Chapter 8
Viewers 242

👱‍♀️Chapter 8



 

လီမော့သည် ယခုအခါတွင် ရှောင်ပေါင်၏ အဒေါ်က ကျိုးကြောင်းဆင်ခြင်၍ မရသူ ဖြစ်ကြောင်း လုံးဝ သေချာနေပေပြီ။ သူမလိုလူမျိုးကို ကျိုးကြောင်းပြ၍ ပြောဆိုခြင်းက အချည်းနှီးသာ ဖြစ်သည်။

 

သူမကို ယဉ်ကျေးရန် မလိုအပ်ပေ။ 


လီမော့က ရှောင်ပေါင်၏ ဇီးသီးကိတ်ကို စားနေသည့် ကလေးနှစ်ယောက်ကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။


"ကိုယ့်ပစ္စည်းမဟုတ်တာကို ခွင့်မတောင်းဘဲ ယူရင် ခိုးတာလို့ ခေါ်တယ်… ရှင်က ရှင့်ကလေးတွေနဲ့ ကျွန်မအိမ်ကို ပစ္စည်းလာခိုးပြီး ကျွန်မကလေးကို ရိုက်တယ်… ရှင့်ကို ဒေါသထွက်တဲ့အတွက် ကျွန်မက ဘာလို့ ရှက်ရမှာလဲ… ကျွန်မ လူတွေရှာပြီး သူတို့ကို ဆုံးဖြတ်ခိုင်းမယ်…"


သူမက ရှောင်ပေါင်ကို ပွေ့ထားရင်း အိမ်ထဲမှ ထွက်လာပြီး ခြံထဲသို့ သွားကာ စတင်အော်ဟစ်လိုက်သည်။

 

ဝမ်ကွေ့ဟွာ စိတ်ထဲတွင် ပျာယာခတ်သွားသည်။ သူမ လုပ်ခဲ့သည်ကို သိသွားလျှင် သူမ၏ နာမည်အတွက် မကောင်းပေ။ သို့မဟုတ်ပါက အများပြည်သူကို ပြသနိုင်သည့် မျက်နှာရှိတော့မည် မဟုတ်ပေ။ သူမ၏ သားကလည်း အရာရှိဖြစ်ရန် စာမေးပွဲ ဖြေရန် စီစဉ်နေသည်။ ဤကိစ္စကို လူသိရှင်ကြား ဖြစ်သွားလျှင် သူမ၏ နာမည်ပျက်မည်။

 

ဝမ်ကွေ့ဟွာက အမြန်လိုက်ဖမ်းပြီး လီမော့၏ လက်မောင်းကို ဆွဲကိုင်လိုက်သည်။ သူမ၏ မျက်နှာက ပြောင်းလဲသွားလေသည်။ 


"အိုး ယောင်းမလေး… နင် ဘာလို့ ငါတို့မိသားစုကို အရှက်ရအောင် လုပ်ပြီး လူတွေ ငါတို့ကို ရယ်စရာလုပ်ခိုင်းတာလဲ..." ဟု ပြောပြီး လီမော့ကို အိမ်အတွင်းသို့ ဆွဲခေါ်သည်။

 

လီမော့က ရှောင်ပေါင်ကို ရင်ခွင်ထဲ ပွေ့ထားသည်။ သူ၏ ခန္ဓာကိုယ် ပိန်နေသည်ကို မြင်ရသဖြင့် စိတ်မကောင်းဖြစ်ရသည်။ ဝမ်ကွေ့ဟွာ ဆွဲခေါ်ခံရသည်နှင့် တစ်ပြိုင်နက် ခြေချော်သွားပြီး တံခါးခုံတွင် လဲကျတော့မလို ဖြစ်သွား၏။

 

လီမော့၏ ရင်ဘတ်က တဒိတ်ဒိတ် ခုန်လာသည်။ သူမက စဥ်းစားရန် အချိန်ပင်မရလိုက်ပေ။ ထို့ကြောင့် သူမက မျက်လုံးမှိတ်ပြီး ရှောင်ပေါင်ကို ရင်ခွင်ထဲ တင်းကျပ်စွာ ပွေ့ဖက်ကာ ကာကွယ်လိုက်သည်။

 

