အပိုင်း (၄) ရောင်းအားကောင်းသော ပေါက်စီများ
ဖေ့မိသားစုနေထိုင်သော နေရာသည် ဖင်းနန်ကျေးရွာဖြစ်သည်။ ရွာထဲတွင် မြစ်ငယ်တစ်စင်းသာ ရှိပြီး ကျန်သည့်နေရာများတွင်တော့ အဆုံးမရှိကျယ်ပြန့်သောလွင်ပြင်များဖြစ်သည်။ ရွာသားများသည် နေထိုင်စားသောက်ခြင်းအတွက် ပြောင်းနှင့်ဂျုံကိုသာ စိုက်ပျိုးရသည်။ ဖေ့ရုန်ဖူကဲ့သို့ မြို့ထဲသွားကာ အလုပ်လုပ်ကြသူများလည်း ရှိသည်။ ဤကာလများ၌ လယ်စိုက်၍သာ မိသားစုကို ထောက်ပံ့ခြင်းက အဆင်မပြေသောကြောင့်ပင်။
မြို့ထဲသို့ ရောက်ရန် တစ်နာရီခွဲမျှ ကြာသည်။ ဤခေတ်တွင် စိတ်၀င်စားဖွယ်ကောင်းသည်များလည်း မရှိသောကြောင့် နှင်းများအား နင်း၍ ကန်၍သာ လျှောက်ရလေသည်။
လမ်းပေါ်ရှိနှင်းများသည် အရည်ပျော်သွားကာ တစ်ချို့တစ်၀က်သည် ဘေးဘက်ရှိ လယ်ကွင်းများဆီသို့ စီးဆင်းသွားကြသည်။ ကျန်တစ်၀က်သည်ကား ညအချိန်၌ ရေခဲများ ပြန်ဖြစ်လာကာ အလွန်အမင်း ချော်နေတော့သည်။
ဖေ့ရုန်ဖူသည် ကျောဘက်တွင် လွယ်ထားသော ပေါက်စီခြင်းကြောင့် အမြန်မလျှောက်ရဲပေ။ ဖေ့လီသည် သူ၏နောက်မှ ကပ်၍လိုက်လာသည်။ သို့သော် မိနစ်အနည်းငယ်အကြာ၌ ဒူးပေါ်လက်တင်ကာ ဟောဟဲစိုက်လာသည်။ အသက်ရှူထုတ်လိုက်သောအခါ သူမပါးစပ်ထဲမှ ရေငွေ့များ အဆုပ်လိုက် ထွက်လာ၏။ ဆောင်းလေအေးများသည်လည်း သူမမျက်နှာအား နာကျင်စေ၏။ မူလပိုင်ရှင်၏ ကိုယ်လက်ကြံ့ခိုင်ရေးမှာ အတော်လေးအားနည်းသည်။ သူမတို့သည် ရွာပြင်ကို ရောက်လာရုံရှိသေး၏။ ဖေ့ရုန်ဖူသည် သူမအားကြည့်၍ စိုးရိမ်လာသည်။ "သမီးလေး ဒီနေ့အတော်အေးနေတာ။ နှစ်သစ်ကူးပြီးမှလိုက်ခဲ့ရင်ရော"
ဖေ့လီသည် ပြတ်သားသောမျက်နှာထားဖြင့် ခေါင်းယမ်းလိုက်သည်။ "အဆင်ပြေတယ်။ သမီးဆက်လျှောက်နိုင်သေးတယ်"ဟုပြောလိုက်သော်လည်း ခန္ဓာကိုယ်ကတော့ လိမ်၍မရပေ။ သူမ၏ ရင်ဘတ်သည် ပို၍မွန်းကြပ်လာသည်။ ခေါင်းများသည်လည်း တဝီဝီမြည်လာကာ မျက်ဖြူများပင် လန်လာတော့သည်။ ခြေထောက်များသည်လည်း အားနည်းလာသည်။
သူမက ဖေ့ရုန်ဖူအား ကျောပေးလိုက်ကာ ခွက်တစ်ခွက်ကို လျှို့၀ှက်စွာ ထုတ်ယူလိုက်၍ ဝိညာဉ်စမ်းရေကို ထုတ်ကာ သောက်လိုက်သည်။ ဝိညာဉ်စမ်းရေသည် ဆောင်းရာသီတွင် နွေးထွေးနေ၏။ သောက်ပြီးသည့်အခါ ခန္ဓာကိုယ်က နွေးလာကာ ချက်ချင်းပင် အကျိုးသက်ရောက်လာ၏။ သူမသည် ပင်ပန်းနွယ်နယ်မှုများကို မခံစားရတော့ပေ။
