အပိုင်း ၂၀၄ ( Demon Sect Leader 6 )
Viewers 25k

အရိပ်သက်တော်စောင့်များတွင် စားစရာအတွက် မြင့်မားသော တောင်းဆိုချက်များ အမှန်တကယ် မရှိကြချေ။ ယန်ကျင်းဇီသည် ဟင်းချက်စွမ်းရည် မရှိသော်ငြား စားစရာ ချက်ပြုတ်ရာတွင် ပြဿနာမရှိပေ။ 


ယနေ့မှာ သူ ချက်ပြုတ်သည့် ပထမဆုံးအကြိမ် ဖြစ်သည်။ အမှားမလုပ်မိရန်အတွက် သူသည် ဆန်ပြုတ်ချက်သည်။ 


သူသည် သူ စားရန်အတွက် ပြင်ဆင်ထားသော ဆန်ဖြူကို အိုးကြီးနှစ်အိုးထဲသို့ ထည့်လိုက်သည်။ စားဖိုဆောင်က ကြက်တစ်ကောင်ကို သတ်ပြီး ခုတ်ကာ မီးအပူပြင်းပြင်းနှင့် ပြုတ်ထားသည်…


ရေခန်းတော့မည့်အချိန်တွင် ရေအချို့ကို ထည့်လိုက်ပြီး ဆန်က တဖြည်းဖြည်းနှင့် ဆန်ပြုတ်ဖြစ်လာကာ ထို့နောက် အသီးအရွက်တချို့ကိုပါ ပစ်ထည့်ပြီး ဆားခပ်ကာ စားနိုင်ပြီဖြစ်သည်။


ယန်ကျင်းဇီ အသုံးပြုသော ပါဝင်ပစ္စည်းများ အားလုံးမှာ ခေါင်းဆောင်ဖြစ်သော သူ့အတွက် သီးသန့်ဖြစ်ပြီး အရိပ်သက်တော်စောင့်များ ပုံမှန်စားနေကျ အစားအစာထက် များစွာသာလွန်ကောင်းမွန်သည်။ ထို့ကြောင့် ဆန်ပြုတ်က အလွန်မွှေးနေပြီး မောင်းထုတ်ခံလိုက်ရသော အစေခံများ မီးဖိုချောင်ထဲတွင် ယခင်အစောက ပြင်ဆင်ထားခဲ့သည့် စားစရာများလည်း ရှိသေးသည်...


လူတစ်စုသည် သက်တောင့်သက်သာရှိစွာ စားသောက်ခဲ့ကြပြီး ဝဝလင်လင် စားသောက်ခဲ့ကြရ၏။


ယန်ကျင်းဇီသည် ထိုအရိပ်သက်တော်စောင့်များက ကြက်အရိုးများ အားလုံးကိုပင် ဝါးစားခဲ့ကြောင်းကိုလည်း သတိပြုမိသည်... ဤသည်မှာ သူတို့တွင် ကောင်းမွန်သော သွားများ ရှိကာ အရိုးထွေးထုတ်ရမည်ကိုပင် သူတို့ မသိသောကြောင့် ဖြစ်သည်။


လုံလုံလောက်လောက် စားသောက်ပြီးနောက် ယန်ကျင်းဇီသည် အရိပ်သက်တော်စောင့်များကို လေ့ကျင့်ပေးသည့် နေရာသို့ သွားရန် အကြံပြုခဲ့သည်။


နတ်ဆိုးဂိုဏ်းသည် ငရဲတောင်တန်း၏ တောင်ခြေရင်းတွင် တည်ရှိသည်။ အဘယ့်ကြောင့်ဆိုသော် တောင်ခြေရင်းသည် တောင်ထိပ်ထက်စာလျှင် လူနေထိုင်ရန်အတွက် ပိုမိုသင့်တော်သည်။


သို့သော် နတ်ဆိုးဂိုဏ်း၏ ယခင်ခေါင်းဆောင်များက အရိပ်သက်တော်စောင့်များကို လေ့ကျင့်ပေးခဲ့သော နေရာမှာ တောင်ထိပ်တွင် တည်ရှိသည်။ 


ယန်ကျင်းဇီသည် “သူ့အတွင်းအား အားလုံးကို ဆုံးရှုံးသွားခဲ့သည်” ဖြစ်သောကြောင့် ယန်ရှိူ့က သူ့ကို သယ်ကာ တောင်ပေါ်သို့ ပြေးတက်ခဲ့ပြီး သူတို့နောက်တွင် အရိပ်သက်တော်စောင့်များက ရှည်လျားစွာ အတန်းလိုက်ရှိနေသည်။


