Ch-11 Unicode
စွင်းတာ့ညန်က ကျိုးယွမ်ပြောတာကို သတိရလိုက်ပြီး : "ညဘက်မှာ အရမ်းမှောင်လွန်းတယ်တဲ့... မင်းက ကောလေးဖြစ်လို့ အန္တရာယ်ဖြစ်မှာကို စိုးရိမ်နေတာပဲ"
ချန်ချင့် တီးတိုးရေရွတ်မိလျက် : "ဘာအန္တရာယ်ရှိနိုင်လို့လဲ"
သို့ပေမဲ့ သူ့နှလုံးခုန်သံတွေ နည်းနည်း ပရမ်းပတာဖြစ်ကုန်ပြန်သည်။
စွင်းတာ့ညန်က ချန်ချင့်၏ စိတ်နေစိတ်ထားကို သိသောကြောင့် ပြောလိုက်၏။
"ကျိုးယွမ် ခဏနေရင် ရေပြန်သယ်လာပေးလိမ့်မယ်... သူထွက်သွားတော့မှ မင်း အပြင်ထွက်ပြီး ရေစည်ထဲ ရေလောင်းထည့်လို့ရတယ်... ဒီလောက်ဆို မနက်ဖြန်အတွက် ရေလုံလောက်နေပါပြီ"
ချန်ချင့် ခေါင်းညိတ်ပြလိုက်သည်။ အခန်းက မှောင်လွန်းနေ၍ စွင်းတာ့ညန်က ချန်ချင့်၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။ သို့နှင့် သူမက ချန်ချင့်ဆီမှ ဆေးအိတ်ကိုယူကာ အခန်းထဲ ဝင်သွားလေပြီ။
ချန်ချင့် အိပ်ရာပေါ်တွင် ထိုင်နေလျက်။ အပြင်ဘက်တွင် တိတ်ဆိတ်နေကာ ဟင်းရွက်စိုက်ခင်းထဲမှ အင်းဆက်ပိုးမွှားများ၏ အော်သံကိုသာ ကြားနိုင်ပေသည်။
ခဏအကြာတွင် သူ တံခါးခေါက်သံ ကြားလိုက်ရလေ၏။ အချိန်အတော်ကြာမှ ချန်ချင့် တံခါးဆီလျှောက်လာခဲ့သည်။ တံခါးဝရှိ ရေပုံးနှင့် ပုခုံးတင်ဝါးလုံးကို ကြည့်ရင်း သူ အသက်ပြင်းပြင်းရှူလိုက်ကာ ရေပုံးကိုသေချာယူ၍ ရေစည်ထဲ ဖြည့်လိုက်တော့သည်။
ထို့နေ့နောက်ပိုင်း ကျိုးယွမ်သည် ညတိုင်း ရေသွားယူပေးလေ၏။ ရေတစ်ပုံးက မလုံလောက်သောကြောင့် ကျိုးယွမ်က တံခါးဝမှာ ရေပုံးကိုထားခဲ့ပြီး တံခါးခေါက်ကာ ထွက်သွားခဲ့သည်။ ချန်ချင့်က ရေစည်ထဲသို့ ရေလောင်းထည့်လိုက်ပြီး တံခါးကိုဖွင့်ကာ ရေပုံးကိုပြန်ထုတ်ထားလိုက်၏။ ထိုအခါ ကျိုးယွမ်က ရေသွားခပ်ဖို့ အပြင်ထွက်လာပြန်သည်။
အိမ်ဆောက်သည့်အလုပ်မှာ ဆူညံပျားပန်းခပ်လှသော လှုပ်ရှားမှုပင်။ ကျိုးယွမ်လည်း သူတို့နှင့်အတူ အလုပ်လုပ်ပေမယ့် အမြဲတမ်း မရှိနိုင်ချေ။ ကျိုးယွမ် ထိုနေရာတွင် မရှိသည့်အခါ ရွာသားတော်တော်များများသည် စတင်ခိုကပ်လာကြ၏။
ကျိုးယွမ်က လစာပေးတာ ရက်ရောတယ်လေ... ဒီတော့ သူတို့ မပင်မပန်းနဲ့ ရက်နည်းနည်းပိုလုပ်ချင်တာပေါ့... ဘာလို့ ဒီလိုမလုပ်ရမှာလဲ...
