Ch-8 Unicode
သူတို့အားလုံးဟာ စစ်မြေပြင်မှ ပြန်လာကြသူများဖြစ်ကြောင်း စွင်းတာ့ညန် သတိရလိုက်သည့်အခါ မုန့်ထောင်းအကြောင်း တစ်ခုခုသိချင်မိပြန်သည်။
ကျိုးယွမ်သည် မုန့်ထောင်းက သူ့အမေမုဆိုးမအား စောင့်ရှောက်ပေးဖို့ တောင်းဆိုခဲ့ကြောင်း ရွာသူကြီးရှေ့မှာ ပြောခဲ့သော်ငြား သူတို့က တပ်ရင်းတူကြပေမဲ့ ကျိုးယွမ်က ရှေ့ပြေးတပ်မှဖြစ်ပြီး မုန့်ထောင်းက ခြေလျင်တပ်ရင်းမှဖြစ်ပုံရသည်။
တပ်ရင်း ၂ခုမှာ အဆက်အစပ်မရှိသဖြင့် သူ မုန့်ထောင်းအား မသိပေ။ နောက်ဆုံးအကြိမ်က သူတို့အား ဂရုစိုက်ပေးရန်အတွက်သာ ထုတ်ပြောခဲ့ခြင်းဖြစ်သည်။
သည့်အပြင် တစ်နေရာတည်းတွင် အုပ်စုငယ်လေးများဖွဲ့ခြင်းမှ တားဆီးရန်အတွက် တပ်စခန်းသို့ဝင်သည့်အခါ အားလုံး လူကွဲသွားကြ၏။ ကျိုးယွမ် စစ်မြေပြင်ကို သန့်ရှင်းရေးလုပ်ချိန်တွင် မုန့်ထောင်းအလောင်းအား ကူကောက်ပေးခဲ့ရသည်။ စစ်မြေပြင်အခြေအနေများဟာ လျင်မြန်စွာ ပြောင်းလဲနေတတ်သောကြောင့် တိုက်ပွဲအတွင်း ကျဆုံးသွားသော စစ်သည်များကို နေရာမှာတင် မြေမြှုပ်နိုင်ရုံသာ။ မုန့်ထောင်းဟာ တစ်ကိုယ်လုံးအပြည့်အစုံရှိ၍ ကံကောင်းသည်ဟုဆိုနိုင်၏။ တော်တော်များများ အလောင်းပင်ရှာမတွေ့နိုင်ခဲ့ပေ။
သို့ပေမဲ့ သူ ဤအကြောင်းများကို မုန့်ထောင်း၏အမေအား ပြောမပြနိုင်သဖြင့်
"ကျွန်တော်တို့ တပ်စခန်းတူကြပေမဲ့ ကြားရက်တွေမှာ အများကြီးမတွေ့ဖြစ်ကြဘူး"
စွင်းတာ့ညန်က ကျိုးယွမ်ကို စိတ်အားထက်သန်စွာ စိုက်ကြည့်နေလျက် အနှီသူစိမ်းထံမှ သူ့သားအကြောင်း များများကြားချင်နေဟန်။
"သူက လွန်ခဲ့တဲ့နှစ်နှစ်လောက်က ကူဖင်ကွမ်းတိုက်ပွဲမှာ သူရဲကောင်းဆန်ဆန် သေဆုံးခဲ့တာပါ"
ကျိုးယွမ် ဆက်ပြောလာ၏ : "အဲဒီတိုက်ပွဲက အရမ်းကြေကွဲစရာကောင်းတယ်... ရန်သူတွေရော ကျွန်တော်တို့ပါ ဆုံးရှုံးမှုတွေ ကြုံခဲ့ရတာ... သူတို့ရဲ့ ခြေလျင်တပ်ရင်းက ကျွန်တော်တို့အတွက် အများကြီးအချိန်ဆွဲပေးနိုင်ခဲ့လို့ ဗျူဟာတွေခင်းနိုင်ပြီး အောင်ပွဲရခဲ့တာ"
