Ch-10 Unicode
စွင်းတာ့ညန်က မုန့်ထောင်း၏ ဈာပနကို စီစဉ်ပြီးသွားပြီဖြစ်၍ မျှော်လင့်ချက်မရှိတော့သလို ခံစားမိပြီး မိုက်မဲတာတစ်ခုခုလုပ်လိုက်မည်ကို သူကြောက်နေမိသည်။
စွင်းတာ့ညန်က ချန်ချင့်၏ ဆံပင်လေးတွေကို ထိလိုက်ရင်း "မကြောက်ပါနဲ့ကွယ်"
ချန်ချင့် လေးလေးပင်ပင် ခေါင်းညိတ်ပြလိုက်ပြီး စွင်းတာ့ညန်၏ ကတိကြောင့် ဒီတစ်ခေါက်တော့ သူ ကောင်းကောင်းအိပ်ပျော်သွားလေပြီ။
ဤအဖြစ်အပျက်ပြီးနောက် နောက်ဆုံးမှာတော့ ချန်ချင့် စိတ်သက်သာရာရသွားပြီဖြစ်ရာ သူ့အလုပ်မှာ ပိုမိုတက်ကြွလာလေ၏။ ကျိုးယွမ်၏အိမ် စတင်မပြင်သေးခင် ရွာရှိ လူငယ်လူရွယ်၊ လူလတ်ပိုင်း အားလုံးက သူတို့၏ လယ်အလုပ်များကို မြန်မြန်ဆန်ဆန် ပြီးစီးအောင် လုပ်လိုက်ကြသည်။
ဤရက်များအတွင်း ကျိုးယွမ်က မြို့တွင်းမှ အိမ်ဆောက်ရန်အတွက် လိုအပ်သော ပစ္စည်းအမြောက်အမြားကို ပြန်သယ်လာတတ်၍ ရွာ၌ လတ်တလော အပြောအများဆုံးမှာ ကျိုးယွမ်အကြောင်းဖြစ်နေချေသည်။
ကျိုးယွမ်တစ်ယောက် အပြာရောင်အုတ်ချပ်များ ပြန်သယ်လာတိုင်း ချန်ချင့် သတိပြုမိပါ၏။ ကြည့်ရတာ ကျိုးယွမ်က အုတ်အိမ်တစ်အိမ် ဆောက်မည့်ပုံရသည်။
သူ့၏ သက်ကယ်မိုးနှင့် အဝါရောင်ရွံ့မြေအိမ်လေးကို ချန်ချင့် ကြည့်ရင်း သက်ပြင်းချမိလျက်။ သူ့မိသားစုရော အုတ်အိမ်လေးတစ်အိမ် ဆောက်နိုင်ပါ့မလား...
ပစ္စည်းများ အလွန်များပြားနေပြီဖြစ်၍ ကျိုးယွမ်လည်း မြို့မှာပြန်မအိပ်တော့ဘဲ သူကိုယ်တိုင် တဲငယ်လေးတစ်လုံး ဆောက်ကာ ညဘက်တွင် နေလိုက်တော့သည်။
(နဂိုက ကျိုးယွမ်က မြို့ကတည်းခိုခန်းမှာ အိပ်တာပါနော် မေ့နေကြမှာစိုးလို့)