သို့သော် နောက်တစ်စက္ကန့်တွင် သူမက မည်သည့်နာကျင်မှုကိုမျှ မခံစားရဘဲ သူမ၏ ခန္ဓာကိုယ်က ကျယ်ပြောသော ရင်ဘတ်တစ်ခုပေါ်သို့ ကျရောက်သွားသည်။

 

လီမော့က မျက်လုံးဖွင့်လိုက်သောအခါ စုန့်တရှန်က သူမနှင့် ရှောင်ပေါင်ကို ထိတ်လန့်တကြား ကြည့်နေသည်ကို တွေ့ရသည်။

 

လီမော့က သက်ပြင်းချလိုက်ပြီး ရှောင်ပေါင်ကို အလျင်အမြန် ရှာဖွေသည်။ ကံကောင်းစွာဖြင့် ကလေးက သူမ၏ ရင်ခွင်ထဲ၌သာ မြှုပ်နေပြီး လဲကျခြင်းကြောင့် ကြောက်ရွံ့နေခြင်းမျိုး မဖြစ်ခဲ့ပေ။

 

လီမော့က တည်ငြိမ်အောင် ပြုလုပ်ပြီးနောက် ဝမ်ကွေ့ဟွာ၏ လက်များကို လီမော့ထံမှ ဆွဲဖယ်လိုက်သည်။

 

သူမကို ပြင်းပြင်းထန်ထန် ကြည့်ပြီး မေးသည်။

"ဘာလုပ်နေတာလဲ…"

 

ဝမ်ကွေ့ဟွာက သူ၏ အေးစက်သော မျက်လုံးများကို ကြည့်ပြီး တုန်ယင်သွားသည်။ သူမက မသိစိတ်ဖြင့် တစ်လှမ်းနောက်ဆုတ်လိုက်မိသည်။

 

နောက်ဆုတ်ပြီးခါမှ ကြောက်‌နေစရာမလိုမှန်းကို သဘောပေါက်သည်။ သူမက စုန့်တရှန်အစ်ကို၏ ဇနီးဖြစ်ကြောင်း သတိရလိုက်သည်။ သဘောပေါက်ပြီးနောက် သူမက ပို၍ ရဲရင့်လာပြန်သည်။ သူမက ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး ခေါင်းကို မော့ထားလိုက်သည်။

 

"ငါက ယောင်းမလေးကို မိသားစုကိစ္စတွေကို ပြင်ပလူတွေကို မပြောဖို့၊ မိသားစုကို အရှက်ရအောင် မလုပ်ဖို့ ပြောတာ… ငါ့မှာ ပြောခွင့် မရှိဘူးလား…"

 

လီမော့က သူမ၏ အသံတွင် လှောင်ပြောင်သည့် လေသံကို ဖုံးကွယ်၍မရပေ။ 

"ရှက်ရမှာလား… တခြားသူတွေရဲ့ ပစ္စည်းတွေကို ဝင်ရှုပ်ပြီး တခြားသူတွေရဲ့ ကလေးကို ရိုက်တဲ့သူက ကျွန်မ မဟုတ်ဘူး… ဘယ်သူက ရှက်ရမှာလဲ…"

 

ဝမ်ကွေ့ဟွာ၏ မျက်နှာက နီရဲသွားပြီး ချက်ချင်းပင် ခါးထောက်ကာ လီမော့ကို လက်ညှိုးထိုး ပြောသည်။ 

"နင် ဘယ်သူလဲ… နင်က ဝယ်လာတဲ့ ဈေးပေါပေါ မြင်းခွာလေးပဲ… ဘယ်လိုလုပ် ငါ့ကို ဒီလိုပြောရဲတာလဲ…"

 

ထိုသို့ ပြောပြီးနောက် သူမက စုန့်တရှန်ဘက်သို့ လှည့်ပြီး ပြောသည်။

"နင် အိမ်မှာ မရှိတာ နှစ်အနည်းငယ် ရှိပြီ… ငါ မကျွေး‌မွေးရင် ရှောင်ပေါင်က အသက်ရှင်ပါ့မလား… အခု နင် ပြန်လာတော့ နင့်မိန်းမက ငါ့ကို နှိပ်စက်တာတောင် ခွင့်ပြုနေတာလား… နင်မှာ အသိစိတ် မရှိဘူးလား"

 

စုန့်တရှန်က သူမ၏ စကားများကို ဂရုမစိုက်ပေ။ သူ၏ မျက်နှာက ရေခဲကဲ့သို့ အေးစက်နေဆဲပင် ဖြစ်သည်။


