Chapter 3
Viewers 238

Chapter 3: ကျေးဇူးပါအစ်ကိုရှောင်း (1)

.



လန်မုရှီပြန်နိုးလာတော့ ယိမ်းထိုးနေတဲ့ ရထားလုံးတစ်ခုထဲတွင်ရောက်နေသည်။ ရှောင်းမြန်ဒေါသပေါက်ကွဲပြီး သူမကိုတိုက်ခိုက်လိုက်သည်မှာ အလွန်အားပြင်းကြောင်း သူမအသေအချာသိလေသည်။ နိုးလာသည်နှင့်သူမ ပထမဆုံးလုပ်မိသည့်အရာကတော့ သူမ၏လည်ပင်းကို ကိုင်ကြည့်တာပင်။



ခေါင်းနဲ့ကိုယ်နဲ့‌အိုးစားမကွဲသေးတာ ကျေးဇူးတင်စရာပဲ။



သို့ပေမဲ့ သူမ၏ဂုတ်ပိုင်းကတော့ကိုက်ခဲနေသည်။ ညည်းညူရင်းဖြင့်ပင် လန်မုရှီမျက်လုံးဖွင့်လိုက်သည်။ သူမ၏သွေးတစ်ဝက်ညီမလန်ထျန်းယင်ကတော့ သူမဘေးတွင်ထိုင်နေသည်။



လန်ထျန်းယင်သည် ခပ်ကိုင်းကိုင်းဖြင့် ပစ္စည်းတစ်ခုခုကို ချုပ်နေပုံရသည်။ သူမ၏ သွယ်လျသော လက်ချောင်းလေးများက အပ်တစ်ချောင်းကို ကိုင်ထားပြီး ကျဉ်းမြောင်းသောရထားလုံး၏ပြတင်းပေါက်လေးမှ ဖြာကျလာသောအလင်းရောင်အားဖြင့် စေ့စပ်စွာ အပ်ချုပ်နေသည်။




လန်ထျန်းယင်သည် အမြဲတမ်းအေးစက်စက်နေတက်သည်ပင်။ကိုယ်လုပ်တော်တစ်ယောက်ကနေ မွေးဖွားသည်ဖြစ်သော်လည်း လန်မုရှီ၏ရှေ့မှောက်တွင်တော့ တသီးတခြားနှင့် မာနကြီးသည့် အငွေ့အသက်အား အမြဲသယ်ဆောင်ထားသည်။




လန်မုရှီ သူမကိုအထင်သေးသလို လန်ထျန်းယင်က သူမထက်ပို၍လှပသည်ကို ဘယ်သောအခါမှဝန်ခံမည်မဟုတ်ပေ။ သူမ ဒီလိုထာဝရအသုဘလိုမျက်နှာမျိုးကို ငြီးငွေ့နေပြီ။ ဒါပေမဲ့ ထိုအခိုက်တွင် သူမ၏အလုပ်ကိုအာရုံစိုက်ထားသော လန်ထျန်းယင်၏မျက်နှာအမူအရာမှာ အံ့ဩဖွယ်ကောင်းစွာဖြင့် သိမ်မွေ့သည့်ဟန်ပေါ်သည်။ သူမ၏ဦးခေါင်းမှာငုံ့လျက်ရှိပြီး သွယ်လျပြီး ဆွဲဆောင်မှုရှိသောလည်ပင်းကို ပြသနေသည်။




လန်မုရှီ လက်မောင်းကိုအားယူပြီး ထထိုင်လိုက်ပြီးနောက် ချက်ချင်းပင် လန်ထျန်းယင်လက်ထဲ၌ရှိနေသည်မှာ ရှောင်းမြန်၏ခါးပတ်ဖြစ်နေသည်ကို သိလိုက်သည်။                                                                      


ဟဟ!