ဗြောက်အိုးများဖောက်ပြီးနောက် ကျိုးယွမ်၏အိမ်ကို တရားဝင်စတင်တည်ဆောက်ချေပြီ။ သူသည် ရွာသူကြီးမှ မိတ်ဆက်ပေးသော လူငယ် ၁၂ယောက်ကို ခေါ်ခဲ့သည်။ တချို့မှာ သူနှင့်အတူ စစ်မြေပြင်မှာ တိုက်ပွဲဝင်ပြီး ပြန်ရောက်လာသူများဖြစ်၏။ စစ်မြေပြင်မှ ထွက်လာသူများဖြစ်၍ အလုပ်ကို မြန်မြန်နှင့် ကောင်းကောင်းလုပ်နိုင်ကြသည်။
အိမ်ကို စတင်ဆောက်လုပ်နေပြီဖြစ်၍ ချန်ချင့်တို့တတွေက နေ့လယ်စာကို စတင်ပြင်ဆင်ပေးရလေပြီ။ ပါဝင်ပစ္စည်းအားလုံးကို ကျိုးယွမ်က ဝယ်ကာ ချန်ချင့်၏ အိမ်ဆီ နေ့တိုင်းယူလာပေးသည်။
ချန်ချင့်နှင့် စွင်းတာ့ညန် နှစ်ယောက်လုံးက အလုပ်လုပ်ရာတွင် တော်ကြသဖြင့် တစ်မနက်တည်းဖြင့် ဟင်းလျာအားလုံးကို သပ်သပ်ရပ်ရပ်နှင့် သန့်သန့်ရှင်းရှင်း စီစဥ်နိုင်လေ၏။
ချန်ချင့်နှင့် စွင်းတာ့ညန်တို့ဟာ ဟင်းချက်ကျွမ်းကျင်ကြသူများဖြစ်သည့်အလျောက် ရိုးရိုးရှင်းရှင်း ဟင်းတစ်အိုးဆိုလျှင်ပင် အရသာရှိလှသည်။
သူတို့က နေ့တိုင်း သူတို့ကိုယ်ပိုင်မီးဖိုချောင်တွင် ချက်ပြုတ်ကာ ပြီးစီးသွားသည့်နောက် ကျိုးယွမ်အိမ်ဆီ ပို့ပေးရသည်။ စွင်းတာ့ညန်က ပုံမှန်သွားပို့နေကြဖြစ်သော်လည်း တစ်ရက်တွင် သူမခြေထောက်အဆစ်လွဲလုမတတ်ဖြစ်သွားတာကြောင့် ချန်ချင့်က သူကိုယ်တိုင် သွားပို့ပေးပါတော့သည်။ သူ အပြင်မထွက်ချင်သည်နှင့် နှိုင်းယှဥ်ပါလျှင် သူ့အမေ၏ ခန္ဓာကိုယ်က ပိုအရေးကြီးသည်ပင်။
သို့ဖြစ်၍ နေ့တိုင်းအစားအသောက်သွားပို့ရသည့်အချိန်တိုင်းဟာ ချန်ချင့်အတွက် စိတ်မသက်မသာအဖြစ်ဆုံးအချိန်ဖြစ်လာခဲ့ရသည်။ ထို့အပြင် ထိုနေရာတွင် အလုပ်လုပ်ကြသူများမှာ ရွာထဲက အမျိုးသားများဖြစ်ကြလေ၏။
ချန်ချင့်လေးဟာ ရွာရှိ အဒေါ်တွေ၊ ဖူလန်တွေနဲ့ စကားပြောချိန်မှာတောင် ရှက်ရွံ့တတ်သူဖြစ်ရာ ဒီလောက်များပြားတဲ့ အမျိုးသားတွေရှေ့မှာဆိုရင်တော့ ပြောမနေပါနဲ့တော့လေ...
