ယန်ကျင်းဇီ၏ ခြံဝန်းထဲတွင် သူ ရေချိုးရန်အတွက် အခန်းတစ်ခန်း ရှိသည်။ ရေချိုးကန် တစ်ကန်ရှိရုံသာမက ရေပူ ရေကူးကန် တစ်ကန်လည်း ရှိသည်။ သေချာတာပေါ့၊ မူလပိုင်ရှင်က အများအားဖြင့် ရေချိုးကန်ကိုသာ အသုံးပြုလေ့ရှိသည်။
အစေခံဟာ ရေပူများ ပါသော ရေပုံးတစ်ပုံးကို သယ်လာပြီး ကန်တစ်ကန်လုံးကို အပြည့်ဖြည့်ခဲ့သည်။
နတ်ဆိုးဂိုဏ်း၏ မျက်နှာဖုံးကို ဝတ်ဆင်ပြီး နတ်ဆိုးဂိုဏ်းခေါင်းဆောင်၏ ဝတ်စုံကို ဝတ်ဆင်ထားသော ယန်ရှိူ့သည် ရေနွေးငွေ့များ ထွက်နေသော ရေချိုးကန်ကို ကြည့်ပြီးနောက် ယန်ကျင်းဇီကို လှမ်းကြည့်သည်။
တကြိမ်တခါက သူ သူ့သခင်ကို ကာကွယ်နေချိန်တွင် သူ့သခင်က သူဟာ ညစ်ပတ်ပြီး အနံ့နံသည်ဟု ပြောခဲ့သောကြောင့် သူသည် ရေချိုးရန် အကြံပြုခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ထိုအချိန်မှစ၍ သူသည် အနားယူသည့်အခါတိုင်း သူ့ကိုယ်သူ သန့်ရှင်းအောင် ဆေးကြောခဲ့သည်။
သို့သော် သူသည် အမြဲတစေ ရေတွင်းထဲမှ ရေပုံးအနည်းငယ်ကို ခပ်ယူကာ သူ့ကိုယ်သူ ပွတ်တိုက်ပြီး ဆေးကြောခဲ့၏။ သူသည် ရေချိုးကန်ကို တစ်ခါမှ အသုံးမပြုဖူးပေ။
ထို့အပြင် သခင်က ရေမချိုးရသေးချေ။ အတိတ်မှ အခြေအနေများအရ သခင်ကလည်း ရေချိုးမည်ဖြစ်သည်။
“ အားရှိူ့၊ မြန်မြန်သွားဆေးကြော။ ငါ မင်းကို ကျောတိုက်ပေးမယ်။ ” ယန်ကျင်းဇီ ပြုံးလိုက်သည်။
“ ကျင်းဇီ၊ မင်း… “ ယန်ရှိူ့ အနည်းငယ် စိုးရိမ်သွားပြီး သူ တစ်ခုခု ပြောချင်နေမှန်း သိသာသော်ငြား သူ မပြောနိုင်ခဲ့ပေ။
ယန်ကျင်းဇီက ဆက်ပြောသည် : “ ငါ မင်း ပြီးသွားမှ ချိုးလိုက်မယ်။ ”
ယန်ရှိူ့သည် အံ့အားသင့်သွားပြီး ဤအခါမှသာ သူသည် သူ့အဝတ်အစားများကို စတင်ချွတ်ခဲ့သည်။
သူ့ခန္ဓာကိုယ်တွင် အဆီမရှိဘဲ မရေမတွက်နိုင်သော အမာရွတ်များသာ ရှိသည်။
တဘက်တစ်ထည်ကို ကိုင်ကာ ယန်ရှိူ့ကို ရေချိုးပေးရန် သူ့ဝတ်ရုံလက်များကို လိပ်တင်နေသော ယန်ကျင်းဇီသည် မူလက သူ့စိတ်ထဲတွင် ဗရုတ်ကျသော အတွေးများ ရှိခဲ့သည်။ ယန်ရှိူ့၏ ခန္ဓာကိုယ်ကို ဤသို့မြင်ရသောအခါ ထိုအတွေးများ မရှိတော့ပေ။
သူသည် ယန်ရှိူ့၏ ကျောကုန်းကို အားကြိုးမာန်တက် သုတ်ပေးခဲ့ပြီး အစေခံ သယ်လာသော ရေပူနှင့် သူ့ခန္ဓာကိုယ်ကို အမြန်ဆေးကြောပြီးနောက် အခန်းထဲသို့ ယန်ရှိူ့နှင့် အတူပြန်လာခဲ့သည်။
သူ ဖြည်းဖြည်းချင်း အချိန်ယူချင်သည်။
ယန်ကျင်းဇီ၏ ခုတင်မှာ လူနှစ်ဦး အိပ်စက်ရန် လုံလုံလောက်လောက် ကြီးမားသည်။ ယန်ကျင်းဇီသည် ယန်ရှိူ့ကို လှဲခိုင်းပြီးနောက် ယန်ရှိူ့က လှုပ်ရှားမှုကင်းမဲ့စွာ လှဲနေသည်ကို တွေ့လိုက်ရသည်။
ယခင်က ဤကဲ့သို့ အိပ်ရာထဲတွင် တစ်ခါမှ မအိပ်ခဲ့ဖူးသောကြောင့် ဖြစ်နိုင်သည်။ သူ့ကို ကြည့်ရသည်မှာ တောင့်တင်းပြီး နေသားမကျပုံပင်။
ခုတင်ပေါ်သို့ တက်ချင်သော ယန်ကျင်းဇီသည် ရပ်တန့်သွားသည်။
သူသည် ယန်ရှိူ့ကို ပြောင်းလဲပေးချင်သော်ငြား သူ သဘောကျသော လူနှင့် ဆက်ဆံရေးကိုလည်း ပျိုးထောင်ချင်ပြီး သဘာဝကျစွာပင် အတူအိပ်ရန် စီစဥ်ထားသည်။
ဒါပေမယ့် ယန်ရှိူ့က ဒီလိုဖြစ်နေတယ်၊ သူတို့ အတူတူအိပ်ဖို့ တကယ်ပဲ အဆင်ပြေလို့လား?
