Chapter 4
Viewers 237

Chapter 4: ကျေးဇူးပါအစ်ကိုရှောင်း (2)

.



လန်မုရှီ ရထားလုံးဆီသို့ပြန်သွားပြီး သူမ၏ရေဗူးကိုယူဆောင်ကာ စမ်းချောင်းမှရေသွားခပ်ရန် ပြင်လိုက်သည်။



 “နင်……”


လန်ထျန်းယင် သူမအားတားဆီးလိုက်သည်။



“နင့်ရဲ့မြေခွေးလိုသူငယ်ချင်းတွေနဲ့ ခွေးလိုအပေါင်းအပါတွေကို သုံးတဲ့နည်းလမ်းတွေ အမတရှောင်းကို သွားမသုံးနဲ့။ သူ ငါတို့အပေါ်ဘကောင်းထားခဲ့တာ။ ထိုက်ချူဂိုဏ်းကို ငါတို့ရောက်သွားတဲ့အခါကျရင် သူက ငါတို့ရဲ့စီနီယာအစ်ကိုဖြစ်လာတော့မှာ။ နင်ဘယ်လိုစိတ်နဲ့များ…..”




“ငါ့အတွက်ကျတော့ရော..။”



လန်ထျန်းယင်ကို စကားပြန်ပြောဖို့ရည်ရွယ်ချက်မရှိခဲ့သော်လည်း "မြေခွေးသူငယ်ချင်း ခွေးအပေါင်းအပါတွေ" ဟူသောစကားလုံးကတော့ လန်မုရှင်းအားမခံမရပ်နိုင်ဖြစ်စေသည်။


“မြေခွေးလိုသူငယ်ချင်း ခွေးလိုအပေါင်းအပါတွေဟုတ်လား။ နင့်ရဲ့မိသားစုရှင်းလင်းခံရပြီးနောက်မှာ နင့်ကိုဝှက်ထားပေးဖို့ သူတို့အသက်ကိုတောင် ရင်းရဲတဲ့လူမျိုးတွေ နင်ရှာကြည့်လိုက်စမ်းပါဦး။”



“အဖေကသေသွားပြီ။ ဘာလဲ အခု နင်ကသူ့နေရာယူလိုက်ပြီလား။"



လန်မုရှီ အသက်ကိုပြင်းပြင်းရှူ၍ ပြန်ချေပလိုက်သည်။



“ငါ့ကိုထိန်းချုပ်ဖို့ ယောင်လို့တောင်မစဉ်းစားနဲ့။ အဖေကိုယ်တိုင်တောင် မလုပ်နိုင်ခဲ့တာ နင်ကငါ့ကိုထိန်းချုပ်နိုင်မယ်လို့များ ဘာကြောင့်ထင်နေတာလဲ။”



“နင့်အမေက ငါ့အမေကိုသေအောင်ဖိအားပေးခဲ့လို့လား။ ဒါမှမဟုတ် အဖေကနင့်ကိုဥပမာပေးပြီး ငါ့ကိုအမြဲဆုံးမခဲ့လို့လား။”



လန်မုရှီ ပြဿနာမတက်ချင်ပေမယ့်လည်း သူ လန်ထျန်းယင်၏ အားလုံးထက်မြင့်မြတ်သလိုအပြုအမူကို အတော်ပင် မျက်မုန်းကျိုးနေပြီ။ လန်ထျန်းယင်၏ဖြူဖျော့သွားသည့်မျက်နှာကိုကြည့်၍ လှောင်လိုက်ပြီး သူမရေဗူးကိုဆုပ်ကိုင်၍ ပြေးထွက်လာလိုက်သည်။




တောင်ကျရေချောင်းလေးနားသို့ သူမပြေးထွက်လာလိုက်ပြီး ရေအဝသောက်ကာ သူမ၏ရေဗူးအား ရေဖြည့်လိုက်သည်။ အေးစက်နေသောရေများကို ထိကိုင်ပြီးခါမှသာ သူမ၏ နှလုံးသားအတွင်းရှိ ဒေါသများကို လွင့်ပြယ်သွားစေသည်။ စမ်းချောင်းဘေးနားတွင်ထိုင်၍ ဒူးကိုဖက်ကာ နောက်ဆုံးမှာတော့ သူမကိုယ်သူမ အားနည်းသည့်တဒင်္ဂ ခွင့်ပြုလိုက်သည်။



