အပိုင်း ၁၆
Viewers 434

နူးညံသော အမျိုးသမီးအရံဇာတ်ကောင် A နှင့် အာဏာရှင် အမျိုးသားဇာတ်လိုက် O


အပိုင်း ၁၆




ဤအခိုက်အတန့်တွင် ကျန်းလော့ကျစ်အား တိတ်တဆိတ် နှုတ်ဆက်လိုသော ချောင်းမိုသည် ဖြတ်သွားမိကာ စိတ်လှုပ်ရှားဖွယ်မြင်ကွင်းတစ်ခုထဲသို့ ဝင်ရောက်လာမိသည်။



ဝိုး! အိုး!



ချောင်းမို ယသည် သူမ၏လက်များကို မြင့်မြင့်မြှောက်ပြပြီး အလွန်အပြစ်ကင်းသောပုံဖြင့်  "တောင်းပန်ပါတယ် ကျွန်မ ဒီတိုင်းဖြတ်သွားရုံတင်။ ရှင်တို့ဆက်လုပ်လို့ရတယ်၊ ကျွန်မ ဘာမှ မမြင်ခဲ့ဘူး။ "



အာဏာရှင်နှင့် နတ်ဘုရားမလို့ ခေါင်းစဥ်တပ်ထားတဲ့ အချစ်ဝတ္ထုတကယ်ဖြစ်ထိုက်သည်။ ဘယ်လောက်တောင် ချိုမြိန်ပြီး ရိုမန့်တစ်ဆန်လိုက်တဲ့ မြင်ကွင်းလေးလဲ။ ဒါတကယ့် အချစ်ဇာတ်လမ်းထဲက ဇာတ်ကွက်ပဲ။



သူမက ဇာတ်လိုက်နဲ့ ဇာတ်လိုက်မတို့ရဲ့ ခံစားချက်တွေကို လှုံ့ဆော်ပေးမယ့် ဇာတ်ကောင်သာသာ ဆိုတာ ပြောခဲ့သားပဲ။ အခုဆိုရင် ဇာတ်လိုက်တို့နှစ်ယောက်ကြား ချစ်ခြင်းတွေ ဖော်ထုတ်နေပြီဆိုတော့ သူမလို အမြှောက်စာဇာတ်ကောင်က စင်ပေါ်က ဆင်းရတော့မယ့် အချိန်ရောက်ပြီ။



ချောင်းမိုကို မြင်မြင်ချင်း ပိုင်ယွဲ့ကွမ်းနည်းနည်းတော့ ပျာယာခတ်သွားသေးသည်။ ဘာလို့လဲဆိုတော့ သူမလို အဆင့်အတန်းမြင့်တဲ့ ပတ်ဝန်းကျင်က မွေးဖွားလာတဲ့ အိုမီဂါတစ်ယောက်အတွက် ဖယ်ရိုမုန်းတွေသုံးပြီး အယ်လ်ဖာတစ်ယောက်ကို မြူဆွယ်တယ်ဆိုတာ အရှက်ကင်းမဲ့တဲ့လုပ်ရပ်ပဲလေ။ ဒါပေမယ့် စိတ်ထဲမှာတော့ သူမ တိတ်တိတ်လေးဝမ်းသာနေမိသည်။



ချောင်းမိုက သူမပြိုင်ဖက်တစ်ယောက်ပဲမလို့ ဒီလို မြင်ကွင်းမျိုးကို မြင်သွားတာက သူမအတွက် အကောင်းချည်းပဲလေ။



ဒါပေမယ့် မထင်ထားသောအရာ ဖြစ်လာခဲ့သည်။



ကျန်းလော့ကျစ်က သူမကို တွန်းထုတ်ကာ ချောင်းမိုဆီ တယိမ်းတယိုင် လျှောက်သွားပြီး သူမကို အရှိန်နှင့်ဖက်လိုက်ကာ သူမရင်ခွင်ထဲဝင်နေသလို ဖြစ်လာခဲ့သည်။



ပိုင်ယွဲ့ကွမ်းသည် နောက်သို့ယိုင်သွားပြီး မြေပေါ်သို့ ပြုတ်ကျကာ မျက်နှာကိုလက်ဖြင့်အုပ်၍ စိတ်ထိခိုက်စွာ ငိုနေတော့သည်။



