အပိုင်း ၂၀၇ ( Demon Sect Leader 9 )
Viewers 25k

ယန်ကျင်းဇီသည် အချိန်အကြာကြီး စိုးရိမ်နေခဲ့ပြီး သူနှင့် ယန်ရှိူ့၏ ဆက်ဆံရေးတိုးတက်မှုကို စိုးရိမ်နေခဲ့ရှာသည်။ 


သူ ပထမဆုံး ကူးပြောင်းလာချိန်တွင် ယန်ရှိူ့ဟာ အသက်ကင်းမဲ့နေပြီး ဘာမဆိုလုပ်ရန် ဆန္ဒရှိနေခဲ့သည်။ သူက ဘာခိုင်းခိုင်း မငြင်းဆန်ဘဲ ၎င်းက သူ့ကို တစ်ခုခုလုပ်ရန် ရှက်ရွံ့စေသည်။ 


ထို့ကြောင့် သူသည် ယန်ရှိူ့နှင့် နေ့စဉ် အတူအိပ်သည်ဆိုလျှင်တောင်မှ လူနှစ်ဦးဟာ စောင်မတူဘဲ အိပ်ကြခြင်းဖြစ်သည်။ သူသည် အခြားသူများရှေ့တွင် သူ၏ “သခင်ကျင်း” ဟူသော အထောက်အထားဖြင့် ယန်ရှိူ့နှင့် ရင်းနှီးသော်ငြား နောက်ကွယ်တွင်မူ သူ ဝန်မခံရဲပေ။


သူ ကြောက်သည်မှာ ယန်ရှိူ့က နှလုံးသားကြောင့် မဟုတ်ဘဲ သူ၏ “အမိန့်” ကြောင့် သူနှင့်အတူရှိမည်ကို ဖြစ်သည်။ 


ကံမကောင်းစွာဖြင့် ဤသို့ပြုမူပြီးနောက် သူ၏ ယန်ရှိူ့နှင့် ဆက်ဆံရေးမှာ အေးခဲသွားပြီး မည်သည့်တိုးတက်မှုမှ မရှိတော့ချေ… ယန်ရှိူ့က ယခုအခါ များစွာသင်ယူပြီးဖြစ်သော်လည်း သူ့ကို သခင်အဖြစ် သတ်မှတ်နေဆဲဖြစ်သည်။


သူ ယုံကြည်သည်၊ အကယ်၍များ ယခု သူသာ ယန်ရှိူ့ကို ခွဲခြားဆက်ဆံမှုမရှိသော တောင်းဆိုချက် တစ်ခုခုကို တောင်းဆိုခဲ့ပါက ယန်ရှိူ့ဟာ ၎င်းကို သဘောတူဦးမည်ပင်။


သူသာ ဖွင့်ပြောဝန်ခံခဲ့လျှင် ယန်ရှိူ့က သူနှင့် အတူရှိရန် တုံ့ဆိုင်းနေမည်မဟုတ်ချေ။


ဤအရိပ်သက်တော်စောင့်များမှာ အမှန်တကယ်ပင် အလွန်ပြင်းထန်စွာ ဦးနှောက်ဆေးခံထားရသည်။ သူသည် အတွင်းအားအားလုံးကို ဆုံးရှုံးထားသည်။ သူတို့သည် သူတို့ဟာ ယခင်က မတရားသဖြင့် ဆက်ဆံခံခဲ့ရသည်ကိုလည်း သိထားကြသည်။ သို့သော် သူတို့တွင် ခုခံငြင်းဆန်ရန် ရည်ရွယ်ချက်မရှိချေ။ သူတို့က သူ့စကားများကို နားထောင်နေဆဲဖြစ်ပြီး တချို့ဆိုလျှင်… သူတို့က သူ့ကို အဖေတစ်ယောက်လို ဆက်ဆံနေတယ်လို့ သူ ဘာလို့တွေးမိတာလဲ?


ဒီအခြေအနေမှာ သူ ဘာလုပ်သင့်လဲ? 


သူက ယန်ရှိူ့ရဲ့ အမျိုးသား ဖြစ်ချင်တာ၊ သူ ယန်ရှိူ့ရဲ့ အဖေ မဖြစ်ချင်ဘူး!


