အပိုင်း (၁) ပေါက်စီပူပူနွေးနွေး
အသက်၁၆နှစ်အရွယ်ကတည်းက ဖူကျန့်မြို့သို့ အလုပ်လုပ်ရန် လာခဲ့သော ဖေ့လီသည် အသက်၃၂နှစ်အရွယ်တွင် သူမမိဘများကို မပြောပြဘဲ ကိုယ်ပိုင်အိမ်တစ်လုံး ၀ယ်ခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် သူမမိဘများသည် မိန်းကလေးများထက် ယောက်ျားလေးများကို ပိုဦးစားပေးသောကြောင့်ပင်။ သူမသည် အထက်တန်းပင် ပြီးစီးအောင် မတက်ရဘဲ အပြင်တွင်အလုပ်လုပ်ရန် တွန်းအားပေးခံခဲ့ရသည်။
စက်ရုံများတွင် အလုပ်လုပ်ခဲ့ရပြီး နေ့လယ်စာထမင်းဘူးများလည်း ရောင်းချခဲ့သည်။ သူမ ဆိုင်ခန်းငယ်များဖြင့် ရောင်းချသောအခါ စည်ပင်ဝန်ထမ်းများ၏ လိုက်လံဖမ်းဆီးခြင်းခံရခြင်းမှာလည်း ပုံမှန်ဖြစ်စဉ်တစ်ခုသာဖြစ်သည်။ ဆိုင်ငှားရန်အတွက် ငွေအလုံအလောက်စုနိုင်ပြီးနောက် အရိုးရှင်းဆုံး ခေါင်ဆွဲကြော်နှင့် အသားနှပ်ဟင်းများ ရောင်းချခြင်းဖြင့်စတင်ခဲ့သည်။ မကောင်းဆိုးဝါးများကို အနိုင်ယူပြီးနောက် အဆင့်မြင့်လာသကဲ့သို့ သူမ၏လုပ်ငန်းသည်လည်း တဖြည်းဖြည်းနှင့် မြင့်တတ်လာကာ ကျန့်လီတွင် လူသိများသော အိမ်ချက်လက်ရာ စားသောက်ဆိုင်ဖြစ်လာခဲ့သည်။
မနှစ်က သူမသည် အရောင်းအ၀ယ်လုပ်ငန်းအခွင့်အရေးကို အချိန်မီ ဖမ်းဆုပ်နိုင်ခဲ့ပြီး အဆီလျှော့ချသော စားသောက်ဆိုင်တစ်ခုအဖြစ် ပြောင်းလဲခဲ့သည်။ ထိုအရာသည် ချက်ချင်းပင် နာမည်ကြီးလာပြီး ဆိုင်ခွဲတစ်ခုပင် ဖွင်နိုင်ခဲ့သည်။
ဖေ့လီသည် သူမ၏ ၀င်ငွေတည်ငြိမ်လာပြီးနောက် အိမ်တစ်လုံး၀ယ်ရန်စတင်တွေးတော့ခဲ့သည်။ သို့သော် သူမ မေးမြန်းစုံစမ်းမှု မပြုလုပ်ရသေး မိခင်ဖြစ်သူက သူမမောင်အတွက် အိမ်၀ယ်ရန် ယိုးမယ်ဖွဲ့၍ ဆိုင်၏အမြတ်၉၀ရာခိုင်နှုန်း ထုတ်ခိုင်းခဲ့သည်။
သူမ၏တောင်းဆိုမှု ငြင်းပယ်ခြင်းခံရပြီးနောက် ဖေ့လီ၏အမေသည် ညစ်ညမ်းသောစကာလုံးများဖြင့် ဆဲဆိုခဲ့သည်။ မိဘကို ချစ်ခင်မှုမရှိ၊ မောင်ဖြစ်သူကို ထောက်ပံ့မှုမရှိဘဲ သားသမီး တာ၀န်မကျေသည့်အတွက် သူမ အမြန်သေသွားပါစေဟုပင် မျှော်လင့်ကြောင်းကျိန်စာတိုက်ခဲ့သည်။
ထိုကျိန်စာသည် အမှန်တကယ် ဖြစ်လာခဲ့သည်။ အိမ်သစ်ဆီသို့ ရွှေ့ပြောင်းလာသောညတွင် ဖေ့လီသည် ဝိုင်တော်တော်များများကို ပျော်ရွှင်စွာ သောက်ပြီးနောက် သက်သောင့်သက်သာဖြင့် အိပ်ရာပေါ်တွင် အိပ်ပျော်သွားခဲ့သည်။
