အပိုင်း ၁၄
Viewers 414

နူးညံသော အမျိုးသမီးအရံဇာတ်ကောင် A နှင့် အာဏာရှင် အမျိုးသားဇာတ်လိုက် O


အပိုင်း ၁၄




ကျန်းလော့ကျစ်က ချောင်းမိုတစ်ယောက် ပြောတာတခြား ဖြစ်ချင်တာကတခြား ဖြစ်နေမှန်းကို မြင်နိုင်ပေသည်။ သူငြင်းလိုက်သည်နှင့် သူမ၏ ကော့ညွတ်နေသော မျက်လုံးများ ပြန်ကျသွားလိမ့်မည်ဖြစ်သည့်အပြင် နားရွက်အောက်စိုက်ကျနေသော ယုန်ကြီးလို မျက်နှာငယ်ဖြစ်သွားလိမ့်မည်။ အဲ့လိုတွေးနေရင်း ကျန်းလော့ကျစ် ရယ်ချင်လာတော့သည်။



သူ ချောင်းမိုကို စချင်သောကြောင့် သူမအကြံကိုလက်ခံလိုက်သည့်ဟန် အေးအေးဆေးဆေး ခေါင်းငြိမ့်ကာ " ဟုတ်ပြီလေ "



" အာ အဲ့တာက ဟမ်? "



ချောင်းမိုက သူမဒီတိုင်း ယဥ်ကျေးဟန် ငြင်းဆန်သည်ကို ကျန်းလော့ကျစ် တကယ်လက်ခံလိုက်လိမ့်မယ်လို့ မမျှော်လင့်ထားပေ၊ သူမ နှလုံးသားထဲ မနှစ်မြို့မှုများ ပြည့်နှက်လျက် ချောင်းမို ကြက်သေသေနေမိရင်း ကျန်းလော့ကျစ်ကို အူကြောင်ကြောင်ကြည့်နေမိသည်။



သူ ဘာလို့ အဲ့လောက်မြန်မြန် သဘောတူလိုက်ရတာလဲ? သူမက ဒီတိုင်း မူလိုက်ရုံပဲလေ။ ကျန်းလော့ကျစ်က တကယ့်ငတုံးပဲ၊ ယဥ်ကျေးယောင်ဆောင်ပြီး ငြင်းတယ်ဆိုတာကို သူနားမလည်ဘူးလား။ ဝူး~ ဝူး~ သူမရဲ့ ယွမ် ၆၀၀၀၀ လစာလေးက အခု ၅၀၀၀၀ ပြန်ဖြစ်သွားပြီပေါ့။ ကျန်းလော့ကျစ်က သူမကို တကယ် လစာမတိုးပေးချင်ပဲ သူမငြင်းတာကို စောင့်နေတာပဲဖြစ်ရမယ်။



ဒီလိုမျိုး အရင်းရှင်တွေ!!



ချောင်းမိုရဲ့ ကြက်သေသေနေတဲ့ မျက်နှာကိုကြည့်ရင်း ကျန်းလော့ကျစ်၏ နှုတ်ခမ်းကော့တက်သွားကာ သူ့မျက်လုံးထဲ ရီချင်သည့် အရိပ်အယောင် ဖြတ်ခနဲပေါ်သွားပြီး သူ ချောင်းမိုကို စနေသည်ကို ရပ်ရန် ဆုံးဖြတ်လိုက်ကာ " ငါထပ်ပြောမယ်။ ငါမင်းလစာကို တိုးဖို့ ဆုံးဖြတ်ပြီးမှတော့ ဘယ်သူမှ ထပ်ပြီး အထွန့်တက်စရာအကြောင်း မရှိတော့ဘူး "



ချောင်းမိုက ဒီလို အတက် အကျ ဖြစ်စဥ်များကို ကျော်ဖြတ်ပြီးနောက် စကားမပြောနိုင်တော့ပဲ သက်ပြင်းနက်နက်သာချမိတော့သည်။