အံ့ဩစရာကိုမရှိဘူး။



လန်မုရှီ ပြတင်းပေါက်သေးသေးလေးကို ဖွင့်လိုက်ပြီး အပြင်ဘက်သို့ ချောင်းကြည့်လိုက်သည်။ နေရောင်ကတောက်ပနေပြီး လမ်းကလည်း ကောင်းမွန်လှသည်။ သူမ နေရာကိုမသိသော်လည်း အဖြူရောင်ဝတ်ရုံနဲ့လူငယ်သုံးယောက် အရှေ့ကနေ မြင်းစီး၍သွားနေသည်ကို တွေ့သည်။ သူမသတိလစ်သွားသည်မှာ တစ်ညနှင့်နေ့တစ်ဝက်ရှိနေပြီပဲ။ အခုက နောက်တစ်နေ့ နေ့လည်ခင်းအချိန်ဖြစ်ရမည်ပင်။



သူမ၏အကြည့်များသည် မိုးမခကိုင်းများ ခါးတွင်ရစ်ပတ်ထားသည့် လူငယ်လေးဆီသို့ ရောက်သွားသည်။ လူသုံးယောက်ထဲ၌ ထိုလူ၏ကိုယ်ဟန်က အဖြောင့်မတ်ဆုံးပင်။မြင်းစီးနေရင်းဖြင့်ပင် ထိုလူ၏ခြေထောက်များသည် လုံးဝပြီးပြည့်စုံစွာဖြင့် ခြေနင်းနေရာတွင်ရပ်တည်ထားသည်။



လမ်းတစ်လျှောက်လုံးတွင်လည်း ဒီဇာတ်လိုက်ရှောင်းမြန်သည် သူမ၏လူသေကောင်လိုညီမလိုမျိုး ထိုင်းမှိုင်းပြီး ငြီးငွေ့ဖွယ်ကောင်းသည်။



သူတို့နှစ်ယောက် လိုက်ဖက်တဲ့စုံတွဲဖြစ်တာ အံ့ဩစရာကိုမရှိဘူး။ တောထဲက ခံစားချက်မဲ့သစ်ပင်ကြီးနှစ်ပင် ဝင်တိုက်မိသလိုပါပဲ။




တိတ်တဆိတ် ငေးမောနေရင်းဖြင့် လန်မုရှီ သူမလည်ပင်းကိုပွတ်လိုက်ပြီး ငြီးငြူလိုက်သည်။



“သူ့ရဲ့အဖိုးတန်ခါးပတ်လေးကို ဆွဲမိရုံလေးနဲ့ အရမ်းကိုရိုက်လိုက်တာပဲ။”



ရထားလုံး၏ပြတင်းပေါက်ကို ပိတ်ပြီးနောက် ခါးပတ်ကြိုးကိုချုပ်နေသော လန်ထျန်းယင်အား လှည့်ကြည့်လိုက်သည်။ လန်ထျန်းယင်၏အမူအရာသည် အနည်းငယ်ပြေလျော့လာလေပြီ။ သူမနှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး ရထားလုံး၏ လိုက်ကာကိုဖြတ်၍ အပြင်သို့ကြည့်လိုက်သည်။



သူမမျက်နှာပေါ်မှ ရှက်သွေးဖြာနေသည့်ပုံက လန်မုရှီအား ကြက်သီးထစေသည်။



စိတ်ပျက်စရာအချစ်ငှက်တွေ။



ရထားလုံးရပ်တန့်သွားသည်နှင့် အပြင်ဖက်ကအသံထွက်လာသည်။



“ရှေ့မှာ စမ်းချောင်းရှိတယ်။ဒီမှာခဏနားကြစို့”



ရထားလုံးရပ်တန့်သွားသည်နှင့် လန်ထျန်းယင် မတ်တပ်ထလိုက်ပြီး ခါးပတ်အားဆုပ်ကိုင်ထားသည်။ ရုတ်တရက် လန်မုရှီတစ်ယောက် သိုလှောင်အိတ်ထဲမှ အနွေးဓာတ်နှင့် သူမတစ်ယောက်ထဲသာကြားနိုင်သော အသံထွက်ပေါ်လာသည်။



