အပိုင်း ၂၀၅ ( Demon Sect Leader 7 )
Viewers 25k

ယန်ကျင်းဇီသည် အလွန်တက်ကြွပြီး အရိပ်သက်တော်စောင့်များကလည်း အလွန်အမိန့်နာခံကြသောကြောင့် အရိပ်သက်တော်စောင့်များကို သင်ကြားပေးသည့် အလုပ်မှာ ချောချောမွေ့မွေ့ ခရီးဆက်နေသည်။ 


မဟုတ်ဘူး၊ ချောချောမွေ့မွေ့ ဖြစ်နေတယ်လို့တော့ သူ မပြောနိုင်ပေ။


ဤအရိပ်သက်တော်စောင့်များသည် အတန်းတက်ရာတွင် အလွန်လေးနက်ကြသော်ငြား ယခင်က သူတို့ဟာ သူတို့၏ ဦးနှောက်ကို အသုံးမပြုရန် တမင်တကာ လေ့ကျင့်ပေးခံခဲ့ရသောကြောင့် အချိန်ကြာလာသောအခါ သူတို့ကလည်း သူတို့၏ ဦးနှောက်များကို အသုံးမပြုကြတော့ချေ။ သင်ယူခြင်းမှာ အလွန်နှေးကွေးပြီး သူတို့အများစုဟာ နတ်ဆိုးဂိုဏ်းပြင်ပရှိ လောကအကြောင်းကိုပင် ဘာမှမသိကြပေ။


အဘယ်ကြောင့်ဆိုသော် သူတို့ လုပ်ဆောင်ရန် လိုအပ်သည့် တစ်ခုတည်းသော အရာမှာ သခင့်ကို ကာကွယ်ရန်ဖြစ်သည်။


ယန်ကျင်းဇီသည် သူတို့ကို စာဖတ်နည်း သင်ကြားပေးရန် ပညာပေးစာအုပ်များကို ဦးစွာရှာဖွေခဲ့သော်လည်း သူတို့က မှတ်မိရန် နှေးကွေးပြီး နားလည်ရန် ခက်ခဲကာ အချိန်ကြာသည်ကို တွေ့ရှိခဲ့ရသည်။ ထိုကြောင့် သူသည် သူတို့ကို စာဖတ်နည်း မသင်ပေးရန် ဆုံးဖြတ်ခဲ့ပြီး သူတို့ကို ပုံပြင်များသာ စတင်ပြောပြခဲ့သည်။


သူ့တွင် မူလပိုင်ရှင်၏ မှတ်ဉာဏ်သာ ရှိသောကြောင့် သူသည် သူတို့ကို မူလပိုင်ရှင်၏ မှတ်ဉာဏ်ထဲရှိ အကြောင်းအရာမျိုးစုံတို့အား ဦးစွာပြောပြခဲ့၏။


သိုင်းလောကထဲရှိ အမျိုးစုံသော နာကြည်းချက်များနှင့် အမုန်းတရားများ၊ နတ်ဆိုးဂိုဏ်းသားများ၏ မူလဇာစ်မြစ်များ… သူတို့က ၎င်းတို့ကို နားလည်နိုင်သည်ဖြစ်စေ၊ နားမလည်နိုင်သည်ဖြစ်စေ၊ အလေးမထားဘဲ သူသည် သူတို့ကို အားလုံးပြောပြခဲ့သည်။ စကားပြောနေစဉ် သူသည် သူ၏ ကိုယ်ပိုင်အကြံဉာဏ်အချို့ကိုလည်း ပေါင်းထည့်ခဲ့၏။


ဥပမာ လူများကို ဆန္ဒအလျောက် သတ်ဖြတ်ခြင်းမှာ မသင့်တော်ကြောင်း။


မနက်တိုင်းတွင် သူသည် အရိပ်သက်တော်စောင့်များကို ပုံပြင်များ ပြောပြမည်ဖြစ်ပြီး နေ့လယ်ခင်းတွင် သူသည် အခြားကိစ္စများကို ပြောင်းလုပ်သည်။ 


သူသည် အရိပ်သက်တော်စောင့်များအတွက် လုပ်ဆောင်စရာ တာဝန်ငယ်အချို့ကိုလည်း စီစဉ်ပေးမည်ဖြစ်သည်။


ဥပမာ သူတို့ကို ငွေယူသွားခိုင်းပြီး စားစရာတစ်ခုခုကို ဝယ်ယူခိုင်းခြင်း သို့မဟုတ် စိတ်ဝင်စားဖွယ် အသေးစားကိရိယာအချို့ကို ဝယ်ယူခိုင်းခြင်း။


