အပိုင်း ၂၀၆ ( Demon Sect Leader 8 )
Viewers 25k

နောက်တစ်နေ့တွင် ယန်ကျင်းဇီသည် ယန်ရှိူ့နှင့် အရိပ်သက်တော်စောင့်များစွာကို ခေါ်ကာ ကြီးကျယ်ခမ်းနားသော စီတန်းလှည့်လည်မှုပုံစံဖြင့် နတ်ဆိုးဂိုဏ်းဌာနချုပ်မှ ထွက်ခွာလာခဲ့သည်။


တကယ်တော့ ၎င်းကို ကြီးကျယ်ခမ်းနားသည်ဟု မပြောနိုင်ချေ။ အရိပ်သက်တော်စောင့်များစွာမှာ ပုန်းနေကြပြီး ငယ်ရွယ်သော အရိပ်သက်တော်စောင့်များကသာ သူနှင့်အတူ လိုက်ပါကြကာ လူအရေအတွက် များပြားသောငြား ထိုမျှအလွန်မများပြားပေ။ 


ဤအခြေအနေကို တွေ့သော် နတ်ဆိုးဂိုဏ်းအတွင်း၌ သတင်းအချို့ ပျံ့နှံ့နေလိမ့်မည်ဖြစ်သည် — ခေါင်းဆောင်က အပြင်ထွက်သွားပြီး လေ့ကျင့်ရေးမပြီးသေးသော အရိပ်သက်တော်စောင့်ငယ်များကိုပင် ခေါ်သွားခဲ့သည်။ သေရမည်ကို တကယ် ကြောက်ရွံ့သည်…


နောက်ဆက်ဖြစ်သည်များကလည်း ဤသည်ကို မှန်ကန်ကြောင်း အသိအမှတ်ပြုခဲ့သည်။


သူတို့၏ခေါင်းဆောင်က နတ်ဆိုးဂိုဏ်းမှ ထွက်ခွာပြီးနောက် ဖြောင့်မတ်မှန်ကန်သော သိုင်းဂိုဏ်းများသို့ သွားရောက်တိုက်ခိုက်လိမ့်မည်ဟု သူတို့ ထင်ခဲ့ကြသည်။ ရလဒ်ကမူ… သူတို့၏ခေါင်းဆောင်သည် အရိပ်သက်တော်စောင့်များ အလွန်များစွာ ရှိလျက်နှင့် နတ်ဆိုးဂိုဏ်း၏ ပိုင်နက်အတွင်း၌သာ နေသည်။ အပြင်ထွက်မရဲဘူး!


ဒါ့အပြင် သူက နတ်ဆိုးဂိုဏ်းတောင်ရဲ့ အောက်က မြို့ငယ်လေးထဲမှာပဲ လဝက်လောက်တောင် နေခဲ့တယ်!


ပြီးခဲ့တဲ့ လဝက်ထဲမှာ သူက သူ့ချစ်သူလေးကို ခေါ်ပြီးတော့လည်း စျေးနှုန်းအမြင့်တွေနဲ့ အရိပ်သက်တော်စောင့်တွေကို အမှိုက်ရောင်းခဲ့တဲ့ လူတွေကို တစ်ယောက်ချင်းစီ လိုက်ပြဿနာရှာနေတယ်လေ!


သို့သော်ငြား သူတို့၏ခေါင်းဆောင်က သူ့ချစ်သူလေးကို ဆိုင်ထဲသို့ ခေါ်သွားပြီးနောက် အရိပ်သက်တော်စောင့် သယ်လာသော ခွေးခြေခုံပေါ်တွင် ထိုင်ကာ စကားမပြောပေ။ သူ၏ ချစ်သူငယ်လေးကသာ ထိုအရိပ်သက်တော်စောင့်များကို လှည့်စားခဲ့သော ဆိုင်ရှင်များကို ပြဿနာရှာနေခဲ့သည်။ သို့သော် သူ ဤကဲ့သို့ ပြုမူနေသည်ကလည်း လူအများကို ဆွံ့အစေသည် — သူက သူ့ရဲ့ချစ်သူငယ်လေးကို အရမ်းအလိုလိုက်နေတာလား ဒါမှမဟုတ် သူ့ဦး‌နှောက်မှာ တစ်ခုခုမှားနေတာလား? ဂုဏ်ကျက်သရေကြီးမားတဲ့ နတ်ဆိုးဂိုဏ်းရဲ့ ခေါင်းဆောင်က ဒီလိုကိစ္စမျိုးကိုတောင် လုပ်တယ်!