သူတို့ကိုယ်သူတို့ အကောင်းဆုံးလုပ်ပြီးပြီဟု ထင်ထားကြပေမယ့် ကျိုးယွမ်ကတော့ အားလုံးကို မြင်နေခဲ့သည်။
ကျိုးယွမ် ပုံမှန်အတိုင်း လုပ်အားခကို ဆယ်ရက်တစ်ကြိမ်ရှင်းပေးခဲ့သည်။ ထိုနေ့ လုပ်အားခရှင်းပေးပြီးသည်နှင့် ငပျင်းနှစ်ယောက်အား လက်ညှိုးထိုးကာ ပြောလိုက်၏။
"မင်းတို့နှစ်ယောက် မနက်ဖြန် ဒီကိုလာစရာမလိုတော့ဘူး"
ချန်စစ်နှင့် မုန့်ကျူဇီတို့က လုပ်အားခရ၍ ပျော်နေစဥ် သူတို့ကို နောက်ထပ်လာစရာမလိုတော့ကြောင်း ကျိုးယွမ်ပြောလိုက်သည်ကို ကြားလိုက်ရသဖြင့် ချက်ချင်း ဒေါသတကြီးဖြစ်သွားပြီး
"ဘာလို့ ငါတို့ကို မလာခိုင်းရတာလဲကွ!"
သူတို့ပတ်ပတ်လည်ရှိ လူတိုင်းက သူတို့အား ကြည့်လိုက်ကြသည်။ သူတို့နှစ်ဦးဟာ ရွာထဲတွင် လူမိုက်များနှင့် အနည်းငယ်ဆင်၏။ သူတို့သည် ရွာသူကြီးနှင့် အမျိုးတော်တာကြောင့် ရွာတွင် *ကြောင်များခွေးများကို လိုက်ဖမ်းတတ်ကြသည်။ ထို့ကြောင့် ရွာသားတော်တော်များများလည်း သူတို့ကို မကြိုက်ကြပေ။
(*လူတွေကိုဒုက္ခပေးတယ်လို့ ဆိုလိုတာပါ)
ကျိုးယွမ် သူတို့ကို ရှင်းပြချင်စိတ်မရှိခဲ့ချေ။
"အကြောင်းရင်းကို မင်းတို့သိသင့်တယ်"
ချန်စစ်နှင့် မုန့်ကျူဇီတို့ အရှက်ကွဲသလို ခံစာူလိုက်ရ၍ ကျိုးယွမ်၏ နှာခေါင်းထံ လက်ညှိုးထိုးကာ
"မနက်ဖြန် မင်း ငါတို့ကို အလုပ်လာလုပ်ဖို့ တောင်းပန်ရလိမ့်မယ်ကွ"
ကျိုးယွမ်သည် သူတို့ကို ဂရုစိုက်ခြင်းအလျဥ်းမရှိပေ။ သူ တံမြက်စည်းကိုသာ ကောက်ကိုင်လိုက်ပြီး မောင်းထုတ်လိုက်သည်။
ချန်ချင့် ကိုယ့်ခြံထဲတွင် ရှိနေစဥ် ထိုနေရာက ရန်ပွဲကို ကြားလိုက်ရ၏။ စွင်းတာ့ညန်က သူစပ်စုနေသည်ကို ပြုံးကာ ကြည့်ရင်း
"မင်း အပျော်သွားကြည့်ချင်ရင် ဟိုမှာသွားကြည့်လေ... ဟိုမှာ လူငယ်လေးတွေအများကြီးရှိတာပဲ"
ချန်ချင့် ကပျာကယာ ခေါင်းခါလိုက်ပြီး "ကျွန်တော် မသွားတော့ဘူး..."
