အပိုင်း ၂၀၂ ( Demon Sect Leader 4 )
Viewers 25k

“ အားရှိူ့၊ မင်း ဘာစားရတာ ကြိုက်လဲ? ” ယန်ကျင်းဇီသည် ပြုံးကာ ယခုလေးတင် ယန်ရှိူ့ဟု အမည်ပေးခံခဲ့ရသော အရိပ်တစ်ကို ကြည့်လိုက်သည်။


ယန်ရှိူ့က သူ ပိုင်သော မျက်နှာဖုံးကို တပ်ဆင်ထားပြီး မျက်နှာကို မမြင်ရသော်ငြား ယန်ရှိူ့ဟာ သိသာထင်ရှားစွာ အနည်းငယ် တောင့်တင်းနေသည်။ သူက ပါးစပ်ဖွင့်ကာ ဘာမှမပြောချေ။


ယန်ကျင်းဇီက ဆက်ပြောသည် : “ အားရှိူ့၊ မင်းက အခု ခေါင်းဆောင်ပဲ။ မင်း အတတ်နိုင်ဆုံး သဘာဝကျအောင် နေသင့်တယ်။ မင်း သဘောကျတာ၊ လိုချင်တာ ရှိရင် မင်းရဲ့လက်အောက်ငယ်သားတွေကို တိုက်ရိုက်ပြောပြီး သူတို့ကို မင်းအတွက် ပြင်ဆင်ခိုင်းနိုင်တယ်။ ” 


ယန်ရှိူ့သည် စကားမပြောသေးပေ။ သူသည် ဘာပြောရမည်မှန်း မသိချေ။ 


သူ လိုချင်သောအရာလည်း မရှိ။


သခင်က လုံခြုံနိုင်သရွေ့၊ သခင်က သူ့ကို အကြိမ်အနည်းငယ် ပိုကြည့်ရန် ဆန္ဒရှိသရွေ့ သူသည် သူ့တွင် အင်အားများ ပြည့်ဝနေသည်ဟု ခံစားရပြီး ထို့အပြင် သူက သခင့်ကို ကြည့်နိုင်နေသရွေ့ သူ စိတ်ကျေနပ်သည်။


ယခု သူ့သခင်က သူ့အနားတွင် ရှိနေပြီး သခင့်၏မျက်လုံးထဲတွင် သူတစ်ဦးတည်းသာ ရှိနေသည်။ 


ယန်ရှိူ့သည် စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေသည်။


“ မင်း ဘာစားရတာ ကြိုက်လဲ? ” ယန်ကျင်းဇီက ထပ်မေးပြန်သည်။


စဉ်းစားပြီးနောက် ယန်ရှိူ့က နောက်ဆုံးတွင် ဖြေခဲ့သည် : “ ဆန်ပြုတ် ” အစောက သခင် သူ့ကို ပေးခဲ့သော ဆန်ပြုတ်မှာ သူ့ဘဝတွင် သူ စားခဲ့ဖူးသမျှထဲ၌ အကောင်းဆုံးအရာ ဖြစ်သည်။


ယနေ့မတိုင်မီ သူ စားခဲ့ဖူးသော အကောင်းဆုံးအရာမှာ သခင် သူ့ကို ကျွေးဖူးသော အသားတစ်ပိုင်း ဖြစ်သည်။


ထိုအချိန်တွင် သူသည် ငယ်ရွယ်သေးကာ စားပွဲခန့်သာ အရပ်မြင့်သည်။ တစ်နေ့တွင် သူသည် သူတို့ကို သင်ကြားပေးသော လူများ၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။ သူသည် အလွန်ဆိုးဆိုးရွားရွား ရိုက်နှက်ခံခဲ့ရပြီး သူ သေတော့မည်ဟုပင် သူ ခံစားခဲ့ရသည်။ ထိုအခိုက်အတန့်တွင် သခင် ရောက်လာခဲ့သည်။ 


အခြားကလေးများနှင့်အတူ သူ့ကို အပြင်ခေါ်ထုတ်လာခဲ့၏။ သူတို့သည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ သခင့်ကို ပထမဆုံးအကြိမ် တွေ့ခဲ့ရသည်။ 


ထိုအချိန်တွင် သခင်ဟာ အထူးလှပသော အရုပ်ငယ်လေး ဖြစ်ပြီး ပန်းရောင်သန်း၍ အသားပြည့်ပြည့်ဝဝ ရှိကာ သူတို့နှင့် အသက်အတူတူခန့်ပင် ဖြစ်သော်ငြား သခင်က ကောင်းကင်ယံရှိ တိမ်ဖြူများနှင့် တူပြီး သန့်ရှင်းဖြူစင်ကာ အမြင့်တွင် ရှိနေခဲ့သည်။


