Ch-9
Viewers 485

Ch-9 Unicode 


ချန်ချင့်၏ အထောက်အထားမှာ ကိုးရိုးကားရားဖြစ်နေလျက်။ အဘွားအို၏ ဇာတ်လမ်းကို သူ နောက်မှကြားသိခဲ့ရသည်။ အဘွားအို၏ သားဖြစ်သူမှာ စောစောစီးစီး သေဆုံးသွားခဲ့ကြောင်း၊ သူမ၏ ချွေးမက အခြားသူနှင့် ထွက်ပြေးသွားခဲ့ကြောင်း၊ သူမ၏ တစ်ဦးတည်းသောမြေးဖြစ်သူဟာ စစ်မှုထမ်းနေရကြောင်းကြားခဲ့ရသည်။ 


အဘွားအိုက သူမ၏မြေးဖြစ်သူ ပြန်လာသည်ကို မစောင့်နိုင်တော့မှန်း သူမတွေးမိသောကြောင့် အိမ်၌ သူ့အား စောင့်နေပေးရန် ခင်ပွန်းသည်တစ်ဦးရှာချင်ခဲ့ခြင်းပင်။ 


အမြဲတမ်း စကားပြောရတာကို မကြိုက်သော၊ လူတွေနှင့် ဆက်ဆံရတာကို သဘာမကျသော ချန်ချင့်ဟာ ပထမဆုံးအကြိမ်အဖြစ် လူပွဲစားအား တောင်းဆိုခဲ့သည်။ သူသည် စရန်ငွေလက်ခံထားပြီးသွားပြီဖြစ်၍ သူ့ကိုယ်သူပေးပြီး(ပြန်ရောင်း) အဘွားအိုအတွက် နောက်ဆုံးခရီးကို ပို့ပေးခွင့်ရနိုင်မလားဟု။ 


အကျိုးအမြတ် ချိန်ဆကြည့်ပြီးနောက် လူပွဲစားလည်း နောက်ဆုံးတွင် သဘောတူခဲ့သည်။ ချန်ချင့်က အဘွားအို၏အိမ်ကို တစ်နေကုန်ရှာဖွေခဲ့ရသည်။ 


ရွာသားများ၏ လမ်းညွှန်မှုအောက်၌ အဘွားအိုအတွက် တွင်းတစ်တွင်းတူးကာ မြှုပ်နှံပေးလိုက်၏။ ထို့နောက် အဘွားအို၏ အုတ်ဂူရှေ့တွင် ငွေစက္ကူများရှို့ရန်အတွက် စုဆောင်းထားသော သူ့ပိုက်ဆံအားလုံးကို ငွေစက္ကူဝယ်ရာတွင် သုံးပစ်ခဲ့လေသည်။ 


ချန်ချင့် မထွက်ခွာခင်မှာ အဘွားအို၏ အိမ်သို့ သွားလိုက်သေးသည်။ ခြံထဲ၌ အဘွားအို၏ အဝတ်အစားနှင့် အိပ်ရာမှလွဲပြီး ဘာမှမရှိပေ။ ချန်ချင့်က ထိုပစ္စည်းများကို မလွှတ်ပစ်ဘဲ သူမ၏မြေးဖြစ်သူ ပြန်လာခဲ့ပါလျှင်ဆိုသော အတွေးတစ်ခုဖြင့် အားလုံးကို ဗီရိုထဲထည့်သိမ်းပေးလိုက်၏။ နောက်ဆုံးတွင်မူ အဘွားအို သူ့အား ပေးခဲ့သော ပိုက်ဆံအိတ်ကိုသာယူ၍ လူပွဲစားနောက်ကို လိုက်သွားခဲ့ပြန်သည်။ 


ချန်ချင့် အတိတ်အကြောင်းကို တွေးနေချိန် သူ့ခေါင်းပေါ်သို့ အရိပ်တစ်ခု အုပ်မိုးလာ၍ မော့ကြည့်လိုက်မိသည်။ ထိုအခါ အဖြူရောင်ဝမ်းနည်းပူဆွေးခြင်းဝတ်စုံပေါ်တွင် မျက်ရည်စီးကြောင်းနှစ်ကြောင်း ကျဆင်းသွားလေ၏။ သူ့မေးစေ့မှာလည်း မျက်ရည်စတစ်စနှစ်စ ခိုတွဲနေလျက်။ 