လေ့လာဆန်းစစ်ပြီးနောက် လက်ယာရံသည် ခေါင်းဆောင်က သူ၏ ချစ်သူငယ်လေးကို အလွန်အကျွံ အလိုလိုက်နေခြင်းသာ ဖြစ်လိမ့်မည်ဟု ခံစားရသည်။


ဖြစ်နိုင်သည်မှာ ထိုသခင်ကျင်းက ကြီးစဉ်ငယ်လိုက် ဆွေမျိုးဝါစဉ်၏ အောက်ဆုံးတွင်သာ နေခဲ့ရလိမ့်မည်။ သို့သော် ယခု သူက သူ၏ ရည်မှန်းချက်ကို ပိုင်ဆိုင်ရရှိသောအခါ သူ့အာဏာကို စတင်ကြွားဝါတော့သည်…


အရိပ်သက်တောင်စောင့်များကို တွင်းတူးရဲသည့် ဆိုင်များမှာ အများအားဖြင့် နတ်ဆိုးဂိုဏ်းမှ လူများ ဖွင့်ထားခြင်းဖြစ်သည်။ ခေါင်းဆောင်ဝင်လာလာခြင်းပင် ဆိုင်ရှင်များသည် တောင်းပန်ရန် လက်ဆောင်များကို ချက်ချင်း ပေးပို့ကြသော်လည်း သူက လက်ဆောင်များကို လက်မခံဘဲ လူများကို ရှင်းရှင်းလင်းလင်း ပြောပြနေသည်… သိသာထင်ရှားစွာပင် သူက ခေါင်းဆောင်ကို ကျောထောက်နောက်ခံအဖြစ် မှီခိုပြီး နေရာတကာတွင် သူ့အာဏာကို ကြွားဝါချင်နေပေသည်။


ဤလူက အမှန်တကယ် တုံးအပြီး ဤကဲ့သို့သော လူမျိုးကို မျက်နှာသာပေးသည့် ခေါင်းဆောင်ငယ်ကလည်း သိပ်ပြီးဉာဏ်မကောင်းချေ။


သို့သော် ဤလူနှစ်ဦးက တခြားဘာကိုမှ မပြုလုပ်ကြပေ။ သူတို့က တကယ်ပဲ အသက်ကို အလေးထားကြတယ်…


နတ်ဆိုးဂိုဏ်း၏ ပိုင်နက်က မကျယ်ဝန်းချေ။ ဒါပေမယ့် အဲ့မြေကွက်လေးထဲမှာ သူတို့က ငါးလကြာတဲ့အထိ ဝေးဝေးမသွားရသေးဘူး!


ယန်ကျင်းဇီသည် အမှန်တကယ် သူ့အသက်ကို တန်ဖိုးထားပြီး အရိပ်သက်တော်စောင့်များ၏ အသက်ကိုလည်း တန်ဖိုးထားသည်။ 


သူသည် အရိပ်သက်တော်စောင့်များကို ထိခိုက်ဒဏ်ရာမရစေချင်သောကြောင့် ဝေးဝေးမသွားခဲ့ပေ။


မည်သို့ပင်ဖြစ်စေ သူသည် ဤအရိပ်သက်တော်စောင့်များကို သာမန်လူတစ်ဦး ဖြစ်ရန် သင်ယူစေချင်ရုံသာ ဖြစ်သည်။ နတ်ဆိုးဂိုဏ်း၏ လွှမ်းမိုးမှုအောက်တွင် ရှိသော အသိုင်းအဝိုင်းထဲတွင် မြို့ငယ်လေးတစ်မြို့ ရှိနေဆဲဖြစ်ပြီး ၎င်းမှာ အသုံးပြုရန် လုံလောက်သည်။ 


ယန်ကျင်းဇီသည် လိမ်လည်ခံရသော အရိပ်သက်တော်စောင့်များကို ဦးစွာခေါ်သွားပြီး လူများနှင့် ကျိုးကြောင်းပြောဆိုသည်။ ထိုအခါမှ သူတို့က သင်ယူနိုင်မည်ဖြစ်သည်။ ထို့နောက် သူသည် အုပ်စုကြီးကို ခေါ်ပြီး မြို့ထဲမှ ထွက်ကာ အခြားနေရာတချို့သို့ လည်ပတ်ပြီး နောက်ဆုံးတွင် ထိုမြို့ငယ်လေး၌ သုံးလကျော် နေထိုင်ခဲ့ကြသည်။ 