ခဏကြာပြီးသော် သူတို့သည် တောင်ထိပ်သို့ ရောက်သွားသည်။ 


ငရဲတောင်တန်း၏ တောင်ထိပ်တွင် ကြီးမားသော သဘာဝကျောက်ဂူတစ်ဂူ ရှိသည်။ ၎င်းကို အများအားဖြင့် အရိပ်သက်တော်စောင့်များ၏ လေ့ကျင့်ရေးအတွက် နေရာအဖြစ် ဂိုဏ်းက အသုံးပြုလေ့ရှိသည်။ အထူးအခြေအနေတွင်မူ ၎င်းဟာ ဂိုဏ်း၏ ဆုတ်ခွာရန် နေရာတစ်ခုလည်း ဖြစ်လာလိမ့်မည်ပင်။


ထို့ကြောင့် မူလပိုင်ရှင်သည် ဤနေရာတွင် သူ့အရိပ်သက်တော်စောင့်များကို လာတွေ့သည့် အကြိမ်တိုင်း၌ သူ့စိတ်အခြေအနေမှာ သိပ်မကောင်းခဲ့ချေ။


ယန်ကျင်းဇီသည် ဤနေရာသို့ လာခဲ့ပြီး သူ့စိတ်အခြေအနေမှာလည်း မကောင်းပေ။ မူလပိုင်ရှင်က ဤနေရာကို ရွံရှာသော်လည်း ယန်ကျင်းဇီကမူ ဤနေရာရှိ လူများအတွက် စိတ်မကောင်းသာဖြစ်မိသည်။ 


အရိပ်သက်တော်စောင့်များကို လေ့ကျင့်ပေးရန် တာဝန်ယူထားသူမှာ ယခင်ခေါင်းဆောင်ဟောင်း ချန်ထားခဲ့သည့် အသက်ကြီးပြီဖြစ်သော အရိပ်သက်တော်စောင့်တစ်ဦး ဖြစ်သည်။


အရိပ်သက်တော်စောင့်များ အများစုသည် သူတို့၏သခင် သေဆုံးပြီးနောက် သူတို့ကိုယ်သူတို့ သတ်သေလေ့ရှိကြသော်ငြား အရိပ်သက်တော်စောင့်တချို့ကမူ သခင့်၏အမိန့်ကြောင့် အရိပ်သက်တော်စောင့် အသစ်များကို လေ့ကျင့်ပေးရန် တာဝန်ရထားသောကြောင့် သူတို့က မသေနိုင်ကြချေ။


သို့သော် သူတို့အတွက်မူ အသက်ရှင်နေခြင်းဟာ သူတို့ကို ပျော်ရွှင်အောင် မလုပ်ပေးနိုင်ဘဲ သူတို့ကို နာကျင်စေသည်။ 


“ သခင်လေး ” အသက်ကြီးသော အရိပ်သက်တော်စောင့်ဟောင်း ဆယ်ဦးသည် ယန်ကျင်းဇီရှေ့တွင် ဒူးထောက်ခဲ့ကြသည်။ သူတို့၏ မျက်လုံးများမှာ တူညီစွာပင် ထုံထိုင်းပြီး ဗလာဖြစ်နေကြကာ ထူထပ်သော မီးခိုးရောင်မြူလွှာအထပ်ဖြင့် ဖုံးအုပ်ထားခံရသကဲ့သို့ပင်။


သူတို့က ယန်ရှိူ့က နတ်ဆိုးဂိုဏ်းခေါင်းဆောင်၏ ဝတ်စုံနှင့် ယန်ကျင်းဇီ ပိုင်ဆိုင်သော မျက်နှာဖုံးကို ဝတ်ဆင်ထားသည့် အချက်အား သံသယမပြသသည့်အပြင် ယန်ကျင်းဇီ၏ ရှေ့တွင်သာ မှန်ကန်စွာ ဒူးထောက်ခဲ့ကြသည်။ 


“ ထတော့… ” ယန်ကျင်းဇီ ပြောလိုက်သည်။ စကားမစပ် သူသည် သူ၏ အရိပ်သက်တော်စောင့်များကို လှည့်စားရန် အသုံးပြုခဲ့သော စကားလုံးများကိုပင် ယူ၍ ဤလူများအား လှည့်စားရန် နောက်တစ်ကြိမ် သုံးခဲ့သည်။ 


ဤအရိပ်သက်တော်စောင့်များမှာလည်း ရိုးရိုးသားသား ပြောရမည်ဆိုလျှင် အလွန်တုံးအပြီး မိုက်မဲကြကာ ဤကဲ့သို့ဖြစ်ရန် တမင်တကာ ပျိုးထောင်ခံထားရခြင်း ဖြစ်သည်။ 


မဟုတ်ရင် သူတို့က ၁၀၀% သစ္စာရှိပါတယ်လို့ ဘယ်လိုလုပ် အာမခံနိုင်ပါ့မလဲ?