ယန်ကျင်းဇီသည် ၎င်းကို စဉ်းစားနေစဉ် သူ့နှလုံးသားမှာ လှုပ်ရှားသွားပြီး သူ့တွင် ရုတ်တရက် အကြံတစ်ခု ရလာသည်။ 


သို့သော် ဤကိစ္စဟာ သူ အရာရာကို စီစဉ်ပြီးကာ နတ်ဆိုးဂိုဏ်းမှ ထွက်လာပြီးမှသာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။


အတူတကွ လူစုဝေးပြီး နတ်ဆိုးဂိုဏ်းကို တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေကြသော လူအရေအတွက်မှာ တိုးပွားလာနေပြီး နတ်ဆိုးဂိုဏ်းနှင့်လည်း ခြေလှမ်းပိုနီးလာသည်။ 


အစပိုင်းတွင် လက်ယာရံသည် အနည်းဆုံးသော အားထုတ်ကြိုးပမ်းမှုနှင့် အလုပ်လုပ်ချင်ခဲ့သော်ငြား ဖြောင့်မတ်မှန်ကန်သော ဂိုဏ်းများက ကြမ်းတမ်းပြင်းထန်စွာ ရောက်ရှိလာကာ သူတို့အများစုက သူ(မ)ကို နက်ရှိုင်းစွာ မုန်းတီးကြသည်။ သူတို့က သူ(မ)နောက်သို့ ပြေးလိုက်ကာ သူ(မ)ကို ဤဖြောင့်မတ်မှန်ကန်သော ဂိုဏ်းများနှင့် ရင်ဆိုင်တိုက်ခိုက်ရန် ဖိအားပေးခဲ့သည်။ နောက်ဆုံးတွင် သူ(မ)၏ လူများစွာက သူတို့လက်ထဲတွင် သေဆုံးသွားကြသည်။ 


ဤနေ့တွင် လက်ယာရံ မုရုန်ရုန်သည် နတ်ဆိုးဂိုဏ်း ဌာနချုပ်သို့ အဆောတလျင် ပြန်ပြေးလာသော်လည်း ရုပ်သွင်ပြင်ထိခိုက်ထားသော လက်ဝဲရံ ကျန်းယန်က အေးအေးလူလူဖြင့် လက်ဖက်ရည် သောက်နေသည်ကို တွေ့လိုက်ရသည်။ 


“ ကျန်းယန်၊ နင်က ဒီအချိန်မှာ လက်ဖက်ရည် သောက်နိုင်နေသေးတယ်ပေါ့! ” မုရုန်ရုန် ကျန်းယန်ကို မျက်မှောင်ကြုံ့ကြည့်လိုက်သည်။ 


သူ(မ)သည် ခေါင်းဆောင်ငယ်ကို သစ္စာမရှိသော်လည်း သူ(မ)တွင် နတ်ဆိုးဂိုဏ်းကို ခင် တွယ်သော စိတ်အာရုံ ရှိသေးသည်။ နတ်ဆိုးဂိုဏ်းကို စွန့်လွှတ်ရန်မှာ မဖြစ်နိုင်ချေ။ သဘာဝကျစွာပင် သူ(မ)သည် ဂိုဏ်းကို အသည်းအသန် ကာကွယ်မည်ဖြစ်သည်။ 


နတ်ဆိုးဂိုဏ်းသာ မရှိဘူးဆိုရင် သူ(မ)နဲ့ သူ(မ)ရဲ့လူတွေ ဘာသွားလုပ်ရမှာလဲ?


သူတို့အကုန်လုံး နတ်ဆိုးဂိုဏ်းကို ရောက်လာတယ် ဆိုတာက သူတို့ သိုင်းလောကထဲမှာ လျှောက်မသွားနိုင်တော့လို့လေ! 


“ နတ်ဆိုးဂိုဏ်း အန္တရာယ်ရှိရင် ငါက လက်ဖက်ရည်သောက်လို့ မရတော့ဘူးလား? ” ကျန်းယန်က မုရုန်ရုန်ကို ကြည့်သည်။ 


မုရုန်ရုန် အနည်းငယ် မျက်မှောင်ကြုံ့သွားသည်။ 


ဤသည်မှာ မမှားပေ။ သို့ရာတွင် ကျန်းယန်က ဤအချိန်တွင် ထိုသို့ပြောလာသည်။ တစ်ခုခုမှားနေပြီဟု သူ(မ) အမြဲခံစားရသည်။ 


ဤအခိုက်အတန့်တွင် လူတစ်စုက ရုတ်တရက် ပေါ်လာကာ သူ(မ)ကို ဝိုင်းလိုက်သည်။ ခေါင်းဆောင်မှာ အမှန်တကယ်ပင် ယခင်က သူ(မ)ကို ထိခိုက်ဒဏ်ရာ ရစေခဲ့သော သိုင်းလောကမဟာမိတ်ခေါင်းဆောင် ကျူးလျန်ယင်း ဖြစ်နေသည်။ ကျူးလျန်ယင်းနောက်တွင် ကျွမ်းကျင်သော သိုင်းပညာရှင်များစွာ ရှိသည်။ 


“ ကျူးလျန်ယင်း! ” မုရုန်ရုန်၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည် : “ ကျန်းယန်၊ နင် နတ်ဆိုးဂိုဏ်းကို သစ္စာဖောက်တယ်! ”


ဤသည်မှာ နတ်ဆိုးဂိုဏ်း ဌာနချုပ် ဖြစ်သည်။ ကျူးလျန်ယင်းက သိုင်းပညာစွမ်း မြင့်မားသည်။ သူတစ်ဦးတည်း ခိုးဝင်ရန်မှာ ပြဿ နာမဟုတ်ချေ။ ဘယ်လိုလုပ် သူက လူအများကြီးကို ခေါ်လာနိုင်တာလဲ?