"မရီး… ရှောင်ပေါင်က ခင်ဗျားအိမ်မှာ ရှိခဲ့တုန်းက ဘာတွေ ကြုံခဲ့ရလဲဆိုတာ ခင်ဗျား သိတယ်… ကျွန်တော်လည်း မရီးကို ငွေ ရှစ်တေး ပေးခဲ့တယ်… အဲ့ဒါက ရှောင်ပေါင်ကို ကျွေးမွေးပေးတဲ့ ကျေးဇူးအတွက် ကျေးဇူးတင်ကြောင်း ပြောဖို့ လုံလောက်ထက် ပိုပါတယ်"

 

ဝမ်ကွေ့ဟွာက စိတ်ထဲတွင် သိသော်လည်း ရှုံးနိမ့်မှုကို ဝန်ခံရန် ငြင်းဆန်နေလေသည်။ 

"ငါက ရှောင်ပေါင်ကို ကျွေးမွေးခဲ့တာ… နင် ပေးတဲ့ ဒင်္ဂါးပြားနည်းနည်းနဲ့က ငါ့ကျေးဇူးအတွက် လုံလောက်ပြီလား…" ဟု ပြောပြီးနောက် မြေကြီးပေါ် ထိုင်ချပြီး ဒုက္ခရောက်သည့် အသွင်ဖြင့် ငိုကြွေးသည်။


"ငါ ဘာလုပ်လို့ ဒီလောက် ဆင်းရဲတွင်းနက်ရတာလဲ… ငါက မတ်ရဲ့ ကလေးကို ကျွေးမွေးဖို့ ခြွေတာခဲ့ရတယ်… ဒါပေမယ့် နောက်ဆုံးတော့ သူက ငွေနည်းနည်းပဲ ပေးပြီး ငါတို့ကို ထွက်သွားခိုင်းတယ်… အိမ်ကိုတောင် လာခွင့်မပြုဘူး…"

 

ငိုနေရင်း စားပွဲပေါ်ရှိ အစားအစာများကို တစ်ချက်ကြည့်လိုက်သည်။ သူမ၏ ကလေးနှစ်ယောက်ကို မျက်စိမှိတ်ပြသည်။

 

ကလေးနှစ်ယောက်က သူတို့၏ အမေ ဘာပြောချင်သည်ကို ချက်ချင်း နားလည်ပြီး ကိတ်မုန့်များနှင့် ပေါက်စီများကို သူတို့၏ လက်မောင်းအတွင်း ထိုးထည့်လိုက်သည်။

 

လီမော့က သူတို့ကို အော်သည်။ 

"ဘာလုပ်နေတာလဲ… ပြန်ပေး…"  

 

ကလေးနှစ်ယောက်က လီမော့ကို လုံးဝ မကြောက်ကြပေ။ တစ်ယောက်က လီမော့ကို ယုံကြည်မှုရှိစွာ ပြောသည်။ 

"စုန့်ရှောင်ပေါင်ရဲ့ ဘဝက ငါတို့မိသားစုက ပေးထားတာ… ဒါကြောင့် နင်တို့အိမ်က ပစ္စည်းအားလုံးကို ငါတို့ပိုင်တယ်…"

 

လီမော့က ကလေး၏ စကားများကြောင့် မည်သည့်စကားမျှ ပြန်မပြောနိုင်တော့ပေ။

 

လီမော့က ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။ 

"နင်… ချလိုက်… အဲ့ဒါ ရှောင်ပေါင်အတွက် ဝယ်ထားတာ…"


လီမော့က သူမ၏ ကလေး ပစ္စည်းယူခြင်းကို တားဆီးရန် ကြိုးစားနေသည်ကို မြင်သောအခါ ဝမ်ကွေ့ဟွာ၏ မျက်လုံးများ ပြောင်းလဲသွားသည်။ သူမက ချက်ချင်းပင် သူမအနီးသို့ ချဉ်းကပ်လာပြီး စတင်ငိုကြွေးသည်။ 

"အိုး… အဒေါ်က သူ့တူကို ဘာမှ မပေးချင်ဘူး… သူ့တူကိုတောင် ရန်ပြုတယ်…"

 