ဘယ်လိုတောင် လူတွေကို သွေးအန်အောင် လုပ်ချင်တဲ့ သွေးဆာတဲ့ အာဏာရှင်မျိုးလဲ။ ဒီလို အာဏာရှင် လုပ်ရပ်မျိုးက တကယ့်ကို ကျန်းလော့ကျစ်နဲ့ လိုက်ဖက်တယ်။



အသိတရားရှိသော သူဌေးကျန်းက ထပ်မေးလိုက်သည်။ " ငါ မင်းဘာမှမစားရသေးတာကို သတိထားမိလိုက်တယ်။ မင်း ဘာစားချင်လဲ? ငါလိုက်ကျွေးမယ်။ "



သူမ လစာတိုးပြီးနောက် ပျော်ရွှင်နေသော ချောင်းမိုသည် အခုချိန် သူဘာပြောပြော အကုန်သဘောတူနိုင်ပေသည်။



ချောင်းမိုဆီမှာ ဘာအကြံဥာဏ်ပေးတာမှမရှိတော့ ကျန်းလော့ကျစ် သူမကို အနီးနားက စားသောက်ဆိုင်သို့သာ ခေါ်သွားခဲ့သည်။



နာရီတိုင်းလိုလို မီလီယံနဲ့ချီပြီးဝင်နေတဲ့ သူဌေးတယောက်အတွက် ကျန်းလော့ကျစ် ရွေးတဲ့ဆိုင်ကလည်း သေချာပေါက် အထက်တန်းကျပြီး ခမ်းနားသော ဇိမ်ခံစားသောက်ဆိုင်တစ်ဆိုင်ပဲ ဖြစ်လေသည်။ ဆိုင်ထဲက အစားအသောက်တွေက တစ်ချက်ကြည့်လိုက်တာနှင့် အလွန်ဈေးကြီးမှန်းသိသာကာ ချောင်းမို ဘယ်တော့မှ တတ်နိုင်မည့်ဟာမျိုးလဲ မဟုတ်ပေ။



အစကတော့ ချောင်းမို သူဌေးကို လစာတိုးပေးသည့်အတွက် ကျေးဇူးတင်သည့်အနေဖြင့် ညစာကျွေးမည်ဟု ပြောချင်သော်လည်း ဈေးနှုန်းများကို မြင်ပြီးနောက် သူမထိုစကားလုံးများကို တိတ်တိတ်လေးပြန်မြိုချထားလိုက်သည်။



ကျန်းလော့ကျစ်သည် ချောင်းမို၏ အကျပ်အတည်းကို မြင်လိုက်ရကာ " မင်းဘာမှမသက်မသာဖြစ်နေစရာမလိုဘူး။ ဒီဆိုင်မှ သူဌေးနဲ့ငါက သူငယ်ချင်းတွေလေ။ ဒီ အစားအသောက်တွေအတွက် ပိုက်ဆံပေးဖို့မလိုဘူး။ "



ဒီလိုမျိုးက ပိုက်ဆံတွေ တောင်လိုဝန်းရံနေပြီး လူကို ပိုက်ဆံနဲ့ အမြုပ်ခံစေချင်မိတဲ့ ခံစားချက်မျိုးပဲ။



ချောင်းမိုသည် ကျန်းလော့ကျစ်၏ ကြုံတုန်းလစာတိုးပေးလိုက်မှုနှင့် အလကားအစားအသောက်တို့ကြောင့် ဆွဲဆောင်ခံလိုက်ရကာ သူမ အကြိုက်များကို  မြန်မြန်မှာလိုက်သည်။ ကျန်းလော့ကျစ်လည်း ဟင်းပွဲအချို့ထပ်ဖြည့်မှာပြီးနောက် ဘေးရှိဝန်ထမ်းကို " ဝိုင်နီကို နို့နဲ့ လဲပေးပါ၊ ကျေးဇူးတင်ပါတယ် "



သူသည် အခုထိကျောင်းသူပဲဖြစ်နေသေးသော ချောင်းမိုအတွက် စဥ်းစားပေးလိုက်ခြင်းသာဖြစ်သည်။