သူ ဒီလိုလုပ်မယ်ဆိုရင် ဒါက ယန်ရှိူ့ အနားယူဖို့ အဆင်မပြေအောင် လုပ်သလိုဖြစ်နေမလား? ဒါမှမဟုတ် သူက တကယ်ပဲ ယန်ရှိူ့ကို ဖိအားပေးနေမိတာ ဖြစ်နိုင်လား?
ယန်ကျင်းဇီ၏ စိတ်ထဲတွင် အတွေးအများအပြား ဖြတ်သန်းသွားသည်။ အဆုံး၌ သူသည် ယန်ရှိူ့ကို စောင်တစ်ထည်နှင့် ခြုံပေးလိုက်သည်။ သူကမူ ယန်ရှိူ့ဘေးတွင် လှဲပြီး နောက်စောင်တစ်ထည်နှင့် သူ့ကိုယ်သူ ခြုံလိုက်သည်။
အိပ်ရာတစ်ခုတည်းတွင် အိပ်ခြင်းဖြစ်စေ၊ သူနှင့် အတူနေရခြင်းဖြစ်စေ၊ ယန်ရှိူ့ ကျင့်သားရသွားလျှင် အကောင်းဆုံးပင်။
သူသည် ယန်ရှိူ့တွင် ကိုယ်ပိုင်အတ္တမာန ရှိစေချင်သော်ငြား အနာဂတ်တွင် ယန်ရှိူ့က တခြားလူများကို ကြိုက်မည်အား သူ မလိုလားပေ။
ဤလူဟာ သူတစ်ဦးတည်း၏ အပိုင် ဖြစ်ရမည်… အဆုံး၌မူ သူဟာ တစ်ကိုယ်ကောင်းဆန်နေဆဲဖြစ်သည်။
ယနေ့ အားလပ်ချိန် မရှိခဲ့သော်လည်း ယန်ကျင်းဇီသည် ယခု အိပ်ရာပေါ်တွင် လှဲနေရသောအခါ မူလပိုင်ရှင်၏မှတ်ဉာဏ်ကို စတင်ဖြေရှင်းကာ အနာဂတ်တွင် ဘာလုပ်ရမည်ကို စဥ်းစားတော့သည်။
ရိုးရိုးသားသား ပြောရမည်ဆိုလျှင် ကျူးလျန်ယင်းက ဆေးလဲကာ သူ့ကို သုံးစေခဲ့သော်ငြား ယန်ကျင်းဇီသည် ကျူးလျန်ယင်းကို မမုန်းပေ။
အဆုံး၌မူ ပထမဦးစွာ လျိုကျိချင်းကို ပြန်ပေးဆွဲခဲ့သူမှာ မူလပိုင်ရှင် ဖြစ်သည်။ အမှန်တကယ်ပင် ဘယ်သူ့ကိုမှ အပြစ်မတင်နိုင်ချေ။ အရင်မှားသူမှာ မူလပိုင်ရှင်သာ ဖြစ်သည်။
ထို့ကြောင့် သူသည် မူလပိုင်ရှင်ကဲ့သို့ ကျူးလျန်ယင်းကို ပြဿနာရှာရန် မရည်ရွယ်ချေ။
နတ်ဆိုးဂိုဏ်းအတွက်မူ… နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းသားအများစုမှာ ကောင်းမွန်သော လူများ မဟုတ်ကြဘဲ သူသည် ဤဂိုဏ်း၏ ခေါင်းဆောင် မဖြစ်ချင်တော့ပေ။
မူလပိုင်ရှင်၏ မှတ်ဉာဏ်အရ နောက်တစ်နှစ်၌ ထိုဖြောင့်မတ်မှန်ကန်သော ဂိုဏ်းများက နတ်ဆိုးဂိုဏ်းကို တိုက်ခိုက်ကြလိမ့်မည်။ သူသည်လည်း စောစီးစွာ ကြိုတင်ပြင်ဆင်ထားမည်ဖြစ်ပြီး တစ်နှစ်ကြာပြီးနောက် သေဆုံးကာ ပျောက်ကွယ်သွားပြီး ဤအရိပ်သက်တော်စောင့်များကို ခေါ်၍ သူတို့ကိုယ်ပိုင်ဘဝတွင် သူတို့ကို နေစေမည်။
သူက တစ်နှစ်တာ စောင့်ရသည့် အကြောင်းအရင်းကမူ… ပိုင်ဆိုင်မှုကို လွှဲပြောင်းရန်၊ လူအများအပြား ဆန့်မည့် အိမ်တစ်လုံးကို ဝယ်ယူရန်၊ အစရှိသည်တို့က အချိန်ကြာသည်။
သူသည် ဤအရိပ်သက်တော်စောင့်များကို လူအများနှင့် ဆက်သွယ်နည်းလည်း သင်ယူစေချင်သည်။
မဟုတ်လျှင်... ဤလူအုပ်စုက ကလေးများနှင့် တူနေသည်။ သူ ကလေးတစ်သိုက်နဲ့ မနေချင်ဘူး!
