အပိုင်း ၂
Viewers 367

အပိုင်း (၂) ၀က်သားဂေါ်ဖီထုပ် ခေါက်ဆွဲ 

ထိုကိစ္စအကြောင်း ၀မ်ချွေလန်ပြောသည်ကို ကြားပြီးနောက် ဖေ့လီသည် မင်္ဂလာဦးညက အကြောင်းအရာအချို့ကို ဝိုးတ၀ါး မှတ်မိလာသည်။ မူလပိုင်ရှင်သည် အသက်၂၂နှစ်ရှိပြီဖြစ်ကာ ရွာတွင် အပျိုကြီးစာရင်း ၀င်သွားပြီဖြစ်သောကြောင့် လက်ထပ်မည့်သူ မရှိပေ။ ကျေးလက်ရှိလူများသည် အသက်၁၆၊၁၇အရွယ်၌ လက်ထပ်ကြသည်မှာ ပုံမှန်ဖြစ်သည်။ ထို့ကြောင့် မူလပိုင်ရှင်သည် မကြာခဏလှောင်ပြောင်ခံရလေ့ရှိ၏။

ကျိုးရှန်ချီသည် အရပ်ရှည်ပြီး ချောမော၏။ မူလပိုင်ရှင်သည် ထိုလက်ထပ်ပွဲအတွက် အလွန်ပျော်ရွှင်ကာ မထိန်းချုပ်နိုင်သည်မှာ မလွဲဧကန်ပင်။ ‌ သူမသည် ထိုယောက်ျားက သူမနှင့် အတူ မအိပ်မည်ကို စိုးရိမ်၏။ ထို့ကြောင့် ယောက်ျားနှင့် မိန်းမကြား ဆက်ဆံရေးအား တိုးမြှင့်ပေးသည့် အမွှေးတိုင်ကို တိတ်တဆိတ် ရှာကာ အိမ်တွင်ထွန်းထားလေသည်။

သို့သော် သူမသည် ဝေဖန်ပိုင်းခြားနိုင်သည့်ဦးနှောက် မပါသောလူဖြစ်သည်။ သူမသည် ပိုက်ဆံအများကြီး ကုန်ကျကာ လှည့်စားခံလိုက်ရသည်။ လောကတွင် ထိုကဲ့သို့သော မှော်ဆေးမျိုး မရှိပေ။ ထိုအရာသည် အမျိုးသားအင်္ဂါကို အနည်းငယ်ကြီးထွားရန်သာ လုပ်နိုင်သည်။ ထိုအမျိုးသား၏ စိတ်ကို ရှုပ်ထွေးရန်ပင် လုပ်နိုင်ခြင်း မရှိချေ။

အလွန်၀သောမူလပိုင်ရှင်သည် ခုတင်ပေါ်သို့ တတ်လိုက်သည်။ ထို့နောက် သူမ ထိုယောက်ျားအပေါ်သို့တတ်ရန် အားစိုက်ထုတ်လိုက်ကာ ခြေထောက်များကို ဖိလေတော့သည်။ သူမ၏အတွေးများက မည်မျှပင် စိတ်ကူးယဉ်ဆန်နေပါစေ နှစ်ဦးလုံး၏ နာကျင်မှုများကိုသာ ဖြစ်ပေါ်‌စေသည်။ ကျိုးရှန်ချီသည် ခုတင်ပေါ်မှဆင်းကာ လွတ်မြောက်ရန် ကြိုးစားလိုက်သည်။ 

ပတ်တီးစည်းထားသည့် ခြေထောက်မှာ အနာမကျက်သေး၍ မူလပိုင်ရှင်က ပျော်ပျော်ကြီး ဖိလိုက်သောအခါ သွေးများ ချက်ချင်းထွက်လာကာ နီရဲသွားတော့သည်။

မူလပိုင်ရှင်သည် လက်ထပ်ပြီးသည်နှင့် မုဆိုးမ ဖြစ်လာမည်ကို  စိုးရိမ်ကာ သူမလှုပ်ရှားမှုများကို ရပ်လိုက်တော့သည်။

'နင်ဆက်မလုပ်လိုက်တာ တော်သေးတယ်'

ဖေ့လီသည် စိတ်သက်သာရာရကာ သက်ပြင်းတစ်ချက်ချလိုက်သည်။ ရွှေဖရုံသီးစွပ်ပြုတ်ကို ထပ်ခပ်၍ ညင်သာစွာ ပြောလိုက်သည်။ "အမေ သမီးက သူနဲ့မတန်ပါဘူး။ ဘာလို့သူ့ကို ပေးမသွားကြတာလဲ"

