Chapter 105
ယန်ဟန်သည် ဇွန်ဘီဘုရင် တစ်ကယ်သေဆုံးခြင်း ရှိ၊ မရှိကို စတုတ္ထထပ်သို့ သွားကြည့်ရန်ပင် သတ္တိမရှိပဲ အသာရပ်နေလေသည်။ နာရီဝက်ခန့်အကြာတွင် စတုတ္ထထပ်ရှိ ဇွန်ဘီဘုရင်သည် မလှုပ်ရှားသေးကြောင်း လီနန်ရှန့် မြင်သောအခါ သူက ဟန်ခိုင် အား အပေါ်တက်ကြည့်ချင်ကြောင်း ပြောလိုက်သည်။
ဟန်ခိုင် က ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"ငါလည်း မင်းနဲ့ လိုက်ခဲ့မယ်..."
"ကျွန်မလည်း လိုက်မယ်..."
ယန်ဟန် ကလည်း ပြောလိုက်သည်။
သုံးယောက်သား သတိထားပြီး စတုတ္ထထပ်ရှိ လသာဆောင်သို့ လျှောက်လာသောအခါ ဇွန်ဘီဘုရင်မှာ မြေပြင်ပေါ်တွင် လဲနေသည်ကို တွေ့လိုက်ရသည်။ ဇွန်ဘီဘုရင်သည် မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲနေသော်လည်း သူ့ခန္ဓာကိုယ််မှာ ယခင်ကကဲ့သို့ မဟုတ်တော့ပေ။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားများသည် နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော မမ်မီကဲ့သို့ ခြောက်သွေ့နေလေသည်။
ယန်ဟန် က မြင်ကွင်းကိုကြည့်ပြီး ရေရွတ်လိုက်သည်။
“ ဘယ်လိုဖြစ်ရတာလဲ...”
သူမ၏ ကာကွယ်ဆေးသည် R ဗိုင်းရပ်စ်ကို မကုသနိုင်ရုံသာမက လက်ခံကောင်ကိုလည်း သေစေနိုင်သည်။ သို့သော် ဇွန်ဘီဘုရင်သည် သာမန် R ဗိုင်းရပ်စ် ကူးစက်ခြင်း မဟုတ်ဘဲ လျန့်ချောင် မျိုးဗီဇပြုပြင်ထားသော ဗိုင်းရပ်စ် တစ်မျိုး ထိုးထားခြင်းသာဖြစ်သည်။
အကယ်၍ လူသားများကို ကာကွယ်ဆေးအား စမ်းသပ်မှုများ ပြုလုပ်မည် ဆိုပါက R ဗိုင်းရပ်စ် ကူးစက်ခံထားရသော ဇွန်ဘီများကို အသုံးပြုရမည်ဖြစ်သည်။
လီနန်ရှန့် နှင့် အခြားသူများသည် ဇွန်ဘီဘေးတွင် အချိန်အတော်ကြာ ရပ်နေသည်ကို မြင်လိုက်ရသောအခါတွင် လူတစ်ချို့ကလည်း သတ္တိမွေးကာ ပြေးဆင်းလာကြသည်။
"အို ဘုရား...ဘုရား.. ဒီဇွန်ဘီဘုရင်က ဘာလို့ သေသွားတာလဲ.."
လူတစ်ယောက်က အံ့သြတကြီးမေးလိုက်သည်။
"ဘာလဲ...ခင်ဗျားက ဘာကို ဆိုလိုတာလဲ...."
လီနန်ရှန့် လှည့်ကြည့်ကာ ထိုလူကို နောက်ပြောင်လိုက်သည်။ ထိုလူက ရှက်ရွံ့စွာဖြင့် လက်ကိုကာလိုက်ပြီး ပြင်ပြောလိုက်သည်။
"မဟုတ်ဘူး... မဟုတ်ဘူး...ကျွန်တော် ပြောချင်တာ အဲ့ဒါမဟုတ်ဘူး.. လက်နက်ကိုင်တပ်တွေက ဇွန်ဘီဘုရင်ကို တိုက်ပေမယ့် မသတ်နိုင်ဘူးလို့ တွေးမိတယ်လေ.. ကျွန်တော် ကုတင်အောက်မှာ ပုန်းနေတုန်း သေနတ်သံကြားရတယ်...ပေါက်ကွဲသံလည်း ကြားရတယ်...ဘာလို့ရုတ်တရက် သေသွားရတာလဲ...ခုကြည့်လိုက်တော့လည်း ဖောက်ခွဲရေး ပစ္စည်းတွေကြောင့် သေသွားပုံမပေါ်ဘူးလေ.. ညီလေး ဒီဇွန်ဘီဘုရင်က ဘယ်လို သေသွားတာလဲ သိလား..."
ထိုလူက လီနန်ရှန့် ကိုမေးလိုက်သည်။
"ကာကွယ်ဆေးကြောင့် သေတာ..."