ယန်ကျင်းဇီသည် စဥ်းစားရင်း ဖြည်းညှင်းစွာ အိပ်ပျော်သွားသည်။
ယန်ရှိူ့သည် ယန်ကျင်းဇီဘေးတွင် လှဲနေပြီး သူ့နှလုံးသားတွင် ပြည့်နှက်နေသည်ကို ခံစားရသော်လည်း မဖော်ပြနိုင်စွာ အနည်းငယ်လည်း မသက်မသာ ဖြစ်နေသည်။
သူသည် ကိစ္စများစွာကို နားမလည်သော်ငြား အမျိုးသားများနှင့် အမျိုးသမီးများ အကြောင်းကိုတော့ သိထားပြီး သခင်က လျိုကျိချင်းကို ဆေးပေးသောအခါ သခင်က ဘာလုပ်ချင်မှန်းကိုလည်း သိသည်။
အရိပ်သက်တော်စောင့်တစ်ဦးအနေဖြင့် သူသည် ညဘက်၌ အမြဲသွားလာလှုပ်ရှားပြီး တခါတလေ သူ့သခင်၏ အိမ်ခြံဝန်းမှ ထွက်ခွာတတ်သည်။ သဘာဝကျစွာပင် သူသည် တချို့သော ဂိုဏ်းသားများက အမျိုးသားနှင့် အမျိုးသမီး အချစ်ရေးကိစ္စများ ဆောင်ရွက်နေသည်ကို တွေ့မြင်နိုင်သည်။
သူသည် ဤကိစ္စကို ယခင်က တစ်ခါမှ မတွေးခဲ့သော်လည်း မနေ့ညက သူ သူ့သခင်နှင့် အတူရှိပြီးကတည်းက သူသည် သူ့သခင်က သူနှင့် နောက်တစ်ကြိမ် ဤမျှနီးကပ်လာမည်ကို မျှော်လင့်နေသည်။
၎င်းမှာ အနည်းငယ် နာကျင်ပြီး အခြားသူများ ပြောသကဲ့သို့ သက်တောင့်သက်သာ မရှိသော်ငြား သူသည် သူ့သခင် သူ့ကို အနီးကပ် ထွေးပွေ့ထားသည်အား အမြဲသဘောကျခဲ့သည်။
ကံမကောင်းစွာဖြင့် သူ့သခင်က မလုပ်ခဲ့ချေ။
ထို့အပြင် သခင်က လျိုသခင်ကို ကြိုက်သည်။
သူ့ခန္ဓာကိုယ်အောက်တွင် နူးညံ့ပျော့ပျောင်းသော အိပ်ရာခင်း ရှိပြီး သူ့ဘေးတွင် သူ့သခင် လှဲနေသည်။ ယနေ့ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးဟာ သူ့အတွက် အိမ်မက်လိုပင်။
ယန်ရှိူ့သည် သူ အိပ်ရာနိုးပြီး ထလာသောအခါ သူ့တွင် ဘာမှမရှိတော့မည်ကို စိုးရိမ်ခဲ့သည်။
သူ တစ်ညလုံး မအိပ်ခဲ့ပေ။
နောက်တစ်နေ့ မနက်စောစောတွင် ယန်ကျင်းဇီသည် အိပ်ရာထပြီးနောက် ယန်ရှိူ့ကို မီးဖိုချောင်ဘက်သို့ ခေါ်ဆောင်သွားသည်။
ယန်ကျင်းဇီ၏ ခြံဝန်းထဲရှိ လက်အောက်ငယ်သားများသည် မနက်စာကို ပြင်ဆင်နေကြသည်။ သူတို့က ယန်ကျင်းဇီနှင့် ယန်ရှိူ့ ရောက်လာသည်ကို တွေ့သောအခါ သူတို့အားလုံးက ယန်ရှိူ့ထံသို့သာ ဒူးထောက်ကြသည် : “ လက်အောက်ငယ်သားတွေက ဂိုဏ်းခေါင်းဆောင်ကို နှုတ်ဆက်ပါတယ်။ ”
“ သခင်၊ မင်း အရင်က အဆင်ပြေခဲ့ပေမယ့် နောက်တော့ ရုတ်တရက်ကြီး မင်း ဆေးစားမိတယ်။ ဖြစ်နိုင်တာ ဒီလူတွေက *အတွင်းနဲ့အပြင် စားသောက်နေတာ… ” ယန်ကျင်းဇီသည် ယန်ရှိူ့၏ လက်မောင်းတစ်ဖက်ကို ဆွဲကာ ယန်ရှိူ့ကို ပြောလိုက်သည်။
(*အတွင်းနဲ့အပြင် စားသောက် — ပြင်ပလူများ၏ လာဘ်လာဘများကို လက်ခံပြီး သူတို့၏သခင်ကို စောင့်ကြည့်၍ သတင်းပေးသော အစေခံများ)
သူက အနည်းငယ် အရပ်ပိုရှည်သော်ငြား သူ၏ သွယ်လျသော ခန္ဓာကိုယ်ကြောင့် သူသည် ဤအချိန်တွင် ရိုးရှင်းသော ဆယ်ကျော်သက်တစ်ဦးနှင့် တူနေသေးသည်။ သူ၏ စကားပြောဆိုပုံမှာလည်း ကလေးငယ်တစ်ဦး ပြုမူနေသကဲ့သို့ပင်။