“နောက်ထပ်ဇာတ်ကွက်ကတော့ ခါးပတ်ကြိုးကိုဆွဲလုယူ၊ ရှောင်းမြန်ကိုပေးပြီး မင်းလုပ်ပေးတာလို့ပြောလိုက်ပါ။”



 “လာနောက်နေတာလား”



“ဘယ်လောက်တောင်ရက်စက်လိုက်လဲ။”



လန်မုရှီ စိတ်ထဲဆဲရေးလိုက်သော်လည်း သူမလက်ကတော့မြန်သည်။ အမြန်ပဲ ရထားလုံးလိုက်ကာကိုဖွင့်ပြီး အပြင်ကိုခုန်ထွက်လိုက်ရင်း လန်ထျန်းယင်နားက အခုမှချုပ်ထားသော ခါးပတ်ကို ဆွဲလုလိုက်သည်။



လန်ထျန်းယင် ပါးစပ်အဟောင်းသားနှင့် တုံ့ပြန်မိရုံရှိသေး လန်မုရှီက ခါးပတ်ကိုယူ၍ အဝေးသို့ရောက်သွားလေပြီ။



တောင်တက်လမ်း၌ လမ်းလျှောက်နေသော ရှောင်းမြန်ထံသို့ တည့်တည့်ပြေးသွားလေသည်။ ပြေးနေရင်းဖြင့်လည်း အမောတကောနဲ့ ရေရွတ်နေသည်။



“စာအုပ်ထဲက ဒီအပိုင်းကို ငါမမှတ်မိပါဘူး.....”



သိုလှောင်အိတ်ထဲရှိ ကျောက်တုံးသဏ္ဍာန် စည်းမျဉ်းက ချက်ခြင်းအဖြေမပေးလာပေ။ သူမ ရှောင်းမြန်ကိုကြားဖြတ်ဝင်ပြီး အမောတကောနဲ့ခါးပတ်ကြိုးကို ထိုသူမျက်နှာတွင် ဝေ့ယမ်းပြီးသည့်အချိန်ထိ စောင့်ပြီးမှသာ ပြောလာသည်။



“ရှောင်းမြန်ဆီက မျက်နှာသာရဖို့ မင်းလုပ်နိုင်သမျှလုပ်ရမယ်လို့ ဇာတ်ညွှန်းမှာပြောထားတာပဲ‌လေ။”


လန်မုရှီ နှုတ်ခမ်းစူလိုက်သည်။ ကောင်းရော ဘယ်လိုလူကများသူမကို ဇာတ်လိုက်တွေရဲ့ ချစ်ဇာတ်လမ်းကို ရှေ့ရောက်အောင်လုပ်ဖို့ ရက်စက်ကောက်ကျစ်တဲ့ ဗီလိန်မဖြစ်စေခဲ့တာလဲ။



ဇာတ်ကောင်အတိုင်းဖြစ်အောင် သူမကိုယ့်ကိုယ်ကိုအတင်းလုပ်ယူ၍ ခါးပတ်ကြိုးအား ရှောင်းမြန်ကိုပေးလိုက်သည်။ လန်ထျန်းယင်၏ ရှက်သွေးဖြာနေသည့်ပုံသဏ္ဍာန်ကို အတုခိုး၍ ချွဲ့နွဲ့တဲ့အသံဖြင့် ထိတ်လန့်ကာ နောက်တစ်လှမ်းပြန်ဆုတ်သွားတဲ့ ရှောင်းမြန်ကိုပြောလိုက်သည်။



“ဒါကအစ်ကို့အတွက်ပါ။ မနေ့ညကဖြစ်ခဲ့သမျှကို တောင်းပန်ပါတယ်။ ကျွန်မက စိတ်လှုပ်ရှားနေတဲ့အချိန်ဆို ကြမ်းတမ်းသွားတက်လို့ပါ။ ကျွန်မ ရှင့်အတွက်ကိုယ်တိုင်ပြန်ချုပ်ပေးထားတာမို့ ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့နော် အစ်ကိုရှောင်း”