ယင်းကား သူ့သခင် ဖြစ်သည်။ 


သူသည် သခင့်ကို တစ်ခါကြည့်မိရုံနှင့် ချစ်မိသွားခဲ့ပြီး ပန်းကန်ပြားကို ကိုင်ထားသော သခင်က သူတို့ကို အသားတစ်ပိုင်းစီ ပေးခဲ့သည်။


၎င်းမှာ ယခင်က သူ စားခဲ့ဖူးသမျှထဲတွင် အကောင်းဆုံးအရာ ဖြစ်ခဲ့၏။ 


အစွမ်းထက်ဆုံးသူကသာ အရိပ်သက်တော်စောင့်တစ်ဦး ဖြစ်လာနိုင်ပြီး သခင်နှင့် နေနိုင်သည်… ထို့နောက်တွင် သူသည် ဆက်တိုက်အလုပ်ကြိုးစားခဲ့သည်။ 


သူသည် ပိုပိုပြီးလည်း သန်မာလာခဲ့ပြီး နောက်ပိုင်း၌ သခင်လာသည့် အကြိမ်တိုင်းတွင် သူဟာ သူ့ကို မြင်တွေ့ရသည့် ပထမဆုံးလူ ဖြစ်လာခဲ့၏။


ကံမကောင်းစွာဖြင့် သခင်က သူတို့ကို ကြည့်ချိန်တွင် အမြဲတမ်း စိတ်မရှည်ဖြစ်နေခဲ့ပြီး သူတို့ကို ကြည့်ပင် မကြည့်ချင်ခဲ့ချေ။


သို့သော် ၎င်းက အရေးမကြီးပေ။ သူက သူ့သခင်ကို ကြည့်နိုင်သည်။


သူသည် အရိပ်တစ် ဖြစ်သည်။ သူသည် သူ့သခင်ကို အနီးကပ် ကာကွယ်နိုင်ပြီး သူ့နောက်ကို လိုက်နိုင်ကာ သူ့ကို တစ်ချိန်လုံး မြင်တွေ့နိုင်၏။


ဤသည်မှာ သူ သေခြင်းတရားနှင့် တိုက်ခိုက်ပြီး ရရှိလာခဲ့ခြင်းဖြစ်သည်။

 

“ မင်း ကြိုက်ရင် ဆန်ပြုတ်သောက်ပါ။ မင်း ကြိုက်တာမှန်သမျှ စားလို့ရတယ်။ ဒါပေမယ့် မင်း အများကြီး မစားနဲ့၊ မဟုတ်ရင် မင်း ဗိုက်နာနေလိမ့်မယ်။ မင်း မင်းရဲ့ခန္ဓာကိုယ်ကို သေချာဂရုစိုက်ရမယ်။ ဘာလို့လဲဆိုတော့ မင်း တစ်ခုခုဖြစ်ရင် ငါ ဘာလုပ်ရမလဲ? “ ယန်ကျင်းဇီသည် သူ၏ အနှစ်သက်ရဆုံးလူကို ကြည့်ကာ ချိုမြိန်စွာ ပြောခဲ့သည်။ 


အမှန်ပင်၊ ချိုမြိန်စွာ။


မူလပိုင်ရှင်တွင် ကလေးမျက်နှာ ရှိပြီး သူ ပြုံးလိုက်သရွေ့ သူက အလွန်ချိုမြိန်ပုံပေါ်လိမ့်မည်။


သေချာတာပေါ့၊ မူလပိုင်ရှင်က မပြုံးချေ။ သို့သော် သူကတော့ ကွဲပြားသည်။ သူသည် ပြုံးရသည်ကို အလွန်နှစ်သက်သည်။ 


ယန်ရှိူ့သည် သူ့နှလုံးခုန်သံက မြန်သထက် မြန်မြန်လာသည်ကို ခံစားလိုက်ရသောကြောင့် ဆန်ပြုတ်ပန်းကန်ကို ကောက်ယူပြီး တစ်လုတ်တည်းဖြင့် သောက်ချလိုက်သည်။ 


ဆန်ပြုတ်အေးနေသည်မှာ အချိန်ကြာပြီဖြစ်သဖြင့် ယန်ကျင်းဇီသည် သူ့ကို ဆန်ပြုတ်သောက်နေသည်အား မတားမြစ်ခဲ့ပေ။ သူသောက်ပြီးပြီကို တွေ့ရသောအခါ သူသည် ရှေ့တိုးကာ သူ့ကို နမ်းလိုက်သည် : “ မင်း တခြားဟင်းတွေကိုရော စားကြည့်ချင်လား? မင်း တူသုံးနည်းကိုလည်း သင်ဖို့လိုတယ်။ ”


