နူးညံသော အမျိုးသမီးအရံဇာတ်ကောင် A နှင့် အာဏာရှင် အမျိုးသားဇာတ်လိုက် O
အပိုင်း ၁၁
စုရှုသည် ချောင်းမိုကို အပေါ်အောက် ကြည့်လိုက်သည်။ သူ့ရှေ့ရှိ ကောင်မလေးမှာ ချောမောလှပပြီး အပြစ်ကင်းစင်စွာ ပြုံးပြနေသည်။ သူမသည် အဖြူရောင်ဝတ်စုံနှင့် ပေါ့ပါးသော မိတ်ကပ်လိမ်းခြယ်ထားသည်ကို ကြည့်ရသည်မှာဖြူစင်ပြီး လှပသည်။ ချောင်းမိုကို ကြည့်ရင်း သူမ မှန်းဆချက်တွေက ပိုသေချာလာခဲ့သည်။
ယနေ့ ခေတ်သစ်လူ့အဖွဲ့အစည်းသည် လိင်တူဆက်ဆံခြင်းကို အလွန်သဘောထားကြီးပေသည်။ ချောင်းမို ကဲ့သို့သော အယ်လ်ဖာသည် ရန်လိုခြင်းမရှိသည့်အပြင် အိုမီဂါအပေါ်တွင်လည်း စိတ်မဝင်စားပါပေ။ စုရှုသည် ထိုကဲ့သို့သော ချောမောလှပသည့် ကောင်မလေးနှင့် သူငယ်ချင်းဖြစ်ရတာကို နှစ်သက်ပေသည်။
ဒါကိုစဉ်းစားပြီးနောက် စုရှုသည် ချောင်းမို၏ ချဉ်းကပ်မှုကို မငြင်းဆန်တော့ပဲ ချောင်းမိုကို လက်ဆွဲပြီး ကျောင်းဝင်းဆီသို့ လျှောက်သွားခဲ့သည်။ ချောင်းမိုက စုရှု သူမနှင့် သူငယ်ချင်းဖြစ်ရန် သဘောတူသည်ဟုသာ တွေးပြီး ပို၍ပင် ပျော်ရွှင်လာတော့သည်။ မိန်းကလေးနှစ်ယောက်က အနီးနားက နို့လက်ဖက်ရည်ဆိုင်မှာ နို့လက်ဖက်ရည်သောက်ဖို့ ဆုံးဖြတ်လိုက်ကြသည်။
သို့သော် နို့လက်ဖက်ရည်ဆိုင်သို့ မရောက်မီတွင် သူမတို့ကို လူဆိုးအနည်းငယ်က ပိတ်ဆို့ခဲ့သည်။
ဦးဆောင်သောသူသည် ချောင်းမိုနှင့် စုရှုကို လေချွှန်ပြလိုက်ပြီး ချောင်းမိုအား ဆိုးရွားသောလေသံဖြင့် "အိုး၊ မစ္စချောင်း၊ သူဌေးတစ်ယောက်ပေါ်တက်ပြီးတာနဲ့ တကယ့်ကို ကွဲပြားသွားတာပဲ၊ မင်းကြည့်ရတာ ကောင်းကောင်းနေနေပုံရတယ်။ မကြာခင်တုန်းကပဲ မင်း ငါတို့ကို တွေ့တိုင်း ပုန်းနေခဲ့တာပါ။ အခုတော့ မင်း စျေးဝယ်ထွက်ဖို့ စိတ်ကူးရှိနေပြီပေါ့၊ ဘာလဲ၊ မင်း သူဌေးက မင်းကို ထပ်ပြီး ဂရုမစိုက်တော့လို့လား?"
