Ch-12
Viewers 482

Ch-12 Unicode 


စွင်းတာ့ညန် ယူလာပေးသည့် ခေါက်ဆွဲပန်းကန်တွင် ဟင်းရည်များလွန်းလှသည်။ ပန်းကန်လုံးနှင့်မတူဘဲ ဇလုံအသေးစားနှယ်။ 


ခေါက်ဆွဲဟာ ဂျုံဖြူသီးသန့်မဟုတ်ဘဲ အစေ့အဆန်တချို့နှင့် ရောထားသော်ငြား အရသာရှိနေ၏။ ရွှေဖရုံသီးကို ဝက်ဆီထဲမှာ ကြော်ထားရာ စေးကပ်ကပ်နှင့် ဆီများဟန်ရှိပြီး ဟင်းရည်တွင် ငရုတ်ကောင်းထည့်ထားသဖြင့် ဟင်းရည်ပူပူလေးကို သောက်လိုက်ပြီးနောက် ချွေးများပင် ထွက်လာလေပြီ။ 


သူ ပန်းကန်လုံးကို ဆေးကြောကာ နွားကျောင်းပြီး မှောင်လာတော့မှ အိမ်ပြန်လာခဲ့သည်။ ထို့နောက် ပန်းကန်လုံးကိုင်၍ စွင်းတာ့ညန်၏ အိမ်တံခါးကို ခေါက်လိုက်၏။ 


သို့သော် ယနေ့ တံခါးလာဖွင့်ပေးသူမှာ ချန်ချင့်ဖြစ်နေ၍ သူ အံ့သြသွားမိသည်။ 


ချန်ချင့်က တံခါးဖွင့်ပြီး သူ့ကိုတွေ့လိုက်သည်နှင့် ချက်ချင်းခေါင်းငုံ့သွားတော့သည်။ စွင်းတာ့ညန်က သူမ လမ်းလျှောက်ထွက်ချင်ကြောင်း ပြောကာ ချန်ချင့်ကို အိမ်မှာစောင့်နေရန် မှာထားခြင်းပင်။ 


"ကိုယ် ပန်းကန်လာပြန်ပေးတာ


"ဟုတ်


ချန်ချင့် သူ့ကို မကြည့်ဘဲ သူ့လက်ထဲမှ ပန်းကန်လုံးကို ကမ်းယူလိုက်သည်။ သူ အာရုံမစိုက်မိသောကြောင့် သူ့လက်က ကျိုးယွမ်၏ လက်ဖမိုးဘက်ကို မတော်တဆထိမိသွားရာ ချက်ချင်းလက်ပြန်ရုတ်သွားလေ၏။ 


"ကျွန်တော် ရေပုံးယူပေးမယ်နော်


ကျိုးယွမ် ခေါင်းညိတ်လိုက်သည်။ 


ချန်ချင့် မီးဖိုချောင်ထဲမှာ ပန်းကန်ပြန်ထားလိုက်ပြီး သူ့ကိုမကြည့်ဘဲ ရေပုံးကို သယ်လာခဲ့သည်။ 


ကျိုးယွမ် ပခုံးတွန့်လျက် ရေပုံးနှင့် ထွက်သွားလေပြီ။ 


ကျိုးယွမ် ထွက်သွားပြီးနောက် စွင်းတာ့ညန် အပြင်မှပြန်ရောက်လာရာ တံခါးဝမှာရပ်နေသော ချန်ချင့်နှင့် ရေစည်ဘေးက ရေပုံးမရှိတော့ကြောင်း တွေ့လိုက်ရ၍ 


"ကျိုးယွမ်လာသွားပြီလား


ချန်ချင့် : "ဟုတ် ကျွန်တော် သူ့ကို ရေပုံးပေးလိုက်တယ်


ရွာ၌ ညဘက်ဆို ဘာမှလုပ်စရာမရှိပေ။ ရေစည်ပြည့်သွားသည့်အခါ ချန်ချင့် ခြံဝင်းကို သန့်ရှင်းရေးလုပ်ကာ ကြက်၊ ဘဲ၊ ငန်းများကို လှောင်အိမ်ထဲ ပြန်ထည့်လိုက်သည်။ ထို့နောက် ရေအေးနှင့် ကိုယ်လက်သုတ်သင်လိုက်ပြီး အိပ်ရာဝင်ခဲ့သည်။  