ထိုအစေခံများသည် ယန်ကျင်းဇီ၏စကားကို ကြားကြသောအခါ သူတို့သည် အံ့အားသင့်သွားပြီး ခေါင်းဆောင်ကို ဒူးထောက်ကာ ခွင့်လွှတ်ပေးရန် တောင်းပန်ကြသည်။
“ သူတို့အကုန်လုံးကို မောင်းထုတ်လိုက်။ ” ယန်ရှိူ့ အေးစက်စွာ ပြောလိုက်သည်။
မနက်ခင်း အပြင်မထွက်ခင်တွင် သခင်က သူနှင့် ဆွေးနွေးခဲ့သည်။ သခင့်၏လုံခြုံရေးအတွက် ဤအစေခံများအား မောင်းထုတ်ရမည်ဖြစ်သည်။
ယန်ရှိူ့၏ စကားများ ထွက်လာသည်နှင့်တပြိုင်နက် အရိပ်သက်တော်စောင့် တစ်ဒါဇင်သည် ရုတ်တရက် ပေါ်လာပြီး သူတို့အားလုံးကို ခြံဝန်းထဲမှ တစ်ဦးပြီးတစ်ဦး မောင်းထုတ်ပစ်လိုက်သည်။
ဤလူများ မောင်းထုတ်ခံရပြီးမကြာမီ လက်ဝဲရံနှင့် လက်ယာရံတို့ နှစ်ဦးစလုံးက သူ့ကို အတူတကွ တွေ့ခွင့်တောင်းလာကြသည်။
“ အားရှိူ့၊ လက်ဝဲရံက အပြင်လူတွေနဲ့ ပူးပေါင်းနေတယ်။ လက်ယာရံက ခေါင်းဆောင်ရာထူးကို မက်မောနေတယ်။ သူက ငါ့ကို အမြန်ဆုံး သတ်ချင်နေမှာပဲ။ မင်း ငါ့ကို ကာကွယ်ရမယ်။ “ ယန်ကျင်းဇီသည် ယန်ရှိူ့၏ ခန္ဓာကိုယ်ပေါ်တွင် မှီလိုက်သည်။
“ ကျင်းဇီ၊ ငါ၊ ငါ မင်းကို ကာကွယ်ပါ့မယ်။ ” ယန်ရှိူ့က ပြောသည် : “ ငါ သူတို့ကို သွားသတ်မယ်။ ”
“ မဟုတ်ဘူး၊ သူတို့ရဲ့ သိုင်းပညာစွမ်းရည်က နက်နဲတယ်။ ပြီးတော့ သူတို့နားမှာ လူအများကြီး ရှိတယ်။ အလျင်စလို မပြုမူနဲ့။ “ ယန်ကျင်းဇီ ပြောလိုက်သည်။
အရိပ်သက်တော်စောင့်များ၏ သိုင်းပညာအရည်အချင်းများမှာ အမှန်တကယ် ကောင်းမွန်သော်ငြား ယခင်သခင်ဟောင်းများက သူတို့ကို သတိထားသည်။ သူတို့ကို လေ့ကျင့်ရန် ပေးထားသော သိုင်းပညာများမှာ အလွန်သာမန်ဆန်သည်။ ယန်ရှိူ့ဟာ လက်ဝဲရံနှင့် လက်ယာရံတို့၏ ပြိုင်ဘက် မဟုတ်သည်မှာ သေချာ၏။
သေချာတာပေါ့၊ အရိပ်သက်တော်စောင့်များ အားလုံး၏ ကိုယ့်ကိုကိုယ် သတ်သေသော တိုက်ခိုက်မှုက လက်ဝဲရံနှင့် လက်ယာရံတို့ကို သေချာပေါက် ဖယ်ရှားနိုင်သော်လည်း သူ ထိုသို့လုပ်စရာမလိုပေ။
“ ဟုတ်ကဲ့ပါ “ ယန်ရှိူ့က ဖြေသည်။
“ မင်း အခုကစပြီး ‘ကောင်းပြီ’ လို့ ပြောရမယ်။ ” ယန်ကျင်းဇီ ဆက်ပြောသည် : ” ပိုပြီး ပျော့ပျောင်းတဲ့ အသံကို သုံးပြီးတော့ ‘ကိစ္စအားလုံးကို ငါ မင်းစကားပဲ နားထောင်မယ်’ လို့ ပြောကြည့်။ “
ယန်ရှိူ့သည် သူ့ဘေးက လူကို ကြည့်လိုက်သောအခါ သူ့အသံမှာ အလိုလျောက် နူးညံ့သွားသည် : “ ကိစ္စအားလုံးကို ငါ မင်းစကားပဲ နားထောင်မယ်။ ”
“ အရမ်းကောင်းတယ်။ ငါ့ကို စွဲလမ်းနေတဲ့ ဂိုဏ်းခေါင်းဆောင် တစ်ယောက်လိုပဲ။ “ ယန်ကျင်းဇီ ရယ်မောလိုက်သည်။
ယန်ရှိူ့သည် သူ့ကို မသေချာစွာ ကြည့်လိုက်သော်ငြား သူသည် ယန်ကျင်းဇီ အလွန်ပျော်ရွှင်နေကြောင်း ခံစားနိုင်သည်။ ယန်ကျင်းဇီက အလွန်ပျော်ရွှင်နေရာ... ဒါဆို သူ လုပ်လိုက်တာ မှန်တယ်၊ ဟုတ်တယ်မလား?