သူမမိသားစုကမရှိတော့ပေ။ လွန်ခဲ့သောနှစ်လလောက်က နတ်ဆိုးများကြောင့် အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရသည်။ဒါပေမယ့်လည်း လန်မုရှီ  ဝမ်းနည်းမှုမခံစားရပေ။ သူမနှလုံးသားက သူမ၏အဖေက သူမထက်တစ်နှစ်ပဲငယ်သည့် ညီမတစ်ယောက်ကိုမွေးခဲ့ပြီး သူမ၏နူးညံ့သိမ်မွေ့သည့်မိခင်ကို ဆုံးပါးသွားစေခဲ့သည့် ကိုယ်ဝန်ရှိနေတဲ့ ကိုယ်လုပ်တော်တစ်ယောက်ကို အိမ်သို့ခေါ်ဆောင်လာသောအချိန်ကတည်းကပင် ကျောက်တုံးကဲ့သို့ဘမာကျောသွားပြီဖြစ်သည်။




ဒါပေမဲ့ သူမ၏ကံကြမ္မာက သူမ၏အမေထက်ပင် ပိုဆိုးသည်။ သူမ၏မျိုးနွယ်စုတစ်ခုလုံး သုတ်သင်ခံရသည့်နေ့တွင် သူမခက်ခက်ခဲခဲလွတ်မြောက်လာခဲ့ပြီး သူမဟာ ဇာတ်ပို့ဗီလိန်တစ်ယောက်အဖြစ် ဝတ္ထုစာအုပ်တစ်ခုထဲမှာနေထိုင်နေကြောင်း သိသွားခဲ့သည်။




နှစ်လလောက်တော့ သူမ၏သိုလှောင်အိတ်အတွင်းထဲက ကျောက်တုံးသဏ္ဍာန် ဝတ္ထုစည်းမျဥ်းဆိုတဲ့အရာ၏ အကူအညီဖြင့် ဇာတ်ကြောင်းကို အတည်ပြုစစ်ဆေးခဲ့သည်။ နောက်ဆုံးမှာတော့ သူမ၏ကံကြမ္မာကို လက်ခံလိုက်ရသည်။ သူမဟာ သူမ၏အဖေတူအမေကွဲညီမ လန်ထျန်းယင်အတွက် သနားစဖွယ်အဖျက်သမားဖြစ်ဖို့ မွေးဖွားလာတာပင်။ 



မကျေနပ်စရာ!




ခံပြင်းစရာ!




ဒါပေမဲ့ ပြန်တွေးကြည့်လိုက်မယ်ဆိုရင် တရားဝင်သမီးဖြစ်တဲ့ သူမဘဝက အမြဲတမ်း လန်ထျန်းယင်၏လွှမ်းမိုးမှုကို ခံခဲ့ရသည်။ သူမ၏သိမ်မွေ့ပြီးကြင်နာတက်သော မိခင်ဖြစ်သူသည်ပင် လန်ထျန်းယင်၏အမေကြောင့် စိတ်ကျဝေဒနာဖြင့် အသက်ဆုံးရှုံးခဲ့ရသည်။ သူမအဖေကနှလုံးသားမဲ့ပြီး ကိုယ်လုပ်တော်သမီးပဲ မျက်လုံးထဲရှိသည်။ သူမအကြာကြီးခင်မင်ခဲ့ရသော မြေခွေးသူငယ်ချင်းတွေနဲ့ ခွေးအပေါင်းအပါတွေတောင်မှ လန်ထျန်းယင်ကိုသဘောကျကြသော ဒီကမ္ဘာမှာတရားမျှတမှုဆိုတာရှိပါဦးမလား။




လန်မုရှီတစ်ယောက် မကျေနပ်စိတ်ဖြင့်ကျောက်စရစ်ခဲကိုကန်လိုက်ပြီး နှာမှုတ်လိုက်စဉ် ရုတ်တရက် သစ်သီးတစ်လုံးက သူမ၏ရှေ့မှောက် ပေါ်လာသည်။