စွင်းတာ့ညန် မျက်ရည်များကို သုတ်လျက် : "ငါ့သားက သတ္တိရှိလိုက်တာကွယ်"
စွင်းတာ့ညန်၏ပခုံး တုန်ယင်နေကြောင်း ချန်ချင့် ခံစားလိုက်ရ၏။ သူ နိုးလာသည့်အခါ စွင်းတာ့ညန် မျက်ရည်သုတ်နေသည်ကို သူတွေ့လိုက်ရ၍ ချန်ချင့် သူ့အတွက်သူ ထိုးထားသော ပန်းထိုးလက်ကိုင်ပုဝါလေးကို ထုတ်ယူလိုက်သည်။
သူက ကျိုးယွမ်ထံ သတိအနေအထားဖြင့် ကြည့်နေသည့်အခါ စွင်းတာ့ညန်က ဆို့နင့်စွာ ပြောပြလာ၏။
"ကျိုးယွမ်က အခုလေးတင် တပ်စခန်းက ထောင်းဇီအကြောင်း နည်းနည်းပြောပြနေလို့ပါကွယ်"
ထိုအခါမှ ချန်ချင့် ဂရုတစိုက် အကြည့်ပြန်ရုတ်လိုက်ပြီး မျှော်လင့်ချက်အနည်းငယ်တို့ဖြင့် ကျိုးယွမ်အား ကြည့်နေလိုက်၏။ သူနှင့် မုန့်ထောင်းဟာ တစ်ခါမှမတွေ့ဖူးပေမဲ့ သူလည်း သူ့အကြောင်းကြားချင်မိပါသည်။
ကျိုးယွမ် သူ့အား တစ်ချက်ကြည့်လာကာ စကားပြောနေသည်ကို ရပ်လိုက်ပြီး တိတ်တဆိတ်သာ လှည်းမောင်းနေလိုက်သည်။ ချန်ချင့်က ခဏစောင့်နေပြီးနောက် သူ့တွင် စကားထပ်ပြောရန် ရည်ရွယ်ချက်မရှိကြောင်း တွေ့လိုက်ရ၍ သက်ပြင်းနည်းနည်းချမိသွားရလျက်။
ရွာကိုပြန်ရောက်သည့်နောက် ချန်ချင့်နှင့် စွင်းတာ့ညန်က ကျိုးယွမ် ဆောက်တော့မည့်အိမ်ဟာ သူတို့အိမ်နှင့် သိပ်မဝေးကြောင်း တွေ့ရှိလိုက်ရ၏။ အရမ်းနီးကပ်သည်ဟုပင် ပြောလို့ရသည်။
စွင်းတာ့ညန် ခဏလောက် အံ့အားသင့်သွားပြီးမှ "ဒါဆို အခုကစပြီး ငါတို့က အိမ်နီးနားချင်းတွေ ဖြစ်တော့မှာပဲ"
ကျိုးယွမ် ခေါင်းညိတ်လျက် : "ဟုတ်တယ်... ဒါနဲ့ ဈာပနကို ဘယ်အချိန်ကျင်းပမှာလဲ... မုန့်ထောင်းရဲ့ ရဲဘော်ရဲဘက်တစ်ဦးအနေနဲ့ ကျွန်တော် လာပြီး သူ့အတွက် အမွှေးတိုင်ထွန်းသင့်တယ်လေ"
"ဒါပေါ့ ဒါပေါ့"
စွင်းတာ့ညန်သည် ကျိုးယွမ်အပေါ် အမြင်ကောင်းရှိလှသည်။ သူဟာ အရပ်ရှည်ပြီး ချောမောခန့်ညားသည့်အပြင် စစ်မြေပြင်မှ ဆင်းသက်လာသော လူသတ်ငွေ့အော်ရာရှိနေဆဲ။ အကယ်၍ ထောင်းဇီပြန်လာနိုင်ပါက သူလည်း ဒီလိုမျိုးပဲဖြစ်မည်ဟု သူမတွေးနေမိလျက်။