သူသည် ခေါင်းဆောင်ပုံစံကို သေသေချာချာ သရုပ်ဆောင်ကာ သခင့်ကို ကာကွယ်ရမည်။
လက်ဝဲရံနှင့် လက်ယာရံတို့က မကြာမီ ဝင်ရောက်လာကြသည်။
နတ်ဆိုးဂိုဏ်း ဂိုဏ်းသားများမှာ ကောင်းမွန်နေသူများ မဟုတ်ဘဲ လက်ဝဲရံနှင့် လက်ယာရံတို့ကလည်း သဘာဝကျစွာပင် လူကောင်းများ မဟုတ်ကြချေ။
လက်ယာရံ၏ နာမည်မှာ မုရုန်ရုန် ဖြစ်သည်။ သူ(မ)သည် ဤနှစ်တွင် အသက်လေးဆယ်ကျော်ပြီဖြစ်သည်။ သူ(မ)ဟာ အမျိုးသမီးတစ်ဦး ဖြစ်သော်လည်း မည်သူကမှ အထင်မသေးရဲပေ။ သူ(မ)ကိုယ်တိုင်မှာ ဤအချိန်တွင် အမျိုးသမီးအများစုနှင့် အလွန်ကွဲပြားသည်။ သူ(မ)က ရည်ရွယ်ချက်ကြီးမားပြီး အခွင့်အရေးများကို နှစ်သက်မြတ်နိုးသည်။ နတ်ဆိုးဂိုဏ်း ဂိုဏ်းသားအများအပြားသည် သူ(မ)စကားကို နားထောင်ကြသည်။
သူ(မ)သည် ယခင်သိုင်းလောကခေါင်းဆောင်ဟောင်းနှင့် ပူးပေါင်းပြီး သိုင်းပညာမိသားစုများနှင့် ဂိုဏ်းအချို့ကို သတ်ဖြတ်ခဲ့သည်။ သူ(မ)နှင့် မူလပိုင်ရှင်၏ဖခင်တို့က အဓိကတာဝန် ယူခဲ့ကြသည်။ ထို့ကြောင့် မူလပိုင်ရှင်၏ဖခင် ဆုံးပါးသောအခါ သူ(မ)သည် အမြဲတစေ မူလပိုင်ရှင်ကို သတ်ကာ သူ့နေရာကို ဝင်ယူချင်နေခဲ့သည်။
လက်ဝဲရံကရော? ဤလူမှာ သူ၏ အစောပိုင်းနှစ်များတွင် စွတ်စွဲခံခဲ့ရပြီး သူ့မျက်နှာအသွင်အပြင်ကို ဖျက်ဆီးခံခဲ့ရသည်။ သူသည် တွက်ချက်မှုမျိုးစုံကို သုံးကာ လူအရေအတွက် အများအပြားကို သတ်ဖြတ်သုတ်သင်ခဲ့ပြီး မွေးကင်းစကလေးများနှင့် ကလေးများကိုပင် အသက်ရှင်ခွင့်မပေးခဲ့ချေ။ နောက်ပိုင်းတွင် သူဟာ သိုင်းလောကမှ လူများ၏ လိုက်လံဖမ်းဆီးခြင်းကို ခံရသည်။ ထို့ကြောင့် သူက နတ်ဆိုးဂိုဏ်းကို ထွက်ပြေးလာခဲ့သည်။ သူဟာ သွားရှုပ်ရန် မလွယ်ကူရာ နောက်ဆုံးတွင် လက်ဝဲရံရာထူးသို့ ရောက်ရှိသည့်အထိ လုပ်ဆောင်နိုင်ခဲ့၏။
သို့သော် သူ့တွင် ပြန်ပေးဆပ်ရန် အမုန်းတရား ရှိသကဲ့သို့ ပြန်ပေးဆပ်ရန် ကျေးဇူးကြွေးလည်းရှိသည်။ ထို့ကြောင့် သူသည် အစောပိုင်းနှစ်များတွင် ကျူးလျန်ယင်းကို ကယ်တင်ခဲ့ကာ ယခုအခါတွင်လည်း ကျူးလျန်ယင်းကို ကူညီနေသည်။ နတ်ဆိုးဂိုဏ်းခေါင်းဆောင် ယန်ကျင်းဇီအတွက်မူ… သူက သူ့ကို အလေးအနက် မထားပေ။
မူလပိုင်ရှင်က လျိုကျိချင်းကို ကြိုးတုပ်ပြီး လျိုကျိချင်းကို ဆေးပေးတော့မည် ဖြစ်သော်ငြား လျိုကျိချင်းကို ကျူးလျန်ယင်းက ကယ်တင်သွားခဲ့သည်။ လက်ဝဲရံသည် ဤကိစ္စကို တိတ်တဆိတ် ကူညီခဲ့ပြီး ဖြစ်ပျက်ခဲ့သည်ကို ရှင်းရှင်းလင်းလင်း သိထားသည်။ လက်ယာရံသည် စစချင်း မသိခဲ့သော်လည်း မနေ့က သူ(မ) ရှာတွေ့ခဲ့သည်။
