အပိုင်း ၇
Viewers 353

အပိုင်း (၇) ချင်းစိမ်းချိုချဉ် ဖြစ်ပေါ်လာခြင်း

ကျိုးရှန်ချီနှင့် ဖေ့လီသည် လွန်ခဲ့သည့်ရက်အနည်းငယ်က အိမ်တွင်ရိုးရှင်းသောပွဲကလေးကျင်းပကာ လက်ထပ်ခဲ့ခြင်းဖြစ်သည်။ ကျေးလက်များ၌ လက်ဖွဲ့ထည့်ကြရန် ပစ္စည်း များများစားစားမရှိလှ။ ဆွေမျိုးများနှင့် အိမ်နီးချင်းများက ကြက်ဥများနှင့် သကြားညိုအချို့ကိုသာ ပေးကြ၏။ ဖေ့မိသားစုတွင်လည်း သိုလှောင်ထားသော သကြားအချို့ရှိသောကြောင့် ချင်းစိမ်းချိုချ ဉ်ပြုလုပ်ရန် အခန့်သင့်သွားသည်။ သူမ မှတ်မိသလောက်ဆိုလျှင် ရွာနောက်ပိုင်းတွင် ချင်းစိုက်ပျိုးသော မိသားစုတစ်ခုရှိသည်။ သူတို့တွင် သိုလှောင်ထားသည်များ ကျန်ရှိဦးမည်ဖြစ်သည်။ ဖေ့လီက ဖေ့ရုန်ဖူးကို အမြန်ပင်မေးလိုက်သည်။ "အဖေ ရွာနောက်ပိုင်းမှာ ချင်းစိုက်တဲ့မိသားစုရှိတယ်မလား"

ဖင်းနန်ရွာသည် သေးငယ်သောကြောင့် မည်သည့်မိသားစု မည်သည့်အလုပ်လုပ်သည် မည်သည့်အရပ်သို့သွားသည်ကို သိကြ၏။ ဖေ့ရုန်ဖူက သူမပြောသောသူကို သိ၏။ 

"တတိယဦးလေးတို့အိမ်မှာ စိုက်တယ်"

"ချင်းစိမ်း‌တွေ သူ့အိမ်က ၀ယ်လို့ရလောက်လား"

ဖေ့ရုန်ဖူသည် သူမ စနောက်နေသည်ဟု ထင်လိုက်သည်။ ဖေ့စန်းသည် သုံးနှစ်တိုင်အောင် ချင်း စိုက်ပျိုးခဲ့သော်လည်း လူမွဲဖြစ်နေဆဲဆိုသည်ကို ရွာရှိ လူတိုင်း သိကြ၏။ သူကရယ်လျက်ပင် ပြောလာ၏။ "ရတာပေါ့ ဘာလို့မေးတာလဲ"

"သမီး ချိုချဉ်လုပ်ပြီး ရောင်းချင်လို့"

ဖေ့လီက များများစားစား ရှင်းပြခြင်း မပြုဘဲ ၀မ်ချွေလန်ကိုသာ နေ့လယ်စာ ချက်ပြုတ်ရန် ပြောလိုက်သည်။

 "အဖေ ချင်းနည်းနည်းလောက် ၀ယ်ရအောင် တတိယဖိုး‌လေးအိမ်ကို ခေါ်သွားပေးပါလား"ဟူ၍လည်း ဖေ့ရုန်ဖူအား တိုက်တွန်းလိုက်သည်။

 'ချိုချဉ် ၀ယ်စားလို့ရနေတာကို ဘာလို့ ချင်း၀ယ်နေဦးမှာလဲ' ဖေ့ရုန်ဖူသည် သူ့ဘာသာသူ ရေရွတ်လိုက်သော်လည်း သမီးဖြစ်သူပြောသည်ကို နားထောင်၍ ကြက်ဥငါးလုံးယူကာ တတိယဦးလေး‌ဖေ့ အိမ်သို့လိုက်‌ပို့လေသည်။

ဖင်းနန်ရွာတွင် ယခင်မျိုးဆက်အများစုက ညီအစ်ကိုများ ဖြစ်ကြသောကြောင့် ရွာသားအများစုသည် 'ဖေ့'မျိုးရိုးဖြစ်ကြ၏။ ယခုအခါ သူတို့သွားမည့်အိမ်မှာ ဖေ့ရုန်ဖူ၏ တတိယဦးလေးအိမ်ဖြစ်သည်။ သူ၏နာမည်အရင်းမှာ ဖေ့စန်းကျွမ်ဖြစ်သည်။