တဖက်တွင် အနည်းဆုံး လူ ၇ ယောက် ၈ ယောက် ရှိနေသည်မှာ ခြိမ်းခြောက်ဖွယ်ပင် ဖြစ်သည်။
မနက်ခင်း ဖြစ်နေသည့်အတွက် လမ်းပေါ်တွင် လူသွားလူလာ ကျဲပါးနေသည်။သူတို့ထဲမှ နှစ်ဦးသုံးဦးက ဘေးချင်းယှဥ် ရပ်နေပြီး လူအများအမြင်ကို ဟန့်တားထားစဥ် အခြားသူများက စုရှုနှင့် ချောင်းမိုကို စက်၀ိုင်းသဖွယ် ၀န်းရံထားသည်။
အခြားဖက်တွင် လူအများအပြားရှိနေကာ နှိုင်းယှဥ်ကြည့်လျှင် ချောင်းမိုတို့ မိန်းကလေးနှစ်ယောက်တွဲက အလွန်အားနည်းနေပုံရသည်။
စုရှုသည် ထိုလူများကို ထိတ်လန့်စွာကြည့်ရင်း၊ သူမ လက်ကိုင်ဖုန်းဖြင့် ကွယ်၀ှက်စွာ အကူအညီတောင်းချင်ခဲ့သည်။
လူစု၏ ခေါင်းဆောင်သည် စူးရှသောမျက်လုံးများရှိပြီး ရယ်ကျဲကျဲဖြင့် “ ဒီမှာ ညီမလေး၊ မင်း ယုံလား၊ မယုံဘူးလားတော့ မသိပေမယ့် မင်းဖုန်းမဆက်ခင် ငါ့ညီအကိုတွေက မင်းအတွက် အဲ့တာကို အရင်လုပ်ပေးလိုက်လိမ့်မယ်။ "
စုရှု၏ မျက်နှာက ချက်ချင်းဖျော့တော့သွားသည်။
လမ်းကြားထဲရှိလေထုသည် ပေါက်ကွဲလုနီးနီး ဖြစ်လာစဥ် ရုတ်တရက် ထွက်ပေါ်လာသော ပြင်းထန်သည့် အယ်လ်ဖာ ဖယ်ရီုမုန်းက လေထုကို ပို၍ပင် လေးလံသွားစေခဲ့သည်
စုရှုသည် သာမန်အမျိုးသမီးအိုမီဂါတစ်ဦးမျှသာဖြစ်ပြီး ဖယ်ရိုမုန်းများ၏ တိုက်ခိုက်မှုအောက်တွင် တုန်ရီနေပြီဖြစ်သည်။
ချောင်းမိုက စုရှု ကို တစ်ချက်ကြည့်လိုက်ကာ သူမရှေ့မှတွင် ပိတ်ရပ်လိုက်ပြီး "မင်းပြောစရာရှိရင် ဒီတိုင်းပဲ ပြောလေ၊ ကြည့်စမ်းပါဦး မင်းက တခြားသူတွေကို ခြိမ်းခြောက်တာမှာပဲ တော်ပုံရတယ်”
"ကောင်းပြီ ချောင်းမို၊ မင်းက ငါတို့ကို ရန်စလိုက်နိုင်တာပဲ။ မင်းက ငါတို့ကို အော်ငေါက်ရဲတယ်၊ ဒါပေမယ့် အလှလေးကို ကယ်တင်မယ့် သူရဲကောင်းတစ်ယောက် လုပ်ချင်တုန်းပဲ မဟုတ်လား။”
မျက်နှာမှာ အမာရွတ်နဲ့ ခေါင်းဆောင်က လေသံမာမာဖြင့် ပြောလိုက်သော်လည်း သူ့စိတ်ထဲမှာတော့ အနည်းငယ် အံ့သြသွားတာ အမှန်ပင်။
ဒီမိန်းကလေး ချောင်းမိုက သူရဲဘောကြောင်သူတယောက်ဆိုတာ အသိသာကြီးပဲ၊ သူမ ဘယ်အချိန်ထဲက သူတို့ကို အော်ငေါက်ရဲလောက်တဲ့အထိ သတ္တိရှိလာခဲ့တာလဲ?