ဖေ့ရုန်ဖူသည် ပင်ပန်းကာ ဟောဟဲစိုက်နေ၏။ သမီးဖြစ်သူအား ကြည့်လိုက်သောအခါ အံ့ဩသွားသည်။ တစ်နာရီခွဲမျှ လမ်းလျှောက်ပြီးနောက် မောပန်းခြင်းအရိပ်အယောင်ပင် မရှိချေ။ သူ၏သမီးမှာ အသစ်အဆန်းများကြောင့် တတ်ကြွမှုများ ရှိနေသည်ဟု တွေးထင်လိုက်သည်။
မြို့ထဲတွင် လမ်းများပေါ်၌ ဆိုင်တန်းငယ်များ ခင်းကျင်းထားသည်။ မြို့ထဲရှိ အကြီးဆုံးစတိုးဆိုင်မှာ မူလတန်းကျောင်းနှင့် ဆေးရုံ၏ဘေးတွင် ရှိသောကြောင့် အမြဲလိုလိုပင် လူစည်ကားသော နေရာဖြစ်သည်။ ပျံကျသည်များသည် ရောင်းချရန် ပစ္စည်းများအား လမ်းဘေးတွင် ခင်းကျင်းထား၏။ စည်ပင်လည်း မရှိသောကြောင့် လွတ်လပ်စွာ ရောင်းချနေကြသည်။ တကယ်ပင် နေရာကာင်းဖြစ်၏။ လမ်းဘေး၌ တိုက်ရိုက်ပင် ဆိုင်တန်းခင်း၍ ရောင်းချနိုင်သည်။ ဖေ့လီသည် ယခင်ဘ၀က ဖူကျန့်မြို့၌ အလုပ်လုပ်သောအခါ စည်ပင်လူကြီးများ၏ မောင်းထုတ်ခြင်း ခံခဲ့ရသည်များကို ပြန်တွေးလိုက်၏။ ဤခေတ်၌ ထိုသို့လုပ်၍ မရပေ။ တဖြည်းဖြည်းနှင့် ကျောင်းသား၊ ကျောင်းသူများကျောင်းသွားရန်နှင့် အလုပ်သမားများ အလုပ်သွားရန် အချိန်ကျလာပြီး လမ်းနှစ်ဖက်လုံးတွင် လူများဖြင့် ပြည့်လာတော့သည်။ လမ်းနှစ်ဖက်လုံးရှိ ကုန်စိမ်း ပျံကျသည်များမှာ ပစ္စည်းတော်တော်များများ ရောင်းပြီးကြပြီ ဖြစ်သော်လည်း သူမတို့ဆိုင်တန်းတွင်တော့ တစ်ဦးတစ်လေမှပင်မရှိ။
ဖေ့လီက ဘေးပတ်၀န်းကျင်ကို လေ့လာလိုက်သည်။ ဖေ့ရုန်ဖူမှာ ကသိကအောက် ဖြစ်သော အနေအထားတွင် ရှိနေ၏။ သူမသည် မျက်နှာချင်းဆိုင်ဘက်သို့ ပျော်ရွှင်စွာ လျှောက်သွားလိုက်သည်။ ပထမဆုံးအနေဖြင့် ဆေးရုံ၏ဘေးတွင် ခေါက်ဆွဲဆိုင် ရှိသည်။ ဆိုင်မှာ သန့်ရှင်းကာ သပ်ရပ်သည်။ အသစ်ဖွင့်ထားခြင်း ဖြစ်ပုံရ၏။ သနပ်အချဉ်စွပ်ပြုတ်အိုးကို ပိတ်ထားခြင်းမရှိဘဲ မွှေနေ၏။ လေအေးများ တိုက်ခတ်လာသောအခါ အမွှေးအကြိုင်အနံ့တို့ ထွက်ပေါ်လာသည်။ ဆောင်းရာသီတွင် အရွက်စွပ်ပြုတ်တစ်ခွက် သောက်ရခြင်းထက် ကောင်းသည့်အရာ မရှိပေ။ စွပ်ပြုတ်သောက်ပြီးလျှင် ဆိုင်မှခေါက်ဆွဲများအား ၀ယ်ယူနိုင်သေးသည်။ သူတို့ဆိုင်ကဲ့သို့ ရောင်းရသည့်ဆိုင် ရှိနိုင်မည်မဟုတ်ပေ။