သူသည် အရိပ်သက်တော်စောင့်များကို ပြင်ပကမ္ဘာကြီးအား နေ့စဉ်နေ့တိုင်း ကြည့်ရှုလေ့လာစေပြီး ပုံပြင်စာအုပ်များနှင့် အလားတူစာအုပ်များစွာကိုလည်း ဝယ်ယူကာ သူတို့ကို ပုံပြင်များကို ပြောပြသည်... ဤအရိပ်သက်တော်စောင့်များသည် ပိုပိုပြီး လူတစ်ဦးချင်းစီ ကွဲပြားလာကာ သူတို့နှင့် ပတ်သက်ပြီး သီးသန့်ထူးခြားသော တစ်စုံတစ်ရာ ထွက်ပေါ်လာသည့် အရိပ်သက်တော်စောင့်အချို့ပင် ရှိသေးသည်။ 


ဥပမာအားဖြင့် အရိပ်ဆယ့်နှစ်သည် သူ ပြောပြသော သရဲပုံပြင်တစ်ပုဒ်ကို နားထောင်ပြီးကတည်းက သရဲများကို စတင်ကြောက်လာကာ အခြားအရိပ်သက်တော်စောင့်များနှင့် အတူသွားအိပ်တော့သည် ။


ဥပမာအားဖြင့် အရိပ်သုံးဆယ့်ကိုးသည် ဟင်းချက်ရသည်ကို အထူးကြိုက်နှစ်သက်ပြီး ကျွမ်းကျင်စားဖိုမှူးတစ်ဦးနှင့် နှိုင်းယှဉ်နိုင်သော ဟင်းပွဲများကို ပြုလုပ်နိုင်သည်။


ဥပမာအားဖြင့် အရိပ်ခုနစ်ဆယ့်ရှစ်သည် ရေတွက်ရာတွင် အထူးတော်ပြီး အရာရာတွင်လည်း လျင်မြန်ဖျတ်လတ်၏။


ယန်ကျင်းဇီကို အပျော်ရွှင်စေဆုံးမှာ ယန်ရှိူ့၏ ပြောင်းလဲမှု ဖြစ်သည်။ 


အပြင်တွင် ယန်ရှိူ့သည် သူ့ကိုယ်သူ ခေါင်းဆောင်အဖြစ် အမြဲပြသခဲ့ရပြီး မကြာခဏပင် ယန်ရှိူ့ကိုယ်တိုင်က လူများနှင့် မည်သို့စကားပြောရမည်နည်းနှင့် မည်သို့ဆောင်ရွက်ရမည်ကို ဆုံးဖြတ်အဖြေရှာရသည်။ ဤကဲ့သို့ အခြေအနေမျိုးတွင် ယန်ရှိူ့က လျင်မြန်စွာ ကြီးပြင်းလာခဲ့သည်။ 


အရိပ်သက်တော်စောင့် အများကြီးထဲမှာမှ ယန်ရှိူ့က အများဆုံး ပြောင်းလဲသွားတဲ့လူမှန်း သေချာတယ်!


သူက အကြောင်းအရာများကိုလည်း အလျင်အမြန် သင်ယူသည်။ ယန်ကျင်းဇီသည် သူ့ကို စကားလုံးများ ဖတ်ရှု၍ အလွန်ကျက်မှတ်ရန် သီးသန့်သင်ကြားပေးပြီး သူက လျင်မြန်စွာ အမြဲသင်ယူနိုင်သည်။ 


ဤအခြေအနေကို တွေ့ရသောအခါ ယန်ကျင်းဇီသည် ဝမ်းနည်းပြီး ဂုဏ်ယူမိသည်။ 


သူ့အားရှိူ့က အလွန်တော်ကာ ဉာဏ်ကောင်းသည်။ သူသာ အရိပ်သက်တော်စောင့် ဖြစ်မလာလျှင် သူ့တွင် တောက်ပသော အနာဂတ် ရှိလိမ့်မည်ဖြစ်သည်။


ယန်ကျင်းဇီသည် အပြင်တွင် ငါးလကြာ နေထိုင်ပြီးနောက် နတ်ဆိုးဂိုဏ်းသို့ ပြန်သွားခဲ့သည်။ 