ရှောင်းမြန် ဘာမှကိုမပြောရသေးခင်ပင် ရေချိုးဖို့ စမ်းချောင်းနားသွားရန်ပြင်နေသော ထိုသူ၏ စီနီယာအကို နှစ်ယောက်က ထိုစကားကိုကြားသွားပြီး ရယ်သွမ်းလာကြသည်။



ရှောင်းမြန် သတိလစ်နေတဲ့လန်မုရှီကို မနေ့ညက သူ့ရဲ့ခါးပတ်ကြိုးနှင့်အတူ ပြန်သယ်လာခဲ့တာကို သူတို့မြင်ခဲ့သည်ပင်။ တစ်ခုခုဖြစ်ခဲ့တယ်ဆိုတာကို သူတို့ကြိုတင်ခန့်မှန်းခဲ့ပြီးသားဖြစ်ပြီး လန်မုရှီရဲ့စကားအသွားအလာက သူတို့ခန့်မှန်းချက်ကို ပိုသေချာစေသွားသည်။



ဘယ်သူ့ကိုမှ မရှင်းပြတက်တဲ့ရှောင်းမြန်၏နားရွက်ထိပ်များ နီရဲသွားသည်။




စီနီယာအကိုနှစ်ယောက်ကတော့ တခြားနေရာသို့ ထွက်သွားတာတောင်မှ ရယ်ကြောမသတ်နိုင်ပေ။ ခပ်သွက်သွက်ဖြင့် ရှောင်းမြန်ကိုထားခဲ့ကြသည်။ လန်မုရှီကို မကောင်းဆိုးရွားတစ်ကောင်ကဲ့သို့ စိုက်ကြည့်ရင်း ရှောင်းမြန်၏လည်ပင်းသားများက နီရဲလို့နေသည်။



မျက်မှောင်ကြုတ်နေတာတောင်မှ ထိုလူကတကယ့်အလှလေးပါပဲ။



ပိုမြင့်တဲ့မြေနေရာပေါ်၌ ရပ်နေသော လန်မုရှီတစ်ယောက် ထိုသူနှင့်အကြည့်ချင်း ဆုံသွားသည်။ နေရောင်ခြည်၏ အလင်းရောင်က သစ်ရွက်များမှတစ်ဆင့် ဖောက်ထွင်းလာပြီး ထိုသူ၏မျက်နှာပြင်၌ ဖြာကျနေကာ ထိုသူ၏သီးခြားဖြစ်တည်မှုကနေ သာမာန်သေမျိုးအဖြစ် တစ်ခဏတာလောက်ထင်မြင်မိစေပြီး ထိုသူ၏ဆွဲဆောင်မှုကို ပို၍ပက်အားကောင်းလာစေသည်။



သူ့ရဲ့နှလုံးသားက တခြားတစ်ယောက်အတွက်ဖြစ်နေတာက မကောင်းလိုက်တာ။



တုံ့ဆိုင်းစွာသူတို့အနားလာနေတဲ့ လန်ထျန်းယင်ကိုငေးကြည့်လိုက်ပြီး လန်မုရှီ အတွင်းကျိတ်သက်ပြင်း အသာချလိုက်သည်။



ကံကြမ္မာဆိုတာ ဒါပဲလေနော် ဟုတ်တယ်မလား။



သူမကပြောလာသည်။ “ဒါကျွန်မလုပ်ထားတာလေ၊ တခြားဘယ်သူက လုပ်ပေးမှာမို့လဲ ။ ကျွန်မညီမက ဒါမျိုးလုပ်ပေးမယ်လို့ မျှော်လင့်နေတာလား။ ယောက်ျားတွေနဲ့သက်ဆိုင်တဲ့အရာမှန်သမျှကို သူဘယ်တော့မှမထိဘူး။ သူ့ဘာသာတစ်ယောက်တည်းနေပါစေ။ သူသာ ရှင့်အတွက် ခါးပတ်ကြိုးချုပ်ပေးကြည့်ပါလား သူ့ရဲ့ဂုဏ်သတင်းထိခိုက်သွားမှာပေါ့။"