လီမော့က စကားမပြောနိုင်တော့ပေ။ 

အရွယ်ရောက်ပြီးသားလူတွေက လူမိုက်… ကလေးတွေကလည်း လူမိုက်တွေ… 

ဒီမိသားစုက ဘယ်လိုမိသားစုမျိုးလဲ…

 

ထိုအချိန်တွင် စုန့်တရှန်က လီမော့ကို ဆွဲလိုက်သည်။ သူ ခေါင်းယမ်းပြပြီး သူမကို စိတ်ချစေရန် ကြည့်လိုက်သည်။

 

နောက်တစ်စက္ကန့်တွင် သူက ရှေ့သို့ တိုးလျှောက်သွားပြီး ဝမ်ကွေ့ဟွာကို မြေကြီးပေါ်မှ ဆွဲထူကာ တံခါးဝသို့ ဆွဲခေါ်သွားသည်။

 

ဝမ်ကွေ့ဟွာ မည်မျှပင် သန်မာသည်ဖြစ်စေ စုန့်တရှန်လောက် မသန်မာပေ။ သူမကို စုန့်တရှန်က ဆွဲခေါ်သွားသည်။ ကျောဘက်ကို ပြင်းထန်စွာ ထိုးမိပြီး သူ့ကို ပြင်းပြင်းထန်ထန် ကျိန်ဆဲနေသည်။ သို့သော် သူမက စုန့်တရှန်၏ ခြေလှမ်းများကို မတားဆီးနိုင်ပေ။ ထို့ကြောင့် သူမကို တံခါးဝမှ ဆွဲထုတ်သွားပြီး အပြင်သို့ ပစ်ချလိုက်သည်။

 

ကလေးနှစ်ယောက်ကလည်း ဝမ်ကွေ့ဟွာ ပစ်ချခံရသည်ကို မြင်ရသဖြင့် ကြောက်လန့်ပြီး ထွက်ပြေးသွားတော့သည်။

 

ဝမ်ကွေ့ဟွာကို တံခါးဝမှ ပစ်ချလိုက်သောအခါ လှုပ်ရှားမှု မသေးပေ။ ဘယ်ဘက်နှင့် ညာဘက်ရှိ အိမ်နီးချင်းများပါ ပျော်ပွဲစားလာကြည့်ကြပြီး ဝမ်ကွေ့ဟွာကို စိုက်ကြည့်ကြသည်။

 

ထိုအချိန်တွင် ဝမ်ကွေ့ဟွာက ငိုယိုပြီး မျက်ရည်များ ပေါက်ကွဲနေပြီ ဖြစ်သည်။ 

"ကြည့်ပါဦး… ကျွန်မ မောင်က သူ့မရီးကို ရိုက်နှက်တာ… ကြည့်ပြီး ဆုံးဖြတ်ပေးပါ…" 

 

လီမော့က စုန့်တရှန်၏ လုပ်ရပ်များကြောင့် အနည်းငယ် စိတ်ရှုပ်ထွေးနေသည်။ ထိုအခါမှာ သူမက တုံ့ပြန်ပြီး ရှောင်ပေါင်ကို အမြန် ကောက်ချီကာ တံခါးဝသို့ ပြေးသွားသည်။

 

ဝမ်ကွေ့ဟွာ၏ စကားများကြောင့် လူတိုင်း လမ်းမှားရောက်သွားမည်ကို စိုးရိမ်၍ လီမော့က သူမ၏ ပေါင်ကို လျှို့ဝှက်စွာ ညှစ်လိုက်သည်။ သူမ၏ မျက်လုံးများက ရုတ်တရက် နီရဲသွားသည်။

 

လီမော့က ဝမ်ကွေ့ဟွာကို ကြည့်ပြီး နဖူးကြုတ်ကာ ဝမ်းနည်းသည့် ပုံစံဖြင့် ပြောသည်။

"မရီး… ကျွန်မတို့က ကျွန်မတို့ရဲ့ တူတွေ တူမတွေ ကို အစားအစာ နည်းနည်း မပေးချင်တာ မဟုတ်ပါဘူး… ဒါပေမယ့် ခွင့်မတောင်းဘဲ တိုက်ရိုက် ယူလို့ မရဘူးလေ… ရှောင်ပေါင်က ကလေးပဲ ရှိသေးတယ်… ဘာလို့ သူ့ကို ရိုက်တာလဲ…"

 