ဥပမာအားဖြင့် သူတို့ကို တောင်အောက်ခြေရှိ ယာတောအိမ်သို့ တိတ်တဆိတ် သွားစေကာ ထိုလူများ မည်သို့နေထိုင်သည်ကို လေ့လာကြည့်ရှုခိုင်းပြီးနောက် ပြန်လာကာ သူ့ကို ပြောပြစေသည်။


အတိုပြောရသော် ဤအရိပ်သက်တော်စောင့်များအတွက် လူအများနှင့် ဆက်သွယ်ပြီး သေသေချာချာ လေ့လာကြည့်ရှုရန်မှာ မရှိမဖြစ် လိုအပ်သည်။ 


နတ်ဆိုးဂိုဏ်းအနီးအနားတွင် သာမန်လူများ အများအပြား နေထိုင်ကြသည်။ နတ်ဆိုးဂိုဏ်းသားများ သို့မဟုတ် သူတို့၏ ဆွေမျိုးများလည်း ရှိသည်။


ခေါင်းဆောင်၏ အရိပ်သက်တော်စောင့်များက ပစ္စည်းမျိုးစုံ အားလုံးကို ဝယ်ယူရန် ရုတ်တရက် ထွက်လာကြသည်။ သဘာဝကျစွာပင် သူသည် ၎င်းကို တခြားသူများ မသိအောင် မဖုံးကွယ်ထားနိုင်ဘဲ လူအချို့က သတင်းစုံစမ်းရန် “ခေါင်းဆောင်” ကို လာတွေ့သည်အား မရှောင်လွှဲနိုင်ချေ။


ဒီအချိန်မှာ ယန်ကျင်းဇီ သရုပ်ဆောင်တဲ့ “သခင်ကျင်း” က စင်ပေါ်ရောက်လာတယ်!


ယန်ကျင်းဇီသည် ဤအရာအားလုံးမှာ သူက အရိပ်သက်တော်စောင့်များကို လုပ်ခိုင်းထားခြင်းဖြစ်ကြောင်း ယုံကြည်မှုအပြည့်ဖြင့် ပြောခဲ့သည်။


နတ်ဆိုးဂိုဏ်းခေါင်းဆောင်ရဲ့ အချစ်ဆုံးအနေနဲ့ သူက အရိပ်သက်တော်စောင့်တွေကို အသေးစားပစ္စည်းတချို့ ဝယ်ဖို့ လက်တိုလက်တောင်း ခိုင်းတယ်၊ အဲဒါ ဘာမှားလို့လဲ?


နတ်ဆိုးဂိုဏ်းသားများ : “ … ” ဂိုဏ်းခေါင်းဆောင်က ဒီသခင်ကျင်းကို တကယ်ပဲ အရမ်းအလိုလိုက်လွန်းတယ်! 


သူတို့သည် အရိပ်သက်တော်စောင့်များက ဂိုဏ်းခေါင်းဆောင်အတွက် သခင်ကျင်းကို ပြန်ပေးဆွဲလာခဲ့သည်ဟု သတင်းကြားထားသည်။ သူက အရိပ်သက်တော်စောင့်တွေကို မုန်းလို့ ဘာမှမသိတဲ့ အရိပ်သက်တော်စောင့်တွေကို ဒုက္ခပေးဖို့ နည်းလမ်းတွေကို အမြဲစဉ်းစားနေတာလား?


မျက်စိတမှိတ်အတွင်း တစ်လကုန်ဆုံးသွားခဲ့သည်။


ဤလတွင် ယန်ကျင်းဇီသည် အလွန်အလုပ်များနေခဲ့သည်။


မနက်ပိုင်းတွင် သူသည် ဘာမှနားမလည်သော “ကလေးများ” အုပ်စုကို ပုံပြင်များ ပြောပြသည်။ နေ့လယ်ခင်းတွင် သူတို့ကို တာဝန်များ သတ်မှတ်ပေးပြီးနောက် သူသည် ဖြတ်လမ်းသိုင်းစာအုပ်များကို စတင်ဖတ်ရှုသည်။ ညနေခင်းတွင် သူသည် သိုင်းပညာလေ့ကျင့်သည်။ 


သို့သော် အလုပ်များနေလျှင်တောင်မှ ယန်ကျင်းဇီသည် စိတ်အခြေအနေကောင်းနေဆဲဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုအရိပ်သက်တော်စောင့်များ၏ တိုးတက်မှုမှာ အမှန်တကယ် အလွန်ကောင်းမွန်သောကြောင့် ဖြစ်သည်။


