အပိုင်း ၂၀၁ ( Demon Sect Leader 3 )
Viewers 21k

မူလပိုင်ရှင်၏ ငရဲဘုံအံ့ဖွယ်သိုင်းကျမ်းသည် အဆင့်လေးအထိသာ ရောက်ရှိသေးပြီး သူ၏ အင်အားမှာ သူ့လက်အောက်ရှိ အရိပ်သက်တော်စောင့်များလောက် မကောင်းမွန်သည့်အပြင် အရိပ်သက်တော်စောင့်များဟာ ငယ်စဉ်ကတည်းက ပုန်းအောင်းရန် လေ့ကျင့်ခဲ့ကြပေသည်။ ယန်ကျင်းဇီသည် ခဏကြာသည်အထိ သူ့ကိုယ်ပိုင်အရိပ်သက်တော်စောင့်များ မည်သည့်နေရာတွင် ပုန်းနေမှန်း အမှန်တကယ် မသိပေ။


သို့သော် သူသိသည်၊ အရိပ်တစ်က အလေ့အကျင့်အတိုင်းသာ ပုန်း၏ — အချိန်အများစုတွင် အရိပ်တစ်က သူ့ဘေးတွင် ပုန်းနေပြီး သူ့ကို အနီးကပ် ကာကွယ်နေသည်။


“ အရိပ်တစ် ” ယန်ကျင်းဇီသည် ကူကယ်ရာမဲ့စွာ အော်ခေါ်လိုက်သည်။


အခန်း၏ ရက်မတန်းပေါ်မှ အရိပ်တစ်ခုသည် ကျဆင်းလာပြီး ယန်ကျင်းဇီရှေ့တွင် လေးစားစွာဖြင့် ဒူးနှစ်ဖက်စလုံး ထောက်လျက် ပေါ်လာသည်။


ယန်ကျင်းဇီသည် တစ်ကိုယ်လုံး မသက်မသာ ဖြစ်သွားရသည် — ပုံမှန်လူတွေဆိုရင် သူတို့သဘောကျတဲ့သူ သူ့ကို ဒူးထောက်နေတာကို မြင်ချင်မှာမဟုတ်ဘူး! 


“ မတ်တပ်ရပ်၊ အနာဂတ်မှာ မင်း ငါ့ကို ဒူးထောက်စရာ မလိုဘူး။ ” ယန်ကျင်းဇီ ပြောလိုက်သည်။ ထို့နောက် သူသည် အရိပ်တစ်က ထရပ်ပြီး သူ့ရှေ့တွင် ခေါင်းငုံ့လျက် မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရသည်။


“ မင်းရဲ့ခေါင်းကို မော့။ ” ယန်ကျင်းဇီ ထပ်ပြောလိုက်သည်။


အရိပ်တစ်က သူ့ခေါင်းကို မော့လာပြီး ယန်ကျင်းဇီကို ဗလာဖြစ်ကာ ထိုင်းမှိုင်းနေသော မျက်လုံးများဖြင့် ကြည့်လာသည်။


နေ့စဉ်နေ့တိုင်း အရိပ်သက်တော်စောင့်များသည် သူတို့၏ မျက်နှာများကို မျက်နှာဖုံးတပ်ထားကြပြီး သူတို့၏ အဝတ်အစားများ အားလုံးမှာလည်း အတူတူသာ ဖြစ်သည်။ ယခင်က မူလပိုင်ရှင်ဟာ သူ့လက်အောက်ရှိ အရိပ်သက်တော်စောင့်များကို မခွဲခြားနိုင်ခဲ့သည့်အပြင် သူက အရိပ်တစ်ကိုလည်း မ“သိ”ချေ။


မူလပိုင်ရှင်၏ မှတ်ဉာဏ်ထဲတွင် အရိပ်တစ်သည် အရိပ်သက်တော်စောင့်များ အားလုံးထဲတွင် အသန်မာဆုံး ဖြစ်ပြီး သူ့ကို ကိုယ်တိုင်ကိုယ်ကျ ကာကွယ်ရန်အတွက် တာဝန်ယူထားသူ ဖြစ်သည်။ သို့သော် သူသည် အရိပ်တစ်က မည်သည့်ပုံသဏ္ဍာန်ရှိမှန်း မသိရှာချေ။


ယခင်က ယန်ကျင်းဇီသည် အမြင်ဝေဝါးနေခဲ့ပြီး စိတ်လှုပ်ရှားနေသော အခြေအနေလည်း ဖြစ်နေခဲ့သည်။ သူသည် အရိပ်တစ်ကို မြင်မြင်ချင်း ချစ်မိသွားသော်ငြား ထိုသူ၏ မျက်နှာသွင်ပြင်ကို ကောင်းကောင်းမကြည့်ခဲ့ရပေ။