လူတိုင်းက ၎င်းကို ကြားသည့်အခါ လီမော့၏ ရင်ခွင်အတွင်းက ရှောင်ပေါင်လေးကို ကြည့်ကြသည်။ ကောင်လေး၏ မျက်လုံးများက အမှန်တကယ်ကို ယောင်နေပြီး မျက်နှာတွင် လက်ဝါးရာ ရှိသည်။ မျက်နှာတစ်ခြမ်းက ရောင်နေသည်။ သူက အလွန်သနားစရာကောင်းသည်။

 

ရှောင်ပေါင်က ဤကဲ့သို့ ဖြစ်နေခြင်းကို မြင်သည့်အခါ ဝမ်ကွေ့ဟွာ၏ ပုံမှန် အကျင့်စရိုက်များကို သူတို့က သတိရသွားကြသည်။

 

လူတိုင်းက လီမော့၏ စကားများကို ယုံကြည်သည်။ တစ်ယောက်ယောက်က ဝမ်ကွေ့ဟွာကို ချက်ချင်း အော်ပြောလိုက်သည်။ 

"ဝမ်ကွေ့ဟွာ… ရှောင်ပေါင်က နင့်အိမ်မှာ ရှိတုန်းက နင် ရိုက်တယ်… အခု သူက သူ့မိသားစုအိမ်မှာ ရှိနေပြီ… နင် အခုထိ ရိုက်ချင်သေးတာလား… ဘာလို့ ဒီလောက် ရက်စက်ရတာလဲ…"

 

"ဟုတ်တယ်… သူများအိမ်လာပြီး ပစ္စည်းလု၊ ကလေးတွေကို ရိုက်တယ်… နင် ဘယ်လောက် မျက်နှာပြောင်တိုက်တာလဲ…"

 

"ဝမ်ကွေ့ဟွာက ငါ့ကို အမြတ်ထုတ်ရတာ ကြိုက်ရင် ငါလည်း သူ့ကို ထုတ်ပစ်မယ်…"


မြေကြီးပေါ် ထိုင်နေသည့် ဝမ်ကွေ့ဟွာကို လူတိုင်း စွပ်စွဲကြသဖြင့် ဝမ်ကွေ့ဟွာ၏ မျက်နှာက ရပ်တည်၍ မရတော့ပေ။ မမျှော်လင့်ဘဲ စုန့်တရှန် ဝယ်ထားသည့် မိန်းမက ထိုမျှ အားနည်းသူ မဟုတ်ဘဲ ယခင်တစ်ယောက်ထက် အများကြီး ပိုသာနေသည်။

 

သူတို့ထံမှ အမြတ်ထုတ်၍ မရနိုင်ကြောင်း မြင်သောအခါ သူမက ထရပ်ပြီး ကလေးနှစ်ယောက်နှင့်အတူ ထွက်ပြေးသွားလေသည်။


သုံးယောက်သား ထွက်ခွာသွားပြီး ကျောများ မမြင်ရတော့မှ လူတိုင်းက လီမော့နှင့် ရှောင်ပေါင်ကို ခဏတာ နှစ်သိမ့်ပြီးနောက် ထွက်သွားကြသည်။

 

လီမော့က ရှောင်ပေါင်နှင့် စုန့်တရှန်ကို အိမ်အတွင်းသို့ ခေါ်ဆောင်လာသည်။

 

စုန့်တရှန်က သူမ၏ နီရဲနေသောမျက်ဝန်းများကို ကြည့်ရင်း သူ၏ မျက်ဝန်းများ၌ ရယ်မောလိုဟန်များ ရောနှောနေသည်။

 

လီမော့က သူမ ခုနက လုပ်ခဲ့သည်ကို သတိရသွားသည်။ သူမက ပြုံးလိုက်ပြီး စုန့်တရှန်ကို မကြည့်ဘဲ စားပွဲပေါ်ရှိ ပစ္စည်းများကို အလျင်အမြန် သွားကြည့်သည်။

 

သူတို့က စားပွဲပေါ်ရှိ ပစ္စည်းအားလုံးကို မယူသွားကြပေ။ သူမက ရှောင်ပေါင်အတွက် အထူးဝယ်ခဲ့သော ဇီးသီးပန်းကိတ်နှင့် ပေါက်စီမှအပ ဖြစ်သည်။ သို့သော် ရှောင်ပေါင်က တစ်ပိုင်းသာ စားနိုင်ခဲ့ပြီး ခဏအကြာတွင် အားလုံး ပျောက်သွားခဲ့သည်။