ဒါက လက်ဝဲရံရဲ့ လက်ချက်မှန်း သေချာတယ်!


လက်ဝဲရံ ကျန်းယန်သည် စကားတစ်ခွန်းမှ မပြောဘဲ မုရုန်ရုန်ကို တိုက်ရိုက်တိုက်ခိုက်ခဲ့သည်။ 


လက်ဝဲရံသည် ဂိုဏ်းထဲရှိ လူတချို့ကို ဆေးခတ်ထားပြီးဖြစ်ကာ သိုင်းအလွန်ကျွမ်းကျင်သော ကျူးလျန်ယင်းက ကူညီခဲ့သည်။ လက်ယာရံနှင့် သူ(မ)၏ လူများမှာ နောက်ဆုံးတွင် ဓားဖြင့် ခေါင်းဖြတ်ခံခဲ့ရသည်။ 


ဒီအခိုက်အတန့်မှာတော့ နတ်ဆိုးဂိုဏ်းမှာ ကျန်တာတွေက နတ်ဆိုးဂိုဏ်းခေါင်းဆောင်နဲ့ သူ့နားက အရိပ်သက်တော်စောင့်တွေပဲ!


သူ့ချစ်သူ လျိုကျိချင်းက နတ်ဆိုးဂိုဏ်းခေါင်းဆောင်၏ ဖမ်းဆီးခြင်းကို ခံရပြီး အကျဉ်းချခံထားရကာ ဖိအားပင်ပေးခံရလုနီးပါး ဖြစ်ခဲ့သည်ကို ကျူးလျန်ယင်း တွေးမိသည့်အချိန်တိုင်း သူသည် နတ်ဆိုးဂိုဏ်းခေါင်းဆောင်ကို အရိုးထဲအထိ မုန်းတီးကာ ချက်ချင်း သတ်ပစ်ချင်ခဲ့သည်။


“ ဂိုဏ်းခေါင်းဆောင်က သူ့အသက်ကို အမြဲတန်ဖိုးထားတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက တောင်ပေါ်မှာ ပုန်းနေတာ။ “ ရုပ်အဆင်း ပျက်စီးနေသော ကျန်းယန်က ကြောက်မက်ဖွယ်ကောင်းသော်ငြား သူ ကျူးလျန်ယင်းကို ကြည့်သောအခါ သူ့အကြည့်များက နူးညံ့နေသည်။ 


“ ငါတို့ တောင်ကို ချက်ချင်း တိုက်ပြီး နတ်ဆိုးဂိုဏ်းခေါင်းဆောင်ကို သတ်ပစ်ကြမယ်! ” ကျူးလျန်ယင်းက ပြောခဲ့သည်။ 


ဖြောင့်မတ်မှန်ကန်သော သိုင်းလောကသားများ အားလုံးသည် ကျယ်လောင်စွာ အော်ဟစ်ကာ တောင်ပေါ်သို့ အတူတူ အမြန်ပြေးသွားကြသည်။ 

ဖြောင့်မတ်မှန်ကန်သော သိုင်းဂိုဏ်းများမှ လူတိုင်းတွင် ကိုယ်ဖော့စွမ်းရည်များ ရှိကြပြီး သူတို့သည် တောင်ပေါ်ကို အလွန့်အလွန် လျင်မြန်စွာ တက်ခဲ့ကြ၏။ အရိပ်သက်တော်စောင့်များကို လေ့ကျင့်ပေးရန် အသုံးပြုသော တောင်ထိပ်ပေါ်ရှိ ဂူကို ဝန်းရံရန် သူတို့အတွက် အချိန်သိပ်မကြာလိုက်ပေ။ 


“ နတ်ဆိုးဂိုဏ်းက နတ်ဆိုးတွေ၊ ထွက်လာပြီး အသေခံစမ်း! ” ကျူးလျန်ယင်းနှင့် သိုင်းလောကသားများသည် အလွယ်တကူ မဝင်သွားရဲဘဲ ကျယ်လောက်စွာ အော်ဟစ်နေခဲ့ကြသည်။ ဒါပေမယ့် သူတို့ ဘယ်လောက်အော်အော် ဘာလှုပ်ရှားမှုမှ မရှိဘူး! 


လက်ဝဲရံသည် တစ်ခုခုမှားနေပြီဟု ရုတ်တရက် ခံစားလိုက်ရကာ ဂူတံခါးကို လက်ဝါးတစ်ချက်တည်းနှင့် ဖွင့်လိုက်ရာ ဂူမှာ ဗလာလွတ် ဖြစ်နေသည်ကိုသာ တွေ့လိုက်ရသည်။ 


နတ်ဆိုးဂိုဏ်းရဲ့ ခေါင်းဆောင်က မထင်ထားစွာဘဲ ထွက်ပြေးသွားတယ်တဲ့လား? 