ဤအခိုက်အတန့်တွင် သူသည် သူ့ရှေ့ရှိ လူကို ရှင်းလင်းပြတ်သားစွာ တွေ့နိုင်သည်။


အရိပ်တစ်သည် မူလပိုင်ရှင်၏ဖခင် လေ့ကျင့်ပေးထားသော အရိပ်သက်တော်စောင့်များ၏ ပထမဆုံးအုပ်စုထဲမှ အတော်ဆုံး ဖြစ်သော်လည်း အသက်ပိုငယ်သော လူများထဲမှ ဖြစ်၏။ သူသည် မူလပိုင်ရှင်နှင့် အသက်အတူတူခန့်ပင် ဖြစ်ပြီး မူလပိုင်ရှင် သဘောကျသော လျိုကျိချင်းနှင့် ရုပ်ဆင်သည်။


လျိုကျိချင်း၏ ရုပ်သွင်ပြင်မှာ အလွန်အမင်း ချောမောလှပသည်။ မဟုတ်လျှင် မူလပိုင်ရှင်က သူ့ကို ထမင်းတစ်ပန်းကန် ပေးရုံနှင့် သဘောကျသွားခဲ့မည်မဟုတ်ပေ — မူလပိုင်ရှင်ကို စားစရာပေးသော လူက ထိုအချိန်တွင် ရုပ်ဆိုးသော သူစိမ်းတစ်ဦး ဖြစ်နေခဲ့ပါလျှင် မူလပိုင်ရှင်က ရွံပင်ရွံရှာနေလောက်မည်ဖြစ်သည်။


အရိပ်တစ်က လျိုကျိချင်းနှင့် ရုပ်ဆင်လေရာ သူ့ရုပ်သွင်ပြင်မှာ သဘာဝကျစွာပင် မဆိုးရွားချေ။ ထို့ကြောင့် နောက်ပိုင်းတွင် မူလပိုင်ရှင်က သူနှင့် ထပ်တလဲလဲ အိပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ယန်ကျင်းဇီ၏ အမြင်တွင်မူ အရိပ်တစ်က လျိုကျိချင်းနှင့် အများကြီး ကွဲပြားသည်။

လျိုကျိချင်း၏ ခန္ဓာကိုယ်တစ်ခုလုံးက အားနည်းနေသော်လည်း အရိပ်တစ်ကမူ ကွဲပြားပြီး အရပ်ရှည်ကာ ဖြောင့်တန်း၍ ချောမောသော မျက်ခုံးများကို ပိုင်ဆိုင်ထားသည်။

ကံမကောင်းစွာဖြင့် သူ့မျက်လုံးများမှာ ဗလာဖြစ်နေသည်။ 

သူ့ကြည့်ရသည်မှာ အခွံလွတ်တစ်ခုသာ ဖြစ်ပုံရသည်။ 

သေချာတာပေါ့၊ ယန်ကျင်းဇီသည် သူဟာ အမှန်တကယ်ပင် အခွံလွတ်တစ်ခုသာဟု မခံစားရပေ။


သူသည် လူသားတစ်ဦး ဖြစ်သည်။ နတ်ဆိုးဂိုဏ်းက ရက်စက်ကြမ်းကြုတ်သော နည်းလမ်းကို အသုံးပြု၍ သူ့အကျင့်စရိုက်ကို ဖိနှိပ်ထားလျှင်တောင်မှ လုံလောက်သော စိတ်ရှည်သည်းခံမှု ရှိသရွေ့ သူဟာ သေချာပေါက် ပြန်လည်ကောင်းမွန်လာမည်ပင်။

“ ငါနဲ့ အတူလာစား။ ” ယန်ကျင်းဇီသည် စားပွဲဘေးရှိထိုင်ခုံကို ညွှန်ပြလိုက်သည်။


အမြဲတစေ အမိန့်နာခံလေ့ရှိခဲ့သော အရိပ်တစ်သည် စားပွဲဘေးတွင် မတ်တပ်ရပ်ခဲ့သည်။


“ ထိုင်ပြီး စားပါ။ ” ယန်ကျင်းဇီက ထပ်ပြောလိုက်သည်။


အရိပ်တစ်သည် ထိုင်ချလိုက်ပြီး စားစရာကို ဗလာသက်သက် ငေးကြည့်နေသည်။


လူများကို စားစရာများ ပြင်ဆင်ခိုင်းစဉ်က ယန်ကျင်းဇီသည် ၎င်းတို့က ပေါ့ပါးသော အစားအစာများ ဖြစ်သင့်ကာ စားမည့်လူမှာ လူနှစ်ဦး ဖြစ်ကြောင်း ရှင်းပြရန် မေ့လျော့သွားခဲ့သည်။ သို့ရာတွင် စားစရာများမှာ လူနှစ်ဦးအတွက် ဖြစ်ကာ ၎င်းတို့အများစုမှာ အလွန်ပေါ့ပါးနေဆဲဖြစ်သည်။