၀မ်ချွေလန်သည် အခန်းထဲရှိယောက်ျားအပေါ် သူမသမီး မည်မျှ စွဲလမ်းသည်မှန်း သိ၏။ သူမ ထိုသို့ ပြောသည်ကို ကြားသောအခါ မှန်ကန်သည်ဟုခံစားရသည်။ 

"သမီး သူရဲ့ အဓိကနေရာ‌ရောပါ ထိခိုက်ထားတာတော့ မဟုတ်ပါဘူးနော်" မိသားစု၏ အောက်ခြေစည်းကို ထိခြင်းက ပြင်းထန်သောကိစ္စ ဖြစ်သည်။

မူလပိုင်ရှင်က စောင်ကို မလိုက်သောအခါ အရွယ်အစားကြောင့် လန့်သွားရသည်ကို မှတ်မိသေး၏။ 

'ဘယ်လိုလုပ် အဲ့လိုနေရာမျိုးမှာ မစွမ်းဆောင်နိုင်တဲ့သူဖြစ်ရမှာလဲ' 

"မဟုတ်ဘူး မဟုတ်ဘူး။ သမီးစိတ်ပြောင်းသွားတာ။ လက်ထပ်ထပ် မထပ်ထပ်ကိစ္စမရှိဘူး။ အမေတို့နဲ့ နေရဖို့က အရေးကြီးဆုံးပဲ"

"လက်ထပ်တာက ဘယ်လိုလုပ် အရေးမကြီးရမှာလဲ၊ နင့်အဖေနဲ့ငါနဲ့မရှိတော့ရင် ဘယ်လိုနေမလဲ"

၀မ်ချွေလန်က ဆက်တိုက်ဆိုသလို ပြောလိုက်သည်။

"သူက ခေါင်းမာတယ် သမီးတို့လုပ်ရမဲ့အရာ လုပ်ပြီးသွားရင် အဆင်ပြေပြီ"

သူမတို့သမီးအတွက် သမက်တစ်ယောက် ရှာတွေ့ရန်ဆိုသည်မှာ အလွန်ခက်၏။ ထို့ကြောင့် သူ့ကိုလွယ်လွယ်နှင့် လွှတ်ပေးဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။ 

"သူ့မှာ အတိတ်ကလည်းမေ့နေသေး၊ ခြေထောက်ကလည်း မသန်စွမ်ဖြစ်နေသေး။ ဒီလိုဆောင်းတွင်းကြီးမှာ ထွက်သွားခိုင်းနေတာက သွားသေခိုင်းနေတာနဲ့ အတူတူပဲမလား"

မူလစာအုပ်ထဲတွင် ဇာတ်လိုက်စုချွေ့ယွဲ့၏ ရွှေလက်ချောင်းများသည် ကြီးမားလွန်သောကြောင့် ‌ ဖေ့လီအတွက် ခံစားကြည့်ရန် ခက်ခဲ၏။ ကျိုးရှန်ချီသည် ဖခင်ဖြစ်သူနှင့်လည်း ပြန်လည်တွေ့ဆုံခြင်း မရှိဘဲ ဖခင်ဖြစ်သူအား မှတ်မိမည်လည်း မဟုတ်ပေ။ နယ်ဘက်တွင် သုတေသနပြုလုပ်ရန်လာချိန်၌ ကားမတော်တဆ ဖြစ်ပြီး ဖေ့ရုန်ဖူက ကယ်ဆယ်ပေးခဲ့သည်ကိုသာ သူမ မှတ်မိသည်။ စာအုပ်ထဲတွင် သူ၏မှတ်ဉာဏ်များသည် ပြန်ရလာမည် မဟုတ်ကြောင်း ဖော်ပြထားသည်။ စာရေးသူသည် ကျိုးရှန်ချီတစ်ယောက် ကိုယ့်အားကိုယ်ကိုး၍ သူဌေးဖြစ်လာကြောင်းကို ခံစားမိစေချင်သည်။ သူမသည် သူ၏ အစောပိုင်းဘ၀ အတွေ့အကြုံများကို များများစားစား‌ပြောပြမထားပဲ ဖခင်ဖြစ်သူမှာ ပေကျင်းမြို့၏ အရာရှိဟုသာ ဖော်ပြထားသည်။ 

"သူ မစားရသေးဘူး။ သမီးသွားပို့ပေးလိုက်ဦးမယ်"

သူမအမေ၏စိတ်ကို အချိန်တိုအတွင်း မပြောင်းလဲနိုင်မှန်း ဖေ့လီ သိသည်။ ထို့အပြင် ကျိုးရှန်ချီသည်လည်း အမှီအခိုကင်းကင်းနှင့် အသက်ရှင်ရန် မဖြစ်နိုင်သေးပေ။ ထို့ကြောင့် ကွာရှင်းမည့်အစီအစဉ်အား သူ့ခြေထောက်များ ပြန်ကောင်းလာသည်အထိ စောင့်ရမည်။