“ သခင်… ” ယန်ရှိူ့ ထပ်အနမ်းခံလိုက်ရပြန်သည်။ ဤအခါတွင်တော့ သူသည် သူ့ခန္ဓာကိုယ်တစ်ခုလုံး စိတ်လှုပ်ရှားမှုကြောင့် နိုးကြားလာသည်ကို ခံစားမိပြီး တစ်ခုခုမှားနေပြီဟု သူ ခံစားလိုက်ရသည်။ 


သူသည် အလွန်ညစ်ပတ်သောကြောင့် ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ သူ့သခင်၏ ခြေထောက်ကို နမ်းခြင်းနှင့်သာ ထိုက်တန်သည်။ ဘယ်လိုလုပ် သခင်က သူ့ကို နမ်းနိုင်ရတာလဲ? 


“ ငါ့ကို ကျင်းဇီလို့ခေါ်။ ” ယန်ကျင်းဇီ ဆက်ပြောလိုက်သည် : “ မင်း ငါတို့ နေထိုင်ဆက်ဆံတဲ့ပုံစံကို အသားကျမှရမယ်! မင်း အသားမကျနိုင်ဘူးဆိုရင် နောင်ကျ မင်းကိုယ်မင်း ထုတ်ပြမိပြီး တစ်ယောက်ယောက် ငါ့ကို လာသတ်ရင် ဘယ်လိုလုပ်မလဲ? ဘယ်သူမဆို အခု ငါ့ကို သတ်နိုင်နေပြီ။ ”


“ ကျင်းဇီ ” ယန်ရှိူ့က အလျင်စလို ဆက်ပြောသည် : “ သခင်… ကျင်းဇီက မတော်တဆဖြစ်မှာ မဟုတ်ပါဘူး။ ဒီလက်အောက်ငယ်သားက ကျင်းဇီကို ကာကွယ်ဖို့ အသက်နဲ့ရင်းပြီး တိုက်ခိုက်ပါ့မယ်။ ” 


“ မင်းကိုယ်မင်း ခေါ်ရင် ‘ငါ’ လို့ သုံးရမယ်။ ” ယန်ကျင်းဇီက သူ့ကို သင်ပေးသည်။


ယန်ကျင်းဇီသည် ယန်ရှိူ့ကို ဖြည်းညှင်းစွာ စကားပြောခဲ့ပြီး နောက်ဆုံးတွင်တော့ ယန်ရှိူ့က အနည်းငယ် ပိုမိုသဘာဝဆန်လာခဲ့သည်။ သို့သော် ယန်ကျင်းဇီသည် ဤအရိပ်သက်တော်စောင့်များတွင် ကြီးမားသော ပြဿနာတစ်ခု ရှိနေကြောင်းကိုလည်း ရှာတွေ့ခဲ့သည်။ 


ယန်ရှိူ့က စကားကို ကောင်းမွန်စွာ ပြည့်ပြည့်စုံစုံပင် မပြောနိုင်ပေ။


အရိပ်သက်တော်စောင့်များကို လေ့ကျင့်ပေးနေစဉ်တွင် သူတို့ဟာ အချင်းချင်း စကားပြောဆိုခွင့် မရှိဘဲ သူတို့ကို သင်ကြားပြသပေးသူများကလည်း သူတို့ကို စကားအများအပြား ပြောခွင့်မပေးထားချေ။ အချိန်ကြာလာသောအခါ “သခင်” နှင့်ပတ်သက်သော ရိုးရှင်းသည့် စကားလုံးများမှလွဲ၍ သူတို့သည် အခြားအရာများကို မပြောနိုင်ကြတော့ပေ။


သို့သော် ၎င်းမှာ နားထောင်လျှင်တော့ နားလည်နိုင်သေးသည်။


“ ယန်ရှိူ့၊ မင်း တခြားအရိပ်သက်တော်စောင့် တွေကို ခေါ်လိုက်။ မင်းတို့အားလုံး ငါ့ရဲ့ သိုင်းပညာတွေ ပျက်စီးသွားပြီ ဆိုတာကို သိသင့်တယ်။ ” ယန်ကျင်းဇီ ပြောလိုက်သည်။