ဒုတိယအနေဖြင့် ဖေ့ရုန်ဖူသည် ၀ယ်သူများအား မဆွဲဆောင်နိုင်ပေ။ မျက်နှာချင်းဆိုင်ရှိ အီကြာကွေး ရောင်းနေသော ဦးလေးကြီးသည်သည်ပင် တတ်ကြွမှုအပြည့်ဖြင့် ကျယ်လောင်စွာ အော်နေသည်။
"အီကြာကွေးတွေ အီကြာကွေးတွေ အီကြာကွေးအကြီးကြီးတွေနော် လာကြည့်ကြ"
ဖေ့ရုန်ဖူထံ ပြန်ကြည့်လိုက်၏။ သူသည် မတ်တတ်ရပ်နေကာ နှုတ်ဆက်စကားပင် မပြောဘဲ တုံးအစွာ ပေါက်စီခြင်းကို စောင့်ကြည့်နေသည်။ ရောင်းရလျှင်တောင် ထူးဆန်နေမည်ဖြစ်သည်။
ဖေ့လီသည် သူ့ထံလျှောက်သွားကာ မေးလိုက်သည်။ "အဖေ၊ အဖေ အမြဲတမ်း ဒီတိုင်းပဲ ရပ်နေပြီး ၀ယ်သူလာတာကို စောင့်နေတာလား" ဖေ့ရုန်ဖူသည် ကြက်သေသေသွားကာ စကားမပြောနိုင်တော့ပေ။ သူက ဤနည်းလမ်းအတိုင်းပင် ပေါက်စီရောင်းခြင်း ဖြစ်သည်။ ထိုသို့မေးသည်ကိုကြားပြီးနောက် ခေါင်းညိတ်ကာ ရှင်းပြလိုက်သည်။ "ဒီနေ့ ရောင်းမကောင်းတာ ဖြစ်မယ်"
'သိပ်တော့မဆိုးပါဘူး၊ သူများ အလကားပေးလိုက်တာကမှ ပိုလွယ်ဦးမယ်'
ဖေ့လီက ပေါက်စီများကို အုပ်ထားသော ပိတ်စကို ဖွင့်၍ အသံကုန်အော်လိုက်၏။
"လာကြည့်ကြနော် ပေါက်စီတွေ လျှော့ဈေးနဲ့ ရောင်းနေတယ်။ မူရင်းဈေး ၁လုံး နှစ်ပြားကို အခု၆လုံး ဆယ်ပြားနဲ့ ရောင်းပေးနေတယ်"
ဖေ့မိသားစု၏ ပေါက်စီများသည် သုံးရက်စာမျှ ရှိနေပြီဖြစ်သည်။ ရာသီဥတုမည်မျှပင် အေးအေး ဤကဲ့သို့ ကျန်နေ၍မဖြစ်ပေ။ တစ်ခုလျှင် နှစ်ပြားဖြင့် ရောင်းနေပါက ရောင်းကုန်မည်မဟုတ်။ ဈေးလျှော့၍ ရောင်းမှသာ ရမည်။
ဆယ်ပြားဖို့၀ယ်ပါက ပေါက်စီတစ်လုံး အပိုရမည်ဖြစ်သည်။
ဤသည်မှာ နောက်မျိုးဆက်များ၌ သာမန်အရောင်းမြှင့်တင်ခြင်းနည်းလမ်း ဖြစ်သည်။ သို့သော် ယခုခေတ်မှာတော့ ရှာပါးနေသေးသည်။ သူမအော်ပြီးလျှင် အဘွားအိုတစ်ယောက် ရောက်လာကာ မေးတော့သည်။ "တကယ်ကြီး ၆လုံးကို ဆယ်ပြားလား"
သူမ စကားသံထဲတွင် မယုံကြည်သည့် သံသယများ ရှိနေသည်။ တစ်ယောက် ရောက်လာသည့်အချိန်မှစ၍ နှစ်ယောက်မြောက်လည်း ရှိလာမည်ဖြစ်သည်။ မကြာမီတွင် ဆိုင်တန်းရှေ့တွင် လူများ စုလာတော့သည်။ ဖေ့လီက လူတိုင်းအား ရှင်းပြလိုက်သည်။