၀မ်ချွေလန်သည် သူမတစ်ကိုယ်လုံးကို ကြည့်လိုက်သည်။

တစ်စုံတစ်ရာ ပြောင်းလဲနေသည်ကို ခံစားမိသော်လည်း မည်သည့်အရာဆိုတာကိုတော့ မပြောနိုင်ပေ။ သူမရေဆာလာ၍ ရွှေဖရုံသီးစွပ်ပြုတ် တစ်ပန်းကန်ကိုခပ်သောက်လိုက်လေသည်။ ပြတင်းပေါက်ခုံပေါ်တွင် ကြက်သွန်ဖြူအညှောက်များကို တွေ့လိုက်ရသည်။

"အံ့ဩစရာကြီးဆောင်းတွင်းကြီး ကြက်သွန်ဖြူ အညှောက်ထွက်နေတယ်"

ဖေ့လီသည် အစားအသောက်များယူလာကာ သူ့ရှေ့၌ စားပွဲပြင်ပေးလိုက်ပြီး ညင်သာစွာ ပြောလိုက်သည်။

"စားလိုက်ဦး"

ကျိုးရှန်ချီက မလှုပ်ပေ။ မနေ့ညက အဖြစ်အပျက်ကြောင့် ခြေထောက်နာကျင်မှုသည် ယခုထိတိုင် စွဲကျန်နေဆဲ ဖြစ်သည်။ နောက်ထပ် လှည့်စားမှုများလုပ်မည်ကို စိုးရိမ်သောကြောင့် သူမအား သတိအနေအထားနှင့် ကြည့်လိုက်သည်။

သူနိုးလာသောအခါ မှတ်ဉာဏ်များ ပျောက်ဆုံးနေပြီး ခြေထောက်များကလည်း မလှုပ်ရှား‌နိုင်ပေ။ သူ့အား ကယ်ခဲ့သောလူက သူ့နာမည်မှာ ကျိုးရှန်ချီဖြစ်ပြီး ငတ်မွတ်ဘေးကြီးအတောအတွင်းတွင် သူ့ဇနီးလောင်းနှင့် နေထိုင်ရန် လာသည့်လမ်း၌ မတော်တဆတစ်ခု ဖြစ်ပြီး မှတ်ဉာဏ်များ ပျောက်ဆုံးသွားကြောင်း ပြော၏။ သူသံသယ မ၀င်နိုင်မီ ထိုလူက သူတို့နှစ်ယောက်အား အတင်းအကြပ် လက်ထပ်စေခဲ့သည်။

သူတို့နှစ်ယောက် သိသည်မှာ တစ်ပတ် ရှိပြီဖြစ်သော်လည်း ကျိုးရှန်ချီသည် ရှေ့တွင်ရှိသော မိန်းကလေးအပေါ်သို့ ချစ်ခင်တွယ်တာမှု အနည်းငယ်မျှပင် မခံစားမိပေ။  သူမအပေါ်တွင် စက်ဆုပ်ရွံရှာမှုပင် ဖြစ်နေ၏။

ဖေ့လီသည် ဦးနှောက်မဲ့ကာ ဉာဏ်တုံး၏။ လေးစားမှုဆိုသည်ကို မသိ။ အသုံးအဖြုန်းကြီးကာ တစ်ခါတစ်ရံ မိဘများအပေါ်တွင် ရိုင်းစိုင်းကာ ရိုက်နှက်တတ်သည်။ သူမသည် ပစ္စည်းများကို ပစ်ပေါက်၍ သတ်သေရန်ပင် လုပ်၏။ ထိုစုံတွဲသည်လည်း  စည်းကမ်းတင်းကြပ်ခြင်းမရှိဘဲ သူမကို အလိုလိုက်သည်။ ထိုမိန်းကလေးက သူ့အား စွဲလမ်းစွာ စိုက်ကြည့်ပြီး တစ်နေ့လုံး ထိနေတတ်သည်။

"စားလေ။ စားမှ ရှင်အားပြည့်ပြီး နေမြန်မြန်ပြန်ကောင်းမှာ" 

သူ့အပေါ်တွင် လွှမ်းမိုးထားသော မူလပိုင်ရှင်၏ ပုံရိပ်သည်ကြီးမားလွန်းကာ ဖေ့လီ၏ စကားလုံးအနည်းငယ်ဖြင့် ပြောင်းလဲ၍ မရသည်ကို သိ၏။ သူမက ထိုအကြောင်းအရာကို စကားမဆက်ဘဲ "ကျွန်မသွားနှင့်မယ် ရှင်ဖြည်းဖြည်းစား  နောက်မှ ပန်းကန်တွေ လာသိမ်းလိုက်မယ်"ဟု ညင်သာစွာပြောလိုက်သည်။