လီနန်ရှန့် က ပြောပြီးကာမှနောင်တရကာ ဟန်ခိုင် နှင့် ယန်ဟန်ကို ရှက်ရွံ့စွာ ကြည့်လိုက်သည်။
"ကာကွယ်ဆေးကြောင့် သေသွားတာလား...ဇွန်ဘီဘုရင်ကိုတောင် အချိန်တိုအတွင်းမှာ အသတ်ခံရတယ်ဆိုတော့ ဒီကာကွယ်ဆေးက ကောင်းတာပေါ့..."
သူ့ကိုယ်သူ ရေရွတ်ပြီးနောက် ထိုလူက လီနန်ရှန့် အား မေးလိုက်ပြန်သည်။
"ကာကွယ်ဆေးကို အများကြီး ထုတ်သင့်တယ်...ဒါမှ ယွင်ကျင့်မြို့က ဇွန်ဘီတွေအားလုံး သေမှာပေါ့..."
လီနန်ရှန့် က သူ့ကို ဘယ်လိုဖြေရမှန်း မသိသောကြောင့် အသာနေလိုက်သည်။
တဖြည်းဖြည်းနှင့် သေဆုံးနေသော ဇွန်ဘီဘုရင်ကိုကြည့်ရန် စတုတ္ထထပ်တွင် လူများ ပိုမိုများပြားလာပြီး စွန်းကျားရှီ သည်လည်း သိချင်စိတ်ဖြင့် လာကြည့်လေသည်။
ယန်ဟန် သည် တစ်စုံတစ်ခုအား ရုတ်တရတ် သတိရသွားဟန်ဖြင့် ဇာဂနာနှင့် စမ်းသပ်ဖန်ပြွန်များကို ယူရန် ဓာတ်ခွဲခန်းသို့ ပြေးသွားပြီးနောက် စတုတ္ထထပ်သို့ ပြန်ပြေးလာကာ လူအုပ်ကို တွန်းဖယ်၍ ဇွန်ဘီဘုရင်၏ အသားစကို ယူသွားလိုက်သည်။ ဇွန်ဘီဘုရင် သေဆုံးရသည့် အကြောင်းရင်း အမှန်ကို သိလိုပါက ဇွန်ဘီဘုရင် ၏ အသားစတွင်သာ ရှာတွေ့နိုင်မည် ဖြစ်သည်။
စခန်းတွင်းရှိ ဇွန်ဘီဘုရင် အဖြစ်အပျက်ကို တွေ့ကြုံပြီးနောက် ယခင်က ကျွန်းမှ လွတ်မြောက်လာသူ ၃၀၀ ကျော်ရှိသော်လည်း ယခုအခါ လူဒါဇင် အနည်းငယ်မျှသာ အသက်ရှင်ကျန်ခဲ့သည်။ထို့အပြင် စခန်းတစ်ခုလုံး ဖောက်ခွဲရေး ပစ္စည်းများကြောင့် ပို၍ပင် ပျက်စီးသွားခဲ့သည်။အောက်ထပ်တွင် ထိမှန်ထားသည့်အတွက် ရံဖန်ရံခါ အဆောက်အအုံကြီးက လှုပ်ခါသွားတတ်သည်။ ထိုမျှမကသေး စခန်းထဲမှာလည်း ဇွန်ဘီဘုရင် နှိပ်စက်လိုက်သောကြောင့် လူ့အင်္ဂါအမျိုးမျိုး၊ ခြေလက်ပြတ်များ၊ အသားစများနှင့်သွေးအိုင်များ ပြည့်နှက်နေတော့သည်။
ရက်အနည်းငယ်ကြာသောအခါ စခန်းတစ်ခုလုံးမှ ဆိုးရွားသော အနံ့သက်တို့ကို မည်သူမှ မခံနိုင်ကြတော့ပေ။ စခန်းရှိ လူတိုင်းသည် မသတီစရာများနှင့်ပြည့်နေသော ဤနေရာကို စွန့်ခွာချင်ကြသော်လည်း နောက်ထပ် လုံခြုံသည့်နေရာကို ရှာတွေ့မည်ဟု အာမ,မခံနိုင်ကြချေ။
ဇွန်ဘီဘုရင် ၏ကိစ္စရပ်ကို ခေတ္တဖြေရှင်းနိုင်ခဲ့သည်။ ယန်ဟန်သည် ဇွန်ဘီဘုရင် ၏ အသားစအား စမ်းသပ်ရန် ဓာတ်ခွဲခန်းသို့ ယူသွားရာ ဇွန်ဘီဘုရင် တွင် R ဗိုင်းရပ်စ် မရှိကြောင်း တွေ့ရှိခဲ့လေသည်။ ယန်ဟန်သည် လက်ထဲမှ စမ်းသပ်ကိရိယာများကို ချလိုက်ပြီး စမ်းသပ်စင်ရှေ့တွင် စိတ်ပျက်စွာ ထိုင်နေလိုက်သည်။
ဤနည်းဖြင့် ကာကွယ်ဆေးသည် လက်ခံကောင်ကို သတ်ပစ်ပြီး R ဗိုင်းရပ်စ်ကိုလည်း သတ်ပစ်ခြင်း ဖြစ်သည်။ ယန်ဟန် သည် ဟန်ခိုင် နှင့် နောက်တစ်ကြိမ် ကာကွယ်ဆေးစမ်းသပ်မှုအား မည်သို့ ဆက်လက်လုပ်ဆောင်ရန် ဆွေးနွေးနေချိန်တွင် စွန်းကျားရှီ ရောက်လာ၏။
စွန်းကျားရှီ က ယန်ဟန် ကိုကြည့်ပြီး စိတ်လှုပ်ရှားနေပုံဖြင့် ပြောလိုက်သည်။
"ဇွန်ဘီဘုရင် ကိုသတ်ဖို့ ကာကွယ်ဆေးကို မင်းက တီထွင်တယ်လို့ တခြားသူတွေပြောနေတာ ကြားတယ်...."