လူဦးရေအရေအတွက်အရ မြေယာခွဲဝေရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပြီးနောက် လူတိုင်းတွင် မည်သည့်အပင်ကို စိုက်ပျိုး၍ မည်သို့စိုက်ပျိုးရမည်ကို တာ၀န်ရှိလာသည်။ အငယ်ဆုံးသား ဖေ့စန်းကျွမ်နှင့် သူ့ဇနီးသည် သဲထူသောနုန်းမြေကွက်များ ဝေစုရသည်။ သူ့အား မည်သူက အကြံပေးလိုက်သည်မသိ လယ်နှစ်‌ဧလုံးတွင် ချင်းတစ်မျိုးသာ စိုက်ပျိုး‌လေသည်။ ထိုအကြောင်းအရာသည် ရွာတွင်ပထမဆုံးအဖြစ်အပျက် ဖြစ်သောကြောင့် အုတ်အော်သောင်းတင်း ဖြစ်သွားခဲ့သေးသည်။ သို့သော် ထိုမိသားစု၏ စီးပွားရေးမှာ အောင်မြင်ခြင်း မရှိသောအခါ လူအများက လှောင်ရယ်ကြ၏။

မူလပိုင်ရှင်တွင် တတိယဘိုးလေးအပေါ်၌ ထူးခြားသည့်ထင်မြင်ချက်မရှိပေ။ ဖေ့ရုန်ဖူ၏ အဖေ ဖေ့အာ့ကျွမ်သည် ငယ်စဉ်ကတည်းက ကျန်းမာရေး မကောင်းပေ။ သူသည် ဇနီးတစ်ယောက်ယူခဲ့သည်။ ထိုဇနီးသည် ဖေ့ရုန်ဖူကို မွေးဖွားပြီးနောက် အခြားတစ်ယောက်နှင့် ထွက်ပြေးသွားခဲ့သည်။ ဖေ့ရုန်ဖူသည် မိခင်ကို ဆုံးရှူံးလိုက်ရပြီး ဖခင်သည်လည်း စောစီးစွာ ကွယ်လွန်သွားခဲ့သည်။ ထို့ကြောင့် အဘွားဖြစ်သူနှင့်သာ ကြီးပြင်းခဲ့ရသည်။ မြေဧကများ ခွဲဝေကြသောအခါ တတိယဦးလေးနှင့် ပထမဦးလေးတို့မှာ မညီမျှမှုကြောင့် အငြင်းပွားခဲ့ကြသည်။ ရလဒ်အနေဖြင့် အဘွားဖြစ်သူသည်  အကြီးဆုံးသားကို ပိုချစ်ကာ သူမသဘောအတိုင်း ပြုမူတော့သည်။ အကောင်းဆုံး‌မြေဧကများကို ပထမအိမ်ထောင်သို့ ပေးလိုက်၏။ တတိယဦးလေးမိသားစုသည် မတရားသဖြင့် ခံရသောကြောင့် အကြီးဆုံးမိသားစုနှင့် အဆက်သွယ် ဖြတ်လိုက်သည်။ မိသားစုနှစ်ခုကြား ဆက်ဆံရေးမှာ တင်းမာသွားခဲ့သည်။ နောက်မျိုးဆက်များ၏ ဆက်ဆံရေးသည်ပင် မကောင်းကြပေ။ ဖေ့ရုန်ဖူသည် အဘွားဖြစ်သူနှင့် အတူနေသောကြောင့် တတိယမိသားစုနှင့် ဆက်ဆံရေးမှာ သာမန်မျှပင်ဖြစ်သည်။ သူသည် နှစ်သစ်ကူးအချိန်များတွင်သာ သူ၏ရို‌သေမှုကို ပြသရန် လက်ဆောင်အချို့ယူသွားလေ့ရှိသည်။ သမီးဖြစ်သူက အစားအသောက် လောဘကြီးနေသောကြောင့်သာ မဟုတ်လျှင် သူသေချာပေါက်လာမည် မဟုတ်ပေ။ သူသည် တံခါးခေါက်ရမည်ကို စိုးရိမ်ကြောင့်ကြနေသည်။ ဖခင်ဖြစ်သူ တုံ့ဆိုင်းနေသောကြောင့် ဖေ့လီသည် တံခါးခေါက်လိုက်ကာ ခေါ်လိုက်၏။ 

"တတိယဘိုးလေး"

"ဘယ်သူလဲ"

အဘွားအိုသည် တံခါးကို တွန်း၍ဖွင့်လိုက်သည်။ ထိုသားဖနှစ်ယောက်အားတွေ့လိုက်ရသောအခါ ကြက်သေသေသွားရကာ ဝိုးတိုးဝါးတားမေးလိုက်သည်။ 

"ဒီချိန်ကြီး ဘာလို့လာကြတာလဲ"