စွင်းတာ့ညန် သူမလက်ထဲက အပ်ချုပ်တောင်းကို ချလိုက်ပြီး "ဒါဆို ငါသွားကြည့်လိုက်ဦးမယ်"
ချန်ချင့်သည် စွင်းတာ့ညန် စိတ်အားထက်သန်စွာ ထွက်သွားသည်ကို ကြည့်ပြီး စိတ်လှုပ်ရှားစရာများနှင့် သူမပြန်လာမည်ကို စောင့်ဆိုင်းနေလိုက်သည်။
"အဲဒါ ချန်စစ်နဲ့ မုန့်ကျူဇီတို့ပဲ... ရှောင်ကျိုးက သူတို့ကို ဒီမှာ အလုပ်လုပ်ခွင့်မပေးတော့ဘူးတဲ့"
စွင်းတာ့ညန် မီးဖိုဘေးမှာထိုင်ကာ ထိုနေရာက အဖြစ်အပျက်များကို ချန်ချင့်အား ပြောပြနေလေ၏။
"ဟင်? ဘာလို့လဲ"
ချန်ချင့်သည် ဝက်ဆီအနည်းငယ်ကို အိုးထဲထည့်လိုက်သည်။ ဝက်ဆီအရည်ပျော်လာသည့်နောက် ရွှေဖရုံသီးအချပ်များကို ကြော်လိုက်၏။ ထို့နောက် အိုးထဲသို့ ရေထည့်လိုက်သည်။
သူ ဒီညအတွက် ခေါက်ဆွဲပြုတ်ရန် စီစဉ်ထားသည်ပင်။ ဇလုံထဲ၌ မုန့်ညက်များရှိနေသော်လည်း ဂျုံမှုန့်သီးသန့်မဟုတ်ဘဲ အထဲမှာ အစေ့အဆန်များ ရောနှောနေလေ၏။
ရေခပ်လိုက်ပြီးနောက် ချန်ချင့် မုန့်ညက်ကို စတင်နယ်နေစဥ် စွင်းတာ့ညန် ပြောသည်ကို ကြားလိုက်ရ၏။
"ရှောင်ကျိုးကပြောတယ်... အဲဒီလူနှစ်ယောက်က အမြဲတမ်းပျင်းရိနေလို့ သူတို့ကို မလာခိုင်းတော့တာတဲ့လေ"
ချန်ချင့်၏ လက်များက အဆက်မပြတ်လှုပ်ရှားနေလျက်။ သူ ထိုလူနှစ်ယောက်ကို သိပါသည်။ ချန်ချင့်လဲ သူတို့နှစ်ယောက်ကို ရှောင်နေကျပင်။ အရင်က သူ စားစရာသွားပို့ချိန်တွင် ထိုလူနှစ်ယောက်က သူ့အပေါ် ညစ်တီးညစ်ပတ်စကားတွေပြောခဲ့သေးသည်။ အရမ်းစိတ်တိုစရာကောင်းတယ်...
စွင်းတာ့ညန် : "ရွာသူကြီးဘက်ခြမ်းမှာ ဘယ်လိုစည်းမျဥ်းတွေရှိမလဲ ငါလဲမသိဘူး... အဲဒီလူနှစ်ယောက်က ရွာသူကြီးနဲ့ ဆက်နွယ်နေကြတာလေ... ရှောင်ကျိုးက ရွာကို ရောက်တာ မကြာသေးဘူးဆိုတော့ ဒါ ပြောရခက်သား"
"ရွာသူကြီးက လူတွေကို သူတို့မလုပ်ချင်တဲ့အရာတွေကို အတင်းလုပ်ခိုင်းလို့မရဘူးလေ"
ချန်ချင့် မုန့်ညက်နယ်နေရင်း ကျိုးယွမ်၏ အသွင်အပြင်ကို တွေးလိုက်မိသည်။ သူက ဒီလိုအနိုင်ကျင့်ခံရမဲ့ပုံစံမဟုတ်ဘူးလို့ ခံစားမိပါတယ်နော်...