သူတို့နှစ်ဦးစလုံး မနေ့က ဤနေရာသို့ မလာခဲ့ကြပေ။ အဘယ့်ကြောင့်ဆိုသော် သူတို့က ပြက်လုံးကြည့်နေသည်ဟု ခေါင်းဆောင် ထင်မည်ကို သူတို့ စိုးရိမ်သောကြောင့်ပင်။ ယနေ့တွင်မူ သူတို့သည် ယန်ကျင်းဇီက လက်အောက်ငယ်သားများကို မောင်းထုတ်လိုက်သော ကိစ္စကို အခွင့်ကောင်းယူထားသည်။
သူတို့၏ ခေါင်းဆောင်အသစ်ဟာ ယခင်က လျိုကျိချင်းကို အာရုံစိုက်ခဲ့သော်လည်း ယခု လျိုကျိချင်း မရှိတော့သောအခါ တုန့်ပြန်မှုကို သူတို့ မသိပေ။ သူတို့နှစ်ဦးစလုံး ၎င်းကို ကြည့်ချင်ကြသည်။
လက်ဝဲရံနှင့် လက်ယာရံတို့သည် ခြံဝန်းထဲသို့ ဝင်ရောက်လာပြီး အဝေးမှတဆင့် သူတို့သည် မျက်နှာဖုံးတပ်ထားသော ခေါင်းဆောင်အသစ်က ခြံဝန်းထဲရှိ ကျောက်တုံးစားပွဲပေါ်တွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။
ခေါင်းဆောင်ဘေးတွင် လူငယ်တစ်ဦးကလည်း ပျင်းရိနေသည့် ပုံစံနှင့် ထိုင်နေသည်။
ဤကောင်လေးမှာ မနေ့က ရုတ်တရက် ပေါ်လာခဲ့ပြီး သူတို့သည် ဤလူ ပေါ်လာသည်ကို မအံ့သြကြပေ။
ဤလူကို အရိပ်သက်တော်စောင့်များက ရှာလာပြီး အဆိပ်ကုသရန်အတွက် ဂိုဏ်းခေါင်းဆောင်ငယ်ထံသို့ ပေးလိုက်ခြင်း ဖြစ်ရမည်။
ပြောရမည်ဆိုလျှင် သူတို့သည် ဂိုဏ်းခေါင်းဆောင်ငယ်လေးကို ထောက်ပံ့ရဦးမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဂိုဏ်းခေါင်းဆောင်ငယ်၏ အရိပ်သက်တော်စောင့်များက အရူးတစ်စု ဖြစ်ကာ သွားရှုပ်ရန် မလွယ်ချေ။
“ လက်အောက်ငယ်သားတွေက ခေါင်းဆောင်ကို နှုတ်ဆက်ပါတယ်။ ” လက်ဝဲရံနှင့် လက်ယာရံတို့သည် ယန်ရှိူ့ကို ကြည့်ကာ အတူပြောလိုက်ကြသည်။
“ အင်း “ ယန်ရှိူ့သည် သူ့သခင် လုပ်လေ့ရှိသော ပုံစံကို သင်ယူကာ ပြန်ဖြေလိုက်သည်။
“ ဂိုဏ်းခေါင်းဆောင်၊ နင် နင့်ရဲ့ လက်အောက်ငယ်သားတွေကို မောင်းထုတ်ပစ်လိုက်တယ်လို့ ကြားလိုက်ရတယ်။ ဘာဖြစ်လို့လဲ? “ လက်ယာရံက မေးမြန်းခဲ့ကာ သူ(မ)၏ အကြည့်က ယန်ရှိူ့ထံသို့ ကျရောက်သွားသည်။
“ အကြောင်းပြချက်က ဘာဖြစ်ရမှာလဲ? သူတို့က ခေါင်းဆောင်ကို တကယ် အဆိပ်မိစေခဲ့တယ်။ သူတို့ကို မသတ်တာကပဲ ခေါင်းဆောင်ရဲ့ ကြင်နာမှု ဖြစ်နေပြီ။ “ ယန်ကျင်းဇီက ဝင်ပြောခဲ့သည်။
လက်ယာရံ အနည်းငယ် မျက်မှောင်ကြုံ့လိုက်သည်။ သူ(မ)သည် ခန္ဓာကိုယ်ရောင်းစားသော ဤကဲ့သို့ လူမျိုးကို မကြိုက်ဆုံးဖြစ်သည်။ အထူးသဖြင့် ဤလူက ကြားဖြတ်နှောင့်ယှက်ရဲသည်...