စစခြင်းတွင် သူတို့ ယန်ကျင်းဇီအတွက် ပြန်ဝယ်လာသော ပစ္စည်းများမှာ မကြာခဏ မှားယွင်းသော ပစ္စည်းများ ဖြစ်လာသည် သို့မဟုတ် သူတို့က ရိုးရှင်းစွာ လက်ဗလာဖြင့် ပြန်ရောက်လာကြသည်။ ထို့အပြင် သူတို့ တောင်အောက်ဆင်းချိန်တွင် သူတို့ ပြုလုပ်ခဲ့သည်များကို မည်သို့ရှင်းပြရမည်အား သူတို့ မသိကြသေးချေ။ သို့သော် တစ်လကြာပြီးနောက်… သူတို့က မှန်ကန်သော ပစ္စည်းများကို ဝယ်ယူနိုင်လာကာ ပိုမိုသေသပ်စွာ ပြောဆိုလာနိုင်သည်။


ထိုနေ့လယ်ခင်းတွင် ယန်ကျင်းဇီသည် ယန်ရှိူ့၏ ရင်ခွင်ထဲတွင် ထပ်မှီနေပြန်ကာ ဖြတ်လမ်းစာအုပ်များကို ဖတ်ရှုနေသည်။


နတ်ဆိုးဂိုဏ်း၏ လက်ယာရံကြောင့် နတ်ဆိုးဂိုဏ်းခေါင်းဆောင်သည် အလုပ်သိပ်လုပ်စရာ မရှိသော်ငြား ကိစ္စများစွာ ရှိနေဆဲဖြစ်သည်။ အနည်းဆုံးတော့ နှစ်ရက် သို့မဟုတ် သုံးရက်တိုင်းတွင် သူသည် ဂိုဏ်းသားများနှင့် တွေ့ဆုံရပြီး ရံဖန်ရံခါ၌ သူ ဖြေရှင်းရန်လိုသည့် မမျှော်လင့်ထားသော အခြေအနေများ ရှိတတ်သည်။


ထို့ကြောင့် အခြားသော အရိပ်သက်တော်စောင့်များသည် တောင်အောက်ဆင်းနိုင်သော်ငြား ယန်ရှိူ့က မလုပ်နိုင်ချေ။


သို့ရာတွင် ယန်ကျင်းဇီသည် သူ့ကို စကားများများ ပိုပြောပြသည်။ အရိပ်သက်တော်စောင့်များက တာဝန်ကို ရှင်းပြရန် ပြန်ရောက်လာကြသောအခါ သူကလည်း သူနှင့်အတူ လိုက်နားထောင်သည်။ ထို့ကြောင့် သူသည်လည်း အခြားအရိပ်သက်တော်စောင့်များကဲ့သို့ပင် စတင်၍ ကိုယ်ကျင့်စရိုက် အနည်းငယ် ရှိလာသည်။  


ဖြတ်လမ်းစာအုပ်များမှာ မရှည်ကြချေ။ ယန်ကျင်းဇီသည် လျင်မြန်စွာဖြင့် တစ်အုပ်ကို ဖတ်ပြီးခဲ့သည်။ ဤသည်ကို တွေ့ရသော် ယန်ရှိူ့သည် နောက်တစ်အုပ်ကို ချက်ချင်း ကမ်းပေးကာ ယန်ကျင်းဇီကို စိတ်သောကရောက်စွာ ကြည့်ရှုနေသည်။


သူသည် ဤအားလုံးမှာ သိုင်းပညာဖြတ်လမ်းကျမ်းများ ဖြစ်မှန်း သိထားပြီး သူ့သခင်က ယခုတလော နေ့စဉ်နေ့တိုင်း ဖြတ်လမ်းကျမ်း အများအပြားကို ဖတ်ရှုခဲ့သည်။ သူ့အတွင်းအားကို ဆုံးရှုံးပြီးနောက် သူက ထပ်မံလေ့ကျင့်ချင်နေသည်သာ ဖြစ်ရမည်။


သို့သော် သခင်က မလေ့ကျင့်ရသေးချေ... တစ်ခုခု မှားနေတာလား?


ဒါတွေအကုန်လုံး လျိုကျိချင်းရဲ့ အပြစ်ပဲ၊ သူ့ကြောင့်သာ မဟုတ်ရင် သခင်က ဘယ်လိုလုပ် သူ့အတွင်းအားကို ဆုံးရှုံးနိုင်မှာလဲ?


