Chapter 2 - တွဲကြရအောင် (2)
.
“အမတရှောင်း?”
လန်မုရှီ၏အာရုံခံနိုင်စွမ်းမှာ ရှောင်းမြန်လောက် မစူးရှချေ။ လရောင်မှာ ရှောင်းမြန်၏ ခဏတာအထိန်းအချုပ်ကင်းမဲ့သွားမှုကို မြင်နိုင်ရန် အလုံအလောက်မတောက်ပခဲ့ပေ။ သို့သော် သူကစိတ်တည်ငြိမ်မှုကို အလျင်အမြန်ပြန်ရရှိသွားကာ ဓားကို ဓားအိမ်ထဲပြန်သွင်းလိုက်သည်။ သူသည် လန်မုရှီလက်ထဲမှ ခါးပတ်ကြိုးကို ဆွဲယူလိုက်ကာ ပြဲနေသည့်ဘက်က်ကို စစ်ကြည့်လိုက်၏။ ကျောက်စိမ်းခါးပတ်ခေါင်း မကျိုးမပဲ့ရှိနေသေးသည်ကိုမြင်မှ သူစိတ်ချလက်ချ အသက်ရှုထုတ်ရတော့သည်။
အကယ်၍ သူ့ဆရာသာလန်မိသားစု၏ နောက်ဆုံးကျန်ရစ်သူများကို ထိုက်ချူဂိုဏ်းသို့ ဘေးကင်းစွာခေါ်လာရန် အထူးမညွှန်ကြားထားပါလျှင် ၊ အကယ်၍ သူသာလန်မုရှီထံမှ နတ်ဆိုးစွမ်းအင်ကို အာရုံမခံမိခဲ့ပါလျှင် သူ့ဓားမှာ သူမကိုအမှန်ပင်ထိခိုက်စေခဲ့လောက်မည်။
သူ ဓားကို ဓားအိမ်ထဲပြန်ထည့်လိုက်သည်။ သို့သော် သူ့ခါးပတ်ကြိုးကို ပြန်မစည်းနိုင်ချေ။ သူ့မှာအရာဝတ္ထုများကို ချီစွမ်းအင်ဖြင့် ထိန်းချုပ်နိုင်သော ကျင့်ကြံရေးအဆင့်သို့ မရောက်သေးတာကြောင့် ပြဲသွားသော ခါးပတ်ကြိုးကို ပြန်မဆက်နိုင်ပေ။ မည်သို့ပင်ဆိုစေ ဝတ်ရုံပွင့်လျက်နှင့် လျှောက်သွားရသည်မှာသူ့အကြိုက်မဟုတ်။ အနီးနားသစ်ပင်မှ နွယ်ပင်တစ်ခုကို ဓားနှင့်လျင်မြန်စွာ ခုတ်ဖြတ်လိုက်ပြီး ယာယီခါးပတ်ကြိုးအဖြစ် ဝတ်ရုံကိုချည်နှောင်လိုက်သည်။
သူ့လှုပ်ရှားမှုများမှာ လျင်မြန်ပြီးတိကျသေသပ်သည်။ ပြီးသည်နှင့် ပြန်သွားရန် နောက်သို့လှည့်လိုက်သည်။ သို့သော် ဤအချိန်တွင်တော့ သူ၏စိတ်ဝိဉာဥ်စွမ်းအင်ကို သူ့နောက်ရှိ မိန်းမဆီမှကာကွယ်ရန် ဖြန့်ကျက်ထားလိုက်သည်။ လိုရမယ်ရ သူမ နောက်ထပ် ရူးရူးမိုက်မိုက်တစ်ခုကိုလုပ်ရန် ဆုံးဖြတ်လျှင်ဆိုသည့် အနေဖြင့်ဖြင့်ပင်။