 

လီမော့၏ စိတ်မကောင်းဖြစ်နေသည့် ပုံစံကို မြင်သောအခါ စုန့်တရှန်က သူမ၏ ကျောကို ပုတ်လိုက်သည်။ 

"အဆင်ပြေပါတယ်… နောက်တစ်ခါ မြို့သွားရင် ထပ်ဝယ်ကြတာပေါ့…"

 

ရှောင်ပေါင်ကလည်း စုန့်တရှန်၏ လုပ်ရပ်အတိုင်း လိုက်လုပ်သည်။ သူက လီမော့၏ ကျောကိုပင် ပုတ်ပြီး နှစ်သိမ့်သည်။ 

"အဒေါ်မော့… မငိုပါနဲ့… ရှောင်ပေါင် ကိတ်မုန့် မစားချင်ဘူး… ရှောင်ပေါင်က ဆန်ပြုတ် ကြိုက်တယ်"

 

လီမော့က ကောင်လေး ပြောသည်ကို ကြားရသဖြင့် ပျော်ရွှင်ရသလို ဝမ်းနည်းရပေသည်။


ဤငယ်ရွယ်သည့် အရွယ်တွင်ပင် အလိုက်သိနေသည်ကို ကြည့်ခြင်းအားဖြင့် သူက ယခင်က မည်မျှ ဒုက္ခခံခဲ့ရသည်ကို သူမ မသိပေ။ သို့သော် ယခုအခါ သူက အနိုင်ကျင့်ခံရသော်လည်း သူမကို ပြန်လည် နှစ်သိမ့်နေဆဲပင် ဖြစ်သည်။ ခေတ်သစ် ကလေးလေးများနှင့် နှိုင်းယှဉ်လျှင် ရှောင်ပေါင်က အမှန်တကယ်ကို သိတတ်လွန်းသည်။

 

နောက်တစ်ခါ မြို့သို့ ရောက်သောအခါ ရှောင်ပေါင်အတွက် ကောင်းသောအရာ တစ်ခုခုကို ဝယ်ပေးရမည်။

 

လီမော့က ကျန်ရှိနေသော အစားအစာများကို စီစဥ်ပြီး ဆန်နှင့် ဟင်းခတ်အမွှေးအကြိုင်များအားလုံးကို ဗီရိုအတွင်း ထည့်ကာ သော့ခတ်လိုက်သည်။ သူတို့ဝယ်ခဲ့သော အသားနှင့် အရိုးများကိုမူ အင်တုံအတွင်း ထည့်ပြီး ရေအေးကို ထည့်ထားသည်။ မနက်ဖြန် မပျက်စီးစေရန် ဖြစ်သည်။

...

 

စုန့်တရှန်က ရေကို ဆက်ပြီး ကြိုနေသည်။ လီမော့က အိုးအတွင်းမှ ရေကို ခပ်ယူပြီး အဝတ်စတစ်စဖြင့် စိမ်ကာ ရှောင်ပေါင်၏ မျက်နှာပေါ်သို့ တင်ပေးလိုက်သည်။

 

ရှောင်ပေါင်က ဖူးရောင်နေသော နေရာကို အဝတ်စဖြင့် လိမ်လိမ်မာမာ ဖုံးအုပ်ထားလေသည်။

 

လီမော့ ဤအချိန်ကို အခွင့်ကောင်းယူပြီး ဘီရိုအတွင်းရှိ တစ်ခုတည်းသော ဂျုံမှုန့်အနည်းငယ်ကို ထုတ်ယူသည်။ သူမက လက်လုပ်ခေါက်ဆွဲ ပြုလုပ်ရန် စီစဉ်ထား၏။ သူမက မူလက ပေါက်စီနှင့် ဆန်ပြုတ် ပြုလုပ်ရန် စီစဉ်ထားသော်လည်း ယခု ပျောက်ကွယ်သွားပြီ ဖြစ်ရာ လီမော့က မိသားစု ဆန်ကြမ်းဆန်ပြုတ် ဆက်သောက်နေသည်ကို မလိုလားသောကြောင့် ဤအရာကို ပြုလုပ်ရန် သတိရလိုက်သည်။

 