ကျိုးရှန်ချီ၏ မျက်နှာတွင် နာကျင်မှုတို့ ပေါ်လွင်နေသည်။ 

သူသည် မစားချင်သော်လည်း  ခြေထောက်ဒဏ်ရာ ပျောက်ကင်းရန် ခက်ခဲမည်ကို စိုးရိမ်၏။ ခြေထောက်သည် ကြွရုံနှင့်ပင် နာကျင်နေ၏။‌ 

ဖေ့ရုန်ဖူတွင် သူ့ကို ကုသပေးရန် ပိုက်ဆံမရှိပေ။ ဒဏ်ရာသည် သွေးမထွက်ပါက အဆင်ပြေသည်ဟု ထင်၏။ ဆေးပင်များ လိမ်းသော်လည်း ဂရုစိုက်ခြင်း မရှိသောကြောင့် ခြေထောက်မှာ ပို၍ရောင်လာပြီး တစ်‌ညလုံး အိပ်မရပေ။

ဒုက္ခိတဖြစ်ခြင်းဆိုသည်ကို သူ အယုံအကြည်မရှိပေ။ သူသည် အိပ်ရာပေါ်ရှိစကားလုံးအားလုံးကို သိ၏။ ရေးပင်ရေးနိုင်သေးသည်။ ကိန်းဂဏန်းများကိုလည်း စိတ်တွက်တွက်နိုင်သည်။ သူသည် စာတစ်လုံးမျှ မတတ်သော ဖေ့မိသားစုနှင့် ကိုက်ညီမှုမရှိ။ သို့သော် သူဒီမှာနေထိုင်နေရ သည်။

အိပ်ရာဘေးတွင် ခင်ကျင်း၍ရ‌သော သစ်သားစားပွဲမှာ ဖေ့ရုန်ဖူ ပြုလုပ်ပေးထားခြင်းဖြစ်သည်။ ပန်းကန်ထဲတွင် အဆီများ၊ မကောင်းသည့်အသားများ မပါသည့် အသားလေးတုံး ရှိသည်။ သူ့နှာခေါင်းထိပ်တွင် အသားဟင်း၏ အမွှေးအကြိုင်ရနံ့နှင့် ရွှေဖရုံသီးစွပ်ပြုတ်၏ချိုမြိန်သောရနံ့တို့က ရစ်ဝဲနေသည်။

ကျိုးရှန်ချီ တံတွေးမျိုချလိုက်၏။ ထမင်းနှစ်ရက် မစားထားသည့်အတွက် သူတကယ် ဗိုက်ဆာနေပြီ ဖြစ်သည်။ ထို့ပြင် အသားဟင်းလည်းပါနေသေးသည်။

ဖေ့လီသည်လည်း ထပ်၍မလာတော့သည့်အတွက် တုံ့ဆိုင်းခြင်း မရှိဘဲ အသားစားရန် တူကို ကောက်ကိုင်လိုက်တော့သည်။

အသားနှပ်ဟင်းသည် ဆီပါသော်လည်း အီမနေဘဲ ငန်ငန်လေးနှင့် အရသာရှိ၏။ ပေါက်စီများနှင့် တွဲစားလိုက်သောအခါ ပြီးပြည့်စုံသွားသည်။ ရွှေဖရုံသီးစွပ်ပြုတ်သည် အစာအိမ်ကို နွေးထွေးစေပြီး အအီပြေစေ၏။

ဤအရာသည်  သူနိုးလာပြီးချိန်မှစ၍ စားဖူးသော အကောင်းဆုံးသောထမင်းတစ်နပ် ဖြစ်သည်။ ဖေ့မိသားစုသည် အလွန်ဆင်းရဲ၏။ အသားဟင်းမှာ ဖေ့လီအတွက်ပင် မလောက်ငှသောကြောင့် သူအတွက် မဆိုထားနှင့် ဖေ့စုံတွဲသည်ပင်  မစားရ။

ကျိုးရှန်ချီသည် အစားအသောက်အားလုံး စားပြီးနောက် ဗိုက်ပြည့်သွားသည်။ စက္ကန့်အနည်းငယ်ကြာတွင်  ဖေ့လီက ပန်းကန်သိမ်းရန် လာသောအခါ၌ သူ၏ မျက်နှာအနေအထားသည် အေးစက်သွား၏။ 

ဖေ့လီသည် စကားတစ်ခွန်းမျှ မပြောဘဲ ပန်းကန်များကို တိတ်တိတ်ဆိတ်ဆိတ် သိမ်း၍ ထွက်သွားလေသည်။ သူ့အတွက် တံခါးပိတ်ပေးပြီးနောက်  သူမ၏ ခပ်၀၀  ခန္ဓာကိုယ်သည် ပျောက်ကွယ်သွားသည်။