မတ်လ ၂၇ ရက်ဟာ ဈာပနကျင်းပရန်အတွက် သင့်လျော်လှသော နေ့တစ်နေ့ပင်။
စွင်းတာ့ညန်သည် ရွာသူရွာသားများဆီမှ ငွေ၊ လက်ဆောင်စသဖြင့် ဘာမှမလိုချင်ပါပေ။ သူမက မုန့်ထောင်းကို အေးအေးဆေးဆေး ထွက်သွားစေချင်ရုံသာ။
အနီးအနားရွာမှ အခမ်းအနားပြင်ဆင်သူများ ရောက်နှင့်နေလေပြီဖြစ်သည်။ သူတို့ပြင်ဆင်ထားသည့် ပါဝင်ပစ္စည်းများကို လိုက်ကြည့်ပြီးနောက် ထုံးစံအတိုင်း စားပွဲတစ်လုံးစာ ပြင်ဆင်တော့သည်။ ဟင်းလျာအအေး ၃မျိုး၊ ဟင်းလျာပူပူ ၄မျိုး နှင့် ဟင်းရည်တစ်ပွဲဆို လုံလောက်ချေပြီ။ သူတို့ သည့်ထက်ပိုဆိုးသော ပြင်ဆင်မှုများကိုပင် လုပ်ခဲ့ရဖူးပါ၏။
ခေါက်ဆွဲချက်သူနှင့်အတူ အလုပ်သမားများလဲ ရောက်လာခဲ့ကြသည်။ သူတို့က အသုဘကိစ္စများကို ကောင်းစွာကိုင်တွယ်တတ်ကြပြီး လုပ်ထုံးလုပ်နည်း၊ ကျင့်ဝတ်ဆိုင်ရာကိစ္စအဝဝကို အကုန်သိကြသည်။
သူတို့ခြံက သိပ်မကြီး၍ ငှားထားသော စားပွဲ ကုလားထိုင် စုစုပေါင်း စားပွဲ၅လုံးကို တံခါးအပြင်ဘက်ရှိလမ်း၌ နေရာချထား၏။
စွင်းတာ့ညန်နှင့် ရင်းနှီးကြသော အဒေါ်ကြီးများက လာရောက်ကူညီကြသလို ကြက်ဥနည်းနည်း၊ အဝတ်ဖြူအပိုင်းအစတချို့ စသဖြင့် ပစ္စည်းများကိုပါ ယူလာခဲ့ကြသည်။
မွန်းတည့်ချိန်မတိုင်ခင်ထိ လူမများသေးပေ။ မနက်ပိုင်းမှာ ခေါင်းတလားကို သူတို့မြေမြှုပ်ကြမည်ဖြစ်သည်။
မုန့်ထောင်း၏ မုဆိုးဖိုလေးအဖြစ် ချန်ချင့်က ဝမ်းနည်းပူဆွေးခြင်းဝတ်စုံကို ဝတ်မဝတ် ရွေးချယ်နိုင်ပေသည်။
လော့ဟယ်ရွာရှိ ဓလေ့ထုံးတမ်းအရ အမျိုးသမီးများနှင့် ခင်ပွန်းတို့ဟာ သူတို့၏ သေဆုံးသွားသော ခင်ပွန်းသည်ဖြစ်သူအတွက် ဝမ်းနည်းပူဆွေးခြင်းဝတ်စုံ ဝတ်မဝတ်ကို ရွေးချယ်နိုင်သည်။ အကြောင်းကတော့ သူတို့ ခင်ပွန်းဟောင်းအတွက် ဝမ်းနည်းပူဆွေးခြင်းဝတ်စုံ ဝတ်လိုက်ပါလျှင် နောင်တချိန်မှာ အိမ်ထောင်ထပ်ပြုချင်ပါက အနာဂတ်ခင်ပွန်းသည်၏ မိသားစုနှင့် ပဋိပက္ခဖြစ်ပေလိမ့်မည်။