သူက မခုခံဘဲ နတ်ဆိုးဂိုဏ်း မိသားစုစီးပွားရေးကို ထားခဲ့ပြီး ထွက်ပြေးသွားတယ်လား?


လက်ဝဲရံ မယုံကြည်နိုင်ပေ။ ကျူးလျန်ယင်းနှင့် သိုင်းလောကသားများစွာသည်လည်း ထပ်တူညီစွာ စိတ်အနှောင့်အယှက် ဖြစ်ကြပြီး အပြင်းအထန် ထိုးနှက်လိုက်ကာ လေးလံပြင်းထန်သည့် လက်သီးက ဝါဂွမ်းကိုသာ ရိုက်မိသည့် အင်အားမဲ့မှု ခံစားချက်ကိုပင် ရရှိခဲ့ကြသည်။ 


နတ်ဆိုးဂိုဏ်းခေါင်းဆောင်က သန်မာပြီး သူ့နားတွင် မရေမတွက်နိုင်သော အရိပ်သက်တော်စောင့်များ ရှိသည်ဟု ဆိုကြသည်။ ဒါဆို သူက မခုခံဘူးဆိုတော့… တကယ်ပဲ သူ ဘာလုပ်ချင်တာလဲ? 


အံ့အားသင့်ပြီးနောက် ကျူးလျန်ယင်းသည် အလွန်အံ့သြထိတ်လန့်ဖွယ် အတွေးနောက်တစ်ခုကို ရုတ်တရက် တွေးမိလိုက်သည် — ဖြစ်နိုင်တာ သူက သူတို့ နတ်ဆိုးဂိုဏ်းကို တိုက်ခိုက်တာကို အခွင့်ကောင်းယူပြီး သူတို့ရဲ့ ဂိုဏ်းတွေကို တိုက်ခိုက်မှာလား? 


ဤတစ်ကြိမ်တွင် သူတို့၏ ဂိုဏ်းမျိုးစုံမှ ပညာရှင်များမှာ ထွက်လာခဲ့ကြပြီး သူတို့၏ ကိုယ်ပိုင်ဂိုဏ်းများ၌ အသက်ကြီးပြီး အားနည်းသော အမျိုးသမီးများနှင့် ကလေးများ အနည်းငယ်သာ ကျန်ခဲ့ကြသည်။ နတ်ဆိုးဂိုဏ်းခေါင်းဆောင်ကသာ အရိပ်သက်တော်စောင့်များစွာကို ခေါ်ဆောင်သွားခဲ့လျှင် သူဟာ သူတို့အားလုံးကို အပြီးအပိုင် သတ်ပစ်နိုင်သည်။ 


ကျူးလျန်ယင်းက ဤဖြစ်နိုင်ချေကို တွေးမိပြီး အခြားသူများလည်း ၎င်းကို တွေးမိကြသည်။ 


သူတို့၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။ နတ်ဆိုးဂိုဏ်းကို တိုက်ခိုက်ခဲ့ကြသည့်လူများမှာ သေသေချာချာပင် အောင်ပွဲမခံနိုင်ကြဘဲ အဆောတလျင် နောက်ဆုတ်ကာ သူတို့၏ ကိုယ်ပိုင်ဂိုဏ်းများသို့ ဦးတည်ပြန်သွားကြ၏။


လူတိုင်းဟာ အလွန်စိုးရိမ်နေပြီး သူတို့ ပြန်ရောက်သွားလျှင် သူတို့၏ ကိုယ်ပိုင်ဂိုဏ်းများ၌ သွေးလွှမ်းနေမည်ကို စိုးရိမ်နေကြသည်။ သို့သော် သူတို့၏ ဂိုဏ်းများမှာ အဆင်ပြေကြသည်။ သူတို့၏ ဂိုဏ်းများသာမက ဂိုဏ်းများ အားလုံးကပါ အဆင်ပြေကြသည်။ 


နတ်ဆိုးဂိုဏ်းခေါင်းဆောင်ဟာ သူ၏ အရိပ်သက်တော်စောင့်များနှင့်အတူ မည်သည့်သဲလွန်စမှ မရှိဘဲ အပြည့်အဝ ပျောက်ကွယ်သွားခဲ့သည်။ 


ကျူးလျန်ယင်းသည် နတ်ဆိုးဂိုဏ်းကို ရှင်းလင်းခဲ့ပြီး သူ၏ သြဇာတိက္ကမမှာ အချိန်ခဏကြာသည့်အထိ တိုးမြင့်လာခဲ့၏။ သို့သော် သူသည် သူ့စိတ်ထဲတွင် အမြဲတစေ အဆင်မပြေခံစားနေရသည်။ အခြားသိုင်းလောကသားများမှာလည်း အဆင်မပြေစွာ တင်းတင်းကြပ်ကြပ် ခံစားကြရ၏ — နတ်ဆိုးဂိုဏ်းခေါင်းဆောင်က ဘယ်ထွက်သွားတာလဲ?