မေလ ရာသီဥတုမှာမပူလွန်း မအေးလွန်းဖြစ်၍ သက်တောင့်သက်သာရှိလှသည်။ ချန်ချင့်သည် ညတိုင်း အိပ်ရာမဝင်ခင် မနက်ဖြန် ဘာလုပ်ရမလဲဆိုတာကို စဥ်းစားလေ့ရှိပြီး စဥ်းစားရင်း အိပ်ပျော်သွားတတ်သည်။ 


ရွာသည် သေးငယ်လှသဖြင့် မနေ့က ဖြစ်ပျက်ခဲ့သမျှဟာ နောက်တစ်နေ့ဆို တစ်ရွာလုံး သိသွားကြလေပြီ။ ချန်စစ်နှင့် မုန့်ကျူဇီတို့ကို ကျိုးယွမ်က မောင်းထုတ်ခဲ့ကြောင်း၊ ရွာသူကြီးက ကျိုးယွမ်ဆီ စကားလာပြောသော်လည်း ကျိုးယွမ်က သဘောမတူခဲ့ကြောင်း တစ်ရွာလုံး သိနေကြပြီဖြစ်သည်။ 


လော့ဟယ်ရွာ၌ ရွာသူကြီး၏ စကားသာ အရေးပါအရာရောက်၏။ ရွာသူကြီး၏ သြဇာကို မည်သူမျှ စိန်မခေါ်နိုင်ကြပေ။ ရွာသူကြီးနှင့် ဆက်နွယ်နေသော ချန်စစ်နှင့် မုန့်ကျူဇီတို့က ရွာထဲမှာ အနိုင်ကျင့်တတ်ကြသည်။ ဒါ ရွာသူကြီး အရှက်ကွဲရတာ ပထမဆုံးအကြိမ်ပင်။ 


"ကျိုးယွမ်က ဓားကိုင်ပြီးတော့ သူ အဲဒီဓားနဲ့ လူတော်တော်များများကို သတ်ခဲ့တယ်လို့ ရွာသူကြီးကို ပြောနေတာကို ငါကြားလိုက်တယ်


အဒေါ်လျိုသည် စွင်းတာ့ညန်အား ဟင်းသီးဟင်းရွက် ကူဆေးပေးနေလေသည်။ သူမသည် ထိုနေ့က စွင်းတာ့ညန်နှင့်အတူတူ မြက်သွားခုတ်သည့် အဒေါ်ကြီးပင်။ သူမဟာ စကားအလွန်များပြီး သည်းမခံတတ်သူဖြစ်သည်။ တစ်ခါတစ်ရံ စိတ်သဘောထားကျဥ်းမြောင်းတတ်ပေမဲ့ တစ်ခုခုဖြစ်ပျက်သွားပါက အခြားသူများထက်ပင် နှလုံးသားနူးညံ့သူပင်။ 


စွင်းတာ့ညန် မျက်ခုံးပင့်လျက် : "အဲဒါက ကောင်းတယ် မဟုတ်ဘူးလား... တချို့လူတွေဟာလေ သူများက အပြင်လူဖြစ်တာကြောင့် သူများဆီက အကျိုးအမြတ်လိုချင်နေကြတာ


ချန်ချင့် ဘာမှမပြောဘဲ ဟင်းသီးဟင်းရွက်များကိုသာ လှီးဖြတ်နေ၏။ သူသည် စွင်းတာ့ညန်နှင့် ရွာက အဒေါ်ကြီးတွေ စကားစမြည်ပြောနေတာကို နားထောင်ရတာ သဘောကျလှသည်။ 


"ဒါပေမဲ့ ဒီအိမ်ကိုဆောက်တာ အရမ်းမြန်သား... ရုပ်လုံးတောင် ပေါ်နေပြီ... ဒီအိမ်က ရွာသူကြီးအိမ်ထက် ပိုခမ်းနားသလားလို့