တံခါးဖွင့်ပေးသောလူမှာ တတိယဘိုးလေး၏ဇနီးထျန်းမန့်မန် ဖြစ်သည်။ သူမသည် အရပ်သိပ်မရှည်ဘဲ တောက်ပသောမျက်လုံးများ ရှိ၏။ ဖေ့လီက ပြုံးလိုက်ကာ ကြက်ဥခြင်းကို ပေးလိုက်သည်။ ဤပုဂ္ဂိုလ်မှာ တတိယဘိုးလေး၏ ဇနီးဖြစ်ရမည်ဟု ခန့်မှန်းကာ "တတိယဘွားလေး"ဟု ချိူသာစွာ ခေါ်လိုက်၏။ ဖေ့ရုန်ဖူသည်လည်း "တတိယအဒေါ် "ဟုခေါ်လိုက်သည်။ အနောက်ရပ်မှ နေထွက်ခြင်းပင်။ ထျန်းမန့်မန်တစ်ယောက် အံ့အားသင့်သွားရကာ ကြက်ဥခြင်းကို ယူလိုက်ပြီး အထဲ၀င်ထိုင်ခိုင်း၏။ သားနှင့်ချွေးမဖြစ်သူတို့မှာ မြို့သို့ ပြောင်းသွားကြသောကြောင့် ဤအိမ်အိုတွင် လူကြီးနှစ်ဦးသာ နေထိုင်၏။

အိမ်ထောင်ရိဘောဂများမှာ အလွန်ဟောင်းနွမ်းနေပြီး မီးဖိုချောင်နှင့် အိပ်ခန်းကို တွဲထားသည်။ အလယ်တွင် အနွေးဓာတ်ရစေရန် မီးဖိုတစ်ခုထားရှိသော်လည်း အေးနေဆဲဖြစ်၏။

ဖေ့လီက စကားဦးသန်းလိုက်၏။ "တတိယဘွားလေး တတိယဘိုးလေးက ဘယ်သွားတာလဲ" 

မူလပိုင်ရှင်သည် ဤကဲ့သို့သောလူကြီးများအား ရိုသေမှု မရှိပေ။ ထျန်းမန့်မန်က သူမလက်ထပ်ပြီးသောကြောင့် ရင့်ကျက်လာသည်ဟု ယူဆကာ ချိုချိူသာသာဖြင့် ပြန်ပြောလိုက်သည်။ 

"မြို့တတ်ပြီး ဈေးသွား၀ယ်တယ်"

ဖေ့ရုန်ဖူသည် ကသိကအောက်ဖြစ်စွာ ဘေးတွင်ထိုင်နေကာ စကားတစ်ခွန်းမျှမဆိုပေ။ ဖေ့လီသည် အလုပ်ကိစ္စအ‌ကြောင်း စလိုက်၏။

"တတိယဘွားလေး သမီးတို့ဒီကိုလာတာ ချင်းနည်းနည်းလောက် ၀ယ်ချင်လို့ပါ"

"ချင်း၀ယ်ပြီး ဘာလုပ်ကြမလို့လဲ"

"ချင်းစိမ်းချိုချဉ်လုပ်ပြီး ရောင်းမလို့ပါ"

ထျန်းမန့်မန်တစ်ယောက် အံ့အားသင့်သွားသည်။ "ချင်းက ချိုချဉ်လုပ်လို့ရတယ်လား၊ လာနောက်နေတာတော့ မဟုတ်ပါဘူးနော်"

ဖေ့လီက ပြုံး၍ပြောလိုက်သည်။

"သမီးတို့ ချိုချဉ်လုပ်ပြီးရင် မြည်းကြည့်ဖို့ လာပေးပါ့မယ်"

သူမက ထပ်မေးလိုက်သည်။ "သမီးတို့က ဘယ်လောက်လိုတာလဲ"

ဖေ့လီက သေချာတွက်ချက်ကာပြောလိုက်သည်။ 

"၁၀ကီလိုလောက်ပါ"

