အပိုင်း ၃
Viewers 497

အပိုင်း (၃)  ပန်းပွင့်ပုံပေါက်စီ

ကျိုးရှန်ချီသည် ဖေ့လီတစ်ယောက် နေ့လယ်စာ အချိန်မှန် လာပို့လိမ့်မည်ဟု မထင်ထားပေ။ သူသည် မနက်စာနှင့် နေ့လယ်စာ ပေါင်း၍ စားထားသောကြောင့် နောက်ထပ်အစားအသောက် ရနိုင်မည် မဟုတ်ပေ။ သို့သော် သူမသည် ခေါက်ဆွဲပန်းကန်ကို ထားခဲ့ကာ မနက်က နည်းတူ ထွက်သွားလေသည်။

အသားစဉ်းကောနှင့် ဂေါ်ဖီဖတ်တို့က ပေါ်လောပေါ်နေပြီး မွှေးရနံ့ကသင်းနေသည်။ တစ်ဆက်တည်း အသားနှစ်ခါ စားရခြင်းပင်။

အလွန်ထူးဆန်း‌သောကြောင့် ညအချိန်၌ သူ့အတွက်စောင့်ကြိုနေမည့်အရာကို  စိုးရိမ်လာသည်။

ဖေ့လီသည် မီး‌ဖိုချောင်သို့ ပြန်သွားထိုင်လိုက်ပြီး ခေါက်ဆွဲကို စားလိုက်တော့သည်။ ၀မ်ချွေလန်၏ လက်ရာမှာ အလွန်ကောင်း၏။ ခေါက်ဆွဲသားများက အိစက်နေကာ ဟင်းရည်က အနည်းငယ်စပ်၍ အရသာရှိသည်။ ဆောင်းတွင်းတွင် စားရန်အထူးသင့်လျော်၏။

သူမက ခေါင်းငုံ့၍ စားလိုက်သည်။ ခေါက်ဆွဲပန်းကန်သည် အမြန်ကုန်သွား၏။ တူများကို ချလိုက်‌လျှင်ပင် ၀မ်ချွေလန်က သူမပန်းကန်ကို‌ကောက်ယူလိုက်သည်။ "အိုးထဲမှာ ရှိသေးတယ် အမေထည့်ပေးမယ်"

မူလပိုင်ရှင်သည် သုံးပန်းကန် စားလေ့ရှိ၏။ သံသယမ၀င်စေရန်အတွက် ဖေ့လီသည် နောက်ထပ်တစ်ပန်းကန်ကို အင်တင်တင်ဖြင့် စားလိုက်သည်။ ၀မ်ချွေလန်က ထပ်ထည့်မပေးမီ ပန်းကန်ကို ဆေး၍ ပြန်ထိုင်လိုက်သည်။

ဖေ့ရုန်ဖူသည် သူ၏လက်တို့ကိုပွတ်သပ်ကာ စိုးရိမ်စိတ်ဖြင့် မေးလိုက်သည်။

"ဘာလို့ ထပ်မစားတော့တာလဲ"

" အဖေ သမီးဝိတ်ချချင်တယ်"

သူမသည် ၀မ်ချွေလန်အား ပြောပြထားသော အိပ်မက်အကြောင်းကို ဖေ့ရုန်ဖူကို ပြောပြလိုက်၏။ နှလုံးဖောက်ကာ သေသွားသော သူမ၏၀မ်းနည်းဖွယ်အကြောင်းကို ထပ်တူခံစားစေလိုသည်။

ထိုစကားများကို နားထောင်ပြီးနောက် ဖေ့စုံတွဲသည် တိတ်ဆိတ်သွားရ၏။ ဖေ့ရုန်ဖူသည် သမီးဖြစ်သူ၏ ကိုယ်အလေးချိန်ကို ဂရုမထားပေ။ သူသည် သမီးတစ်ယောက်ကို ကျွေးမွေးပြုစုနေသောကြောင့် သူမစားချင်သလောက် စားစေသည်။ သို့သော် ထိုအရာသည် သူမဘ၀၏အဆုံးသတ် ဖြစ်ပါက ပေါ့ပေါ့တန်တန် သဘောထား၍မရပေ။