မကြာသေးမီက သူမသည် သူတို့အား ပိုက်ဆံမပေးရဲပဲ အရူးတွေလို နာရီပေါင်းများစွာ စောင့်ခိုင်းခဲ့သည်။
ချောင်းမိုသည် မျက်နှာအမာရွတ်နဲ့သူကို ပြန်မဖြေတော့ပဲ ရုတ်တရက် တခုခုကို သတိရသွားပြီး “ ရှင်က ပြီးခဲ့တဲ့ရက်က ကျွန်မကို မက်ဆေ့ချ် ပို့ခဲ့တဲ့သူလား? “
သူမ အရင်ဆုံးပိုက်ဆံအကြောင်း စပြောတာကို တွေ့ပြီးနောက် သူစိတ်ထဲ စိတ်သက်သာရာရသွားခဲ့သည်။ သူချောင်းမိုကို မျက်စိမှေးကြည့်ကာ “ ဟုတ်တယ်၊ မင်းနောက်ဆုံးတော့ သတိရသွားပြီပေါ့။ ငါတို့ကို လျော်ကြေးမပေးရသေးဘူးဆိုတာ မင်းမသိဘူးလား။”
“ဒါက ယွမ်တစ်သိန်းပဲရှိတယ်။ ငွေထုတ်ဖို့ ဘဏ်ကို မသွားချင်ဘူးဆို ကုဒ်ကို စကင်န်ဖတ်ပြီး လွှဲပေးလိုက်”
ရင်းနှီးပြီးသား QR ကုဒ်ကို မြင်လိုက်ရတော့ ချောင်းမို နှလုံးသားထဲမှာ သက်ပြင်းချလိုက်မိသည်။
အရင်ရက်က အွန်လိုင်းမှာ ဈေးဝယ်တုန်းက ဒီကမ္ဘာကြီးဟာ ဇာ့ဂ်ကျူးကျော်မှုမတိုင်ခင်က ကမ္ဘာနဲ့ တူတယ်လို့ သူမ ခံစားခဲ့သည်။ သူမ၏ နှလုံးသားထဲရှိ ကွဲလွဲမှု အနည်းငယ်ကောင့်သာ မဟုတ်ပါက၊ ချောင်းမိုသည် သူမအတိတ်သို့ ပြန်ရောက်သွားတာဟု တွေးခဲ့မိလောက်သည်။
သူမ ခေါင်းငုံ့ကာ ခဏလောက် စဉ်းစားပြီးနောက် ချောင်းမိုက မျက်နှာ အမာရွတ်နှင့်သူကို ပြုံးပြကာ လက်ဝှေ့ရမ်းပြလိုက်သည်။
ထိုသူသည် အဲဒီအပြုံးကြောင့် အံသြသွားကာ ချောင်းမိုက အရင်ကလို အားနည်းတဲ့ယုန်ဖြစ်နေတုန်းပဲလို့ တွေးနေမိသည်။
အမာရွတ်နဲ့လူက ချောင်းမိုကြောက်နေသည်ဟု ထင်ပြီး ချောင်းမိုဆီသို့ လျှောက်သွားပြီး ဖုန်းထုတ်ကာ ချောင်းမိုကုဒ်ကို စကင်န်ဖတ်ဖို့စောင့်ဆိုင်းနေပေမယ့် အဲ့တာက ချောင်းမို သူ့ကို အပြင်းအထန် ကန်ထုတ်လိုက်တဲ့အချိန်ထိပဲ။
သူသည် မြေပြင်မှ ခုန်ထလိုက်ကာ ချောင်းမိုကို ပြင်းပြင်းထန်ထန် စိုက်ကြည့်ပြီး "မင်း သေချင်နေတာပဲ”
ချောင်းမိုက သူမသွားများပေါ်သည်အထိ ထူးထူးခြားခြား ဖြူစင်ပြီး အန္တရာယ်ကင်းသောအပြုံးမျိုးဖြင့် ပြုံးပြလိုက်ပြီး " ရှင် ပိုက်ဆံလိုချင်ပေမယ့် ကျွန်မမှာတော့ သံလက်သီးပဲရှိတယ်။ လိုချင်လား?"
အမာရွတ်နှင့်အမျိုးသားသည် ချက်ချင်းပင် ဒေါသထွက်ကာ သူ့ညီအစ်ကိုများကို အချက်ပြသည့်ဟန်ဖြင့် လှည့်ကြည့်လိုက်သည်။ ထိုအချက်ပြမှုကို မြင်ပြီးနောက် သူတို့အားလုံး ချက်ခြင်းပြေးလာကာ ခုနစ်ခု ရှစ်ခုလောက်ရှိတဲ့ အယ်လ်ဖာဖယ်ရိုမုန်းတွေက ချောင်းမိုဆီသို့ ကျောက်တုန်းကြီးပမာ ဖိချလာသည်။