သူနှင့်ယန်ရှိူ့တို့သည် ပုဂ္ဂိုလ်အထောက်အထားများကို လဲလှယ်ထားခဲ့ပြီး နတ်ဆိုးဂိုဏ်းက ၎င်းကို မမြင်တွေ့နိုင်လောက်ချေ။ အဆုံး၌မူ မူလပိုင်ရှင်က ခေါင်းဆောင်အဖြစ် တာဝန်မယူမီတွင် ဂိုဏ်းရှေ့တွင် ပေါ်လာခဲသောကြောင့်ပင်။ ခေါင်းဆောင်ဖြစ်လာပြီးနောက် သူက လျိုကျိချင်းကို ပိုးပန်းခြင်းနှင့် အလုပ်များနေကာ ဂိုဏ်း၏ အတွင်းရေးကိစ္စများကို ဂရုမစိုက်ဘဲ မျက်နှာဖုံးတစ်ခုကိုလည်း အမြဲဝတ်ဆင်ထားခဲ့သည်။ 


သို့သော် ထိုအရိပ်သက်တော်စောင့်များကတော့ သူ့ကို သေချာပေါက် အသိအမှတ်ပြုနိုင်သည်။ 


အဘယ့်ကြောင့်ဆိုသော် သူတို့က သူ့နောက်မှ အလှည့်ကျလိုက်နေခဲ့ကြသောကြောင့် ဖြစ်သည်။ အရိပ်သက်တော်စောင့်များတွင် သူ့ကို မှတ်မိနိုင်သော သီးသန့်နည်းလမ်းတစ်ခု ရှိပုံရသည်။ 


ဤသို့ဆိုလျှင် လူများကို ခေါ်ကာ ရှင်းပြချက်တစ်ခုခု ပေးထားလိုက်ရုံပင်။


ထို့အပြင်… သူ ယန်ရှိူ့ကို သနားသည်။ သူသည် ယန်ရှိူ့ကို ကိုယ်ပိုင်ခံစားချက် ရှိစေချင်ပြီး အခြားသော အရိပ်သက်တော်စောင့်များအတွက်လည်း အတူတူပင် ဖြစ်သည်။


မူလပိုင်ရှင်သည် ဤလူများကို အပြစ်ပြုခဲ့သည်။ ဖြစ်နိုင်လျှင် သူသည် သူတို့ကို ပုံမှန်ဘဝတစ်ခုတွင် နေထိုင်နိုင်သည်အထိ သင်ကြားပေးချင်သည်။


ထို့အပြင် လေ့ကျင့်ရေးဆင်းနေသည့် မူလပိုင်ရှင်၏ အရိပ်သက်တော်စောင့် တတိယမြောက်အုပ်စုကိုလည်း ကယ်တင်သင့်သည်။ 


ယန်ကျင်းဇီသည် သူ့တွင် လုပ်စရာကိစ္စ များစွာရှိသည်ကို ရှာတွေ့ထားသော်ငြား သူသည် တစ်ကြိမ်တွင် ကိစ္စတစ်ခုကိုသာ လုပ်ဆောင်နိုင်သေးသည်။ 


ယန်ကျင်းဇီ ယန်ရှိူ့ကို အခြားအရိပ်သက်တော်စောင့်များအား ခေါ်ရန် မေးမြန်းပြီးမကြာမီ အဝတ်အစားအမည်းကို ဝတ်ဆင်၍ မျက်နှာဖုံးအုပ်ထားသည့် တစ်ပုံစံတည်းတူသော လူသုံးဆယ့်သုံးဦး ရောက်လာခဲ့သည်။ 


ယန်ကျင်းဇီသည် ယန်ရှိူ့ကို လိမ်ရန် အသုံးပြုခဲ့သော စကားလုံးများကိုသာ ပြန်လည်အသုံးပြု၍ သူတို့ကို ထပ်မံလှည့်စားခဲ့ကာ သူ၏ ချီစွမ်းအင်မှာ ပျက်စီးသွားခဲ့ပြီး သာမန်လူတစ်ဦး ဖြစ်သွားပြီဟု သူတို့ကို ပြောပြလိုက်သည်။


ဤအရိပ်သက်တော်စောင့်များသည် သခင်ဖြစ်သူ ယန်ကျင်းဇီ၏ စကားများကို လိုက်နာကြသည်။ ဤအခိုက်အတန့်တွင် သူတို့သည် နေရာတွင်သာ တုံးအစွာ မတ်တပ်ရပ်နေကြပြီး သစ်သားခြောက်အရုပ်များအုပ်စုနှင့်ပင် တူနေသည်။