ချောင်းမိုသည် မြေပေါ်ရှိ ပိုင်ယွဲ့ကွမ်းကို ကြည့်လိုက်သည်။ တစ်ဖန် ရေခဲလို အေးစက်နေသော သူမရင်ခွင်ထဲမှ ကျန်းလော့ကျစ်ကို ထပ်ကြည့်လိုက်မိပြီး တခဏလောက် မတုံ့ပြန်နိုင်ဖြစ်သွားခဲ့သည်။



ထိုအခိုက် ပိုင်ယွဲ့ကွမ်း၏ အဖော်များက သူတို့ သုံးယောက်နောက် လိုက်လာခဲ့ပေမယ့် အနည်းငယ် နောက်ကျသွားခဲ့သည်။ အခု မြင်ကွင်းကို မြင်လိုက်ရတော့ သူတို့တောင်မှ တုံ့ဆိုင်းသွားခဲ့သည်။



လူများ၏ အမူအရာက တဖြည်းဖြည်း ရုပ်ဆိုးလာသည့် အလျောက် အိုးရန်မင်သည် အရင်ဆုံး ပြေးလာပြီး ပိုင်ယွဲ့ကွမ်းကို ထူလိုက်သည်။



ကျန်းလော့ကျစ်သည် အသက်ရှိုက်လျက် အသံတိုးတိုးဖြင့် " သွားရအောင် "



ချောင်းမိုသည် အနည်းငယ် ချီတုံချတုံဖြစ်ကာ အထွန့်တက်လိုခဲ့သည်။ တကယ်လို့သာ ဒီအချိန် သူမ ကျန်းလော့ကျစ်နှင့် ထွက်ခွာသွားခဲ့ပါက၊ အမျိုးသားနှင့် အမျိုးသမီးဇာတ်လိုက်တို့ကြား နားလည်မှုလွဲခြင်းက ပိုမိုဆိုးရွားလာမည်ဖြစ်သည်။



သို့သော်လည်း ကျန်းလော့ကျစ်သည် သူမ၏ သူဌေးဖြစ်ပြီး ကျန်းလော့ကျစ်၏ စကားကို နားထောင်သင့်ပေသည်။



ချောင်းမို ခဏတုံ့ဆိုင်းသွားသည်နှင့် ကျန်းလော့ကျစ်၏ အသက်ရှူသံများ ပိုမိုလေးလံလာပြီး  သူ့တစ်ကိုယ်လုံးက အားနည်းလာကာ ချောင်းမို ပေါ်တွင် လုံးလုံးလျားလျား မှီထားတော့သည်။



ချောင်းမိုသည် တစ်ခုခုမှားနေပြီဟု ခံစားလိုက်ရကာ ခေါင်းလှည့်ကြည့်လိုက်သည်နှင့် ကျန်းလော့ကျစ်၏ မျက်လုံးများ တစ်ဝက်ပိတ်နေသည်ကို တွေ့လိုက်ရသည်။



ကျန်းလော့ကျစ် ရုတ်တရက်ဖျားသွားတာလား?



မဆိုင်းမတွဘဲ၊ ချောင်းမိုသည် တစ်ကိုယ်လုံးအားနည်းနေသော ကျန်းလော့ကျစ်ကိုခေါ်ကာ  စားသောက်ဆိုင်မှ အမြန်ထွက်ခွာလာခဲ့သည်။



" မစ္စတာ ကျန်း၊ ကျွန်မ ရှင့်ကို ဆေးရုံကိုပဲ မောင်းသွားလိုက်ရမလား?"