၀မ်ချွေလန်သည် သမီးဖြစ်သူဝိတ်ချခြင်းကို ခွင့်ပြုရန် တွေးလိုက်ပြီးဖြစ်သည်။ ဖေ့လီမွေးဖွားစဉ်က သူမမျက်လုံးများက အရည်လဲ့နေကာ နှင်းလုံးလေးလို ဖွေးဖွေးကလေးပင်။ အိမ်နီးနားချင်းများက သူမအား နတ်သမီးတမျှ လှပကြောင်းပြောကြ၏။

သို့သော် အရွယ်ရောက်သောအခါ သာမန်မျှသာ ဖြစ်ခဲ့သည်။ မိခင်တစ်ယောက်‌အနေဖြင့် တားမြစ်ရန် နှလုံးသား မရှိချေ။ သူမသမီးသည် ခေါင်းမာတတ်သေး၏။ ထို့ကြောင့် ခွင့်ပြုလိုက်သည်။

အတိတ်အချိန်များ၌ ဖေ့လီတစ်ယောက် ဝိတ်ချကာ ပိုမိုလှပလာရန် အတွေးရှိခဲ့သည်။ သို့သော် တစ်ရက်ထပ်မပိုဘဲ အလွန်အကျွံ စားသောက်ပြန်သည်။

 ဖေ့လီသည် မိဘများ သူမကို ယုံကြည်ရန် ခက်ခဲမည်ကိုသိ၏။ သူမ၏အပြုအမူများဖြင့်သာ သက်သေပြနိုင်မည်ဖြစ်သည်။

"အခုကစပြီး အသားဟင်းကို သမီးအတွက်ပဲ ချန်မထားတော့နဲ့။ အတူတူမျှစားကြမယ်။ ပြီးတော့ မနက်ဖြန်ကျရင် သမီးအဖေနဲ့ ပေါက်စီရောင်းလိုက်မယ်"

ရွာမှမြို့သို့ရောက်ရန် တစ်နာရီခွဲမျှ လမ်း‌လျှောက်ရသည်။ နှင်းများကြောင့် လမ်းကချော်နေကာ လေသည်လည်း မျက်နှာများကို နာကျင်စေသည်။ ဖေ့ရုန်ဖူသည် သမီးဖြစ်သူကို ဒုက္ခမခံစေချင်သောကြောင့် ချက်ချင်းပင် ငြင်းလိုက်သည်။

"မဖြစ်ဘူး။ အရမ်းအေးနေတာကို သမီးအအေးမိရင် ဘယ်လိုလုပ်မလဲ"

ဖေ့လီက ဆုံးဖြတ်ပြီးဖြစ်သည်။ "အအေးမမိအောင် အ၀တ်ထူထူ၀တ်မှာပေါ့။ ပြီးတော့ အဖေက မိသားစုကို ထောက်ပံ့ဖို့ ဘယ်လိုကြိုးစားနေတယ် ဆိုတာ သိချင်တယ်" ဖေ့လီသည် ဖေ့ရုန်ဖူ၏ လက်ကို ဆွဲကာ ချွဲလိုက်၏။

ယခင်က ဖေ့လီသည် လမ်းဘေးဆိုင်တန်းလေးတွင် ပေါက်စီရောင်းခြင်းအလုပ်ကို အထင်‌မြင်‌ သေးခဲ့သည်။ ဤအရာသည် သူ၏ပေါက်စီရောင်းခြင်းအလုပ်နှင့် ပတ်သက်၍ စူးစမ်းခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။ ဖခင်တစ်ယောက်အနေဖြင့် ဂုဏ်ယူမှုများလည်း တိုးပွားလာရသည်။ သမီးဖြစ်သူ၏ ချစ်စဖွယ် အပြုအမူများကြောင့် ချီတုံချတုံ ဖြစ်လာပြီး ‌၀မ်ချွေလန်ထံ ကြည့်လိုက်တော့သည်။

၀မ်ချွေလန်သည် နတ်ဘုရားများနှင့် ဗုဒ္ဓဘုရားရှင်တို့အား ယုံကြည်သည်။ သမီးဖြစ်သူ၏ အိပ်မက်သည် အမှန်တကယ် ဖြစ်လာလိမ့်မည်ဟု တွေးထင်၏။ ထို့ကြောင့် ဝိတ်ချခြင်း၌ ကူညီပေးရန် ဆုံးဖြတ်လိုက်သည်။ "သူ သွားချင်နေရင် သွားပါစေ"