ကျန်းနန်၊ လျန်ကျိုးစီရင်စု။


မကြာသေးမီက ကြီးမားသော မိသားစုတစ်စုဟာ လျန်ကျိုးစီရင်စုသို့ ပြောင်းလာခဲ့ကြသည်။ 


မိသားစု၏ သခင်မှာ ယန်မျိုးရိုးအမည် ရှိပြီး လျန်ကျိုးစီရင်စုတွင် ကြီးမားသော စားသောက်ဆိုင်တစ်ဆိုင်ကို ဝယ်ယူကာ စားသောက်ဆိုင်တစ်ဆိုင်ကို ဖွင့်လှစ်ခဲ့သည်။ ထို့အပြင် သူက လျန်ကျိုးရှိ ကြီးမားသော စံအိမ်တစ်ခုနှင့် မြို့ပြင်ရှိ မြေဧကရာချီများစွာကိုလည်း ဝယ်ယူထားသည်။ 


လူအများအပြားသည် ဤမိသားစုကို သိချင်နေကြသည်။ ဤမိသားစုဟာ တသီးတသန့် နေထိုင်ကြသော်ငြား စားသောက်ဆိုင်ကိုတော့ ထင်ပေါ်ကျော်ကြားစွာ ဖွင့်လှစ်ထားသည်။ 


စားသောက်ဆိုင်တွင် အလုပ်လုပ်နေကြသော အသက်ဆယ့်နှစ်နှစ် သို့မဟုတ် ဆယ့်သုံးနှစ် အစေခံငယ်များမှာ အလွန်သေသပ်ကြပြီး စကားချိုချိုသာသာ ပြောခြင်းတွင်တော့ သိပ်မတော်ကြချေ။


စားသောက်ဆိုင်ရှိ စားဖိုမှူးများမှာ အသက်နှစ်ဆယ်ကျော် ယောက်ျားလေးအနည်းငယ် ဖြစ်သည်။ ဒေါသကြီးသော်ငြား သူတို့က အလွန်မြန်ဆန်ကြပြီး ချက်ပြုတ်ခြင်းနှင့် ဓားစွမ်းရည်တွင် ကျွမ်းကျင်ပညာရှင်များ ဖြစ်ကြသည်။ 


လူတိုင်းသည် သစ်လွင်သော တစ်စုံတစ်ရာကို စားရသည်အား နှစ်သက်ကြသည်။ ဤစားသောက်ဆိုင် ဖွင့်ခါစအချိန်တွင် လူအများအပြားက လာရောက်စမ်းကြည့်ကြသည်။ အချိန်အတော်ကြာပြီးနောက် အရသာရှိသည်ဟု ခံစားရကာ နောက်ထပ်လူများ ရောက်ရှိလာခဲ့သည်…


လွန်ခဲ့သော လဝက်ကျော်က အမျိုးမျိုးသော ဂိုဏ်းများ၏ နတ်ဆိုးဂိုဏ်းကို ဝန်းရံတိုက်ခိုက်မှု သတင်းကို ရရှိပြီးနောက် ယန်ကျင်းဇီသည် စားသောက်ဆိုင်ဖွင့်ရန် လျန်ကျိုးစီရင်စုသို့ အရိပ်သက်တော်စောင့်အချို့ကို ပို့ဆောင်ခဲ့သည်။ 


တကယ်တော့ သူသည် စားသောက်ဆိုင်ဖွင့်ရန် မလိုပေ။ သူသည် ဤအရိပ်သက်တော်စောင့်များကို တစ်ဘဝစာ အစားအသောက်နှင့် ဝတ်ဆင်စရာများ ပေးနိုင်သည်။ သို့သော် ဤအရိပ်သက်တော်စောင့်များအတွက် တစ်စုံတစ်ခု ရှာဖွေပေးသည်မှာ ကောင်းမွန်ပြီး ၎င်းက သူတို့ကိုလည်း လူမှုအသိုင်းအဝိုင်းထဲသို့ ပိုမိုလျင်မြန်စွာ ရောနှောခွင့်ပေးနိုင်သည်။ ထို့ကြောင့် ဤစားသောက်ဆိုင်ကို ဖွင့်လှစ်ခဲ့သည်။ 


အသက်ပိုငယ်သော အရိပ်သက်တော်စောင့်များမှာ အရင်သွားနှင့်ရန် စီမံခံရပြီး သူကိုယ်တိုင်ကမူ ခြေတစ်လှမ်း နောက်ကျပြီးမှ ထွက်လာခဲ့သည်။ 