အိပ်ပျော်နေစဉ်တွင် တစ်ယောက်ယောက်က သူမနောက်ကျောကို ခပ်ပြင်းပြင်း တွန်းလိုက်သလို ခံစားလိုက်ပြီး အရိုးထဲထိစိမ့်အေးသော အအေးဓာတ်ကပါ နောက်ကလိုက်လာသည်။ သူမခန္ဓာကိုယ်သည် ရေခဲတိုက်ထဲသို့ကျသွားပြီး အသက်ရှုကျပ်သလိုပင် ဖြစ်လာသည်။ သူမအပြင်းအထန် ရုန်းကန်လိုက်ပြီး မျက်လုံးဖွင့်လိုက်သောအခါ သူမကိုယ်သူမ ရေထဲ ရောက်နေသည်ကို တွေ့လိုက်ရ၏။
ကမ်းစပ်တွင် သူမကိုကြည့်နေသော ပုံရိပ်တစ်ခုကို မသဲမကွဲမြင်လိုက်ရသည်။ ဖေ့လီသည် အကူအညီ တောင်းရန်အတွက် အားကုန်သုံးကာ လက်ကို ဆန့်ထုတ်လိုက်သော်လည်း ထိုပုံရိပ်က အဝေးသို့ အမြန်ပင် ပြေးသွားလေတော့သည်။
'ဘယ်လိုအိပ်မက်ကြီးလဲဟ၊ မြန်မြန်နိုးလိုက်စမ်းပါ'
ဖေ့လီသည် "ထစမ်း ထစမ်း"ဟု ထပ်ကာထပ်ကာရွတ်နေမိသည်။ ရေထဲနေရချိန်မှာ ကြာလာသောကြောင့် သူမ၏ ရုန်းကန်မှုများသည်လည်း ပို၍အားနည်းလာရသည်။ သူမသတိမရှိတရှိ ဖြစ်နေစဉ်မှာပင် ဗွမ်းခနဲမြည်သံနှစ်သံကို ကြားလိုက်ရပြီး သူမဆီသို့ ပုံရိပ်နှစ်ခုကူးခတ်လာကာ ကမ်းခြေသို့ သယ်သွားကြတော့သည်။
သူမထပ်နိုးလာချိန်မှာတော့ လေးလံနေပြီး မျက်နှာတစ်ခုလုံးပူနေကာ အသံတစ်ခုကိုကြားလိုက်ရသည်။ ထိုလူ၏ အသံသည် ကျယ်လောင်ပြီး သလိပ်ကပ်နေသည့်အသံကဲ့သိုပင်။
"မင်းတို့နျိုနျိုက အရမ်း၀တာပဲ။ ရှောင်ဝေသာ ငါနဲ့မရှိရင် ကယ်လို့ရမှာ မဟုတ်ဘူး"
"ရှောင်ဝေမြင်လို့သာပေါ့ နည်းနည်းသာ နောက်ကျသွားရင် သူမသေသွားမှာကိုတောင် စိုးရိမ်ရတယ်"
ဖေ့လီသည် တွေဝေစွာ မျက်လုံးဖွင့်လိုက်၏။ သူမရှေ့တွင် လူနှစ်ယောက် စကားပြောနေကြသည်။
အရပ်ရှည်ရှည်နှင့် သက္ကလတ်ဦးထုပ်ဆောင်းထားသောလူကြီးသည် ပေါင်းအိုးထဲမှ ပေါက်စီတစ်အိတ်ကို ကျွမ်းကျင်စွာ ယူလိုက်ပြီး ပျောက်ဆုံးသွားသောအရာတစ်ခုကို ပြန်ရလိုက်သလို ကျေးဇူးတင်ခြင်းများစွာဖြင့် ပြောလိုက်သည်။ "မင်းကယ်ခဲ့ပေးတာကို ကျေးဇူးတင်ပါတယ်ကွာ။ ငါ့မိသားစုမှာ ဘာမှပေးစရာမရှိဘူး။ ဒီမနက်ကမှ ပေါင်းထားတဲ့ ပေါက်စီတစ်အိတ်ပေးလိုက်မယ်"
"မင်းစားပြီးရင် ထပ်လာယူလိုက် အလကားပေးမှာပါကွာ"
သလိပ်သံ ပေါက်နေသောလူသည် ပေါက်စီများကို ယူကာ ပျော်ရွှင်စွာ ထွက်သွားလေသည်။
ဖေ့ရုန်ဖူ လှည့်ကြည့်လိုက်သောအခါ ဖေ့လီနိုးနေသည်ကို တွေ့လိုက်ရသည်။ သူက အမြန် သွားလိုက်ပြီး"ရှောင်လီ ဘယ်လိုနေသေးလဲ၊ တစ်နေရာရာက နာနေသေးလား"
"အဖေ့ကို လန့်အောင်လုပ်နေတာပဲ"
ဖေ့လီသည် သူမရှေ့တွင်ရှိသော ခပ်ရင့်ရင့်နှင့် မဲနက်သည့် မျက်နှာကြောင့် လန့်သွားကာ ချောင်းများ အဆက်မပြတ် ဆိုးလာတော့သည်။ မူလပိုင်ရှင်၏ အချက်အလက် ပြောက်တိပြောက်ကျားတချို့သည် သူမစိတ်ထဲ၀င်လာတော့သည်။