ချောင်းမိုသည် ဖယ်ရိုမုန်း အတက်အကျကို ခံစားလိုက်ရပြီး တိုက်ခိုက်မှုကို ရှောင်ရှားရန် ဘေးဘက်သို့ အနည်းငယ် လှမ်းကာ နောက်တစက္ကန့်တွင် ပိုမိုပြင်းထန်သော ဖိအားတစ်ခုက မျက်နှာအမာရွတ်ရှိလူနှင့် သူ၏ အပေါင်းအပါများကို တိုက်ခိုက်ခဲ့သည်။
အမှန်တော့၊ ထိုလူများပေါ်လာသောအခါ၊ ထိုသူတို့ထံမှ စိတ်စွမ်းအားကို အမှန်တကယ် ခံစားလိုက်ရသောကြောင့်၊ သူမသည် ထူးဆန်းသည်ဟု ခံစားခဲ့ရသည်၊။
ထို့ကြောင့် သူမသည် သည်လူများကို ဒေါသဖြစ်အောင် တမင်တကာ ဆွပေးကာ သူတို့၏ စိတ်စွမ်းအားကို သိချင်ခဲ့သည်။ ထိုအရာကပဲ ကမ္ဘာပျက်ကပ်မတိုင်မီက ကမ္ဘာနှင့် ကွဲပြားနေရသည့် အကြောင်းအရင်းဖြစ်နိုင်ပေသည်။
ထို့အပြင် ချောင်းမိုသည် သူတို့ပြောနေသည့် လျို့ဝှက်ချက်ဆိုသည်ကို သိချင်သေးသည်။
ချောင်းမိုသည် သူမ၏ စိတ်စွမ်းအားကို မြှင့်တင်လိုက်ပြီး တစ်ချိန်တည်းတွင် ထိုသူတို့၏ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို သတိထားနေခဲ့သည်။
သို့သော် မမျှော်လင့်စွာ ထိူသူများက သူတို့ကို ဆက်လက်ဝန်းရံထားခြင်း မရှိတော့ပေ။
ချောင်းမိုသည် သူမ၏ စိတ်စွမ်းအားကို သိမ်းလိုက်သောအခါတွင် လူမိုက်အုပ်စုက ချက်ချင်း မြေပြင်ပေါ် လဲကျကာ နာကျင်မှု ကြီးကြီးမားမား ခံစားနေရသည့်အလား သူတို့၏ မျက်နှာများ နီမြန်းနေခဲ့သည်။
မျက်နှာတွင်အမာရွတ်နဲ့လူက ချောင်းမိုကို ညွှန်ပြပြီး “ကောင်းပြီလေ ချောင်းမို မင်းက အရမ်းရက်စက်လွန်းတယ်။ ငါပြောမယ် မင်းပစ္စည်းကို မလိုချင်ဘူးဆိုမှတော့ ငါဒီဟာကို ပစ်လိုက်တော့မယ်၊ မင်းရဲ့ ထောက်ပံ့သူ အမှန်တရားကို ရှာတွေ့သွားမယ့်အချိန်ကို စောင့်နေလိုက်တော့!”
"သွားကြမယ်”
ချောင်းမို တခြားဘာမှ မပြောနိုင်ခင် ဒီလူဆိုးတွေက ချက်ချင်းဆိုစလို သူတို့ပေါ်လာခဲ့သည့်အတိုင်း ပျောက်သွားခဲ့သည်။ တစ်ခုရှိတာက သူတို့အချင်းချင်း ကူမရင်း ထွက်သွားရတာပင်။
ချောင်းမို - "???"
သူတို့က မြန်မြန်ဆန်ဆန်ပဲ ထွက်ပြေးသွားကြတာပဲ။
နေပါဦး ဘာလို့ထွက်ပြေးသွားကြတာလဲ? ငါခုထိ ဘာမှမမေးရသေးဘူးလေ။
သူမနောက်မှာတော့ စုရှုက ရယ်လိုက်ပြီး ချောင်းမို၏ ဆွံ့အသွားသော လေထုကို ချိုးဖျက်လိုက်ပြီး “ ချောင်းမို၊ နင်က အံ့လောက်စရာပဲ၊ “
ချောင်းမိုသည် အလွန်သန်မာသော်လည်း သူမသည် ထိုညစ်ညမ်းသော အယ်ဖာများကဲ့သို့ အနည်းငယ်မျှ အထက်စီး မဆန်ပေ။ အထူးသဖြင့် ချောင်းမို၏ မျိုးကွဲလိင်ကို ခန့်မှန်းပြီးနောက် သူမ၏ ချောင်းမိုအပေါ် နှစ်လိုမှုမှာ အလွန်မြင့်မားလာသည့်အပြင် ချောင်းမိုနှင့် သူငယ်ချင်းဖြစ်ရသည်မှာလည်း အလွန်လုံခြုံသလိုခံစားလာရသည်။
“အဲ့လောက်မဟုတ်ပါဘူး”