သူငိုနေချိန်တွင် အသံတစ်စက်မှမထွက်သော်လည်း မျက်ရည်များဟာ ပြတ်သွားသော ကြိုးတစ်ကြိုးမှ ပုတီးလုံးများသဖွယ် ဆက်တိုက်ကျဆင်းနေလေ၏။ 


အနက်ရောင်အဝတ်အစားနှင့် ကျိုးယွမ်အား သူ တွေ့လိုက်ရသည်။ ထိုသူက တစ်ဖက်မှ အမွှေးတိုင်တစ်ချောင်းကို ယူ၍ မီးညှိလိုက်ကာ သုံးကြိမ်ရှိခိုးပြီးနောက် အမွှေးတိုင်အိုးထဲတွင် အမွှေးတိုင်ကို ထိုးစိုက်လိုက်ပြီး ချန်ချင့်၏ နံဘေး၌ ဒူးတစ်ဖက်ထောက်ကာ ငွေစက္ကူနည်းနည်း မီးရှို့လိုက်လေ၏။ 


ချန်ချင့် လက်ကိုမြှောက်၍ သူ့မေးစေ့ပေါ်မှ မျက်ရည်များကို သုတ်လိုက်ပြီးနောက် တည့်တည့်ဒူးထောက်လိုက်ပြီး ကျိုးယွမ်အား ဦးညွှတ်လိုက်သည်။ 


ကျိုးယွမ်၏မျက်လုံးများ မည်းမှောင်သွားလျက်။ သူသည် ငွေစက္ကူနောက်ဆုံးအရွက်ကို မီးရှို့လိုက်ပြီးနောက် ပင်မအခန်းမှ ထွက်သွားပါတော့သည်။ 


အချိန်ကျရောက်လို့လာသည့်အခါ ခေါင်းတလားကို ပိတ်လိုက်ပြီး ချန်ချင့်က မုန့်ထောင်း၏ အထိမ်းအမှတ်ကမ္မည်းတိုင်နှင့် ပူဇော်ပစ္စည်းများကို လက်မှာကိုင်လျက် လူအုပ်ရှေ့သို့ လျှောက်သွားခဲ့သည်။ 


ယနေ့မှာ နေသာသောနေ့တစ်နေ့ပင်။ တောင်ပေါ်မှာလည်း ပုစဉ်းရင်ကွဲတစ်ကောင်နှစ်ကောင် အသံတို့ကို ရံဖန်ရံခါ ကြားနိုင်ပေသည်။ 


မုန့်ထောင်း၏ အုတ်ဂူနေရာအား ဟိုးအရင်ကတည်းက ရွေးထားပြီးသားပင်။ သူ့ဖခင်နေရာနှင့် သိပ်မဝေးလှ။ ချန်ချင့် တံခါးမှ လျှောက်ထွက်သွားသည့်အချိန် စွင်းတာ့ညန်၏ငိုသံကို ကြားလိုက်ရသည်။ 


ချန်ချင့်လည်း သူ့လက်ကိုမြှောက်ကာ လက်ထဲရှိပစ္စည်းများကို မြဲမြဲကိုင်ထားခဲ့ပြီး အထမ်းသမားတို့၏ သီဆိုကခုန်သံကို နားထောင်ရင်း သင်္ချိုင်းဆီသို့ လျှောက်သွားလိုက်သည်။ ရံဖန်ရံခါ သူ့အပေါ်သို့ ကောက်ပဲသီးနှံတချို့နှင့် အစေ့အဆံတချို့ ဖြန်းပက်ခြင်းခံရပါသေးသည်။ 