ဤအချိန်တွင်မူ သူ ကူးပြောင်းလာပြီးနောက် ခြောက်လကြာပြီဖြစ်သည်။


သူ နတ်ဆိုးဂိုဏ်းသို့ ပြန်ရောက်လာသောအခါ သူသည် အရိပ်သက်တော်စောင့်များကို စကားလုံးများ အလွတ်မှတ်မိရန် သင်ကြားပေးခြင်းအား ဆက်လက်လုပ်ဆောင်သည်။ ဤအရိပ်သက်တော်စောင့်များသည် ယခင်ကထက်စာလျှင် သိသိသာသာ ပိုမိုမြန်ဆန်စွာ သင်ယူခဲ့ကြသည်။ သေချာတာပေါ့၊ အရိပ်သက်တော်စောင့်တိုင်းကတော့ မြန်မြန်ဆန်ဆန် မသင်ယူနိုင်ကြချေ။ အချို့သော အရိပ်သက်တော်စောင့်များဆိုလျှင် လုံးဝ များများမသင်ယူနိုင်ကြပေ။ ထို့ကြောင့် သူတို့ခမျာ နေ့တိုင်း သီးသန့်သင်ခန်းစာများကို သူတို့၏ မျက်လုံးများထဲမှ မျက်ရည်များနှင့်အတူ ထပ်မံသင်ကြားကြရသည်။


ချစ်တော့ ချစ်စရာလေး…


သေချာတာပေါ့၊ ယန်ကျင်းဇီသည် ဤအရိပ်သက်တော်စောင့်များကို စာသင်ပေးခြင်းအပြင် အခြားကိစ္စများကို လုပ်ဆောင်ရန်လည်း မမေ့ပေ။ 


မူလပိုင်ရှင်လက်အောက်ရှိ အရိပ်သက်တော်စောင့်များအပြင် ယုံကြည်ရသေးသော လက်အောက်ငယ်သားများ အနည်းငယ် ရှိသေးသည်။ သူသည် မူလပိုင်ရှင်၏ ဖခင် အလွန်မျက်နှာသာပေးခဲ့သော လူများထဲမှ တစ်ဦးကို သူ့ပိုက်ဆံအား လာယူခိုင်းခဲ့သည်။ သူသည် မြောက်ဘက်နှင့် တောင်ဘက်အနှံ့တွင် ရှိသော ပိုင်ဆိုင်မှုများစွာကို ဝယ်ယူခဲ့၏။ ပြီးနောက် အရိပ်သက်တော်စောင့်များ အနည်းငယ် ပိုမိုပုံမှန်ဖြစ်လာသောအခါ ထိုအရိပ်သက်တော်စောင့်များကို ငရဲတောင်တန်း၏ တောင်ထိပ်ရှိ လျှို့ဝှက်အခန်ူထဲမှ ရွှေငွေရတနာများ အားလုံးကို ရွှေ့ပြောင်းခိုင်းခဲ့သည်။


မျက်စိတမှိတ်အတွင်း ယန်ကျင်းဇီ ကူးပြောင်းခဲ့ချိန်မှစ၍ တစ်နှစ်ပြည့်ပြီးဖြစ်သည်။  


ယခုအချိန်၌မူ နတ်ဆိုးဂိုဏ်းတစ်ဂိုဏ်းလုံးသည် သခင်ကျင်းဟု အမည်ရှိလူကို သိကြသည်။


ခေါင်းဆောင်က သခင်ကျင်းကို အရမ်းချစ်ပြီးတော့ တစ်ဖက်လူ တောင်းဆိုသမျှကို သဘောတူတယ် ဆိုတာကို ဘယ်သူက မသိလို့လဲ? အရိပ်သက်တော်စောင့်တွေကိုတောင်မှ သခင်ကျင်းနောက်လိုက်ဖို့ နောက်လိုက်အချို့အဖြစ် ခွဲပေးထားသေးတယ်!


ဤအခြေအနေကို တွေ့ရသော် လူအများအပြားသည် ခေါင်းဆောင်ထံသို့ လူပို့ချင်ခဲ့သော်ငြား ကံမကောင်းစွာဖြင့် ခေါင်းဆောင်က သူတို့ကို မလိုချင်ချေ။ သူသည် သခင်ကျင်းကိုသာ အလိုလိုက်ပြီး သခင်ကျင်းကို နတ်ဆိုးဂိုဏ်းထဲတွင် ဂုဏ်မောက်ကာ လွှမ်းမိုးကြီးကျယ်ခွင့်ပေးထားသည်... 


သို့သော် ယခုတလော နတ်ဆိုးဂိုဏ်းမှ လူများသည် သခင်ကျင်းနှင့် ခေါင်းဆောင်ကို ဖြေရှင်းရန် အချိန်မရှိပေ။ 


သူတို့ကိုယ်သူတို့ ဖြောင့်မတ်မှန်ကန်ပြီး မြင့်မြတ်တယ်တယ်လို့ ဂုဏ်ယူဝင့်ကြွားကြတဲ့ ဂိုဏ်းတွေက သိုင်းလောကမဟာမိတ်ခေါင်းဆောင် သိုင်းပညာရှင်ကျူးလျန်ယင်းရဲ့ ခေါင်းဆောင်မှုနဲ့ နတ်ဆိုးဂိုဏ်းဆီကို လာနေကြပြီ!