ချောင်းမိုသည် ကျန်းလော့ကျစ်ကို ကားပေါ်ရောက်သည်အထိ တွဲခေါ်လာခဲ့သည်။ ကားပေါ်တက်ပြီးတာနဲ့ ကျန်းလော့ကျစ်သည် တောင့်မခံနိုင်တော့ပဲ နောက်ခန်းတွင် မှီနေလိုက်သည်။ 



သူ မျက်လုံးတင်းတင်းမှိတ်ပြီး နှုတ်ခမ်းကို နာနာကိုက်ကာ အသက်ရှူသံများက ပို၍ပင် လေးလံလာပုံမှာ အပြင်းအထန်နာကျင်နေမှုကို သည်းခံနေသည့်အလားဖြစ်၏။ ချောင်းမိုက သူ၏ ယခုကဲ့သို့ ပုံစံကိုမြင်ပြီးနောက် ဇာတ်လိုက်တွေ ဇာတ်လိုက်မတွေဖြစ်သည်ကို ဂရုမစိုက်တော့ပဲ စိုးရိမ်စွာ မေးလိုက်သည်။



သူ့ခန္ဓာကိုယ်တွင်းမှ နွေးထွေးသော ခံစားချက်က လှိုင်းလုံးလို တလှိမ့်ပြီး တလှိမ့် တက်လာသည်နှင့်အမျှ သူဂလင်းလည်း စတင် ကျိန်းစက်လာခဲ့သည်။ ကျန်းလော့ကျစ်သည် ခုမှရေထဲကတက်လာသည့်သူပမာ တကိုယ်လုံးချွေးများဖြင့် ရွှဲနစ်နေပြီး ဘယ်သူ့အသံမှန်းမဝေခွဲနိုင်သည်အထိ သူ့သတိများပင် ဝေဝါးနေလေသည်။



သူ့လက်ရှိ ခန္ဓာကိုယ်က ဗုံးတလုံးလိုသာဖြစ်၏၊ မီးစာညှိလိုက်တာနဲ့ လုံးဝ သူ့ကိုယ်သူ အသိအမှတ်မပြုနိုင်တော့သည်အထိ ပေါက်ကွဲသွားနိုင်ပေသည်။



အဲ့လိုဆိုရင်တောင် ကျန်းလော့ကျစ်သည် အတင်းသတိဝင်နေအောင် တွန်းအားပေးပြီး ချောင်းမိုကို ကြည့်ကာ " ဗီလာကို ပြန်သွားမယ် "



ပြောပြီးသည်နှင့် ကျန်းလော့ကျစ်သည် မျက်လုံးပြန်မှိတ်ပြီး သူ့ခန္ဓာကိုယ်ရဲ့ အလိုအလျောက်တုံ့ပြန်မှုများကို တွန်းလှန်နေတော့သည်။



ချောင်းမိုသည် ကားမောင်းသူထိုင်ခုံတွင် တုံ့ဆိုင်းနေသည့်ဟန်ဖြင့်ထိုင်နေခဲ့သည်။ ကျန်းလော့ကျစ်ကို ကြည့်ရတာ အလွန် နာကျင်နေပုံပဲ။ တကယ်ရော ဆေးရုံမသွားလို့ ဖြစ်ရဲ့လား?



ထိုကဲ့သို့သော အတွေးမျိုးသူမစိတ်ထဲ ပေါ်လာသည်နှင့် တပြိုင်နက် system ၏ အသံထွက်ပေါ်လာကာ  " host ငါ သတိပေးချင်တာက ကျန်းလော့ကျစ်သည် ရှိီးချန်ရဲ့ အချမ်းသာဆုံးသူလို့ ဂုဏ်ပုဒ်ရှိပေမယ့် ရှိီးချန်မှာရှိတဲ့ ကျန်းမိသားစု အတွင်းရေး ဆက်ဆံရေးတွေက အရမ်းရှုတ်ထွေးတယ်။ ကျန်းလော့ကျစ်က ဆက်ခံသူကောင်းတယောက်ဆိုတာ မငြင်းနိုင်ပေမယ့် သူ့နေရာက မတည်ငြိမ်သေးဘူး၊ ကျန်းမိသားစုမှာ တခြားကလေးတွေ ရှိသေးတဲ့အပြင် သူ့ဦးလေးကလည်း မျက်စိကျနေသေးတယ်။ ကျန်းလော့ကျစ် ဆေးရုံသွားဖို့ငြင်းဆန်နေတာက သူ ကြိုတင်ကာကွယ်ဖို့အတွက် ဖြစ်နိုင်တယ်။ "