လန်မုရှီ အမှန်အတိုင်းပြောလိုက်ခြင်းပင်။ လန်ထျန်းယင်က အမျိုးသမီးကျင့်ဝတ်သိက္ခာ၏စံပြတစ်ဦး အမြဲတမ်းဖြစ်ခဲ့ပြီး သူမဂုဏ်သတင်းသည် ရိုင်းပျသည့်နည်းလမ်းများကြောင့် လူသိများသော လန်မုရှီနဲ့တော့ ဆန့်ကျင်ဘက်ပင်။ ဘယ်လောက်ပဲကြည့်ကောင်းပြီး ခန့်ညားနေတဲ့သခင်လေးဖြစ်နေပါစေ ထိုသူသည်လည်း လန်ထျန်းယင်၏အကြည့်တစ်ချက်ကိုတောင် မရနိုင်ပေ။



ဒီလိုသာမဟုတ်ခဲ့ရင် သူမအမေသေဆုံးပြီးနောက် သူတို့ရဲ့အဖေက အမြဲတမ်းလန်မုရှီကို လန်ထျန်းယင်နဲ့နှိုင်းယှဉ်ပြီး ဆူပူနေတာတွေ လုပ်မည်မဟုတ်ပေ။




ထိုသို့ကြားပြီးနောက် ရှောင်းမြန် ခါးပတ်ကြိုးနားသို့ ချဉ်းကပ်လာသည်။ သူ လန်မုရှီကို နောက်ထပ်စကားမပြောချင်တော့ပေ။ သို့ပေမဲ့ ခါးပတ်ကြိုးကို ယူဖို့ဟန်လုပ်လိုက်ချိန် သူမကလက်ကောက်ဝတ်ကို ရုတ်တရက်နေရာရွှေ့မိသွားတော့ ရှောင်းမြန်သည် ခါးပတ်ကြိုးအစား သူမလက်ကိုဆုပ်ကိုင်မိသွားသည်။



ရှောင်းမြန်”……..”



 “ဒီမှာ ဒီမှာ”



လန်မုရှီ ထိုသူထွက်မသွားအောင်ကာကွယ်သည့်အနေနဲ့ ထိုသူ၏လက်ကိုဖိကိုင်ထားလိုက်သည်။ နားရွက်များနီရဲနေပြီး အတော်လေးအဆင်မပြေဟန်ပေါ်နေသည့် လန်ထျန်းယင်ကိုတမင်ကြည့်ပြီး ရှောင်းမြန်အားပြောလိုက်သည်။


“အစ်ကိုရှောင်း ရေအတူသွားခပ်ရအောင်။ ကျွန်မ ဗိုက်နည်းနည်းဆာနေပြီ။ တောထဲမှာ အသီးများရှိမလားလို့သိချင်တယ်။ ကျွန်မအတွက် ရှာပေးမယ်မလားဟင်။”



လန်ထျန်းယင် သူတို့ရဲ့လက်များ အတူတူတွဲထားသည်ကို မြင်နေရသည်။ သူမဖက်ကကြည့်လျှင် ရှောင်းမြန်၏မျက်နှာပေါ်ရှိ စိတ်ပျက်နေသောအမူအရာကို မတွေ့ရပေ။ သူမရှေ့ဆက်မတိုးခဲ့သလို ထိုခါးပတ်ကြိုးက သူမချုပ်ပေးခဲ့သည်ဆိုတာကိုလည်း ပြောဖို့မဖြစ်နိုင်ပေ။ ထို့ကြောင့် သူမအိတ်ကိုဆုပ်ကိုင်၍ ရထားလုံးထဲသို့ပြန်လှည့်ဝင်သွားခဲ့သည်။



သိုလှောင်အိတ်ထဲမှ ပူနွေးလာပြီး - ဇာတ်ညွှန်းအတိုင်းအောင်မြင်စွာပြီးဆုံး။



လန်မုရှီ ချက်ခြင်းပင် ရှောင်းမြန်ကို လွှတ်ပေးလိုက်သည်။ သူသည်လည်း အတင်းဆွဲခံထားရတာဖြစ်ပြီး သူမထံမှ ရုတ်တရက်ဆန်စွာ လက်ကိုဖယ်ထုတ်ခံလိုက်ရခြင်းကြောင့် နောက်သို့ယိုင်ထွက်သွားပြီး သူမအားကြည့်လာသည်။