ဤစကားများဟာ သူတို့အချင်းချင်း ပြောကြရုံသာ။ ချန်ချင့်သည် လက်တစ်ဖက်မှာ ဂျုံမုန့်ညက်ကိုကိုင်ကာ အခြားတစ်ဖက်တွင် ဓားတစ်ချောင်းကိုကိုင်ထားပြီး မုန့်ညက်များကို အလျင်အမြန် အပိုင်းပိုင်းဖြတ်၍ အိုးထဲသို့ထည့်လိုက်သည်။
ချန်ချင့် ရေကို တစ်ကြိမ်ဆူအောင်တည်ပြီးနောက် အိုးထဲသို့ ရေအေးအေးတစ်ပန်းကန် ထပ်ထည့်လိုက်ပြီး ထပ်တည်ထားလိုက်သည်။ ထို့နောက် သူက ဟင်းခတ်အမွှေးအကြိုင်တချို့၊ ဆား၊ ငရုတ်ကောင်းတို့ကို အိုးထဲထည့်လိုက်ပြီး နောက်ဆုံးတွင် လက်တစ်ဆုပ်စာ အစိမ်းရောင်ဟင်းသီးဟင်းရွက်များ၊ နှမ်းဆီ နှစ်စက်နှင့် ပါးပါးလှီးထားသော ကြက်သွန်နီ လက်တစ်ဆုပ်စာ ထည့်လိုက်တော့သည်။
"ရှောင်ကျိုးအတွက် တစ်ပန်းကန်ထည့်ပေးဦး"
ချန်ချင့် ခေါင်းညိတ်ပြလိုက်သည်။ ဒါဟာ ပထမဆုံးအကြိမ်မဟုတ်ပါပေ။ ချန်ချင့်လည်း အိမ်ရှိ အကြီးဆုံးပန်းကန်လုံးကို ရှာလိုက်ပြီး ပန်းကန်လုံးထဲ ဖြည့်လိုက်ကာ စွင်းတာ့ညန်ဆီ ကမ်းပေးလိုက်သည်။ စွင်းတာ့ညန်က အမြဲတမ်း ကျိုးယွမ်ထံ သူမကိုယ်တိုင် အစားအသောက်သွားပို့ပေးတတ်သည်။ ချန်ချင့်တော့ တစ်ခါမှမသွားခဲ့ပေ။
စွင်းတာ့ညန် သူမလက်ထဲတွင် ပန်းကန်လုံးကို ကိုင်ကာ သွားလိုက်၏။ ထို့နောက် လမ်းအဆုံးမှ ရွာသူကြီးနှင့် သူ့လူတွေ ဒီဘက်လျှောက်လာနေသည်ကို အဝေးမှလှမ်းမြင်လိုက်ရလေ၏။
...