သူမက စိတ်မပျက်သွားခဲ့ပေ။ သူ့အနောက်မှစပြီး အော်ဟစ်လာတော့သည်။
“အစ်ကိုရှောင်း! ကျွန်မချစ်သူဖြစ်ပေးပါ”
လန်မုရှီလည်း ပြေးနေတုန်း သူမ၏ဆံထိုးကို ကျပျောက်သွားခဲ့တာကြောင့် ယခုတွင် သူမ၏ဆံပင်ရှည်မှာ နောက်ကျောတွင် ပြေကာဖားလျားကျနေသည်။
ရှောင်းမြန်လို ဝတ်ရုံဟိုဟိုသည်သည် ကြေမွနေလျှင်ပင် အားစိုက်စရာမလိုပဲ ကျက်သရေရှိရှိ ကြည့်ကောင်းသောသူနှင့် မတူစွာ သူမသည်ဒီအတိုင်း သာမန်မိန်းမတစ်ယောက်သာ ဖြစ်သည်။ သူမသည်ဆွဲဆောင်မှုမရှိသည် မဟုတ်သော်ငြား သူမ၏ရှုပ်ပွနေသောဆံပင်ဖြင့် ယခုအသွင်အပြင်နှင့် ဇာတ်ကြောင်းအရ တမင်ချဲ့ကားထားသည့် မျက်နှာထားမှာ လောလောဆယ်တွင် စိတ်ပိုင်းဆိုင်ရာခြင်း ရူးသွပ်နေခြင်းဟူ၍သာ ဖော်ပြနိုင်လေသည်။
သူမက အသံစူးစူးနှင့်အော်ပြောသည်။
“အစ်ကိုရှောင်း ရှင်လက်မခံဘူးဆိုရင် ကျွန်မဒီပေါ်ကနေ ခုန်ချလိုက်တော့မယ်နော်!”
ရှောင်းမြန်မှာ အမှန်ပင်စော်ကားခံရသလို ခံစားလိုက်ရသည်။ သူမသည်ခရီးလမ်းတွင် ဆူးညှောင့်ခလုတ်ဖြစ်နေရုံကလွဲ၍ ဘာမှဟုတ်မနေဟု ခပ်တိုတိုတွေးလိုက်သည်။ ပြီးတော့ တကယ်လို့ သူမခုန်ချပြီး အနာတရဖြစ်သွားလျှင် နောက်ဆုံးမှာငြိမ်သွားပေလိမ့်မည်။
ဒါပေမဲ့ လန်မုရှီကမ်းပါးပေါ်ကနေ ခုန်ချရန် အမှန်တကယ်တိုးကပ်သွားသည်ကို သူ အာရုံခံလိုက်မိသည်နှင့် သူမအနေအထားကို အလျင်အမြန် ထိန်းလိုက်၏။ မျက်တောင်တစ်ခက်စာတွင်ပင် သူသည်နောက်သို့လှည့်ပြီး ခုန်ပျံလိုက်ကာ သူမကို အချိန်ကောင်းတွင်ပင် ဖမ်းထိန်းလိုက်သည်။
ဒီနေရာမှာမဟုတ်ဘူး !
သူမ ခုန်ချလို့ရတယ်၊ ဒါပေမဲ့ ဒီနေရာမှာတော့မဟုတ်ဘူး!