"အဒေါ် သမီးက ဒီနေ့အိမ်မှာ လုပ်စရာရှိလို့ လျှော့ဈေးနဲ့ ရောင်းတာ။ စောစောကုန်တော့ အိမ်စောစော ပြန်လို့ရတာပေါ့"
ဖေ့ရုန်ဖူ၏ မျက်နှာကို ရင်းနှီးနေသော ပုံမှန်ဖောက်သည်များလည်း ရှိကြသည်။
သူ၏ပေါက်စီသည် ကြီးမားကာ အရသာရှိ၏။ ဆယ်နှစ်ကျော်အတွင်း ဈေးကျခဲ့သည် မရှိပေ။ လျှော့ဈေးအား လကလွှတ်လိုက်ရမည်စိုးရိမ်၏။ ထို့ကြောင့် အဘွားအိုသည် ပေါက်စီများကို အမြန်ပင် ထုပ်ပိုးခိုင်းတော့သည်။
"ပြားနှစ်ဆယ်ဖိုး ထုပ်ပေး"
"ဟုတ်ကဲ့ ခဏစောင့်ပါ"
သူမရောက်သည်နှင့် မှာယူမှုကြီးတစ်ခုကို ရလာသည်။ ဖေ့လီသည် ပြုံးလိုက်ကာ ပေါက်စီဆယ့်နှစ်လုံးကို ယူလိုက်သည်။ ခဏမျှ တွေးပြီးနောက် သူမက နှင်းဆီပွင့်ပေါက်စီကို ထုတ်ယူကာ အဘွားအိုကို ပြလိုက်သည်။
"ဒါက ကျွန်မတို့ရဲ့ မုန့်အသစ်လေ။ တစ်ခုအမြည်းပေးလိုက်မယ်။ နောက်လည်းလာ၀ယ်ဦးနော်"
သူမလက်ထဲက နှင်းဆီပွင့်ပေါက်စီမှာ ဖြူဖွေးနူးညံ့ကာ လှပနေသည်။ ပေါက်စီနှင့် မတူဘဲ အနုပညာလက်ရာ တစ်ခုကဲ့သို့ပင်။ အဘွားအိုသည် တစ်ကိုက် ကိုက်လိုက်သည်။ နူးညံ့ကာ ချိုမြနေ၏။
သူမက အနည်းငယ်မျှ ထပ်ကိုက်လိုက်ကာ ပျော်ရွှင်စွာ ချီးကျူးတော့သည်။ "အရသာရှိလိုက်တာ"
"ငါတို့လည်း လိုချင်တယ်။ နှင်းဆီပွင့်ပေါက်စီက ဘယ်လောက်လဲ"
ကျေးလက်များတွင် အစားအသောက် အသစ်အဆန်း အလွန်ရှားပါးသည်။ လှပကာ အရသာရှိသော ပေါက်စီကို မြင်သောအခါ လူအများက ရောက်လာကြကာ ၀ယ်ချင်ကြတော့၏။
ဝါးခြင်းထဲမှာက တစ်ခုသာရှိတော့သည်။ ဖေ့လီသည် အကျိုးသက်ရောက်မှုက ဤမျှကြီးမားမည်ဟု မထင်ပေ။ သူမ အမြန်ရှင်းပြလိုက်သည်။ "ကျွန်မတို့က ဒီနေ့မှ စလုပ်တာဆိုတော့ အများကြီး လုပ်မထားဘူး။ တစ်ခုပဲ ကျန်တော့တယ်"
အဘိုးအိုတစ်ယောက်က တိုးဝှေ့ထွက်လာက ဆယ်ပြားတန်ငွေပြားလေးပြား ထုတ်လိုက်သည်။
"ပေါက်စီ အလုံး၂၀ယူမယ်။ ပြန်အမ်းဖို့မလိုဘူး။ ဒီပေါက်စီကို လက်ဆောင်ပေးနိုင်လား၊ ငါ့မြေးလေးကို မြည်းကြည့်စေချင်လို့ပါ"
စီတန်းခြင်းစည်းမျဉ်းအား ချိုးဖောက်၍မရပေ။ ဖေ့လီက ရှေ့ဆုံးမှ တန်းစီနေသော အမျိုးသမီးထံ ရှက်ရွံ့စွာ ကြည့်လိုက်သည်။ "အဲဒီလိုဆိုရင်..."