အစပိုင်းတွင် ယန်ရှိူ့က သူ့ကို ကျောပေါ်တွင် သယ်ကာ လူများကိုရှောင်ရှားပြီး လမ်းပေါ်တွင် ကိုယ်ဖော့စွမ်းရည်နှင့် အမြန်သွားနေခဲ့သည်။ သို့သော် နတ်ဆိုးဂိုဏ်းဝန်းကျင်မှ ထွက်ခွာလာပြီးနောက် လက်အောက်ငယ်သားအချို့နှင့် ကုန်ပစ္စည်းများအချို့ကို ဝယ်ယူရန် ရည်ရွယ်ကာ ကုန်သည်လမ်းကြောင်းဟု ဟန်ဆောင်ရန်အတွက် သူသည် ယန်ရှိူ့နှင့် အခြားသော အရိပ်သက်တော်စောင့်များကို သာမန်အဝတ်အစားများ ပြောင်းလဲဝတ်ဆင်ခိုင်းခဲ့ပြီး လျန်ကျိုးစီရင်စုသို့ ဖြေးညှင်းစွာ ဦးတည်သွားခဲ့ကြသည်။


အရိပ်သက်တော်စောင့်အားလုံးသည် အလွန်ကောင်းမွန်သော ခန္ဓာကိုယ်များ ပိုင်ဆိုင်ကြသည်။ သူတို့အများစုမှာ သာမန်ရုပ်ရည်သာ ရှိသော်လည်း သူတို့သည် ဤအချိန်တွင် ကုန်းကိုင်းနေပြီဖြစ်သော လူများနှင့် ယှဉ်လျှင် အလွန်အင်အားပြည့်ဝနေကြသည်။ သူတို့သည် သာမန်လူများနှင့် တူရန် သူတို့၏ အဝတ်စားများကို ပြောင်းလဲဝတ်ဆင်ထားကြသည်။ သူတို့သည် သာမန်လူများနှင့် ဘာမှမကွဲပြားတော့ပေ။ အလွန်ဆုံး သူတို့က အနည်းငယ် ပိုအေးစက်သည့်ပုံသာ ပေါ်သည်။


ယန်ကျင်းဇီသည် သူတို့ကို ကြည့်ပြီး သူ့နှလုံးသားထဲတွင် စိတ်သက်သာရာရသွားသည်။


ဒီလူတွေအကုန်လုံးကို သူက နည်းနည်းချင်းစီ ပျိုးထောင်ခဲ့တာလေ! 


ယန်ကျင်းဇီက အခြားအရိပ်သက်တော်စောင့်များကို ကြည့်နေသည်ကို တွေ့ရသော် ယန်ရှိူ့သည် မသက်မသာ ခံစားရပြီး သူက စည်းကျော်နေပြီဟု ခံစားလိုက်ရသည်။ 


သခင်က သူ့ကို ပိုမိုကောင်းမွန်စွာ ဆက်ဆံသည်။ သူသည် စိတ်နစ်မြောသွားပြီး သူ့သခင်၏ ကိစ္စများတွင်ပင် ဝင်ရောက်စွက်ဖက်ရဲနေသည်။


ထို့အပြင် သူ့နှလုံးသားထဲတွင် မရေရာသော ခံစားချက်တစ်ခုလည်း ဖြစ်ပေါ်လာခဲ့သည်။ 


ယခင် နတ်ဆိုးဂိုဏ်းတွင်သာ ရှိနေစဉ် သခင်က လုံခြုံရေးအတွက် သူ့ကို ခေါင်းဆောင်အဖြစ် ဟန်ဆောင်စေချင်ခဲ့ပြီး သူနှင့် အလွန်ပင် ရင်းနှီးခဲ့သည်။ ဒါပေမယ့် အခု သူက နတ်ဆိုးဂိုဏ်းက ထွက်လာပြီဆိုတော့ သူတို့ရဲ့ အထောက်အထားတွေက ပုံမှန်အတိုင်း ပြန်မပြောင်းသင့်ဘူးလား?


ဤသို့သာဆိုလျှင် အနာဂတ်တွင် သခင်က သူ့ကို သေချာပေါက် ထပ်နမ်းတော့မည်မဟုတ်ဘဲ သူ့ကို ရှက်သွေးဖြာပြီး နှလုံးခုန်မြန်စေသော ကိစ္စများမှာလည်း နောက်တစ်ကြိမ် ဘယ်တော့မှ ထပ်ဖြစ်တော့မည်မဟုတ်ချေ။


သို့သော် ဤသည်မှာလည်း ပုံမှန်ဖြစ်သည်။ 


သူဟာ အရိပ်သက်တော်စောင့်တစ်ဦးသာ ဖြစ်သည်။ ဘယ်လိုလုပ် သူက သခင့်ကို သူ့ကို ကွဲကွဲပြားပြား ဆက်ဆံအောင် လုပ်နိုင်ပါ့မလဲ? တစ်နှစ်တာလုံး သခင်က သူ့နှင့်အတူ အိပ်ရာမျှဝေခဲ့သော်ငြား သူ့ကို ဘယ်တော့မှ ထပ်မထိခဲ့ချေ။ ၎င်းက သခင်ဟာ သူ့ကို သဘောမကျမှန်း ပြသသည်။ 