ပေါက်စီရောင်းခြင်းသည်  ရာသီဥတု အေးအေးတွင် ပင်ပင်ပန်းပန်း လုပ်ရသောအလုပ် ဖြစ်၏။ ရက်အနည်းငယ်မျှ လုပ်ပြီးနောက် ထပ်၍မလုပ်နိုင်မည်ကို သူမစိုးရိမ်သည်။ ထို့ကြောင့် အတွေ့အကြုံတစ်ခုအဖြစ်သာ မှတ်ယူလိုက်မည်ဖြစ်သည်။

ဖေ့လီသည် ကျိုးရှန်ချီ၏ ပန်းကန်များကို သိမ်းရန် သွားလိုက်သည်။ မနေ့ညက သနားဖွယ်မြင်ကွင်းအား တွေးပြီးနောက်

"ရှင့်ခြေထောက်တွေ အဆင်ပြေလား"ဟုမေးလိုက်သည်။ 

ဖေ့ရုန်ဖူက အမြင်၌သာ ကြောက်စရာကော င်းနေပြီး ရက်အနည်းငယ်ကြာလျှင် သွေးတိတ်သွားကာ ရောင်‌ကိုင်းခြင်းလည်း လျော့ကျသွားမည်ဟု ပြောသည်။ သို့သော် ထိုသို့ဟုတ်ပုံမရ။ စာအုပ်မှ အချက်အလက်များကို စုစည်းကြည့်လျှင် ကုသခြင်းမရှိပါက ဒုက္ခိတလုံးလုံးဖြစ်သွားမည်ကို စိုးရိမ်ရသည်။

ကျိုးရှန်ချီသည် တစ်ဖက်သို့ လှည့်လိုက်ကာ မည်သည်မျှ မပြောချေ။

ဖေ့မိသားစုသည် သူ့အား ကုသပေးရန် စိတ်ကူးမရှိပေ။ အစားအသောက်ကျွေးခြင်းပင်လျှင် အတော်လေး ကောင်းနေပြီဖြစ်၏။

ဖေ့လီသည် မီးဖိုချောင်ထဲသို့ပြန်သွားလိုက်ကာ ဖေ့ရုန်ဖူအား မေးလိုက်သည်။ သူတို့နှစ်ဦးသည် နွေးထွေးစေရန် ပေါင်းအိုးနားတွင် ထိုင်လိုက်ကြ၏။

"အဖေ့ သူ့ခြေထောက်ကို ဆရာနဲ့ထပ်ပြဦးမှာလား"

ဖေ့ရုန်ဖူက ခေါင်းယမ်းလိုက်ပြီး "မလိုဘူး ပြင်ပဒဏ်ရာ ဘာမှမရှိတော့ဘူး။ နှစ်ရက်လောက်နေရင် အရောင်လျော့ပြီး လမ်းလျှောက်လို့ရတော့မှာ"

"သမီး မနေ့ညက မတော်တဆ တိုက်မိသွားလို့ သွေးတွေထွက်လာသေးတယ်။ ရွာမှာ ဆရာ၀န် ရှိတယ်မလား၊ ခေါ်ပြကြည့်လိုက်လေနော်"

ကုသ၍ ရနိုင်သရွေ့ကြိုးစားကြည့်ရမည်ဖြစ်သည်။ ငယ်ငယ်ရွယ်ရွယ်နှင့် ဒုက္ခိတဖြစ်ရသည်မှာ သနားစရာကောင်း၏။

ဖေ့ရုန်ဖူသည် နားလည်မှုလွဲကာ မနေ့ညက ကျိုးရှန်ချီကို  သူမတစ်ခုခု လုပ်လိုက်သည်ဟု တွေးတောလိုက်သည်။ ဖေ့ရုန်ဖူတစ်ယောက် မျက်နှာပူသွားရ၏။ ထိုလူသည် သူ့သမက်ဖြစ်နေပြီ ဖြစ်သောကြောင့် ကောင်းကောင်း ဆက်ဆံရမည်ဖြစ်သည်။ 

"အဲဒါဆို မနက်ဖြန် ပေါက်စီရောင်းပြီးရင် ဆေးရုံသွားကြတာပေါ့"

နေ့လယ်စာ စားပြီးနောက် ဖေ့ရုန်ဖူသည် ဝါးခြင်းကိုလွယ်ကာ မြို့ထဲသို့ပေါက်စီရောင်းရန် သွားပြန်သည်။ နေ၀င်ဖျိုးဖျအချိန်မှသာ ပြန်ရောက်လာ၏။