သူမမော့ကြည့်လိုက်တော့ နေ၏အလင်းရောင်ကြောင့် သူမ၏အမြင်က မှုန်ဝါးနေသည်။ မျက်လုံးကိုပွတ်လိုက်တော့ ရှောင်းမြန်ကိုတွေ့လိုက်ရသည်။ တောက်ပသော အနီရောင်သစ်သီးကိုကိုင်ထားပြီး ထိုသူ၏အမူအယာက တည်တံ့နေသည်။


“မင်းအတွက်”



မငိုတော့နဲ့။



နောက်ဆုံးစကားကိုတော့ ထုတ်မပြောခဲ့ပေ။သူမ တိတ်တိတ်လေးငိုနေသည်ကိုတွေ့တာရယ် စားလို့ရတဲ့အသီးကို တွေ့ထားတာနဲ့ကြုံသွားတာရယ် သူမက လောလောလတ်လတ်မိသားစုကို ဆုံးရှုံးထားခဲ့သူဖြစ်ကြောင်းကို သတိရမိတာနဲ့ ကြုံသွားရုံလေးပါ။



လန်မုရှီ သိုလှောင်အိတ်ကို မသိစိတ်နဲ့အလိုလို ထိကြည့်လိုက်တော့ ထိုထဲရှိကျောက်တုံးက အေးစက်နေဆဲဖြစ်သောကြောင့် ထိုသည်က ဇာတ်ကြောင်းထဲပါဝင်သောအပိုင်းမဟုတ်ပေ။ စိတ်ရှုပ်ထွေးစွာဖြင့် သူမမေးခွန်းထုတ်လိုက်သည်။



“ရှင်ဘာလုပ်နေတာလဲ။”



သူမထိုင်နေပြီး သူကရပ်နေသည့်အတွက် သူမမှာ မျက်ရည်များပြည့်နှက်နေသောမျက်လုံးများဖြင့် သူ့အားမော့ကြည့်နေရသည်။ သူမငိုနေမိတယ်ဆိုတာကို သူမကိုယ်တိုင်ပင်သတိမပြုမိပေ။ သူမ ဘယ်တုန်းကမှ မငိုဖူးပေ။ သူမအမေသေတာတောင်မငိုသလို သူမအဖေ သူမအားအပြစ်ပေးချိန်မှာလည်း မငိုခဲ့ဖူးပေ။ သူမ ဒီတိုင်းလေး နည်းနည်းလေးပဲ နည်းနည်းပိစိလေး


အကုန်လုံးရဲ့မတရားမှုများကို မကျေချမ်းမိရုံသာ။




သို့ပေမယ့်လည်း သိုလှောင်အိတ်က နွေးလို့လာလေပြီ။ လန်မုရှီ၏ လက်များက သူမဦးနှောက်ထက် ပို၍ပင်မြန်ဆန်လေသည်။ သူမ ရှောင်းမြန်လက်နဲ့အတူ လက်ထဲထဲရှိအသီးများကို အမြန်ပင်ကိုင်လိုက်သည်။ သူမလက်ချောင်းများက သူ့လက်ဖမိုးများကို ဖွဖွလေးပင်ပွတ်သပ်သွားပြီး သူမက နူးညံ့ပြီး ငိုသံဖြင့်ပြောလိုက်သည်။



“ကျေးဇူးပါအစ်ကိုရှောင်း”



နောက်တစ်ခေါက်မဖြစ်လာပါနဲ့ 



ရှောင်းမြန်၏လည်တိုင်တောင့်တင်းသွားပြီး လက်ကိုပြန်ဆွဲယူ၍ ပြေးထွက်သွားတော့သည်။


သူထွက်သွားပြီးနောက် လန်မုရှီလှည့်ပတ်ကြည့်လိုက်ရာ လန်ထျန်းယင်ကို ဘယ်နေရာမှာမှ မတွေ့ရပေ။


ကျောက်တုံးကနွေးရုံပဲနွေးလာတာကြောင့် လန်မုရှီစိတ်ရှုပ်ထွေးစွာဖြင့် ထိလိုက်ပြီး ရေရွတ်လိုက်သည်။



“နင်ကပျက်နေတာလား။ ငါ့ညီမကဖြင့် ဒီမှာတောင်မရှိဘူး။ ဘာဇာတ်ကြောင်းမှသွားစရာမရှိဘူးလေ။”