“ အခုချိန်ကစပြီး ငါက နတ်ဆိုးဂိုဏ်းခေါင်းဆောင်ရဲ့ အလိုလိုက်ခံရဆုံး သခင်ကျင်း ဖြစ်သွားမယ်။ မင်းတို့ ငါ့ကို သခင်လို့ ခေါ်လို့မရတော့ဘူး။ ” ယန်ကျင်းဇီ ပြောလိုက်သည်။


“ ဟုတ်ကဲ့ပါ သခင်! ” ဤအရိပ်သက်တော်စောင့်များက ဖြေသည်။ 


“ ငါ့ကို သခင်ကျင်းလို့ ခေါ်ပြီး မတ်တပ်ရပ်ကြတော့။ ” ယန်ကျင်းဇီ တိုက်ရိုက်အမိန့်ပေးလိုက်သည်။ 


အရိပ်သက်တော်စောင့်များက အတူတကွ မတ်တပ်ရပ်လိုက်ကြသည် : “ ဟုတ်ကဲ့ပါ သခင်ကျင်း။ ”


ယန်ကျင်းဇီ စိတ်ကျေနပ်သွားသည်။ သူသည် သူတို့ကို သူ့အား သခင်ကျင်းဟု ထပ်တလဲလဲ ခေါ်ခိုင်းပြီးနောက် ပြောလိုက်သည် : “ ငါ့သိုင်းပညာက အခု ပျက်စီးသွားပြီ။ ငါ နတ်ဆိုးဂိုဏ်းက လူတွေကို မထိန်းသိမ်းနိုင်တော့ဘူး။ ငါ မင်းတို့ကို ငါ့အတွက် ကိစ္စတွေ လုပ်ပေးဖို့ လိုအပ်တယ်... မနက်ဖြန်ကစပြီး မင်းတို့က ငါခိုင်းတဲ့အတိုင်း စကားလုံးတွေကို ဖတ်ရှုပြီး အလွတ်ကျက်တာတွေကို လိုက်လုပ်ရမယ်။ အနာဂတ်မှာ ငါ မင်းတို့ကို ကိစ္စတွေ လုပ်ခိုင်းရင် မင်းတို့ ဘာမှမလုပ်နိုင်မှာကို စိုးရိမ်လို့။ ” 


“ ဟုတ်ကဲ့ပါ သခင်ကျင်း။ ” ဤအရိပ်သက်တော်စောင့်များက ပြန်ဖြေသည်။


“ အရမ်းကောင်းတယ်။ အနာဂတ်မှာ မင်းတို့ တခြားလူတွေရဲ့ အရှေ့မှာ မင်းတို့ရဲ့ခြေထောက်ကို မပြရဘူး။ (*တခြားလူတွေ မရိပ်မိအောင် သေချာနေရမယ်။) အခုလက်ရှိခေါင်းဆောင်က အရိပ်တစ် ဖြစ်တယ်။ မင်းတို့ သူ့ကို လေးစားရမယ်။ ပြီးတော့ ငါ၊ မင်းတို့ ငါ့ကို ကာကွယ်နေတာဟာ သူက မင်းတို့ကို အဲလိုလုပ်ဖို့ ညွှန်ကြားထားလို့ဖြစ်တယ်။ “ ယန်ကျင်းဇီသည် နောက်ထပ်တစ်ကြိမ် အလေးပေးကာ ပြောလိုက်ပြန်သည်။


ထပ်မံ၍ ဤလူများသည် တပြိုင်နက်တည်း တုံ့ပြန်ခဲ့ကြသည်။ 


ယန်ကျင်းဇီသည် ယနေ့တွင် အိပ်ယာထနောက်ကျခဲ့ပြီး ယခု အလှည့်အပြောင်းတချို့ ပြီးသောအခါ ကောင်းကင်မှောင်တော့မည်ဖြစ်သည်… အမိန့်ပေးပြီးနောက် ယန်ကျင်းဇီသည် သူ့ရှေ့ရှိ အရိပ်သက်တော်စောင့်များကို မေးလိုက်သည် : “ မင်းတို့ ညစာဘာစားကြမှာလဲ? ”


ဤအရိပ်သက်တော်စောင့်များ မဖြေနိုင်တော့ပေ။ 


ယန်ကျင်းဇီက ဆက်ပြောသည် : “ မင်းတို့လည်း စားကြတယ်မလား? ငါ့ကို ကြည့်ဖို့ခေါ်သွား။ ” 


ယန်ကျင်းဇီ ပြောသည်ကို ကြားရသော် ယန်ရှိူ့ ချက်ချင်း မတ်တပ်ရပ်လိုက်သည် : “ ကျင်းဇီ... ငါ မင်းကို အဲ့ကိုခေါ်သွားမယ်။ ” 