မီးခိုးအလိပ်အခွေများအောက်တွင်  မီးဖိုချောင်ထဲမှ အသားရနံ့က တဖြည်းဖြည်းထွက်ပေါ်လာသည်။

ဖေ့လီသည် ဝါးခြင်းကို ထပ်ကြည့်လိုက်သည်။ မနက်ကကျန်သည်ထပ်ပိုသော ပေါက်စီများကို တွေ့ရသည်။ ဆယ်လုံးလောက်သာ ရောင်းရပုံပေါ်၏။

 ၀မ်ချွေလန်သည် ကြက်ကိုသတ်လိုက်ပြီး အဆီထုတ်ရန် ကြော်လိုက်သည်။

 မှိုများထည့်လိုက်ပြီး အေးမသွားစေရန်အတွက် အိမ်လုပ်မြေမီးဖိုပေါ်တွင် နေ၀င်သည်အထိ တည်ထားလိုက်တော့သည်။

ကြက်သားစွပ်ပြုတ်သည် နူးညံ့ကာမွှေးကြိုင်နေ၏။ မှိုများကလည်း စွပ်ပြုတ်အရည်များ စိမ့်၀င်နေပြီဖြစ်သည်။ ပေါက်စီတစ်ဖဲ့ကို စွပ်ပြုတ်ထဲတွင် ထည့်၍ တူဖြင့်နှစ်လိုက်လျှင် စွပ်ပြုတ်များ စိမ့်၀င်သွားပြီး ထူးကဲသော အရသာ ထွက်ပေါ်လာမည်။ 

ကျေးလက်ရှိ လူများသည် အိပ်ရာ စောစော၀င်လေ့ရှိကြသည်။

သန့်ရှင်းရေးလုပ်ပြီး အိပ်ရာ၀င်မည် လုပ်သောအခါ ၈နာရီပင် မထိုးသေး။

သူမ၏အိပ်ရာသည် ပြန်မရွှေ့ရသေးပေ။ ဖေ့လီသည် အအေးမိမည်ကို ကြောက်သောကြောင့် မီးဖိုချောင်ထဲမှာပင် အိပ်မည်ဟု ပြောလိုက်သည်။ ၀မ်ချွေလန်သည် ရေထဲကျပြီးနောက် နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်မည်ကို စိုးရိမ်‌သည်။ ထို့ကြောင့် သူမအိပ်ရာမ၀င်မီ မီးသွေးမီးဖိုအား မီးညှိကာ သံပုံးထဲသို့ ထင်းအနည်းငယ် ထည့်ပေးထားခဲ့သည်။

ဖေ့လီသည် ကောင်းစွာအိပ်မပျော်ပေ။ တစ်ဖက်အခန်းရှိ ဖေ့လီထံမှ အတူအိပ်ရန် နှောင့်ယှက်ခြင်း မခံရသော ကျိုးရှန်ချီသည်လည်း နာကျင်မှုကြောင့် အိပ်မပျော်ပေ။ အရုဏ်တတ်ချိန်‌ ရောက်သည်အထိ သူ့မျက်လုံးများမှာ ပွင့်လျက်ရှိသည်။

ပေါက်စီပြုလုပ်ရန်အတွက် ကစော်ဖောက်ရန်အချိန်ကျလာပြီဖြစ်သည်။

နံနက်ဆည်းဆာ မလာမီ ဖေ့စုံတွဲသည် အိပ်ရာမှ ထလာကြကာ တံခါးအား တွန်းဖွင့်လိုက်သည်။ မီးဖိုချောင်းထဲသို့ ၀င်လိုက်လျှင် ရေနွေးအိုးတည်ရန် မီးမွှေးနေသော ဖေ့လီကို တွေ့လိုက်ကြသည်။

မီးဖိုချောင်ထဲတွင် နွေးထွေးနေ၏။ သူမကပြုံးကာ ထိုစုံတွဲအားနှုတ်ဆက်လိုက်သည်။

"အဖေ နောက်ဆိုရင် ပေါက်စီလုပ်တဲ့ခါ ကူလုပ်ပေးမယ်"

ယခင်ကဆိုလျှင် ဖေ့လီသည် နေ့လယ်အထိအိပ်လေ့ရှိပြီး တစ်နေလုံး လဲ‌လျောင်းနေကာ ထမင်းပင် ခွံ့ကျွေးရ၏။ သူမသည် ဝီရိယရှိရှိနှင့် တတ်ကြွနေသောကြောင့် ဖေ့စုံတွဲသည် တစ်ဦးကိုတစ်ဦး ကြည့်‌လိုက်ကာ ထိုအိပ်မက်က အမှန်ဟု တွေးထင်ကြတော့သည်။