လန်မုရှီ သူမ၏လက်ကိုအရှုံးပေးသည့်သဏ္ဍာန်လုပ်ပြလိုက်ပြီး တောင်းပန်လိုသောအပြုံးဖြင့် ပြုံးလိုက်သည်။ သူ၏ရှေ့တည့်တည့်တွင်ရပ်ပြီး ခါးပတ်ကြိုးအားသေသေသပ်သပ် ခေါက်ပေးလိုက်သည်။ သူ့ခါးတွင် တင်းတင်းပတ်နေကျ ခါးပတ်ကြိုးသည် သူမ၏လက်ချောင်းများအကြားတွင် ခေါက်ချိုး၊ တွန့်လိမ်သွားပြီး နောက်ဆုံးမှာ သေးငယ်တဲ့လေးထောင့်ပုံစံအဝတ်စလေးသို့ ပြောင်းသွားသည်ကို ရှောင်းမြန် အလွန်အံ့အားသင့်စွာကြည့်နေမိသည်။



အလွန်လေးစားသည့်ဟန်ပန်ဖြင့် ထိုသူ့ထံသို့ ခါးပတ်ကြိုးကိုပေးလိုက်သည်။


“စိတ်မဆိုးပါနဲ့တော့ အမတရှောင်း ဒါကိုဝတ်ကြည့်လိုက်ပါ။”



ရှောင်းမြန် မျက်လုံးများက သူမကိုသတိထားကြည့်လာသည်။ တွေဝေခြင်းအလျဉ်းမရှိ သူမအပြုအမူကို ပြောင်းလဲနိုင်စွမ်းအား ‌သူမျက်မြင်တွေ့ခဲ့ပြီးပြီ။ နှုတ်ခမ်းတွေတင်းတင်းစေ့ကာ ခါးပတ်ကြိုးကိုမယူခင် သူ မတတ်နိုင်ပဲ သူမကိုသူ့စိတ်ဝိဉာဉ်စွမ်းအားဖြင့် နောက်တစ်ကြိမ် စစ်ဆေးကြည့်ရှုလိုက်ပြီး မိစ္ဆာအရှိန်အဝါမရှိတာ အတည်ပြုလိုက်သည်။



ဒီတစ်ခါတော့ လန်မုရှီထံ၌မည်သည့်လှည့်ကွက်မှ မရှိပေ။ ဇာတ်ကွက်ကြောင့်သာမဟုတ်လျှင် အဓိကဇာတ်ဆောင်တွေရဲ့ ဆက်ဆံရေးကြား ဝင်ရှုပ်မည်ပင်မဟုတ်။ သူမ၏အချိန်တွေကို သူမဘဝအတွက်ဘာလုပ်ရမလဲ စဉ်းစားရာတွင်သာ အသုံးပြုမည်ပင်။



ရှောင်းမြန် ထိုခါးပတ်ကြိုးကို မလိုချင်တော့ပေ။ ထို ခါးပတ်ကြိုးများက လန်မုရှီ၏ လက်ချောင်းများကြား ခေါက်ချိုးခံထားသောမြင်ကွင်းကို ဘာလို့မှန်းမသိ သူ မမေ့နိုင်ပေ။ ခါးမှာပြန်ချည်ပြီးနောက် သူ၏ခါးတစ်ဝိုက် ဖော်ပြလို့မရနိုင်သော အပူချိန်ကိုခံစားလိုက်ရသည်။



စိတ်အနှောင့်အယှက်ဖြစ်သွားပြီး စကားတစ်ခွန်းထပ်မဆိုပဲ နောက်လမ်းအပေါ် ပြောင်းသွားကာ တောင်ပေါ်ဦးတည်လိုက်သည်။




......