အထူးသဖြင့် ရွာရှိအမျိုးသားများဟာ လက်လွတ်စပယ် စကားပြောတတ်ကြသလို ညစ်တီးညစ်ပတ်စကားမျိုးစုံကို ရှေ့နောက်မစဥ်းစားဘဲ ပြောချတတ်ကြသည်။ သည့်အပြင် ချန်ချင့်က မုဆိုးဖိုလေးဖြစ်တာကြောင့် သူတို့၏ ပြက်လုံးများဟာ အောက်တန်းကျလှ၏။
ချန်ချင့် ပြေးလုမတတ်ဖြစ်နေသည်ကို ကျိုးယွမ် မြင်လိုက်ရ၍ သူ့အကြည့်တွေက ချန်ချင့်ကို စနောက်နေကြသည့် လူနှစ်ယောက်ဆီ ရောက်သွားခဲ့ချေပြီ။
နောက်တစ်နေ့တွင် ကျိုးယွမ်သည် ထမင်းဟင်းများကို တံခါးမှာပဲထားခဲ့၍ရကြောင်း၊ တစ်ယောက်ယောက်က လာယူလိမ့်မည်ဖြစ်ကြောင်း စွင်းတာ့ညန်အား ပြောထားလိုက်၏။ ထိုအခါမှ ချန်ချင့်လည်း သက်ပြင်းချနိုင်သွားတော့သည်။
ကျိုးယွမ်အတွက် ချက်ရေးပြုတ်ရေးတွင် ကူညီပေးရသောကြောင့် အိမ်ရှိရေမှာ အကုန်မြန်လှသည်။ ပုံမှန် ငါးရက်နီးပါး သုံးရသည့် ရေမှာ တစ်ရက်တည်းနဲ့ သုံးကုန်လုနီးနီးပင်။ ထို့ကြောင့် ချန်ချင့် ညပိုင်းအလုပ်ပြီးသည်နှင့် ရေပုံးတစ်ပုံးနှင့် ရေသွားသယ်ဖြစ်သည်။
ချန်ချင့်က ရွာသားများနှင့် ပြောဆိုဆက်ဆံရတာကို မကြိုက်သဖြင့် မှောင်သွားမှသာ ရေသွားခပ်ရန် ရွေးချယ်ခဲ့သည်။ သူသည် ဤလမ်းများကို အကျင့်ဖြစ်နေပြီဖြစ်၍ အမှောင်ထဲမှာ ပြုတ်ကျမှာကို မစိုးရိမ်ပါပေ။
ဒီရက်ပိုင်းတွေထဲမှာ စွင်းတာ့ညန်၏ ရောဂါဟောင်း ပြန်ထလာကာ သူမ၏ခါးလည်း အားမစိုက်နိုင်သဖြင့် ရေသွားယူရာတွင် ချန်ချင့် နှစ်ခေါက်ပိုသွားရသည်။
သို့သော် အိမ်မှ ရေတွင်းဆီ သွားသည့်လမ်းမှာ ကျိုးယွမ်၏ အသစ်စက်စက်အိမ်လေးကို ဖြတ်သွားရမည်ဖြစ်သည်။
ချန်ချင့်သည် ရေပုံးကိုသယ်ကာ သူခိုးတစ်ယောက်နှယ် ခြေသံဖော့ဖော့ဖြင့် လမ်းလျှောက်သွားလေ၏။ ကြားသွားမှာကြောက်လို့ သူ့အသက်ရှုသံကိုတောင် တမင်တကာ နှေးချလိုက်သေးသည်။
ထိုအပိုင်းကို ဖြတ်လျှောက်သွားပြီးသည့်နောက် ချန်ချင့် စိတ်သက်သာရာရစွာ သက်ပြင်းရှိုက်မိလျက်။
သို့ပေမဲ့ ကျိုးယွမ်ဟာ စစ်သားတစ်ဦးဖြစ်သလို ရှေ့တန်းတပ်ရင်းမှာ ရှိခဲ့တာကြောင့် သူ့အနားဝန်းကျင်ရှိ လှုပ်ရှားမှုသေးသေးလေးကိုပင် သဘာဝအတိုင်း သိရှိနိုင်မှန်း ချန်ချင့် မသိလိုက်ချေ။ နွားတင်းကုပ်အဟလေးမှတစ်ဆင့် ရေပုံးတစ်ပုံးကို ပုခုံးပေါ်မှာထမ်းလျက် ခပ်သွက်သွက်ပြေးသွားသော ပိစိလေးချန်ချင့်အား ကျိုးယွမ် တွေ့လိုက်ရလေသည်။
ရေတွင်းက သူ့အိမ်နှင့် သိပ်မဝေးလှ။ ရေတစ်ပုံးက မလုံလောက်သည်မှာ ပုံမှန်ပင်။ ချန်ချင့် ရေစည်ထဲသို့ ရေလောင်းထည့်လိုက်၏။ သူ အမောတကောဖြစ်နေသည်ကို စွင်းတာ့ညန် တွေ့လိုက်ရ၍
"အားချင့် မနက်ဖြန်မှ ထပ်သွားယူပါတော့လား"
ချန်ချင့် ခေါင်းခါလိုက်ပြီး "နောက်ထပ်နှစ်ခေါက်လောက်သွားလိုက်ရင် လုံလောက်ပါပြီ"
နေ့ခင်းဘက်ဆို လူပိုများများ တွေ့ရလိမ့်မှာ... ညဘက်ဆို မှောင်နေတော့ သူ့ကို ဘယ်သူမှ မတွေ့နိုင်ဘူးလေ... ဒါကြောင့် သူ တတ်နိုင်သမျှ ညဘက်မှာ အလုပ်ပြီးအောင်လုပ်ရမှာပဲ...