ယန်ကျင်းဇီသည် ခဏတာ တွေးကြည့်ပြီးနောက် ဘာဖြစ်နေမှန်း နားလည်သွားသည်။


မူလပိုင်ရှင်က လျိုကျိချင်းကို ကြိုက်သည်။ ဤကိစ္စကို နတ်ဆိုးဂိုဏ်းတစ်ခုလုံးက သိကြသည်။ မူလပိုင်ရှင်က လျိုကျိချင်းကို ဆေးခတ်ခဲ့မှန်း လူတိုင်း သိထား၏။


အဘယ့်ကြောင့်ဆိုသော် မူလပိုင်ရှင်က မည်သူ့ကိုမှ လုံးဝ မဖုံးကွယ်ခဲ့ပေ။


ဤကိစ္စကြောင့်သာ မဟုတ်လျှင် လျိုကျိချင်း၏ ချစ်သူဖြစ်သူ ကျူးလျန်ယင်းက လျိုကျိချင်းနှင့် မူလပိုင်ရှင်၏ စားစရာကို လဲလှယ်ကာ နောက်ဆုံးတွင် မူလပိုင်ရှင်ကို ဆေးနှင့် ထိခိုက်စေခဲ့မည်မဟုတ်ချေ။


မူလပိုင်ရှင် အသုံးပြုခဲ့သော ဆေးမှာ အလွန်ပြင်းထန်သော နွေဦးဆေး ဖြစ်သည်။ ဆေးသောက်ပြီးနောက် အပြင်သို့ထုတ်ရန် ကျဆုံးခဲ့လျှင် သူ့ခန္ဓာကိုယ်က ပေါက်ကွဲကာ သူက သေဆုံးသွားမည်ပင်။


မူလပိုင်ရှင်သည် လျိုကျိချင်းကို ရရန် ဆုံးဖြတ်ပြီးဖြစ်သည်။ ဤအကြောင်းပြချက်ကြောင့် သူသည် သူ့ကို ကာကွယ်ရန်အတွက် သူ့အနားတွင် ပုန်းနေရမည့် အရိပ်သက်တော်စောင့်များကိုပင် မောင်းထုတ်ထားခဲ့သည်။ သို့သော် သူ မထင်ထားသည်မှာ သူ ဆေးစားမိမည်ကိုပင်။ နတ်ဆိုးဂိုဏ်း၏ အကူအညီကို ရထားလောက်သော ကျူးလျန်ယင်းက မူလပိုင်ရှင် ဆေးကြောင့် သတိမေ့လျော့နေစဉ်တွင်လည်း လျိုကျိချင်းကို ခေါ်သွားခဲ့သည်။ 


အမှန်တကယ်တော့ ကျူးလျန်ယင်း၏ ခွန်အားမှာ မူလပိုင်ရှင်ထက် ပိုမိုမြင့်မားသော်ငြား ပြင်ပလူများသည် နတ်ဆိုးဂိုဏ်း၏ သခင်လေး၊ မူလပိုင်ရှင်က ယခင်တစ်ယောက်လောက် မသန်မာမှန်းကိုသာ သိကြပြီး သူတို့သည် သတင်းအချက်အလက် အတိအကျကို မသိကြချေ။ မူလပိုင်ရှင်၏အနားတွင် ကြီးမားသော အရိပ်သက်တော်စောင့်များအုပ်စု ရှိနေသည်ကို မဆိုနှင့်…


ထိုကြောင့် ကျူးလျန်ယင်းသည် ထိုအချိန်တွင် မဆင်မခြင် မလှုပ်ရှားဘဲ လျိုကျိချင်းနှင့်သာ ထွက်သွားခဲ့သည်။


ကိစ္စများက အရမ်းမကြီးမားခဲ့သွားသောကြောင့် ဤအခိုက်အတန့်တွင် နတ်ဆိုးဂိုဏ်းသားများသည် လျိုကျိချင်းက မူလပိုင်ရှင်၏ အခန်းထဲတွင် အမှန်တကယ် မရှိတော့ကြောင်းကို မသိကြချေ။ 


ထိုအချိန်တွင် အရိပ်သက်တော်စောင့်များကသာ အခြေအနေကို ရှာဖွေတွေ့ရှိခဲ့သည်။ သို့သော် သူတို့သည် သခင့်၏အမိန့် မရှိဘဲ သခင့်ကို မထားခဲ့နိုင်သဖြင့် လိုက်မဖမ်းခဲ့ကြပေ။ အရိပ်တစ်က မူလပိုင်ရှင်၏ အခြေအနေကို သွားကြည့်သောအခါ သူ့ကို မူလပိုင်ရှင်က အိပ်ရာထဲသို့ ဆွဲသွင်းခဲ့သည်…