စားသောက်ဆိုင်၏ ဝန်ဆောင်မှုသည် အလွန်ကောင်းမွန်သည်။ ပတ်ဝန်းကျင်သည် တိတ်ဆိတ်ငြိမ်သက်ပြီး အစားအစာများကလည်း မကြာမီတွင် အဆင်သင့်ဖြစ်နေသောကြောင့် အစားအသောက် ဝန်ဆောင်မှုပေးသည့် အရှိန်မှာလည်း အလွန်မြန်ပေသည်။



ဤနေရာရှိ အဓိက ဟင်းပွဲသည် ချောင်းမို ယခင်ဘဝက ပြင်သစ်အစားအစာနှင့် ဆင်တူပြီး ၎င်းတို့သည်  ခရုများ၊ ငါးဥဆားနယ်၊ ငန်းအသည်း စသည်ဖြင့် စျေးကြီးသော နာမည်ကြီး ဟင်းပွဲများဖြစ်သည်။



ဟင်းလျာများသည် လတ်ဆတ်ပြီး အရည်ရွှမ်းပြီးနေသည်မှာ အလွန်စျေးကြီးပုံရသည်။



ချောင်းမိုသည် သူမ၏ယခင်ဘဝက ဝတ္ထုဖတ်၊ တီဗီကြည့်နေစဉ်တွင် အဆင့်တန်းမြင့် ပြင်သစ်ဟင်းလျာများ၏ ကွက်ကွက်ကွင်းကွင်း ဖော်ပြချက်များကို မကြာခဏတွေ့မြင်ခဲ့ရသည်။ သူမ တိတ်တိတ်လေး သရေပင် ယိုခဲ့ရသေးသည်။ သူမသည် မူလက  အနာဂတ်တွင် ငွေပိုရှာပြီး သူမကြိုက်သမျှကို စားမည်ဟု တွေးထားခဲ့သည်။ နောက်ဆုံးမှာတော့ ဇာ့ဂ် ကျူးကျော်စစ်ပွဲ စတင်ခဲ့ပြီး သူမအသက်ဆုံးတဲ့အထိ စားခွင့်မရနိုင်ခဲ့ပေ။



အခု သူမ စာအုပ်တစ်အုပ်ထဲသို့ ကူးပြောင်းသွားသည့်အတွက် ယခင်ဘဝက မစားခဲ့ရသော အစားအစာများကို စားနိုင်ပြီဖြစ်သည်။



သို့သော် တစ်ဖက်ခြမ်းရှိ ကျန်းလော့ကျစ်သည် ဆိုဖာပေါ်တွင် ထိုင်ကာ ချောင်းမို စားနေသည်ကို တိတ်တဆိတ် ကြည့်နေသည်။



ချောင်းမိုက နှစ်ကိုက်လောက်စား ပြီးနောက် ကျန်းလော့ကျစ် ဘာမှမစားသေးသည်ကို  သတိထားမိသည်။ တဖက်သူသည် အနက်ရောင်လက်အိတ်ပါးပါးကို ဝတ်ဆင်ထားပြီး ကျောက်စိမ်းသဖွယ် ဖြူဖွေးသော လက်ချောင်းထိပ်များသာ ပေါ်လွင်နေသည်။ အဖြူအမည်းသည် တစ်ခုနှင့်တစ်ခု ထင်ထင်ရှားရှား ဆန့်ကျင်ဘက်နေကာ လက်များသည် အနုပညာလက်ရာကောင်းများသဖွယ် ဖြစ်နေစေသည်။ လုံးဝ အပြစ်အနာအဆာမရှိ ပြီးပြည့်စုံလှသည်။



"မစ္စတာ ကျန်း"



ချောင်းမိုသည် အရည်ရွမ်းသော ခရုဟင်းကို မျိုချလိုက်ပြီး သူမ ယမန်နေ့ညက လုပ်ခဲ့သည်ကို သတိရလိုက်ကာ အလွန်အမင်း အပြစ်ရှိစိတ်ကို ခံစားလိုက်ရသည်။