လက်ဝဲရံနှင့် လက်ယာရံ၊ နတ်ဆိုးဂိုဏ်း၏ ကျွမ်းကျင်သိုင်းပညာရှင် အများအပြားသည် ဤသတင်းကို ယခုမှ ရပြီး နတ်ဆိုးဂိုဏ်းခေါင်းဆောင်ကို သွားရှာကြသည်။ ထို့နောက် နတ်ဆိုးဂိုဏ်းသည် ဂိုဏ်းချုပ်ပြင်ပရှိ ဂိုဏ်းသားများ အားလုံးကိုလည်း ပြန်ခေါ်ခဲ့သည်။ 


နတ်ဆိုးဂိုဏ်းခန်းမထဲတွင် ယန်ရှိူ့သည် ပင်မခုံပေါ်တွင် ထိုင်နေပြီး နတ်ဆိုးဂိုဏ်း၏ ကျွမ်းကျင်သိုင်းပညာရှင်များသည် သူ့အောက်တွင် မတ်တပ်ရပ်နေကြကာ သိုင်းလောကသားများ၏ အခြေအနေကို တင်ပြနေသည်။


“ ဂိုဏ်းခေါင်းဆောင်၊ သေဖို့လာကြတဲ့လူတွေ အများကြီးပဲ။ ဂိုဏ်းလေးဆယ်ကျော်နှင့် အထက်တန်းလွှာ မိသားစုတွေ နှစ်ဆယ်ကျော် ပါလာတယ်… ”


“ ငါ အဲ့လူတွေကို သတ်ဖို့ မစောင့်နိုင်တော့ဘူး! ”


“ သူတို့ ဘယ်တော့မှ ပြန်မထလာနိုင်တော့တဲ့အထိ ငါတို့ သေချာလုပ်ရမယ်…! ”


...



“လက်ယာရံ၊ မင်းက လူတွေကို ခေါ်ပြီးတော့ ကြားဖြတ်သွားနှောက်ယှက်ချေ။ ” ယန်ရှိူ့က ရုတ်တရက် ခိုင်းစေလိုက်သည် : “ လက်ဝဲရံ၊ မင်းက ကာကွယ်ဖို့ တာဝန်ယူ! ”


ယန်ရှိူ့သည် အခြားစီမံခန့်ခွဲမှုတချို့ကို လုပ်ပြီးနောက် လှည့်ထွက်သွားသည်။ 


သူ သွားသည်ကို စောင့်ကြည့်နေရင်း လက်ဝဲရံနှင့် လက်ယာရံတို့သည် အချင်းချင်း ကြည့်လိုက်ကြပြီးနောက် အဝေးသို့ ကြည့်ကာ ကိုယ်စီကိုယ်စီ တွက်ချက်လိုက်ကြသည်။


နှောင့်ယှက်ရမှာလား? လက်ယာရံသည် သူ(မ)၏ ကိုယ်ပိုင်လူအင်အား လျော့ကျသွားအောင် ပြုလုပ်သည့်အထိ အလွန်မရူးမိုက်ပေ။ 


နတ်ဆိုးဂိုဏ်းထဲမှာ ခုခံကာကွယ်ရမှာလား? လက်ဝဲရံသည် အလင်းထဲသို့ ဝင်ရန် အမှောင်ထုကို စွန့်လွှတ်ပြီးဖြစ်ရာ ဓားပြတိုက်မှုကိုသာ စောင့်ကြည့်မည်ဖြစ်သည်။


ယန်ရှိူ့သည် သူ့ခြံဝန်းထဲသို့ အမြန်ပြေးသွားကာ သူ့စိတ်နှလုံးထဲတွင် များစွာသော ခံစားချက်များ ဖြစ်ပေါ်နေသည်ကို ခံစားနေရသည်။


သူသည် လက်ဝဲရံနှင့် လက်ယာရံတို့၏ အတွေးများနှင့် လှည့်ကွက်များကို သိသည်။ သူ့သခင်က သူ့ကို ကူညီ၍ လူနှစ်ဦးကို လေ့လာဆန်းစစ်စေခဲ့ပြီး သူတို့ကိုယ်တိုင်လည်း သတင်းအချက်အလက်တချို့ကို ရှာဖွေတွေ့ရှိခဲ့သည်။ 