အဘွားအိုထံ၌လည်း မြေးတစ်ယောက်ရှိ၏။ သူမသည် ဆယ်ပြားဖိုးမျှသာ ၀ယ်ပြီး အဘိုးအိုလောက် မ၀ယ်ပေ။ ထို့ကြောင့် သူမက ရက်ရောစွာ ပြောလာ၏။ "အဆင်ပြေပါတယ် ကလေးကို ပေးလိုက်ပါကွယ်"
အခြားလူများကလည်း ပျော်ရွှင်စွာ သံယောင်လိုက်ကြသည်။ ဖေ့လီက ကျယ်လောင်စွာ ပြောလိုက်သည်။" အားလုံးပဲ မစိုးရိမ်ကြပါနဲ့ မနက်ဖြန်ကျရင် များများလုပ်ပြီး ရောင်းပါ့မယ်"
သူမ ငွေကို လက်ခံလိုက်ကာ ပို၍မယူလိုက်ပေ။ အဘိုးအို၏အိတ်အား ပြားလေးဆယ် တန်ကြေးရှိသော ပေါက်စီ၂၄ခုကို ထည့်ကာ နှင်းဆီပွင့်ပေါက်စီကို အပေါ်တွင်တင်လိုက်သည်။ "ကလေးက ကြိုက်မယ်လို့ မျှော်လင့်ပါတယ်"
သူမ၏ ယခင်ဘ၀က ဆိုင်တန်းငယ်ဖြင့် ဈေးရောင်းသည့်အတွေ့အကြုံများကို မှီခို၍ မှာယူမှုတိုင်းအား အလွယ်ကလေးပင် ဖြေရှင်းလိုက်သည်။
သူမသည် စကားပြောချိုကာ စကားတတ်သည့်လူ ဖြစ်သည်။ ပေါက်စီတစ်ခုတည်း ၀ယ်လျှင်ပင် လေးစားစွာ ဆက်ဆံပေး၏။ မိသားစုကိစ္စများကိုပင် ပြောဆိုလိုက်သေးသည်။ ၀ယ်သူများသည် လူစုလူဝေး နောက်သို့ လိုက်ကြ၏။ သူမဆိုင်တန်းနားတွင် လူများဝိုင်းနေသောကြောင့် သူတို့သည်လည်း ပျော်ရွှင်ဖွယ်ရာများအား လာရောက်ပူးပေါင်းကြတော့သည်။ ကြီးမားသောပေါက်စီများကို မြင်ကြသောအခါ သူတို့သည် အနည်းငယ်မျှ ၀ယ်ကြလေသည်။ ဤနည်းဖြင့် ဖေ့လီသည် ပေါက်စီတစ်ခြင်းလုံး ရောင်းကုန်သွား၏။
ဖေ့ရုန်ဖူသည် အလုံးစုံစွံ့အသွားရတော့သည်။ ရှေ့တွင်ရှိသော စီးပွားရေးကျွမ်းကျင်သူမှာ သူ၏သမီး ဖြစ်နေသည်ကို မယုံနိုင်ပေ။ သူသည် ပေါက်စီအများအပြား မယူလာခဲ့မိသည်ကို နောင်တရနေ၏။ "ရှောင်းလီ သမီးကို ဒါတွေဘယ်သူသင်ပေးတာလဲ"ဟုမေးလိုက်သည်။
ဖေ့ရုန်ဖူအတွက် အသစ်အဆန်း ဖြစ်နေသည်ကို မြင်သောအခါ လျင်မြန်စွာ ရှင်းပြလိုက်သည်။
"သမီးအိပ်မက်ထဲမှာ သမီးက သူဌေးမကို ကူပြီး ဆိုင်ပေါက်၀ကနေ ၀ယ်သူတွေကို ဆွဲဆောင်ရတာလေ။ ဒါပေမဲ့ ဒါက အရမ်းအံ့ဩစရာကောင်းနေမယ်လို့ မျှော်လင့်မထားဘူး"