နောက်ဆုံးတွင် အခေါင်းထမ်းသမားများက မုန့်ထောင်း၏ ခေါင်းတလားကို တူးထားသောတွင်းထဲသို့ ထည့်ကာ တဖြေးဖြေး မြေကြီးနှင့် ပြန်ဖြည့်နေသည်ကို ချန်ချင့် ကြည့်နေမိလျက်။ ချန်ချင့်လည်း သူတို့စီစဥ်ပေးထားသော အမွှေးတိုင်နှင့် ငွေစက္ကူများကို မီးရှို့ရန် ပြင်တော့သည်။ 


မီးရှို့ပြီးနောက် အထမ်းသမားတစ်ဦးက ခေါင်းတလားကို မြှုပ်ပြီးသည့်နောက် အိမ်ပြန်ရာတွင် အလာတုန်းကနှင့် မတူညီသော တခြားလမ်းမှ ပြန်ရမည်ဟု ပြောပြခဲ့သည်။ အိမ်ပြန်လမ်းတွင်လည်း ချန်ချင့်အဖို့ ထင်းရူးပင်တစ်ပင်ကိုရှာပြီး ကိုယ်ပေါ်မှာ ထင်းရူးကိုင်းတချို့ကို ဆောင်သွားသင့်သည်ဟု ဆိုခဲ့ပါသေးသည်။  


ချန်ချင့် အတန်ငယ် ကြက်သေသေသွားရလျက်။ အထမ်းသမား၏ တိုက်တွန်းခြင်းကိုခံရပြီးနောက် သူ မတ်တပ်ထရပ်ကာ အလာတုန်းကထက် ပိုဝေးပြီး လုံးဝမတူညီသောလမ်းကို လျှောက်လိုက်သည်။ ထို့နောက် လမ်းမှာ ထင်းရူးကိုင်းများကို မြင်လိုက်၍ ကောက်ကာ သူ့ခါးမှာ တွဲချိတ်လိုက်လေ၏။ 


ယခုအချိန်တွင် မု့န်မိသားစု၏ခြံဝင်းသို့ ရွာသူရွာသားများစွာ ရောက်နေကြပြီဖြစ်ပြီး သူတို့အားလုံး လက်ဗလာဖြင့် မလာကြပါချေ။ တချို့က တစ်ဆင့် နှစ်ဆင့် ပေးကြပြီး တချို့က ကြက်ဥနည်းနည်းပေးကြ၏။ တိုတိုပြောရပါလျှင် သူတို့လည်း ဤထမင်းတစ်နပ်အား အလကားလာစားခြင်းမဟုတ်။ 


ကျိုးယွမ်လည်း လူအုပ်ကြားထဲမှာရှိနေပေမဲ့ သူသည် ရွာသားများနှင့် မရင်းနှီးသေးသဖြင့် သူ့ထံ မည်သူမှမလာကြချေ။ သူက နံဘေးမှာ တိတ်တဆိတ်ထိုင်နေလေသည်။ 


သို့သော် ကျိုးယွမ်က စစ်မြေပြင်မှာ သူ၏ အကြားအာရုံကို လေ့ကျင့်ခဲ့၍ တစ်ဖက်မှ အမျိုးသမီးနှစ်ယောက်၏ စကားများကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။ 


"ချန်ချင့်က တကယ်ပဲ ပူဆွေးနေတာလား?" 


"ဟုတ်ပါ့... သူက အမှတ်တရကျောက်တိုင် ကိုင်ပြီး တောင်ပေါ်ကိုတောင် တက်သွားသေးတာ... အနာဂတ်မှာ သူ တကယ်ကြီး 

လက်ထပ်ဖို့ အစီအစဉ်မရှိတော့ဘူးလားဟယ်


"နှမြောဖို့ကောင်းလိုက်တာ... သူက မုန့်ထောင်းကို မြင်တောင်မမြင်ဖူးလိုက်ဘူးလေ ဟုတ်တယ်မဟုတ်လား


"အဲဒါပေါ့... သူက ကျန်တဲ့ဘဝတစ်လျှောက်လုံး လက်မထပ်တော့တဲ့ စွင်းချွေ့လိုမျိုး ဖြစ်ချင်နေတာပဲ


"ဘယ်လောက်တောင် သနားစရာကောင်းလိုက်သလဲဟယ်


"အနာဂတ်မှာ နောင်တရရင်ရော..." 