မဟုတ်လျှင် လူတစ်ယောက်က မည်သို့ပြောင်းလဲသွားရမည်နည်း။

"အေးတယ် မီးဖိုနားနေ"

ဖေ့ရုန်ဖူသည် မုန့်ညက်ယူရန် အင်္ကျီလက်အား ပင့်တင်လိုက်သည်။ ၀မ်ချွေလန်သည်လည်း သိုးမွှေးထည်ကို ၀တ်ထားကာ မုန့်ညက်နယ်ရန် စောင့်နေ၏။

ယမန်နေ့မှ ပေါက်စီလက်ကျန်များ အများအပြား ရှိ‌သေး၏။ ဖေ့ရုန်ဖူသည် ယနေ့တွင်လည်း ရောင်းမကောင်းမည်ကို စိုးရိမ်သောကြောင့် ပေါက်စီအနည်းငယ်မျှသာ ပြုလုပ်လေသည်။

သူသည် ဂျုံမှုန့်တစ်ပန်းကန်ကို တိကျစွာထည့်လိုက်သည်။ ၀မ်ချွေလန်က သကြားများ အရည်ပျော်စေရန် ရေနွေးအနည်းငယ်ထည့်၏။ ထို့နောက် အချဉ်ဖောက်ထား‌သော တဆေးရည်ထဲသို့ လောင်းထည့်ကာ ဂျုံမှုန့်ခြောက်များမကျန်တော့သိအထိ မွှေလေသည်။ ပန်းကန်လုံးတစ်လုံးထဲမှ မုန့်ညက်များကို မုန့်လုံးလေးလုံးခွဲလိုက်၏။ ဖေ့စုံတွဲသည် တစ်ယောက်တစ်လုံးကျ ယူကာ နယ်ကြ၏။ ဖေ့လီသည် ဘေးမှတိတ်တဆိတ်ထိုင်ကာ ကြည့်နေ၏။ 

ဖေ့မိသားစုသည် မျိုးဆက်နှစ်ဆက်တိုင်တိုင် ပေါက်စီရောင်းချသူများ ဖြစ်ရန် ထိုက်တန်လေသည်။ သူတို့၏ မုန့်နယ်သည့်စကေးမှာ လက်ဖျားခါရသည်ပင်။

လက်ဖနောင့်ကို သုံး၍သာ ဦးတည်ချက်တစ်ခုတည်းဆီသို့ ထပ်ခါထပ်ခါနယ်ကြသည်။

မုန့်ညက်က ချောမွတ်၍ ပြောင်လက်‌လာသောအခါ အမြှောင်းရှည်များအဖြစ်လှိမ့်လိုက်ပြီး အစိတ်ပိုင်းအသေးလေးများအဖြစ် မြန်မြန်ဆန်ဆန်နှင့် ရှင်းလင်းတိကျစွာ ပိုင်းဖြတ်လိုက်သည်။

ဖေ့လီသည် ယမန်နေ့ညမှစ၍ ချမ်းသာရန် မည်သို့လုပ်ဆောင်ရမည်ကို တွေးတောနေခြင်းဖြစ်သည်။ ဖေ့စုံတွဲ၏ လုပ်ဆောင်ပုံများကိုကြည့်၍ မုန့်အချိုများ လုပ်ရန် အကြံရလာခဲ့သည်။

ဖေ့မိသားစုတွင် သူမ၏စိတ်ကူးအား ထောက်ပံ့ပေးရန် အရင်းအနှီးအများအပြားမရှိပေ။ သူမသည်လည်း ၁၉၈၀ခုနှစ်၏ လူမှုရေးအခြေအနေများကို မသိပေ။ သူမသည် ဖြည်းဖြည်းချင်းဖြင့် တစ်ဆင့်ပြီးတစ်ဆင့်သာ အစပြုရမည်ဖြစ်သည်။ ထိခိုက်လွယ်၍ သနားစရာကောင်းသော ဤမိသားစုတွင် ကျရှူံးမှုများ ရှိ၍မဖြစ်ပေ။ ထို့ကြောင့် သူမသည်  အနည်းဆုံးကုန်ကျစရိတ်ဖြင့် ဖြစ်နိုင်ခြေရှိသော တိုက်ပွဲကို တိုက်ခိုက်ရန် စမ်းသပ်ကြည့်ရမည်။