ယန်ဟန် က စွန်းကျားရှီ ကိုကြည့်နေသော်လည်း ချက်ချင်း ပြန်မဖြေပေ။ သူမ ပြန်မဖြေသည်ကို မြင်သောအခါ စွန်းကျားရှီ က ရှက်ရွံ့စွာ ပြုံးပြပြီး သူကြိုတင် ပြင်ဆင်ထားသည့် စကားကိုသာ ဆက်ပြောလိုက်သည်။
"ဒီကာကွယ်ဆေးကို အများကြီးထုတ်ပြီး ယွင်ကျင့်မြို့ကို ပြောင်းလဲပစ်နိုင်မလား..."
"ရှင်က ဘာလုပ်ချင်တာလဲ..."
"ဟုတ်တယ်လေ...ယွင်ကျင့် မြို့မှာရှိတဲ့ ဇွန်ဘီအားလုံးကို သတ်ရမှာပေါ့..."
"မဟုတ်ဘူး..."
ယန်ဟန်က ချက်ချင်း ငြင်းဆိုလိုက်သည်။
"ဘာလို့မဖြစ်ရမှာလဲ..."
သူမ၏ မူလရည်ရွယ်ချက်မှာ ဇွန်ဘီများကို သတ်ပစ်ဖို့ မဟုတ်ဘဲ ဇွန်ဘီများကို ကုစားရန်ဖြစ်သော်လည်း သူမက စွန်းကျားရှီ ကို ထုတ်မပြောလိုက်ပေ။
"ကာကွယ်ဆေး သုတေသနက အစပဲ ရှိသေးတာ... ဇွန်ဘီဘုရင်ကို သတ်ပစ်လိုက်တာက ကြက်ကန်း ဆန်အိုးတိုး သွားတဲ့သဘောပါ... ကာကွယ်ဆေးကို တီထွင်ချင်တယ်ဆိုရင်တော့ စမ်းသပ်မှုတွေ အများကြီး လိုတယ်..."
"ဒါပေမယ့် ငါတို့မှာ အချိန်သိပ်မရှိဘူး... အခုဒီမှာ လူဒါဇင်နဲ့ချီပြီးတော့ပဲ ကျန်တော့တယ်... စခန်းကလည်း မလုံခြံတော့ဘူး... ဇွန်ဘီတွေ ဝင်လာရင် ဒုက္ခရောက်လိမ့်မယ်..."
"ကာကွယ်ဆေး သုတေသနက ပထမအဆင့်ပဲ ရှိသေးတာ...ရှင်ပြောသလို ကျွန်မက အများကြီး ထုတ်ပေမယ့် အကျိုးသက်ရောက်မှု မရှိဘူးဆိုရင် အချိန်ဖြုန်းသလို ဖြစ်နေမယ် မဟုတ်လား..."
Xxxxxxx
Chapter 106
ယန်ဟန် ၏ ခေါင်းမာသော စိတ်ထားကို မြင်လိုက်ရသောအခါ စွန်းကျားရှီ တစ်ထစ်လျှော့လိုက်သည်။
"ဒါဆို စမ်းသပ်မှုမှာ မင်း ဘာအကူအညီလိုလဲ... ငါ ကူညီဖို့ လူတွေကို စုပြီး စမ်းသပ်မှုကို အရှိန်မြှင့်နိုင်ဖို့ ကြိုးစားမယ်..."
"ကျွန်မ ဇွန်ဘီနှစ်ကောင် အရှင်လို ချင်တယ်...လူသား စမ်းသပ်မှုတွေကို ဆက်လုပ်ပြီးတော့ပဲ အောင်မြင်မှုကို ကျွန်မတို့ ရှာမှာပါ..."
"ရပါတယ်....မင်းအတွက် ဇွန်ဘီနှစ်ကောင် ဖမ်းဖို့ လက်နက်ကိုင်တပ်ဖွဲ့ဌာနက တစ်ယောက်ယောက်ကို ငါခိုင်းလိုက်မယ်..."