ဒေါသလှိုင်းတစ်လှိုင်းက ယန်ရှိူ့၏ နှလုံးသားထဲတွင် မြင့်တက်လာသည်။


ဟုတ်သည်၊ ဒေါသ။


ယခုအခါ သူသည် လူများတွင် ခံစားချက်များ ရှိသည်ကို သိထားသည်။ လူအားလုံးထဲတွင် သူ အမုန်းဆုံးမှာ လျိုကျိချင်း ဖြစ်သည်။


သခင်က သူ့အပေါ် အရမ်းကြင်နာပေမယ့် သူက တခြားတစ်ယောက်နဲ့ ထွက်ပြေးသွားတယ်!


သူသည် ဤလူကို အထူးတလည် သတ်ပစ်ချင်သည်။ သို့သော် သခင်က သူ့ကို သဘောကျရာ သူ သေချာပေါက် မသတ်နိုင်ပေ…


တစ်နေ့နေ့တွင် သခင်က သူ့ကို နောက်တစ်ကြိမ် ပြန်ခေါ်လာလောက်သည်။ 


ယန်ရှိူ့ ခဏတာ အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။ ဤအချိန်တွင် အရိပ်သက်တော်စောင့်တစ်ဦး ပြန်ရောက်လာသည်။


အမည်းရောင်ဝတ်စုံ ဝတ်ကာ မျက်နှာဖုံးတပ်ထားသော အရိပ်ဆယ့်နှစ်က နံရံကို ကျော်တက်၍ ဝင်လာပြီး သူ၏ မျက်နှာဖုံးအဝတ်စကို ချွတ်ကာ ယန်ကျင်းဇီရှေ့တွင် ဒူးတစ်ဖက် ထောက်လျက် ဆံထိုးတစ်ချောင်းကို ထုတ်ယူလာသည် : “ သခင်ကျင်း၊ ကျွန်တော့်မှာ ဆံထိုးတစ်ချောင်း ရှိပါတယ်။ ” 


အရိပ်သက်တော်စောင့်များ အားလုံးဟာ တစ်ပုံစံတည်းဖြစ်သည်။ သူတို့ မျက်နှာဖုံးတပ်ထားလျှင် ယန်ကျင်းဇီအတွက် မည်သူက မည်သူဖြစ်မှန်း ပြောရန် ခက်ခဲပြီး ဤသည်က သူတို့အတွက် မတရားပေ။ သူသည် သူတို့ကို သူ့ခြံဝန်းထဲ ရောက်နေစဉ်တွင် သူတို့၏ မျက်နှာဖုံးအဝတ်များ ချွတ်ထားရန် မှာထားသည်။


ဒူးထောက်ခြင်းအတွက်မူ... ယန်ကျင်းဇီသည် သူတို့ ဒူးမထောက်မည်ကို မျှော်လင့်သော်ငြား ဤသည်က ဤအရိပ်သက်တော်စောင့်များကို အလွန်အဆင်မပြေဖြစ်စေပြီး ၎င်းက ပြင်ပရှိ သူစိမ်းများကိုလည်း ပြဿနာတွေ့သွားစေနိုင်သည်။ ယန်ကျင်းဇီသည် ရိုးရှင်းစွာပင် သူတို့ကို အရင်ဒူးထောက်ခိုင်းထားပြီး နောက်ပိုင်းမှသာ ဖြည်းညှင်းစွာ ပြောင်းလဲစေမည်ပင်။ 


“ ဆယ့်နှစ်၊ မင်း ပြန်လာတာ အရမ်းမြန်တယ်။ “ ယန်ကျင်းဇီသည် ပြုံးကာ ဆံထိုးကို ယူလိုက်သည်။ 


အရိပ်ဆယ့်နှစ် ဝယ်လာသော ဆံထိုးမှာ ကြေးနီနှင့် ပြုလုပ်ထားပြီး အလွန်ရုပ်ဆိုးသော်လည်း ၎င်းမှာ တကယ်ပင် ဆံထိုးတစ်ချောင်း ဖြစ်ပြီး အခြားတစ်ခု မဟုတ်ချေ : “ အရမ်းတော်တယ်။ ဒါက ငါ လိုချင်တဲ့ဟာ အတိအကျပဲ! မင်း ဘယ်လိုဝယ်လာခဲ့လဲ? ” 


“ ကျွန်တော်… ကျွန်တော် တောင်အောက်ဆင်းပြီး မြို့ထဲရောက်ခဲ့တယ်… ” အရိပ်ဆယ့်နှစ်သည် သူ့အတွေ့အကြုံကို ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောဆိုခဲ့သည်။