သူသည် စိတ်ရှုပ်ထွေးစွာ မျက်လုံးမှိတ်ကာ သူ့ကိုနှိပ်စက်ရန်အတွက် နည်းဗျူဟာ ပြောင်းလဲသွားသော  ထိုမိန်းကလေးအကြောင်း တွေးတောလိုက်သည်။ 

ဖေ့လီသည် ပန်းကန်များကို မီးဖိုချောင်တွင် ထားကာ စတင်ဆေးကြောရန် ပြင်ဆင်တော့သည်။ ထိုအပြုအမူသည် အနီးနား တွင် မုန့်ညက်နယ်နေသော ၀မ်ချွေလန်ကို ထိတ်လန့်သွားစေ၏။  မျှော်လင့်ထားသည့် ပန်းကန်ကွဲသံများ မကြားရဘဲ ရေကျသံသည်သာ ထွက်ပေါ်လာ၏။

ဖေ့လီသည် ရေအနည်းငယ်ခပ်လိုက်ပြီး သူမ၏ ၀၀ဖောင်းဖောင်း လက်များဖြင့် စတင် ဆေးကြောတော့သည်။ 'သူမသမီးက ဘယ်တုန်းက အိမ်အလုပ် လုပ်လို့လဲ'

၀မ်ချွေလန်သည် လက်တွင်ပေကျံနေသော ဂျုံမှုန့်များကိုပင် မသုတ်နိုင်တော့ဘဲ ကြောက်လန့်သောအကြည့်ဖြင့် ကြည့်ကာ" သမီးလေး ဘာဖြစ်နေတာလဲ"ဟု မေးလိုက်သည်။ ဖေ့လီသည် ရပ်တန့်သွားရပြီးနောက် မူလပိုင်ရှင်၏ စရိုက်ကို သတိရသွားသည်။ သူမက စိတ်အနေအထား ပြောင်းလဲလိုက်ပြီးနောက် မျက်ရည်များဖြင့် သူမအမေဘက်သို့  လှည့်လိုက်သည်။ 

"အမေ သမီးမနက်က ရေထဲတွန်းချခံတယ် ရေက အရမ်းအေးနေပြီးတော့ အိပ်မက်ရှည်ကြီးလည်း မက်ခဲ့သေးတယ်”

ဆောင်းတွင်းတွင် ရွာထဲ၌  လူအနည်းငယ်သည်သာ အပြင်ထွက်ကြ၏။ ဖေ့ရုန်ဖူသည် ပေါက်စီများ  ထပ်ရောင်းရန် သွားရပြီး ၀မ်ချွေလန်သည် သူမ ရေထဲကျသည်ကို မသိပေ။

သူမရေထဲတွန်းချခံရသည်ကို ကြားသောအခါ ဒေါသများ ထွက်လာသည်။ 'ဆောင်းတွင်းမှာ ရေက ဘယ်လောင်တောင် အေးနေလိုက်မလဲ'

ဖေ့လီကိုယ်စား သူမသာလျှင် ရေထဲကျချင်နေတော့သည်။ သူမသမီး၏ မျက်လုံးထဲမှ မျက်ရည်များကို  မြင်သောအခါ သံသယတို့ ပျောက်သွားရပြီး ထိတ်ထိတ်ပျာပျာဖြစ်ကာ မျက်ရည်များကို သုတ်ပေးလေသည်။

"မငိုနဲ့ မငိုနဲ့  အမေက သမီးအစား အဲ့ကောင်စုတ် ကိုဖမ်းပြီး သေချာပေါက် လက်စားချေပေးမှာ"

ဖေ့လီသည် ထိုအိပ်မက်ကို အကြောင်းပြ၍ ရှေ့လျောက်သူမ၏ ပြောင်းလဲမှုများအတွက်  လမ်းဖွင့်ရန် အခွင့်အရေးယူ‌တော့သည်။ "အိပ်မက်ထဲမှာ  သမီးက အရမ်းတစ်ကိုယ်ကောင်းဆန်ပြီး ဘယ်လိုပျော်ရမလဲဆိုတာပဲ သိတယ်တဲ့။ အဖေနဲ့အမေက ရုတ်တရက်ကြီး သေသွားပြီး သမီးတစ်ယောက်ထဲ အထီးကျန်ကျန်နဲ့   သနားစရာကောင်းနေတာတဲ့။  နောက်ဆုံးတော့  ကြင်နာတတ်တဲ့လူတစ်ယောက်က ခေါ်သွားပြီး သူ့စားသောက်ဆိုင်မှာ အလုပ်လုပ်ခွင့်ပြုခဲ့တာတဲ့။ သမီးမှာ ရှင်သန်နေထိုင်ဖို့ကို  မနည်းကြိုးစားခဲ့ရတာ။ ဒါပေမဲ့ နှလုံးဖောက်ပြီး သေသွားတယ်တဲ့"