ထို့ကြောင့် သူ၏ အတွင်းအားက ကောင်းမွန်နေလျှင်တောင်မှ၊ အမှန်တကယ်၌ သူက ဤလူများကို လှည့်စားနေလျှင်တောင်မှ၊ ဤလူများက သံသယရှိမည်မဟုတ်ဘဲ ဘယ်သူကမှလည်း လာရောက်အတည်ပြုကြမည်ပင် မဟုတ်ချေ။


သူတို့အတွက်မူ သခင်ပြောသမျှက မှန်ကန်သည်။


သခင်က သူတို့ကို ခိုင်းစေသမျှကိုသာ သူတို့ လုပ်ကြလိမ့်မည်ပင်။


ယန်ကျင်းဇီသည် သူ့တွင် အတွင်းအား မရှိတော့ဘဲ ထပ်မံလေ့ကျင့်ရန် လိုသည်ဟု ပြောခဲ့သည်။ သူသည် အရိပ်သက်တော်စောင့်များ အားလုံးကို သူ့နောက်သို့ လိုက်ကာ သင်ယူခိုင်းခဲ့၏။ ထိုအရိပ်သက်တော်စောင့်ဟောင်းများ အားလုံးက သဘောတူကြသည်။


ဤအကြောင်းကြောင့် ယန်ကျင်းဇီသည် သူ၏ တတိယမြောက် အရိပ်သက်တော်စောင့်အုပ်စုကို တွေ့လိုက်ရသည်။


ဤအရိပ်သက်တော်စောင့်များ အားလုံးသည် ဆယ့်နှစ်နှစ် သို့မဟုတ် ဆယ့်သုံးနှစ်သာ ရှိကြသေးပြီး ယခုတွင် စုစုပေါင်း လူဦးရေငါးဆယ် ရှိသည် — အရိပ်သက်တော်စောင့်များသည် လေ့ကျင့်နေကြစဉ် သေဆုံးမှုနှုန်း မြင့်မားသော်ငြား အဓိကသေဆုံးကြသည်မှာ အသက်ဆယ်နှစ်မတိုင်မီသာ ဖြစ်သည်။


အသက်ဆယ်နှစ် သို့မဟုတ် ထို့ထက်ကျော်လာပါက သူတို့သည် အချို့သိုင်းပညာတို့ကို တတ်မြောက်ပြီးဖြစ်ကာ အလွယ်တကူ မသေကြတော့ချေ။


ဤအခိုက်အတန့်တွင် ဆယ့်နှစ်နှစ် သို့မဟုတ် ဆယ့်သုံးနှစ် ဤကောင်လေးများကို အရိပ်သက်တော်စောင့်ဟောင်းက လှောင်အိမ်ထဲမှ လွှတ်ပေးခဲ့ပြီး သူတို့က ယန်ကျင်းဇီရှေ့တွင် ဒူးထောက်ကာ ယန်ကျင်းဇီကို လေးစားကိုးကွယ်စွာဖြင့် ကြည့်နေကြသည်။


ယန်ကျင်းဇီသည် အသက်ပြင်းပြင်းရှူကာ သူတို့ကို သူတို့ နေထိုင်နေသော လှောင်အိမ်အား ဦးစွာဖျက်ဆီးခိုင်းပြီးနောက် ဤကျောက်ဂူကို ရှင်းလင်းခိုင်းခဲ့သည်။ 


အရိပ်သက်တော်စောင့်များ အားလုံးသည် ဘာမှန်းမသိဖြစ်သွားကြသော်ငြား သူတို့သည် အမိန့်နာခံကာ အလုပ်သွားလုပ်ကြသည်။ ဤထဲတွင် အရိပ်သက်တော်စောင့်ဟောင်း ဆယ်ဦးပင် ပါ၏ — မူလပိုင်ရှင်၏ဖခင် မသေဆုံးမီတွင် သူတို့သည် ယန်ကျင်းဇီကို သစ္စာရှိရန် ညွှန်ကြားခံခဲ့ရကာ သူတို့က ညွှန်ကြားခံခဲ့ရသည့်အတိုင်း လုပ်ကြမည်ဖြစ်သည်။