ယခုတလော အရိပ်သက်တော်စောင့်များသည် နေ့စဉ်နေ့တိုင်း တောင်အောက်သို့ ဆင်းပြီး ပစ္စည်းများကို ဝယ်ယူကြသည်။ 


အစပိုင်းတွင် ဆိုင်ပိုင်ရှင်များသည် ဤအရိပ်သက်တော်စောင့်များကို လုံးဝ မလှည့်စားရဲသော်ငြား နောက်ပိုင်းတွင် ဤအရိပ်သက်တော်စောင့်များက ပစ္စည်းဝယ်ရာတွင် ကြေးမများဘဲ ဈေးမဆစ်ကြသည်ကို ရှာဖွေတွေ့ရှိသွားကြပြီး ဖြည်းညှင်းစွာဖြင့် လူများကို စတင်လှည့်စားတော့သည်။ ထို့ကြောင့် အရိပ်သက်တော်စောင့်များ ပစ္စည်းဝယ်သောအခါ သူတို့သည် ငွေပိုသုံးရသော်လည်း အမှိုက်တချို့ကိုသာ ရကြသည်။ 


ဥပမာအားဖြင့် ဤကြေးနီဆံထိုးကို အရိပ်ဆယ့်နှစ်က ငွေဆံထိုးတစ်ချောင်း၏ ဈေးနှင့် ဝယ်လာခဲ့သည်။


“ ဆယ့်နှစ်က အရမ်းတော်တယ်။ “ ယန်ကျင်းဇီ ပြုံးကာ အရိပ်ဆယ့်နှစ်ကို ချီးကျူးလိုက်သည်။ “ စိတ်မကောင်းစရာက မင်း လူဆိုးတစ်ယောက်နဲ့ တွေ့ခဲ့တာပဲ။ သူတို့ မင်းကို ရောင်းလိုက်တဲ့ဈေးက အရမ်းစျေးကြီးတယ်။ ”


အရိပ်ဆယ့်နှစ်သည် အလွန်အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရသည် : “ ကျွန်တော်... ကျွန်တော်… ”


“ အဆင်ပြေတယ်။ ဒါ တခြားလူတစ်ယောက်ရဲ့ အပြစ်ပဲ။ မင်းအပြစ် မဟုတ်ဘူး။ ” ယန်ကျင်းဇီသည် ပြောပြီးနောက် သူ့ကို ကြေးနီနှင့် ငွေထည်၏ ခြားနားချက်ကို စတင်ပြောပြလေသည်။


ယန်ရှိူ့သည် အရိပ်ဆယ့်နှစ်ကို စိုက်ကြည့်နေသည်။


ယခုတလော လျိုကျိချင်းကို သတ်ပစ်ချင်နေသည့်အပြင် သူသည် ဤအရိပ်သက်တော်စောင့်များကို အမြဲတစေ စိတ်မကျေနပ်‌ဖြစ်မိသည်။ အထူးသဖြင့် သူတို့က ယန်ကျင်းဇီထံတွင် သူတို့၏ တာဝန်များကို လာအပ်သော အချိန်ဖြစ်သည်။


အရိပ်ဆယ့်နှစ်သည် ယန်ရှိူ့၏ စိုက်ကြည့်ခြင်းကို ခံရကာ မနေနိုင်ဘဲ တုန်တက်သွားသည်။ သို့သော်လည်း သူသည် ယန်ကျင်းဇီရှေ့တွင် ဖြောင့်မတ်စွာ ဒူးထောက်နေဆဲဖြစ်ပြီး ယန်ကျင်းဇီ စကားပြောနေသည်ကို နားထောင်နေသည်။


သူသည် သခင်က ဤမျှအရမ်းကောင်းလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပေ… သူသည် သခင်နှင့် တစ်ချိန်လုံး စကားပြောချင်သည်။ 


“ နတ်ဆိုးဂိုဏ်းက နတ်ဆိုးတွေ၊ သေကြစမ်း! ” လူတစ်ဦးသည် ဓားတစ်ချောင်းနှင့် ရုတ်တရက် ပေါ်လာခဲ့သည်။ အခြားသူများ မသိမည်ကို စိုးရိမ်သည့်အလား သူက အော်ဟစ်နေသေးသည်…


ယန်ကျင်းဇီသည် ထိတ်လန့်သွားပြီး ထို့နောက် အရိပ်သက်တော်စောင့် ဒါဇင်ချီများက အတူပေါ်လာကာ လူကို ဖြူကောင်များ ဖြစ်အောင် တိုက်ရိုက်ထိုးလိုက်ကြသည်ကို သူ တွေ့လိုက်ရသည်။