ဤကလေးသည် သူမဆယ်လလွယ်ကာ မွေးဖွားခဲ့ရသော ကလေးဖြစ်သည်။ ၀မ်ချွေလန်သည် သူမပြောသည်ကို ကြားပြီးနောက် မျက်လုံးများနီလာ သူမအားဖက်လိုက်သည်။

"မကြောက်နဲ့ မကြောက်နဲ့ အိပ်မက်ဆိုတာ ပြောင်းပြန်ကောက်ရတယ်တဲ့။ အဖေနဲ့ အမေက သမီးတစ်ယောက်ထဲ ပစ်ထားခဲ့မှာ မဟုတ်ဘူး"

ဖေ့လီသည် နှာရှုပ်ကာ ၀မ်ချွေလန်နှင့်အတူ ငိုလိုက်၏။ ခဏအကြာတွင် ၀မ်ချွေလန်သည်  မျက်ရည်များကို သုတ်ပြီးနောက် ဖေ့လီအား နွေးထွေးစေရန်  မီးဖိုဘေးရှိ ဖျာပေါ်တွင်ထားခဲ့၍ ခေါက်ဆွဲလှိမ့်ရန် သွားတော့သည်။

၀မ်ချွေလန်သည် ခေါက်ဆွဲလှိမ့်ရာ၌ အလွန်တော်၏။ ဂျုံမုန့်ညက်ကို နယ်ပြီးနောက် ခုံပေါ်သို့တင်ကာ လှိမ့်သည့်အချောင်းဖြင့် ပါးလွှာသည်အထိ အရှေ့အနောက် လှိမ့်တော့သည်။ စေးကပ်ခြင်းမရှိစေရန် ဂျုံမှုန့်များကိုလည်း ဖြူးလိုက်သေး၏။ ထို့နောက် အလွှာများကို  အဆင့်ဆင့်စီ၍  ခေါက်ဆွဲအမျှင်များ ဖြစ်စေရန်  ဓားထက်ထက်ဖြင့်ပိုင်းဖြတ်တော့သည်။

အစိတ်အပိုင်းတစ်ခုချင်းစီသည် အညီအမျှနီးပါး ဖြစ်နေကာ ကျိုးပြတ်နေခြင်းလည်းမရှိပေ။ ထိုအရာကို  လက်ဖြင့်လှိမ့်ထားသည်မှာ အမှန်ပင်ဖြစ်သည်။ နည်းလမ်းက အံ့ဩဖွယ်ကောင်း၏။ 

စားပွဲပေါ်‌တွင် ဂေါ်ဖီထုပ်ဟူသော  ‌ပါ၀င်ပစ္စည်းတစ်မျိုးသာ ရှိ၏။ ထို့နောက် ဆီအနည်းငယ်နှင့် ရေ။ ဖေ့လီသည်  အရသာ မရှိမည်ကို စိုးရိမ်၏။ ဖေ့လီ၏ မျက်နှာသည်  မီးဖိုမှ မီးခိုးများကြောင့် နီရဲနေသည်။ သူမသည် ၀မ်ချွေလန် ဂေါ်ဖီထုတ်ကြော်နေသည်ကို ကြည့်နေ၏။ 

ထို့နောက် သူမတစ်စုံတစ်ခုကို သတိရပြီး

ပေါင်းအိုးထဲတွင် ကျန်ရှိနေသော အသားများကို ထုတ်ယူရန်ထလိုက်‌သည်။ 

 "အမေ ဒါကို ခေါက်ဆွဲအိုးထဲ ရောချက်လိုက်"

အသားဟင်းသည် သူမစားရန်ချန်ထားခြင်းဖြစ်သည်။ ၀မ်ချွေလန်က မလှုပ်ပေ။ သူမသည် အိုးထဲသို့ ရေများ ထပ်လောင်းထည့်လိုက်သည်။ "ခေါက်ဆွဲက ပေါ့တယ်။ ပြီးမှ သမီးခေါက်ဆွဲနဲ့ စားဖို့ သိမ်းထားလိုက်။ အမေက မကြိုက်ဘူး"

