထားသည့် သစ်သားတုတ်ချောင်းကို ရှာလိုက်သည်။ 


မုဆိုးမနှင့် ကောငယ်လေးတို့အဖို့ သူတို့နှင့်အတူတူ တစ်ခုခုကို ဆောင်ထားရပေမည်။ သို့သော်လည်း ၄င်းကို မသုံးရတာ ၅နှစ်တိုင်တိုင်ရှိနေပြီဖြစ်တာကြောင့် သစ်သားတုတ်ချောင်း၏ အပေါ်ယံမှာ ဖုန်မှုန့်တို့ဖြင့် ဖုံးလွှမ်းနေလေ၏။ 


အပြင်ဘက်တွင် ဘာလှုပ်ရှားမှုမှမရှိ၍ ချန်ချင့်လည်း သူ့အခန်းထဲမှ အရမ်းကာရော မထွက်ရဲပါချေ။ သူ့အမေ၏ အခန်းတံခါးကို ဖွင့်နေသံကြားလိုက်ရသည့်အခါ ချန်ချင့်သည် သူတို့ သူ့အမေအား တစ်ခုခုထိခိုက်စေမည်ကို စိုးရိမ်သွား၍ နောက်ထပ်မတုံ့ဆိုင်းရဲတော့ပေ။  


သူ့အခန်းတံခါးကို သာသာလေး ဖွင့်ကြည့်လိုက်သည့်အခါ သူ့အမေ၏ အခန်းတံခါးကို ဖွင့်နေသော သူခိုးနှစ်ယောက်ကို တွေ့လိုက်ရသည်။ ချန်ချင့် တံတွေးမျိုချလိုက်ပြီး သူ့လက်ထဲက တုတ်ချောင်းကို ကိုင်ထားလျက် အနည်းငယ်နောက်ကျကျန်ရစ်နေသော လူတစ်ယောက်၏ ခေါင်းကို ရိုက်ပစ်လိုက်သည်။ 


ထိုလူက အော်ဟစ်လိုက်ပြီး ချန်ချင့်ကို လှည့်ကြည့်လိုက်သည်။ 


ထိုသူကား ချန်စစ်ပင်။ 


ချန်စစ်နှင့် မုန့်ကျူဇီတို့ဟာ ကျိုးယွမ်ဆီမှ အလုပ်ပြုတ်ပြီးနောက် ကျိုးယွမ်ကို ကြောက်လန့်မိ၍ သူတို့ကိုယ်သူတို့ အပြစ်တင်ကာ ရှက်မိသလို ခံစားလိုက်ရသည်။ ထို့ကြောင့် မြို့မှာ အရက်သွားသောက်သော်လည်း ပိုက်ဆံမရှိ၍ မောင်းထုတ်ခံခဲ့ရသည်။ 


နှစ်ဦးစလုံးဟာ ကျိုးယွမ်အပေါ် အငြိုးအတေးထားကြသော်လည်း ကျိုးယွမ်အား လက်စားချေနိုင်စွမ်းမရှိကြချေ။ 


ယနေ့ ကျိုးယွမ်က ချန်ချင့်အိမ်သို့ တစ်ခုခုလာပို့တာကို သူတို့ တွေ့လိုက်ရသည့်အခါ ဒီမိသားစုဟာ မကြာသေးခင်ကမှ ဈာပနကျင်းပထားကြောင်း ပြန်လည်သတိရသွားခဲ့သည်။ သည့်အပြင် ကျိုးယွမ် ဒီကိုစရောက်လာချိန်တွင် ချန်ချင့်၏ မိသားစုမှာ မုန့်ထောင်း၏ ပင်စင်လစာအများကြီးရထားမှန်း သူတို့သိထားခဲ့သည်။ 


ယနေ့ညတွင် သူတို့နှစ်ယောက် အနည်းငယ်သောက်ထားသဖြင့် တုံ့ဆိုင်းမနေဘဲ ဤနေရာသို့ ရောက်လာခဲ့ခြင်းပင်။ သို့သော်လည်း သူတို့က ချန်ချင့်တစ်ယောက် ဒီလောက်နိုးကြားနေလိမ့်မည်ဟု မထင်မှတ်ထားမိခဲ့။ သူတို့ ဘာမှတောင်မယူရသေးပေမယ့် ချန်ချင့်၏ တုတ်ကြောင့် ကြက်သေသေသွားရသည်။ 


ချန်စစ် တုံ့ပြန်လာလေပြီ။ ချန်ချင့်၏ လက်ထဲက တုတ်ကို ဆွဲယူရန် သူ့လက်ကို ဆန့်လိုက်၏။ 