နောက်တစ်နေ့တွင် ယန်ဟန်သည် လက်နက်ကိုင်တပ်ဖွဲ့ဌာနမှ ဖမ်းဆီးလာခဲ့သော ဇွန်ဘီ နှစ်ကောင်ကို မြင်လိုက်ရသောအခါ စွန်းကျားရှီ ၏ ဩဇာအာဏာကို အံ့အားသင့်သွားရသည်။ ယန်ဟန်က ဇွန်ဘီများကို ဓာတ်ခွဲခန်းထဲသို့ သော့ခတ်ထည့်ထားလိုက်ပြီး ဇွန်ဘီများထဲမှ တစ်ကောင်ကိုသာ ကြိုတင်ပြင်ဆင်ထားသော ကာကွယ်ဆေးကို ထိုးရန် လက်နက်ကိုင်တပ်ဖွဲ့ဌာနမှ အဖွဲ့သားများကို ပြောလိုက်သည်။
ယခုအခေါက် ကာကွယ်ဆေး၏ ပမာသည် လူ့ခန္ဓာကိုယ်နှင့် ကြွက်၏ အလေးချိန် အချိုးအဆအတိုင်း ချိန်ညှိထားသဖြင့် ပြဿနာ ကြီးကြီးမားမား မရှိနိုင်ပေ။ ကာကွယ်ဆေးထိုးစဥ်က ဟန်ခိုင် လည်း ဘေးမှာရှိနေခဲ့ပြီး သူတို့နှစ်ယောက်လုံး ဇွန်ဘီများ၏ ပြောင်းလဲမှုကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေခဲ့ကြသည်။ လက်နက်ကိုင်တပ်ဖွဲ့ဌာနမှ အဖွဲ့သားများကလည်း အလျင်စလို ပြန်မသွားကြဘဲ ဓာတ်ခွဲခန်းထဲတွင်သာ စောင့်ကြည့်နေခဲ့ကြသည်။
ကာကွယ်ဆေးကို ထိုးသွင်းခဲ့သည့်ဇွန်ဘီသည် အလွန်နာကျင်နေပုံရပြီး ပါးစပ်ကိုဟလျက် ကျယ်လောင်စွာ အော်နေတော့သည်။ ယန်ဟန်သည် ဇွန်ဘီဘုရင် ၏ ခြေရာနင်းမည်စိုး၍ ကြိုတင် ပြင်ဆင်ထားသော R ဗိုင်းရပ်စ်ကို ဇွန်ဘီ၏ ခန္ဓာကိုယ်ထဲသို့ အမြန်ထိုးသွင်းလိုက်သည်။ အကယ်၍ ကာကွယ်ဆေးသည် ဇွန်ဘီကို သတ်လိုက်လျှင် R ဗိုင်းရပ်စ်သည် ဇွန်ဘီအတွက် ဖြေဆေးဖြစ်သည်။
ယန်ဟန်သည် ဇွန်ဘီ၏ ခန္ဓာကိုယ်ထဲသို့ R ဗိုင်းရပ်စ်ကို ထိုးသွင်းပြီး ဇွန်ဘီ၏ ပြောင်းလဲမှုများကို ဆက်လက် စောင့်ကြည့်ခဲ့ရာ နာကျင်မှုမှာ လျော့နည်းသွားပုံမပေါ်ကြောင်း သူမ တွေ့ရလေသည်။ ဇွန်ဘီမှာ အော်ဟစ်ပြီး အလွန်နာကျင်စွာ ရုန်းကန်နေဆဲပင်။
နှစ်မိနစ်အကြာတွင် ဤဇွန်ဘီသည် ဇွန်ဘီဘုရင်နှင့် တူသော မံမီကြီးဖြစ်သွားသည်။ ယန်ဟန်သည် မျက်မှောင်ကြုတ်ကာ ဇွန်ဘီ၏ အသားစများကို ထုတ်ယူရန် ဇာဂနာကို ယူလိုက်သည်။
ဓာတ်ခွဲခန်းအတွင်းရှိ ကြည့်ရှုနေသူအားလုံး အံ့အားသင့်သွားကြပြီး ရင်ခုန်နေကြကာ တစ်ယောက်က ထအော်လိုက်သည်။
"အို ဘုရား...ဘုရား... ဒီကာကွယ်ဆေးက စွမ်းလိုက်တာ... ကာကွယ်ဆေး ထိရောက်သွားဖို့ နှစ်မိနစ်ပဲကြာတယ်... လူစားတဲ့ အလောင်းက ခြောက်ခန်းနေတဲ့ အလောင်း ဖြစ်သွားတယ်...ဇွန်ဘီတွေကို ကာကွယ်ဆေး ထိုးထားလိုက်ရင် ငါတို့ အသက်ရှင်နိုင်တယ် မဟုတ်လား..."
ထိုလူက သူ့အဖော်ကို စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
လက်နက်ကိုင်တပ်ဖွဲ့ ဌာနမှလူများ ထွက်ခွာသွားပြီးနောက် ယန်ဟန်က ဟန်ခိုင် အား စိုးရိမ်တကြီး ပြောလိုက်သည်။
"ဒီဇွန်ဘီရဲ့ အသားစမှာလည်း R ဗိုင်းရပ်စ် မရှိဘူး..."