လန်မုရှီ မျက်လုံးတွေကိုမှိတ်ထားပြီး အောက်သို့ပြုတ်ကျရန် အသင့်ဖြစ်နေသည်။ သူမ ထိခိုက်နာကျင်မှာကို မကြောက်ပေ။ ဘာပဲဖြစ်ဖြစ် ဇာတ်ကြောင်းအရဆိုလျှင် ယုတ်မာကောက်ကျစ်သည့် ဇာတ်ပြိုင်ဗီလိန်မဖြစ်သည့် သူမသည်ခဏလောက် ဟိုဟိုဒီဒီခုန်ပေါက်နေပေလိမ့်မည်။
ဇာတ်ကြောင်းစည်းမျဉ်းက သူမဤနေရာတွင် မထိခိုက်ခဲ့ဟု ပြောထားသည်။ မထိခိုက်ခဲ့ရုံသာမက သူမကဒီအဖြစ်အပျက်ကိုအသုံးချကာ နောက်ပိုင်းတွင် သူမ၏ဘိုးဘေးလည်းဖြစ်သော ထိုက်ချူဂိုဏ်း၏ ငါးယောက်မြောက်အကြီးအကဲ၊ ထျန်းရှို့ဇီထံတွင် တိုင်တန်းလိမ့်မည်ဖြစ်ပြီး သူမ၏ညီမဖြစ်သူ လန်ထျန်းယင်ကို သူမအားတွန်းချပါသည်ဟု မဟုတ်မမှန် စွပ်စွဲလိုက်သေးသည်။
ဟုတ်တာပေါ့ လန်ထျန်းယင်သည် ဤစာအုပ်၏ ဇာတ်လိုက်မင်းသမီးဖြစ်သည်။ လန်ထျန်းယင်နှင့် ယခုသူမကိုလှမ်းဆွဲထားသောရှောင်းမြန်မှာ ကံကြမ္မာအရ အတူရှိရန်…နေပါဦး?
ရှောင်းမြန်က သူမကိုဘာလို့ဖမ်းလိုက်တာလဲ?!
လန်မုရှီမှာ ခဏတွင်ပင် လက်တွေ့လောကသို့ပြန်ရောက်လာရသည်။ သူမပြောရမည့် စာသားတွေကို သူမပြောပြီးပြီလေ။ ယခုသူမက ဇာတ်ကြောင်းကိုပြီးမြောက်ဖို့ ချောက်ကမ်းပါးကပြုတ်ကျရမှာ။
အဝေးကြီးလမ်းလျှောက်သွားပြီးမှ ဘာလို့ ရှောင်းမြန်က သူမကိုဖမ်းပေးဖို့ပြန်လာရတာတုန်း။ လန်မုရှီ သူ့လက်တွင်းမှ ရုန်းကန်လိုက်သည်။
“ ကျွန်မကိုလွှတ်”
“ကျွန်မကိုလွှတ် တကယ်ပြောတာ ကျွန်မအဆင်ပြေမှာပါဆို။ ကျွန်မပြုတ်ကျသွားလည်း သေမှာမဟုတ်ဘူး။”
လန်မုရှီမှာ သူ့လက်မှ မရုန်းနိုင်သည့်အတွက် သူနှင့်ငြင်းခုံရင်းသာ ဒေါသထွက်ရတော့သည်။
“တကယ်တမ်းကျ ကျွန်မခုန်ချချ၊ မခုန်ချချ ရှင့်အရေးမှမဟုတ်တာ။ ရှင်ကျွန်မကို ဆက်ဆွဲထားရင် ကျွန်မအော်ဟစ်အကူအညီတောင်းပြီးတော့ ရှင် အပြုအမူမလျော်ကန်ပါဘူးလို့ ပြောပစ်မယ်။”
သူမ၏ယခုပြောဆိုပြုမူပုံမှာ သူမ၏စောစောက စိတ်ဓာတ်ပြင်းပြလှသောဖွင့်ဟဝန်ခံချက်ဖြစ်သည့် “ ဝမ်းကွဲအစ်ကိုတစ်ယောက်ယူကြရအောင်” ဟူသောစကားနှင့်ကွဲပြားကာ မသာမယာရှိလှသည်။
သို့သော် ရှောင်းမြန်လည်း ထပ်တူတထစ်ချဆုံးဖြတ်ထားဟန်ရှိပြီး သူမကိုတင်းတင်းကျပ်ကျပ် ဆွဲထားကာ ချောက်ကမ်းစွန်းမှ ဆွဲတင်ရန်ကြိုးစားနေသည်။