သူသည် ဤလူနှစ်ဦးက မကောင်းသည်ကို ဂရုမစိုက်ပေ။ သူ့သခင်က ပြောပြီးပြီ၊ သူက ဤအခွင့်အရေးကို ယူပြီး သူတို့ကို ခေါ်ကာ နတ်ဆိုးဂိုဏ်းမှ အပြီးအပိုင် ထွက်ခွာသွားမည်ဟူ၍ ဖြစ်သည်။ သို့သော် သူ့နှလုံးသားထဲတွင် စိတ်မကျေနပ်မှုများ ပြည့်နှက်နေသေးသည်။ 


အဲ့သောက်ကျိူးနည်းကောင်တွေက ဘယ်လိုတောင် ကိုယ့်သခင်ကို သစ္စာဖောက်ရဲရတာလဲ!


လွန်ခဲ့သော တစ်နှစ်တွင် ယန်ရှိူ့သည် ဘာမှမသိခဲ့ပေ။ သူသည် ကမ္ဘာတစ်ခုလုံးနှင့် ဝေးကွာနေခဲ့သည်။ သူ့ကို ဤကမ္ဘာနှင့် ချိတ်ဆက်ထားသည်ဟု ခံစားရစေခဲ့သည့် တစ်ခုတည်းသော အရာမှာ သူ့သခင် ဖြစ်သည်။


သို့သော် ဤအခိုက်အတန့်တွင် မြူခိုးရှင်းလင်းသွားခဲ့ပြီး သူသည် ကိစ္စများစွာကို နားလည်ခဲ့သည်။ 


ဥပမာအားဖြင့် သူ၏ ကိုယ်ပိုင်ခံစားရမှုများနှင့် သူ့ကိုယ်ပိုင်ခံစားချက်များ။


သူ သူ့သခင်ကို ချစ်သည်။ လက်အောက်ငယ်သားတစ်ဦး၏ သူ့သခင်အပေါ် ထားရှိသည့် အချစ်မျိုးတင်မဟုတ်ဘဲ အခြားသော အချစ်မျိုးလည်း ဖြစ်သည်။


သူသည် အမှန်တကယ် “အချစ်”အကြောင်းကို မသိမီကတည်းက သူ့သခင်ကို ချစ်မိနေခဲ့သည်။


ထိုအကြောင်းကြောင့်သာလျှင် ထိုအချိန်၌ သူသည် သခင့်၏ အနီးကပ် အရိပ်သက်တော်စောင့် အလွန်အမင်း ဖြစ်ချင်ခဲ့ပြီး နေ့စဉ်‌နေ့တိုင်း သခင့်အတွက် မရမက ကင်းစောင့်ပေးနေခဲ့သည်။ တခြားအရိပ်သက်တော်စောင့်များ ဝင်နှောက်ယှက်မည်ကို မလိုချင်ခဲ့ပေ။ 


သခင်က လျိုကျိချင်းကို ခေါ်လာခိုင်းပြီးနောက် သူသည် အစကတည်းက လျိုကျိချင်းကို မကြိုက်ခဲ့ဟုလည်း ခံစားခဲ့ရသည်။ 


တခြားအရိပ်သက်တော်စောင့်များက လျိုကျိချင်းကို ဂရုမစိုက်သော်လည်း သူသည် သူ့သခင်က လျိုကျိချင်းနှင့် နီးကပ်သည့်အခါတိုင်း သူ့အတွက် အထူးတလည် ခက်ခဲသော အချိန်များ ဖြစ်ခဲ့၏။


သူသည် ထိုနေ့တွင် သူ့သခင်က လျိုကျိချင်းကို ဆေးပေးရန် ဆုံးဖြတ်ပြီးနောက် အရိပ်သက်တော်စောင့်များ ဖြစ်သော သူတို့ကို အဝေးသို့ ထွက်သွားခိုင်းသည်ကို ပို၍ပင် အဆင်မပြေဖြစ်ခဲ့ရသည်။


ထိုအချိန်တွင် ထင်ရှားစွာပင် သူက အနားယူရန် အလှည့်ကျသော်ငြား သူက အနားမယူနိုင်သည့်အပြင် ဘာမှလည်းမစားရသေးဘဲ သူ့သခင်၏ အခန်းကိုသာ ဆက်တိုက်စိုက်ကြည့်နေခဲ့မိသည်။