အဒေါ်လျို၏ စကားတွင် အားကျမှုတို့ပြည့်နေလျက် : "ဒီအိမ်ဆောက်ပြီးတာနဲ့ အောင်သွယ်တော်တွေ သူ့အိမ်တံခါးဝကို နင်းကြတော့မှာပဲ"  


ချန်ချင့် ဟင်းချက်နေစဥ် ခဏရပ်သွားပြီးမှ အသက်ပြင်းပြင်းရှူလိုက်ကာ သူ့လက်ထဲက ယောက်မကို ဆက်မွှေနေလေ၏။ 


(ကျိုးယွမ်ကလဲ စစတွေ့ကထဲက ချန်ချင့်လေးဆို သိပ်ကူညီချင် ချန်ချင့်ကလဲ ကျိုးယွမ်ဆိုရင် ပုန်းရတာနဲ့ ထွက်ပြေးရတာနဲ့ အလစ်တဲလေးမူပျက်ပျက်သွားတာနော် ဟိဟိ


"ဒါက ဖြစ်သင့်တာပဲလေ မဟုတ်ဘူးလား? အပြာရောင်အုတ်အိမ်၊ နွားတစ်ကောင်၊ ပြီးတော့ ယောက္ခမလဲမရှိတဲ့အပြင် လူကလဲ ချောမောခန့်ညားနေရော" စွင်းတာ့ညန်၏ အသံမှာ တည်ငြိမ်နေလျက်။ 


"ကံကောင်းတဲ့ မိန်းကလေး ဒါမှမဟုတ် ကောလေးကသာ ဒီလိုမိသားစုမျိုးမှာ အိမ်ထောင်ပြုနိုင်မှာ


အဒေါ်လျိုသည် သူ့သမီး စောစောစီးစီး အိမ်ထောင်ကျသွားသည်ကို အနည်းငယ် စိတ်မကောင်းဖြစ်နေမိလျက်။ 


စွင်းတာ့ညန်ကတော့ တခြားအတွေးမရှိပါပေ။  

"ကံကောင်းတယ်ဆိုတာက တခြားသူတွေရဲ့ မိသားစုနဲ့ပဲ သက်ဆိုင်တာလေ


စွင်းတာ့ညန် ဝမ်းနည်းစရာများ ထပ်တွေးမည်ကို စိုးရိမ်၍ အဒေါ်လျို ခေါင်းစဉ်ပြောင်းပြောပါတော့သည်။ 


အလုပ်သမားနှစ်ယောက် လျော့သွားသော်လည်း အလုပ်များမှာ ထိုနှစ်ယောက်ရှိတုန်းကထက်ပင် ပိုမြန်နေသေးသည်။ လော့ဟယ်ရွာ၏ အပူဆုံး နွေရာသီမရောက်မီ ကျိုးယွမ်၏ အိမ်မှာ ပြီးစီးလုနီးနီး။ 


နောက်ဆုံးအဆင့်တစ်ခုအနေနဲ့ ထုပ်တန်းများနှင့် ကြွေပြားများ ခင်းကျင်းရန်သာ ကျန်ပါတော့သည်။ 


လော့ဟယ်ရွာ၏ ဓလေ့ထုံးစံအရ ထုပ်တန်းများမတင်ခင် ဗြောက်အိုးအနီများ ချိတ်ဆွဲထားပြီး အစေ့အဆန်တချို့ကို ရောစပ်ကာ ထုပ်တန်းပေါ်တွင် ပက်ဖြန်းရမည်ဖြစ်သည်။ 


ကျိုးယွမ်မိသားစု ထုပ်တန်းတင်ချိန်မှာ အလွန်သက်ဝင်လှုပ်ရှားနေကြလျက်။ ပျော်ပျော်ရွှင်ရွှင်ပါဝင်ဆင်နွှဲရန်အတွက် အပြင်ထွက်ရတာ မကြိုက်သော ချန်ချင့်ပင်လျှင် စွင်းတာ့ညန်ဆီမှ ဆွဲခေါ်ထုတ်ခြင်းခံခဲ့ရသည်။ 