လော့ဟယ်ရွာတွင် သူမ၏ ကွယ်လွန်သူ ခင်ပွန်းသည်အတွက် ဝမ်းနည်းပူဆွေးခဲ့သူမှာ စွင်းတာ့ညန် တစ်ဦးတည်းသာရှိခဲ့သည်။ ဤဖြစ်ရပ်ကြောင့် စွင်းတာ့ညန်ဟာ သူမ၏ မိသားစုနှင့် ပဋိပက္ခကြီးစွာဖြစ်ခဲ့ကာ တစ်ဦးနှင့်တစ်ဦး အဆက်အသွယ်မရှိကြတော့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့လေပြီ။
မနေ့ညက ချန်ချင့်နှင့် သူမတို့၏ စကားဝိုင်းကို စွင်းတာ့ညန် ပြန်လည်တွေးတောနေမိလျက်။
ချန်ချင့် ပြင်ဆင်ထားသည့် ဝမ်းနည်းပူဆွေးခြင်းဝတ်စုံနှင့် ခေါင်းပတ်အပြင် သူ့ကိုယ်သူ ရစ်ပတ်ထားသည့် လျှော်ကြိုးတို့အား သူမ ကြည့်ကာ စွင်းတာ့ညန် သူ့ကို တားလိုက်၏။
"အားချင့် မင်း ဒီလိုလုပ်စရာမလိုပါဘူးကွယ်... အမေပြောတာနားထောင်... ဝမ်းနည်းပူဆွေးခြင်းဝတ်စုံ မဝတ်နဲ့... ပြီးတော့ မင်းက ထောင်းဇီကို တစ်ခါမှမတွေ့ဖူးခဲ့တာမို့ ဒီလိုလုပ်စရာမလိုပါဘူးကွယ်"
ချန်ချင့် ခေါင်းခါလျက် : "ကျွန်တော်လုပ်ရမှာပေါ့ အမေ... အမေ့ကို ကျွန်တော့်ရဲ့ အမေလို့ မှတ်ယူထားပြီးသား... ကျွန်တော် သူ့အတွက် ဝမ်းနည်းပူဆွေးခြင်းဝတ်စုံမဝတ်ရင် ဧကန္တ အမေ့က ဝတ်မလို့လား... သူ ဒီအတိုင်းထွက်သွားရရင် ငြိမ်းချမ်းမှာမဟုတ်လောက်ဘူး"
စွင်းတာ့ညန် သူ့ကို အချိန်အတော်ကြာ စည်းရုံးခဲ့သော်လည်း ဖျောင်းဖျမရနိုင်သဖြင့် လွှတ်ထားပေးလိုက်ရတော့သည်။
ထို့ကြောင့် ယနေ့ ချန်ချင့်သည် အဖြူရောင်ဝမ်းနည်းပူဆွေးခြင်းဝတ်စုံနှင့် ခေါင်းပတ်ကို ဝတ်ဆင်ထားကာ သူ့ခါးတစ်ဝိုက်တွင်လည်း လျှော်ကြိုးတစ်ကြိုးချည်ထားခဲ့ပြီး ဈာပနပွဲစီစဥ်သူများနောက်လိုက်၍ ပူးပေါင်းလုပ်ဆောင်ခဲ့သည်။
မုန့်ထောင်း၏ ခေါင်းတလားကို ပင်မအခန်းတွင် ထားထားကာ ချန်ချင့်က အခင်းပေါ်၌ ဒူးထောက်နေလေ၏။ သူ့ရှေ့တွင် ငွေစက္ကူများလောင်ကျွမ်းနေသည့် ဒယ်အိုးတစ်လုံးရှိနေသည်။
တောင်ပေါ်မတက်ခင် ဆွေမျိုးမိတ်ဆွေများ ဆန္ဒရှိပါက သူ့အတွက် ငွေစက္ကူများ လာရောက်မီးရှို့ပေးနိုင်သလို အမွှေးတိုင်ထွန်းပေးနိုင်သည်။
သို့သော်လည်း မနက်မိုးလင်းချိန်မှ ထွက်သွားချိန်ရောက်သည့်တိုင် မုန့်ထောင်းအတွက် ငွေစက္ကူလာရှို့မည့်သူ မည်သူမှမလာခဲ့ကြချေ။