ချောင်းမိုသည် သူမ၏ နားရွက်ဖျားကို နေရခက်စွာ ပွတ်သပ်လိုက်သည်။ တစ်ဖက်လူများသည် အဲ့လောက်အမှိုက်ဆန်ဆန် အားနည်းကြလိမ့်မယ်လို့ တကယ့်ကို မထင်ထားခဲ့ပေ။
ထိုကဲ့သို့ ဖြစ်ပျက်ပြီးနောက် သူတို့နှစ်ဦးသည် နို့လက်ဖက်ရည်သောက်ရန် စိတ်မ၀င်စားတော့ဘဲ သင်ခန်းစာကို နားထောင်ရန် ကျောင်းသို့ တိုက်ရိုက်သွားဖို့သာ ရွေးချယ်ခဲ့သည်။
ဟောပြောပွဲသင်ခန်းစာက တော်တော်စိတ်ဝင်စားဖို့ကောင်းတာပဲ။ ထိပ်တန်းဇီဝဗေဒပရော်ဖက်ဆာ တစ်ဦးသည် မျိုးဗီဇဆိုင်ရာ သုတေသနနှင့် ၎င်း၏ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သတ်ပြီး အကြံဉာဏ်အချို့ကို မျှဝေခဲ့သည်။
ချောင်းမိုသည် သူမ၏ယခင်ဘဝက ဓာတ်ခွဲခန်းတွင် နှောင့်ယှက်ရေးပစ္စည်းပြုလုပ်ရန် အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ခဲ့ပြီး သူမ၏ သုတေသနသည်လည်း မျိုးဗီဇနှင့် ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်သောကြောင့် သူမသည် ပရော်ဖက်ဆာ၏ ဟောပြောမှုပါ အချက်အလက်များကို အလွန်စိတ်ဝင်စားခဲ့သည်။
တခုရှိတာက ပရော်ဖက်ဆာက သူ့မိန့်ခွန်းမှာ သူမနဲ့ မရင်းနှီးတဲ့ နာမ်စားတွေကို အများအပြား သုံးခဲ့ခြင်းပင်။ ချောင်းမိုသည် အဲ့တာကို နားမလည်နိုင်ပဲ ယင်းမှာ ဤကမ္ဘာကြီး၏ ဖွဲ့စည်းပုံနှင့် တစ်စုံတစ်ရာဆက်စပ်မှုကြောင့် ဖြစ်နိုင်သည်ဟုပဲ မှန်းဆနိုင်ခဲ့သည်။
ထို့ကြောင့် ချောင်းမိုသည် ပရော်ဖက်ဆာအား သူမ သံသယရှိနေသည့် မေးခွန်းအချို့ကို မေးခဲ့သည်။
ချောင်းမိုနှင့် ဆွေးနွေးပြီးနောက် ဇီဝဗေဒ ပရော်ဖက်ဆာ၏ မျက်လုံးများ တောက်ပလာကာ "မင်းက ဘယ်မေဂျာကလဲ၊ နောက်ပိုင်း ငါ့လက်အောက်မှာ သုတေသနလုပ်ဖို့ စိတ်ဝင်စားလား”
တစ်သက်လုံး သုတေသနလုပ်လာခဲ့တဲ့ ချောင်းမိုဟာ ပရော်ဖက်ဆာ စကားကိုကြားပြီးနောက် စိတ်တုန်လှုပ်သွားခဲ့သည်။
ဒါပေမယ့် နောက်ဆုံးမှာတော့ သူမက ယဉ်ကျေးစွာ ပြုံးပြီး “ဖိတ်ကြားမှုအတွက် ပရော်ဖက်ဆာကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် အခြေအနေက ဘယ်လိုဖြစ်လာမလဲဆိုတာ စောင့်ကြည့်ချင်သေးလို့ပါ။ “
“ အဲ့တာဆိုလည်း ကောင်းပြီလေ။”
ဇီဝဗေဒ ပရော်ဖက်ဆာက နည်းနည်းတော့ နှမြောမိပေမယ့် သူတွန်းအားမပေးခဲ့ပေ။ အဲ့အစား သူ့လုပ်ငန်းကတ်ကို ပေးထားခဲ့ကာ သူမ စိတ်ပြောင်းသွားတဲ့အချိန် သူ့ဆီလာနိုင်သည်ဟု ချောင်းမိုကို ပြောခဲ့သည်။
ဟောပြောပွဲပြီးနောက် ချောင်းမိုနှင့် စုရှုသည် လမ်းလျှောက်ထွက်ရန် ဟောခန်းမှ ထွက်လာခါနီးတွင် အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့က သူမတို့ဆီ လျှောက်လာခဲ့သည်။