ချန်ချင့်လည်း အလျင်စလို အသက်ရှုကာ ထပ်ရိုက်ပစ်လိုက်သည်။ ချန်စစ် ရှောင်လိုက်ပေမယ့် နောက်တစ်ချက်က သူ့ခေါင်းပေါ် ကျလာချေပြီ။ ချန်ချင့် အားအကုန်သုံး၍ ရိုက်လိုက်ခြင်းပင်။ 


ချန်စစ်သည် ချန်ချင့်ဆီမှ နှစ်ကြိမ်တိတိ အရိုက်ခံလိုက်ရ၍ ထပ်မံမူးဝေသွားကာ နံရံဘက် လဲကျသွားတော့သည်။ 


ချန်စစ် မူးမေ့လဲသွားသည်ကို မုန့်ကျူဇီ မြင်လိုက်ရသည့်အခါ သူ့၏ ထိတ်လန့်မှုမှတစ်ဆင့် ဆင်ခြင်တုံတရားမဲ့သတ္တိများ တိုးပွားလာကာ ချန်ချင့်၏ လက်ထဲမှ တုတ်ချောင်းကို လုယူရန် ကြိုးစားလိုက်သည်။ သို့ပေမဲ့ ချန်ချင့်လည်း သူ့အပြုအမူကို သတိထားမိသဖြင့် တုတ်ချောင်းကိုင်ကာ ခြံထဲ ချက်ချင်းပြေးသွားလိုက်သည်။ 


အလွန်အမင်းထိတ်လန့်တုန်လှုပ်နေမိသဖြင့် အော်ဟစ်အကူအညီတောင်းရန်ပင် မေ့နေခဲ့ရသည်။ သူ တုတ်ချောင်းကို တင်းတင်းကြပ်ကြပ် ကိုင်ထားရင်း မုန့်ကျူဇီ သူ့ဆီ နီးကပ်လာလေလေ သူလဲ ခြေတစ်လှမ်းချင်းတစ်လှမ်း ပိုမိုနောက်ဆုတ်နေမိလျက်။ 


"ငါ မင်းကို သတ်ပစ်မယ်!" 


မုန့်ကျူဇီ အံကြိတ်ကာ ချန်ချင့်ဆီ ပြေးဝင်လာခဲ့သည်။ ချန်ချင့်လည်း ရှောင်ရန်လမ်းမရှိတော့၍ မုန့်ကျူဇီနှင့်အတူတူ သေပစ်ရန် အစီအစဥ်ဆွဲလိုက်သော်ငြား သူ့နောက်ကျောမှာ နံရံတစ်ခုအား တိုက်မိသွားလေ၏။ 


ချန်ချင့် ထိတ်လန့်လွန်း၍ ထခုန်လုနီးနီးဖြစ်သွားရလျက်။ ထို့နောက် သူ့နောက်တွင် ရပ်နေသော ကျိုးယွမ်ကို တွေ့လိုက်ရသည်။ ထိုသူဟာ တစ်ယောက်ယောက်ကို သတ်ခဲ့ဖူးသော ဓားတစ်ချောင်းအား ကိုင်ထားလေ၏။ 


ချန်ချင့် အသက်ရှုကြပ်လာကာ သစ်သားတုတ်လည်း သူ့လက်ထဲမှ ပြုတ်ကျသွားသဖြင့် ဆူညံသံထွက်ပေါ်လာ၏။ သူ့ခွန်အားတွေလည်းမရှိတော့၍ ထပ်မထိန်းနိုင်တော့ဘဲ မြေပြင်ပေါ် လဲကျသွားတော့သည်။ 


သို့သော် ကျိုးယွမ် လှမ်းထိန်းပေးလိုက်သဖြင့် သူ မြေပြင်ပေါ် ပြုတ်မကျသွားခဲ့ပါပေ။ ချန်ချင့်၏ ခြေထောက်တွေ အားနည်းနေပြီဖြစ်၍ မတ်တပ်မရပ်နိုင်တော့တာကြောင့် ကျိုးယွမ် သူ့အားလွှတ်ပေးလိုက်ပြီး မြေပြင်ပေါ်မှာ ဖြေးဖြေးလေး ထိုင်စေခဲ့သည်။ 


လရောင်ရှိသောညတစ်ည၊ ဆိတ်ငြိမ်မှု၊ သွေးနီရောင်တောက်တောက်... ချန်ချင့်၏ မျက်လုံးထဲတွင် မြင်ကွင်းတချို့ တဖျတ်ဖျတ်ပေါ်လာရာ သူ မထိန်းနိုင်တော့ဘဲ ငိုကြွေးမိပြီး မေ့လဲသွားတော့သည်။ 