သခင်က သူတို့ကို ပုံမှန်လူများကဲ့သို့ နေထိုင်နိုင်ရန် ကိစ္စများစွာကို သင်ကြားပေးသည့်အထိ လုံလောက်စွာ ကြင်နာသည်။ သို့သော် သူ့တွင် မရှိသင့်သော အတွေးများ ရှိပြီး သခင့်ကို တပ်မက်နေသည်။ သူ တကယ် သေဖို့ ထိုက်တန်သည်။ 


“ ကျင်းဇီ၊ ငါတို့ နတ်ဆိုးဂိုဏ်းက ထွက်လာခဲ့ပြီ။ အခုကစပြီး ငါ ခေါင်းဆောင်အဖြစ် ဟန်ဆောင်ဖို့ မလိုတော့ဘူး။ မင်း… ” ယန်ရှိူ့ သူ့သခင်ကို ကြည့်လိုက်သည် : “ သခင်၊ သခင်က ကျွန်တော့်ရဲ့သခင် အမြဲဖြစ်နေမှာပါ။ “ 


ယန်ကျင်းဇီ : “ ... ” ဒါ ဘာကြီးလဲ? သူ ယန်ရှိူ့ရဲ့သခင် လုံးဝ မဖြစ်ချင်ဘူး! 


“ ဟုတ်တယ်၊ သခင်။ အနာဂတ်မှာ သခင်ကျင်းအဖြစ် ဟန်ဆောင်စရာမလိုတော့ဘူး။ “


“ သခင်၊ ကျွန်တော်တို့ သေချာပေါက် သခင့်ကို ကာကွယ်ပါ့မယ်။ ”


“ သခင်… ”


...



အခြားအရိပ်သက်တော်စောင့်များကလည်း တစ်ဦးပြီးတစ်ဦး ပြောကြသည်။ 


ဤနှစ်တွင် သူတို့၏ သခင်သည် “သခင်ကျင်း” အဖြစ် ဟန်ဆောင်ခဲ့ရသည်။ သူ မည်မျှဒုက္ခရောက်ခဲ့မှန်း မသိနိုင်ပေ။ သူတို့ အလွန်ဒေါသထွက်ခဲ့ကြသည်။ 


သို့သော် ထိုအချိန်တွင် အခြေအနေက အလွန်အရေးကြီးနေခဲ့သည်။ သခင့်၏ လုံခြုံရေးအတွက် ထိုသို့သာ ဖြစ်နိုင်ခဲ့သည်။ 


ယခုမူ ကွဲပြားသွားပြီဖြစ်သည်။ သူတို့သည် နတ်ဆိုးဂိုဏ်းမှ ထွက်ခွာလာခဲ့ပြီး လူမသိသူမသိ ဘဝသစ်တွင် နေထိုင်ရန် ရည်ရွယ်ထားကြသည်။ သခင်က သူတို့ရဲ့သခင် ထပ်ဖြစ်လာနိုင်မလား?


“ အပြင်က လူတွေကို သခင်လို့ မခေါ်ကြဘူး။ သူတို့အကုန်လုံးကို သခင်လေး‌တွေလို့ပဲ ခေါ်ကြတယ်။ ” အရိပ်ဆယ့်နှစ်က ပြောသည် : “ သခင်၊ အခုကစပြီး သခင်က ကျွန်တော်တို့ရဲ့ သခင်လေးပဲ။ ”


ယန်ကျင်းဇီ တားလိုက်သည် : “ မခေါ်နဲ့။ ” 


ထိုအရိပ်သက်တော်စောင့်များ အားလုံးသည် ယန်ကျင်းဇီကို စိတ်ရှုပ်ထွေးစွာ ကြည့်ကြသည်။ 


ယန်ကျင်းဇီက ပြောသည် : “ လျန်ကျိုးစီရင်စုကို သွားတဲ့ လမ်းမှာ အန္တရာယ်တွေ ရှိနိုင်တယ်။ ဒါကြောင့်မို့ အခု ယန်ရှိူ့က ဂိုဏ်းခေါင်းဆောင် မဟုတ်တော့ပေမယ့် သူက လူတိုင်းရဲ့ သခင်လေး ဆက်ဖြစ်နေလိမ့်မယ်။ ငါကတော့ ယန်ရှိူ့ရဲ့ဘေးက သခင်လေး၊ သခင်ကျင်းပဲ ဆက်ဖြစ်နေဦးမယ်။ “


“ သခင်… ” 