ဖေ့လီသည် "အမေက မကြိုက်ဘူး"ဟုသော စကားစုကို ယခင်အချိန်က ထမင်း  စားပွဲတွင် ကြားဖူး၏။ သို့သော် ထိုအရာသည် သူမနှင့် မဆိုင်ဘဲ  သူမအမေမှ မောင်ဖြစ်သူအား ပြောသောစကားဖြစ်သည်။  တစ်နေ့တွင် အမေတစ်ယောက်ထံမှ  ထိုသို့ပြောလာမည်ကို  မျှော်လင့်မထားပေ။ ထိုစကားသည် မူလပိုင်ရှင်ကို ပြောသည်ဖြစ်သော်လည်း သူမစိတ်လှုပ်ရှားသွားကာ နီရဲသောမျက်လုံးများဖြင့် သူမအမေကိုကြည့်လိုက်သည်။  

၀မ်ချွေလန်သည် ဖေ့လီ၏ ငိုတေ့မည့်  မျက်လုံးများကိုမြင်သောအခါ သူမနှလုံးသားနူးညံ့သွားရပြီး ယူရန်ငြင်းဆန်လေသည်။ "အမေ တကယ်မကြိုက်တာ။ လိမ္မာတယ် သိမ်းထားချည်"

 အိုးထဲရှိရေသည် ဆူပွက်လာသည်။ ၀မ်ချွေလန်သည် ဂေါ်ဖီကြော်များ ထည့်လိုက်ပြီး ဆားထည့်ရန် တဖက်သို့ လှည့်လိုက်သည်။ ဖေ့လီက သူမအာရုံမရသည်ကို  အခွင့်ကောင်းယူကာ အသားများအား အိုးထဲသို့ထည့်လိုက်လေသည်။

"အတူရောစားတာ  ပိုစားကောင်းတယ်"ဟုလည်း ပြုံးပြီး ပြောလိုက်သည်။

၀မ်ချွေလန်သည် သူမ၏ ရုတ်တရက်ဆန်သည့် အသိတရားတို့ကြောင့်  နွေးထွေးသွားရသည်။ သူမနှစ်ခြိုက်စွာ ပြုံးလိုက်ကာ အသားများကို ဇွန်းဖြင့်မွှေးပြီး ချီးကျူးလိုက်သည်။ "ငါတို့လီလီက အရွယ်ရောက်လာပြီပဲ"

ဖေ့လီသည် မီးဖိုရှေ့တွင်  ထိုင်လိုက်ကာ  မီးထိုးနေလိုက်သည်။

၀မ်ချွေလန်သည် ခေါက်ဆွဲများအား အိုးထဲသို့ ထည့်လိုက်ပြီး ဟင်းခတ်အမွှေးအကြိုင်အတွက် ငရုတ်ကောင်းမှုန့်ထည့်ကာ  အဖုံးအုပ်ထားလိုက်သည်။ ခေါက်ဆွဲကျက်ရန် စောင့်နေသည် အချိန်တွင်လည်း သူမ စဉ်းစားချင့်ချိန်တတ်ကြောင်း ချီးကျူးကာနေလေသည်။

ခေါက်ဆွဲကျက်ချိန်၌ ဖေ့ရုန်ဖူသည် ဝါးခြင်းကို လွယ်၍ ပြန်ရောက်လာသည်။

သူသည် ခြင်းကိုကျောပေါ်မှ ချလိုက်ကာ ခြင်းထဲမှကြက်တစ်ကောင်အား ထုတ်ယူ၍ အပြုံးတစ်ပွင့်နှင့်အတူ ကျယ်လောင်စွာ ပြောလာ၏။  "ဒီနေ့ ရောင်းကောင်းတယ်ဟေ့ လီလီအတွက် ခန္ဓာကိုယ် အားပြည့်အောင် ကြက်တစ်ကောင်၀ယ်လာတယ်"

၀မ်ချွေလီသည် ပါးစပ်က အပြစ်တင်ပြောဆိုနေသော်လည်း သူမ၏ လက်များသည်တော့ ရိုးသားကြ၏။ သူမသည် ကြက်အား ကြည့်ရန်သွားလိုက်ပြီး ညနေရောက်လျှင်  မည်သို့မည်ပုံ ချက်စားမည်ကို ပြောဆိုနေသည်။

ဖေ့လီသည် သူမအဖေအား နှုတ်ဆက် ရန် ထလိုက်ပြီး ဝါးခြင်းကို ဦးစွာ ကြည့်လိုက်သည်။ ထိုထဲတွင် ပေါက်စီတစ်၀က် ကျန်နေသေးပြီး သူမအဖေပြောသကဲ့သို့ ရောင်းမကောင်းပေ။