စားစရာအပိုများမှာ မီးဖိုချောင်မှ လျိုကျိချင်းအတွက် ပြင်ဆင်ပေးလိုက်ခြင်း ဖြစ်လိမ့်မည်။


ယန်ကျင်းဇီသည် အရိပ်တစ်အတွက် စားရန် သင့်တော်သော ဆန်ပြုတ်ကို အရိပ်တစ်၏ ရှေ့တွင် ချပေးကာ အရိပ်တစ်ကို နူးညံ့စွာ ကြည့်လိုက်သည် : “ စမ်းစားကြည့်။ ”


အရိပ်တစ်သည် သူ့သခင်ကို ကြည့်လိုက်မိသည်။ သူ့နှလုံးသားက ထပ်မံ၍ အနည်းငယ် ပြောင်းလဲနေပြန်ကာ ပိုပိုပြီး နှလုံးခုန်မြန်လာသည်ကို အမြဲခံစားနေရသည်။


အဘယ့်ကြောင့် သူက ဤကဲ့သို့ ဖြစ်နေမှန်း သူ မသိပေ။ ထို့ကြောင့် သူသည် ဆန်ပြုတ်ပန်းကန်ကို ယူကာ သူ့ပါးစပ်ထဲသို့ လောင်းထည့်လိုက်သည်။ 


ယန်ကျင်းဇီသည် လျင်မြန်သော မျက်လုံးများနှင့် လက်များဖြင့် ပန်းကန်လုံးကို အမြန်ဆွဲယူလိုက်သည် : “ နေဦး! ” ဆန်ပြုတ်က အငွေ့ထွက်နေတော့ နည်းနည်းပူနေသေးမှန်း သိသာတယ်။ ဘယ်လိုလုပ်ပြီး ဒါကို တိုက်ရိုက်ကြီး သောက်နိုင်ပါ့မလဲ?


ရလဒ်ကမူ ယန်ကျင်းဇီ ပန်းကန်လုံးယူလိုက်သည်နှင့်တပြိုင်နက် အရိပ်တစ်က ချက်ချင်း ဒူးထောက်လာသည် : “ သခင်၊ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ။ ” 


ယန်ကျင်းဇီသည် ဆန်ပြုတ်ပန်းကန်ကို ကိုင် ကာ ကူကယ်ရာမဲ့ ခံစားလိုက်ရသည်။ 


သူသည် အမှန်တကယ်ပင် အရိပ်တစ်အပေါ် ပိုမိုကောင်းပေးချင်ပြီး ပို၍ပင် အနည်းငယ် ထပ်ကောင်းပေးလျက် သူသည် အရိပ်တစ်ကို သာမန်လူတစ်ဦး ဖြစ်လာရန် သင်ကြားပေးချင်သည်။ သို့ရာတွင် ၎င်းကမလွယ်ကူချေ။ 


ဥပမာအားဖြင့် သူက အရိပ်တစ်ကို ချစ်သည်။ သို့သော် ယခု သူ ဖွင့်ပြောဝန်ခံလိုက်လျှင် အရိပ်တစ်က ၎င်းကို သေချာပေါက် လက်ခံလိမ့်မည်ဖြစ်သော်လည်း နှလုံးသားမှ လက်ခံသည်ဟု မဆိုနိုင်ချေ။ 


သူသည် အရိပ်တစ်ကို ဆန္ဒအလျောက် နမ်းနိုင်သည်။ သူသည် အရိပ်တစ်ကို သူနှင့် အိပ်ရာမျှဝေစေချင်ပြီး ၎င်းဟာ အမိန့်တစ်ခုတည်းသာ လိုအပ်သည်။ ဒါပေမယ့် ဒီလိုဆိုရင် အရိပ်တစ်က သူ့ကို တကယ် ကြိုက်ပါ့မလား?


သူသည် အရိပ်တစ်ကို လူတစ်ဦး ဖြစ်ရန် သင်ယူတတ်အောင် သင်ကြားပေးချင်သည်။ ဒါပေမယ့် ဘာလုပ်ရမလဲ? 


သူသည် အရိပ်တစ်၏ သခင် ဖြစ်ပြီး သူ အရိပ်တစ်ကို ပြောသမျှ စကားတိုင်းမှာ အရိပ်တစ်အတွက် အမိန့်တစ်ခုသာ ဖြစ်သည်။ ဒါကို ဘယ်လိုသင်ရမလဲ?!