" တကယ်လို့ host က စိတ်ပူနေသေးရင် ကျန်းလော့ကျစ်နည်းနည်းသတိပြန်ဝင်လာတဲ့အထိ စောင့်ပြီးမှ သူ့ သီးသန့်ဆရာဝန်ရဲ့ ဆက်သွယ်ဖို့ အချက်အလက်ကို တောင်းလိုက်လေ။ ပုံမှန်ဆိုရင်တော့ ကျန်းလော့ကျစ်လို လူမျိုးတွေမှာ သူတိူ့ကိုယ်ပိုင်သီးသန့်ဆရာဝန်တွေရှိတယ်။ "



ချောင်းမို အံ့သြသွားခဲ့သည်။ သူမစိတ်ထဲမှာက ကျန်းလော့ကျစ်ဆိုတာ သန်မာပြီး ရက်စက်တဲ့ ဇာတ်လိုက်တယောက်သာဖြစ်သည်။ သူသည် တစ်ပါးသူကို မထီမဲ့မြင်ပြုနိုင်လောက်သည်အထိ ချမ်းသာမှု အာဏာရှိမှုတို့နဲ့ မွေးဖွားလာခဲ့သည်ဟုပင်။ နောက်ကွယ်တွင် သူလည်း အခက်အခဲတွေ ပြဿနာတွေ ရှိနေလိမ့်မယ်လို့ မမျှော်လင့်ထားပေ။



တစ်ချိန်ထဲတွင် အတွေးတစ်ခုက ဖြတ်ခနဲပေါ်လာခဲ့သည်။ ကျန်းလော့ကျစ် သူမကို ရုတ်တရက် ညစာလိုက်ကျွေးတာက တစ်ခုခုဖြစ်ခဲ့လို့များလား?



ဒါပေမယ့် အခုအချိန်က အဲ့လိုတွေးနေရမည့်အချိန်မဟုတ်ပေ။ system ၏ စကားများက ချောင်းမိုရဲ့ တုံ့ဆိုင်းနေမှုကို ပျက်ပြယ်သွားစေပြီးနောက် သူမ ဗီလာဆီ တိုက်ရိုက်မောင်းသွားခဲ့သည်။



ချောင်းမိုထွက်လာတုန်းက မနက်ပိုင်းပဲ ရှိသေးသည်။  သူမ ဟောပြောပွဲ နားထောင်ပြီးနောက်တွင် ပိုင်ယွဲ့ကွမ်းနှင့် သူ့အပေါင်းအပါများကို ရင်ဆိုင်လိုက်ရသေးသည်။ အခု ဖျားနေတဲ့ကျန်းလော့ကျစ်နှင့်အတူ ဗီလာသို့ ပြန်ရောက်သောအခါ အတော်လေး နောက်ကျနေပြီ ဖြစ်သည်။



ကောင်းကင်တွင် အနက်ရောင်နှင့် မီးခိုးရောင် တိမ်များဖုံးလွှမ်းထားကာ နေဝင်ချိန် အလင်းရောင် အနည်းငယ်မျှသာ အနားစွန်းတွင် အလှဆင်ထား၏။



ချောင်းမိုသည် ကားဂိုထောင်ထဲတွင် ကားရပ်လိုက်ပြီးနောက် အနောက်ခန်းကို ဖွင့်လိုက်သည်။



ကျန်းလော့ကျစ်သည် သူ၏ ပုံမှန် မြင့်မြတ်မှုနဲ့ ဖြောင့်တန်းမှုတို့ရှိမနေတော့ပဲ ခေါင်းငိုက်စိုက်ကျနေသည်။ သူသည် ထိုင်ခုံပေါ်တွင် အနည်းငယ် ပျော့ခွေကျနေသည်မှာ အတော်လေး အားနည်းပြီး သနားစဖွယ်ဖြစ်နေသည်။



ချောင်းမိုသည် တစ်စက္ကန့်လောက်ဘတုံ့ဆိုင်းသွားပြီးနောက် ခေါင်းငုံ့ပြီး ကားထဲ ဝင်လိုက်သည်။