ဆောင်းရာသီတွင် ကျန်ရှိနေသောပေါက်စီများကို နောက်နေ့တွင်  ထပ်ရောင်း၍ ရသော်လည်း အရသာ သိပ်ကောင်းမည်မဟုတ်ချေ။ ၀ယ်သူများသည် အများအပြား၀ယ်မိပါက အိမ်တွင်သိမ်းထား၍ ရနိုင်၏။ ထိုအချက်ကြောင့်  ဆောင်းတွင်းတွင် အရောင်းအ၀ယ်ကောင်းသည်။ ဖေ့မိသားစု၏ ပေါက်စီလုပ်ငန်းသည် ဆောင်းတွင်းတွင် အမြဲတစေ ရောင်းကောင်းကြောင်းကို   ဖေ့လီပြန်တွေးလိုက်သည်။ 

ဤသို့ တစ်၀က်မျှ ကျန်နေသည်မျိုးက ဖြစ်ခဲသည်။

လွန်ခဲ့သည့် ရက်သတ္တပတ်လောက်ကတည်းက တစ်၀က်မျှ ကျန်လေ့ရှိပုံပေါ်သည်။ မြို့ထဲတွင် ဖေ့ရုန်ဖူ  တစ်ယောက် တစ်ခုခု ဖြစ်ထားပုံရသည်။ သူမလျှောက်သွားကာမေးလိုက်သည်။ "အဖေ ဒီနေ့ ဘာလို့အများကြီး ကျန်နေသေးတာလဲ"

ဖေ့ရုန်ဖူသည် အလိမ်ပေါ်သွားသော်လည်း ဂရုမထားပေ။ သူသည် ဇနီးနှင့် သမီးကို ၀န်ထုပ်၀န်ပိုး မဖြစ်စေချင်သောကြောင့် ပြုံးကာ ရှင်းပြလိုက်သည်။

”အရောင်းအ၀ယ်ဆိုတာ နိမ့်တစ်လှည့် မြင့်တစ်လှည့်ပေါ့ကွယ်"

ဖေ့လီသည် သူမအ‌ဖေမျက်နှာပေါ်တွင်  စိတ်မကောင်းမှုအရိပ်အယောင်ကို တွေ့လိုက်မိသည်။ မနက်ဖြန်တွင် ဖေရုန်ဖူနှင့်အတူ လိုက်၍ ပေါက်စီရောင်းရန် ဆုံးဖြတ်လိုက်‌သည်။ ပထမဆုံးအနေဖြင့် ‌လမ်းလျှောက်ခြင်းသည် လေ့ကျင့်ခန်းတစ်မျိုးဖြစ်ပြီး ဒုတိယအနေဖြင့် မည်သည့်အဖြစ်အပျက်များ ဖြစ်နေသည်ကို သိရရန်ဖြစ်သည်။

 ၀မ်ချွေလန်သည် ခေါက်ဆွဲများ ခပ်ထည့်ကာ စားပွဲပေါ်တင်လိုက်ပြီး သူမတို့အား လာစားရ န်ခေါ်တော့သည်။

"လာကြ လာကြ စားကြမယ်"

"သမီးလေးက ဒီနေ့ သိတတ်နားလည်‌နေပြီး အသားတွေအကုန်လုံး ထည့်ချက်ခိုင်းတာလေ"

ဖေ့ရုန်ဖူသည် ခေါက်ဆွဲပန်းကန်အား ငုံကြည့်လိုက်ပြီး သွားများပေါ်အောင်ရယ်၍ သူမကို ချီးကျူးလေတော့သည်။ ”လီလီက တကယ်ကို သိတတ်နေတာပဲ"

ခေါက်ဆွဲသည် ဆီအနည်းငယ်မျှနှင့် အနံ့မွှေးကာ စားချင်စဖွယ်ပင်။ သူသည် ထိုင်ခုံကိုဆွဲကာ ထိုင်လိုက်ပြီး ဖေ့လီ၏‌ပန်းကန်ကိုယူပေးလေသည်။ သူက ဖေ့လီကို ခေါက်ဆွဲ ပူနေစဉ် စားရန် ပြောဟန်ပြင်လိုက်သည်။ သို့သော် ဖေ့လီသည် ခေါက်ဆွဲပန်းကန်ကို ကိုင်၍ အပူမပြန့်စေရန် ပန်းကန်ကို အ၀တ်အုပ်ကာ မီးဖိုချောင်ထဲမှ ထွက်သွားသည်။ ဖေ့ရုန်ဖူသည် စူးစမ်းချင်စိတ်ဖြင့်  "သမီးဘယ်သွားမလို့လဲ"ဟု မေးလိုက်သည်။

၀မ်ချွေလန်သည် သူမလုပ်မည့်အရာကို သိလေသည်။ သူမကို အပြုံးတစ်စဖြင့် စ‌နောက်လိုက်သည်။ 

"ငါ့သမီးက သူ့ယောက်ျားကို ချစ်နေမှတော့ ငါက ဘာတတ်နိုင်မှာလဲ"

...