လီမော့က အဆင်သင့်လုပ်ပြီးသား ခေါက်ဆွဲများကိုသာ ယခင်က စားဖူးသည်။ သူမက လက်လုပ်ခေါက်ဆွဲ မည်သို့ ပြုလုပ်ရမည်ကို သိသော်လည်း ကိုယ်တိုင် မလုပ်ဖူးသေးပေ။

 

နောက်ဆုံးတွင် မုန့်သားကို နယ်ရသူက စုန့်တရှန် ဖြစ်သည်။ လီမော့က ဖြတ်တောက်ပြီး အိုးအတွင်းသို့ ထည့်သည်။

 

ဤညစာတွင် လီမော့က ဆီနှင့် အသားနည်းနည်း ထည့်ထားသောကြောင့် အလွန်မွှေးကြိုင်သည်။ ရှောင်ပေါင်က ဗိုက်ပြည့်နေပြီး သူက အလွန်ပျော်ရွှင်နေသည်။ စုန့်တရှန်ကပင် ပျော်ရွှင်နေသည်။

 

ဖခင်နှင့် သား စားသောက်နေသည်ကို မြင်ရသောအခါ လီမော့ကလည်း သူမ၏ စိတ်ထဲတွင် ပျော်ရွှင်နေသည်။ သူမ၏ စိတ်ထဲတွင် ဂုဏ်ယူမှုပင် ဖြစ်ပေါ်လာသည်။ သူမ ငွေအများကြီး ရှာရမည်။ မိသားစုတွင် ထမင်းတိုင်း၌ အသားရှိရမည်။

 

လီမော့က သူမ ဝယ်ခဲ့သည့် ပစ္စည်းများကို ချက်ချင်း ထုတ်ယူပြီး ဤဂုဏ်ယူစိတ်ဖြင့် ပြုပြင်ရမည့် ပစ္စည်းအားလုံးကို ပြင်ဆင်သည်။

 

သူမက ပစ္စည်းအများအပြားကို မသုံးပေ။ သူမ လိုအပ်သည်က အမျိုးအစား သုံးခုသာ ဖြစ်သည်။ ၎င်းတို့က လျှော်မြက်၊ ရွက်နုမြက်၊ နှင့် ကျောက်မက်မွန်သီးတို့ ဖြစ်သည်။

(TN- အစေ့က အလွန်မာသော သို့မဟုတ် ကျောက်ဖြစ်နေသော မက်မွန်သီး ဖြစ်သည်)

 

ဤအရာ သုံးခုကို ရေတွင် နာရီဝက်ကြာ စိမ်ထားရမည်။ ထို့နောက် ၂း၂း၁ အချိုးအစားအတိုင်း ရောနှောပြီး ကြိတ်ချေကာ အဖတ်များကို ဖယ်ထုတ်ပစ်ရမည်။ မျက်နှာလိမ်းအဆီဘူးအတွင်း ထည့်ကာ သမအောင် မွှေပြီး နောက်ဆုံးတွင် စိုစွတ်သော လိမ်းဆေး ဖြစ်လာသည်။ လက်ပေါ်တင်၍ သမအောင် ပွတ်ပြီး မျက်နှာပေါ်တွင် လိမ်းနိုင်သည်။ မိတ်ကပ်လိမ်းပြီးနောက်တွင်လည်း သုတ်လိမ်းနိုင်ပြီး မိတ်ကပ်ကို တည်မြဲစေရန်နှင့် မိတ်ကပ်၏ အာနိသင်ကို ချဲ့ထွင်ရန် အသုံးဝင်သည်။ လီမော့က ၎င်းကို အလှဆီဟု နာမည်ပေးသည်။

 

စုန့်တရှန်က ဤပစ္စည်းများကို မည်သို့ အသုံးပြုရမည်ကို ကြားသောအခါ ကျည်ပွေ့ကို ယူလာပြီး ဤအရာများကို ရောနှော ကြိတ်ခွဲသည်။

 

လီမော့က သူ့ကို ပေးလိုက်ပြီး ဤအချိန်ကို အခွင့်ကောင်းယူကာ သူမ ဝယ်ခဲ့သည့် အလှကုန်ပစ္စည်းများကို ဂရုတစိုက် လေ့လာသည်။ ၎င်းတို့၏ အာနိသင်ကို အကောင်းဆုံး ဖြစ်အောင် ပြုလုပ်ရန် စဥ်းစားထားသည်။