အဖြေရှာရုံရှာပြီးနောက် ခဏအကြာတွင် သူမအကြောင်းကို သိလာရသည်။ ဘေးဘယ်ညာကို ကြည့်လိုက်ပြီးနောက် အလွန်အမင်းယိုယွင်းနေသော အုတ်အိမ်အိုကို တွေ့လိုက်ရသည်။
အလယ်တွက် အလွှာငါးဆင့်ပါရှိကာ အဖြူရောင်အငွေ့များ ထွက်နေသောပေါင်းအိုးကြီးတစ်ခုရှိ၏။
"ဒါ ဘယ်နေရာလဲ"ဟု အသံအက်အက်ဖြင့်မေးလိုက်သည်။
ဖေ့ရုန်ဖူသည် သူမကို စောင်ထပ်ခြုံပေးကာ "အဖေတို့ မီးဖိုချောင်လေ။ အရမ်းအေးနေလို့ သမီးအအေးမိမှာစိုးလို့ အိပ်ရာကိုဒီရွှေ့လိုက်တာ"
ဖေ့လီသည် ပျော်ရွှင်ရသည့် အခိုက်အတန့်လေးတွင် ဝိုင်အသောက်များသွားခဲ့သည်။ ထို့နောက် သူမနိုးလာသောအခါ စာအုပ်တစ်အုပ်မှတစ်ဆင့် ၁၉၈၀သို့ အချိန်ခရီးသွားနေသည်ဆိုတာကို သူမကိုယ်တိုင်တွေ့လိုက်ရသည်။
ဤသွေးလွှမ်းပြီး နှလုံးနာကျင်ဖွယ်၀တ္ထုတွင် မူလပိုင်ရှင်က အမြှောက်စာဇာတ်ကောင်ဇနီး ဖြစ်သည်။
စာအုပ်ထဲတွင် သူမအဖေသည် အတိတ်မေ့နေသော ဗီလိန်ကျိုးရှန်ချီကို မတော်တဆ ကယ်ခဲ့မိကာ သူ့ကို လှည့်စား၍ သူမနှင့် လက်ထပ်စေခဲ့သည်။ ရလဒ်အနေနှင့် မူလပိုင်ရှင်သည် လက်ထပ်ပြီးနောက် ပြဿနာများစွာ ရှာခဲ့သည်။ ကျိုးရှန်ချီကိုလည်း ခြေထောက်များက ဒုက္ခိတဖြစ်နေသည့်အတွက် စက်ဆုပ်ရွံရှာခဲ့သည်။ အခြားယောက်ျားများနှင့် တွဲကာ သစ္စာဖောက်ခဲ့သည်။ အနာဂတ်သူဌေးလောင်းကိုလည်း ခန္ဓာကိုယ်တစ်၀က်သာ ကျန်တော့သည်အထိ နှိပ်စက်သည်။ နောက်ဆုံးတွင်တော့ သူမ ဝဋ်လည်ကာ အိမ်တွင် အပျော်ကြူးနေစဉ် ရုတ်တရက် နှလုံးဖောက်၍သေဆုံးခဲ့သည်။
ဖေ့လီသည် စာအုပ်ထဲက ဇာတ်ကြောင်းကို အမြန်ပြန်သုံးသပ်လိုက်သည်။ ယနေ့က သူမ၏ မင်္ဂလာဆောင်ဒုတိယနေ့ ဖြစ်လောက်သည်။ သူမလက်ထပ်လိုက်ပြီဖြစ်သောကြောင့် ရွာထဲတွင် လှည့်လည်ပြခဲ့ခြင်း ဖြစ်သည်။ ထို့နောက် သူမ ရေထဲသို့ မတော်တဆကျသွားခဲ့သည်။
မူရင်းစာအုပ်တွင် ထိုမတော်တဆအကြောင်းကို အကျဉ်းချုပ်သာ ဖော်ပြထားသည်။ သို့သော် သူမရေထဲကျစဉ်က ကမ်းစပ်တွင် ရပ်နေသည့်ပုံရိပ်ကို တွေးမိသောအခါ ရေထဲကျခြင်းသည် မတော်တဆ မဟုတ်လောက်ဟု ထင်မိ၏။
ဖေ့ရုန်ဖူသည် သူမထူးဆန်းနေသည်ကိုမြင်သောအခါ စိုးရိမ်လာသည်။ သူက သူမနဖူးကို စမ်းလိုက်ကာ "နေကောင်း၊ မကောင်းသိရအောင် အဖေတို့ ဆေးခန်းသွားပြရအောင်လား "ဟု ပြောလိုက်သည်။ သူမအဖေ၏ စိုးရိမ်ပူပန်သံကို ကြားရခြင်းက ဖေ့လီရင်ထဲကို နွေးထွေးလာစေသည်။
...