ကျောက်တုံးက ဘာမှမပြောလာပေ။ ပုံမှန် ကျောက်တုံးတစ်တုံးလိုမျိုး ဖြစ်နေပြီး လန်မုရှီ ထိုအရာကိုထုတ်ကြည့်လိုက်ပြီး ပြန်ထားလိုက်သည်။ ဒီခဏတာအနှောင့်အယှက်ကြောင့် သူမ၏ဝမ်းနည်းမှုများ လွင့်ပယ်သွားလေသည်။



သူမ သစ်သီးကိုကောက်ကိုင်လိုက်ပြီး ကိုက်ကြည့်လိုက်တော့ အံ့ဩမှုကြောင့် မျက်ဝန်းများပြူးကျယ်သွားသည်။ ဒီတိုင်းကြည့်ရင်သာ ဘာမှမဟုတ်သလိုနဲ့ အရမ်းချိုတာပဲ။



မနေ့ညကတည်းက လန်မုရှီဘာမှမစားရသေးပေ။ ဒီလို သေးငယ်တဲ့ သစ်သီးလေးက သွားကြားတောင်မညှပ်နိုင်ပေမယ့် သူမ၏အစာအိမ်ကိုတော့ နိုးကြားသွားစေသည်။



ဆာလောင်မှုက အနာဂတ်အတွက် အကြောက်တရား၊ ပူဆွေးမှုအတွက် ပေးစရာအချိန်မရှိတော့ဖြစ်စေသည်။ သူမမှာ ရွေးချယ်စရာအကန့်အသတ်ရှိတယ်။ ရှေ့ဆက်သွားရမယ်ဆိုရင်တောင် ပထမဦးစားပေးက.... အစားပင်။



သူမ၏ရေဗူးအားကောက်ယူလိုက်ပြီး ရထားလုံးစီသို့ပြန်သွား၍ အစာခြောက်နှင့် ရေစားသောက်ရန် ပြင်လိုက်သည်။ သို့ပေမယ့် သူမလှည်းပေါ်သို့မရောက်ခင် အနီးအနားကသစ်ပင်အောက်မှာ လန်ထျန်းယင်နှင့်ရှောင်းမြန်တို့ စကားပြောနေသည်ကို တွေ့လိုက်သည်။



ကျွတ်စ် ကျွတ်စ်



ဆိုတော့ သူမက ခါးစည်းကြိုးအဖြစ်အပျက်ကို ရှင်းပြနေတယ်ပေါ့။



ဇာတ်ကြောင်းဆိုတာဒီလိုပဲ။ ရက်စက်ယုတ်မာတဲ့ဇာတ်ပြိုင်အမျိုးသမီးက ဘယ်လိုအထင်လွဲစရာတွေဖန်တီးခဲ့ပါစေ ဇာတ်လိုက်တွေက ထိုအရာတွေကို အမြဲတမ်းလျင်မြန်စွာ ဖြေရှင်းပြီး ရလဒ်အနေနဲ့ သူတို့ဆက်ဆံရေးက ပိုပြီးနက်ရှိုင်းလာမည်ပင်။



စည်းမျဉ်းအတိုင်းဆို ဇာတ်ကြောင်းအားလုံးပြီးဆုံးသွားတာနဲ့ သူမလည်းလွတ်လပ်သွားပြီး ကိုယ့်လမ်းကြောင်းကိုယ် ရှာဖွေနိုင်ပေမည်။



လန်မုရှီလည်း ကျင့်ကြံရေးဂိုဏ်းတစ်ဂိုဏ်းကို ဝင်ချင်သည်။ ဒါပေမဲ့ ဇာတ်ကြောင်းအတိုင်းဆိုရင် သူမ၏စိတ်ဝိဉာဥ်အရင်းအမြစ်များက ထိုက်ချူဂိုဏ်းကို ဝင်ခွင့်ရဖို့အတွက် မသန့်စင်လွန်းနေပေမယ့်လို့ပေါ့။



သူမ အမတအဖြစ်သို့မရောက်ခဲ့ပေ။ အပြင်စည်းတပည့်အဖြစ်ပင် လုံလောက်ရာကျနေပေမည်။ အရမ်းကိုမှ ချစ်ပြနှစ်ပြနေသည့်အတွဲနဲ့ ဝေးဝေးနေချင်ရုံပင်။ လန်ထျန်းယင်၏အရိပ်မှ လွတ်မြောက်၍ ငြိမ်းငြိမ်းချမ်းချမ်းလေးသာ နေချင်သည်။