ထုပ်တန်းတင်ပြီးနောက် အလုပ်သိပ်မများတော့သဖြင့် ကျိုးယွမ်လည်း ဘယ်သူ့ကိုမှ ထပ်မငှားတော့ဘဲ သူကိုယ်တိုင် အားလုံးလုပ်ခဲ့လေသည်။ ထို့ကြောင့် သူသည် ချန်ချင့်မိသားစုအပါအဝင် လူတိုင်းကို လုပ်အားခရှင်းပေးခဲ့သည်။ ကျန်အလုပ်များကို သူကိုယ်တိုင် တဖြေးဖြေးလုပ်ခဲ့ရာ လုပ်စရာများစွာမကျန်တော့ပါပေ။ 


ချန်ချင့်လေးက အပြာရောင်အုတ်အိမ်ကြီးကို အားကျစွာကြည့်နေမိလျက်။ အချိန်အခါသမယရောက်လာသည့်အခါ ဗြောက်အိုးသံများကြောင့် နားပင်းလုမတတ်။ ကျိုးယွမ်သည် အိမ်၏ ထုပ်တန်းမြင့်မြင့်ပေါ်မှာ ရပ်နေကာ ချန်ချင့်အိမ်မှ ငှားထားသော ဇလုံတစ်လုံးကိုကိုင်ထားလေ၏။ 


ဇလုံထဲတွင် မြေပဲ၊ ပဲခြောက်၊ ဆီစက္ကူဖြင့်ပတ်ထားသောသကြားလုံးတချို့၊ ကြေးပြားအနည်းငယ်နှင့် စုတ်ဖြဲထားသောစက္ကူနီအနည်းငယ် ပါဝင်သည်။ 


ဗြောက်အိုးဖောက်ကာ ရွာအကြီးအကဲတို့က နိမိတ်မင်္ဂလာရှိသောစကားလုံးများကို ပြောဆိုပြီးနောက် သစ်သားတုံးမျက်နှာနှင့် ကျိုးယွမ်ဟာ ဇလုံထဲက ပစ္စည်းများကို မြေပြင်ပေါ် ကြဲချလိုက်လေ၏။ ကလေးများက စိတ်လှုပ်ရှားနေကြပြီး မြေပြင်ပေါ်က မြေပဲများကို ကောက်၍ ပျော်ရွှင်စွာ လက်ခုပ်လက်ဝါးတီးနေကြလျက်။ ကံကောင်းသူများက ကြေးပြားနှင့်သကြားလုံးများကို ကောက်ရပေလိမ့်မည်။ 


စွင်းတာ့ညန်လည်း ငုံ့ကိုင်း၍ သူမရှေ့က မြေပဲလက်တစ်ဆုပ်စာကို ကောက်ယူလိုက်ပြီး ချန်ချင့်လက်ထဲ ထည့်ပေးလိုက်သည်။ 


ချန်ချင့် အခွံခွာကာ တစ်လုံးစားလိုက်ပြီးနောက် စွင်းတာ့ညန်ကို တိုးတိုးပြောလာ၏။ 


"အမေ... ကျွန်တော်တို့ ဒီနေ့ ဒီကိုလာတာ သူများတွေတစ်ခုခုပြောကြမှာလားဟင်"  


ဘာပဲဖြစ်ဖြစ် သူတို့က ဝမ်းနည်းပူဆွေးထားတာကိုး... 


စွင်းတာ့ညန် သက်ပြင်းချလိုက်မိသည်။ ချန်ချင့်ဟာ အရာရာတိုင်း ကောင်းမွန်သော်လည်း စိုးရိမ်ပူပန်တတ်လွန်းသည်။ 


"ကျိုးယွမ်က လုံးဝဂရုမစိုက်တာကို မင်းမတွေ့ဘူးလားကွယ်... တကယ်လို့ သူသာ အဲ့တာတွေဂရုစိုက်ခဲ့ရင် ငါတို့အိမ်က အိုးတွေ၊ ပစ္စည်းတွေကို လာငှားနေပါဦးမလား