ဖေ့ရုန်ဖူနှင့် သူ့ဇနီး၀မ်ချွေလန်သည် အသက်၃၀လောက်မှသာ သမီးတစ်ယောက် ရခဲ့လေသည်။ သူတို့သည် သူမကို တုန်နေအောင်ချစ်ကြပြီး သူမတောင်းဆိုသမျှ အရာအားလုံးနီးပါးကိုလည်း ဖြည်းဆည်းပေးခဲ့ကြသည်။ မိသားစုတစ်ခုတွင် မိန်ကလေးများကို ယောက်ျားလေးများထက် ပိုဦးစားပေးသည်မျိုးကို ဖေ့လီမကြုံဖူးပေ။ သူမ ပြုံးလိုက်ကာ ဇာတ်ကောင်ထဲသို့ အမြန်၀င်လိုက်သည်။
"ဘာမှ မဖြစ်ပါဘူး"
"အဖေ သမီး ဗိုက်ဆာတယ်"
ဖေ့ရုန်ဖူသည် သူ့သမီး၏စရိုက်က အနည်းငယ်နူးညံ့သွားသည်ဟု ခံစားလိုက်ရသော်လည်း ရေထဲကျသွားသည့်အတွက် လန့်သွားသည်ဟုထင်ကာ သံသယမဖြစ်တော့ပေ။
ဗိုက်ဆာသည်ဟု ကြားသောအခါ ထမင်းနွေးရန် အမြန်ထလိုက်တော့သည်။
"ကြည့်စမ်းပါဦး အဖေ ဘယ်လောက် ကမောက်ကမ ဖြစ်နေလဲလို့ သမီးကိုမနက်စာတောင် မကျွေးရသေးဘူး"
"အိုးထဲမှာ အသားနှပ်တွေ ရှိသေးတယ် အဖေယူလာခဲ့ပေးမယ်"
ဖေ့လီသည် ပိန်ပါးသောသူ၏နောက်ကျောပြင်ကို ကြည့်ကာ ၀မ်းနည်းလာရ၏။ သူမဘ၀တွင် မခံစားခဲ့ဖူးသော ဖခင်မေတ္တာဆိုသည်ကို အခြားလူ၏ခန္ဓာကိုယ်ထဲသို့ရောက်မှသာ ခံစားရခြင်းပင်။ သနားစရာကောင်းသည်မှာ ဖေ့လီအစစ်သည် မြစ်ထဲတွင်သေဆုံးပြီးဖြစ်၏။
မူလပိုင်ရှင်၏ ခန္ဓာကိုယ်ကိုယူပြီးဖြစ်သောကြောင့် သူမကိုယ်စားကောင်းကောင်းအသက်ရှင်ကာ ရေထဲတွန်းချသော တရားခံအစစ်ကိုရှာဖွေရန် သူမစိတ်ကိုပြင်ဆင်ထားလိုက်တော့သည်။
ဖေ့ရုန်ဖူသည် ခုံပေါ်သို့တတ်ကာ အပေါ်ဆုံးခြင်းကိုဖွင့်လိုက်သည်။ ၀က်သားနှပ်တစ်ပန်းကန်ကို ယူ၍ ပန်းကန်အောက်ခြေတွင်လည်း အ၀တ်စိုတစ်ခုထားကာ တူတစ်စုံနှင့်အတူ သူမဆီသို့ယူလာ၏။
"ရှောင်လီ သမီးအကြိုက် ၀က်သားနှပ်လေး မြန်မြန်စားလိုက်ဦး"
အသားတုံးကြီးများသည် ဆော့ထဲတွင်နစ်မြှပ်နေပြီး ဆီများဖြင့်လည်း ရွှဲနေသေးသည်။ အိုးထဲက အခုတင် ခပ်လာဟန် ရှိသည်။ စွပ်ပြုတ်ပန်းကန်ထဲတွင် ဆီများ ခပ်ထူထူဖြင့် ပေါ်လောပေါ်နေခြင်းသည် စားချင်စိတ်ကို လျှော့ကျစေ၏။
ဖေ့လီသည် အဆီလျှော့ချသောအစားအသောက်လုပ်ငန်း လုပ်ကိုင်ခဲ့သည်မှာ တစ်နှစ်ကျော်ပင် ရှိပြီဖြစ်သည်။ အဆီများသောအသားပန်းကန်ကို မြင်သောအခါ သူမအန်လုနီးပါးပင် ဖြစ်သွားရသည်။ သူမရင်ဘတ်ကို ဆုပ်ကိုင်လိုက်ပြီး ပြုံး၍" သမီးပေါက်စီစားချင်တယ်"ဟုပြောလိုက်သည်။"အဲ့ဒါဆို အဖေ သမီးစားဖို့ သွားယူပေးမယ်"