“ ရှင်းပြီးသွားတဲ့အခါကျရင် သစ်သားတချို့ သွားခုတ်လာခဲ့၊ ပြီးရင် ခုံတွေ၊ စားပွဲတွေနဲ့ ကုလားထိုင်တွေ လုပ်ရမယ်... “ ယန်ကျင်းဇီသည် သူတို့ကို တာဝန်များ ခွဲဝေပေးပြီးနောက် အနာဂတ်တွင် လူတိုင်းဟာ သူ သင်သည့်အတိုင်း စကားလုံးများကို ဖတ်ကာ အလွတ်ကျက်မှတ်ရမည်ဟု ပြောခဲ့သည်။


“ ဟုတ်ကဲ့ပါ သခင်။ ”


“ ငါ့ကို သခင်ကျင်းလို့ခေါ်။ ” ယန်ကျင်းဇီက ဆိုသည်။


“ သခင်ကျင်း! ” အရိပ်သက်တော်စောင့်များ၏ အသံမှာ ညီညာပြီး တည်ငြိမ်သည်။


အရိပ်သက်တော်စောင့်များတွင် လုပ်စရာများစွာ ရှိသည်။ ယန်ကျင်းဇီသည် သူ့အမိန့်များကို ပြောပြီးသောအခါ ဤနေရာရှိ လျှို့ဝှက်ခန်းတစ်ခန်းသို့ သွားခဲ့သည်။


နတ်ဆိုးဂိုဏ်း၏ ဆုတ်ခွာရန် နေရာ ဖြစ်သဖြင့် ဤနေရာတွင် ယခင်နတ်ဆိုးဂိုဏ်းခေါင်းဆောင်များ ထားခဲ့သည့် ရတနာများနှင့် ယခင်နတ်ဆိုးဂိုဏ်းခေါင်းဆောင်များ လုယူခဲ့သော လျှို့ဝှက်သိုင်းပညာ အမျိုးစုံလည်း ရှိသည်။ 


ထိုမျှသာမက အရိပ်သက်တော်စောင့်များကို လေ့ကျင့်ပေးရာတွင် သုံးသော ကျောက်ဂူတွင် တောင်အောက်သို့ဆင်းသည့် လျှို့ဝှက်လမ်းကြောင်းတစ်ခုပင် ရှိ၏။


ယန်ကျင်းဇီသည် ယန်ရှိူ့ကို မခေါ်ဘဲ လျှို့ဝှက်ခန်းထဲသို့ တစ်ဦးတည်း ဝင်လာခဲ့သည်။ ထို့နောက် သူသည် မရေမတွက်နိုင်သော ရွှေငွေရတနာများနှင့် သူ့အနားရှိ စာအုပ်စင်တွင် အမျိုးမျိုးသော လျှို့ဝှက်စာအုပ်များ ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။


စိတ်မကောင်းစရာမှာ ရတနာများ ဖြစ်စေ၊ သိုင်းစာအုပ်များ ဖြစ်စေ၊ ၎င်းတို့အားလုံးမှာ သွေးစွန်းနေသည်။


ယန်ကျင်းဇီသည် လျှို့ဝှက်ခန်းတံခါးကို ပိတ်ကာ ကိုယ်ဖော့သိုင်းကို အရင်ဆုံး ကြိုးစားသုံးကြည့်သည်။


ယခင်က သူသည် သူ့တွင် အတွင်းအားမရှိတော့ဟု ပြောခဲ့ပြီး လူတိုင်းက ယုံခဲ့ကြသည်။ တကယ်တော့ ၎င်းတွင် နောက်ထပ်အကြောင်းအရင်းလည်း ရှိသည်။ ယင်းကား သူသည် အတွင်းအားအသုံးပြုခြင်းကို ကျင့်သားမရခြင်းပင်။


သိုင်းပညာရှင်တစ်ဦးသည် ပုံမှန်အားဖြင့် လမ်းလျှောက်နေစဉ်ပင် အတွင်းအားကို အသုံးပြုတတ်ကြသည်။ သို့သော် သူ ကူးပြောင်းလာပြီးနောက် သူ အလွန်စိတ်လှုပ်ရှားပြီး ခုတင်ကို ဖျက်ဆီးခဲ့သည့် အချိန်မှလွဲ၍ သူသည် သူ့အတွင်းအားကို တစ်ခါမှ အသုံးမပြုခဲ့ပေ။