လန်မုရှီအတွက် ဇာတ်ကြောင်းကိုအရှိန်မြှင့်နိုင်ရန် နှစ်ရက်လုံးလုံးအခွင့်အရေးစောင့်ခဲ့ရပြီးမှ နောက်ဆုံးအဆင့်ကို တက်လှမ်းနိုင်ခဲ့ရသည်။ သူမ ယခုအရှုံးမပေးနိုင်သေးပေ။ သူမအောက်သို့မပြုတ်ကျရန် ရှောင်းမြန် ဆွဲထားသည်မှ လွတ်ရန်ရုန်းမရ၍ ကြောက်လန့်တကြီးဖြစ်လာကာ ကလေးတစ်ယောက် ဝုန်းဒိုင်းကြဲသလိုပြုမူရန် သူမဦးတည်လိုက်တော့သည်။ ရှောင်းမြန်၏လက်မောင်းကို လှမ်းဆွဲရင်း ရှေ့၊ နောက်လွှဲယမ်းကာ သူ့လက်ကောက်ဝတ်ကိုပင် ကိုက်လိုက်သေးသည်။
ရှောင်းမြန်မှာ ဤမျှဆအရှက်မဲ့မှုမျိုးကို မည်သည့်အခါကမှ မမြင်ဖူး၍ သတိလက်လွတ်ဖြစ်သွားခဲ့သည်။ ထိုစဉ် လန်မုရှီသည် ထိုသို့ကိုက်ခြင်းဖြင့် ရှောင်းမြန်က သူမကိုလွှတ်မည်မဟုတ်သည်ကိုမြင်ကာ အကြံသစ်တစ်ခုရရှိလိုက်သည်။
စိတ်ဓါတ်ပြင်းပြသောအချိန်တွင် စိတ်ဓါတ်ပြင်းပြသော နည်းလမ်းများရရှိလေ့ရှိသည်။ သူမသည်လက်များကို ရုတ်တရက် ရရှောင်းမြန်ကိုယ်ကိုဖက်လိုက်ကာ ညုတုတုအသံဖြင့်ဆိုလိုက်သည်။
“ အစ်ကိုရှောင်း ကျွန်မကို ခုန်ချခိုင်းဖို့ သိပ်တုန့်ဆိုင်းနေလိုက်တာများ။ ဖြစ်နိုင်တာက ရှင်ကျွန်မနဲ့အတူရှိဖို့ကို သဘောတူလိုက်တာလားဟင်။”
ရှောင်းမြန်တွင် လျို့ဝှက်ချက်တစ်ခုရှိ၏။ သူသည် ထိတွေ့ခံရသည်ကို မနှစ်မြို့ချေ။ အထူးသဖြင့် သူ့ခါးနေရာကိုပင်။ ယင်းနေရာမှာ အတော်ပင်အထိမခံနိုင်ပေ။ သူမသည် ဇာတ်ကြောင်းတစ်ခုလုံးကို နှိုက်နှိုက်ချွတ်ချွတ်သိရှိထားသဖြင့် လန်မုရှီ ဒီအကြောင်းကို သိသည်မှာလည်း သ
သဘာဝပင်။
ခန့်မှန်းထားသည့်အတိုင်းပင်။ သူမ သူ့ကိုဖက်လိုက်သည့်အချိန်တွင် ရှောင်းမြန်မှာ ကျောရိုးတစ်လျှောက် တုန်တက်သွားတာကို ခံစားလိုက်ရသည်။ သူ မသိစိတ်နဲ့အလိုလို လက်များကို နောက်ပြန်ရုန်းလိုက်မိပြီး လန်မုရှီကို ချောက်ကမ်းစွန်းဆီထဲသို့ ပစ်ထုတ်လိုက်သည်။
ခုန်ချရန်ဆန္ဒရှိခြင်းနှင့် ပစ်ထုတ်ခံရခြင်းတို့မှာ မတူကွဲပြားသော အရာနှစ်ခုဖြစ်လေသည်။ အသက်ရှင်သန်ရန် ရုန်းကန်ချင်စိတ်က မွေးစမှတစ်ပါတည်းပါတတ်ရာ လန်မုရှီမှာလည်း ထိုဝမ်းတွင်းစိတ်အခံကြောင့် ဖမ်းဆုပ်နိုင်သည့်အရာမှန်သမျှကို ဖမ်းဆွဲခဲ့သည်။ ကောင်းတတ်လှသည့်ကံအတိုင်းပင် သူမသည် ရှောင်းမြန်ကိုင်ထားသော ခါးပတ်ကြိုးကို ဖမ်းဆုပ်လိုက်မိ၏။
“အမ်!”