အိပ်မက်မှ လွဲ၍ အခြားရှင်းပြချက် ရှိပုံမရပေ။ ထို့ကြောင့် ဖေ့ရုန်ဖူသည် သံသယမရှိဘဲ ယုံကြည်လိုက်၏။ သူသည် ခေါင်းငုံ၍ ငွေများအား ရေတွက်လိုက်သည်။ သွားများပေါ်အောင်ရယ်၍ သူမအားပြောလိုက်သည်။
"၁ယွမ်နဲ့ပြား၅၀ရတယ်။ အဖေတို့ သိုးသားနည်းနည်းလောက် ၀ယ်သွားရအောင်"
သူသည် ယခုအကြိမ်၌ ပေါက်စီ အလုံး၁၀၀သာ ယူလာခဲ့သည်။ သို့သော် ဖေ့လီ၏ရောင်းချမှုကြောင့် တစ်နာရီ မပြည့်မီမှာပင် ၁ယွမ်နှင့် ပြား၅၀ ရနှင့်ပြီဖြစ်၏။ လွန်ခဲ့သည့် သုံးရက်အတွင်းက သူရောင်းချခဲ့သည်ထပ်ပင် ပိုများသည်။ ဖေ့လီသည် လမ်းတစ်ဖက်ရှိ ဆေးရုံအား လေးလေးနက်နက် ကြည့်ကာ သူမအဖေဆီသို့ လှည့်လိုက်ပြီး "အဖေ့မှာ ပိုက်ဆံဘယ်လောက်ရှိလဲ၊ သမီးဟိုဘက်က ဆေးရုံသွားပြီး ကျိုးရှန်ချီရဲ့ခြေထောက်အကြောင်း မေးကြည့်ချင်လို့"
"ဘာလို့ဆေးရုံသွားရမှာလဲ။ ဈေးကြီးတာကို။ ရွာက ဆရာ၀န်တွေက ပိုကောင်းတယ်"
ဖေ့ရုန်ဖူသည် ထိုသို့ကုသရန် ဆန္ဒမရှိပေ။ အနောက်တိုင်းဆေးများသည် ဈေးကြီးကာ ကုသနည်းသည်လည်း ထူးဆန်းသည်။ ရွာသူရွာသားများသည် အနောက်တိုင်းဆေးပညာကို အလွန်အမင်း အတိုက်အခံလုပ်ကြ၏။
"သူ့ခြေထောက်က ပြုတ်ကျလို့ ကျိုးပြီး အသားစတွေ ပုပ်သွားတာ။ တရုတ်တိုင်းရင်းဆေးနဲ့ ကုလို့မရလို့လား"
ဖေ့မိသားစု၏ လတ်တလောစီးပွားအခြေအနေအရ ကျိုးရှန်ချီ၏ ကုသမှုအတွက် အမှန်ပင်ခက်ခဲသည်။ သို့သော် နှောင့်နှေး၍ မရပေ။ ငွေက အနှေးနှင့်အမြန် ရှာလို့ရ၏။ ခြေထောက်က နှောင့်နှေးသွားလျှင် နောက်ပြန်လှည့်၍ မရပေ။
ဖေ့လီသည် သူမအဖေကို ဆက်လက်၍ ဖျောင်းဖျလိုက်သည်။
"အဖေ သူမနေ့က အဖိခံလိုက်ရလို့ တကယ်ကို အဆင်မပြေဖြစ်သွားတာ။ သမီး ဆရာ၀န်ဆီသွားပြီး အရင်မေးကြည့်လိုက်မယ်"
ဖေ့ရုန်ဖူသည် သူမကို မဖျောင်းဖျနိုင်သောကြောင့် အိတ်ထဲမှ ပိုက်ဆံများကို ထုတ်ကာ တစ်ယွမ်ပေးလိုက်၏။
"ရော့ ပြီးရင် ဒီဆိုင်တန်းမှာအဖေ့ကို လာရှာလိုက်။ အဖေ သိုးသားနဲ့ ဂေါ်ဖီထုပ် သွား၀ယ်ဦးမယ်"