သူက အတွင်းအားကို အသုံးမပြုနိုင်ခြင်းမဟုတ်ဘဲ သူက အတွင်းအားကို အသုံးပြုခြင်းနှင့် မရင်းနှီးခြင်းသာ ဖြစ်သည်။


ယန်ကျင်းဇီသည် ကိုယ်ဖော့သိုင်းကို သုံးပြီး လျှို့ဝှက်လမ်းကြောင်းကို စစ်ဆေးခဲ့သည်။ 


ဤလျှို့ဝှက်လမ်းကြောင်းမှာ နှစ်ပေါင်းများစွာ အသုံးပြုမခံခဲ့ရဘဲ အထဲရှိ လေက ညစ်ပတ်နေကာ ထွက်ပေါက်တွင် ရေကြီးနေသော်လည်း ရှင်းလင်းပြီးနောက် ၎င်းကို အသုံးပြုနိုင်ဆဲဖြစ်သည်။


ထို့အပြင် သူ့တွင် မူလပိုင်ရှင်၏ မှတ်ဉာဏ် ရှိပြီး သူသည် သူ၏ သိုင်းပညာစွမ်းရည်ကို အလွန်ချောမွေ့စွာ အသုံးပြုခဲ့သည်။ သူ၏ အတွင်းအားထိန်းချုပ်မှုသည် မူလပိုင်ရှင်၏ အတွင်းအားထိန်းချုပ်မှုထက်ပင် ပိုမိုသန်မာသည်ဟု သူ ခံစားရသည်။


လျှို့ဝှက်လမ်းကြောင်းကို စစ်ဆေးပြီးနောက် ယန်ကျင်းဇီသည် မူလပိုင်ရှင် လေ့ကျင့်သော ငရဲဘုံအံ့ဖွယ်လျှို့ဝှက်သိုင်းကျမ်းစာအုပ်ကို ထုတ်ယူကာ ၎င်းကို လေ့ကျင့်ရန် စီစဉ်သည်။ 


မူလပိုင်ရှင်၏ ခွန်အားမှာ အလွန်ဆိုးရွားနေဆဲဖြစ်ပြီး သူသည် ကျင့်ကြံရန် အလုပ်ကြိုးစားဖို့လို၏။


ဤနည်းစနစ်အစုံမှာ အလွန်အစွမ်းထက်သော်ငြား ချီဖောက်ပြန်ရန် လွယ်ကူသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းကို လေ့ကျင့်ရသော နည်းလမ်းမှာ အလွန်ရှုပ်ထွေးသောကြောင့်ပင်။

အဆင့်တစ်ဆင့် တိုးမြှင့်သည့် အကြိမ်တိုင်းတွင် အတွင်းအားကို လှည့်ပတ်ရသည့် နည်းလမ်းက အနည်းငယ် ပိုမိုရှုပ်ထွေးသွားလေ ဖြစ်၏။ 

အတွင်းအားကို ထိန်းချုပ်၍ ခန္ဓာကိုယ်အတွင်းတွင် လှည့်ပတ်ရသည်မှာ ပင်ပန်းစရာကောင်းပြီး လေ့ကျင့်ခန်းကို မရေမတွက်နိုင်အောင် လှည့်ပတ်ရသည်အား မဆိုနှင့်၊ အနည်းငယ်သော ကွဲပြားမှုကပင် ပြဿနာများ ဖြစ်ပွားစေနိုင်သည်… မူလပိုင်ရှင်က အဆင့်လေးအထိသာ လေ့ကျင့်နိုင်ခဲ့သည်မှာ အံ့သြစရာမကောင်းချေ။


ယန်ကျင်းဇီသည် ငရဲဘုံအံ့ဖွယ်သိုင်းကျမ်းကို အစပိုင်းမှ စတင်ကြည့်ရှုခဲ့ပြီး ဖတ်ရှုနေစဉ် သူသည် တစ်ချိန်တည်းတွင် သူ၏ အတွင်းအားကို လှည့်ပတ်သည်။


ပထမလှည့်ပတ်မှုကို လုပ်ပြီးနောက် ဒုတိယလှည့်ပတ်မှုကို ပြုလုပ်သည်။ ထို့နောက်တတိယမြောက်၊ ထို့နောက် စတုတ္ထမြောက်…