ကျိုးယွမ်သည် ရွာသူကြီးရောက်လာမယ်လို့ ခန့်မှန်းမိပြီးသားပင်။ စွင်းတာ့ညန်ကို ကျေးဇူးတင်လိုက်ပြီးနောက် သူ ခေါက်ဆွဲပန်းကန်ကို ဘေးမှာချထားလိုက်၏။ သူ စကားပြောပြီးချိန်မှာ ဒီခေါက်ဆွဲလဲ အေးသွားလောက်ပြီ။
"ကျိုးယွမ် မင်းစားနေတာလား"
ရွာသူကြီးက ကျိုးယွမ်ကို ကြည့်လိုက်သည်။ ယခုအခါ အပြာရောင်အုတ်အိမ် ရုပ်လုံးပေါ်လာပြီဆိုသော်လည်း ကျိုးယွမ်ကတော့ တစ်ဖက်ရှိ တဲတစ်လုံးမှာ နေထိုင်နေဆဲ။ သူ ဝယ်ထားသောနွားကို တစ်ဖက်ခြမ်းက မြက်ခင်းပေါ်မှာ ချည်ထားလေသည်။
"ရွာသူကြီး"
ကျိုးယွမ်သည် နှိမ့်ချခြင်းမရှိသလို မောက်မာခြင်းလဲမရှိပေ။ ရွာသူကြီးနောက်က လူနှစ်ယောက်ကို သူ အကြည့်တချက်ပင်မစွန့်ကျဲခဲ့။
"ငါ ဒီနေ့ ဘာတွေဖြစ်ခဲ့လဲဆိုတာ သူတို့ပြောတာတွေ ကြားလိုက်ရတယ်... နားလည်မှုတစ်ခုခုလွဲနေတာများရှိလား"
"နားလည်မှုလွဲတာမျိုးမရှိဘူး ရွာသူကြီး"
ကျိုးယွမ် မတ်တပ်ရပ်လိုက်ပြီး "ကျုပ်ပိုက်ဆံတွေက လေကနေလွင့်လာတာမဟုတ်ဘူး... စစ်မြေပြင်မှာ ခေါင်းတွေဖြတ်ခဲ့ရတာ"
ရွာသူကြီး၊ ချန်စစ်နှင့် မုန့်ကျူဇီတို့ ကြောင်အသွားရလျက်။
"ဒီရက်တွေထဲမှာ သူတို့အလုပ်လုပ်ပုံကို ကျုပ်မြင်ပြီးပြီ။ သူတို့ မနက်တိုင်း ဆီးသွားတာ ၁၀ကြိမ်၊ အိမ်သာသွားတာ ၃ကြိမ်၊ ရေသောက်တာ ၁၂ကြိမ်ရှိတယ်"
ကျိုးယွမ်၏ မျက်လုံးတွေက တည်ငြိမ်နေလျက် : "ကျုပ်ပေးတဲ့လစာက တော်တော်ကောင်းတာပဲ... မင်းတို့နှစ်ယောက် သမားတော်သွားပြလို့ရတယ်... ဒါက ပြဿနာအသေးအမွှားမဟုတ်ဘူး"
ချန်စစ်နှင့် မုန့်ကျူဇီတို့၏ မျက်နှာမှာ နီရဲလာကာ ကျိုးယွမ်အား လက်ညှိုးထိုး၍ ငြင်းခုံချင်ပေမယ့် ကျိုးယွမ်က ရှေ့တစ်လှမ်းတိုးရုံဖြင့် သူတို့၏ မောက်မာမှုတွေ လျော့ကျသွားလေပြီ။
ရွာသူကြီးကတော့ ငြိမ်းချမ်းရေးသံတမန်အဖြစ် ဆက်လက်သရုပ်ဆောင်နေဆဲပင်။
"ကျိုးယွမ် ငါ သူတို့ကို ဒီကိစ္စနဲ့ပတ်သက်ပြီး သင်ခန်းစာပေးပြီးသွားပြီ... ငါ့မျက်နှာကိုထောက်ပြီး သူတို့ကို ခဏလောက် အလုပ်လုပ်ခွင့်ပေးလိုက်ကွာ... ဘာပဲဖြစ်ဖြစ် အနာဂတ်မှာ ငါတို့အားလုံးက တစ်ရွာတည်းသားတွေပဲလေ... မကြာမကြာ အချင်းချင်း တွေ့ကြရမှာပဲ"