ကျန်းလော့ကျစ်က သူမအပေါ်အရမ်းကောင်းတာတောင်မှ သူမ သူ့ကို မတော်တဆဒဏ်ရာရစေမိခဲ့သည်။ အခု လက်ကောက်ဝတ်မှာ ဒဏ်ရာရထားတဲ့အတွက် သူမစားနေသည်ကို ထိုင်ကြည့်နေတာပဲလုပ်နိုင်ပေသည်။ သူမ တော်တော်လွန်သွားခဲ့တာပင်။



" မစ္စတာကျန်း၊ ရှင်ဘာစားချင်လဲ။ ကျွန်မ ရှင့်အတွက် ယူပေးမယ်လေ " 



ကျန်းလော့ကျစ်သည် ချောင်းမို၏ အကြည့်များ သူ့လက်ကောက်ဝတ်အပေါ်ကျရောက်နေသည်ကို မြင်ပြီးနောက် ချောင်းမိုတွေးနေသည်ကို နားလည်လိုက်သည်။



သူငြင်းခါနီး ချောင်းမိုက သူ့ရှေ့သို့ မှီကာလာ ငန်းအသည်းတဖက်ကို သူ့နှုတ်ခမ်းဆီ ခွံ့ပေးလာသည်။



မိန်းမငယ်၏ ကြည်လင်သော မျက်ဝန်းက မဖုံးနိုင်သော အပြစ်ရှိစိတ်တို့နှင့်ပြည့်ကာ ကျန်းလော့ကျစ်၏ နက်မှောင်သောမျက်လုံးများထံ ကြည့်လာပြီး " ငန်းအသည်းက အစာကြေလွယ်ပြီး အစာအိမ်အတွက်ကောင်းတယ်။ မစ္စတာကျန်း၊ ရှင်ဘာလို့ ဒီဟာကို အရင် မမြည်းကြည့်တာလဲ? "



ကျန်းလော့ကျစ် မသိလိုက်ပဲ နှုတ်ခမ်းဟကာ ချောင်းမို ခွံ့ကျွေးသော ငန်းအသည်းကို ကိုက်လိုက်မိသည်။



ကျန်းလော့ကျစ်စားသည်ကို မြင်ပြီးနောက် ချောင်းမို မပြုံးပဲမနေနိုင်ကာ စားပွဲပေါ်ရှိအစားအသောက်များကို တစ်ခုပြီးတစ်ခုမိတ်ဆက်ရင်း ကျန်းလော့ကျစ်ကို ဆက်ကျွေးနေတော့သည်။



မိန်းကလေး၏ နူးညံ့ကြည်လင်သော ချော့မြူသံကြောင့်ထင် ကျန်းလော့ကျစ်သည် မသိလိုက်ပဲ တော်တော်များများ စားလိုက်မိတော့သည်။



ပါးပေါ်တွင် ကလေးအဆီနည်းနည်းရှိနေသေးသော ချောင်းမို ရဲ့ နူးညံ့လှပစွာ ပြုံးနေသည့်မျက်နှာကို ကြည့်ရင်း ကျန်းလော့ကျစ် ရုတ်တရက် သူ့နှလုံးသားထဲမှာ ချုပ်နှောင်ထားတဲ့ ဒေါသနဲ့ တုံ့ဆိုင်းနေမှုကို တခြားသူထံ ပြောပြဖို့ တွန်းအားတစ်ခု  ခံစားလိုက်ရတယ်။



“ချောင်းမို၊ ငါ…”



ကျန်းလော့ကျစ်သည် တစ်ချိန်တည်းမှာပင် နှုတ်ခမ်းကို ကိုက်ရင်း အနည်းငယ် တုံ့ဆိုင်းနေမိသည်။



ချောင်းမိုသည် ကျန်းလော့ကျစ်ကို သံသယဖြင့် ကြည့်ကာ “မစ္စတာကျန်း၊ အသားကင်က အရသာမကောင်းလို့လား။ "



ကျန်းလော့ကျစ်သည် ချောင်းမို၏ မျက်နှာကို စိုက်ကြည့်ကာ တုံ့ဆိုင်းနေသည်။



ချောင်းမိုလည်း သူနဲ့တူတူပဲ။ ဒါကြောင့် သူမ သူ့ရဲ့အခက်အခဲနဲ့ နာကျင်မှုတွေကို နားလည်ပေးနိုင်လောက်သည်။