ဟန်ခိုင် က ဘာကို ဆိုလိုသည်ကို နားလည်လိုက်သည်။ ဇွန်ဘီသေဆုံးသွားခြင်းသည် ကာကွယ်ဆေးသည် R ဗိုင်းရပ်စ်ကို သတ်ပြီး လက်ခံကောင်ကိုပါ သတ်လိုက်ကြောင်း ယန်ဟန်က ပြောခြင်း ဖြစ်သည်။
"ကျွန်မ ဘာမှားသွားလဲဆိုတာ တကယ်ကို နားမလည်နိုင်ဘူး... ရလဒ်ကလည်း ကိုယ်ထင်ထားသလို ဖြစ်မလာဘူး..."
"ဒီလိုဆိုရင်ရော... ဒီဇွန်ဘီတွေလှုပ်ရှားနေတယ်ဆိုတာ R ဗိုင်းရပ်စ်ကြောင့်လေ...ဗိုင်းရပ်စ်က လူ့ခန္ဓာကိုယ်ရဲ့ အသားစတွေကို ဖျက်ဆီးပြီးသွားပြီ... ကာကွယ်ဆေးက ဇွန်ဘီရဲ့ R ဗိုင်းရပ်စ်ကို သတ်ပစ်လိုက်တယ်...ဆိုလိုတာက တစ်ခုတည်းသော သူတို့ရဲ့ လှုပ်ရှားတာတွေကို ပံ့ပိုးပေးနေတဲ့ ဗိုင်းရပ်စ်က သေသွားတော့ သူတို့လည်း ခန္ဓာကိုယ် အင်္ဂါတွေနဲ့ တစ်ရှူးတွေ ပျက်စီးသွားတဲ့ အလောင်းကောင် ဖြစ်သွားတာ..."
ယန်ဟန်က ခေါင်းယမ်းကာ ပြောလိုက်သည်။
"ဒါဆို ကျွန်မကျတော့ရော...ရှင်လည်း ကျွန်မကို ဇွန်ဘီကနေ လူအဖြစ် ပြောင်းသွားတာ မြင်ခဲ့တာပဲ..."
"ယန်ဟန်...မေ့သွားပြီလား... မင်းအစကတည်းက အပြင်က ဇွန်ဘီတွေနဲ့ မတူဘူးလေ... မတော်တဆ အကြောင်းတစ်ခုခုက မင်းကို ခုခံနိုင်သွားအောင် လုပ်တာပေါ့ ... မင်းရဲ့ခန္ဓာကိုယ်ထဲက မျိုးဗီဇပြောင်းသွားတဲ့ ဆဲလ်တွေက R ဗိုင်းရပ်စ်ကို သတ်ပစ်လိုက်တာ... မင်းရဲ့ အရင်ခန္ဓာကိုယ်ဆဲလ်တွေဟာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတောာ့ ပျက်စီးသွားတယ်လေ.. ဒါပေမဲ့ မင်းရဲ့ခန္ဓာကိုယ်ထဲမှာ မျိုးဗီဇပြောင်းသွားတဲ့ဆဲလ်တွေက တဖြည်းဖြည်းနဲ့ အစားထိုးလာလို့ မင်းဖုတ်ကောင်ကနေ သာမန်လူတစ်ယောက်အဖြစ်ကို ရောက်လာတာ... မင်းနဲ့ငါဟာ R ဗိုင်းရပ်စ်ကို ခံနိုင်ရည်ရှိပေမယ့် အဖြစ်က နည်းနည်းတော့ မတူဘူး...ငါ့ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တွေမှာ R ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇပစ္စည်းကို ဖြတ်တောက်ပစ်နိုင်တဲ့ အင်ဇိုင်းတစ်ခု ပါနေလို့လေ...မင်းက R ဗိုင်းရပ်စ်ကို ဒီတိုင်း ခုခံနိုင်တာ... ဘာဖြစ်လို့လဲဆိုတော့ မင်းခန္ဓာကိုယ်ထဲက မျိုးဗီဇပြောင်းလဲထားတဲ့ ဆဲလ်တွေကြောင့်ပဲ....မင်း ခန္ဓာကိုယ်က ဆဲလ်တွေက R ဗိုင်းရပ်စ်ကို သေစေရုံတင်မကဘူး...R ဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ဆဲလ်တွေကိုလည်း ပြန်ကုပေးနိုင်တယ်...ဒါကြောင့် မင်းက ဇွန်ဘီတစ်ကောင်ကနေ သာမာန်လူတစ်ယောက်ဖြစ်သွားရတာ....အဓိကက မင်းကို ဘယ်လိုအကြောင်းကိစ္စကများ ပြောင်းလဲလိုက်တာလဲ ဆိုတာပဲ..."
"ကျွန်မကို အဲ့ဒီအချိန်ကို ကျွန်မ မမှတ်မိတော့ဘူး...ကျွန်မ သတိပြန်ရလာတဲ့အထိ ဇွန်ဘီဗိုင်းရပ်စ်ရှိနေတုန်းပဲ...အဲဒီကြားထဲမှာ ဘာမှမမှတ်မိတော့ဘူး... ဘုရားသခင်က တမင်တကာ ဖျက်ပစ်လိုက်ပုံရတယ်..."