နှစ်ယောက်သား မှောင်စပြုသည်အထိ အလုပ်များနေကြသည်။ ဤအချိန်တွင် လီမော့က အိမ်တွင် ဖယောင်းတိုင်ပင် မရှိသည်ကို သဘောပေါက်လိုက်သည်။ ထို့ကြောင့် နောက်တစ်ခါ သွားလျှင် အနည်းငယ် ပြန်ဝယ်ရမည်။

 

နောက်တစ်နေ့တွင် စုန့်တရှန်က လယ်များသို့ မသွားပေ။ မိသားစု မနက်စာ စားပြီးနောက် လီမော့က မိတ်ကပ်လိမ်းရန်ပစ္စည်းများကိုယူပြီး အဒေါ်ကျောက်အိမ်သို့ သွားလိုက်သည်။

 

သူမက အဒေါ်ကျောက်ကို နှုတ်ဆက်ခဲ့သောကြောင့် ယနေ့ အဒေါ်ကျောက်၏ မိသားစုက အိမ်တွင် နေသူ အမျိုးသမီးများမှအပ အပြင်ထွက်၍ အလုပ်လုပ်ကြသည်။ လူတိုင်းက စိတ်ဝင်စားကြပြီး စုန့်တရှန်၏ ဇနီးငယ်လေးက မည်သို့ လုပ်ဆောင်နိုင်သည်ကို ကြည့်လိုကြသည်။ အထူးနည်းလမ်းများဖြင့် အမာရွတ်ကို လှပအောင် ပြုလုပ်နိုင်သည်။ မိသားစုတစ်ခုလုံးက ချင်ဟွာ၏ အခန်းတွင် စုဝေးကြပြီး လီမော့က ချင်ဟွာ၏ ပုံပန်းကို ပထမဆုံးအကြိမ် မြင်လိုက်ရခြင်း ဖြစ်သည်။

 

ဘယ်ဘက် ပါးပြင်တွင် အမာရွတ် ရှိသည်မှာ အမှန်ပင် ဖြစ်သည်။ အမာရွတ်က အမဲရောင်ဖြစ်သောကြောင့် မိတ်ကပ်ဖြင့် ဖုံး၍မရပေ။ လီမော့ တွေ့ရှိသည်က ချင်ဟွာက အမှန်တကယ်ပင် မျက်နှာအသွင်အပြင် ကောင်းမွန်သည်။ သူမထံ၌ ဘဲဥပုံမျက်နှာ၊ အသားညိုညို၊ မျက်ခွံနှစ်ထပ်၊ နှင့် ချယ်ရီနှုတ်ခမ်း ရှိသည်။ အမာရွတ်သာ မရှိခဲ့လျှင် သူမက အနည်းငယ် လှပသူ ဖြစ်ရမည်။

 

လီမော့က မူလက ချင်ဟွာက သူမ၏ မျက်နှာပေါ်ရှိ အမာရွတ်များကြောင့် အိမ်တွင်းအောင်းနေသူ ဖြစ်မည်ဟု ထင်ထားခဲ့သည်။ သူမက အလွန် တက်ကြွပြီး စိတ်ထားဖြူစင်သူ ဖြစ်ကြောင်း မည်သူမျှ သိနိုင်မည် မဟုတ်ပေ။ သူမက လုံးဝ ကြောက်ရွံ့မနေပေ။ ဆန့်ကျင်ဘက်အားဖြင့် သူမက ရယ်မောရသည်ကို နှစ်သက်ပြီး တည့်တိုးပြောတတ်သူ ဖြစ်သည်။

 

လီမော့ လာသည်ကို မြင်သောအခါ သူမက ချက်ချင်း ထွက်လာပြီး နှုတ်ဆက်ကာ ရွှင်ရွှင်ပြုံးပြသည်။ 

"ယောက်မ… မနေ့က အမေက ကျွန်မအမာရွတ်တွေကို ဖုံးဖိဖို့ နည်းလမ်းရှိတယ်လို့ ပြောတယ်… အဲ့ဒါကြောင့် မနေ့ညက ကောင်းကောင်း မအိပ်နိုင်ဘူး… ယောက်မ လာတာကို မျှော်နေတာ…" 

 

လီမော့က သူမ၏ စကားများကြောင့် ပျော်ရွှင်သွားပြီး သူမအပေါ် ကောင်းသော အထင်အမြင် ရှိသွားလေသည်။



👱‍♀️👱‍♀️