ဤခေတ်ခါများတွင် အသားငါး မပေါသောကြောင့် အညှီနံ့ဖယ်ရန်အတွက် ချင်းသည်လည်း သိပ်မလိုအပ်ပေ။ ချင်းသည် ဂျုံထက် တန်ဖိုးနည်း၏။  သူမယောက်ျားသည် အဘယ့်ကြောင့် ချင်းစိုက်ပျိုးခြင်းကို စွဲလမ်းနေမှန်း ထျန်းမန့်မန် နားမလည်ပေ။ ဖေ့လီမှ ၁၀ကီလို လိုချင်သည်ဟု ကြားသောအခါ ချင်းသိုလှောင်သောနေရာသို့ ခေါ်သွားတော့သည်။ ချင်းများကို ဘေးခန်းတွင် သိုလှောင်ထား၏။ သစ်သားသေတ္တာများတွင် သဲကောင်းများဖြည့်ထားပြီး ချင်းများကို ထိုသဲထဲ၌ မြှပ်ထားသည်။ ထျန်းမန့်မန်က အနီးဆုံးသေတ္တာနားတွင် ထိုင်လိုက်ကာ ဂေါ်ပြားအသေးလေးအားယူပြီး စတင်တူးဖော်တော့သည်။ သူမတို့သည် သုံးရက်တစ်ကြိမ် သဲများကို ရေဖြန်းပေးသောကြောင့် ချင်းများသည် အလွန်ပင် ကောင်းမွန်ကြ၏။ ဖေ့လီသည်လည်း ထိုင်လိုက်ကာ သူမ ယူလာသောအိတ်ထဲသို့ ချင်းများထည့်လိုက်သည်။ ထျန်းမန့်မန်က တူးဆွလျက်ပင် ပြောလာ၏။ 

"သမီး ဒီတစ်သေတ္တာလုံးယူသွား ဘွားလေးဆီက လက်ဆောင်လို့ သဘောထားလိုက်"

အလကားရခြင်းသည် ကုန်ကျစရိတ်ကို သက်သာစေသည်မှာ မှန်သော်လည်း သူမသည် တစ်ဖက်သားအပေါ်တွင် အကျိုးမြတ်ယူတတ်သူမဟုတ်ပေ။ ဖေ့လီက အမြန်ပင် ပြန်ပြောလိုက်၏။

"ဘာလို့ လက်ဆောင်ပေးရမှာလဲ။ ညီအစ်ကိုတွေဆိုတာ ငွေးကြေးကိစ္စ ရှင်းရှင်းလင်းလင်း လုပ်ရတယ်တဲ့။ တခြားသူတွေကို ရောင်းတဲ့ဈေးနဲ့ သမီးကိုလည်း ရောင်းပေးပေါ့"

ထျန်းမန့်မန်သည် သူမစကားကြောင့် သဘောကျသွားရသည်။ တစ်မိသားစုလုံး သူမကဲ့သို့ စဉ်းစားတတ်လျှင် ကောင်းမည်။ နောက်ဆုံးတွင် သူမက ရောင်းဈေး၏တစ်၀က်ဖြစ်သည့် တစ်ယွမ်ခွဲကိုသာ ယူလိုက်၏။

ဖေ့လီသည် ဈေးလျှော့ပေးသည်ကို သိသောကြောင့်  သူမရင်ထဲအတော်ပင် ခံစားသွားရသည်။ သူမကပြုံးကာ "သမီးချိုချဉ် လုပ်ပြီးရင် ဘွားလေးမြည်းကြည့်ဖို့ တစ်ပွဲလာပေးလိုက်မယ်"

ဖေ့ရုန်ဖူသည် ယခုထိတိုင် ရှက်ကိုးရှက်ကန်း ဖြစ်နေဆဲဖြစ်သည်။ ထိုကြောင့် ကိစ္စများ ပြီး‌သောအခါ တံခါး၀မှ အလောတကြီးထွက်သွားတော့၏။ ထျန်းမန့်မန်က သူ၏ထိတ်ထိတ်ပျာပျာ ဖြစ်နေသော ကျောပြင်ကို မြင်သောအခါ မျက်ဆံလှန်လိုက်တော့သည်။ 'စိတ်ရှုပ်စရာကောင်းတဲ့ ကောင်စုတ် '

သားဖနှစ်ယောက်သည် ချင်းငါးကီလိုစီ သယ်ယူ၍ ပြန်လာကြသည်။

ယခုတင် ဖြစ်ပျက်သွားသော အဖြစ်အပျက်များအရ တတိယအဘွားပေါ်‌တွင်ထားရှိသော ဖေ့လီ၏ ထင်မြင်ချက်များမှာ ကောင်းမွန်လာသည်။ သူမသည် ဖေ့ရုန်ဖူ၏ ရှောင်ဖယ်သော သဘောထားကို သဘောမကျသောကြောင့် တိုက်တွန်း ပြောဆိုလိုက်သည်။ 

"အဖေ သမီးတို့ လိုတဲ့ပစ္စည်းက တတိယမိသားစုဆီက ၀ယ်ရမှာဆိုတော့ နောက်ဆို သူတို့အပေါ် ကောင်းကောင်း ဆက်ဆံပေးလိုက်နော်"