သူသည် သူ့သခင်က အခြားအရိပ်သက်တော်စောင့်များကို အာရုံစိုက်နေသည်အား မလိုချင်ပေ။  


ထင်ရှားစွာပင် သူဟာ အရိပ်တစ် ဖြစ်၏။ သူက အသန်မာဆုံးပင်။


“ အားရှိူ့၊ ဒါဆို မင်း ငါ့ကို ကြည့်ဖို့ ခေါ်သွားပါ။ “ ယန်ကျင်းဇီသည် ယန်ရှိူ့အပေါ် မှီတွယ်လိုက်သည်။ 


အရိပ်သက်တော်စောင့်များသည် ငယ်ရွယ်သော အသက်၌ ရက်စက်ကြမ်းကြုတ်သော လေ့ကျင့်ရေးကို စခဲ့ကြရသည်။ ပုံမှန်အားဖြင့် သူတို့က အရပ်မရှည်ကြချေ။ ဆန့်ကျင်ဘက်အားဖြင့် မူလပိုင်ရှင်က သူ့မျက်နှာမှာ မည်သို့ပုံစံဖြစ်နေပါစေ၊ စစကတည်းက အစာကောင်းကောင်း စားခဲ့ပြီး ကောင်းမွန်စွာ နေထိုင်ခဲ့ရာ သူက အရပ်ရှည်စွာ ကြီးပြင်းလာခဲ့သည်။ 


တကယ်တော့ သူက ယန်ရှိူ့ထက် အရပ်နည်းနည်း ပိုရှည်သည်… သို့သော် ၎င်းက သူ၏ ယန်ရှိူ့အပေါ် မှီကပ်တွယ်သော အရည်အချင်းကို မထိခိုက်ချေ။


သခင်က သူ့ကိုယ်ပေါ်မှာ မှီနေတယ်! 


ယန်ရှိူ့သည် သူ လေထဲတွင် လွင့်မြောနေသည်ဟုသာ ခံစားလိုက်ရသည်။ သူသည် ယန်ကျင်းဇီကို ခေါ်ပြီး အပြင်ထွက်လာသည်။ 


ယန်ကျင်းဇီသည် နတ်ဆိုးဂိုဏ်း၏ ဌာနချုပ်တွင် ရှိသည့် ကြီးမားကျယ်ဝန်းသော ခြံဝန်းတစ်ခုထဲ၌ နေထိုင်သည်။ ယန်ရှိူ့သည် သူ့ကို ခြံဝန်း၏ အနောက်ဖက်သို့ ခေါ်သွားခဲ့သည်။ သူသည် ဤနေရာတွင် အချင်းချင်း ဘေးကပ်လျက် တည်ရှိနေသော ခြံဝန်းငယ်နှစ်ခု ရှိနေသည်ကို တွေ့နိုင်သည်။ 


ခြံဝန်းငယ်များထဲမှ တစ်ခုမှာ ယန်ကျင်းဇီကို အလုပ်အကျွေးပြုသော လက်အောက်ငယ်သားများ နေထိုင်သည်။ နောက်တစ်ခုတွင် အရိပ်သက်တော်စောင့်များ နေထိုင်သည်။


နေရာမှာ သေးငယ်၍ မှောင်မိုက်ပြီး ပရိဘောဂပစ္စည်းများ လုံးဝ မရှိဘဲ နေထိုင်စရာ နေရာတစ်ခုနှင့် လုံးဝ မတူသော်ငြား ဤနေရာတွင် လူသုံးဆယ်ကျော်က အမှန်တကယ် နေထိုင်နေကြသည်။ 


အနားယူရန် အလှည့်ကျသော အရိပ်သက်တော်စောင့်များသည် ဤနေရာတွင် နေကာ ဤနေရာတွင် စားပြီး သူတို့၏စားစရာကို သူတို့ကိုယ်တိုင် ချက်ပြုတ်သည်။ ရေ၊ ဂျုံ၊ အသီးအရွက်များနှင့် အသားအချို့တို့ကို ရောနှောကာ အတူတကွ ချက်ပြုတ်ပြီး အလုံးတစ်လုံး ဖြစ်အောင် ရောနယ်သည်။ ၎င်းကို ယူကာ စားကြသည်။ 


ယန်ကျင်းဇီသည် သူတို့ စားစရာတစ်အိုး ချက်ပြုတ်သည်ကို ကြည့်ကာ ၎င်းကို အနည်းငယ် ယူပြီး စားကြည့်လိုက်ရာ အန်ချင်သွားခဲ့သည်။