ချန်ချင့် ခေါင်းညိတ်ပြလိုက်ပြီး စိတ်ပူနေတာကို ရပ်လိုက်တော့သည်။ သို့သော် သူသည် လူများများရှိနေ၍ အတန်ငယ်နေသားမကျသေးသည့်အတွက် စွင်းတာ့ညန်ကို နှုတ်ဆက်ပြီး အိမ်ပြန်လာခဲ့လိုက်သည်။ 


ချန်ချင့်သည် အပ်ချုပ်တောင်းကို ကိုင်လျက် ကုတင်အစွန်းမှာ ဝင်ထိုင်လိုက်ရင်း သူ မြို့ကိုသွားတုန်းက ဆိုင်ရှင်ပြောခဲ့တာတွေကို ပြန်တွေးကြည့်နေမိသည်။ အခုခေတ် လူတွေက ဘယ်လိုလက်ကိုင်ပုဝါမျိုးတွေကြိုက်ကြတာပါလိမ့်... 


ချစ်ခြင်းမေတ္တာကို လက်ကိုင်ပုဝါပေါ်မှာ ဘယ်လိုဖော်ကျူးရမှာလဲ... 


ချန်ချင့် ခဏလောက် စဉ်းစားခဲ့သော်လည်း ဘာအကြံမှမထွက်လာသဖြင့် ရိုးရိုးရှင်းရှင်းသာ လက်လျော့လိုက်တော့သည်။ ထိုအချိန်တွင် စွင်းတာ့ညန်က တံခါးဝကနေ သူ့ကို လှမ်းခေါ်ကာ သူမက အဒေါ်လျိုနှင့်အတူတူ ကြက်စာအတွက် မြက်သွားရိတ်တော့မည်ဖြစ်ကြောင်း ပြောခဲ့သည်။ 


ချန်ချင့်လည်း ခေါင်းညိတ်ပြလိုက်၏။ သူသည် စွင်းတာ့ညန် ထွက်သွားတာကို ကြည့်နေပြီးမှ ဟိုဘက်အိမ်က ပျော်ပွဲရွှင်ပွဲဟာ မပြီးဆုံးသေးမှန်း တွေ့ရှိလိုက်ရသည်။ ကလေးများစွာအပြင် လက်မထပ်ရသေးသည့် မိန်းကလေးများနှင့် ကောလေးများဟာ ကျိုးယွမ်နှင့် စကားပြောချင်နေကြလေ၏။ 


ချန်ချင့် ခေါင်းလေးကိုစောင်းငဲ့ကာ ကြည့်နေစဥ် လူအုပ်ထဲမှ အရပ်ရှည်ရှည်ပုံရိပ်တစ်ခုဟာ သူ့ကို ကြည့်နေပုံရကြောင်း တွေ့လိုက်ရ၍ ချန်ချင့် နှလုံးခုန်မြန်လာကာ သူ့ခေါင်းကိုအမြန်ပြန်လှည့်ပြီး အခန်းထဲပြန်ဝင်လာခဲ့တော့သည်။


မှောင်လာသည့်အခါ ချန်ချင့်လည်း ဟင်းရွက်စိုက်ခင်းထဲက ဟင်းသီးဟင်းရွက်ရိုင်း နောက်ဆုံးအသုတ်ကို ခူးဆွတ်လိုက်သည်။ ရာသီဥတု ပိုပူလာသည်နှင့်အမျှ ဟင်းသီးဟင်းရွက်ရိုင်းများ စိုက်ပျိုးလို့ရသော ရာသီမဟုတ်တော့။ သူ နောက်တစ်နှစ်ကို စောင့်ရပေတော့မည်။ 


ရာသီဥတုပူပြင်းချိန်တွင် လူတွေလည်း အစာစားချင်စိတ်သိပ်မရှိကြတော့ပေ။ ထိုအခါ လတ်လတ်ဆတ်ဆတ်ဟင်းလျာများ ချက်ပြုတ်ပါက လူတွေကို ပိုပြီးသက်တောင့်သက်သာရှိစေမည်ဖြစ်သည်။ 


xxx