အာဃာတအဟောင်းများအား ရှင်းပစ်ရန် မလွယ်ကူပေ။ ဖေ့ရုန်ဖူက ခွန်းတုံ့ပြန်လိုက်သည်။

"သမီးက ဘာမှသိတာ မဟုတ်ဘူး။ သူတို့အပေါ် ကောင်းကောင်းဆက်ဆံရင် နောက်ဆို အဘွားဆီက အဆူခံနေရမှာ"

ဖေ့လီသည် အဘွားဖေ့၏စရိုက်ကို တွေးကြည့်လိုက်သောအခါ မူလပိုင်ရှင်၏ ခန္ဓာကိုယ်မှ ကြောက်ရွံ့မှုများ ထွက်ပေါ်လာပြီး နှလုံးပင် တုန်ယင်သွားရသည်။ ဖေ့လီက ဆက်လက်၍ ပြောပြန်သည်။

"သမီးတို့က ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆိုတာပဲ ကြည့်ရမယ်လေ။ အဘွားက ဘက်လိုက်တာကြီးကို"

ဖေ့ရုန်ဖူ၏ ရင်ထဲရှိ အဘွားဖေ့၏နေရာမှာ ဇနီးနှင့် သမီးဖြစ်သူထက် မလျှော့ပေ။ သူက သူမကို လေးလေးစားစား ဆက်ဆံသင့်ကြောင်း ပြောရန်ပြုလိုက်သည်။ သို့သော် သူတို့ဆီသို့ ဦးတည်‌လာနေသည့် ပိန်ပိန်ပါးပါး၊ ဆံပင်နက်နက်နှင့် အနီရောင်အနွေးထည်၀တ်ထားသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ဖေ့လီကို လက်ညှိုးညွှန်ပြလိုက်သည်။

"အဲဒါ ဖေ့ရှီမဟုတ်လား"

ဖေ့လီက သူမအဖေညွှန်ပြသောနေရာသို့ ကြည့်လိုက်သည်။ ၀မ်ချွေလန် ပြောသည်များကို သတိရသွားပြီး သူမရင်ထဲ သတိပေးခေါင်းလောင်းများ မြည်သွားတော့သည်။ သူမ ထိုပုံရိပ်ကို ဂရုတစိုက် ကြည့်လိုက်ကာ ကမ်းစပ်တွင် သူမမြင်ခဲ့သော ပုံရိပ်နှင့် နှိုင်းယှဉ်လိုက်သည်။ သူမ မဖြစ်နိုင်ပေ။ သူမက ပိန်လွန်း၏။ ကမ်းစပ်မှလူသည် အရပ်ရှည်မှန်း သိသာ၏။ ဖေ့ရှီသည် အပြုံးတစ်ခု ဆင်မြန်းလျက် ရောက်လာ၏။ အနွေးထည်ထူထူ ၀တ်ထားသော်လည်း သူမ၏ သေးသွယ်သောပုံရိပ်ကို မဖုံးကွယ်နိုင်ပေ။ သူမက ရပ်လိုက်ပြီးနောက် နူးညံ့သောအသံဖြင့် ပြောလာ၏။

 "ဦးလေးဖေ့ ရှောင်းလီနဲ့ဘယ်ကပြန်လာကြတာလဲ"

ဖေ့ရုန်ဖူက ပြုံးကာ ပြန်ဖြေလိုက်၏။ 

"တတိယဦးလေးအိမ်သွားပြီး ချင်းနည်းနည်းလောက် သွား၀ယ်လာတာပါကွယ်"

 ဖေ့ရှီက ဖေ့လီဆီ အကြည့်ပို့လိုက်၏။

"နင် အလုပ်များနေတာလား၊ ရာသီဥတုက အရမ်းအေးတယ် လျှောက်သွားမနေဘဲ အိမ်မှာပဲနေ"

'အမြှီးကိုးချောင်းမြေခွေးက ဟန်ဆောင်နေတယ်ပေါ့?'

ဖေ့လီသည် ဖြူစင်အပြုံးဖြင့် ရှက်ဟန်ဆောင်လိုက်ကာ ပြန်ပြောလိုက်၏။

"ငါ အိပ်ရာထဲပဲလှဲနေတာ ထတောင်မထဘူးရယ်"

ဖေ့ရှီသည် သူမလက်ထပ်ပြီးကြောင်း ကြွားနေသည်မှန်း သိ၏။ သူမစိတ်ထဲတွင် လှောင်ပြောင်ကာ အထင်သေးနေသည်။

 'ကိုယ်တစ်ပိုင်း သေနေတဲ့ ယောက်ျားတစ်ယောက်နဲ့များ ဘာလုပ်နိုင်မှာမို့လဲ'