ရေထဲကျပြီးနောက် စားချင်စိတ်မရှိခြင်းက သေချာပေါက်ပင်ဖြစ်သည်။ ဖေ့ရုန်ဖူသည် သူမ နာလန်မထူသေးဘူးဟုထင်ကာ အသားပန်းကန်ကို ပြန်ထားလိုက်ပြီး ပေါင်းအိုးထဲမှ ပေါက်စီငါးလုံးနှင့် ရွှေဖရုံသီးစွပ်ပြုတ်တစ်ပန်းကန် ယူလာပေးတော့သည်။ "အရင်စားနှင့် အဖေပေါက်စီသွားရောင်းဦးမယ်"
ထိုသို့ပြောပြီးနောက် ပေါင်းအိုးအလွှာများကိုဖွင့်ကာ ပေါက်စီတစ်လုံးချင်းစီကို ဝါးပေါင်းခြင်းထဲသို့ ထည့်လေသည်။ အပူထိန်းစေရန်အတွက် အဖြူရောင်ပိတ်စဖြင့်လည်း ဖုံးလိုက်သေး၏။ ထို့နောက် ကျောကုန်းတွင် လွယ်ကာ ထွက်သွားလေတော့သည်။ ၁၉၈၀အစောပိုင်းတွင် ကျေးလက်များးရှိ နေထိုင်မှုပုံစံမှာ လူတိုင်းသည် ဖြူဖြူဖွေးဖွေး ဂျုံပေါက်စီများကို နေ့တိုင်း စားနိုင်သည့်အဆင့်အထိ မရောက်သေးပေ။
ဖေ့ရုန်ဖူသည် မြို့ထဲသို့ စက်ဘီးစီးသွားပြီး ပေါက်စီ လည်ရောင်းရ၏။ ဖေ့မိသားစုသည် မျိုးဆက်နှစ်ဆက်တိုင်အောင် ပေါက်စီရောင်းသည့်လုပ်ငန်းကို လုပ်ကိုင်ခဲ့ကြသည်။ သူတို့၏ ကျွမ်းကျင်မှုမှာလည်း မြင့်မားကြသည်။ မြို့ထဲတွင် ပုံမှန်ဖောက်သည်များပင်ရှိကြ၏။
သို့သော် မူလပိုင်ရှင်သည် အသားဟင်းနေ့တိုင်းစားချင်ကာ သုံးဖြုန်းချင်သောကြောင့် ထိုလုပ်ငန်းကို မနှစ်သက်ပေ။ သူမမိသားစုက ဆင်းရဲသောကြောင့် အစားအသောက်နှင့် အ၀တ်အထည်ကိုသာ ဂရုစိုက်နိုင်လေသည်။
ဖေ့လီသည် ပေါက်စီကို နည်းနည်းချင်းကိုက်လိုက်သည်။ နူးညံ့စေးကပ်ကာ ချိုမြသည့်အရသာက သူမပါးစပ်ထဲ ရောက်လာသည်။ သို့သော် ပေါက်စီတစ်မျိုးတည်း စားခြင်းသည် ခြောက်ကပ်ကပ်နိုင်၏။ သူမရေသောက်ရန် ထလိုက်သည်။ ရေတစ်ခွက် ယူလိုက်ရုံမျှရှိသေး စိတ်ကြည်လင်ခြင်းက ရုတ်တရက် ပေါ်ပေါက်လာသည်။ သူမလက်ထဲရှိရေခွက်က ပိုလေးလာသလိုပင်။ သူမထပ်ကြည့်လိုက်သောအခါ ကြည်လင်တောက်ပနေသော ရေအပြည့်ကို တွေ့လိုက်ရသည်။ 'စိတ်ဝိညာဉ်သန့်စင်ခြင်းလား'
ပြတင်းပေါက်ခုံပေါ်တွင် ကြက်သွန်ဖြူတစ်ဥရှိသည်။ ဖေ့လီသည် စမ်းသပ်ရန် ရေတစ်စက်ကို ကြက်သွန်ဖြူပေါ်သို့ ဂရုတစိုက် ချလိုက်သည်။ ထို့နောက် မူလက ရှုံ့တွနေသောကြက်သွန်ဖြူသည် တဖြည်းဖြည်းနှင့် အညှောက်ထွက်လာသည်။
သူမ အံ့ဩသွားကာ ရေတစ်ခွက်လုံးကို တစ်ကျိုက်တည်း သောက်ချလိုက်လေတော့သည်။ သူမခန္ဓာကိုယ်က ပို၍ပေါ့ပါးလာသည်ကို ခံစားရသည်။ တစ်စုံတစ်ခုကို သူမစိတ်ထဲတွင် ပြောလိုက်ပြီးနောက် ရေထပ်ဖြည့်ပြန်သည်။ ဖေ့လီသည် ကြက်သွန်ဖြူပေါ်သို့ ပျော်ရွှင်စွာ လောင်းလိုက်ပြန်သည်။ ကြက်သွန်ဖြူသည် အလျင်အမြန်ကြီးထွားလာကာ အညွန့်များ၊ ပင်စည်များ ထွက်လာတော့သည်။