ဖေ့လီသည် ခေါင်းညိတ်လိုက်ပြီး ပိုက်ဆံများကို အိတ်ထဲထည့်ကာ ဆေးရုံသို့သွားတော့သည်။ ဆေးရုံမှာ အစိုးရဆေးရုံဖြစ်သည်။ အရှေ့စားပွဲတွင် မိန်းကလေးတစ်ယောက် ရှိ၏။ ဖေ့လီ ၀င်လာသည်ကို မြင်သည်နှင့် တစ်ခဏမျှ ကြက်သေသေသွားကာ မျက်ခုံးများကိုပင့်၍ စိတ်၀င်စားခြင်း မရှိဘဲ ပြောလိုက်သည်။ "မင်္ဂလာပါ ဘာများပြချင်လို့လဲ"
ဖေ့လီက သူမ၏ အထင်သေးသောအကြည့်ကို လျစ်လျူရှူလိုက်ကာ ညင်ညင်သာသာ ပြောလိုက်သည်။
"ခြေထောက်ပါ"
'ဦးနှောက်ရော ခြေထောက်ရော ပြဿနာရှိနေတာပဲ။ ခြေထောက်တွေအရင် ကြည့်ကြတာပေါ့'
ကျန်းချင်:" စာရင်းသွင်းတာ နှစ်ပြားကျတယ်"
ဖေ့လီသည် ပိုက်ဆံ ပေးလိုက်သည်။
"ကောင်းပြီ ငါအဲဒီကို လိုက်ပို့မယ်"
ကျန်းချင်သည် ငွေကိုယူလိုက်ကာ နှာမှုတ်လိုက်သည်။ ဘောပင်ကိုယူ၍ စာရင်းသွင်းပြီးလျှင် လေးကန်စွာဖြင့် ဖေ့လီအား ဆေးရုံထဲသို့လိုက်ပို့လေသည်။
မြို့ငယ်လေးတွင်ရှိသော ဆေးကုသမှုအဆင့်မှာ သာမန်မျှသာ ဖြစ်သည်။ ဆေးရုံတစ်ခုလုံးတွင် ဆရာ၀န်နှစ်ယောက်သာ ရှိပြီး သူတို့နှစ်ယောက်သည် ကုသမှုအားလုံးကို ဆောင်ရွက်ပေးသည်။
အခန်း၀သို့ရောက်သောအခါ ကျန်းချင်သည် တံခါးခေါက်လိုက်ပြီး သူမ၏ဆံပင်ကို သပ်၍ ဖိညစ်ထားသောအသံဖြင့် ပြောလိုက်သည်။ "ဒေါက်တာ၀မ် လူနာရောက်နေပါတယ်"
အထဲမှ ၀င်လာရန် ဖိတ်ခေါ်သော သိမ်မွေ့သည့်အသံ ထွက်ပေါ်လာ၏။
ဖေ့လီသည် သူမနောက်မှ လိုက်၍ လူနာစမ်းသပ်ခန်းထဲသို့ ၀င်ကာ စားပွဲနောက်တွင်ထိုင်နေသော ဆရာ၀န်ကို ကြည့်လိုက်သည်။ ဆရာ၀န်သည် မျက်မှန်တပ်ထားပြီး အလွန်ရည်မွန်သော ပင်ကိုယ်စရိုက် ရှိ၏။ သူမကို အထင်သေးခြင်းမရှိသည့်အပြင် ထောင်လွှာခြင်းလည်း မရှိပေ။
"ဘယ်နေရာက ဘာဖြစ်လို့လဲ"
'သူမလမ်းလျှောက်တာ အဆင်ပြေနေတာပဲ။ ဒေါက်တာ၀မ်ကို လာဖျားယောင်းတာ ဖြစ်ရမယ်။ ၀က်လို၀တဲ့ခန္ဓာကိုယ်နဲ့... တန်လို့လား" ဘေးနားတွင် ရပ်နေသော ကျန်းချင်သည် နူးနူးညံ့ညံ့အသံဖြင့် ကြား၀င်ပြောလိုက်သည်။
"သူမ ခြေထောက်တွေ အဆင်မပြေလို့တဲ့"
