Chapter 5 - ဘာလို့လဲ?! (1)
.
ဒီတည်းခိုဆောင်တွင် ရှိသည့်လူတွေမှာ တကယ်သက်ရှိလူသားတွေ မဟုတ်မှန်း လန်မုရှီသိ၏။ သူတို့အားလုံးမှာ လူ့အရေခြုံနတ်ဆိုးများ ဖြစ်ကြသည်။ ဧည့်ခန်းမရှိ ဧည့်သည်များထိုင်နေသော စားပွဲများပေါ်မှ မထိရသေးသော လှလှပပပြင်ဆင်ထားသော စားသောက်ဖွယ်ရာများနှင့် အရက်များကနေ လန်မုရှီပြောနိုင်သည်။
ဤတည်းခိုဆောင်တွင် “နေမင်း”အင်ပါယာကို ကျောထောက်နောက်ခံရှိသည့် အင်အားကြီး အသွင်ပြောင်းနတ်ဆိုးတစ်ကောင်လည်း ရှိနေသည်။ ယင်းအသွင်ပြောင်းနတ်ဆိုးများမှာ သူတို့၏လူအသွင်အပြင်ကို ထိန်းသိမ်းရန် လူအရှင်များကို ကိုက်ဖြတ်စားသောက်ကာ ထိုလူများ၏သွေးကို အသုံးပြုကာ ယင်းတို့၏လူအသွင်အပြင်များကို ရေးခြယ်တတ်ကြသည်။ ဤအသွင်ပြောင်းနတ်ဆိုးမှာ ၄င်း၏နတ်ဆိုးစွမ်းအင်ကို ဖုံးကွယ်ထားနိုင်သည်။ ရှောင်းမြန်နှင့် သူ၏ဂိုဏ်းတူညီအစ်ကိုနှစ်ဦး၏ ယခုကျင့်ကြံရေးအဆင့်အရ ယင်းကိုလုံးဝ အာရုံခံနိုင်ကြမည် မဟုတ်ပေ။
ဇာတ်ကြောင်း၏ဒီအပိုင်းတွင် ရှောင်းမြန်နှင့် သူ၏ဂိုဏ်းတူညီအစ်ကိုတို့မှာ တတ်စွမ်းသမျှ တိုက်ခိုက်ကြမည်ဖြစ်သည်။ တန်ဖိုးမှာကား ဂိုဏ်းတူညီအစ်ကိုနှစ်ဦး၏အသက်ပေ။ သူတို့မှာလွတ်မြောက်တော့မည်ဖြစ်သော်လည်း သူမ....ကောက်ကျစ်ရက်စက်သော ဇာတ်ပြိုင်ဗီလိန်မက သူတို့ကိုဆွဲချရပေမည်။ သူမသည် သူမ၏ညီမအရင်းကိုပင် အကာအကွယ်စည်းအပြင်ဖက်သို့ တွန်းပစ်ခဲ့သေးသည်…။ မှန်းထားသည့်အတိုင်းပင် ကောက်ကျစ်သော ဇာတ်ပြိုင်ဗီလိန်မမှာ သူမလုပ်ရက်များ၏အကျိုးဆက်ကို ခံစားခဲ့ရသည်။ အကာအကွယ်စည်းမှာ ကြိုးပမ်းသွားကာ သူမလည်းအကာအကွယ်မဲ့သွားခဲ့သည်။
အဲဒီနောက် “ဘယ်သူ့ကို ရွေးမလဲ” ဟူသည့် ဖန်တရာထေနေသည့် ဂန္တဝင်ကစားပွဲက ရောက်လာသည်။