ထိုအရာသည် အပင်ကြီးထွားမှုကို အမှန်တကယ် အထောက်အပံ့ပေးသည်ပင်။ နောက်များတွင်မှ သူမ ကျန်ရှိသည့် အသုံး၀င်ပုံများကို ရှာကြည့်ရမည်။ ဖေ့လီသည် အုတ်နှင့်ရွှံရောကာ ဆောက်ထားသော မီးဖိုချောင်ကို ကြည့်လိုက်သည်။
စတုရန်းမီတာ၁၀၀ခန့် ရှိကာ ယခင်ကသူမ ပထမဆုံးငှားခဲ့သော ခေါက်ဆွဲကြော်ဆိုင်နှင့် အရွယ်အစား အတူတူလောက်ပင်။
ရွာပေါ်တွင်ဖုံးလွှမ်းနေသော နှင်းများပေါ်သို့ နေရောင်ဖြာကျနေသည်မှာ တောက်ပဖွယ်ဖြစ်၏။ သူမ၏ညာဘက်တွင် ဖေ့မိသားစု၏ နံရံများအက်နေသောမီးခိုးရောင် ရွှံ့အိမ်သုံးလုံးရှိသည်။
ဖေ့မိသားစု၏အိမ်သည် သူမထင်ထားသည်ထက် ပို၍ယိုယွင်းနေသည်။ ပေါက်စီများ ပြုလုပ်လေ့ရှိသော မီးဖိုချောင်သည် လွန်ခဲ့သည်နှစ်နှစ်ကမှ အသစ်ဆောက်ထားသည်ဖြစ်သောကြောင့် အခြေအနေမဆိုးပေ။
ဖေ့လီက ပင်မအခန်းဆီသို့ လျှောက်သွားရာ၌ ခြေရာများ ကျန်ခဲ့လေသည်။ သစ်သားစားပွဲရှည်နှင့် မျက်နှာချင်းဆိုင်တွင် ကြာပန်းများဖြင့် ခြယ်ထားသော စတုရန်းပုံ မှန်ရှိ၏။ အလယ်တွင် ချမ်းသာခြင်းနတ်ဘုရား၏ ငွေဖြူရောင်ရုပ်တုရှိကာ ထိုအရာက ဘာလုပ်သည်ဆိုတာကိုတော့ မည်သူမှမသိပေ။
သူမ မှန်အနီးသို့ လျှောက်၍ ကြည့်လိုက်သည့်အခါ မူလပိုင်ရှင်၏ ပုံပန်းသွင်ပြင်ကို ရှင်းရှင်းလင်းလင်း မြင်ရ၏။ ဖေ့ရုန်ဖူနှင့် ၀မ်ချွေလန်သည် သူတို့၏ တစ်ဦးတည်းသောသမီးကို အလွန်ချစ်ကြသည်။ သူမသည် ငယ်စဉ်ကတည်းက အာဟာရပြည့်၀ပြီး အရပ်ရှည်ကာ ကျယ်ပြန့်သောကျောပြင်နှင့် သန်မာသော လက်မောင်းများရှိသည်။ ခြေတံလက်တံများကလည်း ရှည်ကြသည်။ အပေါ်၀တ် ချည်အနွေးထည်သည် ကြယ်သီးပင် တပ်မရသောကြောင့် ကြိုးဖြင့်သာ ချည်ထားရ၏။
သူမအသားအရေက အတော်လေးဖွေးကာ မျက်နှာပေါ်ရှိအသားများကြောင့် မျက်လုံးပေါက်သည် အနည်းငယ်သာကျန်တော့၏။ အအေးဓာတ်ကြောင့် သူမမျက်နှာသည် အသားများပက်ကာ နီရဲနေသည်။ လည်ပင်းသည် အဆီများဖြင့်ဖုံးအုပ်နေသည်။ သူမခန္ဓာကိုယ်တွင် အရိုးများ၏ အရိပ်အယောင် တစိုးတစိမှပင်မရှိပေ။ သူမသည် ၁.၇မီတာရှည်ကာ ၃၀၀ကီလိုဂရမ်မျှ ကိုယ်အလေးချိန် ရှိသည်။