“ ထတော့။ ငါ ပြောထားတယ်လေ၊ ‌အနာဂတ်မှာ ဒူးမထောက်နဲ့တော့။ ” ယန်ကျင်းဇီသည် လူကို ဆွဲမလိုက်သည်။ 


အရိပ်တစ်သည် ယန်ကျင်းဇီ၏ အင်အားနှင့်အတူ မတ်တပ်လိုက်ရပ်ကာ မသိတော့သလို အနည်းငယ် ခံစားနေရသည်။ 


ယနေ့ဖြစ်ပျက်သမျှ အရာအားလုံးမှာ သူ ထင်ထားသည်ထက် ကျော်လွန်နေသည်။ 


မနေ့ညတွင် သခင်က သူ့ကို “ထွက်သွား”ရန် ပြောခဲ့သော်လည်း သူက မထွက်သွားခဲ့ပေ။ အခြားသော အရိပ်သက်တော်စောင့်များမှာ ဝင်လာရန် ခွင့်ပြုမခံထားရဘဲ သူသည် သခင့်ကို ပွေ့ဖက်ရန်ပင် လက်ဦးမှုရယူခဲ့သည်… သူသည် အပြစ်ပေးခံရရန် သေချာပေါက် ထိုက်တန်သည်။ ရလဒ်ကမူ သခင်က သူ့ကို အပြစ်မပေးရုံတင်သာမက သူ့ကို ဆေးလည်း လူးပေးခဲ့၏။


ထိုအချိန်တွင် သူသည် သူ အဆိပ်မိနေပြီး ထင်ယောင်ထင်မှားဖြစ်နေသည်ဟု သံသယဝင်မိသည်။ 


စားစရာလာပို့သူ ရောက်ရှိလာသောအခါ သူသည် အသိဝင်လာကာ သူ ပုံမှန်နေနေကြ နေရာသို့ ချက်ချင်း သွားခဲ့ကာ ယခင်ဖြစ်ရပ်များကို တိတ်တဆိတ် သတိရနေခဲ့သည် — သခင်က သူ့ကို ဖက်ခဲ့၏။


သူ့သခင် သူ့ကို ဖက်သောအခါ သူ သဘောကျသည်။ 


ဤအရာအားလုံးမှာ သူ့အတွက် အိမ်မက်နှင့် တူသည်။ သူ သူ့ကိုယ်သူ စက်ဆုပ်ရွံရှာမိသည် — သူ ဘာလို့ အမိန့်မနာခံနိုင်ရတာလဲ? ဘယ်လိုလုပ် သခင်က သူ့ကို ဆေးလူးပေးနိုင်ရတာလဲ?


သူက ကြိမ်ဒဏ်ပေးခံရသင့်သော်ငြား သခင်က သူ့ကို ဘယ်သူ့ထံတွင်မှ အရိုက်မခံခိုင်းခဲ့ချေ။ ထို့အပြင် သခင်က သူ့ကို ဆန်ပြုတ်သောက်ရန် ဖိတ်ခေါ်ခဲ့သည်။


သူ့တစ်ကိုယ်လုံး မမှန်ကန်ဟု သူ ခံစားရပြီး ဆန်ပြုတ်တစ်ပန်းကန်လုံးကို သောက်ရန် သူ မစောင့်နိုင်တော့သော်လည်း သခင်က သူ့ကို ရုတ်တရက်ကြီး ဆန်ပြုတ်မသောက်ရန် တားမြစ်ခဲ့သည်။ သူ တစ်ခုခုအမှားလုပ်မိလို့လား? 


သခင်က သူ့ကို မောင်းမထုတ်ရန် သူ မျှော်လင့်သည်… 


သူ သခင့်ကို ဘယ်လိုတောင်းပန်ရမလဲ?


ယန်ကျင်းဇီသည် သူ့ကို ဆန်ပြုတ်ထပ်ပေးကာ ပြောလိုက်သည် : “ ဆန်ပြုတ်က ပူလွန်းတယ်။ ဖြေးဖြေးသောက်ပါ။ ”


အရိပ်တစ်သည် ဆန်ပြုတ်ကို ယူကာ ပန်းကန်လုံးကို လက်နှစ်ဖက်ဖြင့် ကိုင်ထားပြီး ဖြေးဖြေးချင်း စုပ်သောက်ခဲ့သည်။ အချိန်အကြာကြီး သောက်ပြီးနောက် သူသည် ပန်းကန်လုံး၏ သုံးပုံတစ်ပုံကို သောက်လိုက်သည်။ 


“ မင်း အခြားတစ်ခုခု စားဦးမလား? ” ယန်ကျင်းဇီသည် အရိပ်တစ်ကို တူတစ်စုံ ကမ်းပေးလိုက်သည်။ 


အရိပ်တစ်သည် တူများကို လက်ခံကာ တူများကို လက်နှစ်ဖက်နှင့် ဦးစွာကိုင်ထားပြီးနောက် ယန်ကျင်းဇီကို ကြည့်ကာ တူများကို သေချာကိုင်လိုက်၏။ 