ကျူးလျန်ယင်း ခိုးဝင်လာသည်ကို သူ ပထမဆုံး တွေ့ခဲ့သည်။ ထိုအချိန်၌ သူ့တွင် ကျူးလျန်ယင်းကို ဟန့်တားရန် အခွင့်အရေး အမှန်တကယ် ရှိခဲ့သည်။ သူသာ အသေအလဲ တိုက်ခိုက်ခဲ့လျှင် ကျူးလျန်ယင်းတွင် လျိုကျိချင်းကို ခေါ်သွားနိုင်မည့် အခွင့်အရေး ရှိလောက်မည် မဟုတ်ချေ။


သို့သော် သူ ထိုသို့မလုပ်ခဲ့ပေ။ သူ သူ့သခင်ကို သွားကြည့်ခဲ့သည်။


သူသည် သူ့သခင်က သူ့ကို ကုတင်သို့ ခေါ်သွားသည်အား ပျော်ရွှင်သည်။ သို့ရာတွင် သခင်က လျိုကျိချင်းကို ကြိုက်သောကြောင့် သူ့ကို ထပ်လွှတ်ကာ အပြင်ထွက်သွားရန် သူ့ကို ပြောခဲ့သည်။ 


သူ ထွက်သွားခဲ့သင့်သည်။ သူသည် သူ့သခင်အတွက် လူတစ်ဦးဦးကို ပြန်လည်ဖမ်းခေါ်လာနိုင်ခဲ့သည်။ သူ အခြားသော အရိပ်သက်တော်စောင့်များကိုလည်း သူ့သခင်နှင့်အတူ နေခွင့်ပေးနိုင်ခဲ့၏။ သူ့တွင် ရွေးချယ်စရာများစွာ ရှိခဲ့သည်။


သို့သော် သူသည် ဘာကိုမှမရွေးချယ်ဘဲ အတင့်ရဲကာ သူ့သခင်ကို ဖက်ရန်ပင် လက်ဦးမှုရယူခဲ့၏။


သူ သူ့သခင်နှင့် အတူရှိချင်သည်။


ထိုအချိန်၌မူ သူ နားမလည်ခဲ့ပေ။


မသိနားမလည်ခြင်းမှာ အလွန်ကြီးမားသော အကျိုးကျေးဇူး ရှိသည်။ ယခု သူ နားလည်သောအခါ သူ ပို၍ပင် အဆင်မပြေခံစားရသည်။


သူ နားမလည်လျှင် သခင်က အနာဂတ်တွင် အခြားသူများကို သဘောကျပြီး အခြားသူများနှင့် ထိုသို့သော ကိစ္စမျိုးကို လုပ်ချင်လျှင်တောင်မှ သူသည် အလွန်ဆုံး အနည်းငယ်သာ မသက်မသာ ခံစားရမည်ဖြစ်သည်။ ယခုမူကား... 


သခင်က သူ့အတွင်းအားကို ဘယ်တော့မှ ပြန်မရရန် သူ မျှော်လင့်မိသည့်အထိ အလွန်ဆိုးရွားသော အတွေးပင် သူ့၌ ယခု ရှိလာသည်။


ဒီအတိုင်းဆိုရင် သခင်က သူ့ရဲ့ ကျန်ဘဝတစ်ခုလုံး သူ့ကိုပဲ မှီခိုရမယ်မလား?


“ ကျင်းဇီ ” ယန်ရှိူ့သည် သူ့နေအိမ်သို့ ပြန်ရောက်လာပြီး ယနေ့ဖြစ်ပျက်သမျှကို ချက်ချင်း ပြောပြခဲ့သည်။ 


“ ငါ တွေးထားသလိုပဲ။ ” ယန်ကျင်းဇီက ဆက်ပြောသည် : “ ငါတို့ရဲ့ ပစ္စည်းတွေ အကုန်လုံးကို သိမ်းပြီးပြီလား? ”


“ သိမ်းပြီးပါပြီ! ” အခန်းထောင့်များမှ အသံများစွာ ထွက်ပေါ်လာကာ အရိပ်သက်တော်စောင့်များ အားလုံးက အတူဖြေကြသည်။  


“ ဒီရက်အနည်းငယ်ထဲမှာ ငါတို့ ထွက်ခွာနိုင်လိမ့်မယ်။ ပြီးရင် ငါတို့ စားသောက်ဆိုင်တစ်ဆိုင် ဖွင့်ကြမယ်! ” ယန်ကျင်းဇီ ပြုံးလိုက်သည်။