မီးဖိုချောင်မှ ပင်မခန်းမဆီသို့ နှင်းများမှနင်းကာ လျှောက်သွားပြီးနောက် မောပန်းလာပြီး ခုံရှည်တစ်ခု၏ အကူအညီဖြင့် ထိုင်ချလိုက်တော့သည်။ စာအုပ်ထဲတွင် မူလပိုင်ရှင်အကြောင်း ဖော်ပြထားသည့် စကားလုံးများကို သူမ မှတ်မိသေးသည်။ [ဖေ့လီသည် အသားဖွေးသည်မှ လွဲ၍ အရည်အချင်းမရှိပေ။ သင် အ၀တ်တွေ ချွတ်ပြီး နှင်းပုံထဲ လူးလိမ့်လိုက်လျှင် သင်သည် အရည်မပျော်နိုင်သော နှင်းပုံအသေးလေး ဖြစ်လာလိ့မ်မည်။]
အ၀လွန်ခြင်းသည် သွေးတိုးစေနိုင်ပြီး သွေးတွင်းအဆီပါ၀င်မှုကို မြင့်တတ်စေနိုင်သည်။ နောက်ဆက်တွဲ ရောဂါအသစ်များကိုပါ ဖြစ်ပေါ်စေနိုင်သည်။ ထိုအရာသည် မူလပိုင်ရှင် ၂၅နှစ်မပြည့်မီ နှလုံးဖောက်သော အကြောင်းအရင်းပင်ဖြစ်လိမ့်မည်။ သူမကျန်းမာရေးအတွက် ဖေ့လီဝိတ်ချဖို့ ဆုံးဖြတ်လိုက်သည်။
သူမ၏ ဝိတ်ချခြင်းအစီအစဉ်အား မည်သို့လုပ်ဆောင်ရမည်ကိုစဉ်းစားနေစဉ် အိမ်ခန်းတွင်းမှ ချောင်းဆိုးသံကို ကြားလိုက်ရသည်။ ထိုအခါမှ သူမအိမ်တွင် အနာဂတ်သူဌေးလောင်း ကျိုးရှန်ချီ ရှိနေသေးမှန်း သတိရလာတော့သည်။
ဖေ့လီသည် သူမ၏အစောပိုင်းနှစ်တွေကတည်းက သူမခြေထောက်ပေါ်သူမ ရပ်တည်ခဲ့သည်။ ထို့ကြောင့် စာအုပ်မှတစ်ဆင့် အချိန်ခရီးသွားပြီးနောက် သူမ အသက်မရှင်သန်နိုင်ဘူးဟု မခံစားမိပေ။
သူမသည် ကောင်းမွန်စွာ ချက်ပြုတ်တတ်သူတစ်ဦးဖြစ်ကာ လမ်းဘေးသွားရည်းစာများမှ အိပ်ချက်ဟင်းပွဲများအထိ ကျွမ်းကျင်စွာ ပြုလုပ်နိုင်သည်။ အစာသွပ်မုန့်များ ပြုလုပ်ရန် သူမဘာသာသူမ လေ့လာခဲ့သေးသည်။
ကျိုးရှန်ချီသည် ပီကင်းတက္ကသိုလ်မှ ဘွဲ့ရကာ ပညာရေးသုတေသနနယ်ပယ်တွင် အလုပ်လုပ်ခဲ့သည်။ ယခုအခါတွင် သူ၏မှတ်ဉာဏ်များ ပျောက်ဆုံးနေသည်။ သူ့ဖခင်မှာ ကျင်းမြို့တော်၏ အုပ်ချုပ်ရေးအရာရှိ ဖြစ်သည်။ သူသည် တစ်နေ့နေ့တစ်ချိန်ချိန်တွင် ထွက်သွားလိမ့်မည်ဖြစ်သည်။
ထိုမတော်တဆမှုသာ မရှိခဲ့လျှင် နှစ်ယောက်သား ဘယ်သောအခါမှ တွေ့ဆုံရမည်မဟုတ်ပေ။ ထိုအရာကို တွေးတောက ဖေ့လီသည် အတွင်းခန်း၏ တံခါးကိုတွန်းဖွင့်လိုက်ပြီး ကြည့်လိုက်၏။ မျက်လုံးများ ဆုံသွားပြီးနောက် သူမသည် နက်နဲသော အနက်ရောင်မျက်လုံးတစ်စုံကို တွေ့လိုက်ရသည်။ အိပ်ရာပေါ်တွင် လဲလျောင်းနေသောယောက်ျားသည် သူမထံ အေးစက်စွာကြည့်နေ၏။
အိပ်ရာခင်းများသည် မင်္ဂလာရှိသော အတိတ်နိမိတ်ဆောင်သည့် နဂါးပုံများ၊ ဖီးနစ်ပုံများနှင့် အနီရောင် တောက်ပလျက်ရှိကာ လုံးလုံးလျားလျား ဆန့်ကျင်ဘက် ဖြစ်နေသော သူ၏ ဖျော့တော့ ပိန်ပါးသောမျက်နှာနှင့် လိုက်ဖက်နေသည်။