ယန်ကျင်းဇီသည် အဆင့်လေးတွင် ရှိနေသောကြောင့် သူ့ခန္ဓာကိုယ်ထဲရှိ အတွင်းအားကို နောက်ထပ်အကြိမ်အနည်းငယ် လှည့်ပတ်ရသည်။ ထို့နောက် အဆင့်ငါးအထိ ဆက်လက်မြှင့်တင်နိုင်ခဲ့ပြီး ရလဒ်ဟာ ချောမွေ့နေခဲ့သည်။


သူသည် အတွင်းအားကို သူ့ခန္ဓာကိုယ်ထဲတွင် အကြိမ်များစွာ လှည့်ပတ်စေခဲ့ပြီး အဆင့်ခြောက်ကို စမ်းကြည့်သည်။ ၎င်းမှာ ပြဿနာမရှိဘဲ ထို့နောက်တွင် အဆင့်ခုနစ်နှင့် အဆင့်ရှစ်တို့ကိုလည်း စမ်းကြည့်ခဲ့၏။


သူ့အတွင်းအားက ဆက်လက်ကြီးထွားနေပြီး ယန်ကျင်းဇီသည် သိုင်းပညာလေ့ကျင့်သော လူများဟာ သူတို့၏ အတွင်းအားကို လုံလုံလောက်လောက် ထိန်းချုပ်နိုင်သရွေ့ နောက်တစ်ဆင့်ကို တစ်ခါတည်း ဆက်လက်လေ့ကျင့်နိုင်ကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။ 


သို့သော် နောက်တစ်ဆင့်ကို ရောက်လေလေ၊ လေ့ကျင့်ခန်းတစ်ခုစီကြောင့် တိုးမြှင့်ရမည့် အတွင်းအားက ပိုများလာလေလေ ဖြစ်ကာ ဆက်လက်လေ့ကျင့်ရန်အတွက် အတွင်းအားကို သန်မာစွာ ထိန်းချုပ်နိုင်ရမည်ဖြစ်သည်။ လုံလုံလောက်လောက် မသန်မာသူများသည် သဘာဝကျစွာပင် ၎င်းကို အပျော်တမ်း စမ်းမကြည့်ရဲကြချေ။


သို့ရာတွင် သူက လုပ်နိုင်သည်။ 


ယန်ကျင်းဇီသည် တိုက်ရိုက်ပင် နောက်သို့လှန်ကာ စာအုပ်၏ ကိုးခုမြောက်အပိုင်းကို ကြည့်လိုက်သည်။


ထိုနေရာတွင် ဘာမှမရှိချေ။


ငရဲဘုံအံ့ဖွယ်သိုင်းကျမ်းတွင် အဆင့်ကိုးဆင့် ရှိသည်ဟု ဆိုကြသော်လည်း တကယ်တော့ ၎င်းတွင် အဆင့်ရှစ်ဆင့်သာ ရှိသည်။


ဒါပေါ့၊ အခု အဆင့်ရှစ်ဆင့်တည်းနဲ့တင် လုံလောက်တယ်!


ယန်ကျင်းဇီသည် သူ့အတွင်းအားကို လှည့်ပတ်လိုကိသည့် အကြိမ်တိုင်းတွင် သူ့အတွင်းအားက အနည်းငယ် တိုးမြင့်လာသည်ဟု ခံစားရသည်။ ဤသို့သာ ဆက်သွားနေလျှင် သူက သူ့မျိုးဆက်၏ ကြီးမြတ်သော သိုင်းပညာရှင်တစ်ဦး ဖြစ်လာမည်မှာ အချိန်မကြာလောက်တော့ချေ။


သူက သိုင်းပညာ ဉာဏ်ကြီးရှင်ပဲ!


ယန်ကျင်းဇီ၏ နှလုံးသားထဲတွင် ဂုဏ်ယူဝင့်ကြွားမှုများ ပြည့်နှက်နေသည်။ သူသည် အရိပ်သက်တော်စောင့်များအတွက် ပိုမိုကောင်းမွန်သော သိုင်းပညာအနည်းငယ်ကို ရွေးချယ်နိုင်ရန် မျှော်လင့်လျက် သူ့အနားရှိ ဖြတ်လမ်းစာအုပ်များကို သိမ်းထားသော နေရာသို့ သွားခဲ့သည်။ 


ယခုလက်ရှိ ဤအရိပ်သက်တော်စောင့်များ လေ့ကျင့်သော နည်းစနစ်များမှာ လျင်မြန်ပြီး လွယ်ကူသော်ငြား ၎င်းတို့က ခန္ဓာကိုယ်ကိုလည်း ထိခိုက်စေသည်။ 