သူမက သက်ပြင်းချရင်း ပြောလိုက်ပြန်သည်။
"အပူချိန်နိမ့်တဲ့ ပတ်ဝန်းကျင်မှာ အခြေအနေ ပိုကောင်းမလားဆိုတာ ကြည့်ရမှာပဲ... နောက်ဆုံးတော့ ကျွန်မ အပူချိန်နိမ့်တဲ့ ပတ်ဝန်းကျင်မှာ အချိန်အကြာကြီး နေရလို့ အရမ်းမြန်မြန် သက်သာလာတာပါပဲ..."
ယန်ဟန်သည် ဒုတိယဇွန်ဘီကို အပူချိန် ၀ ဒီဂရီအောက်ထက် နိမ့်သောပတ်ဝန်းကျင်တွင် ထားလိုက်သည်။ဤ ဇွန်ဘီသည် အပူချိန်နိမ့်သော ပတ်ဝန်းကျင်တွင် ရှိနေသောအခါဆောင်းခိုသည့် ကာလသို့ ရောက်လာသည့် အဆိပ်ပြင်းမြွေတစ်ကောင်ကဲ့သို့ ထူးထူးခြားခြား တိတ်ဆိတ်နေသည်။ ဇွန်ဘီ၏ ပုံမှန်မဟုတ်သော အမူအရာကို တွေ့ရှိရသောအခါ ယန်ဟန်သည် R ဗိုင်းရပ်စ်၏ လုပ်ဆောင်ချက်မှာ သုညအောက် အပူချိန် ပတ်ဝန်းကျင်တွင် သာမန်သက်ရှိ ဆဲလ်များကို မတိုက်ခိုက်တော့ကြောင်း တွေ့ရှိခဲ့လေသည်။
သို့ဆိုလျှင် သာမန်လူများသည် တစ်နှစ်ပတ်လုံး သုညအောက် အပူချိန်၌ နေထိုင်ပါက R ဗိုင်းရပ်စ်ကို လုံးလုံးခုခံနိုင်စွမ်းရှိလာမည်လား။
Xxxxxxxxx
Chapter 107 (End)
R ဗိုင်းရပ်စ်ကို လေ့လာပြီးနောက် ယန်ဟန်သည် စမ်းသပ်မှတ်တမ်းစာအုပ်တွင် အသေးစိတ် မှတ်တမ်းများ ရေးမှတ်လိုက်ပြီး ကာကွယ်ဆေးကို အခြား၏ ခန္ဓာကိုယ်ထဲသို့ ထပ်မံထိုးသွင်းခဲ့သည်။ ယန်ဟန်သည် ဇွန်ဘီ၏ အပြောင်းအလဲများကို စောင့်ကြည့်ရင်း နာရီပေါ်တွင် အချိန်ကို လည်း မှတ်နေခဲ့သည်။ နှစ်မိနစ်ခန့်ကြာသည်နှင့် ဇွန်ဘီသည် ဖြစ်စဥ် အစမှအဆုံးအထိ ငြိမ်နေပုံရသော်လည်း သူ့ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ပြောင်းလဲလာပြီး စောစောကဇွန်ဘီနှင့် ပိုတူလာသည်ကိုတွေ့လိုက်ရ၏။
ယန်ဟန်သည် ယခင်ပုံစံအတိုင်း ဆက်လုပ်ခဲ့ပြီး ဇွန်ဘီ၏အသားစတွင် R ဗိုင်းရပ်စ်ရှိမရှိ စစ်ကြည့်လိုက်ရာ R ဗိုင်းရပ်စ် မရှိတော့ပေ။ ကာကွယ်ဆေးသည် ပုံမှန်အပူချိန်တွင်ဖြစ်စေ အပူချိန်နိမ့်သော နေရာတွင်ဖြစ်စေ ဇွန်ဘီများရှိ R ဗိုင်းရပ်စ်ကို လုံးဝသတ်ပစ်နိုင်လေသည်။ သူမ လုံးဝ စိတ်ပျက်လက်ပျက် ဖြစ်သွားရသည်။
ဟန်ခိုင် ပြောတဲ့အတိုင်း တစ်ကယ်ဟုတ်လေရော့သလား....
ဤဇွန်ဘီများသည် သေဆုံးခဲ့သည်မှာ ကြာမြင့်ပြီ ဖြစ်သောကြောင့် ကာကွယ်ဆေးသည် ဇွန်ဘီများ၏ ဗိုင်းရပ်စ်ကို သတ်နိုင်သော်လည်း ပုံမှန်လူပြန်မဖြစ်ဘဲ အလောင်းအဖြစ်သာ ပြန်လည်ရရှိနိုင်မည် ဖြစ်သည်။
ယန်ဟန်သည် ဓာတ်ခွဲခန်းမှ ထွက်လာလိုက်ရာ ဟန်ခိုင် အနားတွင် စခန်းရှိ လူအားလုံး ရောက်နေကြသည်ကို မြင်လိုက်ရသည်။ စွန်းကျားရှီ က ယန်ဟန် ကိုမြင်သည်နှင့် ချက်ချင်းပင် ရှေ့သို့လျှောက်လာပြီး မေးလိုက်သည်။
"ပရော်ဖက်ဆာ ယန်... ကာကွယ်ဆေး အဆင်သင့်ဖြစ်ပြီလား..."