အရိပ်သက်တော်စောင့်များ စားသော အသားနှင့် အသီးအရွက်တို့ကို သူ့ခြံဝန်းအား တာဝန်ယူထားသည့် လူများက မျှဝေပေးသည်။ ဤအရိပ်သက်တော်စောင့်များ အထွန့်မတက်မည်ကို သူတို့ သိသောကြောင့် ဖြစ်နိုင်သည်။ ခွဲဝေပေးလိုက်သော အသားမှာ ဆိုးရွားရုံတင်မက မနှစ်မြို့ဖွယ် အနံ့ဆိုးလည်း ရှိနေသေးသည်။ အသီးအရွက်များမှာလည်း ခါးတူးကာ ဂျုံက မည်းနေပြီး ထုနှက်စရာ မလိုဘဲ ကြေမွသွားမည်ဟု ခန့်မှန်းရသည်…


သို့သော် ဤအရိပ်သက်တော်စောင့်များက အလွန်စိတ်ကျေနပ်ကြသည်။


ယန်ကျင်းဇီသည် ဤအရိပ်သက်တော်စောင့်များ စားနေသည်ကို မတားမြစ်ဘဲ သူကိုယ်တိုင်တောင် အနည်းငယ် ယူစားခဲ့သည်။ သို့ရာတွင် သူ့စိတ်ထဲ၌မူ မနက်ဖြန်ကျလျှင် သူ သူတို့ကို ဤကဲ့သို့စားရန် ခွင့်ပြု၍မဖြစ်ဟု ဆုံးဖြတ်ခဲ့၏။


စားသောက်ပြီးနောက် ကောင်းကင်ဟာ လုံးဝ မှောင်မည်းသွားခဲ့သည်။


ယန်ကျင်းဇီ ပြောလိုက်သည် : “ မင်းတို့အားလုံး ငါ့ဘက်မှာ လာအိပ်ကြ။ ”


ဒီနေရာက ခြံဝန်းတစ်ခုလုံးက သူ့အိပ်ခန်းလောက်တောင် မကြီးဘူး!


ယန်ကျင်းဇီသည် သူတို့ကို မူလအချိန်စာရင်းအတိုင်း ကင်းစောင့်ရန် ပြောဆိုပြီး အနားယူရန် အလှည့်ကျသော လူများကိုမူ ယခင်က လျိုကျိချင်း နေခဲ့သည့် အခန်းထဲတွင် အနားယူခိုင်းခဲ့သည်။


၎င်းမှာ အမှန်တကယ်တော့ အခန်းများစွာ ရှိသည့် ကြီးမားသော နေရာတစ်ခု ဖြစ်သည်။ ခုတင်အနည်းငယ်သာ ရှိသော်လည်း ဤအရိပ်သက်တော်စောင့်များက တုတ်ချောင်းတစ်ခုနှင့်ပင် ကောင်းမွန်စွာ အိပ်စက်နိုင်ရာ ထိုနေရာတွင် အိပ်ရာခင်းအပြည့်အစုံနှင့် အခြားပစ္စည်းများ ရှိဆဲဖြစ်သည်။ 


သူနှင့် ယန်ရှိူ့တို့အတွက်မူ…


သူ ဖျက်ဆီးခဲ့သော သူ့ခုတင်မှာ ခုတင်အသစ်တစ်လုံးနှင့် လဲလှယ်ပြီးဖြစ်ကာ သူတို့သည် ဤနေရာတွင် အိပ်စက်နိုင်သည်။ 


အိပ်ရာမှာ အလွန်နူးညံ့နေပုံပေါ်ပြီး ယန်ကျင်းဇီသည် ယန်ရှိူ့ကို သူနှင့် အတူအိပ်ရန် ပြောတော့မည့်အချိန်တွင် ယန်ရှိူ့ စကားပြောသည်ကို ကြားလိုက်ရသည် : “ ငါ၊ အပေါ်မှာ နေမယ်။ ” 


စကားပြောပြီးနောက် သူက အခန်း၏ ရက်မ တန်းသို့ တက်သွားသည်။ 


ဤအခန်း၏ ရက်မတန်းမှာ အရိပ်သက်တော်စောင့်အား ပုန်းအောင်းခွင့်ပြုရန် အထူးဆောက်လုပ်ထားခြင်း ဖြစ်သည်။ သို့သော် ယန်ကျင်းဇီသည် သူ ဘယ်ရောက်သွားမှန်း မမြင်နိုင်ပေ။