အရိပ်သက်တော်စောင့်များသည် တူကို မသုံးဘဲ စားကြသည်။ သူသည် သူ့လက်နှစ်ဖက်စလုံးကို အသုံးပြုသည်။ သူသည် ယခင်က တူများကို ကောင်းစွာ အသုံးမပြုခဲ့ဖူးသော်ငြား ကံကောင်းစွာဖြင့် ၎င်းကို သူ သင်ယူနိုင်သည်။ 


သို့သော် သူသည် သူ ဘာစားနိုင်မှန်းကို မသိပေ။ 

“ မင်း ပုံမှန်ဆိုရင် ဘာစားလဲ? ” ယန်ကျင်းဇီက ပြုံးကာ မေးသည်။ 


အရိပ်တစ်သည် ပါးစပ်ဖွင့်လိုက်ပြီး ဘာပြောရမည်မှန်း မသိပေ။ သူ့မသိစိတ်မှ အလိုလို ဒူးထောက်ချမိသောအခါ သူသည် ယန်ကျင်းဇီက သူ့ကို ဒူးထောက်ရန် ခွင့်မပြုထားသည်ကို မှတ်မိသွားသည်။ သူသည် ဒူးကွေးလျက်သားဖြင့် တောင့်တင်းသွားသည်။ 


ယန်ကျင်းဇီသည် မူလပိုင်ရှင်၏ မှတ်ဉာဏ်ထဲ မှ အရိပ်သက်တော်စောင့်များ၏ စားစရာကို ရုတ်တရက် သတိရသွားသည်။ 


၎င်းမှာ ရှုပ်ထွေးပေပွနေသော ပစ္စည်းများကို အတူတကွ ချက်ပြုတ်ထားခြင်းသာ ဖြစ်ပြီး ဆားအနည်းငယ် ထည့်ထားသည်။ ပုံပန်းသွင်ပြင်မှာ ဝက်စာနှင့် ဘာမှမကွဲပြားချေ။ ဤလူများက ၎င်းကို လုယူကာ စားနေဆဲဖြစ်သည်…


ယန်ကျင်းဇီသည် သူ့မျက်နှာကို သူ့လက်များနှင့် အုပ်လိုက်သည်။ 


ဤအခါ သူသည် သူ့လက်ပေါ်မှ မျက်နှာဖုံးနှင့် ထိတွေ့မိသည်။ 


ယန်ကျင်းဇီ၏ စိတ်ထဲတွင် အတွေးတစ်ခု ရုတ်တရက် ပေါ်လာသည်။ ယန်ကျင်းဇီသည် သူ၏ အရိပ်သက်တော်စောင့်ကို ချက်ချင်း ကြည့်လိုက်သည် : “ အရိပ်တစ်၊ မင်း ထိုင်လိုက်။ ”


အရိပ်တစ်သည် ယန်ကျင်းဇီ၏ရှေ့တွင် ထိုင်လိုက်သည်။ သူသည် လှုပ်ရှားမှုကင်းမဲ့ကာ သူ့ကျောကုန်းမှာ ဖြောင့်တန်းနေသည်။ သို့ရာတွင် သူသည် သူ အဆင်မပြေဖြစ်နေသည်ဟု လူအများကို နားမလည်နိုင်စွာ ခံစားချက်ပေးစွမ်းနေ၏။


ယန်ကျင်းဇီသည် သူ့ကို အလေးအနက် ကြည့်ကာ သူ့မျက်နှာပေါ်ရှိ မျက်နှာဖုံးကို ချွတ်လိုက်သည် : “ အရိပ်တစ်၊ ငါ့မှာ မင်းရဲ့အကူအညီကို လိုတဲ့ ကိစ္စတစ်ခု ရှိတယ်။ “


“ သခင်… ” အရိပ်တစ် ယန်ကျင်းဇီကို ကြည့်လိုက်၏။


ယန်ကျင်းဇီက ပြောသည် : “ မနေ့က ငါသောက်ခဲ့တဲ့ ဆေးထဲမှာ ချီပျက်ပြားစေတဲ့ ဆေးအစွမ်းတွေ ပါတယ်။ အခု ငါ့ရဲ့အတွင်းအားက ဖြည်းဖြည်းချင်း လျော့နည်းနေပြီ။ အနာဂတ်မှာ ငါ သာမန်လူတစ်ယောက် ဖြစ်လာမှာကို ငါ စိုးရိမ်မိတယ်။ ”


အရိပ်တစ် ချက်ချင်း မတ်တပ်ထရပ်မိသည် : “ သခင်! ” အကယ်၍ သူ့သခင်သာ သူ့ရဲ့ အတွင်းအားကို ဆုံးရှုံးသွားရင်... အရိပ်တစ် သည် သူ့ခန္ဓာကိုယ်ထဲတွင် ကြမ်းတမ်းစွာ ပြေးလွှားနေသော မရင်းနှီးသည့် ခံစားချက်တစ်ခု ရှိနေသည်ကို ခံစားမိသည်။ 


သူ့သခင် ဘာမှမဖြစ်ရဘူး! သူ သူ့ကို ကာကွယ်ရမယ်!