ယန်ဟန်က သူ့ကို ဂရုမစိုက်ဘဲ စမ်းသပ်စင် ဆီသို့ လျှောက်သွားကာ ကာကွယ်ဆေး၏ ပြဿနာကို သိနိုင်ရန် စမ်းသပ် မှတ်တမ်းစာအုပ်ကို ဖွင့်လိုက်သည်။ စွန်းကျားရှီ ကလည်း နောက်ကလိုက်ပြီး မေးလိုက်သည်။
"ပရော်ဖက်ဆာ ယန်... ကာကွယ်ဆေးကို အများကြီး ထုတ်နိုင်မလား .."
ယန်ဟန် ဒေါသထွက်သွားရပြီး အေးစက်စွာ ပြောလိုက်သည်။
"ရှင်က ဒီအတိုင်း ဇွန်ဘီအားလုံးကို သတ်ချင်နေတာလား..."
"သူတို့ကို မသတ်ဘဲ မင်းက ကယ်ချင်နေတာလား..."
"ဟုတ်တယ်...သူတို့ကို ကယ်တင်ချင်တယ်...သူတို့ကို သာမန်လူတွေလိုဖြစ်အောင် လုပ်ပေးချင်တယ်... ပုံမှန်လူတွေလို ပြန်နေစေချင်တယ်... ကျွန်းပေါ်မှာ CDC တည်ထောင်ထားတာ ရှင့်ရဲ့ မူလရည်ရွယ်ချက်ပဲ မဟုတ်လား..."
ယန်ဟန်သည် ဇွန်ဘီအားလုံးကို ကုသရန် သူမကြိုးစားခဲ့လေသည်။
"ရှောင်ဟန်...မမိုက်စမ်းနဲ့... အဲဒီဇွန်ဘီတွေက သေနေပြီလေ...ကိုယ့်ကိုယ့်ကို ဘုရားအလောင်းများ မှတ်နေလား..."
ဟွမ်ကျစ်ပင်း သည် လူအုပ်ထဲမှ ထွက်လာပြီး ယန်ဟန်အား ခါးခါးသီးသီး ပြောလိုက်သည်။
"ရှောင်ဟန်... အခု သမီးလုပ်နေပုံနဲ့ အဖေတို့လို ကျန်နေတဲ့ လူတွေကို ဘယ်လိုကယ်လို့ရမှာလဲ..."
"ဟွန့်... ကာကွယ်ဆေး အများကြီး ထုတ်လိုက်တာနဲ့ အဖေ ဖြစ်စေချင်သလို ဖြစ်သွားမှာမဟုတ်လား... ဇွန်ဘီတွေ ဖြစ်သွားတဲ့ သူတွေက လုံးဝသေသွားပြီ...ဟုတ်လား... ဒါက အဖေ R ဗိုင်းရပ်စ်ကို ထုတ်ခဲ့တဲ့ ရည်ရွယ်ချက် မဟုတ်ဘူးလား...."
"ရှောင်ဟန်..."
ဟွမ်ကျစ်ပင်း သည် ယန်ဟန် စကားကို ကြားလိုက်သောအခါ ထပ်ပြောရန် မဝံ့ရဲတော့ပေ။
စခန်းရှိလူများသည် ဓာတ်ခွဲခန်းတွင် အချိန်အတန်ကြာ စုရုံးနေကြသည်။ အချို့က ဟန်ခိုင် အနားတွင်ဝိုင်းနေကြပြီး အချို့က ယန်ဟန် အနားတွင် ရှိနေကြသော်လည်း သူတို့အားလုံး စောင့်နေရသည်မှာ အချည်းနှီ ဖြစ်သွားလေသည်။
လူစုကွဲသွားပြီးနောက် ဟန်ခိုင် နှင့် ယန်ဟန် တို့နှစ်ယောက်လုံး စကားမပြောဖြစ်ဘဲ ပြတင်းပေါက် အပြင်ဘက်ကို ကြောင်စိီစီကြည့်ကာ စမ်းသပ်စင်ရှေ့တွင် ထိုင်ကြသည်။ နှစ်ယောက်သား အချိန်အတော်ကြာ တိတ်ဆိတ်နေပြီး ဟန်ခိုင် က စကားစလိုက်သည်။
"ယန်ဟန်...မင်းခေါင်းမမာသင့်တော့ဘူး...လူတိုင်းအတွက် အချိန်သိပ်မကျန်တော့ဘူး... ပြောရမယ်ဆိုရင်... ဇွန်ဘီတွေ ဝိုင်းလာမှာလား... နောက်ဘာတွေ ဆက်ဖြစ်ဦးမလဲ...ဘာမှ ကြိုမသိနိုင်ဘူး.."