သူမ ထင်ယောင်ထင်မှားဖြစ်နေတာလားတော့မသိပေ။ ကျဥ်းမြောင်းသော ကားနောက်ခန်းထဲတွင် ပျံ့နှံ့နေသည့် ထိုညက ကျန်းလော့ကျစ်ထံမှရခဲ့သည့် ရေမွှေးနံ့လိုမျိုး ထူးဆန်းတဲ့ အမွှေးနံ့တခုကို အနံ့ရလိုက်မိသည်။



ဤရနံ့သည် ဖော်မပြနိုင်သော အစွမ်းရှိပုံရပြီး ချောင်းမို၏ နှလုံးသားကို အနည်းငယ် စိတ်အားထက်သန်လာစေကာ တစ်စုံတစ်ခုအတွက် နားမလည်နိုင်သော လိုချင်တပ်မက်မှုများ ဖြစ်ပေါ်စေသည်။



သို့သော်၊ ချောင်းမိုသည် ထိုတွန်းအားများက ဘာဆိုသည်ကို  မသိသောကြောင့် သူမ သွားထိပ်များကို တချက်လျက်ကာ မျက်လုံးမှေးကြည့်ရင်း အင်တင်တင်ဖြင့် တရားမှတ်နေရုံသာ တတ်နိုင်တော့သည်။



သူမ စိတ်ထဲ၌ သံသယ အရိပ်အယောင် ပေါ်လာသည်။



ပုံမှန်အားဖြင့် ကျန်းလော့ကျစ်၏ ခန္ဓာကိုယ်သည် သန့်ရှင်းပြီး အနံ့မရှိသည့်အပြင် ဗီလာတွင်လည်း ရေမွှေးဖြန်းထားခြင်း မရှိပေ။ အဲ့တာဆို ဒီရနံ့က ဘယ်ကနေရောက်လာတာလဲ?



ကျန်းလော့ကျစ် စိတ်မသက်မသာခံစားရတိုင်း သူ့ခန္ဓာကိုယ်မှာ ချိုမြိန်တဲ့ အနံ့ဖျော့ဖျော့ရှိနေရတာလဲ?



နူးညံ့သောအေးစိမ့်သောချိုမြိန်မှု အထိအတွေ့သည်  နွေရာသီတွင် ရေငတ်အပြေဆုံးအချိုရည်သောက်လိုက်ရသလို လူများကိုကူကယ်ရာမဲ့ စွဲလန်းသွားစေကာ ကျန်းလော့ကျစ်ထံမှ ၎င်းကို ပို၍ပင် လိုချင်စေလာသည်။



ချောင်းမို အသိဝင်လာသောအခါတွင် သူမသည် ကျန်းလော့ကျစ်နှင့် အလွန်နီးကပ်နေပြီး သူ့အရေပြားကို ထိလုနီးပါးဖြစ်ကြောင်း သိလိုက်ရသည်။ တစ်ချိန်တည်းမှာပင်၊ ချောင်းမိုသည် ကျန်းလော့ကျစ်၏ အသားအရည်မှာ သူမထက်ပင် ဖြူဖျော့သည်ကို တွေ့ရတော့ အံ့အားသင့်သွားသည်။



ထို့ကြောင့် သူမအင်အားအနည်းငယ်ဖြင့် သူ့လက်ကောက်ဝတ်တွင် ထင်ရှားသောအမှတ်များကို ချန်ထားနိုင်ခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။



ထိုအချိန်တွင်၊ ချောင်းမို၏ စိတ်တွင် အချိန်အခါမသင့်သော အတွေးတစ်ခု ပေါ်လာသည်။



ချောင်းမိုသည် သူမ၏ ရှုပ်ထွေးနေသော အတွေးများကို ဖယ်ထုတ်ကာ ကျန်းလော့ကျစ်၏ နောက်ကျောဖက်သို့ ထိန်းကိုင်ရန် လက်ဆန့်ထုတ်လိုက်ပြီး တိုက်ရိုက်သယ်သွားရန် စဥ်းစားထားလေသည်။



အခုကျန်းလော့ကျစ်ကို ကြည့်ရသည်မှာ မေ့မျောနေပုံရသည်။ ချောင်းမိုသည် တဖက်သူ၏ အဆင်မပြေမှုကို မြင်ခဲ့သည့်နောက်တွင် သူ့ကို နှိုးလိုက်ဖို့ အစီအစဥ်မရှိပေ။