အသွင်ပြောင်းနတ်ဆိုးက ရှောင်းမြန်ကို မည်သူ့ကိုကယ်မည်နည်းဟု ရွေးချယ်ခိုင်းခဲ့သည်။ သဘာဝအားဖြင့်ဆိုလျှင် ရှောင်းမြန်လို ဖြောင့်မတ်သောလူမှာ သဘာဝအားဖြင့်ရွေးချယ်မည်မဟုတ်ပေ။ သူမ... ရက်စက်ကောက်ကျစ်သော ဇာတ်ပြိုင်ဗီလိန်မက ဇာတ်လိုက်မင်းသမီးကို အန္တရာယ်ပြုရန် ထပ်မံကြိုးစားခဲ့ပြန်သည်။ အဆုံးတွင်တော့ သူမလုပ်ရပ်များ၏ အကျိုးဆက်ကိုခံစားခဲ့ရလေသည်။ သူမ၏ရုပ်ရည်အသွင်အပြင်မှာ ပျက်စီးသွားခဲ့သည်…။
မျက်နှာဖျက်စီးခံရမည်ဟူသည့် အတွေးနှင့် လန်မုရှီ နည်းနည်းကြောက်မိသွားသည်။
သူမမျက်နှာ နောက်ပိုင်းပြန်ကောင်းလာသည်ဆိုလျှင်တောင် သူမသည် မိန်းမငယ်လေးတစ်ယောက်သာဖြစ်နေသေးသည်။ ထိုကဲ့သို့ နတ်ဆိုးတစ်ကောင်နှင့် ရင်ဆိုင်တွေ့ရမည်မှာ ဒါပထမဆုံး။
ဒါပေမဲ့ ပိုသေချာသည်မှာ ဤဇာတ်ကွက်ကြောင့် ဇာတ်လိုက်မှာ သူမကိုပိုလို့တောင်မုန်းတီးလာမည်ဖြစ်သည်။ ဇာတ်လိုက်မင်းသမီးမှာလည်း သူမ၏ “စရိုက်မှန်”ကို မြင်တွေ့လိုက်ရ၍ သူမတို့ဆက်ဆံရေးကို ပြတ်ဆဲဖို့ ဆုံးဖြတ်လိုက်သည်။ ထို့နောက် ဇာတ်လိုက်နှင့်ဇာတ်လိုက်မတို့မှာ သေခြင်း၊ ရှင်ခြင်းကို အတူတကွကျော်ဖြတ်ကာ တစ်ဦးအပေါ်တစ်ဦး ခံစားချက်များတိုးပွားလာကြသည်…။
ဇာတ်ကြောင်း၏ ဒီအပိုင်းသည် အလွန်အရေးကြီးသည်။
သူမဇာတ်ကွက်ကို မပြောင်းလဲနိုင်ပေ။ သူမအကုန်လုံးကို သိနေသော်လည်း သူမမိသားစုဖြိုခွဲခံရတဲ့ အချက်ကိုပြောင်းလဲရန် အားအင်မဲ့နေဆဲကဲ့သို့ပင်။ သူမ ဝင်မရှုပ်နိုင်ချေ။ ဇာတ်ကွက်များကို ဖော်ထုတ်မိလျှင် ဤကမ္ဘာ၏ဥပဒေမှ အပြစ်ပေးခြင်းခံရမည်ဖြစ်ပြီး သူမထိုကဲ့သို့ နာကျင်မှုမျိုးကို မခံစားနိုင်ပေ။
“ဒီမှာ မနေကြရအောင်။ တခြား…တခြားနေရာမှာနေဖို့ သွားရှာကြရအောင်။”
လန်မုရှီ ရှောင်းမြန်၏ အခန်းသော့ကိုယူရန်လှမ်းနေသည့်လက်ကို ရုတ်တရက်လှမ်းဆွဲလိုက်သည်။
မျက်လုံးတွေကို တင်းကျပ်စွာပိတ်လိုက်ပြီးအံကြိတ်ကာ သိုလှောင်အိတ်ထဲမှ ကျောက်တုံးက သူမ၏ခန္ဓာကိုယ်တစ်ခုလုံးအား အရည်ပျော်ကျမတတ် လောင်ကျွမ်းနေသည်ကို တောင့်ခံနေရသည်။ သူမ ရှောင်းမြန်၏လက်ကို ဖျစ်ညှစ်လိုက်ရင်း ပြောလိုက်သည်။
“ဒီမှာ…နတ်ဆိုးတွေ ရှိတယ်။”