သူသည် ဒဏ်ရာရထားပြီး လမ်းမလျှောက်နိုင်သည်ကို ဖေ့လီသိ၏။ ထို့ကြောင့် သူမလျှောက်သွားလိုက်ကာ ကြင်နာစွာ မေးလိုက်သည်။ "ဗိုက်ဆာပြီလား ရှင်စားဖို့ တစ်ခုခု သွားယူပေးမယ်"
ထိုယောက်ျားသည် သူမကို လျစ်လျူရှုထားပြီး သူ့လက်များကို စောင်အောက်တွင် တင်းတင်းကြပ်ကြပ် လက်သီးဆုပ်ထားကာ မျက်နှာသည်လည်း ခက်ထန်နေ၏။
ဖေ့လီသည် ကြောက်နေမိသည်။ မူလပိုင်ရှင်သည် သူမမသေခင် သူ့အပေါ်တွင် မှားယွင်းသောအရာများ များစွာ ပြုလုပ်ထားမှန်း သူမသိ၏။ သူမ ညင်သာသောအသံဖြင့် ရှင်းပြလိုက်သည်။ "တလွဲမထင်ပါနဲ့ ဒီနေ့ ရေထဲကျပြီးတဲ့နောက် ကျွန်မသေချာသဘောပေါက်သွားပါပြီ။ တွန်းအားပေးခံရတဲ့ ဖရဲသီးက မချိုဘူးတဲ့။ မစိုးရိမ်ပါနဲ့ ရှင့်ခြေထောက် ပြန်ကောင်းသွားရင် ကွာရှင်းကြမယ်"
ကျိုးရှန်ချီသည် သူမကို အချိန်အတော်ကြာ ကြည့်နေခဲ့သည်။ သူမ၏ ရိုးသားသောမျက်နှာကို မြင်သောအခါ အထင်သေးခြင်းထက် ဟားတိုက်ချင်လာမိသည်။ ထို့နောက် ခပ်ငေါ့ငေါ့ ပြောလိုက်သည်။"ဖေ့လီ ဘာလှည့်ကွက်တွေသုံးဦးမလို့လဲ"
သူတို့၏ လက်ထပ်ပွဲအထမြောက်ရန်အတွက် ဆေးခပ်ခြင်းခံရသော ယောက်ျားသားသည် မနက်စောစောမှာတော့ သတိပြန်လည်လာပြီဖြစ်သည်။
'အရူးတစ်ယောက်ကို နှစ်သိမ့်ဖို့ကြိုးစားနေတာလား'
"ဘာမှ မလှည့်စားပါဘူး။ အဲလိုဟာမျိုး ကျွန်မထပ်မလုပ်တော့ဘူး"
အပြစ်တင်ခံရသော ဖေ့လီသည် ရှက်သွားသောကြောင့် သူမမျက်နှာကို ထိလိုက်သည်။ သူမ၏ လက်ချောင်းထိပ်များသည် ပါးပေါ်ရှိ အက်ကြောင်းရာများကို ပွတ်တိုက်မိပြီး စပ်ဖျင်းဖျင်း ဖြစ်သွားရသည်။ သူမ၏လက်ကို အနေရခက်စွာ ချလိုက်ပြီးနောက်"ကျွန်မ စားစရာ သွားယူပေးမယ်"ဟုပြောလိုက်သည်။
ဖေ့လီသည် မီးဖိုချောင်သို့ အမြန်ပြန်လာပြီး အသားပန်းကန်ကိုယူ၍ အဆီနှင့် မကောင်းသည့်အသားဖတ်များကို ဖယ်ထုတ်လိုက်ကာ ပေါက်စီနှစ်လုံးနှင့် တွဲဖက်လိုက်သည်။ သူမသည် အိုးကိုဖွင့်၍ ရွှေဖရုံသီးစွပ်ပြုတ်တစ်ပန်းကန် ခပ်ရန်ပြင်လိုက်သည်။ ဇွန်းအပြည့် ခပ်လိုက်ရုံပင်ရှိသေး မီးဖိုချောင်တံခါးပွင့်လာကာ စစ်အင်္ကျီ၀တ်ထားသော ၀မ်ချွေလန်သည် ကြက်ဥခြင်းနှင့်ရောက်လာ၏။
သူမ၏မျက်နှာသည် နီရဲနေပြီး စိတ်လှုပ်ရှားစွားဖြင့်မေးလာ၏။"ရှောင်လီ မနေ့ညက ဘယ်လိုလဲ။ ဆူညံသံတွေ တော်တော်များပုံပဲ"
"သူ့ခြေထောက်တင်မဟုတ်ဘဲ တခြားနေရာတွမှာလည်း မကောင်းဘူးမလား၊ အမေတို့မှာ ဒီလိုသမက်မျိုး ရှိလို့မဖြစ်ဘူး"
...