မကျေမနပ်ပုံဖြင့် သူမ ရထားလုံးဆီ လျှောက်သွားသည်။ ရှောင်းမြန် သူမကိုလှမ်းကြည့်၍ အလိုလိုမျက်မှောင်ကုတ်သွားသည်။ လန်မုရှီ မျက်နှာလွှဲဖို့ပြင်လိုက်ပေမယ့် ရုတ်တရက် ပါးနှစ်ဖက်အားဖောင်းပြီး သူ့ကို ရုပ်ဆိုးဆိုးအမူအယာ လုပ်ပြလိုက်သည်။



ရှောင်းမြန် : “…….." သူတကယ်ထိတ်လန့်သွားတာ။



မျက်နှာကိုကြောက်၍မဟုတ်ပဲ မိန်းမသားမဆန်သည့်အမူအယာကို မမျှော်လင့်ထား၍သာ။



“အမတရှောင်း”



သူ တုံ့ပြန်ခြင်းမပြုသောကြောင့် လန်ထျန်းယင် ဆက်ပြောလိုက်သည်။


"ကျွန်မရဲ့အစ်မက ရှင့်ကိုအနှောက်အယှက်ပေးတာမဟုတ်ပါဘူး။ သူက ဒီတိုင်း ..တက်တက်ကြွကြွနေတက်တာပါ။ ကျေးဇူးပြုပြီး စိတ်ထဲအရမ်းကြီးမတွေးပါနဲ့။”



ရှောင်းမြန် : “...." သူမဒါမျိုးကိုမှ တမင်သက်သက်လုပ်တာမဟုတ်ရင် တမင်လုပ်တာဆို ဘာ်လိုများနေမလဲလို့ တွေးကြည့်ရင်း ခိုက်ခိုက်တုန်သွားသည်။



သူ့ဘဝတွင် ပထမဦးဆုံးအနေဖြင့် ပြောစရာစကားပျောက်ရှသွားသည်။ ရထားလုံးကို သူပြန်ကြည့်လိုက်တော့ လန်မုရှီက ထိုင်နေပြီးဖြစ်ပြီး ပေါင်မုန့်တစ်ခုအား ကိုက်ဝါးနေသည်။



သူခေါင်းညိတ်လိုက်သည်။



“ရပါတယ်။ လန်မိန်းကလေး မင်းလဲတစ်ခုခုစားသင့်တယ်။ ငါတို့မကြာခင် ခရီးဆက်တော့မှာ။ နောက်တစ်မြို့ကို မရောက်မချင်းညဉ့်နက်တဲ့ထိ ခရီးဆက်ကြမှာ။”                                      


လန်ထျန်းယင် ခေါင်းညိတ်လိုက်သည်။ ရှောင်းမြန် သူ့ဝတ်ရုံထဲကနေ လက်ကိုင်ပဝါတစ်ခုကိုထုတ်လိုက်သည်။ ထိုအရာကိုဖွင့်လိုက်တော့ လန်မုရှီကိုခုနကပေးခဲ့သလို သစ်သီးလေးတွေ ငါးလုံးခြောက်လုံးလောက်ပေါ်ထွက်လာသည်။



“ဒါတွေကို တောင်ပေါ်ကနေတွေ့ခဲ့တာ။ စားလို့ရတယ် နည်းနည်းယူလိုက်ပါ။" 


လက်ကိုင်ပဝါအား လန်ထျန်းယင်ကို ကမ်းပေးလိုက်သည်။ သူမ နှုတ်ခမ်းစေ့လိုက်ပြီး ကျေးဇူးတင်လိုက်ရင်း သစ်သီးများကိုယူဖို့လက်လှမ်းလိုက်သည်။ ဒါပေမဲ့ လန်မုရှီကတော့ လေလိုပင်ရောက်လာပြီး လက်ကိုင်ပဝါတစ်ခုလုံးအား လုယူသွားသည်။



“အစ်ကိုရှောင်း ရှင်ကအကောင်းဆုံးပဲ။ကျွန်မညီမကဒါမျိုးတွေမကြိုက်တက်ဘူး။ ခုနတစ်လုံး ကျွန်မစားကြည့်ပြီးပြီ။ အရမ်းချဉ်တယ်၊ ကျွန်မပဲစားလိုက်ပါ့မယ်။”