အရသာအမျိုးမျိုး၊ ပုံပန်းသွင်ပြင် အမျိုးမျိုးဖြင့် ခေါက်ဆွဲများသည် အဓိကအ‌ခြေခံစားသောက်ကုန် ဖြစ်သည်။ သူမသည် အရိုးရှင်းဆုံး ပုံပန်းသွင်ပြင်ပြောင်းလဲခြင်းဖြင့် စတင်နိုင်သည်။ အကြံဉာဏ်သစ်များ ဖန်တီးနိုင်သည်။ ဖေ့ရုန်ဖူ၏ ပေါက်စီရောင်းခြင်းလုပ်ငန်းမှ အဆက်အသွယ်များကို မှီခိုကာ ချဲ့ထွင်၍ရနိုင်သည်။

စဉ်းစားပြီးသည့်အခါ ဖေ့လီသည် လက်များအားဆေးကြော၍ မီး‌ဖိုအနီးတွင် လာရပ်ကာ ဂုဏ်ယူစွာ ပြောလိုက်သည်။ "အမေ သမီး အိပ်မက်ထဲက သူဌေးဆီမှာ ပေါက်စီလှလှလေး ဖြစ်အောင်လုပ်တဲ့နည်း သင်ခဲ့တယ်"

ထိုသို့ပြောပြီးနောက် သူမအမေ လက်ထဲမှ စတုရန်းပုံသဏ္ဌာန် ဖြတ်ထားသော မုန့်ညက်ကို ယူလိုက်၏။ 

"သမီး လုပ်ပြမယ်"

၀မ်ချွေလန်သည် သူမလက်များကို ဆက်လက်လှုပ်ရှား၍ အဆော့မက်သည့် ကလေးတစ်ယောက်အဖြစ်သာ မြင်လိုက်ပြီး သူမအား မနှောင့်ယှက်လျှင် အဆင်ပြေသည်ဟု တွေးလိုက်သည်။

သူမသည် မညီညာသော မုန့်ညက်နှစ်ခုကို ပစ်ပေးလိုက်ကာ"ဟုတ်ပါပြီ။ အဲ့ဒါဆို သမီး ဘယ်လိုနယ်မလဲ ကြည့်ကြည့်မယ်"

မုန့်ညက်သုံးခုသည် သူမ၏ကျွမ်းကျင်မှုကို ပြသရန်လုံလောက်၏။ မည်သို့ပင်ဖြစ်စေ သူမ၏ ယနေ့ ရည်ရွယ်ချက်သည် ငွေရှာခြင်း မဟုတ်ဘဲ ဖေ့ရုန်ဖူ၏ လုပ်ငန်း ရောင်းအားကျနေရသည့် အကြောင်းရင်းကို ရှာရန်ဖြစ်သည်။

ဖေ့လီသည် မုန့်ညက်သုံးခုကို အဝိုင်းလေးများအဖြစ် လှိမ့်လိုက်ပြီးနောက် ပြားလိုက်၏။ သူမက ကျန်ရှိနေသော လှိမ့်သည့်အချောင်းတံကို ယူလိုက်ပြီး ပါးလွှာ ဝိုင်းစက်သော အချပ်များဖြစ်စေရန် လှိမ့်လေသည်။ ထို့နောက် ဓားဖြင့် ညီမျှသော အစိတ်အပိုင်းရှစ်ခုဖြတ်လိုက်သည်။

မုန့်ချပ်လေးခုအား အဆင့်ဆင့်စီ၍ အဆုံးစွန်များက အထက်သို့ မျက်နှာမူနေသော ယပ်တောင်ပုံသဏ္ဌာန်ကို ပြုလုပ်လိုက်သည်။ ထိုပုံသဏ္ဌာန်မုန့်နှစ်ခုအား အပေါ်အောက် အတူတကွ ထပ်လိုက်သည်။ ယပ်တောင်ပုံသဏ္ဌာန်မုန့်ညက်၏ ဗဟိုအား တူများသုံးကာ ဂရုတစိုက် ဖိလိုက်သည်။ မုန့်အလွှာများ တစ်လွှာနှင့်တစ်လွှာ ထောက်ကန်လာစေရန် ညင်ညင်သာသာဖြင့် အကြိမ်များစွာ ဖိလိုက်သည်။