သို့သော် ချောင်းမို၏ လက်များ ကျန်းလော့ကျစ်နောက်ကျောသို့ ထိလိုက်မိချိန်တွင် ကျန်းလော့ကျစ်သည် ရုတ်တရက် မျက်လုံးပွင့်လာခဲ့သည်။



ထိုမျက်လုံးများသည် အေးစက် စူးရှမှုတို့အပြည့်ဖြစ်နေသော်လည်း သေချာကြည့်လိုက်လျှင် ယင်းတို့ထဲမှ ရှုပ်ထွေးမှုအပြည့်ဖြစ်နေသည်ကို မြင်နိုင်ပေသည်။



အလိုအလျောက် တုံ့ပြန်မှုအောက်တွင် ကျန်းလော့ကျစ်သည် ချောင်းမို၏ မမျှော်လင့်သော အထိအတွေ့ကြောင့် ငြီးလိုက်မိသည်။ သို့သော် သူသည် နှုတ်ခမ်းကိုကိုက်ပြီး အသိစိတ်ဝင်လာအောင် တွန်းအားပေးရင်း ချောင်းမိုကို တွန်းထုတ်လိုက်ကာ ကားထဲမှ ဒယိမ်းဒယိုင် ထွက်လာခဲ့သည်။



ကားဂိုဒေါင်သည် ဗီလာနှင့် တစ်ဆက်ထဲ မြေအောက်ဂိုဒေါင်ဖြစ်ပြီး ဓါတ်လှေကားဆီသို့ လျှောက်သွားနိုင်သရွေ့ အိပ်ခန်းသို့ ပြန်သွားနိုင်ပေသည်။



သို့သော်ငြား ကျန်းလော့ကျစ်သည် ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် သူ့ခါးအောက်ဖက်မှ နာလာပြီး ထုံကျင်လာကာ သူ့ခြေထောက်များပျော့ခွေကျပြီး မြေပေါ်သို့ ဒူးထောက်လျက်သား ကျသွားတော့သည်။



သူအံကြိတ်လိုက်ပြီး ကားတံခါးကို ဆုပ်ကိုင်ကာ မတ်တပ်ပြန်ရပ်နိုင်ရန် ခက်ခက်ခဲခဲကြိုးစားခဲ့သည်။

အားစိုက်ဆုပ်ကိုင်ထားမှုကြောင့် ကျောက်စိမ်းကဲ့သို့ ဖြူဖွေးသော လက်ထိပ်များပင် ဖြူစွတ်လာကာ သူ့လက်ချောင်းများသည်လည်း ဖျော့သထက် ဖျော့တော့လာတော့သည်။



" မစ္စတာ ကျန်း "



ချောင်းမိုသည် ဘေးတွင်ရပ်ပြီး ကျန်းလော့ကျစ်ကိုကြည့်ရင်း ဆုံးရှုံးသွားသလို ခံစားလိုက်ရသည်။



ကျန်းလော့ကျစ်၏ လက်ရှိအသွင်အပြင်သည် အကူအညီမဲ့၊ ထိလွယ်ရှလွယ်ဖြစ်ကာ ဒဏ်ရာအနာတရနှင့် အားနည်းနေသော အထီးကျန် ဝံပုလွေ တစ်ကောင်ကဲ့သို့ အခြားသူများ၏ ကြင်နာမှုကို ငြင်းဆန်ကာ ကမ္ဘာတစ်ခုလုံးအပေါ် ပြင်းထန်သော ခုခံမှုအပြည့်ရှိနေသည်။



ချောင်းမိုသည် သူ့ကို ကူညီချင်ပေမယ့် ကျန်းလော့ကျစ်၏ ခုခံမှုကြောင့် သူ့ကိုယ်သူ နာကျင်စေမည်ကို စိုးရိမ်သောကြောင့် ကျန်းလော့ကျစ်ရဲ့ ခွင့်ပြုချက်ကို ဂရုတစိုက် တောင်းဆိုလိုက်သည်။



"မစ္စတာ ကျန်း၊ ကျွန်မ ရှင့်ကို ကူညီပါရစေ၊ ရှင်နေမကောင်းဘူးလေ။ "