ချန်ချင့်က သူ့ရှေ့ရှိ ဒယ်အိုးအားကြည့်လျက် သူ့အတွက် ငွေစက္ကူနည်းနည်း ထပ်ရှို့ပေးရန် လက်လှမ်းလိုက်သည်။ သူတို့နှစ်ဦးမှာ အကြင်လင်မယားအဖြစ် နာမည်ခံသာရှိပြီး တစ်ဦးနှင့်တစ်ဦး တစ်ခါမှပင်မတွေ့ခဲ့ဖူးကြပေ။
သူ့ကိုယ်သူအတွက် ဝမ်းနည်းရမလား မုန့်ထောင်းအတွက် ဝမ်းနည်းရမလား သူမသိတော့။
သူ့အကြောင်းသူတွေးနေမိရင်း ချန်ချင့် မျက်ရည်များစတင်ကျလာ၏။ မုန့်ထောင်းအတွက်ရော သူ့အတွက်သူပါ ငိုနေမိပုံရသည်။
ဤသည်မှာ ချန်ချင့် ကျင်းပပေးရသော စတုတ္ထမြောက်ဈာပနပင်။
ပထမဆုံးအကြိမ်က သူ့အဖေဖြစ်ပြီး ဒုတိယအကြိမ်မှာ သူ့ပါပါးဖြစ်သည်။ တတိယအကြိမ်ကမူ သူတစ်ခါမှမတွေ့ဖူးသော အဘွားအိုတစ်ဦးပင်။
ချန်ချင့် သူ့ကိုယ်သူ ရောင်းစားခဲ့ပြီးနောက် ဒုတိယမြောက်နှစ်တွင်ဖြစ်၏။ လူပွဲစားက သူ့ကို နေရာတော်တော်များများ ခေါ်သွားခဲ့သော်လည်း မည်သူမှ သူ့ကို မဝယ်ချင်ခဲ့ကြပေ။ နောက်ပိုင်းတွင် အဘွားအိုတစ်ဦးက ချန်ချင့်ကို သူမ၏ မြေးဖြစ်သူအတွက် ခင်ပွန်းငယ်လေးဖြစ်စေချင်ကြောင်း ပြောပြကာ သူ့ကို ပြန်ခေါ်သွားလိုခဲ့သည်။
ထိုအချိန်တွင် စရန်ငွေပေးချေပြီးသွားပြီး အဘွားအိုက သူမကိုယ်တိုင်လုပ်ထားသော ပိုက်ဆံအိတ်ကိုလည်း သူ့အား ပေးခဲ့သည်။ ချန်ချင့်လည်း ထုပ်ပိုးသိမ်းဆည်း၍ သူမနောက်လိုက်ရန် ပြင်ဆင်နေချိန်မှာပင် မတော်တဆတစ်ခုဖြစ်သွားလေ၏။ အဘွားအိုက ရုတ်တရက် နာမကျန်းဖြစ်သွားကာ သေဆုံးသွားခဲ့ခြင်းပင်။
ချန်ချင့်၏ အထောက်အထားမှာ ကိုးရိုးကားရားဖြစ်နေလျက်။ အဘွားအို၏ ဇာတ်လမ်းကို နောက်မှ သူကြားသိခဲ့ရသည်။ အဘွားအို၏ သားဖြစ်သူမှာ စောစောစီးစီး သေဆုံးသွားခဲ့ကြောင်း၊ သူမ၏ ချွေးမက အခြားသူနှင့် ထွက်ပြေးသွားခဲ့ကြောင်း၊ သူမ၏ တစ်ဦးတည်းသောမြေးဖြစ်သူဟာ စစ်မှုထမ်းနေရကြောင်း ကြားခဲ့ရသည်။
အဘွားအိုက သူမ၏မြေးဖြစ်သူ ပြန်လာသည်ကို မစောင့်နိုင်မှန်း တွေးမိသောကြောင့် အိမ်၌ သူ့အား စောင့်နေပေးရန် ခင်ပွန်းသည်တစ်ဦးရှာချင်ခဲ့ခြင်းပင်။
xxx