ယန်ကျင်းဇီသည် စာအုပ်တစ်အုပ်ကို ထုတ်ယူပြီး စတင်ဖတ်ရှုကြည့်သည်။ စာရွက်အနည်းငယ် ဖတ်ရှုပြီးနောက် သူသည် တစ်ခုခုမှားနေမှန်း ရုတ်တရက် သဘောပေါက်သွားခဲ့သည်။


ယခုတင် “ငရဲဘုံအံ့ဖွယ်သိုင်းကျမ်း” ကို သူ ဖတ်ခဲ့စဉ် သူက လျှို့ဝှက်သိုင်းစာအုပ်ကို တစ်အုပ်လုံး အလွတ်မှတ်မိနေကြောင်း သူ ရှာဖွေတွေ့ ရှိခဲ့၏။ သို့သော် သူသည် ထိုအချိန်တွင် ၎င်းနှင့်ပတ်သက်၍ သိပ်မစဉ်းစားခဲ့ပေ။ အဆုံး၌မူ သူသည် မူလပိုင်ရှင်က စာအုပ်ကို အကြိမ်အရေအတွက် မမှတ်မိသည့်အထိ ဖတ်ခဲ့သဖြင့် ၎င်းကို ရင်းနှီးနေသလားဟုပင် မသိပေ။


သို့သော် ယခုမူကား သူ့လက်ထဲရှိ လျှို့ဝှက်စာအုပ်ကို မူလပိုင်ရှင်က မဖတ်ဖူးခဲ့ဘဲ သူသည် ၎င်းကို တစ်ကြိမ်တည်း ဖတ်ခဲ့ပြီး ၎င်း၏အားလုံးကို အလွတ်ရသွားသည်။


သူ… မမေ့ဘူးလား?


သူက တကယ်ကြီး ဉာဏ်ကြီးရှင်တစ်ယောက်ပဲ!


ယန်ကျင်းဇီသည် လျှို့ဝှက်သိုင်းအားလုံးကို ဖတ်ကြည့်ရန် စိတ်ဆန္ဒရှိသော်လည်း အဆုံး၌မူ သူသည် ၎င်းကို ငြင်းဆန်လိုက်ရဆဲဖြစ်သည် — သူ ဟင်းသွားချက်သင့်ပြီ။


အရိပ်သက်တော်စောင့် အကြီးရော၊ အငယ်ရော၊ စုစုပေါင်း အယောက်ကိုးဆယ်ကျော်လောက် ရှိတယ်၊ သူတို့က အစားစားဖို့ စောင့်နေကြတယ်!


အရိပ်သက်တော်စောင့်များကို စာဖတ်နည်း မသင်ပေးမီ သူသည် သူတို့ကို ဟင်းချက်နည်း အရင်သင်ရမည်ထင်သည်။ မဟုတ်လျှင်… သူ့အချိန်မှာ လူအများအတွက် ဟင်းချက်နေရုံနှင့်တင် ကုန်သွားနိုင်သည်။


ယန်ကျင်းဇီသည် လျှို့ဝှက်ခန်းထဲမှ ထွက်လာခဲ့ပြီး အရိပ်သက်တော်စောင့်များကို လေ့ကျင့်ပေးရန် သုံးခဲ့သည့် မူလနေရာကို သန့်ရှင်းရေးလုပ်ပြီးဖြစ်ကြောင်း တွေ့လိုက်ရသည်။


ပါဝင်ပစ္စည်းများ ပြတ်လပ်မှုမရှိဘဲ ဤနေရာတွင် အိုးခွက်များလည်း ရှိသည်။ သို့သော် ဂူက မှောင်မိုက်ကာ စိုစွတ်နေပြီး အရိပ်သက်တော်စောင့်ဟောင်းများက နေ့စဉ်နေ့တိုင်း တောင်အောက်သို့ဆင်းကာ ပါဝင်ပစ္စည်းများကို သွားမယူကြပေ။ သိမ်းထားသော ဆန်က မှိုတက်နေသည့်အပြင် အသားကလည်း မလတ်ဆတ်ချေ...