သူမမျက်နှာပေါ်က အပြုံးသည် ပို၍ကြီးလာပြီး ဖေ့လီ‌အပြောကို သဘောတူလိုက်၏။

"ဟုတ်တယ် ဒီလိုရာသီဆို အိမ်ထဲမှာ နွေနွေးထွေးထွေးပဲနေသင့်တယ်"

ဖေ့ရုန်ဖူသည် သူ့လက်များကို ပွတ်သပ်ကာ ပြောလိုက်သည်။ "သမီး ယွမ်ကျဲကို သွားရှာမလို့လား"

ဖေ့ရှီက ရယ်လိုက်၍ သူမဗိုက်အား မရည်ရွယ်ချက်မရှိဘဲ ထိလိုက်သကဲ့သို့ ထိလိုက်ပြီး ဖေ့လီအားစိုက်ကြည့်ကာ ပြန်ဖြေသည်။ 

"ဟုတ်တယ်။ သူက ချည်ထိုးတော်တယ်လေ။ အဲဒါ သွားထိုးခိုင်းမလို့"

ဖေ့လီက သူမ၏ ကြွားဝါးသောသဘောထားကို သိလိုက်၏။ ဤမိန်ကလေးသည် ဉာဏ်သိပ်မကောင်းဘဲ အမှန်တရားကိုလည်း ဖုံးကွယ်နိုင်ခြင်းမရှိပေ။ သူမ အရိပ်အမြွက် ပြလိုက်သည်။

"နောက်ကျရင် ‌မြစ်ဘေးသွားပြီး ကစားရအောင်"

ဖေ့ရှီ၏ မျက်လုံးအကြည့်များ ဖျတ်ခနဲ လက်သွားရပြီး သူမထံ အံ့အားသင့်စွာ ကြည့်လာသည်။ 

"နောက်ကျ အတူသွားကြတာပေါ့"ဟုပြောပြီး အမြန်ပင်လျှောက်သွားတော့၏။

ဤတစ်ကြိမ်တွင် ပဟေဠိဖြစ်သွားရသူမှာ ဖေ့လီဖြစ်သည်။ သူမအား သံသယ၀င်ဖွယ်ကောင်းသော ပုံရိပ်နှင့်နှိုင်းယှဉ်ကာ ဖယ်ထုတ်လုနီးပါး ဖြစ်သော်လည်း ယခုအခါ ပြန်ဆွဲထည့်လိုက်တော့သည်။ သူမနောက်ကျောကို လေးလေးနက်နက် ကြည့်လိုက်ပြီးနောက် ချင်းအိတ်ကိုသယ်ကာ ဖေ့ရုန်ဖူနောက်သို့ လိုက်သွားတော့သည်။

နေ့လယ်စာ စားပြီးနောက် ဖေ့မိသားစုသည် ချင်းစိမ်းချိုချဉ်ပြုလုပ်ရန် စတင်‌တော့သည်။ ချင်းများအား အခွံနွှာပြီးနောက် ကျေညက်စွာ ထောင်းရန် လိုအပ်၏။ သို့သော် ဤခေတ်‌တွင် မွှေစက်မ‌ရှိသေးပေ။ ထို့ကြောင့် လုပ်အားနှင့် အချိန်ကိုသာ အသုံးပြုရမည်ဖြစ်သည်။ ထိုအကြောင်းကို တွေးပြီးနောက် ဖေ့လီသည် ဖေ့ရုန်ဖူအား ချင်းကြိတ်ရန်အတွက် အိမ်တွင်ရှိသော ကျောက်ဆုံလည်ကို နေရာ ရွှေ့ခိုင်းတော့သည်။ ချင်းဆယ်ကီလို အခွံနွာရသောအလုပ်မှာ သေးငယ်သောအလုပ် မဟုတ်ပေ။ ဖေ့ရုန်ဖူသည် ချင်းကြိတ်ရန် တာ၀န်ယူရ၏။

 ၀မ်ချွေလန်က အခွံနွှာကာ အတုံးသေးလေးများအဖြစ် လှီးဖြတ်ရသောအလုပ်နှစ်ခုကို တာ၀န်ယူသည်။ မွှေရသော အလုပ်သည်လည်း လူတစ်ယောက်ရှိရန် လိုအပ်သည်။ သူမတို့တွင် လူအင်အား မလုံလောက်ပေ။ ဖေ့လီသည်  အခန်းထဲသို့ တုံ့ဆိုင်းစွာ သွားလိုက်သည်။ ကျိုးရှန်ချီက ဝမ်ယန်ဖျင် ပေးခဲ့သော စာအုပ်ကို ဖတ်နေ၏။