ကျန်းလော့ကျစ် တုံ့ဆိုင်းနေတုန်း ဘေးဖက်က အံ့အားသင့်နေသော အမျိုးသမီးအသံတစ်ခုထွက်ပေါ်လာကာ အကြည့်ချင်းစုံနေသော လေထုကို နှောင့်ယှက်လိုက်သည်။



" အားလော့၊ တိုက်ဆိုင်လိုက်တာ။ နင်လည်း ဒီမှာစားတာပဲ။ "



ပိုင်ယွဲ့ကွမ်း၊ အိုးရန်မင်နဲ့ မျက်နှာစိမ်း အမျိုးသားနဲ့ အမျိုးသမီးအချို့တို့ ကျန်းလော့ကျစ်စားပွဲဆီ လျှောက်လာရင်း ပိုင်ယွဲ့ကွမ်းက ကျန်းလော့ကျစ်ကို တအံ့တသြ နှုတ်ဆက်လိုက်ခြင်းဖြစ်သည်။



ကျန်းလော့ကျစ်၏ တုံ့ဆိုင်းနေမှုက ချက်ချင်း ပျောက်ကွယ်သွားကာ သူ၏ ထူးမခြားနားပုံစံ ပြန်ဖြစ်သွားခဲ့သည်။



ချောင်းမိုလည်း လျှောက်လာနေသော ပိုင်ယွဲ့ကွမ်းဆီ ကြည့်လိုက်မိသည်။




သူမနှင့် ကျန်းလော့ကျစ်တို့က သစ္စာရှိသော လက်အောက်ငယ်သားနှင့် သူဌေးကောင်းတစ်ယောက်လို ပုံမှန်ဆက်ဆံရေးမဟုတ်ကြောင်း သူမ ရုတ်တရက် သတိရမိလိုက်သည်။ သူမနေထိုင်သောကမ္ဘာသည် စာအုပ်တစ်အုပ်ဖြစ်သည့်အပြင်၊ သူမသည်လည်း  လောဘကြီးသည့်  သိုက်တူးသမား၊ အစားထိုးတစ်ယောက်ဖြစ်ပြီး ပိုင်ယွဲ့ကွမ်းသည် ဇာတ်လိုက်မသာ ဖြစ်ပေသည်။ ကျန်းလော့ကျစ်သည် အမျိုးသမီး ဇာတ်လိုက်ကို စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ရန် အစားထိုးတယောက်ရှာထားသော အာဏာရှင် အမျိုးသား ဇာတ်ဆောင်ဖြစ်သည်။



ဇာတ်လိုက်မရှေ့မှာ ကျန်းလော့ကျစ်ကို ကျွေးနေတာက နည်းနည်းတော့ မသင့်တော်သလိုပဲ။



ကျန်းလော့ကျစ် ရဲ့ လက်ကောက်ဝတ်အတွက် တောင်းပန်ပြီး ရွှေပေါင်လုံးကို ကောင်းကောင်းဆက်ဆံချင်ပေမယ့် ပိုင်ယွဲ့ကွမ်း  နားလည်မှုလွဲမှာကိုတော့ သူမကြောက်ပေသည်။



ဒါပေမယ့်လည်း စိတ်ပူစရာ မရှိပါဘူး။ သူမ ဒါကို ရှင်းရှင်းလင်းလင်း ရှင်းပြဖို့ အခွင့်အရေးကို ရှာလိုက်ရုံပဲ။ ဒါမှမဟုတ်လည်း စာချုပ်သက်တမ်း ကုန်ဆုံးချိန်ကျ နှုတ်ထွက်ပြီး ကျန်းလော့ကျစ်ကို လက်လွတ်ပေးလိုက်ရုံပဲလေ။ ငယ်ရွယ်သောချစ်သူစုံတွဲတို့ကြား ခံစားချက်ကို ခိုင်မာလာစေနိုင်မယ့် အမြှောက်စာဇာတ်ကောင်လေးဖြစ်ပေးဖို့ သူမဘက်ကလည်း ပြဿနာမရှိဘူး။