“အို့!”
ထို့နောက် နှစ်ယောက်သားမှာ ချောက်ကမ်းနံဘေးရှိ တောင်စောင်းပေါ်မှ တလိမ့်ကောက်ကွေး ပြုတ်ကျသွားကြသည်။ လတ်စသတ်တော့ ဒါကမတ်စောက်သည့် ချောက်ကမ်းပါးမဟုတ်ပဲ ပြေပြေပြစ်ပြစ် တောင်စောင်းလေးဖြစ်နေသည်ပင်။
သူမ၏အိတ်ကပ်ထဲရှိ သိုလှောင်အိတ်မှာ အလင်းရောင်တောက်ပသွားပြီး မြက်ခင်းထူများထဲတွင် လဲလျောင်းနေသောလန်မုရှီသည် ပြုံးလိုက်၏။
ဇာတ်ကြောင်း၏ဒီအပိုင်းမှာ ပြီးမြောက်သွားခဲ့ပြီ!
ပြီးတော့ သူမအန္တရာယ်ကင်းခဲ့သည်။
သို့သော် ရှောင်းမြန်မှာတော့ ဒေါသထွက်သည်ထက်ပင် ပိုနေပြီ။ သူသည်ထထိုင်လိုက်ပြီး လန်မုရှီလက်မှခါးပတ်ကြိုးကို ဆွဲယူလိုက်ကာ အလိပ်လေးဖြစ်အောင်လုပ်၍ ဝတ်ရုံထဲသို့ ထည့်လိုက်သည်။
လန်မုရှီလည်း လဲလျောင်းရာမှ ထလိုက်သည်။ တအောင့်ကြာပြီးနောက် တောင်လေတစ်ဆုပ်မှာ ဖြတ်သန်းတိုက်ခတ်သွးပြီး သူမမျက်နှာနှင့်လက်ပေါ်တွင် အေးစက်စက် စိုစိစိအရာတစ်ခုကို ခံစားလိုက်မိသည်။
စိတ်ရှုပ်ထွေးသွားပြီး သူမ ဗလုံးဗထွေးပြောလိုက်သည်။
“အမ် ဘာကြီးလဲ…”
လန်မုရှီသည် လက်ကိုသူမ၏နှာခေါင်းနားသို့ မြှောက်လိုက်ပြီး သူမပိမိသွားတဲ့ သစ်သီးတချို့ကအရည်လား ဒါမှမဟုတ် ကျထားပြီးသား နှင်းစက်တွေလားဆိုတာကို နမ်းကြည့်ချင်ခဲ့သည်။
“မလုပ်နဲ့ !”
သူမလှုပ်ရှားမှုကိုမြင်လိုက်၍ ရှောင်းမြန်၏တည်ငြိမ်သောမျက်နှာထားမှာ ယိုယွင်းသွားပြီး အလန်တကြား အော်လိုက်၏။ သူသည် လက်ကိုလျင်မြန်စွာမြောက်လိုက်ပြီး သူမ၏လည်ပင်းကို ရိုက်ချလိုက်ရာ လက်ပေါ်တွင် မည်သည့်အရာရှိနေကြောင်း မနမ်းနိုင်လိုက်
ခင်မှာပင် သူမမေ့မျောသွာတော့သည်။
လရောင်အောက် လျှိုမြောင်ထဲတွင် အမတသခင်ငယ်လေး၏မျက်နှာမှာ ကြက်သွေးရောင်ရဲရဲတွတ်နီလို့နေလေ၏။
.......