လက်ဝဲရံက အတော်လေး တည်ငြိမ်သည် : “ ဒါဆို ဂိုဏ်းခေါင်းဆောင်က စားပွဲထိုးတွေကို ပြောင်းချင်တာလား? ”
“ မလိုဘူး၊ ဂိုဏ်းခေါင်းဆောင်နားမှာ စားပွဲထိုးတွေ ရှိပြီးသားမဟုတ်လား? ငါ့ကို ဒီနေရာ ခေါ်လာတဲ့ လူတွေက အတော်လေး အစွမ်းထက်သားပဲ။ ” ယန်ကျင်းဇီက အေးစက်စွာ နှာမှုတ်ခဲ့သည်။
သူ ဤသို့ပြောသောအခါ လက်ဝဲရံနှင့် လက်ယာရံတို့သည် သူ့ကို အရိပ်သက်တော်စောင့်များ ဖမ်းလာခြင်းဖြစ်ကြောင်းကို ပိုပြီးသေချာသွားကြသည်။
နတ်ဆိုးဂိုဏ်းသည်လည်း စားသောက်ချင်ကြသည်။ ငရဲတောင်တန်း အနီးအနားတွင် ရွာနှင့် မြို့များ အများအပြား အမှန်တကယ် ရှိပြီး သိုင်းလောကမှ လူများသည် မကြာခဏ လာတတ်ကြသည်။ အရိပ်သက်တော်စောင့်များအတွက် လူများကို ဖမ်းဆီးကာ ပြန်သယ်လာရန် မခက်ချေ။
ဤအချိန်တွင် ဤလူငယ်၏ စကားများကို နားထောင်ရသလောက်မှာ သူဟာ ထိုအရိပ်သက်တော်စောင့်များ၊ အစေခံများနှင့် အလားတူတို့ကို မကျေမနပ် ခံစားနေရလောက်သည်။
သေချာတာပေါ့၊ အစေခံများကို မောင်းထုတ်ခြင်းဟာ ထိုဂိုဏ်းခေါင်းဆောင်ငယ်၏ ရည်ရွယ်ချက် ဖြစ်နိုင်သေးသည်…. သူက အဆိပ်မိမှာကို ကြောက်တာလား?
“ ဂိုဏ်းခေါင်းဆောင်၊ အရိပ်သက်တော်စောင့်တွေက ဂိုဏ်းခေါင်းဆောင်ရဲ့ လုံခြုံရေးနဲ့ ဘေးကင်းရေးကို အာမခံဖို့အတွက် တာဝန်ယူထားတာ။ ဘယ်လိုလုပ် သူတို့က လူတွေကို ခစားတဲ့ အလုပ်တွေကို လုပ်နိုင်မှာလဲ? ”
“ ငါ့ကိစ္စကို မင်းတို့ ဝင်ရှုပ်စရာမလိုဘူး! ” ယန်ရှိူ့ ပြောလိုက်ပြီး သူ့ခန္ဓာကိုယ်မှ အဟုန်တစ်ခု ရုတ်တရက် မြင့်တက်လာကာ သူက ကျောက်တုံးစားပွဲကို ရိုက်ချလိုက်သည်။ အတွင်းအား၏ သက်ရောက်မှုအောက်တွင် ကျောက်တုံးစားပွဲက ချက်ချင်း ကြေမွကွဲထွက်သွားသည်။
သူ့သခင်က တစ်ခုခုဖြစ်သွားကာ သူ့အတွင်းအား အားလုံးကို ဆုံးရှုံးခဲ့ရသည်။ ဤကိစ္စကို အခြားသူများ သိ၍မဖြစ်သောကြောင့် သူသည် သခင်အဖြစ်နှင့် သူ၏ ခွန်အားကို ပြသလိုက်သည်။
လက်ဝဲရံနှင့် လက်ယာရံတို့ ထိတ်လန့်သွားကြသည်။
သူတို့သည် ခေါင်းဆောင်အသစ်၏ ခွန်အားကို ယခင်က တစ်ခါမှ မမြင်ဖူးခဲ့ပေ။ ယခုမူ… သူတို့၏ ခေါင်းဆောင်အသစ်က ခေါင်းဆောင်ဟောင်းကဲ့သို့ မသန်မာသော်ငြား မဆိုးချေ။
ထို့အပြင် သူ့နားတွင် အရိပ်သက်တော်စောင့်အုပ်စု ရှိသေးသည်… သူတို့ ရေရှည်အစီအစဉ်တစ်ခုကို လုပ်ဆောင်ရန် လိုအပ်လောက်သည်။