သူမ အစားထိုးအဖြစ် သရုပ်ဆောင်ပေးရတဲ့ သူဌေးက ကျန်းလော့ကျစ်မဟုတ်နေရင် ပိုကောင်းလိမ့်မှာ။



ဒီလို သူဌေးကောင်းတစ်ယောက်ကို။ နှမြောစရာပဲ။



" မြန်မြန်လုပ် host၊ ဇာတ်လိုက်မကို မျက်နှာဖြတ်ရိုက်ပြီး တန်ပြန်တိုက်စစ်လုပ်ဖို့ ဒါက အခွင့်အရေးပဲ။ host ရဲ့ နူးညံ့လှပမှုကို ဇာတ်လိုက်ရှေ့ပေါ်လွင်အောင်လုပ်ပြီး host က ဇာတ်လိုက်မထက်သာတယ်ဆိုတာကို သိအောင်လုပ်လိုက်တော့ "



ရက်အနည်းငယ်လောက် တိတ်ဆိတ်နေတဲ့ system မှာတော့ ပိုင်ယွဲ့ကွမ်းပေါ်လာတာကို မြင်ပြီးနောက် ချက်ချင်းပင် ကြက်သွေးထိုးခံလိုက်ရသလို တက်ကြွကာ ချောင်းမိုစိတ်ထဲ တကျည်ကျည်လုပ်နေတော့သည်။



" Host ဇာတ်လိုက်မနေရာမယူချင်တဲ့ အရံအမျိုးသမီးဇာတ်ဆောင်ဆိုတာ အရံဇာတ်ကောင်မပီသတာပဲ။ သူမအတွက် စိတ်မကောင်းဖြစ်မနေနဲ့။ host သာ ကျန်းလော့ကျစ်ကို ရလိုက်မယ်ဆိုရင် အရာအားလုံးကို ပိုင်ဆိုင်ပြီ။ "



ချောင်းမိုက system ရဲ့ ကျည်ကျည်ကြာကြာ အသံကို ဂရုမစိုက်ပေမယ့် system ပြောတဲ့ စကားတွေက သူမ အခုအခြေအနေကို သတိပြုမိလာစေသည်။



သူမ ဘဝမှာ နောက်ထပ်အခွင့်အရေး တစ်ခုကိုရမှတော့ အမျိုးသမီးဇာတ်လိုက်နဲ့ တိုက်ခိုက်မနေချင်တော့ပဲ ငါးဆားနယ်တကောင်လိုပဲ ပျော်ပျော်ရွင်ရွှင် နေချင်တော့သည်။ 



" ငါနင့်ရဲ့ အသံကို ဒီရက်တွေထဲမကြားမိပါလား။ ဘာတွေလုပ်နေတာလဲ?"



ချောင်းမိုသည် system နှင့် စကားပြောနေရင်း သူမရှေ့က ပြဇာတ်ကို ပါးပေါ်လက်ထောက်ရင်း ကြည့်နေမိသည်။ ဒီလို အချစ်ဇာတ်လမ်းကိုကြည့်ရဖို့ လူတိုင်းအခွင့်အရေးမရနိုင်ဘူး။



ထိုအခိုက်မှာတော့ system က မှားသလိုခံစားလိုက်ရကာ 

" အဲ့တာက host က ရှောင်းထုံကို မုန်းနေခဲ့လို့မဟုတ်ဘူးလား၊ အဲ့တာကြောင့် ရှောင်းထုံက ကိုယ့်အပြုအမူတွေကို ပြန်သုံးသပ်ပြီး host ကို အကောင်းဆုံးရွှေလက်ချောင်းပေးနိုင်ဖို့ ကြိုးစားနေခဲ့တာလေ။ "



" မလိုဘူး "



System ရဲ့ ရွှေလက်ချောင်းဆိုတာကြီးကို ကြားရုံနှင့် ချောင်းမိုကို ပူပန်စေသည်။