"သူက ကွယ်လွန်သွားတဲ့ ခင်ပွန်းသည်အတွက် ပူဆွေးပြီးသွားပြီ... အနာဂတ်မှာ တစ်ယောက်ယောက်က သူ့ကို သဘောကျသွားရင်တော့ သူ့ရဲ့ မကောင်းတဲ့ကံအကြောင်း စဥ်းစားကြလိမ့်မယ်... သူ နောက်တခါလက်ထပ်ဖို့ ခက်ခဲမယ်လို့ ငါထင်မိတယ်


"ဒါ့အပြင် သူ့ခန္ဓာကိုယ်သေးသေးလေးကို ကြည့်လိုက်အုံး... သားသမီးမွေးဖို့မလွယ်တာ အသိသာကြီး... ဘယ်သူက လူပျိုအပျိုလူလွတ်လေးတွေကို ဖယ်ထားပြီး ဝမ်းနည်းပူဆွေးထားတဲ့ မုဆိုးဖိုလေးတစ်ယောက်ကို လက်ထပ်မှာတဲ့တုန်း


ကျိုးယွမ်သည် သူတို့၏ စကားသံများကို အမူအရာမဲ့နေသော မျက်နှာထားဖြင့် နားထောင်နေရင်း သူ့ခြေထောက်အောက်၌ တွင်းကြီးတစ်တွင်းဖြစ်သွားသည်ကို သတိမပြုမိလိုက်ပေ။ 


သနားစရာ ချန်ချင့်လေးဟာ အမောတကောနှင့် ပြန်ရောက်လို့လာလေပြီ။ စွင်းတာ့ညန်က သူ့ကိုမြင်သည်နှင့် ထင်းရှူးကိုင်းကို သူ့ခါးမှ အသာအယာ ချွတ်ပေးလိုက်၏။ ချန်ချင့်လေးမှာ ဘာကြောင့်မှန်းမသိသော်လည်း ထိုနေရာမှာရပ်နေရင်း သူမကို လုပ်ခွင့်ပေးထားခဲ့သည်။ 


တောင်ပေါ်မှ ဗြောက်အိုးသံများကို ကြားလိုက်ရသည့်အခါ စွင်းတာ့ညန်က ချန်ချင့်လေးကို ပုတ်ပေးလိုက်ပြီး ပြောလိုက်၏။ 


"လူတိုင်းကို ထိုင်စားကြဖို့ ပြောလိုက်တော့


ထုံးစံအတိုင်း စားသောက်ပွဲ၌ လူတိုင်း စိတ်အေးလက်အေးဖြစ်နေကြသည်။ သူတို့အားလုံးက လယ်သမားများဖြစ်ကြ၍ ဒီလိုအသားစားရမည်ကို ဆန္ဒမရှိဘဲမနေကြပေ။ လူတိုင်း စားပွဲဆီ အပြေးအလွှားဖြစ်နေကြလျက်။ 


ချန်ချင့်သည် သူ့တူများကို မရွေ့ဘဲ စားပွဲတွင် ထိုင်နေလျက်။ သူသည် ယနေ့မှစ၍ မုန့်ထောင်းအတွက် ဝမ်းနည်းပူဆွေးခြင်း စတင်လေပြီ။ သုံးလအတွင်း အသားမစားရ၊ နှစ်တစ်ဝက်ခန့် အရောင်အသွေးစုံလင်သော အဝတ်အစားများမဝတ်ရ၊ တစ်နှစ်အတွင်း ခရီးဝေးမထွက်ရပေ။ 


ရွာသူရွာသားများအား ပြန်ပို့ပေးပြီးနောက် သူတို့ ငွေပေးချေရန် စတင်တွက်ချက်ကြလေပြီ။ 


ခေါင်းတလားကို အလျင်စလိုဝယ်လိုက်ရပေမဲ့ ဈေးသိပ်မကြီးလှ။ ခေါင်းတလားအတွက် ငွေ ၃လျန်၊ စားပွဲထိုး၄ယောက်အတွက် တစ်ယောက်စီကို ဆင့် ၁၂၀၊ ပွဲအခမ်းအနားအတွက် ဆင့် ၃၀၀၊ အသားနှင့် ဟင်းသီးဟင်းရွက်များအတွက် ငွေ ၂လျန် ကျသင့်သည်။ 