ယန်ရှိူ့သည် သူ့အပြုံးကို တွေ့ရသောအခါ သူ့နှလုံး လျှင်မြန်စွာ ခုန်သွားသည်ကို ခံစားလိုက်ရသည် : “ ကျင်းဇီ၊ ဒီအချိန် လာနေတဲ့ သိုင်းလောကသားတွေကို ကျူးလျန်ယင်းက ဦးဆောင်လာတာ၊ လျိုကျိချင်းလည်း သူတို့ထဲမှာ ပါလာတယ်။ ငါတို့ သူတို့ကို ဖမ်းပြီးတော့ သူတို့ကို ဖိအားပေးပြီး သူတို့ မင်းကို ဘာဆေးပေးသွားလဲ မေးကြမလား? ”  


ယန်ကျင်းဇီ အံ့အားသင့်သွားပြီးနောက် ပြောလိုက်သည် : “ မလိုဘူး။ ” သူ လုံးဝ အဆိပ်မမိထားပေ။ သူ၏ အတွင်းအားမှာ ကောင်းမွန်သည်။ ထိုမျှတင်မက… ယခု သူ “ငရဲဘုံအံ့ဖွယ်သိုင်းကျမ်း” ၏ အဆင့်ရှစ်ကို လေ့ကျင့်သောအခါ သူ့အတွက် အတွင်းအား အများအပြား ထပ်မထည့်နိုင်တော့ပေ။ 


ဤသည်မှာ သူက “ငရဲဘုံအံ့ဖွယ်သိုင်းကျမ်း” ၏ အဆင့်ရှစ်အထိ လေ့ကျင့်ပြီးပြီဟု ဆိုလိုသည်။ 


ယန်ကျင်းဇီသည် သူ သိုင်းလောကသို့ သွားသောအခါ ဂဏန်းတစ်ကောင် လုပ်ပြီး လမ်းဘေးတိုက်လျှောက်နိုင်သည်*ဟု ခံစားရသည်။ သို့‌သော် ယခုအချိန်တွင် သူ ၎င်းကို တွေးရန် အချိန်မရှိပေ။ သူ ယခုလုပ်ချင်သည်မှာ ယန်ရှိူ့နှင့် ဆက်ဆံရေးကို ထိုးဖောက်ရန် ဖြစ်သည်။


(*ဂဏန်းကဲ့သို့ လမ်းဘေးတိုက်လျှောက်သည် – ဝင့်ကြွားစွာ လမ်းလျှောက်သည်၊ ဂုဏ်မောက်စွာ ပြုမူသည်။ အဘယ့်ကြောင့်ဆိုသော် ဂဏန်းများက ဘယ်တော့မှ ဖြောင့်ဖြောင့်တန်းတန်း လမ်းမလျှောက်သောကြောင့်ပင်။ )


“ ကျင်းဇီ၊ သူတို့က မင်းကို အဆိပ်ခတ်ခဲ့တယ်။ ဒီအပြစ်ကို ခွင့်လွှတ်လို့မရဘူး… ”


“ ငါ သူတို့ကို အပြစ်မတင်ဘူး။ ငါက အရင်အမှားလုပ်ခဲ့တာ။ ” ယန်ကျင်းဇီ ပြောလိုက်သည်။ မူလပိုင်ရှင်က လျိုကျိချင်းကို ပြန်ပေးဆွဲမလာခဲ့သင့်ဘူး!


အိုက်ယား၊ သူ တခြားကိစ္စတွေ တွေးတာပဲ ပိုကောင်းပါတယ်။ ယန်ရှိူ့နဲ့ ဆက်ဆံရေးကို ဘယ်လိုပြောင်းလဲရမလဲ ဆိုတာမျိုးပေါ့။ 


ဤနှစ်တွင် သူသည် ယန်ရှိူ့ကို အကြောင်းအရာမျိုးစုံနှင့် စနောက်ခဲ့ပြီး ယန်ရှိူ့က စိတ်မလှုပ်ရှားချေ။ သူက သူ့ကို ခေါင်းဆောင်အဖြစ်ပဲ လေးစားတယ်... တကယ့်ကို‌ ကြေကွဲစရာပဲ!


ယန်ရှိူ့သည် ယန်ကျင်းဇီ၏ စကားမျ

ားကို ကြားရသောအခါ လက်သီးတင်းတင်းဆုပ်မိလိုက်သည်။


သူ့သခင်က လျိုကျိချင်းကို အရမ်းသဘောကျတာလား? လျိုကျိချင်းက သူ့ရဲ့အတွင်းအားကို ဆုံးရှုံးစေခဲ့တာတောင်မှ သူက ဂရုမစိုက်ဘူးလား?