အစွန်နှစ်ဖက်အား လက်နှစ်ဖက်ဖြင့် ဖိလိုက်ပြီးနောက်  လှပသောပန်းပွင့်ပုံ ပေါက်စီလေး ဖြစ်ပေါ်လာသည်။

ဖေ့လီသည် ကျန်သည့်မုန့်ညက်နှစ်ခုကိုလည်း  ပန်းပွင့်ပုံပေါက်စီ လုပ်လိုက်ကာ တစ်တန်းတည်း ထားလိုက်သည်။ မုန့်အလွှာများသည် အလွန်လှပနေပြီး ၀မ်ချွေလန်၏ ပေါက်စီများအကြား ထင်ပေါ်နေတော့သည်။ ၀မ်ချွေလန်သည် အလွန်ပင် အံ့ဩသွားရကာ တစ်ခုကို ကောက်ယူလိုက်၍ ဖေ့ရုန်ဖူကို ပြလိုက်သည်။ "သမီးရဲ့သူဌေးမက တကယ်အံ့ဩဖို့ကောင်းတဲ့လူပဲ"

ဖေ့ရုန်ဖူသည်လည်း အံ့ဩသွားရသည်။

" တော်တော်လှတာပဲ စားတောင်မစားရက်ဘူး"

ပေါက်စီလုပ်ငန်းကို ဆယ်စုနှစ်များကြာအောင် ပြုလုပ်လာကြသော ဖေ့စုံတွဲမှာ ဤမျှရိုးရှင်းသော မုန့်အချိုလုပ်ခြင်း နည်းလမ်းကို မသိကြပေ။

ဖေ့လီသည် အသေးစိတ်ကျကျ ပြောပြ၍မရသောကြောင့် ရိုးရိုးရှင်းရှင်းသာပြောလိုက်သည်။ 

"သမီးလည်း အိပ်မက်ထဲကအတိုင်းလိုက်လုပ်လိုက်တာ။ ဒီလောက်လှနေမယ်လို့ထင်မထားဘူး"

ကျန်သည့်အချိန်များ၌ သူမသည် ဆက်၍မလုပ်တော့ဘဲ ရေးနွေးတည်ထားသော မီးအရှိန်ကိုသာ ဂရုစိုက်နေတော့သည်။ အချိန်အနည်းငယ် ကြာပြီးနောက် ဖေ့မိသားစုသုံးယောက်ပြုလုပ်ထားသော ပေါက်စီများကို အိုးထဲထည့်ကာ ပေါင်းလိုက်သည်။

ပေါက်စီများအားလုံးသည် အချဉ်ပေါက်နေပြီဖြစ်သည်။ မီးအရှိန်မပြင်းတပြင်းဖြင့် ၁၅မိနစ်ခန့်သာ ပေါင်းရမည်ဖြစ်သည်။ ပေါင်းပြီးနောက် ဖေ့ရုန်ဖူသည် တစ်ခဏမျှစောင့်ကာ ခြင်းထဲထည့်လိုက်၏။

ဖေ့လီ ပြုလုပ်ထားသော ပေါက်စီသုံးလုံးကိုပါ အိုးထဲမှထုတ်လိုက်သည်။

ပေါက်စီများ၏ အရွယ်အစားမှာ အိုးထဲထည့်လိုက်သည့်အရွယ်အစားနှင့်အတူတူပင် ဖြစ်နေပြီး အလွန်လှပလေသည်။

ဖေ့ရုန်ဖူသည် သမီးဖြစ်သူ ပထမဦးဆုံး ပြုလုပ်ထားသည့် ပေါက်စီများကို မရောင်းချင်ပေ။ ထို့ကြောင့် ချန်ထားလိုက်သည်။

ပေါက်စီရောင်းမထွက်မီ ဖေ့လီသည် သူမအဝတ်အစားများကို ကြည့်လိုက်ပြီး ထပ်၀တ်ရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူမသည် အိမ်ထဲသို့ ၀င်သွားလိုက်၏။

အခန်းက မှောင်နေကာ ကျိုးရှန်ချီသည် အပြင်မထွက်နိုင်ပေ။ သူသည် ဘေးအခန်းမှ ဖေ့စုံတွဲ၏ လှုပ်ရှားမှုများအား နားထောင်ကာ သင့်လျော်သည့်အချိန်ကို သတ်မှတ်ရသည်။ မီးဖိုချောင်မှ ခေါက်ဆွဲရနံ့ မွှေးလာသောအခါ ခါးသက်သက်ပြုံးလိုက်သည်။