“ ဒီကိစ္စကို အပြင်လူ သိလို့မဖြစ်ဘူး။ ” ယန်ကျင်းဇီ ပြောလိုက်သည်။


“ ဟုတ်ကဲ့ပါ သခင် ” အရိပ်တစ်၏ မျက်လုံးထဲတွင် အေးစက်နေသော အလင်းရောင်တစ်ခု ဖြတ်သန်းသွားသည်။ ဒီကိစ္စကို အပြင်လူတွေ သိလို့မဖြစ်ဘူး။ သူ သိတဲ့လူမှန်သမျှကို သတ်ပစ်မယ်!

“ ဆိုတော့ နောက်တစ်ခုက မင်း ငါ့အစား ဟန်ဆောင်ပေးရမယ်။ ” ယန်ကျင်းဇီသည် စကားပြောပြီးနောက် သူ့လက်ထဲရှိ မျက်နှာဖုံးကို အရိပ်တစ်၏ မျက်နှာပေါ်သို့ တင်လိုက်သည် : “ အခုချိန်ကစပြီး မင်းက နတ်ဆိုးဂိုဏ်းရဲ့ သခင် ဖြစ်လိမ့်မယ်။ “


အရိပ်တစ်၏ တစ်ကိုယ်လုံး အေးခဲသွားသည်။ 


ယန်ကျင်းဇီက ဆက်ပြောသည် : “ သိုင်းလောကထဲက ဖြောင့်မတ်မှန်ကန်တယ်လို့ ကြွေးကြော်နေတဲ့ လူတွေက ငါ့ကို သတ်ချင်နေကြတယ်။ ငါတို့အနားမှာ ဝံပုလွေရည်မှန်းချက်တွေ ရှိနေတဲ့ နတ်ဆိုးဂိုဏ်းထဲက လူတစ်စုလည်း ရှိသေးတယ်.. ငါ့မှာ သိုင်းပညာစွမ်းရည်တွေ မရှိတော့ဘူး ဆိုတာကို မင်း အဲ့လူတွေကို သိခွင့်ပေးလို့မဖြစ်ဘူး။ ဒါကြောင့် မင်း ငါ့အစား ဟန်ဆောင်ပြီး နတ်ဆိုးဂိုဏ်းခေါင်းဆောင် လုပ်ပေးရမယ်။ ”


“ သခင်.. ” အရိပ်တစ်သည် ယန်ကျင်းဇီကို ကြည့်လိုက်သည်။ သူက သခင်အဖြစ် ဟန်ဆောင်တယ်ဆိုရင် သခင်ကရော ဘယ်လိုလုပ်မလဲ?


ယန်ကျင်းဇီက အနည်းငယ် ပြုံးလိုက်၏ : “ ဒီနေ့ကစပြီး ငါက နတ်ဆိုးဂိုဏ်းခေါင်းဆောင်ရဲ့ အချစ်ဆုံးချစ်သူလေးပဲ။ ”


သူ့တွင် မူလပိုင်ရှင်၏ မှတ်ဉာဏ် ရှိပြီး သဘာဝကျစွာပင် မူလပိုင်ရှင်၏ ရုပ်ရည်ကို သိထားသည်။ 


ယခုချိန်မှစ၍ သူသည် နတ်ဆိုးဂိုဏ်းခေါင်းဆောင်၏ ချစ်သူငယ်လေး လုပ်မည်။


အရိပ်တစ်ကို သူ့ကိုယ်စား ဟန်ဆောင်ခိုင်းထားကာ သူသည် အရိပ်တစ်ကို သက်ဆိုင်ရာ ဗဟုသုတများအား ပွင့်ပွင့်လင်းလင်း သင်ကြားပေးနိုင်ပြီး သူတို့၏ အဆင့်အတန်းမှာလည်း ယခင်ကထက်စာလျှင် တူညီသွားနိုင်သည်။  


“ သခင်… ”


“ ငါ့ကို သခင်လို့ မခေါ်နဲ့။ ငါက ယန်ကျင်းဇီ။ ” မူလပိုင်ရှင်၏ နာမည်ကို ဘယ်သူမှ မသိကြဘဲ ယခု ထုတ်ပြောသည်မှာ အဆင်ပြေသည်။ 