(ကလေးက Introvertလေးဆိုတော့ လူတွေနဲ့စကားမပြောချင် မနှုတ်ဆက်ချင်လို့ပါတဲ့)
စွင်းတာ့ညန် ကူကယ်ရာမဲ့စွာဖြင့် : "ရေသွားယူတာလေးကို မင်းက ဘာလို့ သူခိုးလိုပြုမူနေရတာတုန်း"
သူတို့နှစ်ယောက် စကားပြောနေစဥ် တံခါးခေါက်သံကြားလိုက်ရ၏။ ချန်ချင့်က ရေလောင်းထည့်နေဆဲဖြစ်၍ တံခါးသွားဖွင့်သူမှာ စွင်းတာ့ညန်ပင်။
ချန်ချင့် သူ့မျက်လုံးထောင့်မှတစ်ဆင့် တံခါးဝရှိ အရပ်ရှည်ရှည်ပုံရိပ်တစ်ခုကို မြင်လိုက်၍ ရေပုံးထဲက ရေများကို ရေစည်ထဲ ခပ်သွက်သွက် သွန်ထည့်လိုက်ပြီး အိမ်ထဲ ပြေးပုန်းပါတော့သည်။
"ဒုက္မခံပါနဲ့ကွယ်... အားချင့် သယ်နိုင်ပါတယ်"
စွင်းတာ့ညန်က ကျိုးယွမ်၏ ရည်ရွယ်ချက်ကို သိရသည့်အခါ သူ့ကို လွန်စွာ ကျေးဇူးတင်မိပေမယ့် ကျိုးယွမ်က သူမတို့အား ငွေအများကြီးပေးထားပြီးဖြစ်သည်။ ရေသယ်ရသည့်အလုပ်ဟာ သူမတို့အလုပ်ပဲဖြစ်တာကြောင့် သူမတို့က ကျိုးယွမ်ကို ရေကူသယ်ခိုင်းဖို့ ဘယ်လိုလုပ်ပြီး တောင်းဆိုနိုင်မှာလဲ...