လန်မုရှီ သစ်သီးတစ်လုံးကိုကောက်ယူ၍ ကိုက်လိုက်ပြီး အရမ်းကြီးချဉ်တူးနေသယောင် ဟန်လုပ်လိုက်သည်။



ရှောင်းမြန်နှုတ်ခမ်းများ တွန့်သွားသည်။ သူလည်းသစ်သီးတစ်လုံးမှ မစားကြည့်ရသေးဘူးလေ။



ဒါပေမဲ့ သူစကားတစ်ခွန်းမှမပြောဘဲ မှင်သက်နေသော လန်ထျန်းယင်ကိုကြည့်လိုက်ပြီး သူ၏စီနီယာအစ်ကိုများထံသို့ ပြန်လျှောက်သွားလိုက်သည်။




လန်မုရှီ သစ်သီးအားအသံမြည်အောင်ဝါး၍ ရထားလုံးထံသို့သွားပြီး တိုးတိုးလေးပြောလိုက်သည်။


“ဒီဇာတ်ကြောင်းက အရမ်းကိုပျင်းဖို့ကောင်းတာဘဲ။ ဟေ့ စည်းမျဉ်းစာအုပ် ငါဒီလိုနှောက်ယှက်တာ တကယ်ရော အဆင်ပြေရဲ့လား။ အဓိကဇာတ်ဆောင်တွေက ငါ့ကိုစိတ်ပျက်ပြီး လမ်းပေါ်မှာပစ်ထားခဲ့ရင်  ငါလုပ်နေတာအကုန်လုံးက အလဟသဖြစ်သွားမှာမဟုတ်လား။"



"စိတ်မပူပါနဲ့။အရမ်းမုန်းစရာကောင်းတဲ့ ဗီလိန်တွေတောင် ဇာတ်လမ်းအဆုံးထိ ပါသေးတာပဲ။ ပြင်ဆင်ထားဦး။ ညကျရင်မြို့ထဲမှာ မင်းနတ်ဆိုးဝိဉာဥ်တွေကိုရင်ဆိုင်ရမှာ။"



“ပြင်ဆင်ရမယ်.....ဘာအတွက်လဲ။”  



လန်မုရှီ မကောင်းတဲ့ခံစားချက်များ။ရနေသည်။



ထင်ထားသည့်အတိုင်းပင် စည်းမျဉ်းစာအုပ်က ကြေညာလာသည်။


“ဇာတ်လိုက်မကို သတ်ဖို့ပြင်ဆင်ထားပါ။”



လန်မုရှီ: “……” အသီးချိုချိုလေးက ပါးစပ်ထဲမှာ အလွန်ပင်‌ချဉ်သွားတော့သည်။



လန်ထျန်းယင်ကို ကြည့်မရတာမှန်ပေမယ့် မုန်းတော့မမုန်းပေ။ သူမဘယ်သောအခါမှ……



သူမစိတ်ကိုသိနေတဲ့အတိုင်း စည်းမျဉ်းစာအုပ်က ဆက်ပြောလာသည်။



“စိတ်မပူနဲ့ ဇာတ်လိုက်မက ဘယ်တော့မှမသေဘူး။” 




လန်မုရှီ ချက်ချင်းပင် စိတ်သက်သာရာရသွားသည်။ သူမစစ်ဆေးခဲ့သည့်ဇာတ်ကြောင်းအရဆို ကောင်းကင်ဘုံက လန်ထျန်းယက်ဘက်တွင်ရှိသောကြောင့် လန်ထျန်းယင်က အတော်လေးပြိုင်ဘက်ကင်းသည်။



ကောင်းသားပဲ။ ငါဇာတ်ကြောင်းအတိုင်းပဲလိုက်လုပ်ပြီး ဒီလိုသတ်မှတ်ထားပြီးသား ကံကြမ္မာကနေ ရုန်းထွက်ရမယ်လို့ လန်မုရှီတွေးလိုက်သည်။



သူတို့အဖွဲ့ခရီးဆက်တော့ လန်မုရှီလည်း နောက်ဆုံးသစ်သီးကို စားပြီးသွားပြီဖြစ်သည်။ လန်ထျန်းယင် ရုတ်တရက် စကားစလာသည်။


“နင်…..”