အရိပ်ဆယ့်နှစ်နှင့် ယန်ရှိူ့တို့သည် ခြေတစ်လှမ်း နောက်ကျသွားခဲ့ပြီး သူတို့သည် ဘာမှမလုပ်နိုင်၍ အနည်းငယ် စိတ်ဓာတ်ကျသွားကြသေးသည်။


ယန်ကျင်းဇီ : “ ... ” မြင်ကွင်းမှာ အလွန်သွေးထွက်သံယိုဖြစ်ပြီး သူသည်လည်း အကူအညီမဲ့သွားသည်။ 


ဤသည်မှာ သူ ကူးပြောင်းလာကတည်းက သူ လူသေတစ်ဦးကို မြင်တွေ့ရသည့် ပထမဆုံးအကြိမ် ဖြစ်သည်။ သို့သော် မူလပိုင်ရှင် မှတ်ဉာဏ်ထဲတွင် ဤကဲ့သို့ ဖြစ်ရပ်များစွာ ရှိသည်။


သူသည် အရိပ်သက်တော်စောင့်များကို အပြစ်မဲ့သော လူများအား မသတ်ရန် မှာနိုင်သော်ငြား ဤသို့သော သူ့ကိုခြိမ်းခြောက်မှုမျိုးကမူ…


သူသည် ဤအရိပ်သက်တော်စောင့်များကို သူတို့ကို တိုက်ခိုက်သူအား ကရုဏာပြခွင့်မပေးနိုင်ပေ။ အရိပ်သက်တော်စောင့်တွေ ညှာတာမိလို့ သူတို့ ထိခိုက်ဒဏ်ရာရသွားရင် ဘာသွားလုပ်မလဲ?


သို့သော် ဤလူက တကယ့်ကို သနားစရာကောင်းသည်… မူလပိုင်ရှင်အနားရှိ အရိပ်သက်တော်စောင့်များမှာ သမိုင်းတလျှောက် အသန်မာဆုံးများ ဖြစ်ကြသည်။ သူသည် လေ့ကျင့်ရေး မပြီးသေးသော အရိပ်သက်တော်စောင့် ငါးဆယ်ကိုလည်း သူ့အနားသို့ ခေါ်ထားပြီး စုစုပေါင်း အရိပ်သက်တော်စောင့်များ ကိုးဆယ်ကျော်ပင် ရှိသည်။


ထို့အပြင် ဤအရိပ်သက်တော်စောင့်များ နေ့ဘက်တွင် သူ့ထံ၌ သင်ယူနိုင်ရန်အတွက် သူသည် သူတို့ကို ညတိုင်း လူနှစ်ဆယ်ဖြင့်သာ ညကင်းစောင့်စေပြီး ညသန်းခေါင်မတိုင်မီ လူဆယ်ဦး စောင့်ကာ ကျန်ညပိုင်းတွင် လူဆယ်ဦးကို စောင့်ကြည့်ခိုင်းထားသည်… ဤနည်းဖြင့် တာဝန်များအတွက် အပြင်ထွက်ရန် အရိပ်သက်တော်စောင့် သုံးဆယ်ကို နေ့တိုင်းစီစဉ်ထားလျှင်ပင် အနည်းဆုံး အရိပ်သက်တော်စောင့် ခြောက်ဆယ်က သူ့နောက်သို့ လိုက်နေဦးမည်ဖြစ်သည်။ 


သူသည် အမှန်တကယ်ပင် အပြည့်အဝ ကာကွယ်ခံထားရသည်။


ယန်ကျင်းဇီသည် သူ၏ သုံးဘက်မြင်မှာ အတော်လေး အကောင်းမြင်နေသေးသည်ဟု ခံစားရသော်ငြား သူ့တွင် မူလပိုင်ရှင်၏ မှတ်ဉာဏ် ရှိသောကြောင့် ဖြစ်နိုင်ပြီး မူလပိုင်ရှင်က လူကောင်း မဟုတ်ရာ သူ့ရှေ့တွင် တစ်စုံတစ်ဦး သေဆုံးသည့် မြင်ကွင်းကို သူ အထွေအထူး မခံစားရပေ။ 