သူတို့က အရိပ်သက်တော်စောင့် အနည်းငယ်ကို ဝယ်ယူနိုင်လျှင်တော့ ကောင်းလိမ့်မည်ဖြစ်သည်။ သို့သော် ထိုအရိပ်သက်တော်စောင့်များကို ဝယ်၍မရချေ။
“ ငါတို့နတ်ဆိုးဂိုဏ်း၊ ဘယ်လိုလုပ် မင်းတို့က လူတွေကို ခိုးဝင်ခွင့်ပေးပြီး သူတို့ စိတ်တိုင်းကျ သွားလာခိုင်းရဲတာလဲ… ” ယန်ရှိူ့သည် သူ့မျက်လုံးများတွင် ဒေါသအပြည့်ဖြင့် လက်ဝဲရံနှင့် လက်ယာရံတို့ကို အေးစက်စွာ ကြည့်လိုက်သည်။
လက်ဝဲရံနှင့် လက်ယာရံတို့သည် သူ၏ ကြည့်ခြင်းကို ခံလိုက်ရပြီး သူတို့၏ နှလုံးသားများမှာ ထိတ်လန့်သွားသည်။ ခဏကြာသည့်အထိ သူတို့ ဘာမှမပြောနိုင်တော့ပေ။
ယန်ရှိူ့က ထပ်ပြောသည် : “ ထွက်သွားကြတော့! ”
သူ့စကားပြောလေသံမှာ မူလပိုင်ရှင်နှင့် အလွန်ဆင်တူသည်။ လက်ဝဲရံနှင့် လက်ယာရံတို့သည် မည်သည့်သံသယမှ မရှိဘဲ အလျင်စလို ထွက်ခွာသွားကြသည်။
ထွက်ခွာသွားပြီးနောက် သူတို့နှစ်ဦးသည် အချင်းချင်း ကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးများထဲတွင် တူညီသော အရာကို တွေ့ရှိလိုက်ရသည် — အဲဒီကောင်စုတ်ကလေးက သူတို့ တွေးထားသလိုမျိုး ဖြေရှင်းဖို့ မလွယ်လောက်ဘူး။
အခြားတစ်ဖက်တွင်မူ လက်ဝဲရံနှင့် လက်ယာရံတို့ ထွက်သွားပြီးနောက် ယန်ကျင်းဇီသည် ယန်ရှိူ့၏ မေးစေ့ကို နမ်းလိုက်သည် : “ အားရှို့၊ မင်း အရမ်းမိုက်တယ်! ”
လက်တစ်ဖက်တည်းနှင့် ကျောက်တုံးစားပွဲကို ချိုးဖျက်လိုက်သော ယန်ရှိူ့တစ်ယောက် အေးခဲသွားသည်။
ယန်ကျင်းဇီက ဆက်ပြေသည် : “ သွားရအောင်၊ ငါ မင်းအတွက် စားစရာလုပ်ပေးမယ်။ “
အစေခံများအားလုံးအား မောင်းထုတ်လိုက်ပြီး ယနေ့တွင် ဤအရိပ်သက်တော်စောင့်များ၏ စားစရာကို သူက ပြင်ဆင်မည်ဖြစ်သည်။
မူလပိုင်ရှင်သည် ယခင်က တစ်ခါမှ ဟင်းမချက်ခဲ့ဖူးပေ။ သို့သော် လျိုကျိချင်း စိတ်ကျေနပ်အောင် ပြုလုပ်ရန်အတွက် မူလပိုင်ရှင်သည် မီးဖိုချောင်မှ လျိုကျိချင်းအတွက် စားစရာချက်ပြုတ်သည်ကို စောင့်ကြည့်ဖူးသည်။ ယန်ကျင်းဇီ ခံစားရသည်… သူကိုယ်တိုင် စမ်းကြည့်နိုင်သည်။
ဘယ်လိုပဲဖြစ်ဖြစ် သူ လုပ်တာက ဒီအရိပ်သက်တော်စောင့တွေ လုပ်တဲ့ ဝက်စာထက်တော့ ပိုကောင်းမှာပဲ!
သူ ဟင်းချက်တာက ဒီအရိပ်သက်တော်စောင့်တွေ လုပ်တဲ့ ဝက်စာနဲ့ အတူတူပဲ
ဆိုရင်တောင်မှ ဒီလူတွေက သေချာပေါက် စားနိုင်လိမ့်မယ်!
ယန်ကျင်းဇီသည် ထိုသို့တွေးပြီး ယန်ရှိူ့၏ လည်ပင်းကို ထပ်နမ်းလိုက်သည်။
တစ်ခါတည်းနှင့် နှစ်ကြိမ်အနမ်းခံလိုက်ရသော ယန်ရှိူ့သည် ထပ်မံ၍ ကြက်သေသေသွားပြန်တော့သည်။
____