အရိပ်တစ်က သူ့ပါးစပ်ကို ပိတ်ကာ ဘာမှမပြောပေ။


ယန်ကျင်းဇီက ဆက်ပြောသည် : “ မင်း ငါ့အစားထိုး ဖြစ်ချင်တယ်ဆိုရင် မင်း ကောင်းကောင်းလုပ်ရမယ်… ငါ့ကို ကျင်းဇီလို့ခေါ်။ ” 


“ ကျင်းဇီ ” အရိပ်တစ် ပြောလိုက်သည်။ ထိုအခိုက်အတန့်တွင် သူသည် တစ်ခုခုကွဲပြားသွားသည်ကို ခံစားလိုက်ရသည်။ 


သူသည် စိတ်မထိန်းနိုင်ဘဲ ထိတ်လန့်မိသည်။ သူသည် သူ့သခင်၏ မျက်နှာကို အနီးကပ် စိုက်ကြည့်မိကာ သူ တစ်ခုခုအမှားလုပ်မိပြီဟု အမြဲခံစားနေရသည်။ 


သူသည် ကြိမ်ဒဏ်ခံ၍ အပြစ်ပေးခံရရန် လက်ဦးမှုရယူသင့်သည်။ 


သို့သော် သူ့သခင်တွင် ယခု မတော်တဆဖြစ်ထားပြီး သူက ပြဿနာထပ်မရှာသင့်ပေ။


“ ဟုတ်တယ်၊ ဒါပဲ။ ” ယန်ကျင်းဇီက ဆက်ပြောသည် : “ မင်းမှာလည်း နာမည်ရှိသင့်တယ်... မင်း ဘာလို့ အခေါ်ခံချင်လဲ? ”


အရိပ်တစ်သည် သူ့ပါးစပ်ကို ဖွင့်လိုက်သော်ငြား ဘာမှမပြောနိုင်ပေ။ 


ယန်ကျင်းဇီသည် သူ့ကို ကြည့်ကာ သူ့စိတ်နှလုံးထဲတွင် စကားလုံးတစ်လုံးက နားမလည်နိုင်စွာ ပေါ်လာခဲ့သည် : “ မင်းလည်း ငါ့မျိုးရိုးနာမည်ကိုပဲ ယူပြီးတော့ ယန်ရှိူ့လို့ ခေါ်တာ ကောင်းမယ်။ ”


အရိပ်တစ် ချက်ချင်းဒူးထောက်လိုက်သည် : “ ကျေးဇူးတင်ပါတယ်၊ သခင်၊ နာမည်အတွက်။ ”


သို့သော် သူ ဒူးမထောက်ရသေးခင် သူ့ကို ယန်ကျင်းဇီက ကိုင်ထားပြီးဖြစ်သည်။ ယန်ကျင်းဇီက သူ့ကို အလေးအနက် ကြည့်သည် : “ မင်းက ငါ့ရဲ့အစားထိုး ဖြစ်တော့မယ်ဆိုတော့ မင်း လုံလုံလောက်လောက် ဆင်တူအောင် သရုပ်ဆောင်ရမယ်၊ နားလည်လား? မင်း ဒူးမထောက်ရဘူး! “


အရိပ်တစ် : “ ဟုတ်ကဲ့ပါ! သခင်! ”


ယန်ကျင်းဇီသည် အနည်းငယ် ဖြားယောင်းစွာဖြင့် ‌ပြုံးလိုက်သည် : “ ငါ့ကို ကျင်းဇီလို့ခေါ် ”


“ ကျင်းဇီ ” အရိပ်တစ်သည် ယန်ကျင်းဇီကို တွေ့သောအခါ သူ့ခန္ဓာကိုယ် ပျော့ပြောင်းနေသည်ကိုသာ သူ ခံစားလိုက်ရသည်။ 


သူ နေမကောင်းဖြစ်နေတာလား?


“ အားရှိူ့၊ မင်း အရမ်းတော်တယ်။ ” ယန်ကျင်းဇီသည် ရှေ့တိုးကာ အရိပ်တစ်၏ မျက်နှာဖုံးအောက်မှ မေးစေ့ကို နမ်းလိုက်သည်။ သူသည် ဤလူကို ဤကဲ့သို့နမ်းချ

င်သည်မှာ ကြာပြီဖြစ်သည်။ သို့သော် ယခင်က… သူသည် သူ့ချစ်ရသူကို ဖိအားပေးနေသကဲ့သို့ ခံစားခဲ့ရသည်။  


အရိပ်တစ်သည် တစ်ကိုယ်လုံး တုန်ယင်သွားကာ သူ့နှလုံးခုန်သံမှာ အရမ်းမြန်လာသည်။


သူ့တွင် တကယ်ပင် ပြဿနာရှိနေ၏။


____