"ကျွန်တော် အဲဒီတုန်းက ရှင်းရှင်းမပြောလိုက်ရဘူး"
ကျိုးယွမ် စိတ်ရင်းဖြင့် : "သူက ဖူလန်လေးဖြစ်တော့ ညဘက်ကြီး ရေသွားသယ်ရတာ အဆင်မပြေဖြစ်လောက်တယ်... ဒါ့ကြောင့် ကျွန်တော်ပဲ သွားလိုက်မယ်... နောက်ပြီးတော့ အရင်တုန်းက အဒေါ်လဲ ကျွန်တော့်ကို ဂရုစိုက်ပေးခဲ့တာလေ... ကျွန်တော့်မှာ ခွန်အားတွေအများကြီးရှိတော့ ရေနည်းနည်းသွားယူတာလောက်က ဘာမှမဟုတ်ဘူး"
ကျိုးယွမ် တဲဆောက်ပြီး လာနေကတည်းက စွင်းတာ့ညန်က ကျိုးယွမ်ဆီ မကြာခဏ ညစာပို့ပေးလေ့ရှိသည်။ ကျိုးယွမ်က နေ့ခင်းဘက်တွင် ထမင်းအိုးကြီးမှ အားလုံးနှင့်အတူတူစားပြီး ညဘက်တွင် ဘန်းမုန့်ပေါင်းသာ စားနေသည်ကို စွင်းတာ့ညန် တွေ့လိုက်ခြင်းကြောင့်ပင်။
သူက ဒီလောက်လူကောင်ကြီးတာကို ညဘက်မှာ ဘန်းမုန့်ပေါင်းလေးစားပြီး ဘယ်ဝမှာတဲ့တုန်း...
သို့နှင့် သူမက ညဘက်တွင် နည်းနည်းပိုချက်ရန် ချန်ချင့်အား ပြောလိုက်၏။ ဘယ်လိုပဲဖြစ်ဖြစ် ကျိုးယွမ် နေ့တိုင်းပို့ပေးတဲ့ ဟင်းချက်ပစ္စည်းတွေကို သူတို့ တစ်ခါတစ်လေ ကုန်တောင်မကုန်ဘူးလေ... ဒီတော့ သူ့အတွက် နည်းနည်းပို့ပေးလိုက်ကြတာပေါ့...
အကြိမ်ကြိမ်ငြင်းဆိုပြီးနောက် စွင်းတာ့ညန်သည် သူက ဒီအတိုင်းယဉ်ကျေးနေခြင်းမဟုတ်ဘဲ အမှန်တကယ်ကူညီချင်နေမှန်း သဘောပေါက်လိုက်၍ သူမလည်း ရေပုံးနှင့် ပုခုံးတင်ဝါးလုံးကို သူ့ထံ ပေးလိုက်တော့သည်။
"မင်းရဲ့ အကူအညီအတွက် ကျေးဇူးပါပဲကွယ်"
အိမ်ထဲ၌ ပုန်းနေသူ ချန်ချင့်ကတော့ သူတို့စကားပြောသံများကို မကြားနိုင်ခဲ့။ သူသည် တစ်ဖက်ရှိ သေတ္တာတစ်လုံးကို ကောက်ယူ၍ စွင်းတာ့ညန် ခါးနာသက်သာစေမည့် ဆေးတချို့ကို ရှာချင်ခဲ့သည်။ မနက်ဖြန် သူ အားသည့်အချိန် သူမ၏ နာကျင်မှုကို သက်သာစေမည့် ဆေးအိတ်တစ်အိတ် ချုပ်ပေးချင်မိသည်။
စွင်းတာ့ညန် ပြန်ရောက်လာသည့်အခါ ချန်ချင့် ထရပ်၍ ရေသွားယူချင်ပေမယ့် စွင်းတာ့ညန်က သူ့ကို တားလိုက်ပြီး
"ကျိုးယွမ် သွားယူပေးတယ်"
ချန်ချင့် အနည်းငယ်အံ့သြသွားရလျက် : "ဘာလို့ သူက သွားရတာလဲ"
စွင်းတာ့ညန်က ကျိုးယွမ်ပြောတာကို သတိရလိုက်ပြီး : "ညဘက်မှာ အရမ်းမှောင်လွန်းတယ်တဲ့... မင်းက ကောလေးဖြစ်လို့ အန္တရာယ်ဖြစ်မှာကို စိုးရိမ်နေတာပဲ"
ချန်ချင့် တီးတိုးရေရွတ်မိလျက် : "ဘာအန္တရာယ်ရှိနိုင်လို့လဲ"
သို့ပေမဲ့ သူ့နှလုံးခုန်သံတွေ နည်းနည်း ပရမ်းပတာဖြစ်ကုန်ပြန်သည်။
xxx