“ ငါ့ကို သခင်လို့ မခေါ်နဲ့။ ငါ့ကို ကျင်းဇီလို့ပဲ ခေါ်။ ” ယန်ကျင်းဇီ ပြောကာ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ 


ယန်ရှိူ့နှင့် ဤအရိပ်သက်တော်စောင့်များသည် အမှန်တကယ် သစ္စာရှိလွန်းပြီး စိတ်ရင်းစစ်မှန်လွန်းသည်။ 


သူသည် သူတို့ကို ဤနှစ်တွင် ကောင်းမွန်စွာ ဆက်ဆံခဲ့သော်ငြား ရိုးရိုးသားသား ပြောရမည်ဆိုလျှင် သူတို့ ယခင်က ခံစားခဲ့ရသည်မှာ သူ့ကြောင့် ဖြစ်ကာ သူ့အတွက် အသက်ဆုံးရှုံးခဲ့ကြရသည့် အရိပ်သက်တော်စောင့်များပင် ရှိသည်။ 


သူသည် တကြိမ်တခါက စိုးရိမ်ခဲ့ဖူးသည်၊ ဤအရိပ်သက်တော်စောင့်များက သူတို့တွင် ဖြစ်ပျက်ခဲ့သည်များကို သဘောပေါက်နားလည်ပြီးနောက် အတူစုပေါင်းကာ သူတို့၏ အတွင်းအား အားလုံးကို ဆုံးရှုံးထားသည့် “သခင်”ကို သတ်ပစ်မည်ကိုပင်။ ရလဒ်ကမူ… ဤလူများထဲမှ ဘယ်သူကမှ ထိုသို့မတွေးကြချေ။

ယခုမူ သူသည် သခင် မဖြစ်ချင်သည့်အပြင် ယန်ရှိူ့နှင့် ဆက်ဆံရေးကိုသာ ထိုးဖောက်ချင်သည်… သူ ပြင်ဆင်ထားတဲ့ ကိစ္စတွေ၊ လုပ်ဆောင်ချိန်တန်ပြီ!


ဤနေ့တွင် အရိပ်သက်တော်စောင့်များနှင့် ဖွဲ့စည်းထားသော ကုန်တန်းသည် လျန်ကျိုးစီရင်စုသို့ ရောက်ရှိလာခဲ့သည်။


ယန်ကျင်းဇီသည် “သခင်ကျင်း” ဆက်ဖြစ်ပြီး ယန်ရှိူ့ကို သခင်လေး ဆက်ဖြစ်ခိုင်းခဲ့သော်ငြား သူသည် သူ့ကိုယ်သူ ဆိုးဆိုးရွားရွား မဆက်ဆံခဲ့ပေ… သူသည် အစေခံမိန်းမပျိုနှစ်ဦးကို ဝယ်ယူကာ သူ့ကို ခစားစေပြီးနောက် သူက ယန်ရှိူ့၏ ချစ်သူ ဖြစ်သည်ဟု အစေခံမိန်းမပျိုနှစ်ဦးကို ပြောပြထားသည်။


ဤအစေခံမိန်းမပျိုနှစ်ဦးစလုံးသည် ဆင်းရဲမွဲတေစွာ မွေးဖွားခဲ့ပြီး အမျိုးသားတစ်ဦးက အမျိုးသားတစ်ဦး၏ ချစ်သူဖြစ်နေသည်အား နားမလည်နိုင်ကြပေ။ သို့သော် သူတို့သည် ယန်ကျင်းဇီကို မြင့်မြင့်မားမား လေးစားနေကြဆဲဖြစ်သည်။


ဤနေ့၌ ကုန်တန်းသည် တည်းခိုခန်းတစ်ခု၌ ရပ်တန့်သွားသည်။ 


ယန်ကျင်းဇီသည် အခန်းသို့ စောစောပြန်ကာ အနားယူခဲ့ပြီး ယန်ရှိူ့ကိုလည်း သူ့ဘာသာသူ ဈေးဝယ်ထွက်ရန် ပို့ထားသည်။ 

ယန်ရှိူ့ ထွက်သွားသောအခါ သူသည် မျက်လုံးမှိတ်ပြီး ခုတင်ပေါ်တွင် တရားထိုင်သည်။ ခဏကြာသော် သူက ရုတ်တရက် လဲကျသွားသည်။ 


“ သခင်ကျင်း ဘာဖြစ်သွားတာလဲ၊ သခင်ကျင်း? ” အစေခံမိ

န်းမပျိုနှစ်ဦးသည် ထိတ်လန့်သွားပြီး သူ့ကို ချက်ချင်း ပြေးလာကြည့်ကြသည်။ 


ယန်ကျင်းဇီသည် ခွေယိုင်စွာ နိုးထလာပြီး သူတို့ကို ပဟေဠိဖြစ်စွာ ကြည့်သည် : “ ငါ ဘယ်သူလဲ? ဒီနေရာက ဘယ်နေရာလဲ? “


_____