သူမ နောက်ဆုံးစကားလုံးကို မပြောနိုင်လိုက်ခင်တွင် သူမ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ ပျော့ခွေသွားပြီး မြေပေါ်သို့မေ့လဲကျသွားတော့သည်။
လန်မုရှီမှာ ငရဲမီးနဲ့အရှို့ခံရသလို ခံစားလိုက်ရပြီး သူမဝိညာဥ်မှာ ပျက်စီးတော့မတတ်ပင်။ ယင်းမှာ အမှန်ပင်နာကျင်လွန်းလှ၏။ သူမဒါကိုနောက်ထပ် မလုပ်ရဲတော့သလို ဇာတ်ကြောင်းကို ထပ်မဖော်ရဲတော့ပေ။
သူမသည်ကြောက်လန့်ကာ ချွေးများစိုရွှဲ၍ နိုးလာခဲ့သည်။ ထို့နောက် အိပ်ရာထဲမှ ထထိုင်လိုက်သည်။
လန်ထျန်းယင်သည် အိပ်ရာနံဘေးတွင် ထိုင်နေကာ လက်ကိုင်ပုဝါဖြင့် မျက်နှာကိုသုတ်နေသည်။ လန်မုရှီ အသက်ကိုလုရှုရင်း မမရင်းနှီးသောမျက်နှာကျက်ကို မော့ကြည့်လိုက်မိကာ သူတို့ယခုတည်းခိုဆောင်တွင် တည်းခိုနေသည်ကို သိလိုက်၏—သူတို့က အသွင်ပြောင်းနတ်ဆိုး၏ ပါးစပ်ထဲဝင်ခဲ့ကြလေပြီ။
“အစ်မ နင်နိုးပြီးလား။ အမတသခင်ယိက အစ်မသွေးခုန်နှုန်းကို စမ်းပေးသွားတယ်၊ သူပြောတာ အစ်မအကြောက်လွန်သွားရုံပဒတဲ့။ ပြီးတော့ အဖျားလည်းကျသွားပြီ။”
လန်ထျန်းယင်သည် မျက်နှာသုတ်ပုဝါကို စားပွဲဘေးရှိ စင်လေးပေါ်တွင်တင်လိုက်ကာ လန်မုရှီအတွက် ရေတစ်ခွက်ခပ်ရန် ထသွားသည်။
လန်မုရှီသည် လက်ကိုထောက်ကာအမှီပြုလိုက်ပြီး လန်ထျန်းယင်ကမ်းပေးသော ရေနွေးကြမ်းခွက်ကို ယူလိုက်ပြီး အကြမ်းရေသုံးခွက်ကို တစ်ခွက်ပြီးတစ်ခွက်မော့သောက်လိုက်သည်။ ထို့နောက် သူမ သက်ပြင်းချပြီး လန်ထျန်းယင်ကို မေးလိုက်သည်။
”ဘယ်အချိန်ရှိပြီလဲ။”
“နျိုရှီအချိန်ကို ကျော်သွားပြီ။”
လန်ထျန်းယင်၏စကားဆုံးဆုံးချင်း လန်မုရှီ၏နှလုံးမှာ ထိတ်ခနဲဖြစ်သွားသည်။
ယင်းနောက်တွင် အခန်းတံခါးမှာကျိုးကာ ပွင့်သွား၏။ အမတသခင်သုံးယောက်မှာ ၄င်းတို့၏ဓါးတွေကို ဆွဲကာ တိုက်ခိုက်လိုက် ပြန်ခုခံလိုက်ဖြင့် ဝင်လာကြသည်။ လန်ထျန်းယင်သည်လန့်ပြီး အော်ဟစ်လိုက်မိကာ ရေနွေးကြမ်းခွက်မှာလည်း လက်ထဲမှအောက်လှိမ့်ကျပြီး ကွဲသွား၏။
“လန်မိန်းကလေး ကာကွယ်စည်းထဲ မြန်မြန်ဝင်ပါ!”