ယန်ဟန်က ခေါင်းငုံ့ကာ ဘာမှ မပြောပေ။ အချိန်အတော်ကြာပြီးမှ ဟန်ခိုင်ကို ပြန်ပြောလိုက်သည်။
“ဟန်ခိုင်...ရှင်နဲ့ ကျွန်မနဲ့က မတူဘူးလေ... ဇွန်ဘီဗိုင်းရပ် ဖြစ်လာတာဟာ ရှင်နဲ့မဆိုင်ဘူး...ရှင်က နစ်နာသူပဲဟာ...ကျွန်မကျတော့ မတူဘူး... ဗိုင်းရပ်စ်ကို ကျွန်မ ဖန်တီးထားတာ...ကျွန်မကြောင့် ယွင်ကျင့်မြို့ကြီး ဒီလိုဖြစ်လာတာ... ကမ္ဘာကြီးကလည်း ဒီလိုဖြစ်လာရတာ...ကျွန်မ တာဝန်ယူရမယ်လေ.. ဇွန်ဘီတွေကို ကုသနိုင်တဲ့ ကာကွယ်ဆေးကို တီထွင်ဖို့ပဲ ကျွန်မ တတ်နိုင်တယ်..."
ဟန်ခိုင် သည် ယန်ဟန် ကို မနှစ်သိမ့်တတ်တော့ပေ။ ယန်ဟန်ကို သူမ,မလုပ်ချင်သည့်အလုပ်ကို အတင်းအကျပ်လည်း မခိုင်းချင်ပေ။ ယန်ဟန်ကသာ ကာကွယ်ဆေးကို အမြောက်အမြားထုတ်လုပ်မည်ဟု ကတိပေးလိုက်ပါက ယွင်ကျင့်မြို့ရှိ ဇွန်ဘီများ လုံးဝသေဆုံးသွားမည် ဖြစ်သည်။ ထို့အတွက် သူမကိုယ်သူမ အပြစ်ရှိနေသလို ခံစားရပေလိမ့်မည်။ ထို့ကြောင့် သူက ယန်ဟန် ကို တိတ်တဆိတ်သာ ကြည့်နေလိုက်သည်။
နေဝင်ခါနီးတွင် ယန်ဟန် ရုတ်တရက် တွေးမိသွားပုံရပြီး ဟန်ခိုင် အား ပြောလိုက်သည်။
"ဟန်ခိုင်.. ကာကွယ်ဆေးတွေ အများကြီး ထုတ်ကြရအောင်..."
ဟန်ခိုင် သည် ထိုနေရာတွင် အချိန်အတော်ကြာ မတ်တပ်ရပ်နေရာမှ ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။ သူတို့နှစ်ဦးသည် မေ့ဆေးသေနတ်ဖြင့် မဟုတ်ဘဲ ကာကွယ်ဆေးကို အငွေ့ပုံစံ ဖြစ်အောင်ပြုလုပ်ကာ လေထဲသို့ ဖြန်းပက်ရန် ဆွေးနွေးခဲ့ကြသည်။
သူတို့နှစ်ဦး ကာကွယ်ဆေးအငွေ့ကို တစ်ပတ်အကြာတွင် ထုတ်နိုင်ခဲ့သည်။ အငွေ့ဖြန်းသည့် ညတွင် စခန်းရှိလူများ အားလုံး အိပ်မပျော်နိုင်ကြပေ။ နောက်နေ့ မနက်စောစောတွင် ယန်ဟန်သည် စခန်းမှထွက်လာပြီး ယွင်ကျင့်မြို့ထဲ လှည့်ပတ်ကြည့်လိုက်ရာ မြို့ကြီးသည် ခြောက်ကပ် တိတ်ဆိတ်နေသည်ကို တွေ့လိုက်ရသည်။
"ယွင်ကျင့်မြို့က ဇွန်ဘီတွေ သေပြီ...မင်း ဘာဆက်လုပ်ဖို့ စဥ်းစားထားလဲ..."
ဟန်ခိုင် က ယန်ဟန် စခန်းအပြင်ဘက်တွင် အချိန်အတော်ကြာ ရပ်နေသည်ကို တွေ့လိုက်သဖြင့် သူက ရောက်လာပြီး မေးလိုက်သည်။
"ကာကွယ်ဆေး ဖြန်းဖို့ နောက်မြို့ကို သွားရမှာပေါ့... ရှင်ကော ဘယ်လိုလဲ..."
"မင်းနဲ့လိုက်ခဲ့မယ်..."
ဟန်ခိုင် သည် ယန်ဟန်ကို တည်တည်တံ့တံ့ စိုက်ကြည့်လိုက်ပြီး ပြောလိုက်သည်။
ယန်ဟန်က ခေါင်းညိတ်ကာ တိုးတိုးလေးပြန်ဖြေလိုက်သည်။
"အိုကေ..."
Xxxxxxxxxx❤️ပြီးပါပြီ❤️xxxxxxxxxX
Story လေးပြီးဆုံးသွားပါပြီရှင် ...
Story လေးရဲ့နောက်မှာ Buy me coffee ဆိုတဲ့ chapters (အလွတ်)လေးတွေထည့်ထားပါတယ် ...
စာရေးသူရဲ့ ဘာသာပြန်ဆိုမှုကို စိတ်ကျေနပ်မှုရှိတယ်ဆိုရင် buy me coffee chapters လေးကိုဝယ်ပြီး support ပေးလို့ရပါတယ်ရှင် 💜
အားပေးဖတ်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် ...
See U AGAIN 😘