မုန့်ကျူဇီသည် အေးစက်စက်ဓားနှင့် ကျိုးယွမ်ကို မြင်လိုက်ရသည့်အခါ ကျိုးယွမ်ဟာ တံခါးဝမှာ ရပ်နေသော နတ်ဆိုးတစ်ကောင်အလား။ သူ ထွက်ပြေးချင်သော်လည်း ကျိုးယွမ်လက်ထဲက ဓားဖြင့် အခုတ်ခံလိုက်ရ၍ မေ့လဲသွားလေ၏။ 


စွင်းတာ့ညန် အဝတ်အစားဝတ်ပြီး ထွက်လာချိန်တွင် မြေပြင်ပေါ်မှာ မူးလဲနေသော ချန်ချင့်ကို တွေ့လိုက်ရသည့်အခါ အခန်းထဲမှ ချန်ချင့်၏ အပေါ်ဝတ်အားယူကာ အလျင်အမြန် ပတ်ထားပေးလိုက်သည်။ 


ကျိုးယွမ်သည် မေ့လဲနေသော လူနှစ်ယောက်ကို လစ်လျူရှုထားပြီး သူ့အကြည့်တို့က ချန်ချင့်၏ ခြေထောက်ပေါ်သာ ကျရောက်နေလျက်။ ထိတ်လန့်မှုကြောင့် သူလေးက ဖိနပ်ပင် မဝတ်နိုင်ခဲ့ချေ။ ခြံဝင်းကို ရှင်းသန့်နေအောင် ချန်ချင့် သန့်ရှင်းထားသော်လည်း ချန်ချင့်၏ ခြေထောက်လေးမှာ ညစ်ပတ်သွားဆဲပင်။ 


"ဒေါ်ဒေါ် အဆင်ပြေရဲ့လား" ကျိုးယွမ် အသံသြသြဖြင့် မေးလိုက်သည်။ 


စွင်းတာ့ညန် ခေါင်းခါလိုက်ပြီး : "ငါက အဆင်ပြေတယ်... အားချင့်က ညဘက်ဆို အမြဲသတိရှိနေတတ်တာ... ဘာမှမဖြစ်သွားပါဘူး... သူတို့က ပိုက်ဆံခိုးဖို့ ရောက်လာကြတာလို့ ငါထင်တယ်


မြေပြင်ပေါ်တွင် မေ့လဲနေသော ချန်ချင့်အား သူမ ငုံ့ကြည့်လိုက်ပြီး ထိတ်လန့်သွားရပြန်သည်။ 


"အားချင့် အားချင့် ဘယ်လိုဖြစ်တာလဲ


ကျိုးယွမ် ငုံ့ကာ ချန်ချင့်၏ အသက်ရှုသံကို စမ်းလိုက်ပြီးနောက် "သူ အရမ်းကြောက်လန့်သွားလို့ မူးလဲသွားတာပါ... စိုးရိမ်စရာဒဏ်ရာတော့မရှိဘူး


စွင်းတာ့ညန်လည်း ထိတ်လန့်သွားခဲ့ပေမယ့် သူမသည် ချန်ချင့်ထက် စိတ်ဓာတ်ပိုမိုမာကြောလေ၏။ သို့နှင့် သူမ အရင်ဆုံး ကြိုးတစ်ချောင်းရှာလိုက်ပြီး ကျိုးယွမ်အား ထိုလူနှစ်ယောက်ကို ကူညီချည်ခိုင်းလိုက်ပြီးနောက် သူမက ချန်ချင့်အား အခန်းထဲရွှေ့ပေးချင်နေမိသည်။ 


သို့သော် သူမ၏ ခါးဟာ မကောင်းသဖြင့် ချန်ချင့်လေးက အလွန်သေးသွယ်သော်လည်း သူမ ချန်ချင့်ကို မသယ်နိုင်ပါချေ။ 


ကျိုးယွမ် ထိုလူနှစ်ယောက်ကို ကြိုးချည်ပြီးနောက် စွင်းတာ့ညန်တစ်ယောက် သူမ၏ ခါးကို ကိုင်ထားကာ ချန်ချင့်အား မြေပြင်ပေါ်မှ မရွှေ့နိုင်သည်ကို သူတွေ့လိုက်ရ၍ 


"ဒေါ်ဒေါ် ကျွန်တော် ကူညီပေးရမလား


ကျိုးယွမ်၏ အာဒမ်ပန်းသီးမှာ လှိမ့်သွားကာ သူ့အသံဟာလည်း အနည်းငယ် အက်ရှရှဖြစ်နေလျက်။ 


"အင်းကွယ်... ကျေးဇူးအများကြီးတင်ပါတယ်


စွင်းတာ့ညန် သူမ၏ ခါးကို ပွတ်နေလျက် "ငါက အသက်ကြီးလာတော့ အားချင့်လို သေးသေးလေးကိုတောင် မသယ်နိုင်တော့ပါဘူးကွယ်"  


xxx