ရှောင်းမြန်၏ ဂိုဏ်းတူအစ်ကိုတစ်ဦးမှာ အခန်းကြမ်းပြင်တွင် အကာအကွယ်စည်းသင်္ကေတကို ဓါးနှင့်ဆွဲလိုက်သည်။ သူက နောက်သို့လှည့်လိုက်ပြီး ပါးစပ်ကိုလက်ဖြင့်အုပ်ကာ ကြက်သေသေနေသော လန်ထျန်းယင်နှင့် အိပ်ရာပေါ်တွင်စိတ်ရှုပ်ထွေးဟန်ဖြင့်ထိုင်နေသည့်ရှိ လန်မုရှီကို အကာအကွယ်စည်းထဲသို့ဝင်ရန် လှမ်းခေါ်လိုက်သည်။
လန်ထျန်းယင်မှာ ကြမ်းပေါ်တွင်ရပ်နေ၍ ဂိုဏ်းတူအစ်ကိုထံမှာ ပထမဆုံးစည်းတွင်းသို့ ဆွဲခေါ်ခံလိုက်ရသည်။ လန်မုရှီမှာထို့နောက်တွင် စည်းတွင်းသို့လိုက်သွားသင့်သော်လည်း သူမကအမတသုံးဦးနှင့် ပြီတီတီစိတ်မသက်သာဖွယ် အသွင်ပြောင်းနတ်ဆိုးများ၏ ဗြောင်းဆန်နေသည့်တိုက်ပွဲကိုကြည့်လိုက်သည်။ အဲ့ဒီနောက် အခန်းမှာ စတင်ပျက်စီးလာပြီး ရုတ်တရက် အလွန်ပျင်းရိလာသည်။
သူမ၏ဘဝမှာ ဤအသွင်ပြောင်းနတ်ဆိုးပါးစပ်ထဲတွင် တိုက်ခိုက်နေသောလူများကဲ့သို့ပင်။ သူတို့ကြိုးကြိုးစားစား တိုက်ခိုက်ရင်တောင် တကယ်လွတ်နိုင်မည်လား….။
“လန်မိန်းကလေး!”
ဂိုဏ်းတူအစ်ကိုက ထပ်မံအော်ခေါ်ပြန်သည်။ သူ့မျက်နှာမှာအလွန်တရာ စိုးရိမ်ပူပင်နေသည်။
သူမသည် ထိုဂိုဏ်းတူအစ်ကိုများ၏ နာမည်ကိုပင် မသိချေ။ သူမတမင်မှတ်ထားခြင်း မပြုသလို၊ မေးမြန်းခြင်းလည်းမရှိပေ။ ၄င်းတို့မှာ ဒီအသွင်ပြောင်းနတ်ဆိုးပါးစပ်ထဲတွင် သေရန်ကံကြမ္မာပါလာသည့် အရံဇာတ်ကောင်များသာ။
သူမ၏အသက်ရှင်လိုစိတ် ယိမ်းယိုင်စပြုလာသလိုပင် သူမလက်ကောက်ဝတ်မှာလည်း ပူကျစ်လာတာကို ခံစားလိုက်ရသည်။ ငရဲမီးနှင့်အထိုးခံရခြင်းက သူမကိုချက်ချင်း အိပ်ရာပေါ်မှလှိမ့်ချပြီး အကာအကွယ်စည်းတွင်းသို့ တွားဝင်သွားစေခဲ့သည်။
ပြောရရင် သေသည်ထက် မျက်နှာပျက်စီးသွားသည်ကမှ သာသေးသည်။
စည်းအပြင်ဘက်တွင် အမတသုံးဦးမှာ ဓါးများဖြင့်တိုက်ခိုက်နေကာ အခန်းထဲတွင် ငွေရောင်အလင်းများက တလက်လက်ထနေသည်။ အသွင်ပြောင်းနတ်ဆိုးများမှာ ဓါးဖြင့်ခုတ်မိတောင် မသေကြပေ။ သူတို့ခန္ဓာကိုယ်က နှစ်ပိုင်းပင်ကွဲသွားတာတောင် လိမ်ဖယ်လိမ်ဖယ်ဖြင့်တောင် မတ်တပ်ရပ်နိုင်ကြသေးကာ သူတို့၏တိုက်ခိုက်မှုများမှာ အားနည်းသွားပေမဲ့ ထူးဆန်းကြောက်မတ်ဖွယ်ရယ်သံကြီးများနှင့် ထပ်မံတိုက်ခိုက်ကြပြန်သည်။