“ဘာပဲပြောချင်ပြောချင် မပြောနဲ့”


လန်မုရှီ ထလိုက်ပြီး ပြတင်းပေါက်ကနေ သစ်သီးအစေ့ကိုပစ်ထုတ်လိုက်သည်။ သူမကအေးဆေးစွာဖြင့်ပင်။


“ငါတို့ထိုက်ချူဂိုဏ်းကိုရောက်တဲ့အခါ ငါတို့နှစ်ယောက်က လုံးဝခွဲရမှာဘဲ။ ငါတို့မိသားစုလည်းမရှိတော့သလို ညီအစ်မသံယောဇဉ်လည်း ငါတို့မှာမရှိဘူး။ အဆုံးသတ်ဖို့ဘဲတွေးကြရအောင်”



“နင် ဘာတွေပြောနေတာလဲ။” 


လန်ထျန်းယင် တကယ့်ကို စိုးရိမ်သွားသည်။ သူမ လန်မုရှီအားလှမ်းဆွဲလိုက်ပြီး သူမ၏လက်မှာ ရှောင်တိမ်းခံလိုက်ရသည်။



"ဒါပေမယ့်လည်း ငါတို့မှာဒါပဲကျန်တော့တာလေ။ ငါတို့က သွေးသားတော်စပ်တယ်။ ဘယ်လိုလုပ် ဒီလိုမျိုး အဆုံးသတ်လို့ရမှာလဲ။”



“ဘာလို့မရရမှာလဲ။”


လန်ထျန်းယင်သူမအားကြည့်လိုက်ပြီး တွေးလိုက်သည်။ ငါတို့ထိုက်ချူဂိုဏ်းကိုရောက်တဲ့အခါကျရင် နင်ကတန်ဖိုးထားခံရတဲ့တပည့်ဖြစ်လာပြီး ငါကအသုံးမကျတဲ့ အပြင်စည်းတပည့်ဖြစ်လာမှာလေ။ ငါတို့ဘယ်တော့မှအတူတူမဖြစ်နိုင်ဘူး။ ငါက နင်မရှိရင် ပိုတောင်အဆင်ပြေတယ်။ မဟုတ်ရင် ငါက နင့်ရဲ့ထူးချွန်တောက်ပမှုကို ‌ဖျက်လိုဖျက်စီးလုပ်ရမယ့်သူပဲ ဆက်ဖြစ်လာလိမ့်မယ်။




“ငါ့ကိုလွတ်လပ်ခွင့်သာပေးပါ။ ပေးမယ်မလား။”


လန်မုရှီသူမ၏ လက်အုပ်ချီ၍ လန်ထျန်းယင်ကို အနည်းငယ်ဦးညွတ်လိုက်သည်။


“နင်က အကောင်သေးသေးလေးတွေကိုတောင် ကယ်ဆယ်တယ်ဆိုပြီး နာမည်ကြီးတယ်မဟုတ်လား။ ဂရုဏာရှင်လေးလေ။ ငါ့ကိုလည်း သနားပါဦး နော် ဟုတ်ပြီလား။”



“အစ်မ”



အခုမှ အစ်မလို့ခေါ်တယ်လား။ အရမ်းနောက်ကျသွားပြီ။




လန်ထျန်းယင်နဲ့ အကျိုးအကြောင်းပြောရတာ အသုံးမဝင်ကြောင်းသိသွားသောကြောင့် လန်မုရှီ နောက်ကျောပေးလိုက်ပြီး ရထားလုံးပေါ်တွင်လဲ၍ သူမ၏ဝတ်ရုံကို ခေါင်းထိခြုံလိုက်၍ စကားမဆက်ဖို့ လုပ်လိုက်သည်။



သူမလှဲလျောင်း၍ အတွေးကမ္ဘာထဲနစ်ဝင်သွားသည်။ ရထားလုံး၏ စည်းချက်မှန်မှန်လုပ်ရှားမှုကြောင့် အိပ်မောကျသွားတော့သည်။