ဤမိန်းကလေးသည် အတော်ပင် အနှောင့်အယှက်ပေး၏။ ဖေ့လီ၏မျက်နှာတွင် စိတ်မရှည်မှုတို့ ပေါ်လာကာ အမြန်ပင်ပြောလိုက်၏။
"ကျွန်မ မဟုတ်ပါဘူး။ ကျွန်မမိသားစုဝင်ပါ။ ကားမတော်တဆမှုကြောင့် ဒဏ်ရာရထားတဲ့ သူ့ခြေထောက်က အတော်လေး အဆင်မပြေဖြစ်နေလို့။ အနာဖေးလည်း မကျက်သေးဘူး။ အိပ်ရာထဲကကို မထနိုင်ဘူး။ အတော်လေးရောင်နေတာ"
"မတော်တဆ ဖြစ်ပြီးနောက် ဘာတွေလုပ်ထားသေးလဲ"
"ကျွန်မမိသားစုက ရွာက ဆရာ၀န်နဲ့တော့ ပြထားပါတယ်။ သူအသက်ရှင်နေသေးတာနဲ့ သူတို့က ဆက်မကုကြတော့တာ။ ဒါပေမဲ့ ဒီနှစ်ရက်အတွင်း အခြေအနေ မကောင်းတော့လို့ အနောက်တိုင်းဆရာ၀န် လာရှာတာပါ"
'ကားမတော်တဆဖြစ်လို့ရတဲ့ ဒဏ်ရာကို ဘာလို့ ရွာဆရာ၀န်ပဲ ကုရတာလဲ၊ ရက်အတော်တောင် ကြာနေပြီကို'
၀မ်ယန်ဖျင်သည် မျက်မှောင်ကြုံလိုက်၏။
'သူက ဘာလို့ ခရေစေ့တွင်းကျ လိုက်လုပ်နေရတာလဲ'
သူ့အသံသည် ပို၍အေးစက်လာကာ
"လူနာကို ကိုယ်တိုင်ကြည့်ဖို့လိုတယ် နောက်ခါလာရင် ခေါ်လာခဲ့"
၀မ်ယန်ဖျင်သည် လူနာကို ကိုယ်တိုင် မကြည့်ရဘဲ သူမ၏ ဖော်ပြချက်အနည်းငယ်မျှဖြင့် ရောဂါစစ်၍မရပေ။
ဖင်းနန်ရွာမှ မြို့ထဲသို့ရောက်ရန် တစ်နာရီခွဲကြာ လမ်းလျှောက်ရသည်။ ထိုအရာသည် အလွန်ဝေးကွာသောအကွာအဝေးဖြစ်၏။ လွန်ခဲ့သည် နှစ်ရက်ကလည်း နှင်းများကျထားသေးသည်။ ထို့ကြောင့် ကုသရန်အတွက်ကျိုးရှန်ချီအား သယ်ဆောင်မည့် လူတစ်ယောက်ရှာခြင်းသည် လက်တွေ့မကျပေ။
ဖေ့လီသည် တုံဆိုင်းစွာဖြင့် အကြံပြုလိုက်သည်။
"ဒေါက်တာ ကျွန်မတို့အိမ် လိုက်ခဲ့ပြီး ကြည့်ပေးလို့ရမလား။ အိမ်ကအတော်လေးဝေးပြီး သူကလည်း လမ်းမလျှောက်နိုင်လို့ပါ။ ကျွန်မ ပိုက်ဆံပိုပေးမှာပါ"
ဝမ်ယန်ဖျင်သည် သွားသင့်မသွားသင့်တွေးနေသည်။
သို့သော် ကျန်းချင်သည် ဒေါသတကြီးနှင့် ပြောလာ၏။ "နင် ဘာတွေတွေးနေတာလဲ။ ဒေါက်တာ၀မ်ကို နင့်နဲ့ လိုက်ခဲ့ခိုင်းတယ်ပေါ့လေ။ နင့်သူငယ်ချင်းရဲ့ ခြေထောက်ကိုပြမဲ့အစား နင့်ဦးနှောက်ကိုသာ ပြလိုက်။
နင့်မှာ အသိဉာဏ်ရောရှိရဲ့လား"
...