သူတို့နိုင်မည်ဟုထင်ရသော်လည်း အမှန်တွင် ယင်းမှာအသုံးမဝင်ကြောင်း လန်မုရှီသိသည်။ ဒီအသွင်ပြောင်းကောင်များသည် ရုပ်သေးကလေးများသာဖြစ်၏— သူတို့မှာ နတ်ဆိုးအရှင်၏ပါးစပ်ထဲသို့ ဝင်ခဲ့ကြပြီးပြီ။ အခန်းမှာ စတင်ပြီးတွန့်လိမ်ပုံသဏ္ဌာန်ပြောင်းလာသည်။ ဒီအသွင်ပြောင်းကောင်ရုပ်သေးတွေကို အကုန်သတ်ပြီးတာနဲ့ သူတို့အားလုံးမှာ နတ်ဆိုးအရှင်၏အစာအိမ်ထဲသို့ တစ်ကိုယ်လုံးမျိုချခံရပေတော့မည်။
အသွင်ပြောင်းနတ်ဆိုးတစ်ကောင်၏ ပြားချပ်ချပ်နဲ့ လက်တစ်ဖဝါးစာထူသည့် ကိုယ်တစ်ပိုင်းသည် မြေပြင်ပေါ်သို့ခုတ်ထစ်ခံရပြီး ကျသွားကာ ယင်းမှာ လန်မုရှီနှင့်လန်ထျန်းယင်တို့ရှိရာ စည်းသို့တွားသွားလာသည်။ လန်ထျန်းယင်မှာ ဒီအဖြစ်အပျက်ကို ပထဆုံးမြင်ဖူးသည်ဖြစ်၍ ကြောက်လန့်ကာ ခြေထောက်များပင် တောင့်တင်းလာကာ စည်း၏ထောင့်လေးတွင် ကျုံ့ကျုံ့လေးရှိနေသည်။
ဒါကိုကြည့်နေရင်း လန်မုရှီ၏ဦးခေါင်းမှာလည်း ထုံကျင်လာပေမဲ့ သူမခါးကသိုလှောင်အိတ်က တစ်ဆတစ်ဆပူလောင်လာကာ သူမကို ဇာတ်ကြောင်းအတိုင်းလိုက်နာရန် အချိန်ဖြစ်ကြောင်း သတိပေးနေသည်။ သူမလန်ထျန်းယင်ကို တွန်းထုတ်ရမယ်!
လန်မုရှီ နတ်ဆိုးကောင်၏ သူ့ပါးစပ်ကို လိမ်ဖယ်ဟကာ သွားတွေကိုဖြဲပြပြီး အကာအကွယ်စည်းပေါ်သို့ တွားတက်နေသည်ကို ကြည့်လိုက်သည်။ ယင်းမှာပါးလှပ်လွန်းလို့ လူအရေပြားနှစ်လွှာစာသာရှိသည်။ အတွင်းအင်္ဂါများလည်းမရှိ၊ အရိုးများလည်းမရှိပဲ သွေးသာလျှင်ခါးတစ်ဝိိုက်နှင့် ဝမ်းဗိုက်နားတွင် အဆက်မပြတ်စီးထွက်နေပြီး အကာကွယ်စည်းကို သွေးနီများနှင့် စွန်းထင်သွားစေသည်။
ထိုအချိန်တွင် နောက်ထပ်အသွင်ပြောင်းနတ်ဆိုးတစ်သိုက်ရောက်လာရာ အမတတို့မှာ သူမတို့အားဂရုစိုက်နိုင်ခြင်းမရှ်ိပေ။ ထို့နောက် များစွာသောနတ်ဆိုးတွေ တစ်ဆတစ်ဆ ပိုများလာကြသည်။ ဤမြင်ကွင်းမှာ ကိုယ့်အရှေ့တည့်တည့်၌ နတ်ဆိုးများငရဲမှ တွားတက်လာသလိုပင်။
လန်ထျန်းယင်မှာ ကြောက်ရွံ့လွန်းလှ၍ ခန္ဓာကိုယ်မှာ စတင်တုန်ယင်လာသည်။ ဒါပေမဲ့ သူမမှာမအော်မိအောင် လက်ဖြင့်ပါးစပ်ကို တင်းတင်းပိတ်ထားနိုင်ခဲ့သည်။
.....