“ မင်းတို့အားလုံး ငါနဲ့အတူ တောင်အောက်ကို လိုက်ခဲ့ကြတော့။ ” ယန်ကျင်းဇီသည် လူသုံးဆယ်ကျော်ကို တောင်ပေါ်သို့ ခေါ်လာခဲ့ပြီး လူကိုးဆယ်ကျော်ကို တောင်အောက်သို့ ခေါ်လာခဲ့သည်။ သူ့ခြံဝန်းသို့ ရောက်ပြီးနောက် သူသည် အိုးကြီးများကို ထုတ်ကာ ဤအရိပ်သက်တော်စောင့်များကို ချက်ပြုတ်စားရန် ညွှန်ကြားခဲ့သည်။ 


ဤတစ်ကြိမ်တွင် သူသည် ဆန်ပြုတ်ကိုသာ ထပ်ချက်ခဲ့ပြီး ဆန်ပြုတ်ထဲတွင် ဟင်းသီးဟင်းရွက်များနှင့် ကြက်ဥများ ပါဝင်သည်။ သို့သော်လည်း ၎င်းတို့အပြင် သူသည် ကြီးမားသော အမဲသားအပိုင်း တစ်ပိုင်းကိုလည်း ချက်ပြုတ်ခဲ့သည်။ 


ဤအရိပ်သက်တော်စောင့်များသည် ဆန်ပြုတ်သောက်နေစဉ် ရိုးရိုးရေနှင့် ချက်ပြုတ်ထားသော အမဲသားကို ယူကာ ပဲငံပြာရည်ထဲတွင် နှစ်၍ စားကြသည်။ သူတို့အားလုံးသည် စိတ်တိုင်းကျ စားသောက်ခဲ့ကြ၏။


ယန်ကျင်းဇီသည် စားသောက်ပြီးနောက် သူတို့၏ အကြည့်များမှာ သူ့ကို တွေ့သောအခါ ပိုမိုရူးသွပ်သွားကြသည်ကိုလည်း သတိပြုမိသည်။


ယခင်ခေါင်းဆောင်ဟောင်းများသည် အရိပ်သက်တော်စောင့်များကို အရသာရှိသော တစ်စုံတစ်ရာကို ရံဖန်ရံခါ ပေးရုံဖြင့် သခင်အဖြစ် အသိအမှတ်ပြုစေခဲ့သည်။ ယခု သူ ဤသို့ပြုလုပ်သည်က ဤလူများကို ပိုမိုသစ္စာရှိအောင် ပြုလုပ်နေကြောင်းမှာ သံသယဖြစ်ဖွယ်မရှိချေ။


သို့ရာတွင် သူသည် ဤလူများကို ပို၍ပုံမှန်ဖြစ်လာစေချင်သည့်အပြင် ဤလူများ၏ သစ္စာရှိမှုကိုလည်း လိုချင်သည်။ ထို့ကြောင့် ၎င်းက ကောင်းမွန်၏။


ယန်ကျင်းဇီသည် သူတို့ထဲမှ တချို့ကို အောက်ဆင်းခိုင်းပြီး နတ်ဆိုးဂိုဏ်းမှ သူ့အတွက် လတ်လတ်ဆတ်ဆတ် အစားအစာများကို နေ့စဉ် ပို့စေခဲ့သည်။ အရိပ်သက်တော်စောင့်များကို မီးဖိုချောင်အပြင်သို့ သွားခိုင်းပြီး အခြားသူများ မည်သို့ချက်ပြုတ်သည်ကိုလည်း ကြည့်ရှုခိုင်း၏။ ထို့နောက် သူသည် အိပ်ရာသို့ စောစီးစွာ ဝင်သွားသည်။


အမှန်တကယ်တော့ သူသည် မအိပ်ဘဲ လေ့ကျင့်နေခြင်း ဖြစ်သည်။ 


ဤကမ္ဘာတွင် ခွန်အားက လေးစားခံရသည်။ အကယ်၍ သူသာ လောကနံပါတ်တစ် သိုင်းပညာရှင်အဖြစ် လေ့ကျင့်နိုင်လျှင် သူသည် အခြားမည်သူကိုမှ ကြောက်စရာမလိုတော့ဘဲ အနာဂတ်တွင် သိုင်းလောကတခွင် အနှံ့လျှောက်သွားနိုင်မည်

ဖြစ်သည်။ 


ဤအချိန်တွင် ၎င်းမှာ သူ့အတွက် မလွယ်ကူသော်ငြား အထူးခက်ခဲနေသည်တော့ မဟုတ်ချေ။ လိုအပ်နေသည်မှာ အချိန်သာ ဖြစ်သည်။


ဘာလို့လဲဆိုတော့ သူက သိုင်းပညာ ဉာဏ်ကြီးရှင်လေ!


____