“ ယန်ရှိူ့ ထွက်လာခဲ့! ” ယန်ကျင်းဇီ ပြောလိုက်သည်။


ယန်ရှိူ့က ရက်မတန်းပေါ်မှ ချက်ချင်း ဆင်းလာသည်။ 


သူသည် နတ်ဆိုးဂိုဏ်းခေါင်းဆောင် ဝတ်ဆင်သော အဝတ်အစားများကို ဝတ်ဆင်ထားပြီး နတ်ဆိုးဂိုဏ်းခေါင်းဆောင် တပ်ဆင်သော မျက်နှာဖုံးကို တပ်ထားသော်ငြား သူ့တွင် ခေါင်းဆောင်၏ ကိုယ်ဟန်အနေအထား လုံးဝ မရှိချေ။


ယန်ကျင်းဇီသည် ထကာ သူ့ကို ဖက်လိုက်သည် : “ အားရှိူ့၊ မင်းက နတ်ဆိုးဂိုဏ်းခေါင်းဆောင်ပဲ။ မင်း အိပ်ရာမှာ အိပ်သင့်တယ်။ ”


ယန်ရှိူ့သည် သူ့အဝတ်အစားများကို တင်းကြပ်စွာ ဆုပ်ကိုင်ပြီး ရုတ်တရက် ပြောလာသည် : “ ငါ၊ ရေချိူးမယ် ”


ယန်ရှိူ့သည် ရေချိုးခြင်းက ကောင်းမွန်မှန်း သိသည်။ သို့သော် အရိပ်သက်တော်စောင့်များ ရေချိုးလျှင်… သူ ရေအေးကို တိုက်ရိုက်သုံးသင့်တယ်မလား?


ယန်ကျင်းဇီသည် သူ့ကို အားပေးစွာ ကြည့်လိုက်သည် : “ မင်းက ခေါင်းဆောင်ပဲ။ မင်း အခု သွားပြီး လက်အောက်ငယ်သားတွေကို အမိန့်ပေးလိုက်။ သူတို့ကို မင်း ရေချိုးဖို့ ရေပူပြင်ဆင်ခိုင်းလိုက်ပါ။ “


ယန်ရှိူ့ အေးခဲသွားသည်။


သူသည် မကြာခဏပင် ယန်ကျင်းဇီကို ကူညီ၍ သူ့လက်အောက်ငယ်သားများကို အမိန့်များ ပေးလေ့ရှိသော်ငြား ၎င်းတို့အားလုံးမှာ လက်အောက်ငယ်သားများ၏ ရှေ့တွင် ရုတ်တရက် ပေါ်ကာ စာကြောင်းတစ်ကြောင်းကို ပြောလိုက်ရုံသာ ဖြစ်သည်။ အခု သူက ဘာသွားလုပ်ရမှာလဲ?


ရုတ်တရက် ယန်ရှိူ့ တစ်ခုတွေးမိသွားသည် : “ အရိပ်နှစ် ”


အရိပ်နှစ်က ရုတ်တရက် ပေါ်လာပြီး သူက ပြောလိုက်သည် : “ ငါ ရေချိုးချင်တယ်။ ” သူ အရိပ်နှစ်ကို အမိန့်ပေးဖို့ ခိုင်းနိုင်တယ်!


အရိပ်နှစ် ထပ်ပျောက်သွားပြန်သည်။  


ယန်ကျင်းဇီသည် ဤသည်ကို တွေ့ရသောအခါ ယန်ရှိူ့ကို နမ်းကာ ပြောလိုက်သည် : “ အားရှိူ့က အရမ်းတော်တာပဲ! ” နေဦး၊ ယန်ရှိူ့က ရေချိူးချင်တယ်၊ သူ ကြည့်လို့ရလား? ယန်ကျင်းဇီ၏ မျက်လုံးများမှာ ချက်ချင်း အရောင်တောက်ပသွားပြီး သူ ယန်ရှိူ့၏ ကျောကုန်းကို အမှန်တကယ် ပွတ်တိုက်ပေးနိုင်သည်ဟု‌ တွေးလိုက်သည်

— ခေါင်းဆောင်ကို ပြုစုတာ၊ ဒီလိုမျိုး ကျောကုန်းတိုက်ရတဲ့အလုပ်ကို သခင်ကျင်းက သေချာပေါက် လုပ်မယ်!


ဤအချိန်တွင် ယန်ရှိူ့သည် သူ လွင့်မြောသွားပြန်သည်ဟုသာ ခံစားလိုက်ရသည် — သခင်က သူ့ကို ချီးကျူးတယ်!


____