သူမက ချောင်းဟန့်ကာ ပြောလိုက်သည်။ "ရှင်လုပ်စရာအလုပ်ရှိလား။ မရှိဘူးဆိုရင် ကျွန်မရှင့်အကူအညီ လိုနေလို့" 

ကျိုးရှန်ချီက တုံ့ဆိုင်းခြင်းမရှိဘဲ စာအုပ်ကိုချကာသဘောတူလာသည်။

"ကောင်းပြီလေ"

 "အဲဒါဆို ကျွန်မရှင့်ကို မီးဖိုချောင်ထဲ ခေါ်သွားပေးမယ်"

ဖေ့လီသည် ပြန်သွားလိုက်ပြီး နောက်မှီပါသော ခုံတစ်လုံးယူလာသည်။ ဗီရိုထဲမှ စောင်ပါးလေးတစ်ထည်ကို ထုတ်ကာ နှစ်လွှာခေါက်လိုက်ပြီး ခုံပေါ်ခင်းလိုက်သည်။ ထို့နောက် ဖေ့ရုန်ဖူကို သွားခေါ်လိုက်ပြီး ကျိုးရှန်ချီကို နှစ်ယောက်သား ခုံပေါ်မတင်ကြ၏။ သူမသည် အလွန်သန်မာပြီး ဖေ့ရုန်ဖူပါ ရှိနေသောကြောင့် ကျိုးရှန်ချီကို သယ်ယူရာတွင် အားစိုက်ထုတ်ရခြင်း မရှိပေ။ 

သူ့ကို မီးဖိုချောင်ထဲ လျင်မြန်စွာ ရွှေ့လိုက်ကြတော့သည်။ ကျိုးရှန်ချီတစ်ယောက် တွေဝေနေစဉ်မှာပင် မီးဖိုချောင်ထဲသို့ သယ်ယူခြင်းခံလိုက်ရ၏။ သူနိုးလာပြီးနောက် လက်ထပ်ပွဲနေ့မှာပင် အပြင်သို့ ထွက်ခွင့်မရခဲ့ပေ။ အိပ်ခန်းနှင့် သူ့အား တွဲချည်ထားသည့်အလားပင်။ ရာသီဥတုအေးသော သာမန်နေ့တစ်နေ့တွင် သူသည် ဖေ့မိသားစု၏ လျှို့ဝှက်နေရာတစ်ခုအဖြစ် သတ်မှတ်ထားသော ဤနေရာသို့ သယ်ဆောင်ခံရမည်ဟု ထင်မထားပေ။

မီးဖိုချောင်သည် အလုံပိတ်ထားကာ မီးဖိုရှိမီးသည်လည်း တောက်လောင်လျက် ရှိသောကြောင့် ခုံပေါ်တွင် စောင်ပါးကလေးသာ ခင်းထားသော်လည်း သူလှဲနေကျအိပ်ရာထက်ပင် နွေး၏။

ကျိုးရှန်ချီသည် ဘာလုပ်ရမှန်း မသိသောကြောင့် ခြေထောက်ပေါ်မှစောင်ကို အကူအညီမဲ့စွာ ဆုပ်ကိုင်လိုက်သည်။

ဖေ့လီက ရေဆေးပြီးသော ချင်းများကို ယူလာကာ သူ့အားဇွန်းတစ်ချောင်း ပေးလိုက်သည်။ သူမက အခြားမည်သည်မျှပြောမလာပဲ

"ဒါတွေကို ပြောင်အောင် ခွာပြီးရင် ဒီဇလုံထဲထည့်လိုက်"ဟုသာ ပြော၏။

၀မ်ချွေလန်သည်လည်း သူ့ဘေးတွင် အခွံနွှာနေကာ မည်သို့နွှာရမည်ကို အချိန်နှင့်အမျှ ပြောပြပေးနေသည်။

ဖေ့ရုန်ဖူမှာ အလွန်အေးသောဆောင်းရာသီကို အံတုကာ ချင်းကြိတ်နေသည်။ ဖေ့လီသည် မီးမွှေးရန် ထင်းများ ယူလာသည်။ ကျောက်ဆုံလည်သည် ချင်းကြိတ်ရာ၌ အလွန်အကျိုးရှိ၏။ သူမ မီးမွှေးပြီးနောက် ကောက်ညှင်းမှုန့်များကို လှော်လိုက်သည်။  ပထမအကြိမ်ပြုလုပ်ရန်အတွက် ချင်းများသည် အဆင်သင့်ဖြစ်နေပြီ ဖြစ်၏။ မီးအနေအထားအား ဂရုစိုက်ရန် ဖေ့ရုန်ဖူအား တာ၀န်ပေးလိုက်သည်။ 