'နေ့သစ်တစ်နေ့ ထပ်စပြန်ပြီပေါ့'

သူက ခြေထောက်များကို မရန်ကြိုးစားလိုက်သည်။ နာကျင်မှုများ ထွက်ပေါ်လာပြီး သူ၏မျက်နှာထားမှာ ပို၍ဆိုးသွားရသည်။ သူ၏အခြေအနေမှာ အလွန်ဆိုးဝါးနေကြောင်း ကျိုးရှန်ချီသိ၏။ သို့သော် အခြားနည်းလမ်း မရှိပေ။ ယခုအချိန်မှာတော့ အကူအညီမဲ့မှုများနှင့် မချင့်မရဲဖြစ်မှုများသာ ထွက်ပေါ်နေတော့‌သည်။

ခဏအကြာတွင် ဖေ့လီသည် တံခါးကိုဖွင့်ကာ လျှောက်၀င်လာ၍ ဗီရိုအား တိုက်ရိုက်ဖွင့်လိုက်‌သည်။ မှုန်မှိုင်းသော အရောင်ရှိသည့် ချည်အနွေထည်များကို ထုတ်ယူကာ အမြန်ပင်၀တ်လိုက်သည်။

အအေးမိမည်ကို စိုးရိမ်သောကြောင့် လည်ပင်းနှင့်နားရွက်များကို လည်စည်းပဝါဖြင့် ပတ်လိုက်သည်။ အပြင်တွင်လည်း မှောင်နေသေးကာ အခန်းတွင်း၌လည်း မီးရောင်မရှိပေ။ သို့သော် ခုတင်ပေါ်တွင် ရှိသော လူက သူမအားကြည့်နေသည်ကို ခံစားမိ၏။ သူမ ချောင်းဟန့်လိုက်ကာ ညင်ညင်သာသာပြောလိုက်သည်။

"ကျွန်မ ‌အဖေနဲ့ ပေါက်စီလိုက်ရောင်းမလို့၊ ပြန်လာရင် ရှင့်ခြေထောက်တွေကို ပြဖို့ ဆရာ၀န်သွားရှာမှာ။ ရှင့်အတွက် မနက်စာကို အမေယူလာပေးလိမ့်မယ်"

ကျိုးရှန်ချီသည် သူမကို စိတ်ရှုပ်ထွေးသောအမူအရာဖြင့် ကြည့်လိုက်သည်။

သူ့မျက်လုံးများမှာ မှုန်ဝါး၀ါးဖြစ်နေပြီး ဗီရိုဘေးတွင် သူ့အား မျက်နှာမူကာရပ်နေသော ပုံရိပ်ကိုသာ မသဲမကွဲ တွေ့လိုက်ရသည်။ သူက တစ်ခွန်းမျှ ပြန်မပြောချေ။

 ဖေ့လီသည် ရေထဲပြုတ်ကျပြီးချိန်မှစ၍ ထူးဆန်းနေသည်။ ယမန်နေ့ညက သူမနှင့်အတူ အိပ်ရန် သူ့အား အနှောင့်အယှက်ပေးသည်များကို ရပ်လိုက်သည်။ သူ့ထံကြည့်သော မျက်လုံးများဟာလည်း သန့်ရှင်းနေကာ ခပ်တန်းတန်းပင်။ ယခင်ကကဲ့သို့ သူ့အားလည်း အစွဲအလမ်းကြီးစွာ ခုန်အုပ်ခြင်း မပြုတော့။ လူတစ်ယောက်က ဤမျှတောင် ပြောင်းလဲနိုင်သည်လား။ သူသည် ယုံကြည်ခြင်းမရှိပေ။

ဖေ့လီသည် ထပ်၍ရှင်းပြခြင်းမပြုတော့ဘဲ မီးဖိုချောင်သို့ထွက်လာခဲ့သည်။ သူမအ၀တ်များအား ခပ်တင်းတင်းဆွဲ၍ ဖေ့ရုန်ဖူ၏အနောက်မှ လိုက်ကာ ခြံပြင်သို့ထွက်ခဲ့‌လေတော့သည်။ ကောင်းကင်ကြီးသည် ပို၍တောက်ပလာသည်။ နှင်းများပေါ်သို့ ခြေထောက်ဖြင့် နင်းလိုက်သောအခါ ခပ်အက်အက်အသံများထွက်ပေါ်လာသည်။

...