သို့သော် ဤကိစ္စမှာ သူ့အပေါ်၌ အကျိုးသက်ရောက်မှုအချို့လည်း ရှိသည်။


လက်ယာရံသည် “လုပ်ကြံသတ်ဖြတ်သူ“ နောက်သို့ အထဲအထိ လိုက်လာခဲ့ပြီး မကြာသေးမီကမှ သူတို့ခေါင်းဆောင် ဖမ်းဆီးလာသော သခင်ကျင်းက သူတို့၏ ခေါင်းဆောင်ကို ကလေးကဲ့သို့ ချွဲနွဲ့နေသည်အား မြင်လိုက်ရသည် : “ အားရှိူ့၊ ဒါ အရမ်းဆိုးရွားတယ်။ သွေးတွေအများကြီးပဲ… ဒီနေရာက အန္တရာယ်များလွန်းတယ်။ ငါ ဒီမှာ မနေနိုင်တော့ဘူး။ ငါ၊ ငါ အပြင်မှာ ရက်နည်းနည်း သွားနေချင်တယ်။ ”


သူ ယန်ရှိူ့နဲ့ အရိပ်သက်တော်စောင့်တွေကို နတ်ဆိုးဂိုဏ်းရဲ့ ပိုင်နက်ထဲကိုလည်း ခေါ်သွားသင့်တယ်!


၎င်းက ယန်ရှိူ့ကို တခြားလူများနှင့် ထိတွေ့ဆက်ဆံရန် ခွင့်ပြုနိုင်သည်။


ထို့အပြင် သူသည် ပိုင်ဆိုင်မှုများကို ဝယ်ယူပြီး သူ၏ ရွှေငွေရတနာများကို လွှဲပြောင်းရမည်ဖြစ်သည်… သူလည်း အရမ်းအလုပ်များတယ်!


“ ကောင်းပြီ ” ယန်ရှိူ့သည် စဉ်းပင် မစဉ်းစားဘဲ သဘောတူခဲ့သည်။ 


လက်ယာရံ : “ ... ” ဤသခင်ကျင်းက သူတို့၏ ခေါင်းဆောင်ပေါ်တွင် အလွန်ကြီးမားသော သက်ရောက်မှု အမှန်တကယ် ရှိသည်။


သို့သော် သူ(မ)ကလည်း ၎င်းကို တားမြစ်မည်မဟုတ်ပေ။


ဖြောင့်မတ်မှန်ကန်သော ဂိုဏ်းများဘက်တွင် လေမြင့်တက်နေသည်။ (အလားအလာကောင်းနေသည်) လူတိုင်းက နတ်ဆိုးဂိုဏ်းအပေါ် လှုပ်ရှားချင်နေကြသည်။ ထို့ကြောင့် ဤဂိုဏ်းခေါင်းဆောင်ငယ်လေးအား အပြင်ထွက်၍ ဖြောင့်မတ်မှန်ကန်သော ဂိုဏ်းများ၏ အာရုံစူးစိုက်မှုကို ဆွဲဆောင်ခိုင်းသည်မှာ ကောင်းမွန်သည်။


ယနေ့အခြေအနေကို ကြည့်ခြင်းဖြင့် သူ(မ) တွေးထားသည်ထက် ဤလူ၏ ဘေးနားတွင် အရိပ်သက်တော်စောင့်များ ပိုများသည်။ သူမသည် အလျင်စလို မလှုပ်ရှားနိုင်သေးသော်ငြား ဤဂိုဏ်းခေါင်းဆောင်ငယ် အပြင်ထွက်ပြီးနောက် လိုက်ဖမ်းခံရကာ အသတ်ခံရသည်ကို မျှော်လင့်မိသည်။


လက်ယာရံ၏ မျက်လုံးများတွင် ရိပ်ခနဲ အလင်းဖြတ်သန်းသွားပြီး ဤအခိုက်အတန့်တွင် သူ(မ)သည် “သခင်ကျင်း” စကားပြောနေသည်ကို နားထောင်နေသည် : “ သွေးညှီနံ့က တကယ် နံတာပဲ။ မင်းက လက်ယာရံမလား? ဒီလူကို အမြန်အပြင်လွှတ်ပစ်လိုက်။ ”


လက်ယာရံ : “ … ” 


လက်ယာရံသည် သူ(မ)အနားရှိ လူများကို လုပ်ကြံသူ၏ အလောင်းအား အဝေးယူသွားရန် ခိုင်းစေလိုက်သည်။ သူ(မ) ထွက်သွားသည်နှင့်တပြိုင်နက် ယန်ရှိူ့ ယန်ကျင်းဇီကို ချက်ချင်း လှမ်းကြည့်လိုက်သည် : “ ကျင်းဇီ၊ ငါ အရိပ်သက်တော်စောင့်တွေကို သွေးမဲ့သတ်နည်း အခုချက်ချင်း လေ့ကျင့်ခိုင်းလိုက်မယ်! ”


သခင်က သွေးနံ့ကို မကြိုက်ရင် သူတို့ သွေးမမြင်အောင် သတ်နိုင်တယ်!