ကျိုးယွမ် ရွာသူကြီးကို ကြည့်၍ တစ်ဖက်ရှိ ဓားတစ်လက်ကို ယူလိုက်သည်။ အဆိုပါဓားမှာ ထက်မြလှကာ ဓားသွားပေါ်တွင် အထစ်ထစ်များရှိနေလေ၏။ တချက်ကြည့်ရုံဖြင့် အနှီဓားဟာ လူသတ်အော်ရာတို့ကို သယ်ဆောင်ထားမှန်း သိသာနေလျက်။
"ရွာသူကြီး ဒီဓားက ကျုပ်နဲ့အတူ စစ်မြေပြင်မှာရှိခဲ့တာလေ... ကျုပ် ဒီဓားကိုသုံးပြီး ရန်သူ့ခေါင်းတွေရာချီ ဖြတ်ပစ်ခဲ့တယ်... ဒီနေ့လိုမျိုး အေးချမ်းတည်ငြိမ်တဲ့ဘဝရဖို့ ကျုပ်ဘဝကို စွန့်စားခဲ့ရတာ"
ပုံမှန်ဆို ဥပဒေအရ သာမန်လူများအား လက်နက်ကိုင်ဆောင်ခွင့် မပြုသော်လည်း ကျိုးယွမ်သည် စစ်မြေပြင်မှ ပြန်လာသူဖြစ်သလို အဆိုပါဓားဟာလည်း အောင်မြင်မှုဆုလာဒ်များရရန် သူ့ကို ကူညီပေးခဲ့သောကြောင့် ၄င်းအား ယူဆောင်ခွင့်ရခဲ့ခြင်းဖြစ်သည်။
ရွာသူကြီး တံတွေးမျိုချလိုက်ပြီး : "အင်းပေါ့ အင်းပေါ့"
"ကျုပ် လော့ဟယ်ရွာကို လွမ်းဆွတ်လို့ ဒီနေရာမှာ အကြာကြီးနေချင်ပေမဲ့ တကယ်လို့ ကိစ္စတွေက မှားနေရင်တော့ ကျုပ်ကိုယ်တိုင်အတွက် တရားမျှတမှုကိုရှာဖို့ ခရိုင်အစိုးရ ဒါမှမဟုတ် စီရင်စုဆီ သွားလိုက်လို့ရတယ်... အဲဒီအချိန်ရောက်ရင်တော့ သိပ်ကြည့်လို့မကောင်းဘူးပေါ့ ဟုတ်တယ်မလား ခင်ဗျားပြောကြည့်"
ရွာသူကြီး ဗလာဖြစ်စွာ ခေါင်းညိတ်နေရင်း : "အင်း ဒါ အမှန်ပဲ"
ကျိုးယွမ် အေးသွားပြီဖြစ်သော ခေါက်ဆွဲပန်းကန်အား ကောက်ယူလိုက်ပြီး မေးလိုက်၏။
"ရွာသူကြီး... ခင်ဗျားစားဖို့ နေဦးမလား"
ရွာသူကြီးက 'မနေတော့ဘူး'လို့ ပြောရင်း သူ့လူနှစ်ယောက်ကို အလျင်စလို ပြန်ခေါ်သွားတော့သည်။ ကျိုးယွမ်လည်း သူတို့ထွက်ပြေးသွားတာကို ကြည့်ရင်း နှာခေါင်းရှုံ့လိုက်လေ၏။
စွင်းတာ့ညန် ယူလာပေးသည့် ခေါက်ဆွဲပန်းကန်တွင် ဟင်းရည်များလွန်းလှသည်။ ပန်းကန်လုံးနှင့်မတူဘဲ ဇလုံအသေးစားနှယ်။ ခေါက်ဆွဲဟာ ဂျုံဖြူသီးသန့်မဟုတ်ဘဲ အစေ့အဆန်တချို့နှင့် ရောထားသော်ငြား အရသာရှိနေ၏။ ရွှေဖရုံသီးကို ဝက်ဆီထဲမှာ ကြော်ထားရာ စေးကပ်ကပ်နှင့် ဆီများဟန်ရှိပြီး ဟင်းရည်တွင် ငရုတ်ကောင်းထည့်ထားသဖြင့် ဟင်းရည်ပူပူလေးကို သောက်လိုက်ပြီးနောက် ချွေးများပင် ထွက်လာလေပြီ။
xxx