သူမပြန်နိုးလာတော့ သန်းခေါင်ကျော်သွားပြီ။ သူမတို့အဖွဲ့လည်း မြို့တစ်မြို့ထဲသို့ဝင်နေပြီဖြစ်ပေမဲ့ လမ်းတွေအများစုကတော့ ခြောက်ကပ်နေပြီး ညလေထဲတွင်ယိမ်းနွဲ့နေသည့် ကျိုးတို့ကျဲတဲမီးအိမ်တချို့၏ တလက်လက်အလင်းရောင်သာ ထွန်းလင်းနေသည်။ ဒီအချိန်ကြီးတွင် တည်းခိုခန်းတွေ၊ စားသောက်ဆိုင်တွေအများစုက ပိတ်သွားပြီ။



ဖွင့်လျက်ရှိသော တည်းခိုခန်းသို့ရောက်ရန် သူတို့ လမ်းနှစ်လမ်းစာလောက်လမ်းလျှောက်လာရပြီး ခရီးပန်းလာသည့်အတွက် လန်မုရှီ အိပ်ချင်မူးတူးမျက်လုံးကို ပွတ်သပ်၍ လိုက်ကာဖွင့်ပြီးကြည့်လိုက်သည်။တည်းခိုခန်း၏အဓိကခန်းမသည် ထိန်လင်းတောက်ပနေပြီး စားပွဲတချို့တွင် စားသောက်စကားပြောနေသည့် စားသုံးသူတွေရှိနေဆဲပင်။



လန်ထျန်းယင် ရထားလုံးကိုမှီထားပြီး ပင်ပန်းနေပုံပေါက်သည်။ အမတသုံးယောက်ကသာ ခရီးစဉ်ကြောင့် ဘာမှမဖြစ်ဟန်ပေါ်လေသည်။ သူတို့တွေကတော့ သူတို့လိုရာခရီးကို တစ်ရက်အတွင်း ပျံသန်းသွားလို့ရပေမဲ့ လန်မုရှီနှင့်လန်ထျန်းယင်တို့၏ သေမျိုးခန္ဓာများကြောင့် ရထားလုံးနှင့်သွားရတာဖြစ်သည်။



သူတို့တွေက ကြိုဆိုဖို့လာရောက်သောစားပွဲထိုးနှစ်ယောက်အား မြင်းများပေးလိုက်ပြီး တည်းခိုခန်းအတွင်းသို့ ဝင်လိုက်သည်။


တည်းခိုခန်းပိုင်ရှင်ဖြစ်သော တြိဂံပုံမျက်လုံးများနဲ့ ကောက်ကျစ်သည့်ပုံစံဖြင့်လူကြီးက သူတို့ကို မျက်လုံးများအထိမရောက်သည့် အပြုံးတုတစ်ခုနှင့် နှုတ်ဆက်လာသည်။



ခရီးစဉ်တစ်ခုလုံးအိပ်စက်လာသည့် လန်မုရှီကတော့ နိုးကြားနေလေပြီ။ ရှောင်းမြန်၏စီနီယာအစ်ကိုက တည်းခိုခန်းပိုင်ရှင်နှင့် အခန်းစီစဉ်နေတုန်း သူမသန်းဝေလိုက်ပြီး ထိုလူကြီးအား အကဲခတ်လိုက်သည်။ သူ၏ မျက်ခုံးများကမညီညာပေ။ တစ်ဖက်တွင်ပတ်တီးတစ်ခုနှင့်ဖြစ်ပြီး နောက်တစ်ဖက်တွင်တော့ ဆံစပ်အတွင်း ပျောက်လုနီးပါးပင်။ သေချာသည်ကတော့ ထိုသူက အလျင်စလိုနှင့် ဆွဲလာသည့်အတိုင်းပင်။



ကြမ်းတမ်း၍ ထစ်ထစ်ငေါ့ငေါ့အသံဖြင့် တည်းခိုခန်းပိုင်ရှင်က စကားပြောလာသည်။


“ဧည့်သည်တို့အတွက် အဆင့်မြင့်....အခန်း...နှစ်...နှစ်ခန်း...ပဲကျန်ပါတော့တယ်။"



ကဲ လာပါပြီ။ နောက်ထပ် ဇာတ်ကွက်တွေ လာဖို့ အချိန်ပဲ။




စာရေးသူ၏မှတ်ချက်



လန်မုရှီ : ဇာတ်ကြောင်းမရှိရင်တော့ ကျွန်မရဲ့နားချိန်လို့မှတ်လိုက်ပါ။ နားလည်ပေးတဲ့အတွက် ကျေးဇူး။




....