"အဖေ မီးမများစေနဲ့‌နော်။ ပထမအသုတ်ကိုအရင်လုပ်ကြည့်ကြတာပေါ့" 

ဖေ့ရုန်ဖူက လျင်မြန်စွာပင် ခေါင်းညိတ်လိုက်၏။ ယခုအချိန်တွင် ဖေ့လီက  ပင်မကျောရိုးဖြစ်နေသည်မှာ ထင်ရှား၏။ ၀မ်ချွေလန်သည်လည်း သိချင်စိတ်ပြင်းပြလာ၏။ ထို့ကြောင့် အခွံနွှာခြင်းကိစ္စအား ကျိုးရှန်ချီဆီ အပ်ကာ မီးဖို့ရှေ့သို့ ရောက်လာသည်။ သကြားနှင့် ချင်းပါ၀င်မှု အချိုးအဆသည် အလွန်အရေးကြီးသည်။ ချင်းများလျှင် အစပ်အရသာပိုသွားနိုင်ပြီး နည်းလျှင်လည်း အချိုဓာတ်က ဖုံးလွှမ်းသွားမည်။ အချိုနှင့်အစပ်အရသာသည် အညီအမျှဖြစ်နေရမည်။ ဖေ့လီက ချင်း၁ဆ သကြား၂ဆအနေအထားဖြင့်သာ စတင်လိုက်သည်။

ဝိဉာဉ်စမ်းရေကို ဆူပွက်သည်အထိ ကျိုလိုက်သည်။ ထို့နောက် သကြားများကိုထည့်၍ ပျော်၀င်စေပြီးနောက်  ကြိတ်ထားသောချင်းများကို ထည့်ကာမွှေပေး၏။

ပြုလုပ်ပုံမှာ ရိုးရှင်းသော်လည်း ပျစ်နှစ်၍ စေးကပ်လာသည်အထိ ထပ်ကာထပ်ကာ မွှေပေးရမည်ဖြစ်သည်။

နာရီ၀က်မျှ ကြာပြီးနောက် သူမစိတ်ကျေနပ်သည့်အနေအထားသို့ ရောက်လာသည်။ ဖေ့လီက လင်ပန်းပေါ်တွင် ဆီစိမ်စက္ကူကို ခင်းလိုက်ကာ ချင်းစိမ်းချိုချဉ်အရည်များကို လောင်းထည့်လိုက်သည်။ ဆောင်းရာသီဖြစ်သောကြောင့် ပြတင်းပေါက်ခုံပေါ်တွင် ခဏမျှထားရုံဖြင့် ချင်းစိမ်းချိုချဉ်များ အေးသွားမည်ဖြစ်သည်။ သူမက ဓားဖြင့် အစိတ်စိတ်ပိုင်းလိုက်ကာ ကောက်ညှင်းမှုန့်ဖြူးလိုက်သည်။ နီရဲနေသော ချင်းစိမ်းချိုချဉ်များသည် ကောက်ညှင်းမှုန့်ကြောင့် အရောင်ဖျော့သွားရသည်။ ဖေ့လီက တစ်ခုကောက်ယူ၍ ၀မ်ချွေလန်အား ပေးလိုက်သည်။ "စားကြည့်"

 ဖြစ်ပျက်ခဲ့သမျှသည် မျက်လှည့်ပြသွားသကဲ့သို့ပင်။

၀မ်ချွေလန်က ယူကာ စားလိုက်သည်။ 

အရသာမှာ အစပိုင်းတွင် ချိုနေသော်လည်း ချိုမြိန်မှုနှင့် ရောနေသော ခပ်စပ်စပ်အရသာက သူမပါးစပ်ထားတွင် ပေါက်ကွဲလာတော့သည်။ အရသာမှာ ထူးကဲလှသည်။ ချင်းရနံ့ပြင်းသော်လည်း  အဆင်မပြေ မဖြစ်လှ။ အလွယ်တကူ အရည်ပျော်သွားခြင်းမရှိဘဲ လူတိုင်းအား နောက်တစ်ခုထပ်စားရန် ပြုလုပ်နိုင်၏။

 သူမက အာမေဍိတ်သံ ပြုလိုက်ပြီး ဖေ့ရုန်ဖူအား တစ်ခုပေးလိုက်သည်။ "ဒါက‌ သေချာပေါက် ရောင်းကောင်းမှာ"

ဖေ့လီသည် စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက်ချလိုက်သည်။ သူမ တစ်ခု ကောက်စားလိုက်သည်။ ထို့နောက် အနည်းငယ်ယူ၍ ပန်းကန်ထဲထည့်ကာ ကျိုးရှန်ချီအား ပေးလိုက်သည်။

...