ဤဈာပနအခမ်းအနားနှင့် အထွေထွေကုန်ကျစရိတ်များ အားလုံးပေါင်းလိုက်ပါလျှင် ငွေ ၈လျန်နီးပါး ကုန်ကျခဲ့သည်။ 


မုန့်ထောင်း၏ အငြိမ်းစားလစာမှာ ငွေ၁၀လျန်သာရှိ၏။ 


သို့သော်လည်း သူ့အမေက သူမ၏ ဘဝတွင် အရေးကြီးဆုံးအရာတစ်ခုကို ပြီးမြောက်သွားသည့်နှယ် စိတ်အေးလက်အေးဖြစ်သွားကြောင်း ချန်ချင့် ခံစားလို့ရနိုင်ခဲ့သည်။ 


ချန်ချင့် ရုတ်တရက် နှလုံးသားထဲမှ အထိတ်တလန့်ဖြစ်သွားရလျက်။ 


တိုက်ပွဲတွင် မုန့်ထောင်း ကျဆုံးသွားကြောင်း သိလိုက်ရသည့်အခါ သူ ထိတ်လန့်တကြားဖြစ်သွားရသလိုမျိုးပင်။ 


မိုးချုပ်သွားသည့်နောက်  ချန်ချင့် အဝတ်အစားပင်မလဲနိုင်ဘဲ အိမ်ထဲတွင် ပတ်လျှောက်နေလေ၏။ မုန့်ထောင်း၏ အဝတ်အစားတချို့သာ မရှိတော့သော်လည်း ချန်ချင့်ခမျာ တစ်ခန်းလုံး ဘာမှမရှိတော့သလို ခံစားနေမိသည်။  


သူသည် ဆီမီးမထွန်းညှိဘဲ စွင်းတာ့ညန်၏ အခန်းတံခါးဆီသို့ ခြေဖျားထောက်၍ လျှောက်သွားကာ အခန်းတံခါးသို့ သူ့နားရွက်အား ကပ်လိုက်ချိန်မှာပင် အတွင်းဘက်မှ တံခါးပွင့်လာလေ၏။ 


စွင်းတာ့ညန် သူ့ကြောင့် ထိတ်လန့်သွားရကာ သူ့အား ရိုက်ထုတ်မိလုနီးနီး။ 


"အားချင့် ဘာလုပ်နေတာလဲ


ချန်ချင့် တုံ့ဆိုင်းနေမိလျက်။ စွင်းတာ့ညန်က ချက်ချင်းပင် မေးလာလေ၏။ 


"ငါ မိုက်မဲတာတစ်ခုခုလုပ်မှာကို ကြောက်နေတာလား


ချန်ချင့် ခေါင်းညိတ်ပြလိုက်၏။ သူ့ပါပါးတုန်းကလည်း သူ့ကို အစားအသောက်ကောင်းကောင်းကျွေးမွေးပြီးနောက် မြစ်ထဲကို ပြတ်ပြတ်သားသား ခုန်ချသွားခဲ့သည်ပင်။ 


(သနားပါတယ် ကလေးလေး traumaရနေရှာတာ 😢


စွင်းတာ့ညန်က မုန့်ထောင်း၏ ဈာပနကို စီစဉ်ပြီးသွားပြီဖြစ်၍ မျှော်လင့်ချက်မရှိတော့သလို ခံစားမိပြီး မိုက်မဲတာတစ်ခုခုလုပ်လိုက်မည်ကို သူကြောက်နေမိ၏။ 


စွင်းတာ့ညန်က ချန်ချင့်၏ ဆံပင်လေးတွေကို ထိလိုက်ရင်း "မကြောက်ပါနဲ့ကွယ်"


xxx