သူသည် အပ်များကို လက်နက်အဖြစ် အသုံးပြုသော လူများနှင့် ယခင်က တွေ့ဆုံဖူးသည်… ဒါမှမဟုတ် သူလည်း အပ်တွေနဲ့ လေ့ကျင့်ကြည့်ရမလား?


ယန်ကျင်းဇီ : “ … ”


ယန်ကျင်းဇီ ယန်ရှိူ့ကို ထပ်နမ်းလိုက်သည် : “ ငါ သွေးမြင်ရတာ မကြောက်ပါဘူး။ ငါ မင်းတို့ကို လမ်းထွက်လျှောက်ဖို့ ခေါ်သွားရအောင် အကြောင်းပြချက် ရှာလိုက်တာ။ ”


သခင်က ဒါကို သူတို့အတွက် လုပ်ပေးတာလား? အရိပ်သက်တော်စောင့်များ အားလုံးသည် ယန်ကျင်းဇီကို အတူတကွ လှမ်းကြည့်ကြကာ သူတို့၏ မျက်လုံးများထဲတွင် အလင်းရောင် ရှိနေပြီး ၎င်းက တောက်ပစွာ လင်းလက်နေသည်။


သူတို့သည် ယခုအခါ ကိစ္စအချို့ကို နားလည်လာသော်ငြား မသိနားမလည်ကြသေးပေ။ သူတို့သည် သူတို့၏ သခင်က သူတို့အပေါ် ကြင်နာလွန်းသည်ဟုသာ ခံစားရသည်။ အကယ်၍ သူတို့သာ ယခုချက်ချင်း သခင့်အတွက် အသေခံရမည်ဆိုလျှင်ပင်လည်း သူတို့ ဆန္ဒရှိသည်။


ယန်ကျင်းဇီသည် ဤအရိပ်သက်တော်စောင့်များ၏ အတွေးများကို မြင်တွေ့ပြီး ခဏတာ ကူကယ်ရာမဲ့သကဲ့သို့ ခံစားလိုက်ရသည်။


သို့သော် သူသည် ၎င်းကိုလည်း ပြောမနေတော့ပေ : “ သွား၊ သွားစားတော့။ ”


“ ဟုတ်ကဲ့! ” အရိပ်သက်တော်စောင့်များသည် တုံ့ပြန်ကာ ဆန်ပြုတ်ချက်ရန် ချက်ချင်း အလျင်စလို ထွက်သွားကြသည်။ 


ယန်ကျင်းဇီ သူတို့အတွက် ပထမဆုံး ချက်ပေးခဲ့သည့် အစားအစာမှာ ဆန်ပြုတ်ဖြစ်သောကြောင့် ဖြစ်နိုင်သည်။ ယခု သူတို့သည် ဆန်ပြုတ်ချက်ရသည်ကို သဘောကျသည်။


သို့သော် ယခင်က ယန်ကျင်းဇီဟာ ကြက်သားကို ခုတ်လှီးပြီး ဆန်ပြုတ်ကို အိုးထဲသို့ တိုက်ရိုက်ထည့်သည်။ သို့ရာတွင် သူတို့ကမူ ကွဲပြားသည်။


ကြက်အရိုးများကို စား၍မရဟု ယန်ကျင်းဇီ ပြောပြပြီးနောက် သူတို့သည် ကြက်သားအားလုံးကို ရိတ်လှီးကာ အိုးတစ်အိုးထဲသို့ ထည့်၍ ဆန်ပြုတ်ချက်ကြသည်။


မီးဖိုချောင်ထဲတွင် အရိပ်သက်တော်စောင့် ဆယ့်နှစ်ဦးက အိုးခုနစ်အိုး၊ ရှစ်အိုးတို့ကို တည်ကာ စတင်ချက်ပြုတ်သည်။


ဖျတ်ခနဲဖြင့် အလင်းနှင့် ဓား

ရိပ်များ ပေါ်လာကာ သူတို့၏ လက်ထဲတွင် အရိုးစုသာ ကျန်တော့သည်…


ဤအရိပ်သက်တော်စောင့်များ၏ ဓားစွမ်းရည်က အလွန်ကောင်းမွန်သည်။ အနာဂတ်မှာ သူတို့ စားသောက်ဆိုင်တစ်ဆိုင် ဖွင့်နိုင်လောက်မလား?


____